
အရင်တစ်ခေါက်က
စကားလိမ်တွေ အကြောင်းကို တစောင်းတစေ့၊ တစေ့တစောင်းလေး ပြောပြခဲ့ပါတယ်။
အမေပြောတဲ့ အမောပြေတို့... အလုပ်ဖြစ်အောင် အလစ်ဖြုတ်တာတို့ စတဲ့ စကားတွေပါ။
အဲဒီစကားတွေဟာ မြန်မာလိုတွေး မြန်မာလိုရေးမှ ရယ်ရတာမျိုးပါ။
တခြားဘာသာကိုပြောင်းပြီး ရှင်းပြဖို့ ခက်သလို လူမျိုးခြားအတွေးနဲ့
ရယ်ရအောင် ဘာသာပြန်ဖို့လည်း မလွယ်ပါဘူး။ ဒါဟာ ဘာသာစကားတစ်ခုခြင်းစီရဲ့
မတူခြားနားတဲ့ ဂုဏ်ရည်လို့လည်း ဆိုနိုင်ပါတယ်။ ဒီတစ်ခါမှာတော့
နှစ်ဆင့်ခံပြီး ဝှက်ရတဲ့ စကားလိမ်တွေ အကြောင်းကို ပြောပြချင်ပါတယ်။
နမူနာဆိုရရင်ဖြင့်...
မြည်ကျယ်လောင်စွာ မဟောင်းတာ တိတ်ဆိတ်မနေရှာ
ပထမဆုံး ပေးထားတဲ့ စာကြောင်းကို အဓိပ္ပာယ် အရင်ကောက်ယူရပါမယ်။ ပြီးတော့မှ စကားလိမ် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ “မြည်ကျယ်လောင်စွာ” ဆိုတော့ “ဟိန်း”တာလို့ ယူရပါမယ်။ “မဟောင်းတာ” ကိုတော့ “သစ်” လို့ ယူရမယ်။“တိတ်ဆိတ်မနေရှာ” ဆိုတာက “ညံ” လို့ ယူပါမယ်။ ဒီတော့ “ဟိန်းသစ်ညံ = ဟန်သစ်ငြိမ်းးးး”
ဆိုပြီး အနီးစပ်ဆုံး ရပါလိမ့်မယ်။ နှစ်ဆင့်ခံစကားလိမ်လို့ ဆိုပေမဲ့
စကားလိမ်လုပ်သွားတာကတော့ တစ်ခါတည်းပဲ လုပ်တာပါ။ ပထမ ဝှက်ထားတဲ့ စကားကို
အရင်ဖော်ရပါတယ်။ ဒါကြောင့် တချို့က ဒီလို ပဟေဠိအမျိုးအစားတွေကို “စကားဝှက်၊
စကားလိမ် ပဟေဠိ” တွေလို့ သတ်မှတ် ခေါ်ဆိုကြပါတယ်။
အရင်ဆောင်းပါးတစ်ခုဖြစ်တဲ့ မြန်မာ ဒါဗင်ချီကုဒ်
မှာ ပါတဲ့ မင်းတုန်းမင်းနဲ့ စကြာဒေဝီမင်းသမီးတို့ အပြန်အလှန်ပေးခဲ့ကြတဲ့
သံဝေဂတေးထပ်တွေကိုလည်း နှစ်ဆင့်ခံ စကားလိမ် (သို့) စကားဝှက် စကားလိမ်
ပဟေဠိအမျိုးအစားလို့ သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။
တစ်ခါတုန်းက မြန်မာပြည်အလယ်ပိုင်း ဒေသက လာတဲ့လူကို ရန်ကုန်သားက ဘယ်ကလာသလဲလို့ မေးတော့ ဟိုလူက... “ခြံမကျယ် နွားဖင်နှိုက်” မြို့က လာတာလို့ ပြန်ဖြေတယ်။ ဘာမြို့တုန်း မသိလို့ပါလို့ မေးတော့မှ...“ခြံမကျယ်တော့ ကျဉ်းတယ်လေ။ နွားဖင်နှိုက်တော့ ကန်မှာပေါ့။ ဒီတော့ ကျဉ်းကန် = ကြံခင်း” လို့ ပြောပါသတဲ့။ (ဒီနေရာမှာ အသံကို နီးစပ်ရုံသာ ယူပါတယ်။)
သင်္ဂဇာဆရာတော်ရဲ့
ပုံပြင်တစ်ခုမှာတော့ ဘုန်းကြီးကို ပဟေဠိနဲ့ ဆွမ်းစားပင့်တဲ့အကြောင်း
ပါပါတယ်။ ဒကာကလည်း နောက်တတ်ပြောင်တတ်လေတော့ ဘုန်းကြီးကို “လင်ပေးရွာကို ဆွမ်းစားကြွပါဘုရား”လို့လျှောက်ပြီး ပြန်သွားသတဲ့။ ဘုန်းတော်ကြီးက လင်ပေးရွာဆိုတာ မကြားဖူးပါဘူးဆိုပြီး စဉ်းစားတော့“လင်ပေးက လေးပင်၊ လေးပင်ဆိုတော့ အိမ်တွေမှာ လေးပင်ဆိုရင် သုံးခန်းရှိတယ်။ သုံးခန်းဆိုတော့ သန်းကုန်း” ပေါ့ ဆိုပြီး အဲဒီရွာကို ဆွမ်းစားကြွသွားပါသတဲ့။ (ဘုန်းကြီးသာ မဖြေနိုင်ရင် ဆွမ်းငတ်ရကိန်းပဲဗျာ)
ဆက်လက်ပြီး
တစ်ခေတ်တစ်ခါက ရေပန်းစားခဲ့တဲ့ အချစ်နဲ့ ပတ်သက်တဲ့ စကားလိမ်
ပဟေဠိလေးတွေကို ပြောပြချင်ပါတယ်။ အများစုကို အငြိမ့်၊ ပြဇာတ်တွေထဲက
လူရွှင်တော်တွေ၊ ပျော်တော်ဆက်တွေက အသုံးချခဲ့ကြတာပါ။
မေး။ ။ ခွေးလှေးယားသီး ဘိုင်စကယ်ဖြေ။ ။ ခွေးလှေးယားသီးကိုင်လျှင် (ယား) တတ်သည်။ ဘိုင်စကယ်ကို (စီး) ရသည်။ ယားစီး = ရည်းစားမေး။ ။ ပင်လယ် ဓားမြဖြေ။ ။ ပင်လယ်က (ကျယ်) သည်။ ဓားပြက (တိုက်) သည်။ ကျယ်တိုက် = ကြိုက်တယ်။မေး။ ။ ကန်၏ တန်ဆာ၊ တံငါ၏ လက်နက်ဖြေ။ ။ ကန်၏ တန်ဆာသည် (ကြာ) ဖြစ်သည်။ တံငါ၏ လက်နက်သည် (ပိုက်) ဖြစ်သည်။ ကြာပိုက် = ကြိုက်ပါ။မေး။ ။ ပဒုမ္မာ ယုန်ထောင်ဖြေ။ ။ ပဒုမ္မာ ဆိုသည်ကား (ကြာ) ဖြစ်သည်။ ယုန်ကိုထောင်သည်ကား (ပိုက်) ဖြစ်သည်။ ကြာပိုက် = ကြိုက်ပါ။မေး။ ။ ကောင်းကင်၏ တန်ဆာ၊ လူမလိမ္မာဖြေ။ ။ ကောင်းကင်၏ တန်ဆာသည် (ကြယ်) ဖြစ်သည်။ လူမလိမ္မာလျှင် (မိုက်) သည်။ ကြယ်မိုက် = ကြိုက်မယ်။မေး။ ။ ပန်းချီဆရာ ဂဏန်းအစဖြေ။ ။ ပန်းချီဆရာက (ခြယ်) သည်။ ဂဏန်းအစက (တစ်) ဖြစ်သည်။ ခြယ်တစ် = ချစ်တယ်။မေး။ ။ ရှမ်းဘုရင်၊ ကြွေနှစ်ပေါက်၊ တံငါလျှင် ဒေါင်ဒင်ခေါက်ဖြေ။ ။ သုံးပုံဖဲတွင် ရှမ်းဘုရင်ကို (ကြူး) ဟုခေါ်သည်။ ကြွေပစ်ရာတွင် နှစ်ပွင့်ကို (ပါ) ဟုခေါ်သည်။ တံငါ ဒေါင်ဒင်ခေါက်ပြီး (ပိုက်) ထဲသို့ ငါးများဝင်အောင် လုပ်သည်။ ကြူးပါပိုက် = ကြိုက်ပါဘူး။မေး။ ။ စပါးထောင်း၊ ပြောင်းဖူးစားချင်ဖြေ။ ။ စပါးထောင်းလျှင် (ဆန်) ရသည်။ ပြောင်းဖူးစားချင် (ပြုတ်) ရသည်။ ဆန်ပြုတ် = ဆုတ်ပြန်။မေး။ ။ အိပ်မပျော် ထိပ်ပေါ်ခဲကျဖြေ။ ။ အိပ်မပျော်လျှင် (နိုး) သည်။ ထိပ်ပေါ်ခဲကျလျှင် (ပေါက်) သည်။ နိုးပေါက် = နောက်ပိုး။မေး။ ။ မရှိ ဗျိုင်းရောင်ဖြေ။ ။ မရှိလျှင် (လို) သည်။ ဗျိုင်း၏ အရောင်သည် (ဖြူ) သည်။ လိုဖြူ = လူပျိုမေး။ ။ ထမင်းချဉ်သုတ် ဂါထာစုတ်ဖြေ။ ။ ထမင်းချဉ်သုတ်ကို (နယ်) ရသည်။ ဂါထာစုတ်သည်ကို (မန်း) သည်ဟု ခေါ်သည်။ နယ်မန်း = နမ်းမယ်။မေး။ ။ မကျဉ်းတဲ့အိမ် မမှိန်တဲ့ကျောက်ဖြေ။ ။ မကျဉ်းတဲ့အိမ်က (ကျယ်) သည်။ မမှိန်တဲ့ကျောက်က (တောက်) သည်။ ကျယ်တောက် = ကြောက်တယ်။
ရှေးအခါက
လူပျိုကာလသားတွေဟာ ညနေခင်းလသာချိန်တွေများမှာ အပျိုချောလေးတွေ အလုပ်လုပ်ရာ
အိမ်ခြံဝင်းတွေကိုသွားပြီး အထက်ကလို ပဟေဠိတွေနဲ့ ပြောဆိုတတ်ကြပါတယ်။
ကောင်လေးက “လူပျို”ဖြစ်ကြောင်း ပြောတဲ့အခါ ကောင်မလေးက “နောက်ပိုး” ဆိုပြီးပြန်ဝှက်ကာ ဖြေပါမယ်။ ကောင်လေးက“ချစ်တယ်၊ ကြိုက်ပါ” စသဖြင့် ဝှက်လိုက်တာကို ကောင်မလေးက မကြိုက်ရင်ဖြင့် “ကြိုက်ပါဘူး။ ဆုတ်ပြန်”စသဖြင့် ဝှက်ပြီး ဖြေတတ်ကြတယ်လို့ ဆိုပါတယ်။
ရှေးမြန်မာတွေဟာ
စကားဝှက်၊ စကားလိမ်တွေ ဖွက်ရာမှာ အတော်လေးဝါသနာ ကြီးပုံ ရပါတယ်။
ချစ်မှုရေးရာတွေမှာတင် မဟုတ်ပါဘူး။ အသီးအနှံ၊ အရာဝတ္ထု စတာတွေကိုလည်း
ပဟေဠိတွေ ဖွက်လေ့ရှိပါတယ်။
မေး။ ။ ကိစ္စတုံး သောင်ပြင်မှာ ရှိသည်။ဖြေ။ ။ ကိစ္စတုံးသည်ကို (ပြီး) သည်ဟု ခေါ်၏။ သောင်ပြင်တွင် (သဲ) ရှိ၏။ ပြီးသဲ = ပဲသီးမေး။ ။ ကျောက်စရစ် စောင်ခြုံဖြေ။ ။ ကျောက်စရစ်က (မာ) သည်။ စောင်ခြုံက (လုံ) သည်။ မာလုံ = မုန်လာ။မေး။ ။ တောကြီး သီတာဖြေ။ ။ တောကြီးလျှင် (ထွင်) ရ၏။ သီတာက (အေး) သည်။ ထွင်အေး (ထွေးအင်) = ထွေးခံမေး။ ။ စန္ဒာ အဖေ့အဖေ သီတာ ပတ်ကြားဖြေ။ ။ စန္ဒာသည် (လ) ဖြစ်သည်။ အဖေ့အဖေသည် (ဘိုး) ဖြစ်သည်။ သီတာသည် (ရေ) ဖြစ်သည်။ ပတ်ကြားသည် (အက်) သည်။ လဘိုးရေအက် = လဘက်ရည်အိုးမေး။ ။ စံပယ်ဖူးစ ဆီယောင်းမဖြေ။ ။ စံပယ်ဖူးစတွင် (ငုံ) သည်။ ဆီယောင်းမက (မွှေ) ရသည်။ ငုံမွှေ = ငွေမှုန်မေး။ ။ အကို့မယား အိပ်ချင်ဖြေ။ ။ အကို့မယားကား (မရီး) ဖြစ်သည်။ အိပ်ချင်လျှင် (သမ်း) သည်။ မရီးသမ်း = မရန်းသီး။မေး။ ။ ထိုထိုဤဤသွားလာလျှင် အိပ်ချင်ဖြေ။ ။ ထိုထိုဤဤသွားသည်မှာ (ခရီး) ဖြစ်သည်။ အိပ်ချင်လျှင် (သမ်း) သည်။ ခရီးသမ်း = ခရမ်းသီးမေး။ ။ ကော်မကပ် မျှော့လာဖြေ။ ။ ကော်မကပ်လျှင် (ကွာ) သည်။ မျှော့လာလျှင် (ယမ်း) သည်။ ကွာယမ်း = ကွမ်းယာ။မေး။ ။ ကန့်လန့်ကာ စည်တော်ဖြေ။ ။ ကန့်လန်ကာကို (ကာ) ရသည်။ စည်တော်ကို (ရွမ်း) ရသည်။ ကာရွမ်း = ကွမ်းယာမေး။ ။ ရှုပ်၍သွင်းလျှင် ကွဲဟလာချင်ဖြေ။ ။ ရှုပ်၍သွင်းသည်ကို (စုပ်) သည်ဟု ခေါ်သည်။ ကွဲဟလာလျှင် (အာ) သည်ဟု ခေါ်သည်။ စုပ်အာ = စာအုပ်။မေး။ ။ ထိုင်းမှိုင်းလေးလံ မြဲ၍မြံဖြေ။ ။ ထိုင်းမှိုင်းလေးလံလျှင် (ထုံ) သည်။ မြဲမြံသည်က (ခိုင်) သည်။ ထုံခိုင် = ထိုင်ခုံ။
အင်းဝခေတ်က
နာမည်ကျော် စာဆိုရှင်ကြီးများဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရနှင့်
ရှင်မဟာသီလဝံသတို့ကလည်း တစ်ယောက်နှင့်တစ်ယောက် စကားလိမ်၊ စကားဝှက်တွေနဲ့
ပညာစမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ရှင်မဟာရဋ္ဌသာရက ရှင်မဟာသီလဝံသထံကို ကျောင်းနေတပည့်တစ်ဦးကို စေလွှတ်ပြီး “တစ်ကျောက်အိပ် သနားတော်မူလိုက်ပါ ဘုရား” ဟု လျှောက်တင်ပါသတဲ့။ ထိုအခါ ရှင်မဟာ သီလဝံသက “တစ်ကျောက်အိပ် ဆိုတော့ တစ်ကျိပ်အောက်၊ တစ်ကျိပ်အောက် ဆိုတော့ ကိုးယောက်၊ ကိုးယောက်ဆိုတော့ ကောက်ရိုး ဖြစ်ရာ၏” ဟုဆိုပြီး “ကောက်ရိုးကို ယူသွားလေ” ဟု ပေးလိုက်လေသတဲ့။
တစ်ဖန် ရှင်မဟာရဋ္ဌသာရက “မဏ္ဍုက ဇော်ဂနီကို ပေးလိုက်ပါဘုရား” ဟု စေပြန်သတဲ့။ အဲဒီအခါ ရှင်မဟာ သီလဝံသက “မဏ္ဍုက = ဖား၊ ဇော်ဂနီ = စုန်း၊ ဖားစုန်း = ဖုန်းစား” ဟူ၍ ဖြစ်ရာ “မင်းတို့ဆရာကဲ့သို့ ကိုးကွယ်ဟောင်း မဟုတ်၊ ကိုးကွယ်သစ်ဖြစ်၍ ဖုန်းစားမရှိ” ဟု မိန့်ဆိုလိုက်ပါသတဲ့။
ထို့နောက်
ရှင်မဟာရဋ္ဌသာရက အုပ်သုံးလုံးတွင် ဟင်းများကိုထည့်၍ စာရေးပြီး
ပို့ခိုင်းလိုက်လေသည်။ ရှင်မဟာသီလဝံသထံသို့ရောက်၍ ဖတ်ကြည့်ရာ
အုပ်တစ်လုံးတွင် “ဝေဠောက္က” ဟု ရေးထား၏။ ထိုအခါ ရှင်သီလဝံသက “ဝေဠု = ဝါး၊ သြက္က = သက်၊ ဝါးသက် = ဝက်သား” ဖြစ်၏ ဟု ဆို၏။
အုပ်တစ်လုံးတွင် “ဗျာဂ္ဃောက္က” ဟု ပါ၏။ ယင်းအနက်မှာ “ဗျဂ္ဃ= ကျား၊ သြက္က = သက်၊ ကျားသက် = ကြက်သား” ဖြစ်၏ ဟုဆို၏။ နောက်အုပ်တစ်လုံးတွင် “ဒါသောက္က” ဟု ပါ၏။ ယင်းအနက်မှာ “ဒါသ = ကျွန်၊ သြက္က = သက်၊ ကျွန်သက် = ကြက်သွန်” ဖြစ်၏ဟု အဓိပ္ပာယ်တို့ကို ပြော၍ဖွင့်ကြည့်လျှင် အားလုံးမှန်နေပါသတဲ့။
တစ်ဖန် ရှင်မဟာရဋ္ဌသာရက “တစ်ပင် နှစ်ပင်ကို တောင်းချေ” ဟု စေပြန်၏။ ထိုအခါ ရှင်မဟာသီလဝံသက“တစ်ပင်နှစ်ပင်ကို ပေါင်းလျှင် သုံးပင်ရ၏။ သုံးပင် = သင်ပုန်း” ဖြစ်သည် ထို့ကြောင့် “သင်ပုန်းကို ပေးလိုက်ပါ” လို့ ဆိုသတဲ့။
ဘာသာစကားတစ်ခုနဲ့
တစ်ခုဆောင်ရွက်ပုံခြင်း တူသလို ကွဲပြားတဲ့ နေရာတွေလည်း ရှိပါတယ်။ အထက်က
ပြောပြခဲ့တဲ့ စကားလိမ်၊ စကားဝှက်တွေကို တခြားဘာသာနဲ့ နားလည်အောင်၊
ရယ်ရအောင် ဘာသာပြန်ဖို့ ခဲယဉ်းပါလိမ့်မယ်။ အင်္ဂလိပ်မှာလည်း အလားတူ
မြန်မာဘာသာကို ပြန်လိုက်ရင် မရယ်ရတော့တဲ့ အင်္ဂလိပ်လိုတွေးပြီး စဉ်းစားမှ
ရယ်ရတဲ့ ဟာသတွေ၊ ပဟေဠိတွေ အများအပြားရှိပါတယ်။
မည်သို့ပင်ဆိုပါစေ။
ဒီ စကားဝှက်၊ စကားထာ၊ စကားလိမ် စတာတွေဟာ ကိုယ်ပိုင်ဟန်၊
ကိုယ်ပိုင်ဖန်တီးမှုနဲ့ သီးခြားရပ်တည်ခဲ့တဲ့မြန်မာ့ယဉ်ကျေးမှု၊
လူနေမှုဘဝများနှင့် ဆီလျော်အပ်စပ်စွာနှစ်ပေါင်းများစွာ ရပ်တည်
ဖြစ်တည်ခဲ့တဲ့ မြတ်နိုးဖွယ်ရာ ဓလေ့ထုံးလေးတွေပါ။ ဒီလို စာပေထဲက
စိတ်ဝင်စားစရာ ရိုးရာအမွေအနှစ်လေးတွေကို မပျောက်ပျက်စေချင်တဲ့ စေတနာနဲ့
လက်လှမ်းမီသလောက် စုဆောင်းတင်ပြလိုက်တာပါ။ အလျဉ်းသင့် ကြုံကြိုက်သလို
စုဆောင်းရေးသားသွားပါဦးမယ်။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
....................................................................
ကိုးကား၊ မှီငြမ်း
- မြန်မာ့ရိုးရာ စကားထာများ၊ ကြည်ဦး
- မြားနတ်မောင် ပဟေဠိ (၁၊ ၂)၊ လွဏ်းမောင်
- မေးလိုရာရာ မြန်မာစာ၊ မောင်ခင်မင် (ဓနုဖြူ) မင်္ဂလာမောင်မယ် ၂၀၁၀ ပြည့် ဧပြီလ
- ခရီးဆောင် မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ ဦးစီးဌာန
0 comments:
Post a Comment