
သီတင်းကျွတ်အကြောင်း
စိတ်ထဲရောက်လာတာနဲ့ သီတင်းကျွတ်ပြီ မီးပုံးပျံလွှတ်ရအောင်လို့ ကလေးဘ၀က
ရွတ်ဆိုခဲ့တဲ့စာသားလေးတွေ အတွေးမှာ ပေါ်လာခဲ့ပါတယ်။ ကိုယ့်မွေးရပ်မြေ ကိုယ့်
တိုင်းပြည်မှာက ပျော်ပွဲရွှင်ပွဲဆိုလို့ ဒီလိုရာသီပွဲတော်လေးတွေကိုပဲ
အားကိုးနေရတာ မဟုတ်လား။ သီတင်းကျွတ်တာနဲ့ ဒါကိုအကြောင်းပြုပြီး
မီးပူဇော်ပွဲ ပ၀ါရဏာပွဲ သက်ကြီးပူဇော်ပွဲတွေကို ကျင်းပဖို့
တာစူကြတော့တာပါပဲ။ ဘာသာ သာသနာအငွေ့အသက်တွေ အများဆုံးပါဝင်တဲ့
ပွဲပင်ဖြစ်ပါတယ်။
မိုးနှောင်းနိဂုံးဆုံးတော့မှာမို့
ဆောင်းဦးနိဒါန်းစတဲ့ သာယာလှပသော ရာသီသမယပင်ဖြစ်ပါတယ်။ မုတ်သုန်ရာသီ
ခပ်ပါးပါးက မိုးသားတိမ်လိပ်များနဲ့ အတူ နောက်ကြောင်းပြန်ဆုတ်စမှာ
ဆောင်းရဲ့အရိပ် တွေက ကြိုဆိုစပြုတဲ့ ရာသီမျိုးဖြစ်လို့လဲ ပွင့်လင်းတဲ့ရာသီ
ပွဲတော်ကျင်းပဖို့ အလွန်သင့်တော်ပါတယ်။ ဒီကာလမှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့
တာဝတိံသာနတ်ပြည်မှာ မိဘကျေးဇူးဆပ်တဲ့အနေနဲ့ မယ်တော်မိ နတ်သားအပါအ၀င် နတ်
သိကြား ဗြဟ္မာတွေကို အဘိဓမ္မာတရား ဟောကြားလို့ ပြီးဆုံးတဲ့နေ့ဟာ သီ
တင်းကျွတ်လပြည့်နေ့၊ တာဝတိံသာကနေ လူ့ပြည်သို့ မြတ်ဗုဒ္ဓ
ပြန်လည်ကြွချီတဲ့နေ့ ဖြစ်ပါတယ်။
တာဝတိံသာနတ်ပြည်ကနေ
ကြွလာခဲ့မှုကို အကြောင်းပြုပြီး တာဝတီံသာပွဲ၊ အဘိဓမ္မာဒေသနာ တော်
ဟောကြားခဲ့မှုကို ရည်ရွယ်ပြီးတော့ အဘိဓမ္မာပွဲ၊ ဆီးမီးတွေနဲ့ ထွန်းညှိပြီး
မြတ်ဗုဒ္ဓကို ပူဇော်ကြို ဆိုကြတာဖြစ်လို့ မီးမြင်းမိုရ်ပွဲ စသဖြင့်
ဒီပွဲတော်ကို အမည်မျိုးစုံနဲ့ ခေါ်ကြပါသေးတယ်။ ဒီပွဲတော်ဟာ ဟိုရှေးအခါက
ဘာသာရေးပွဲတော်တခုဖြစ်ပါတယ်။ ရှေးဘုရင်များလက်ထက်က တာဝတီံသာနတ်ပြည်ကနေ
လူ့ပြည်သို့ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းသုံးသွယ်နဲ့
ပြန်ကြွလာမည့် ဗုဒ္ဓကို ဆီမီးတွေထွန်းညှိပြီး ပူဇော်ကြတဲ့
ဘာသာရေးပွဲသက်သက်ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်မှာ
မှတ်တမ်းတင်ထားကြတဲ့ ပန်းချီကားတွေက သီတင်းကျွတ်ပွဲတော်ရဲ့အ ကြောင်းကို
ဘာသာရေးအသွင်နဲ့ ဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ပုဂံခေတ်က ပန်း
ချီကားတွေထဲက ဆီမီးခွက်တွေဟာ ပုဂံသားတွေရဲ့ ဘာသာရေးကိုင်းရှိုင်းကြောင်း
သာဓကများပင်ဖြစ် ပါတယ်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊
ကုန်းဘောင်ခေတ်တို့မှာလည်းပြည်သူနဲ့အတူ ဘုရင်တွေကိုယ် တိုင်
သီကျွတ်မီးမြင်းမိုရ်ပွဲကို အထူးအမြတ်ထား ပူဇော်ကြကြောင်း သိရှိရပါတယ်။
မျက်မှောက်ခေတ်မှာတော့
သီတင်းကျွတ်ပွဲတော်ဟာ ဘာသာသာရေးအသွင်ထက် ပျော်ပွဲရွှင်ပွဲအ သွင်ကို
ဆောင်နေပြီဖြစ်ပါတယ်။ သီတင်းကျွတ်ပြီဆိုရင် စေတီပုထိုးတွေမှာ
ဆီမီးပူဇော်ကြမယ်၊ လမ်း တွေကို ရောင်စုံမီးပုံးလေးတွေနဲ့ အလှဆင်ကြမယ်၊
လျှပ်စစ်မီးနဲ့ မြို့ရွာ ရပ်ကွက်မုဋ္ဌ်ဦးတွေမှာ မီးဆိုင်း မီးပန်းတွေနဲ့
အလှဆင်ကြမယ်။ လူငယ်တွေက ဗျောက်အိုးဖောက် ကစားကြမယ်။ အလှူပေးနေတဲ့
မဏ္ဍုပ်တွေဆီမှာ ပျော်ပျော်ပါးပါးနဲ့ အလှူပေးတဲ့ အာဟာရတွေ သုံးဆောင်ကြပြီး
ကျောင်းကန်ဘုရားနဲ့ လူစည်ကားတဲ့ နေရာတွေ အလည်သွားပြီး
သီတင်းကျွတ်ပွဲတော်ကို နွှဲပျော်ကြပါတယ်။
ဘယ်လောက်ပဲ ခေတ်တွေ
စနစ်တွေပြောင်းပြောင်း၊ အမည်အမျိုးမျိုးနဲ့ ဘာသာရေးပွဲ၊ ရိုးရာယဉ်
ကျေးမှုပွဲ၊ အထိမ်းအမှတ်ပွဲတွေ လုပ်လုပ်ပါ၊ မူလ စတင်ခဲ့တဲ့
အကြောင်းရင်းဇစ်မြစ်ကိုတော့ မမေ့သင့် ဘူးလို့ထင်ပါတယ်။ အဲဒါကတော့မြတ်ဗုဒ္ဓ
တာဝတိံနတ်ပြည်က အဘီဓမ္မာတရား ဟောကြားပြီးတော့ လူ့ပြည်သို့
ပြန်ဆင်းလာတဲ့နေ့မှာ ဆီမီး ပန်းတွေနဲ့ ပူဇော်ကြိုဆိုတဲ့
ကုသိုလ်ပွဲပင်ဖြစ်ပါတယ်။ အဲဒီရက် မှာ ကိုယ့်ရင်ထဲ စိတ်ထဲကနေ မြတ်ဗုဒ္ဓ
ဂုဏ်တော်နဲ့ ပုံတော်တွေကို ရည်မှန်းကာ မီးပူဇော်ကြမယ်ဆို ရင်
သီတင်းကျွတ်ပွဲစစ်စစ်ကို ကျင်းပပူဇော်နေရာ ရောက်ပါတယ်။
ရဟန်းတော်များအတွက်တော့
ဝါတွင်းသုံးလပတ်လုံး ဘယ်ကိုမှ သွားခွင့်မရဘဲ ၀ါဆိုတဲ့ကျောင်း မှာပဲ
နေနေရတာဖြစ်လို့ နေအိမ်အကျယ်ချုပ်လို ဘ၀မျိုးက
လွတ်မြောက်ခွင့်ရတဲ့နေ့ပဲဖြစ်ပါတယ်။ ၀ါ တွင်းကာလမှာ အလှူပေးလိုခြင်း၊
တရားနာလိုခြင်း၊ သံဃာတော်များကို ဖူးမျှော်လိုခြင်း အကြောင်းသုံး
ချက်အထူးရှိမှ မဖြစ်မနေ (၇) ရက်အတွင်း ပြန်လာပါ့မယ်ဆိုတဲ့ အာမခံချက်နဲ့
ကြွခွင့်ရတာဖြစ်တဲ့အတွ က် ကျဉ်းကြပ်မှုတွေ ဖြစ်ရပါတယ်။ ၀ါကျွတ်ပြီဆိုတော့
ဒီကျင့်ဝတ်နဲ့ ကျဉ်းကြပ်မှုတွေကလဲ လွတ်သွား ပါပြီ၊ သွားလိုရာကိုလဲ
သွားခွင့်ရပြီဖြစ်လို့ လူငယ်ဖြစ်တဲ့ ရှင်ငယ်ရဟန်းငယ်များအတွက်တော့ အပျော်
ဆုံးရက်တွေဖြစ်ပါတယ်။ အမှန်က ဒီကျင့်ဝတ်ကိုက ပျော်စရာကောင်းတဲ့ မြတ်ဗုဒ္ဓရဲ့
ကျင့်ဝတ်တခုပါ။ ဒါပေမဲ့ သွားချင်လာချင် တရားဟောထွက်ချင်တဲ့
ရဟန်းတော်တွေအတွက်တော့ အဆင်မပြေချင်ဘူး။
ဝါကျွတ်တဲ့နေ့ဟာ
ရဟန်းတော်များရဲ့ သိမ်ထဲမှာ ဆောင်ရွက်ရမယ့် ပ၀ါရဏာနေ့လဲဖြစ်ပါတယ်။
တပည့်တော်အနေနဲ့ အပြစ်တွေလုပ်မိတဲ့အခါ အရှင်ဘုရားတို့ မြင်တဲ့အတိုင်း
ကြားတဲ့အတိုင်း ယုံမှား သံသယဖြစ်တဲ့အတိုင်း သတိပေး ပြောကြားတော်မူပါလို့
ရဟန်းတော်များအချင်းချင်း ကောင်းစေဖို့အ တွက် ဝေဖန်ကြဖို့
ဖိတ်ကြားတဲ့ပွဲပင်ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်မှာ ကျင်းပတဲ့ ဒီပွဲဟာ
လူဒကာ၊ ဒကာတွေနဲ့တော့ မသက်ဆိုင်ပါဘူး။ အပြစ်ပြဝေဖန်ပါလို့ ဖိတ်ကြားတဲ့ပွဲဟာ
သာသနာမှာပဲရှိပါတယ်။ ဝေဖန်ရင် ကြိုက်တဲ့သူ အလွန်နည်းပါတယ်။ ဒါပေမဲ့
အမြင်ကျယ်တဲ့ ပညာရှိအသိုင်းအ၀န်းမှာတော့ ဝေဖန်အကြံပြုတာ ဆွေးနွေးတာတွေ
လုပ်ကြပါတယ်။ သာသနာတော်မှာ ကောင်းစေဖို့အတွက် ရဟန် တော်များအချင်းချင်း
ဝေဖန်ကြပါလို့ ဖိတ်တဲ့ပွဲကို လူဒကာ၊ ဒကာမတွေလဲ လိုက်နာကျင့်ဆောင်ကြ
မယ်ဆိုရင် ကိုယ့်အသိုင်းအ၀န်းလေး ပိုကောင်းသထက်ကောင်းစေဖို့
အကျင့်တခုပဲဖြစ်ပါတယ်။
နောက်တခု
သီတင်းကျွတ်မှာ သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲဆိုတာလဲ ရှိပါသေးတယ်။ က
လေးတွေ ရွာမှာ၊ ကိုယ့်ရပ်ကွက်ထဲမှာ အသက်ကြီးတဲ့ အဖိုးအဖွားတွေကို
အလှူပစ္စည်းတွေနဲ့ သွားပြီး ကန်တော့ကြတာဖြစ်ပါတယ်။ ကိုယ့်ဆွေမျိုးထဲက
မိဘတွေကို သားသမီးတွေက ကန်တော့ကြတာ၊ ဘ ကြီး ဘဒွေး စသူတွေကို အရိုအသေပေး
ကန်တော့ကြတာတွေလဲ ရှိပါတယ်။ ကလေးတွေအတွက်က တော့ မုန့်ဖိုးရတဲ့အတွက်
အလွန်ပျော်စရာကောင်းတဲ့ ကန်တော့ပွဲပါ။ လူကြီးတွေအတွက်မှာ ကလေး တွေက
လေးလေးစားစား ဂါရ၀ မင်္ဂလာကို ပြသလာတဲ့အတွက် ၀မ်းသာပိတိဖြစ်ရပါတယ်။ အနှစ်သာ
ရအနေနဲ့ လူကြီးမိဘတွေအပေါ်မှာ ကာယကံ ၀စီကံ မနောကံဆိုတဲ့ ကံသုံးပါးအပြစ်တွေ
ရှိခဲ့မယ်ဆို ရင်လဲ ကန်တော့တောင်းပန်တဲ့အတွက် ကျေပျောက်သွားပါတယ်။
အစဉ်အလာကောင်းတွေ
ယဉ်ကျေးမှုတွေနဲ့ ပြည့်ဝနေတဲ့ သီတင်းကျွတ်ပွဲတော်ကို ဘယ်နေရာ ဘယ်ကမ္ဘာကိုပဲ
ရောက်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မေ့ပျောက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
ကို ယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ ကိုယ့်ဘာသာကို မမေ့နိုင်ဘဲ
ဆက်လက်ထိန်းသိမ်းနေတာဟာ အလွန် ကောင်းမြတ်တဲ့ စိတ်ဓာတ်ပင်ဖြစ်ပါတယ်။
မြန်မာတွေ မင်္ဂလာရှိသော သီတင်းကျွတ်ပွဲတော်နဲ့ အတူ မင်္ဂလာအပေါင်းနဲ့
ပြည့်စုံစေကြောင်း မေတ္တာဆန္ဒပြုလိုက်ပါတယ်။
ကိုသက်
0 comments:
Post a Comment