Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

သူငယ်ချင်းဆိုတာ


တစ်စုံတစ်ယောက် ဆင်းရဲဒုက္ခကြုံနေရတဲ့အခါ အားပေးမှုပြုပါ။ ကောင်းပါတယ်။
ပိုပြီးကောင်းတာကတော့ သူနဲ့အတူ ဆင်းရဲဒုက္ခကို ဝေမျှခံစားလိုက်ခြင်းပါ။
တစ်ခါတုန်းကပေါ့။ ပူပြင်းလွန်းတဲ့နေရောင်ခြည်အောက်မှာ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားနဲ့ ခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်လာကြတယ်။ သူတို့ခြေထောက်အောက်က ကတ္တရာလမ်းမကြီးက နေရောင်ခြည် ကြောင့် ပူခြစ်ပြီး အရည်ပျော်လုမတတ်ဖြစ်နေပြီ။ သူတို့ နင်းလိုက်တိုင်း ပျော့စိစိနဲ့ ခြိုင့်ဝင်သွားမလားအောက်မေ့ရတယ်။ အဲသည်လိုလျှောက်လာကြရင်းနဲ့ တစ်ယောက်ရဲ့ဖိနပ်ဟာ ပြတ်သွားတယ်။ ဒါနဲ့ သူတို့ခဏနားကြပြီး ပြတ်သွားတဲ့ ဖိနပ်လေးကို ပြင်ကြတယ်။ ပြင်စရာပစ္စည်းကိရိယာကအစုံအလင်မရှိဘူးဆိုတော့ ဖြစ်သလိုပြင်လိုက်တဲ့ ဖိနပ်လေးဟာ သိပ်ဝေးဝေးမလျှောက်ရခင်မှာပဲ ထပ်ပြတ်ပြန်တာပေါ့။ ဒီတော့ ဖိနပ်ပြတ်တဲ့တစ်ယောက်က လမ်းလျှောက် ရတာအခက်တွေ့သွားပြီ။ ပြတ်နေတဲ့တစ်ဖက်ကို တရွတ်တိုက်ဆွဲပြီးလျှောက်ပေမယ့်လည်း အဆင်မပြေဘူး။ ခရီးမတွင်ဘူး။ အဆိုးဆုံးကတော့ ခြေတစ်ဖက်လေဖြတ်သွားသလို တောင့်တောင့်တန်းတန်းကြီးနဲ့လျှောက်နေရတာပဲ။ နောက်ဆုံးတော့ သူလက်လျှော့လိုက်တယ်။ ပြတ်သွားတဲ့ ဖိနပ်ကလေးတစ်ဘက်ကို ကောင်းနေတဲ့တစ်ဘက်နဲ့ အတူယှဉ်ပြီး လမ်းဘေးတစ်နေရာမှာ စွန့်ထားခဲ့ရတော့တယ်။ ဒီအခါမှာ ခြေဗလာဖြစ်သွားတဲ့ သူငယ်ချင်းကိုကြည့်ပြီး ကျန်တဲ့သူငယ်ချင်းက သူ့ရဲ့ဖိနပ်အကောင်းကိုယူစီးဖို့ပြောလာတယ်။ နေကလည်း ကျဲကျဲတောက်ပူနေပြီး၊ လမ်းမကလည်း တရှိန်ရှိန်တောက်လောင်နေတဲ့ ကတ္တရာတွေနဲ့။ ဒါပေမယ့် ဖိနပ်ပြတ်သွားတဲ့သူငယ်ချင်းက လက်မခံဘူး။ သူဘာကြောင့် ငြင်းတာလဲဆိုတာကို သူတို့နှစ်ယောက်လုံး အချင်းချင်းသိကြပါတယ်။ ဒီတော့ တစ်ဘက်စီ စီးကြဖို့ပြောပြန်တယ်။ သူတို့နှစ်ယောက် တစ်ယောက်တစ်ဖက်စီးသွားလို့ ဘာထူးမှာလဲလို့ ခြေဗလာနဲ့သူငယ်ချင်းက အပြုံးလေးနဲ့ငြင်းပြန်တယ်။ ဒီတော့ ဖိနပ်စီးထားတဲ့သူငယ်ချင်းက အသာအယာပဲ သူ့ဖိနပ်လေးကိုချွတ်ပြီး လက်နဲ့ကိုင်လိုက်တယ်။ ပြီးတော့ သူကပြောသေးရဲ့။ သူငယ်ချင်းဆိုတာ ဆိုးအတူကောင်းအတူ၊ ဝေမျှရင်ဆိုင်သင့်တယ်တဲ့။
နေက တစ်ရှိန်ရှိန်ပူပြင်းနေတယ်။ လမ်းမမှာ အပူရဲ့အငွေ့တံလျပ်တွေကတစ်ရိပ်ရိပ်။ ကတ္တရာတွေက ပျော့စိစိ။ သူငယ်ချင်းနှစ်ယောက်ကတော့ ရင်ထဲမှာ အေးမြတဲ့မေတ္တာတွေကိုယ်စီနဲ့ တစ်လှမ်းခြင်းလျှောက်နေကြတယ်။ စကားလုံးတွေအများကြီးမလိုပါဘူး။ ဒီလိုမျိုး ဒုက္ခကိုမျှဝေခံစားပေးလိုက်တဲ့အပြုအမူလေးတစ်ခုဟာ ခင်မင်မှု၊ သစ္စာရှိမှု နဲ့ မိတ်ဆွေကောင်းရဲ့ ရဲဘော်ရဲဘက်စိတ်ကို ကျယ်ကျယ်ပြန့်ပြန့်လှစ်ဟပြသွားတာပါ။
သူငယ်ချင်းရေ …
ဒီအဖြစ်အပျက်လေးကနေ ငါသိလိုက်ရတာကတော့ နှုတ်ဖျားကနေ စာနာသနားမှုကိုဖော်ပြတာထက်၊ အားပေးနှစ်သိမ့်မှုကို တစ်ဖွဖွပေးရတာထက် အခုလိုမျှဝေခံစားလိုက်ရတာဟာ ဘာနဲ့မှမတူတဲ့ အားအင်တွေ၊ ကြည်နူးမှုတွေကိုပေးတယ် ဆိုတာပါပဲ။ အတူတူပေါ့ ဆိုတဲ့ငါတို့ပြောနေကျစကားလေးတစ်ခွန်းရှိတယ်လေ။ တစ်ယောက်က ပျော်ရွှင်ရယ်မော နေချိန်မှာ လိုက်ပါပြီးပျော်ရွှင်ရယ်မောပေးလိုက်တာဟာ ကောင်းတဲ့အလုပ်ဖြစ်သလို၊ တစ်ခါတစ်ရံမှာ တစ်ယောက်က ၀မ်းနည်းငိုကြွေးနေတဲ့အခါ နှစ်သိမ့်မှုပေးတဲ့အပြင် လိုက်ပါပြီးငိုကြွေးပေးလိုက်တာဟာလည်း အတိုင်းအတာတစ်ခုထိသက်ရောက်မှုရှိပါတယ်။
သူငယ်ချင်းရေ … ငါ့ကိုရောင့်တက်တယ်တော့မပြောပါနဲ့ကွာ။ တစ်ခွန်းလောက်တော့ထပ်ပြောလိုက်ချင်သေးလို့ပါ။ ငတ်မွတ်နေတဲ့သူတစ်ယောက်ကို ခြွေတာရေးတရားဟောတာဟာ သူ့ကိုစော်ကားတာနဲ့တူတူပဲ။ သူလိုအပ်နေတာ ခြွေတာရေးတရားမဟုတ်ဘူး။ အစာရေစာနဲ့နွေးထွေးလုံခြုံမှုပဲတဲ့။ ငါဖတ်ခဲ့ရဖူးတဲ့စာသားလေးတစ်ခုပေါ့ကွာ။ အဲသည့်လိုပဲ တစ်ချို့ဖြစ်ရပ်တွေမှာလည်း နှစ်သိမ့်အားပေးစကားမဟုတ်ဘဲ မျှဝေခံစားခြင်းကို လိုအပ်ပါတယ်သူငယ်ချင်း။
နီဟိန်းအောင်

ကိုယ်ဝန်ဆောင် မိခင်လောင်းများ မေးလေ့ရှိသော မေးခွန်းများ


ကိုယ်ဝန်ဆောင် မိခင်လောင်းများ မေးလေ့ရှိသော မေးခွန်းများ
မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့် ကောင်းမွန်ပြည့်ဝစွာ စားသောက်ဖို့ လိုအပ်တာပါလဲ။
ဖြေ - ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှုဟာ ကိုယ်ဝန်ဆောင်ကိုရော သန္ဓေသားကိုပါ ကျန်းမာစေတာ ကြောင့် အရေးကြီးပါတယ်။ မိခင်ရဲ့စားသောက်တဲ့ အစားအစာများကြောင့်သာ သန္ဓေသားက ကြီးထွားရတာ ဖြစ်သလို၊ သူကျန်းကျန်းမာမာရှိစေရန် လိုအပ်တဲ့အာဟာရတွေရဖို့ကိုလည်း မိခင်စားသောက်တဲ့ အစားအစာ တွေပေါ်မှာပဲ မှီခိုရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တိုင်း အစားအသောက်မှရတဲ့စွမ်းအင်၊ အာဟာရနဲ့ ရေ ဓါတ်တွေပိုပြီး လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ်စားနေကျပမာဏထက် ပိုပြီးတိုးတက်စားသောက်ပေးဖို့လိုအပ် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အထူးအရေးကြီးတာကတော့ ကိုယ်ခန္ဓာအတွက်လပ်တဲ့ ကယ်လ်ဆီယမ် မါတ်၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ပဲ ဖြစ်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင်နှင့်သတ္တုဓါတ်တွေ ဖြည့်စွက်စားသောက်ပေးဖို့ လိုပါသလား။
ဖြေ - အဓိကလိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓါတ်များကို နေ့စဉ်စားသုံးတဲ့အစာအာဟာရများမှ ရရှိအောင် စားသုံး ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မျှတတဲ့စားသောက်မှုပုံစံဖြစ်အောင် စီစဉ်စားသုံးပါ။ အဓိကလိုအပ်တဲ့ သံဓါတ်၊ ဖောလစ်အက်ဆစ်ဓါတ်၊ ကယ်လ်ဆီယမ်နှင့် အမျှင်ဓါတ်တို့ကို နှံစားသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၊ နို့နှင့် နို့ထွက်ပစ္စည်းများအပြင် အသားများစားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တို့ အ တွက် အထူးစီစဉ်ထုတ်လုပ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ် ၀န်ဆောင်အားဆေးများနှင့် အခြားအားဆေးများကိုတော့ ဆရာဝန်၊ သားဖွားဆရာမများကို တိုင်ပင်ပြီးမှ သုံးစွဲ သင့်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်အလေးချိန် မည်မျှတက်လာပါသလဲ။
ဖြေ - ကိုယ်အလေးချိန်တက်နှုန်းဟာ ကိုယ်ဝန်ဆောင်ရဲ့ အရပ်အမြင့်နဲ့လည်း ဆိုင်ပါတယ်။ ယေဘူယျ အား ဖြင့်တော့ ၁၅ပေါင်မှ ၄၀ပေါင်အထိ တက်လာပါတယ်။
မေး - နို့မကြိုက်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် တစ်နေ့ကို ၃-၄ကြိမ် နို့သောက်ဖို့အတွက် ဘယ်လိုစီစဉ်နိုင် ပါသလဲ။
ဖြေ - နို့အစား ဒိန်ခဲ၊ ပူတင်းနှင့် ဒိန်ချဉ်များကိုလည်း စားသုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဖြစ်လေ့ရှိသော ဝေဒနာများ (Common Complaints)
ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံးရက်သတ္တပါတ်များမှာ စိုးရိမ်စရာမလိုတဲ့ ဝေဒနာလေးတွေ ခံစားရတတ် ပါတယ်။
ခါးနာခြင်း (Backache)
ကြီးထွားလာတဲ့ ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် ခါးရိုးမှာ အားသက်ရောက်မှုဖြစ်လာရတာကြောင့် ခါးနှင့် ခါး အောက်ပိုင်း အရိုးအဆစ်တွေ နာကျင်မှုဖြစ်တတ်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ (What to do to avoid ...)
- ခါးနှင့်ကိုယ်ကို ဖြောင့်ဖြောင့်နေပါ။
- ဖိနပ်အနိမ့်များကိုသာ စီးပါ။
- တစ်ခုခုကို မယူမည်ဆိုလျှင် ဒူးကိုသာကွေးပါ။ ခါးကိုမကုန်းပါနှင့်။
- ထိုင်ရာမှ ထချင်လျှင် လက်ကိုပေါင်ပေါ်တွင်ထောက် အားယူပြီးထပါ။
- အိပ်နေရာမှ ထလိုလျှင် ဘေးတစောင်းဖြစ်အောင် ပြုပြင်ပြီး လက်မောင်းများအားကို အသုံးပြုရ်ျထပါ။
သွားဖုံးများ သွေးထွက်ခြင်း (Bleeding Gum)
ကိုယ်ဝန်ဆောင်စဉ်မှာ နုနယ်လာတဲ့သွားဖုံးများ သွေးထွက်လွယ်ပါတယ်။ ဂရုပြုပြီး သွားတိုက်ခြင်း၊ ခံတွင်း စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့သည် သွားများ ပျက်စီးမှုကို အကာအကွယ်ဖြစ်စေပါသည်။
အသက်ရှူမ၀ခြင်း (Breathlessness)
ကိုယ်ဝန်ဆောင်နေစဉ် အသက်ရှူမမှုတွေ ဖြစ်တတ်ပါတယ်။ ကြီးထွားလာတဲ့ သားအိမ်က ရင်ခေါင်း တွင်းက အမြှေးပါးလေးကို တွန်းပင့်ထားသလို ဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ပက်လက်နေလျှင် ပိုပြီးအဆင် မပြေ ဖြစ်တတ်ပါတယ်။ အိပ်တဲ့အခါ ခေါင်းအုံးများ ပိုအသုံးပြုပြီးအိပ်စက်ပါ။ ကိုယ်ဝန်နောက်ဆုံးလမှာတော့ ဒီပြဿနာပျောက်သွားမှာ ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း (Constipation)
ကိုယ်ဝန်ဆောင်နေချိန်တွင် ခန္ဓာကိုယ်တွင်းအူလမ်းကြောင်းများ ပုံမှန်ထက် နှေးကွေးစွာ အလုပ် လုပ် သောကြောင့် ၀မ်းချုပ်ခြင်း မကြာခဏဖြစ်တတ်ပါသည်။
သက်သာအောင် ဘာတွေလုပ်ရမည်လဲ (What to do to ...)
- အမျှင်ဓါတ်များများပါတဲ့အစာများ၊ သစ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များစားသုံးပြီး ရေများများ သောက် ပေးပါ။
- ၀မ်းသွားလိုပါက ချုပ်တည်းမထားပါနှင့်။
- ၀မ်းချုပ်တာ ဆက်တိုက်ဖြစ်နေလျှင်တော့ ၀မ်းပျော့ဆေး၊ ၀မ်းနုတ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး သောက် သုံးပါ။
ကြွက်တက်ခြင်း (Cramp)
တစ်ချို့သော ကိုယ်ဝန်သည်များဟာ ခြေထောက်နှင့် ခြေသလုံးကြွက်သားတက်သည့် ဝေဒနာများ ခံစားရ တတ် ပါတယ်။ ညဘက်တွေမှာ ပိုပြီးဖြစတ်ပါတယ်။ ခြေထောက်အကြောလျှော့ခြင်း၊ ဆေးလူးခြင်း၊ ခေတ္တလမ်းလျှောက် ပေးခြင်းဖြင့် သက်သာအောင် လုပ်ပေးနိုင်ပါတယ်။
ခေါင်းမူးခြင်း (Dizziness)
ခန္ဓာကိုယ်အတွင်း ဟိုမုန်းဓါတ်များပြောင်းလဲမှုကြောင့် ပက်လက်နေထိုင်စဉ်၊ ရုတ်တရက်ထလိုက်စဉ်၊
အချိန်ကြာကြာရပ်နေစဉ် စတဲ့အခြေအနေတွေမှာ ခေါင်းမူးတတ်ပါတယ်။ ဒီလိုမူးဝေလာလျှင် ထိုင်ချလိုက်ပါ၊ ဦးခေါင်းကို ငုံ့ထားပါ။ ပက်လက်မနေပါနှင့်။
မကြာခဏဆီးထွက်ခြင်း (Frequent Urination)
မကြာခဏဆီးထွက်မှုကတော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလများနှင့် နောက်ပိုင်းကာလတွေမှာ
အဖြစ်များပါတယ်။ ညဘက်အိပ်ယာဝက်ခါနီး ရေများများမသောက်ရန် လိုအပ်ပါတယ်။
ရင်ပူတဲ့ဝေဒနာ (Heartburn)
အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေဟာ ရင်ခေါင်းပေါ်တက်လာတတ်တာမို့ ရင်ပူတဲ့ဝေဒနာကို ကိုယ် ၀န်ဆောင် တွေခံစားရတတ်ပါတယ်။ ပက်လက်အိပ်နေရင် ပိုဆိုးတတ်တာမို့ ခေါင်းအုံးမြင့်မြင့်ထားပြီးအိပ်ပါ။
အစာကိုနည်းနည်းနှင့် အကြိမ်များများစားသုံးပါ။ အိပ်ယာဝင်ခါနီး (၄)နာရီအလိုမှာတော့ ဘာမှမစားသင့်တော့ ပါဘူုး။ အစာအိမ်ဆေးဖြစ်တဲ့ Antacid ဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်ပထမ ၁၂ပတ်မှာ လုံးဝမစားသင့်ပါဘူး။
ယားယံခြင်း (Itching)
ကိုယ်ဝန်ဆောင်စဉ်မှာ ၀မ်းဗိုက်အကြောတွေ ဆန့်ထွက်ရတာကြောင့် ယားယံ(နာကျင်ကိုက်ခဲ)မှု ကလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မွေးဖွားခါနီး သုံးလလောက်အထိ ဒီပြဿနာဖြစ်နေရင်တော့ ဆရာဝန် နှင့် ပြသသင့်ပါတယ်။ ဒါဟာ အသည်းရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။
မူးဝေအော့အန်ခြင်း (Nausea and Morning Sickness)
မူးဝေအော့အန်တာကတော့ ကိုယ်ဝန်ရှိခြင်းရဲ့ ဦးဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါး နံနက်ပိုင်း မှာ ဖြစ်တတ်သလို တစ်နေ့လုံးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်၁၂ပတ်လောက်ရောက်ရင်တော့ ပျောက်သွား တတ်ပါတယ်။
ဝမ်းသွားလျှင်နာကျင်သည့်ရောဂါ (Piles)
ကိုယ်ဝန်ဆောင်ကာလမှာ ၀မ်းသွားတဲ့အခါ နာကျင်တာ၊ ၀မ်းသွားလျှင်သွေးပါတာတွေ ဖြစ်တတ် ပါ တယ်။ ၀မ်းချုပ်လျှင် ပိုဖြစ်တတ်ပါတယ်။
ဘယ်လိုကာကွယ်မလဲ (What to do ...)
- ၀မ်းမချုပ်အောင် ဂရုစိုက်ပါ။ အမျှင်ဓါတ်များများပါတဲ့အစာတွေ စားပေးပါ။
- ကြာကြာမတ်တပ်မရပ်ပါနှင့်။
- မိမိအိပ်ယာခြေရင်းပိုင်းကို မြင့်မြင့်ရှိပါစေ။
- စအိုအတွင်းပိုင်း ကျွံထွက်လာပါက လက်ဖြင့်အသာအယာ ပြန်လည်ထိုးသွင်းပါ။
အအိပ်ခက်ခြင်း (Difficulty in Sleeping)
ကိုယ်ဝန်ဆောင်များ မွေးခါနီးလေ အအိပ်ခက်တဲ့ ပြဿနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ သန္ဓေသား ကလည်း ညဖက်များမှာ ပိုလှုပ်ရှားတတ်ပြီး ကိုယ်တွင်းဇီဝကမ္မလုပ်ငန်းများကလည်း တစ်ခါတစ်ရံပုံမှန် မရှိတာ ကြောင့် အအိပ်ခက်တတ်ပါတယ်။ အိပ်ဆေးများ မသုံးပါနှင့်။ ညဘက်အိပ်ယာဝင်ခါနီး ရေနွေးဖြင့် ရေချိုးခြင်း၊ ထိုင်လျက် မကျတကျအနေအထားဖြင့် အိပ်စက်ခြင်း၊ ၀မ်းဗိုက်နံဘေးတွင် ခေါင်းအုံးထားပြီး တစောင်း အိပ်စက် ခြင်းတို့ကို ပြုလုပ်ကြည့်သင့်ပါတယ်။
အရေပြားနှင့် ဆံပင်များတွင် ဖြစ်လာသော အပြောင်းအလဲ များ (Skin and Hair Change)
ကိုယ်ဝန်သည် မိခင်များတွင် အရပြားအရောင်ပြောင်းလာခြင်း ၊ ဦးခေါင်းမှ ဆံပင် တိုးပွားခြင်းများ
ဖြစ်တတ်ပါသည်။ ဆံပင်များ အဆီပိုထွက်လာတတ်ပါသည်။ မီးဖွားပြီးနောက် မကြာမီ အရေပြားအရောင် နဂို အတိုင်းပြန်ဖြစ်လာပြီး ဆံပင်များ ပြန်ကျွတ်သွားတတ်ပါသည်။
ကိုယ်တွင်အစင်းရာကဲ့သို့ အမာရွတ်များ ဖြစ်လာခြင်း (Stretch Mark)
ကိုယ်ဝန်ဆောင်ကာလ အတွင်း အချို့သော ကိုယ်ဝန်သည်များသည် ပေါင်၊ ၀မ်းဗိုက်၊ ရင်သားများတွင် အနီရောင်အမှတ်များ ပေါ်လာတတ်ပါသည်။။ မီးဖွားပြီးနောက်ပိုင်း တဖြည်းဖြည်းမှေးမှိန်သွားတတ်ပါသည်။
အဖြူဆင်းခြင်း (Thrush)
မွေးလမ်းကြောင်းထိပ်ဝ တွင် မှိုကြောင့် ကူးစက်နာဖြစ်ရခြင်း ဖြစ်သည်။ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ စ သည့် ဝေဒနာများ ခံစားရတတ်ပါသည်။ ၀မ်းတွင်းမှ ကလေးငယ်၏ပါးစပ်သို့ ကူးစက်တတ်သောကြောင့် ဆရာဝန် နှင့် ပြသ၍ ကုသမှုခံယူရပါမည်။
မောပန်းနွမ်းနယ်ခြင်း (Tiredness)
ကိုယ်ဝန်အစပိုင်း ရက်သတ္တပတ်များတွင် မောပန်းနွမ်းနယ်မှုများ ခံစားရတတ်ပါသည်။ ကိုယ်ဝန် ၁၄ ပတ် လောက်မှာတော့ ပျောက်သွားတတ်ပါသည်။ ကိုယ်ဝန်သည် တစ်ဦး အနေဖြင့် မောပန်းလာပါက အနားယူပါ။
Dr. ဇီဝက

ထင်ကျန်စေခဲ့သော စတေးခြင်း ခြေရာငယ်


Tom Booker သည် အမေရိကန်ပြည်ထောင်စုထဲမှ မွန်တာနာ (Montana) အမည်ရှိသော သာယာကျယ်ပြန့်လှသည့် နေရာလေးတွင် နေထိုင်သူဖြစ်ပါသည်။ သူ့အဖိုးနှင့်ဖခင်တို့က (သခင်စကား မနာခံဘဲ) ဆိုးသွမ်းနေသော မြင်းများကို လူအများ နားမလည်နိုင်သော လေသံတိုးငြင်းမျှပြောဆိုရုံဖြင့် မြင်းများကို လိမ္မာ ယဉ်ကျေးလာအောင် ပြုလုပ်နိုင်သူများအဖြစ် ထင်ရှားခဲ့သည်။ ထိုသို့သော ပညာကို သားငယ်ဖြစ်သူ Tom ကအပြည့်အ၀ ရရှိခဲ့ကာ ထိုဖက်တွင် ပါရမီအတော်ပင်ထူးချွန်ခဲ့ပေသည်။ Tom ၏  အဖိုးနှင့် ဖခင်ရှိစဉ်အချိန်ကတော့ ဆောင်းဦးပေါက်ကာလများသို့ရောက်ချိန်တွင် မိသားစုဝင်အားလုံး မြင်းကိုယ်စီစီးကာ တောထဲသို့ပျော်ပွဲစားသွားလေ့ရှိသည်။
ပျော်ပွဲစားထွက်သည့်အခါတိုင်း လတ်ဆတ်စိမ်းစိုသောမြက်ခင်းပြင်များပေါ်တွင် လှဲချရင်း ကျယ်ပြောလှသော အပြာနုရောင် ကောင်းကင်ပြင်ကြီးကို မော်ကြည့်ကာ သာရကာတို့၏ အသံကို နားဆင်ရင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု၏ အချိန်များကို ပိုင်ဆိုင်ခဲ့ပေသည်။
လူကြီးမိဘများ တိမ်းပါးသွားချိန်တွင် Tom ၏အကို Frunk က ထိုကဲ့သို့အချိန်ကာလမျိုးကိုပြန်ရချင်သည်ဟု မကြာခဏပြောလေ့ရှိသည်။ Tom ကတော့ ယခုအချိန်မှာ လက်ရှိအဖြစ်ကို လက်ခံထားဖို့ကိုသာ အကိုဖြစ်သူအား ဖြောင်းဖြခဲ့သည်။ မိဘများရှိစဉ်အခါက Tom အား မိသားစုအားလုံး နားမလည်နိုင်သော အချက်ရှိခဲ့သည်။ ထိုသည်ကတော့ Tom သည် မြင်းများကို ယဉ်ပါးလာအောင် ထိန်းကျောင်းနိုင်သော စွမ်းအင်တမျိုးရှိလျက်နှင့် အဘယ်ကြောင့်များ ထိုအလုပ်နှင့် အသက်မွေးမှုမပြုလေသနည်းဟူ၍ပင်။
အရွယ်ရောက်လာသော Tom တစ်ယောက် မိသားစုထင်မှတ်မထားသော လုပ်ရပ်တစ်ခုကိုလည်း လုပ်ခဲ့သေးသည်။ အောက်စဖို့သို့ ပညာသွားသင်ပြီး ကျောင်းပိတ်၍ ပြန်လာသောအခါတွင်မတော့ ခေတ်ပေါ်ဂီတပညာသင်ကျောင်းမှ ကျောင်းသူလေး Rachel ကိုခေါ်လာခဲ့ပြီး ချစ်စရာ့သားငယ် Hal ကိုမွေးဖွားခဲ့သည်။ Tom သည် ဇနီးသည်နှင့် သားငယ်ကို အလွန်ချစ်ခင်တွယ်တာကာ ခင်ပွန်းကောင်းပီသခဲ့ပေသည်။ သို့သော် တောတောင်သဘာဝတွင်မြတ်နိုးနေသားကျနေသော Tom ထံပါးတွင် စာပေ၊ ဂီတ၊ မြို့ပြယဉ်ကျေးမှုတို့တွင်သာ အသားကျပျော်ဝင်နေသော Rachel ကြာရှည်စွာမပျော်ပိုက်နိုင်တော့။ ထို့ကြောင့် တခုသော ဆောင်းဦးပေါက်အချိန်တွင် သားကလေးကို ယူဆောင်ခေါ်ငင်လို့ Rachel တစ်ယောက် သူမ , ပျော်မွေ့ရာမြို့ပြသို့သာ ပြန်သွားခဲ့သည်။ ထိုအချိန်မှစ၍ Tom သည် သူတွယ်တာမြတ်နိုးရာမြင်းများကို ကူညီကယ်တင်ပေးသော အလုပ်ဖြင့် ဆေးခန်းဖွင့်ကာ သူ့ဘ၀ကို ရှေ့ဆက်လှမ်းခဲ့ပေသည်။

(၂)
ချမ်းအေး၍ ဆီးနှင်း ထူထပ်လှသော ဆောင်းဦးမနက်ခင်းတစ်ခုတွင် ဂရေ့စ်နှင့် သူမ၏ အနှစ်သက်ဆုံးမြင်းကြီး Pilgrim ၊ ဂရေ့စ်၏ သူငယ်ချင်း ဂျူဒီ နှင့် သူမ၏မြင်းကြီး Gulliver တို့သည် မြစ်တစ်စင်းအပေါ်ဖြတ်သန်းနေသော တံတားဟောင်းလေးတစ်ခုကို ရှာဖွေဖို့ရန် ထွက်လာခဲ့ကြသည်။ တံတားလေးကိုတွေ့သောအခါ ဂျူဒီ က၀မ်းသာအားရဖြင့် သူမ၏ မြင်းကြီးနှင့်အတူ တံတားပေါ်သို့ အရင်ဆုံး တက်သွားခဲ့သည်။ ဂရေ့စ်ကိုလည်း လိုက်ခဲ့ဖို့ရန်လှမ်းခေါ်သည်မို့ဂရေ့စ်နှင့် Pilgrim လည်းတံတားပေါ်တက်ရန် ကြိုးစားခိုက်တွင် ဂျူဒီ၏မြင်းကြီးခြေချော်ကျသွားသည့်အချိန်နှင့် ကြုံလိုက်ရသည်။ မင်းကြီးပြန်အထတွင် ဂျူဒီ ၏ခြေထောက်တစ်ဖက်မှာ မြင်း၏ ဇက်ကြိုးနှင့် ငြိပါသွားသောကြောင့် ခေါင်းနှင့်မြေကြီး ပြင်းထန်စွာ ရိုက်မိပြီး ဂျူဒီ ခမျာ မလှုပ်နိုင်ရှာတော့ပေ။ ဂရေ့စ်နှင့်သူ့မြင်းကြီးလည်း ဂျူဒီ တို့ကိုကယ်ဖို့ကြိုးစားခဲ့သော်လည်း အချိန်တို့က နောက်ကျသွားခဲ့ပါပြီ။
ထို့အချိန်မှာပဲ နီးကပ်ကျယ်လောင်လှသော ကားဟွန်းသံကြောင့် သက်ရှိ ၄ဦးသားတို့သည် အပြင်းအထန်ကြောက်ရွံ့မှုများနှင့်  ရှောင်တိမ်းချိန်မရလောက်အောင် ဖြစ်သွားခဲ့ကြသည်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကတော့ မတ်တပ်က မလဲဘဲကျန်နေသေးတဲ့ Pilgrim ဟာ သူ့နားကို ဘရိတ်အုပ်ချိန်မရအောင် ရောက်လာခဲ့တဲ့ ထရပ်ကားရဲ့ ဦးခေါင်းခန်းကို ရှေ့ခြေ၂ခြောင်းမြှောက်ထောင်လို့ ရန်မူလိုက်တာပါပဲ။ ဒါကြောင့် ဂရေ့စ်လည်း မြင်းပေါ်က ပြုတ်ကျလို့ မြစ်ဘေးနား ပြုတ်ကျသွားခဲ့သည်။ ထို့အတူ Pilgrim လည်း ဂရေ့စ်နှင့်အတူ မြစ်ဘေးကို ရောက်သွားခဲ့လေသည်။

(၃)
နယူးယောက်မြို့မှ အောင်မြင်သော ရှေ့နေတစ်ဦးဖြစ်တဲ့ ဂရေ့စ်ရဲ့ဖခင်ဟာ ရုံးကပြန်ရောက်လာချိန်မှာတော့ မက်ဆေ့ဂ်ျစက်ကလေးမှ မက်ဆေ့ဂ်ျများက စောင့်ကြိုနေခဲ့ပါသည်။ တစ်ခုက အိမ်ပြန်နောက်ကျမည်ဟု အကြောင်းကြားထားတဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ အလုပ်လုပ်နေသူ ဇနီးသည်ထံမှ၊ နောက်မက်ဆေ့ဂ်ျတစ်စောင်ကတော့ သမီးဖြစ်သူ ဂရေ့စ် ဆေးရုံသို့ရောက်နေကြောင်း Pilgrim ကိုထားရာမြင်းဇောင်းရှိ အမျိုးသမီးထံမှ အကြောင်းကြားစာ။ ထို့ကြောင့် ဇနီးဖြစ်သူ အန်န်နီ ကိုချက်ခြင်းပင်ဖုန်းဆက်ခေါ်ပြီး ဆေးရုံသို့သွားခဲ့သည်။
ဇနီးဖြစ်သူဆေးရုံသို့ရောက်လာသောအခါ ဂရေ့စ်၏ ခြေထောက်တစ်ဖက်ကို ပေါင်နားမှစ၍ ဖြတ်ပစ်ရတော့မည့်အကြောင်းပြောပြခဲ့တော့ ၀မ်းနည်းကြေကွဲမှုလွှမ်းသွားတဲ့ ဇနီးသည်ကို နှစ်သိမ့်ဖို့ရာ စကားစရှာမရခဲ့။ ဂရေ့စ်ဆေးရုံတက်နေစဉ် တလျှောက်လည်း ဇနီးမောင်နှံ ၂ဦး တယောက်တလှည့်စောင့်ပေးရင်းနှင့် စိုးရိမ်ပူပန်မှုများကြီးစိုးခဲ့ကြသည်။ Pilgrim ၏ဒဏ်ရာများကို ကြည့်ရှုပေးနေသော ဆရာဝန်က Pilgrim ဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတဲ့အပြင် ရိုင်းစိုင်းခက်ထန်နေတာကြောင့် ပစ်သတ်ခွင့်ကို ပိုင်ရှင် (အန်န်နီ) ဆီကတောင်းပေမယ့် အန်န်နီ ကခွင့်မပြုခဲ့ပါ။ သူ့သမီးနဲ့ Pilgrim က ခွဲမရအောင် ချည်နှောင်ထားသူများဖြစ်တယ်လို့ သူမယူဆထားလို့ပါပဲ။ ထို့အတူမြင်းများကို စိတ်ဝင်စားချစ်ခင်တတ်တဲ့ ၀ါသနာကလည်း သမီးဖြစ်သူနဲ့တူနေတာကြောင့် ကယ်တင်ချင်ခဲ့သူပါ။

(၄)
ဆေးရုံက ဆင်းလာတဲ့ ဂရေ့စ်ရဲ့ ပထမဆုံးဆန္ဒကတော့ Pilgrim ကိုတွေ့လိုမှုပဲဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကို တောင်းဆိုပြီး မိသားစု ၃ဦးသား Pilgrim ကိုသွားကြည့်ချိန်မှာတော့ Pilgrim အတွက်  ဂရေ့စ်၏ ၀မ်းနည်းမှုနှင့်  စိတ်ထိခိုက်မှုတို့ကပြင်းထန်လွန်းလှသည်။ သွားဝါများကို နောက်သို့လှန်ဆွဲထားသကဲ့သို့ထင်ရစေသောအံကြိတ်မှု၊  မျက်နှာတလျှေက် ရုပ်ဆိုးစေသော အစင်းကြောင်း အမာရွတ်ကြီးနှင့် မြေကြီးထိအောင် ငိုက်စင်းကျနေသော လည်ပင်းတို့က Pilgrim ၏ စိတ်ဓာတ်ကျမှုနှင့် ရှင်သန်မနေချင်သောစိတ်တို့အား အထင်းသားပြနေခဲ့သည်။
ဂရေ့စ်မှာလည်း သာမန်ကလေးတစ်ယောက်ကဲ့သို့ ပြန်မဖြစ်နိုင်တော့သာ ခြေတဖက်မဲ့ ဘ၀ကို အားငယ်စိတ်ပျက်ကာ မကျေမနပ်ဖြစ်လာခဲ့သည်။ သူမ၏ အတွေးထဲတွင် သေဆုံးသွားသော သူငယ်ချင်း ဂျူဒီနှင့် အသက်ရှင်နေခြင်းအတွက် မကျေနပ်ရန်လိုကာ ခက်ထန် ရိုင်းစိုင်းနေသော သူမ၏ မြင်းကြီး Pilgrim တို့၏ အဖြစ်ကိုသာမြင်ယောင်ကာ မပျော်ရွှင်နိုင်ခဲ့။
အန်န်နီ တစ်ယောက် သမီးဖြစ်သူ၏ စိတ်ခံစားချက် ပျော်ရွှင်မှုများကို ပြန်လည် တည်ဆောက်ပေးနိုင်ရန်အတွက် သူမလုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖတ်ရှုရင်းဖြင့် The horse whisperer များအကြောင်းကို သိလာခဲ့ရသည်။ ထို့နောက်မတော့ Pilgrim ၏ ဝေဒနာများကို ကြည့်ရှုပေးနေသည့် ဒေါက်တာဆီမှ Tom Booker ၏ လိပ်စာကို ရရှိခဲ့သည်။ ပထမဆုံး Tom ကို နယူးယောက်သို့ဖိတ်ခေါ်ပြီး Pilgrim ကိုလာရောက်ကြည့်ရှုစေခဲ့သည်။ သို့သော် အခြေအနေဆိုးရွားလွန်းကာ ရိုင်းစိုင်းခက်ထန်လွန်းလှသော Pilgrim ကြောင့် ကုသဖို့ရန်လက်လျှော့ကာ ပြန်သွားခဲ့သည်။
သို့သော် အန်န်နီကတော့ လက်မလျှော့ခဲ့။ သူမ၏ သမီးလေး ပျော်ရွှင်စေရေးအတွက် Pilgrim ကိုပြန်ကောင်းစေလိုသည်။ သည်အတွက် Tom Booker ဆီသို့သွားနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲတော့သည်။ Tom နေထိုင်သောမြို့လေးအနီးရှိတည်းခိုခန်းတွင် ဂရေ့စ်နှင့်သူမအတွက် အခန်းငှားသည်။မြို့ပြင်ရှိမြင်းဇောင်းတွင်တော့ Pilgrim ကိုထားရန်စီစဉ်ထားသည်။ အားလုံးအဆင်သင့်ဖြစ်ချိန်တွင်တော့ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူကိုပြောပြခဲ့သည်။ သူမ၏ စိတ်ထဲတွင်တော့သူမ စီစဉ်သမျှ၊ သူမ၏ စကားကို ထို ၂ယောက် မလွန်ဆန်ကြ။ ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးတော့ လက်ခံကြသည်ပဲဖြစ်သည်ဟု ထင်ထားခဲ့သည်။
သို့သော် ဂရေ့စ်၏ စိတ်ထဲတွင် ထိုအဖြစ်အတွက် အဖုအထစ်ဖြစ်ခဲ့သည်။ သူမ၏ မိခင်သည် မိမိကိုယ်ကို ယုံကြည်လွန်းသည်။ သူမ၏ နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ တို့ကို မိခင်ဖြစ်သူ သိသကဲ့သို့ ပျော်ရွှင်မှု ၀မ်းနည်းမှု၊ ကျရှုံးမှု ၊ အောင်မြင်မှု ဒါတွေကို နားအလည်ဆုံးက သူမ၏ မိခင်သာဖြစ်ခဲ့သည်။  သို့သော်လည်း သူမတို့ သားအဖ ၂ဦး၏ ဆန္ဒကို အရင်တောင်းဆိုခြင်း မပြုဘဲ စီစဉ်ပြီးသည့် အခါမှသာ လိုက်နာရန် ပေးသိစေခဲ့သော မိခင်၏ ယုံကြည်မှုလွန်ကဲခြင်းအတွက်တော့ သူမစိတ်ဆိုးမိသည်။ ထိုအချိန်မှ စလို့ သားအမိ ၂ဦး၏ ဆက်ဆံရေးက အဆင်မပြေလှ။

(၅)
(Montana) သို့ရောက်၍ Tom ထံသွားကာ Pilgrim ကိုကြည့်ပေးရန်တောင်းဆိုသောအခါတွင်လည်း ဂရေ့စ်က စိတ်မ၀င်စားသယောင်သာ။ အန်န်နီ၏တောင်းဆိုမှုအထပ်ထပ်ကြောင့် Tom ကလက်ခံကာ Pilgrim အကြောင်းဆွေးနွေးရန်နှင့် ပိုင်ရှင်ဖြစ်သော ဂရေ့စ်က ကူညီရန် တောင်းဆိုသောအခါတွင် ဂရေ့စ်က ခပ်မဆိပ်သာ။ Tom က Pilgrimပြန်ကောင်းမှာ သေချာကြောင်း အားပေးစကားပြောသည်တွင်မှ ကူညီရန်သဘောတူခဲ့သည်။ ထိုမှအစပြု၍ Tom က Pilgrim ကို ကုသမှုများစတင်တော့သည်။ ရိုင်းစိုင်းခက်ထန်သွားခဲ့သော Pilgrim ၏ အမူအရာများ Tom အပေါ်တွင် တဖြည်းဖြည်းနှင့် အေးဆေးငြိမ်သက်လာခဲ့သည်။ Pilgrim သည် Tom ၏ နှုတ်မှ ထွက်ပေါ်လာသော Pilgrim တို့လိုမြင်းများသာ နားလည်နိုင်သော လေသံတိုးလေး (Whisper) ဖြင့် Pilgrim ၏ စိတ်နှလုံးကို ငြိမ်းအေးစေခဲ့သည်ထင့်။

(၆)
မိန်းမသားချည်းဖြစ်သော သူမတို့ ၂ဦးအား နေထိုင်မှုအဆင်ပြေစေရန် Tom အိမ်ထောင်ကျစဉ်က နေထိုင်ခဲ့သော အိမ်ကလေးတွေင်လာရောက်နေထိုင်ရန် Tom နှင့် သူ့အကိုမိသားစုက ဖိတ်ခေါ်ခွင့်ပြုခဲ့သောကြောင့် သူမတို့ ၂ဦးထိုအိမ်လေးတွင် နေဖြစ်ခဲ့သည်။ Montana တွင် နေထိုင်စဉ်ကာလအတွင်း Pilgrim ၏ တနေ့တခြားတိုးတက်လာမှုကို မြင်ရသော ဂရေ့စ် .. ပျော်ရွှင်မှုများ တစတစ ပြန်လည်ရရှိလာခဲ့သည်။ ထို့အတူ Tom ၏ တူလေးဖြစ်သော ဂျွန် ကလည်း ဂရေ့စ်နှင့် မတိမ်းမတိမ်းမယိမ်းအရွယ်လေးများဖြစ်လေရာ သူမအဖို့ သူငယ်ချင်းအဖော်ဖြစ်ခဲ့သည်လေ။ အန်န်နီက Tom နှင့် သူ့အကိုမိသားစုကို ညစာဖြင့် တည်ခင်း ဧည့်ခံရန် စားသောက်စရာများ ၀ယ်ဖို့ရန် ဈေးဝယ်ထွက်ခိုက် ဂရေ့စ်နှင့် ဂျွန်တို့ ၂ဦးက ဂျွန်ပိုင်ဆိုင်သောမြင်းငယ်ကလေနှင့် သူတို့မြို့လေးမှ အတန်ငယ်ဝေးကွာသော အရပ်ရှိ သာယာချမ်းမြေ့သောတောလေးထဲသို့ထွက်သွားခဲ့သည်။ ထိုတောထဲမတွင်တော့ Accident အပြီးတွင် ဘယ်တော့မှမြင်းမစီးတော့ဟု ဆုံးဖြတ်ထားခဲ့သော ဂရေ့စ်တစ်ယောက် ဂျွန်၏အကူအညီဖြင့် ပထမဦးဆုံးအကြိမ် မြင်းပြန်စီးဖြစ်သွားသည်လေ။ သို့သော် မိခင်အား စိတ်ခုထားကာ စကားဟဟပင် မပြောသည်မှာ ကြာပြီဖြစ်သော ဂရေ့စ်က ထိုအကြောင်းများကို.မိခင်ဖြစ်သူအား ပြန်မပြောပြခဲ့ပေ။

(၇)
နောက်တနေ့ညစာ စားပွဲတွင် ဂျွန်နှင့် မောင်နှမများ၊ ကလေးသဘာဝ ဆော့ကစား စကားနိုင်လုကြရင်း ဂျွန့်ညီမလေးတစ်ဦးက ဂျွန်နှင့် ဂရေ့စ်တို့မြင်းစီးကြသည့်အကြောင်းများကိုပြန်ပြောကြသည်တွင် အန်န်နီတစ်ယောက် ထိုအကြောင်းအရာအတွက် စိုးရိမ်ပူပန်စိတ်များ ပိုသွားခဲ့သည်။ ထိုညတွင် ရင်ဖိုစိတ်လှုပ်ရှားစရာလည်း ကြုံခဲ့သည်။ မီးပုံဘေးတွင် ကိုယ်စီကိုယ်ငှ စိတ်ဝင်စားရာ ကစားနည်းများဖြင့် ပျော်ရွှင်စည်ကားနေခိုက် တွန် (Tom) က သူ၏ နာမည်အကြီးဆုံး ကစားနည်းဖြစ်သော လက်ချောင်းလေးများပူးကာကြိုးချည်နှောင်သော ကစားနည်းဖြင့် ကစားပြကာ၊ သင်ကြားပေးရင်းဖြင့်  အန်န်နီ့စိတ်များကို ပျော်ရွှင်လှုပ်ရှားစေခဲ့သည်။ ထိုကစားနည်းဖြင့်တွန် (Tom) နှင့် အန်န်နီတို့၏ လက်ကလေးများ တွယ်ယှက်ချည်နှောင် ကစားခဲ့ကြသည်။ ကစားနည်းကို အန်န်နီလေ့ကျင့်၍ မတတ်မြောက်သေးသော်လည်း Tom ၏ကိုယ်ပွားအမှတ်တရအဖြစ်အကျီ်အိတ်လေးထဲအသာထည့်ကာ သိမ်းဆည်းထားခဲ့သည်။
ဧည့်သည်များပြန်သွားသောအခါ အိပ်ချင်ဟန်ပြုနေသော ဂရေ့စ်နားအသာကပ်သွားခဲ့သည်။ ထို့နောက် မြင်းစီးသည့်ကိစ္စအားမေးမြန်းခဲ့သော်လည်း ဂရေ့စ်က သူမအား အိပ်ခန်းတွင်းမှ ထွက်သွားဖို့သာအော်ဟစ် မောင်းထုတ်ခဲ့သည်။ ထို့ကြောင့် စိတ်ထိခိုက်မှုနှင့် ထွက်ခွာသွားခိုက် ဂရေ့စ်ပြောလိုက်သော စကားတစ်ခွန်းက သူမအား ဂရေ့စ် ဆီသို့ပြန်လှည့်လာစေခဲ့သည်။ သမီးကို ဘယ်သူကမှ အလိုမရှိတာ ပစ်ထားလိုက်ပါ ဟူသောစကားကပင် သမီးဖြစ်သူအပေါ် မိခင်မေတ္တာကို ပီပီပြင်ပြင် ယုယစွာမပြသခဲ့သော သူမအတွက် နင့်သည်းလှသော စိတ်မကောင်းခြင်းကို ဖြစ်စေခဲ့သည်။ ထို့နောက် သမီးထံသို့ ပြန်လှည့်သွားက နွေးထွေးသောထွေးပွေ့ခြင်းများဖြင့် သမီးငယ်အား နှစ်သိမ့်ခဲ့သည်။ ထို့နောက်တော့ သားအမိ၂ယောက် တယောက်ကို တယောက်တင်းကြပ်စွာ ဖက်တွယ်ကာ အားရအောင် ရင်ဖွင့်ငိုကြွေးအပြီးတွင်တော့ သူမတို့ ၂ဦးကြားတွင် ပြတ်တောက်နေခဲ့သော ကြိုးလေး ပြန်ဆက်သွားခဲ့သည်။

(၈)
သမီးကို ဖက်ကာ အိပ်ပျော်သွားသော အန်န်နီ ညဥ့်လယ်တွင် ရေဆာသောကြောင့် နိုးထလာခဲ့သည်။ အိမ်နှင့်အတန်ငယ်လှမ်းသော မြစ်ကြောင်းတလျှောက် လျှောက်သွားပြီး ရေသောက်နိုင်သော နေရာအရောက်တွင်တော့ လက်ခုပ်လေးထဲရေထည့်ကာ သောက်လိုက်သည်။ ထိုစဉ်သူမအနီးသို့ လူတစ်ယောက် ရောက်လာခဲ့သည်။ ထိုသူကတော့ တွန် (Tom) ။

အန်န်နီက သူမနှင့်ဂရေ့စ်တို့ ယခုတည်းခိုနေသော အိမ်လေးအမည်က ဘာကြောင့်များ R & B ဖြစ်နေရပါသနည်းဟုမေးခဲ့သည်။ ထိုအခါ Tom က B ဆိုသည်မှာ Booker ကို ကိုယ်စားပြုကြောင်းနှင့် R ဆိုသည်မှာ Rachel ကို ကိုယ်စားပြုကြောင်း၊ သူတို့အိမ်ထောင်ဦးကာလများမှာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောပြခဲ့သည်။ အန်န်နီကလည်း သူ့ဘ၀တစ်စိတ်တဒေသကို ပြန်ပြောပြခဲ့သည်။ ဂရေ့စ်အတွက် မွေးချင်းမောင်နှမ သူမ မွေးပေးလိုခဲ့ကြောင်း၊ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ကြောင်းများလည်း ပြောပြခဲ့၏။ ထိုညက လှည့်ဖျားခဲ့သော ည၏ လရိပ်အောက်တွင် သူတို့ ၂ဦးတစ်ယောက်ကို တစ်ယောက်ချစ်နေမိကြောင်းကို မွတ်သိပ်သောအနမ်းတို့ကို တုံ့ပြန်ဖလှယ်ရင်း ဖွင့်ဟပြဖြစ်ခဲ့သည်။

(၉)
နယူးယောက်တွင် ကျန်နေခဲ့သော အန်န်နီ၏ ခင်ပွန်းသည် ရောဘတ် က နေ့စဉ်နှင့်အမျှ ဇနိးနှင့်သမီးကို လွမ်းဆွတ်တမ်းတ သည်။ နေ့တစ်နေ့၏ အားလပ်ချိန်တိုင်းတွင် သူတို့ ၂ဦး၏ အသံလေးကို ကြားရဖို့သာ တောင့်တကြိုးပမ်းသည်။ သွားလည်ဖို့ကြိုးပမ်းသော်လည်း အလုပ်အလွန်ရှုပ်သော သူ့အဖို့ခက်ခဲလှသည်။ ဒီတစ်ခေါက်တွင်တော့ သွားလည်ဖို့အခွင့်ရလာပြီ ဖြစ်သောကြောင့် ဇနိးဖြစ်သူအား လွမ်းဆွတ်တမ်းတ ပျော်ရွှင်စွာဖြင့် ဖုန်းဆက်ကာ ပြောခဲ့သည်။ သို့သော် အန်န်နီက အေးစက်စွာ တုံ့ပြန်ခဲ့သည်။ ဖခင်ဖြစ်သူ လာမှာကြောင့် ဂရေ့စ်က ပျော်ရွှင်နေလွန်းသလောက် အန်န်နီကတော့ အပျော်များ ပျောက်ဆုံးနေခဲ့၏။ Tom ၏ အကိုမိသားစုကလည်း Disney Land သို့သွားမှာကြောင့် တမိသားစုလုံးပျော်နေကြသည်။ အိမ် ၊ ယာတောနှင့် ဆေးခန်းကို  ထိန်းသိမ်းရင်း ကျန်နေခဲ့မည့် Tom နှင့်  သူ၏ချစ်သူ အန်န်နီတို့ ၂ဦးသာ မပျော်နိုင်ခဲ့။

(၁၀)
ခင်ပွန်းဖြစ်သူ ရောဘတ်ရောက်လာသောအခါ Tom တို့အိမ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ထိုတခေါက်တွင်လည်း Tom က ရောဘတ်အား ကြိုးသွယ်ကစားနည်းဖြင့် ဧည့်ခံလိုသောကြောင့် အန်နီ့ထံမှ ကြိုးကိုပြန်တောင်းယူခဲ့သည်။ ထိုကြိုးလေး၏ ရစ်တွယ်နှောင်ငင်နိုင်သော ကစားနည်းကို ခင်ပွန်းဖြစ်သူ သိမည်ကို စိုးရိမ်မိတာကြောင့် ရုပ်ပျက်ဆင်းပျက်ပင် ကြိုးလေးအား ပြန်တောင်းယူခဲ့သည်။ Tom က ရောဘတ်အား ထိုကစားနည်းဖြင့် ဧည့်မခံခဲ့သော်လည်း သူမထံမှ ကြိုးလေးကိုတော့ ပြန်သိမ်းယူသွားခဲ့သည်။
နောက်တစ်နေ့နံက်တွင် ဖခင်ဖြစ်သူရှေ့တွင် မြင်းစီးပြချင်လှသော ဂရေ့စ်က ဂျွန်၏မြင်းပေါ်သို့ကြိုးစားအားတင်းကာတက်ခဲ့သော်လည်းအဆင်မပြေခဲ့။ မသိမသာ ပျက်စီးနေသောခြေထောက်တုလေးတစ်ဖက်က မြင်းပေါ်တက်ဖို့ကြိုးစားတိုင်း  သူမအား နာကျင်စေပြီး အားငယ် စိတ်တိုမှုကို ဖြစ်ပေါ်စေသည်။ ဖခင်က သမီးဖြစ်သူအားပွေ့ချီကာ ဆေးရုံသွားပြသောအခါတွင် ဂရေ့စ်ခြေတုလေးအားမဖြစ်မနေလဲရမည်ဖြစ်သောကြောင့် မိသားစုသုံးဦး နယူးယောက်မြို့သို့ပြန်ကာ ခြေတုလဲလှယ်ရန်အတွက်လေယာဉ်လက်မှတ်ဝယ်ခဲ့သည်။ သို့သော် လေယာဉ်လက်မှတ်က ၂ဦးစာပဲရခဲ့သည်။ သည်တော့ အန်န်နီက သူနေခဲ့ဖို့ နှင့် သားအဖ ၂ဦးသာ နယူးယောက်သို့ပြန်ရန် ပြောဆိုခဲ့သည်။
နောက်နေ့များတွင်တော့ သားအဖ ၂ဦးက နယူးယောက်သို့ပြန်သကဲ့သို့ Tom ၏အကိုမိသားစုကလည်း Disney Land သို့သွားရန် ပျော်ရွှင်စွာဖြင့် ပြင်ဆင်နေကြသည်။ အစီအစဉ်ကတော့ ကျန်ရစ်ခဲ့သော Tom ကဆေးခန်းတွင် အချိန်ပြည့်ထိုင်ရန် ဆေးခန်းရှိရာမြို့လေးသို့သွားပေလိမ့်မည်။ အန်န်နီ ကတော့ အိမ်လေးမှာ ဂရေ့စ် တို့ပြန်အလာကို စောင့်ရင်းကျန်ခဲ့ပေလိမ့်မည်။ Tom တို့၏ ၀န်ထမ်းတစ်ယောက်ဖြစ်သော Smokyက မနက်တိုင်း Tom တို့မွေးမြူထားသော တိရိစ္ဆာန်လေးများကို အစာကျွေးရန် လာပေလိမ့်မည်။
အတွေးများနှင့် အန်န်နီတစ်ယောက် တော်တော်နှင့် အိပ်မပျော်။ မနက်လင်းအားကြီးချိန်တွင် သူမတို့တည်းခိုရာအိမ်လေးသို့ ကားတစ်စီးထိုးရပ်လာသံကြားရသည်။ အံ့သြ၀မ်းသာမှုနှင့် သူမရင်တို့ သိမ့်သိမ့်ခုန်သွားသည်။
သူ….သူများလား။
ဤ အခန်းကို ဖတ်ရသော အခါတွင်  Tom ကို သူ၏ အကိုမိသားစုနှင့် ခရီးထွက်ရာကို လိုက်သွားစေလိုလှသည်။ သူ့အားတွယ်ငြိနေသော အန်န်နီ အားလည်း မပေါင်းစည်းနိုင်မယ့်အတူတူ ချစ်ဝေဒနာမတိုးစေလို။ ထို့အတူ စာဖတ်ရင်း ကျွန်မလေးစားခဲ့ရသော Tom အားလည်း အမှားမကျူးလွန်စေလို။ ၂ဦးထဲသာ ကျန်ရှိနေမည့်အဖြစ်က တစ်ဦးကို တစ်ဦး ငြိတွယ်နေကြသူများအတွက် အမှားကို မကျူးလွန်မိအောင် ထိန်းသိမ်းသည် ဆိုဦးတော့…အာရုံစေစားရာက ဤ၀န်းကျင်တွင်သာ ၀ဲလည်နေမည်မို့ သူတို့စိတ်များကတော့ ဖောက်ပြန်နေကြပေလိမ့်မည်။ ဇနီးဖြစ်သူနှင့် ရာသက်ပန်ကွဲကွာထားသော Tom အနေနှင့်တော့ အကြောင်းမဟုတ်။ လက်ရှိအိမ်ထောင်ရှင် အန်န်နီ  အနေနှင့်တော့ မိမိအပေါ်ချစ်ခင်လွန်းသော ခင်ပွန်းနှင့် ဒုက္ခိတအဖြစ် ဘ၀ကို နာကျည်းချက်ပြည့်နေသော သမီးတို့ကို ငဲ့ညှာသင့်ပေသေးသည်။ သို့ပေသည့် ကျွန်မဆန္ဒများ ပြည့်ဝမလာခဲ့ပေ။
တွန် (Tom) က ကားပေါ်မှ ဆင်းလာပြီး သူ့ဆေးခန်းကို သွားတော့မှာဖြစ်လို့ လာနှုတ်ဆက်တာဖြစ်ကြောင်း၊ တစ်ယောက်ထဲကျန်ခဲ့ချိန်မှာ ဂရုစိုက်ဖို့အကြောင်း၊ တိရိစ္ဆာန်လေးများကို အစာကျွေးရန်တော့ ၀န်ထမ်းတစ်ယောက်လာမည်ဖြစ်ကြောင်း နှုတ်ဆက်ခိုက် သူတို့၂ဦးရဲ့ အကြည့်တို့ အချိန်ကြာကြာ စုံမိကြသည်။ ထို့နောက်တော့ Tom လည်း ရပ်ထားသော ကားပေါ်တက်၍ မောင်းထွက်သွားသည်ကို အန်န်နီ က မျက်စိတဆုံးကြည့်ရင်းကျန်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် တစိတ်တပိုင်းတော့ ကျွန်မစိတ်ချသွားမိသည်။ သို့ပေမယ့် ကျွန်မစိတ်ချမှုများက ကြာရှည်မခံခဲ့။ ပြန်မလှည့်နဲ့ Tom လို့ ကျွန်မ ဟစ်အော် တားဆီးလိုက်ချင်ပေမယ့် အထမမြောက်ခဲ့။ ကားမောင်းရင်း လမ်းတလျှောက် Tom တွေးသွားခဲ့သည်က အန်န်နီ နှင့် နှုတ်ဆက်လာရက်နဲ့များ ဘာကြောင့် သူမကိုမပွေ့ဖက် နှစ်သိမ့်မှု မပေးခဲ့မိသနည်းရယ်ဟု။ သူ၏ အတွေးတို့ကို ထိန်းမရသည့်အဆုံး ကားကိုလာလမ်းအတိုင်း ပြန်လှည့်ခဲ့သည်။ ပြန်လှည့်လာတဲ့သူ့ကို ကြည့်ရင်း အန်န်နီ ကလည်း ကြည်နူးဝမ်းသာမှုများနှင့် ပြေးဖက်ကြိုဆိုခဲ့သည်။ ထို့နောက်တော့ မရည်ရွယ်ထားပါဘဲ Tom၏ အိမ်တွင် ၂ယောက်သား တိုင်းပြည်တစ်ခုကို တည်ထောင်မိကြတော့သည်။
ထိုအခိုက်မြင်းများနှင့် တခြားတိရိစ္ဆာန်လေးတွေကို အစာလာကျွေးသူ Smoky ရဲ့ ကားဝင်လာသံကြားတော့ Tom က ကဗျာကယာ အိမ်အောက်ကို ဆင်းပြီး ခရီးဦးကြိုပြုခဲ့သည်။ ထိုသူကလည်း အိမ်ရှေ့မှာ ထိုးရပ်ထားသော Tom နှင့် အန်န်နီ တို့၏ ကားများကို ကြည့်ပြီး ဧည့်သည် အန်န်နီ သူ့ဌာနေကို မပြန်သေးဘူးလားလို့ သိလိုစိတ်နှင့် မေးခဲ့သည်။ Tom က အန်န်နီ မပြန်သေးကြောင်းနှင့် သူဆေးခန်းကို မသွားဖြစ်ဘဲ ဒီကိုပြန်လာဖြစ်တဲ့အကြောင်းကို မည်သူ့ကိုမျှ မပြောဖို့ တားမြစ်ကတိဆိုခဲ့သည်။
နောက်တနေ့မှာတော အန်န်နီ ရဲ့ဆန္ဒအရ သူတို့၂ဦး လှည့်ဖျားတတ်သော ညတစ်ညတွင် ပထမဆုံး အနမ်းချင်း ဖလှယ်ခဲ့ဖူးသော နေရာလေးဆီသို့ မြင်းစီးထွက်ခွာ သွားခဲ့ကြသည်။ တွန် (Tom) ၏အကိုမိသားစု ခရီးထွက်နေခဲ့သော ရက်များက သူတို့ ၂ဦးကမ္ဘာအတွက် မေ့မရနိုင်တဲ့ နေ့လေးများ ဖြစ်နေခဲ့ပါသည်။

(၁၁)
Tom ၏အကို မိသားစုနှင့် ဂရေ့စ် တို့ သူတို့ အိမ်ဂေဟာလေးသို့ပြန်ရောက်လာသော အချိန်တွင်တော့ Pilgrim ကို စတင်စီးနင်းဖို့ ဂရေ့စ် ကို Tom ကတောင်းဆိုခဲ့ပါသည်။ ဂရေ့စ် ၏ စိတ်ရင်း အမှန်ကတော့ Pilgrim ကို မစီးလိုတော့ပါ။ သို့ပေမယ့် သူမက Pilgrimနှင့် ရင်းနှီး ကျွမ်းဝင်မှုကိုလည်းပြန်လိုချင်သေးသည်ပင်။ ဒါကြောင့် Pilgrim ၏ကျောပေါ်သို့တက်ရန် သူမကြိုးစားခဲ့သည်။ Tom ကလည်း တက်ရောက်နိုင်ဖို့ ကူညီပွေ့တင်ပေးခဲ့ပါသည်။ သို့သော် Pilgrim က အနည်းငယ် ယဉ်ကျေးလာသော် လည်း  Tom ကလွဲလို့ မည်သူ့ကိုမှ အကပ်မခံခဲ့သူ ဖြစ်တာကြောင့် ဂရေ့စ်ကို အတက်မခံဘဲ ခါချဖို့သာ ကြိုးစားနေခဲ့ပါသည်။
နောက်ဆုံးတွင် တွန် (Tom) က “ကဲ…ငါက သူ့ကို အနုနည်း နဲ့ ယဉ်ကျေးစေခဲ့တယ် ဒါပေမယ့် သူက လက်မခံလိုခဲ့ဘူး။ ဒီတော့ သူလက်ခံနိုင်ဖို့ နောက်ဆုံးနည်းကိုပဲ ငါကျင့်သုံးရတော့မယ်” လို့ဆိုပြီး သူ၏၀န်ထမ်းတစ်ဦးကို ခေါ်လိုက်သည်။ ထို့နောက်တော့ Pilgrim ကို လည်စပ်မှ ကြိုးချည်လိုက်ပြီး သူပြေးနိုင်သလောက် နောက်ပိတ်ဆုံး လုံးဝအမော ဆို့သွားပြီးမြေပေါ်ကို ခေါင်းငိုက်စိုက်ကျသည်ထိပြေးခိုင်းစေသော နည်းကို အသုံးပြုခဲ့သည်။ သေအံ့မူးမူးဖြစ်အောင် မောလျနေတဲ့ Pilgrim ရဲ့ဖြစ်အင်ကို မြင်ရတဲ့  ဂရေ့စ် နှင့် အန်န်နီတို့ ဟာ Tom ကို ရက်စက်လှချည်ရဲ့ ။ ဘာကြောင့်များ သူတို့ရဲ့မြင်းကြီးအပေါ် ရက်စက်ရတာလည်းဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်ကြပြီး စကားတို့ ဆွံ့အကုန်သကဲ့သို့ Pilgrim ရဲ့ဖြစ်အင်ကို မမြင်ရက် မကြည့်ရက်အောင်ပဲဖြစ်ခဲ့ရပါသည်။

(၁၂)
မြေပြင်မှာ ဗုံးဗုံးလဲပြီး ခေါင်းစိုက်ကျကာ မျှော်လင့်ချက်မဲ့နေသော Pilgrim ၏ခန္ဓာကိုယ်ပေါ်ကို တက်လျှောက် ၊ တက်ထိုင်စေဖို့ ဂရေ့စ် ကို ခိုင်းခဲ့တဲ့အခါမှာတော့ သူမရဲ့ ၀မ်းနည်းမှုနှင့် Pilgrim အပေါ်သနားမိသော ဂရုဏာဒေါသောတို့ဟာ အထွတ်အထိပ်ကိုရောက်သွားပြီး မလုပ်နိုင်ကြောင်းငြင်းဆန်ခဲ့သည်။ Tom က ဂရေ့စ် နဲ့ အန်န်နီ ကိုလုံးဝလှည့်မကြည့်ဘဲ ခတ်ဆတ်ဆတ်နဲ့ “ငါတက်လို့ ပြောလိုက်ရင် တက်လိုက်ပါ။ Pilgrim ကို  အသက်ရှင်နေရင်းနဲ့ ငြိမ်းချမ်းမယ့် လမ်းကို ငါက ရွေးချယ်ခိုင်းပေမယ့် သူငြင်းဆန်ခဲ့တယ်။ သူဟာ ဘ၀ရဲ့အဆုံးကို သွားကြည့်ဖို့လမ်းကို သူ့ဖာသာ ရွေးချယ်ခဲ့တယ်။ အဲဒီ့ဘ၀ရဲ့အဆုံးမှာ ဘာတွေရှိသလည်း ဆိုတာကို သူခုသိသွားခဲ့ပြီ။ ဒါကြောင့် သူဟာငြိမ်းချမ်းစွာနဲ့ ခုလက်ရှိဘ၀ကိုပြန်လာဖို့ ရွေးချယ်လိုက်ပြီ။ သူရွေးချယ်ခဲ့ဖူးတဲ့ ဘ၀ရဲ့အဆုံးလမ်းဟာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းသလည်းဆိုတာ သိဖို့လိုနေသေးတယ်။ ဒါကြောင့်တက်ခိုင်းတာ။ ပြီးရင် ခုလက်ရှိဘ၀ကို အသာတကြည်ပဲ ပြန်လက်ခံလိမ့်မယ်။”
သေချာရဲ့လား ဆိုတဲ့ ဂရေ့စ် ရဲ့အမေးကို သူက ခေါင်းဆတ်အဖြေပေးခဲ့တော့ ဂရေ့စ် က အန်န်နီ နှင့် Tom တို့ကို အားပြုပြီး ပြိုလဲကျနေတဲ့ Pilgrim ရဲ့ကိုယ်ပေါ်ကို တက်လျှောက်ခဲ့သည်။ ပြုသမျှ နုရတော့မယ့် အခြေအနေမှာ ရှိနေသူ Pilgrim ကတော့ အောက်မှ နာကျင်စွာ ခံစားနေရုံသာ။ ထို့နောက် Tom က Pilgrim ကို ရေသောက်ရန်နေရာရှိသော ၀င်းခြံထောင့်သို့ ဂရေ့စ် ကိုဆွဲခေါ်သွားစေခဲ့သည်။ ရေသောက်ပြီးနောက် အမောပြေသွားသော အခါတွင်တော့ Pilgrim အပြောင်းလဲကြီးပြောင်းလဲသွားခဲ့သည်။ သူ၏လက်ရှိဘ၀ကိုပြန်လက်ခံကာ ဂရေ့စ်အား ပြန်လည်လက်ခံခဲ့သည်။ ထို့ကြောင့် ဂရေ့စ်နှင့် သူမ၏ မြင်းကြီးတို့သည် အရင်လို တသားတည်းပြန်ဖြစ်သွားသောကြောင့် မိသားစုဝင်များ အားလုံးပျော်ရွှင်ခဲ့ရသည်။

(၁၃)
လာရင်း ရည်ရွယ်ချက်ဖြစ်သော Pilgrim ကို ပကတိ အခြေအနေရောက်အောင် ပြန်လည်ကုသပေးပြီးဖြစ်၍ Pilgrim ၏ အခြေအနေသည်လည်း စိတ်ချရပေပြီ။ သည်တော့ ဂရေ့စ် တို့သားအမိ  ၂ဦးနှင့် Pilgrim တို့ ပြန်ကြဖို့သာ ရှိတော့သည်။ မိုင် ၃၀၀၀ ကျော်ဝေးသော ခရီးကို ကားမောင်း ပြန်ကြရမည့် သားအမိ ၂ဦးအတွက် Tom ၏ အကို Frunk မိသားစုက ပါတီညစာစားပွဲလေး လုပ်ပေးခဲ့သည်။ ညစာစားပွဲ အချိန်အတွင်း အန်န်နီက Tom ကို ပြောစရာရှိ၍ မြင်းဇောင်း နောက်သို့ လာခဲ့စေချင်ကြောင်း ပြောပြီး သူမ၏ ခံစားချက် နှင့် အစီအစဉ်များကို ရင်ဖွင့်ခဲ့သည်။
“တွန် (Tom).. ကျွန်မ Robert (ဂရေ့စ် တို့ အဖေ) ကို ထားခဲ့မယ်။ ပြီးတော့ ကျွန်မ ရှင်နဲ့ မခွဲချင်ဘူးရှင်ရယ်။ ဒီတော့ ကျွန်မတို့ လက်ထပ်ပြီး အတူနေကြစို့”
ထိုသို့ ဆိုခဲ့သော စကားကို Tom ကလက်သင့်မခံခဲ့။ နာကျင်ခဲ့ဖူးသော ဂရေ့စ် ကို စာနာရန်လိုအပ်ကြောင်း နှင့် ထိုကဲ့သို့မကြံသင့်ကြောင်း ဖျောင်းဖြ ပြောဆိုခဲ့တော့ အန်န်နီ တစ်ယောက် သူ့ကို Tom တကယ် မချစ်ဟု အထင်ရောက်သွားခဲ့သည်။ Tom မျက်နှာကို စေ့စေ့ကြည့်လို့
“ရှင်…ကျွန်မကို တကယ်ပဲခွဲနိုင်သလား” လို့ မေးခဲ့သည်။
“ကိုယ် မင်းကို မခွဲနိုင်ဘူး။ ဒါပေမယ့် ခွဲရမယ်” လို့ တစ်လုံးချင်း ပြောလိုက်တဲ့ Tom ရဲ့စကားအဆုံးမှာ ၂ဦးသား တင်းကျပ်စွာ ဖက်ထားမိပြန်သည်။
“Tom ..ရှင်…Pilgrim ရဲ့အကြောင်းကို ပြောတုန်းက စကားလေးကို မှတ်မိလား၊ သူဟာ ဘ၀ရဲ့ အဆုံးကို သွားဖို့ရွေးချယ်ခဲ့တယ်။ နောက်တော့ အားလုံးကို ကျော်လွှားပြီးခဲ့တဲ့အခါ နာကျင်ခဲ့ရတဲ့ ဘ၀ရဲ့ အဆုံးကိုစွန့်လို့ သူ့လက်ရှိဘ၀ကိုပဲ လက်ခံလိုက်ဖို့ ပြောင်းလည်းခဲ့တယ်လို့ ရှင်ပြောခဲ့တယ်လေ။ ”
“Annie တကယ်လို့ ကိုယ်တို့ရွေးချယ်လက်ခံလိုက်တဲ့ ဘ၀မှာ နာကျင်စရာတွေ ရှိနေခဲ့ရင်…မင်းအဲ့ဒီ့ဘ၀ကို လက်ခံလိုက်ဖို့ ရဲဝံ့ မိုက်ရူးရဲ ဆန်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် သေချာတာက အဲ့လို နာကျင်ခံစားရမှာ မင်းနဲ့ငါ မဟုတ်ဘူး။ အခြားသူတွေ။ ဂရေ့စ် နဲ့ ရောဘတ်”
တွန် (Tom) စကားအဆုံးမှာတော့ အန်န်နီ အရမ်းစိတ်ဆိုးသွားခဲ့သည်။
“ရှင် ကျွန်မကို မလိုချင်လို့ ပြောနေခဲ့တာ မဟုတ်လား Tom ” လို့ ဒေါသတကြီးနဲ့ ပြောဆိုခဲ့တယ်။ Tom ကလည်း “မင်းကို ငါဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး အန်န်နီ” လို့ ပြောပြီးနောက်မှာ ဒေါသနဲ့ ၀မ်းနည်းမှုစွတ်ဖက်တဲ့ အန်န်နီ တစ်ယောက် ငိုယိုပြီး ပါတီပွဲကို ပြန်ထွက်ပြေးသွားခဲ့သည်။ ဖြစ်ချင်တော့ ထိုညစာစားပွဲတွင် Smoky က Tom နှင် အန်န်နီတို့ Frunk မိသားစု ခရီးသွားနေစဉ် အတူရှိနေခဲ့ကြကြောင်း Frunk ၏ ဇနီးကို ပြန်ပြောပြခဲ့၏်။ အရက်မူးလွန်နေသော Frunk ၏ ဇနီးက Frunk ကို ထိုအကြောင်းတွေ ပြန်ပြောခဲ့ရာ၊ ဂရေ့စ်က ကြားသွားခဲ့ပြီး နောက်နေ့ မနက်လင်းချိန်တွင်တော့ ဂရေ့စ်နဲ့ သူမရဲ့အချစ်တော်မြင်းကြီး Pilgrim တို့ပျောက်ဆုံးနေကြောင်း  သူတို့အားလုံး သိခဲ့ကြရသည်။

(၁၄)
စိုးရိမ် ပူဆွေးနေသော အန်န်နီကို နှစ်သိမ့်ပြီး Frunk နှင့် Tom တို့ညီအကို ၂ဦး ဂရေ့စ် တို့ ကိုရှာဖို့ တောထဲကို ထွက်ခဲ့သည်။ အချိန်အတော်ကြာ ရှာပြီးနောက်မှာ ဂရေ့စ် နှင့် Pilgrim တို့ကို မြင်းရိုင်းတို့၏အလယ်တွင် မျက်စိသူငယ်လေးတွေနှင့် တွေ့ခဲ့ရသည်။ အကြောက်လွန်နေရှာကာာ ခုခံဖို့ မစွမ်းသာတာ မြင်ရတဲ့အခါမှာတော့ Tom ဟာ ဆုံးဖြတ်ချက် ချလိုက်ပြီး သူတို့အပေါ်ကျရောက်နေသော မြင်းရိုင်း၏ ဒေါသကို သူ့အပေါ်အာရုံပြောင်းသွားစေရန် ဆောင်ရွက်ခဲ့ပြီး ဂရေ့စ်နှင့်  Pilgrim တို့ရဲ့အသက်ကို ကာကွယ်ပေးခဲ့သည်။ အဲ့ဒီ့ခဏအတွင်းမှာပဲ..Tom ဟာ မြင်းရိုင်းရှေ့ကို မိုက်ရူးရဲစွာပဲ တိုးဝင်သွားခဲ့ပြီး သူ့ ရင်ဝကို မြင်းရိုင်း၏ ခွာကြမ်းအောက်မှာ အကန်ခံရစေခဲ့ပြီး သေဆုံးသွားခြင်းဆိုတဲ့ လမ်းကို သူရွေးချယ်သွားခဲ့သည်။

(၁၅)
ဇာတ်သိမ်းပိုင်း
တွန် (Tom) သေဆုံးပြီးနောက် နယူးယောက်မြို့က ဂရေ့စ် တို့အိမ်လေးတွင် ၁နှစ် မပြည့်ခင် ၃လစောပြီး အန်န်နီ ကသားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့၏။ မောင်လေးတစ်ဦးရလာခြင်းအတွက် ဂရေ့စ် ကပျော်ရွှင်ခဲ့ပေမယ့် ကလေးဖခင် ဘယ်သူဆိုတာကို ဂရေ့စ်ရော ရောဘတ်ပါ သိဖို့မကြိုးစားကြ။ ရောဘတ် ကလည်း သူ့ကလေးဖြစ်သည် ဟုသာ ယုံကြည်ချင်တာမို့ မေးဖို့ကြိုးစားရန်မလိုဟု ခံယူထားခဲ့သည်။

သူမဘ၀ကို ဆက်လက်ရှင်သန်လိုသေးတဲ့ ဂရေ့စ်ကလည်း Pilgrim လိုသာ ကျင့်တော့မည်ဟု ခံယူလိုက်သည်။ ခုဆိုသူမလည်း အရွယ်ရောက်လာပြီလေ။ ကျောင်းပြန်တက်ဖို့ ကြိုးစားသည်။ သူမ ကျောင်းစာတွေ လိုက်နိုင်ဖို့ ကျောင်းနေဖက်ဟောင်းတွေက ကူညီပေးခဲ့သည်။ စန္ဒယားတီး သင်တန်းကိုလည်း အရင်လိုပဲပြန်တက်ခဲ့၏။ အန်န်နီ မွေးထားတဲ့ သားကလေးဟာ အချိန်များစွာမှာ သူ့အမေ သူ့အတွက် နို့ဘူးဖျော်နေတာတွေ ဟိုသည်သွားတာတွေကို မျက်လုံးလေး ၀ိုင်းစက်လို့ လိုက်ကြည့်နေတတ်လေ့ရှိသည်။
တခုသော နံနက်ခင်းမှာတော့ Frank ဆီက စာအိပ်လေးတစ်စောင် ကို အန်န်နီလက်ခံရရှိခဲ့သည်။ စာအိပ်ပေါ်တွင် Tom လက်ရေနှင့် ရေးထားသော အန်န်နီ့ အမည်လေးပါရှိသည် ။ အန်န်နီ စိတ်လှုပ်ရှားစွာဖြင့် စာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ သူ့ကို နောက်မှပြန်ပေးမယ်လို့ဆိုပြီး Tom ပြန်သိမ်းသွားခဲ့တဲ့ သူမ နှင့် Tom ၏လက်တို့ ချည်နှောင်ဖူးတဲ့ ကြိုးကွင်းလေး နဲ့ စာရွက်လေးတစ်ရွက်။ စာရွက်လေးမှာ ရေးထားတာက ”ဘယ်တော့မှ မမေ့ဘူး….” တဲ့။

။~~~~~~~~~~~~~~~~~~~~~~~~~~~။
ကျွန်မ ဤစာအုပ်လေးကို ဖတ်ခဲ့ဖူးသည်မှာ အချိန်ကာလ အတော်ကြာခဲ့ပါပြီ။ စကားလုံးအားလုံးကို လုံးစေ့ပတ်စေ့ပြန်မမှတ်မိနိုင်ခဲ့ပေမယ့် အဖြစ်အပျက်တို့ကတော့ ကျွန်မ မျက်စိထဲတွင် ရုပ်ရှင် အနှေးပြကွက်အလား။ အိမ်ထောင်တာဝန် ကျေပွန်သော၊ စိတ်ထားနူးညံ့ကာ ရိုင်းပင်းကူညီတတ်သော၊ သူတပါးအသက်ကို ကယ်တင်ခဲ့ကာ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံတတ်သော Tom ကို ကျွန်မလေးးစားမိသည်။ သူသည် Pilgrim ၏ဘ၀ ဆက်လက်ရှင်သန်ရန် မှအစပြုဆက်စပ်၍ ဂရေ့စ်ကိုပါ ပုံမှန်ဘ၀သို့ပြန်ရောက်အောင် ပြန်လည်အသက်သွင်းပေးနိုင်ခဲ့သည်။ သူ့ကိုယ်သူ အဆုံးသတ်မလှပစွာ စွန့်လွှတ်ခြင်းဖြင့် မိသားစုသုံးဦးဘ၀ကို ပိုနေမြဲကျားနေမြဲလေးအတိုင်း ထိန်းသိမ်းပေးသွားနိုင်ခဲ့သည်။ သို့နှင့် ဤစာအုပ်လေးပါ အကြောင်းအရာများကို ပြန်လည်တွေးတောကာ စာစီမိချင်လာသည်။
Pilgrim ၏ အဖြစ်အပျက်လေးမှ ကျွန်မ သင်ခန်းစာယူလိုက်မိသည်က ကျွန်မတို့ လူသားများသည်လည်း တခါတရံ သေဖူးမှ ဘ၀ရဲ့ တန်ဖိုးကို နားလည်တတ်ခဲ့ကြသည်။ လွယ်ကူချောမွေ့နေသော ဘ၀တွင် နေခဲ့ရစဉ်က ဘ၀၏ တန်ဖိုးကို နားမလည်ခဲ့။ အရာရာ လိုတ ရနေခဲ့လျှင် ရရှိနေသော အရာတို့ကို တန်ဖိုးမထားချင်ခဲ့။ လက်လွှတ် ဆုံးရှုံးရမည် ဆိုသောအခါမှ၊ ပိုင်ဆိုင်ထားရသော ဘ၀ကို စွန့်ရတော့မည် ဆိုသောအခါမှ အပူတပြင်းနှင့် မိမိလက်ရှိဘ၀ ကိုပြန်မက်မောတတ်ကြသည်။
သြော် သက်ရှိသတ္တ၀ါရယ်လို့ဖြစ်လာမှတော့ ပိုးတုံးလုံးလည်း သူ့ဘ၀ကို ၊ ပုရွက်ဆိတ်၊ တီကောင်လေးများသည်လည်း သူ့ဘ၀ ကိုမြတ်နိုးကြမည်သာ။ ကျွန်မတို့ကို ပုရွက်ဆိတ်လေး တစ်ကောင်လောက် လာကိုက်လိုက်လို့ ခဏတာ ဒေါသနဲ့ သူတို့ကိုကောက်ယူခြွေမွလိုက်လျှင် ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးသွားရသော ပုရွက်ငယ်သည် သူ့ဘ၀တစ်ခုလုံးအတွက် မည်မျှတောင် နာကျင် နှမြောလိုက်မည်နည်း။ ထို့အတူ လက်ရှိရရှိနေသော ဘ၀ကို ဆိုးရွားသည်ဟု တွက်ဆကာ လက်မှိုင်ချ မှိုင်တွေ ဂျစ်တိုက်လို့ အရာရာကို အရှုံးပေး အရွဲ့တိုက်နေလို့ရော ကျွန်မတို့ ဘ၀တွေ နေပျော်ပါမည်လား။ ဖြစ်လာသော ဘ၀ကို သတ္တိရှိရှိနှင့် ကြံ့ခိုင် ရင်ဆိုင်လက်ခံလိုက်ပြီး အကောင်းမွန်ဆုံး အသက်ရှင်သွားဖို့သာ လိုသည် မဟုတ်ပါလား။
Tom သေဆုံးသွားခဲ့တဲ့အခန်းမှာတော့ သူ့အတွက် စိတ်မကောင်းဖြစ်မှုကို ထိန်းမရနိုင်ခဲ့။ သည်စာအုပ်ကို ဖတ်နေသော တလျှောက်လုံး ဇနီးနဲ့သားအပေါ် အလွန်အမင်းချစ်ခင်ကာ အတူနေခဲ့စဉ်တလျှောက် ယောက်ျားကောင်းပီသခဲ့သော Tom အားကျွန်မလေးစားခဲ့သည်။ အန်န်နီက စိတ်ရဲ့အလိုကို လိုက်မိသော ကြောင့် သူမအပေါ်တသက်လုံးကောင်းကာ အရိပ်ကြည့်မြတ်နိုးခဲ့သော ခင်ပွန်းသည်နှင့် စိတ်ဒဏ်ရာ ရနေရှာသော သမီးငယ်ကို ပစ်ကာ Tom နှင့် လက်ထပ်လိုကြောင်းပြောစဉ်အခါက မြန်မာအမြင်နှင့် ကြည့်ကာ ကျွန်မစိတ်ကွက်ခဲ့သည်။ ဤအတွေးမျိုးကို လက်ရှိအိမ်ထောင်ရှင်က တွေးသင့်ပါသည်လား။ အဆင်မပြေသော အိမ်ထောင်ရေးမို့ ၂ဦးသဘောတူ ကွဲကွာထားကြပြီးသားဆိုလျှင်လည်း ရှိစေတော့။ ခုတော့ သူ့အပေါ်သိပ်ကောင်း ပြီး ချစ်လွန်းတဲ့ ခင်ပွန်းသည်ကိုမှ စိတ်ခံစားမှုတစ်ခုအတွက် ပစ်ပယ်ဖို့ရာ စဉ်းစားလေခြင်းရယ်လို့။
ဒါပေမယ့် ကျွန်မလေးစားရသော Tom ကလက်သင့်ခံခြင်းမရှိခဲ့။ သူတို့ ၂ဦးပျော်ရွှင်ဖို့ရန် တခြားလူတွေ နာကျင်ဝမ်းနည်းရမည့်လမ်းကို ရွေးချယ်ခွင့်မပေးခဲ့။ တခြားလူများအတွက် သူတစ်ဦးထဲ နာကျင်ရမည့်လမ်းကိုသာ သူရွေးချယ်သွားခဲ့သည်။ ဤသို့ သုံးသပ်ချက် ချမိတော့ Tom ၏ စိတ်နှင့် သွားတူနေသော ကျွန်မစိတ်ကို ကျွန်မ လွတ်မြောက်ခွင့် ပေးလိုက်ချင်သည်။
ကျွန်မ ချစ်ခင်နှစ်သက်သူများ သံယောဇဉ်ကြီးသူများ၏ စိတ်အလိုကျ စိတ်ချမ်းသာစေဖို့၊ နှစ်သက်ရာလမ်း၊ ရွေးချယ်နိုင်စေဖို့ ၊ တနည်းအားဖြင့် သူတို့ မနာကျင်ရစေဖို့၊ အကြိမ်များစွာ အကြောင်းအရာ များစွာမှာ ကျွန်မ၏ ခံယူချက် ခံစားချက် အားလုံးကို နောက်ဆုတ်ပေးခဲ့သည်။ ကျွန်မသာ စွန့်လွှတ်ပေးခဲ့သည်။ ထိုသို့နောက်ဆုတ် စွန့်လွှတ်ဖို့ ခက်ခဲစွာ ကြိုးစားနေတဲ့ အချိန် အပိုင်းအခြားအတွင်းမှာ ကျွန်မ ဘယ်လောက်တောင် နာကျင်ခံစားရသည်လည်း ကျွန်မသည်သာ အသိဆုံးဖြစ်သည်။
ပျော်ရွှင်နေကြမည်ဖြစ်သော ကျွန်မသံယောဇဉ်ကြီးသူများနှင့် သူတို့ရွေးချယ်ခဲ့သော လမ်းများ၊ အကြောင်းအရာများ၊ ပတ်သက်မှု များက ကျွန်မ ခံစားချက်ကို နားလည်မည်မထင်။ သိကြလိမ့်မည် မထင်။ သူတို့၏ ပျော်ရွှင်မှုများကို အောင်မြင်မှုများဖြင့် တွဲယှက် စားသုံးကြမည်သာ။
တွန် (Tom) ၏ စိတ်ဓာတ်ကို ကျွန်မ လေးစားအလေးပြုမိ၏။ သူတပါး ပျော်ရွှင်စေဖို့ ကိုယ့်ဖက်က စွန့်လွှတ်လိုက်ရတိုင်း ခံစားရသော နာကျင်ဆို့နင့်မှုကို နောကျေစွာ သိနေသူမို့ ကျွန်မ Tom ကိုသနားမိသည်။ သို့ပေမယ့် အဆုံးစွန်သော နာကျင်စွန့်လွှတ်ခြင်းဖြင့် ပေးဆပ်သွားသော Tom ၏ ၀ိဥာဉ်တော့ မပူးကပ်လိုပေ။
စာအုပ်လေးကို ဖတ်ခဲ့စဉ် တုန်းကတော့ အင်္ဂလန်နိုင်ငံသား စာရေးဆရာက သူ၏ဇာတ်လမ်းဇာတ်ကောင်များ ပီပြင်စေရန်အတွက် သူကိုယ်တိုင် နယူးယောက်မြို့သို့သွားရောက်နေထိုင်ကာ ရေးသားခဲ့သော The Horse Whisperer ကိုဖတ်ရှုရန်ကောင်းသော စာအုပ်လေးတစ်အုပ်အဖြစ်သာ သဘောထား၍ ဖတ်ရှုခဲ့ဖူးသည်။ ခုဤစာကို ရေးမိသော အချိန်တွင်တော့ Tom Booker သည် မှတ်ချက်များ ဖြစ်ပေါ်စေရန်အတွက် ကျွန်မကို အတွေးယဉ်ကြောတွင် စီးမြောသွားစေခဲ့ပါသည်။

(ဇာတ်လမ်းအကျဉ်းဖြစ်စေရန်ဆီလျော်အောင်ရေးသားရာတွင် ဘာသာပြန်လွဲမှားမှု နှင့် လိုအပ်ချက်များ ရှိပါက ခွင့်လွှတ်နားလည်ပေးစေလိုပါသည်။)

ကြည်ဖြူပိုင်
၁၆- ၆- ၂၀၁၃
မနက် ၁နာရီ ၁၂ မိနစ်

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ (အပိုင်း ၂)



ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ (၄)
လာအိုနိုင်ငံ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
လာအိုနိုင်ငံသည် ခရစ်နှစ် ၁၄-ရာစုကျမှ သီးခြားနိုင်ငံအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လာအို နိုင်ငံဖြစ်ပေါ်လာရေးအတွက် ခမာတို့က ကူညီခဲ့ကြသည်။ ထေရ၀ါဒဗုဒ္ဓဘာသာကိုလည်း ခမာတို့ကပင် လာအို နိုင်ငံအတွင်းသို့ သွင်းယူဖြန့်ဖြူးခဲ့ကြသည်။ လာအိုနိုင်ငံ မပေါ်ပေါက်မီကမူ ထိုဒေသ၌ မဟာယာနဗုဒ္ဓဘာသာ သည်လည်း တည်ရှိခဲ့ဖူးသည်။
နောက်ပိုင်းဘုရင်များသည် ထေရ၀ါဒဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက် ထောက်ပံ့ခဲ့ကြသည်။ ခရစ်နှစ် ၁၄-ရာစုနှစ်မှာပင် ထေရ၀ါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခဲ့ကြသည်။ ထိုအချိန် မှစ၍ ကွန်မြူနစ်များ စတင်အုပ်စိုးသည့် အချိန်အထိ လာအိုနိုင်ငံဗုဒ္ဓဘာသာ စည်ပင်ပြန့်ပွားထွန်းကားခဲ့သည်။ ခမာနှင့် ထိုင်းဗုဒ္ဓဘာသာ အရှိန်အ၀ါသည်လည်း လာအိုနိုင်ငံဗုဒ်္ဓဘာသာအပေါ်သို့ အမြဲတစေ အရိပ်ထိုးနေခဲ့ သည်။ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာတိုးတက်ရေးအတွက် တူညီသော လမ်းကြောင်းပေါ်၌ လျှောက်လှမ်းခဲ့သော နိုင်ငံများဖြစ်ခဲ့လေသည်။
 Photo by mythencyclopedia.com
ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၅)
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားလာပုံ
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိပုံနှင့် ပတ်သက်၍  အဆိုအမျိုးမျိုး ရှိပါသည်။  ရာမညခေတ်၊ ဥက္ကလာပအရပ်မှ တဖုဿနှင့် ဘလ္လိကတို့သည် မဇ္ဈိမဒေသ(အိန္ဒိယနိုင်ငံ)သို့ ခရီးထွက်ကြရာ ဘုရားပွင့်တော်မူ သည်နှင့် ကြုံတွေ့ရလေသည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် လင်းလွန်ပင်ရင်း၌ နေတော်မူစဉ် ဥက္ကလာပအရပ်သား တဖုဿနှင့် ဘလ္လိကတို့သည် မြတ်စွာဘုရားထံရောက်ရှိ လာကြသည်။ မိမိတို့မှာ အသင့်ပါလာသော ပျားမုန့်ဆွမ်းတို့ကို ကပ်လှူကြလေသည်။
မြတ်စွာဘုရားသည် ပျားမုန့်ဆွမ်းတို့ကို ဘုန်းပေပြီးနောက် ကုန်သည်ညီနောင်တို့အား တရားဟောကြား လေသည်။ ကုန်သည်ညီနောင်တို့သည် ဘုရားနှင့်တရားကိုသာ ဆည်းကပ်သော' ဒွေဝါစိက သရဏဂုံ ' တည် သူ ဥပါသကာများ ဖြစ်ခဲ့ကြလေသည်။ ကုန်သည်ညီနောင်တို့သည် အစဉ်ထာဝရ ကိုးကွယ်ဆည်းကပ်ရန် လျှောက်ထားရာ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးကြိမ်သပ်၍ ပါလာသော ဆံတော်ဓာတ် (၈) ဆူကို ပေးသနားတော်မူသည်။
ကုန်သည်ညီနောင်တို့သည် ဆံတော်ဓာတ် (၈) ဆူကိုယူ၍ မိမိတို့ နေရပ်သို့ ပြန်လာခဲ့ကြသည်။ ၎င်းဆံတော်ဓာတ် (၈) ဆူကို အသိကဉ္စနမြို့ ( ရန်ကုန်မြို့ ) သိင်္ဂုတ္တရကုန်းတော်၌ ဌပနာပြီး စေတီတည်ထား ကိုးကွယ်ခဲ့ကြလေသည်။ ဤအဆိုအရ ဆိုလျှင် မြတ်စွာဘုရားရှင် လက်ထက်တော်အခါကတည်းကပင် သာသနာ စတင်ရောက်ရှိလာသည် ဟု ဆိုနိုင်ပါသည်။
အခြားသော မဟာမုနိရုပ်ပွားတော်သမိုင်း၊ ကျိက်ထီးရိုးစေတီသမိုင်း၊ ရွှေစက်တော်သမိုင်းများအရ ဆိုလျှင်လည်း မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က တည်းကပင် မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာရောက်ရှိ ဆက်စပ်မှုများ ရှိနေသည်ကိုလည်း တွေ့ရှိရပေသည်။
သာသနာနှစ် ၂၃၅ နှစ်တွင် အသောကမင်းကြီး၏ ကိုးတိုင်းကိုးဌာန သာသာနာပြုအဖွဲ့များမှ အရှင်သောဏနှင့် ဥတ္တရတို့ သုဝဏ္ဏဘူမိ ( သထုံ၊ ဇင်းကျိုက် ) ဒေသသို့ ရောက်ရှိခဲ့သည် ဟု ဆိုပါသည်။ အရှင်မြတ်တို့သည် သုဝဏ္ဏဘူမိအား ဒုက္ခပေးနေသော ဘီလူးတို့အား တန်ခိုးဖြင့် နှိမ်နှင်းပြီး '' ဗြဟ္မဇာလ သုတ်တော် ” ကို ဟောတော်မူ၍ ပြည်သူ၊ ပြည်သားတို့အား သရဏဂုံသီလ၌ တည်စေခဲ့ကြသည်။
ဗြဟ္မဇာလသုတ်တော်ကို နာကြားရပြီးနောက် ၆၀၀၀၀-သောပရိသတ်တို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြလေသည်။ ၃၅၀၀-သောယောင်္ကျားတို့သည် ရဟန်းပြုကြလေသည်။ ၁၅၀၀-သော အမျိုးသမီးတို့သည် ရဟန်းမ, ပြုကြကုန်သည် ဟု ဆိုပါသည်။ ဤအဆိုအရဆိုလျှင် သာသနာနှစ် ၂၃၅ ၀န်းကျင်အတွင်း သာသနာတော် ရောက်ရှိခဲ့သည် ဟု ဆိုနိုင်ပါသည်။ သို့သော် သုဝဏ္ဏဘူမိနယ်မြေ သတ်မှတ်မှုနှင့် ပတ်သက်၍ သမိုင်းဆိုင်ရာ အငြင်းပွားမှုများ ရှိနေပါသေးသည်။
၁-ရာစုမှ ၉-ရာစုအတွင်း ထွန်းကားခဲ့ကြသော ဗိဿနိုး၊ သရေခေတ္တရာ၊ ဝေသာလီမြို့ပြနိုင်ငံအဟောင်း များမှ အုတ်စေတီ၊ ရွှေပေချပ်များ၊ ဆင်းတုစသည့် ဗုဒ္ဓဘာသာ အထိမ်းအမှတ်ပစ္စည်းများ တွေ့ရှိထားလေသည်။ နောက်ပိုင်း ၉-ရာစုမှ ၁၁-ရာစုအတွင်းသည်ကား ပုဂံခေတ်အတွင်း ရောက်လာပြီဖြစ်၍ ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထားများလည်း များစွာ ရှိလာပေပြီ။
ထို့ကြောင့် မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာသည် အစဉ်အလာ ရာဇ၀င်အရ မြတ်စွာဘုရားရှင်လက်ထက် တော်အခါကပင် ရောက်ရှိနေပြီး ခေတ်သစ်သမိုင်းအထောက်အထားအနေဖြင့်မူ ၁-ရာစုမှ ၁၁-ရာစုအတွင်း ပီပီပြင်ပြင် ရောက်ရှိခဲ့သည် ဟု ဆိုနိုင်ပါသည်။
ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ အသိအမှတ်ပြုထားသော ထေရ၀ါဒဂိုဏ်းကြီး ၉-ဂိုဏ်း ရှိနေပါသည်။ ယင်းတို့မှာ---
၁။        သုဓမ္မာဂိုဏ်း
၂။        ရွှေကျင်ဂိုဏ်း
၃။        မဟာဒွါရဂိုဏ်း
၎။        မူလဒွါရဂိုဏ်း
၅။        အနောက်ချောင်းဒွါရဂိုဏ်း
၆။        ဝေဠုဝန်ဂိုဏ်း
၇။        ငှက်တွင်းဂိုဏ်း
၈။        ဂဏ၀ိမုတ်ဂိုဏ်း
၉။        မဟာရင်ဂိုဏ်း
ထိုဂိုဏ်းကြီးများအနက် သုဓမ္မာဂိုဏ်းမှာ ရှေးအကျဆုံး ဂိုဏ်းကြီးဖြစ်သကဲ့သို့ အင်အားအကြီးဆုံးလည်း ဖြစ်သည်။ ယခုရှိနေသော ဂိုဏ်းကြီးများမှာ ထေရ၀ါဒအယူအဆ ဘောင်အတွင်းမှသာ ကွဲပြားနေသောဂိုဏ်း များသာဖြစ်၍ အမည်သာရှိပြီး အယူဝါဒအားဖြင့် ထူးခြားမှု မရှိကြပေ။ မဟာယာနဂိုဏ်းများကဲ့သို့ ထေရ၀ါဒ ပိဋကတ်ကို ပြုပြင်တော်လှန်၍ တည်ထောင်ထားသော ဂိုဏ်းများ မဟုတ်ကြပေ။ အလေးမထားလောက်သော အယူအဆလေးများကို အခြေခံထားကာ ကွဲပြားနေကြခြင်းမျှသာ ဖြစ်ပါသည်။
မြန်မာနိုင်ငံအစိုးရသည် ကွဲပြားနေသော ဂိုဏ်းကြီးများကို ပေါင်းစည်းလိုသောဆန္ဒဖြင့် ဂိုဏ်းဆရာတော် ကြီးများနှင့် တိုင်ပင်ကာ ထေရ၀ါဒအချင်းချင်း ညီညွှတ်ပါရန် လျှောက်ထားခဲ့သည်။ ထို့နောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးကို သက္ကရာဇ် ၁၃၄၂-ခု၊ ခရစ်နှစ် ၁၉၈၀-ပြည့်နှစ်၊ နယုန်လတွင် ရန်ကုန်မြို့၊ ကမ္ဘအေးကုန်းမြေရှိ ဆဋ္ဌသံဃာယနာတင်ခဲ့ရာ မဟာပါသာဏလှိုင်ဂူတော်ကြီး၌ ကျင်းပခဲ့သည်။ '' နောင်အခါ မည်သည့်အကြောင်းနှင့်မျှ ဂိုဏ်းကွဲပြားခြင်းကို လက်ခံလိမ့်မည် မဟုတ်ကြောင်း '' သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုအခါ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှ မွေးဖွားပေးခဲ့သော ဂိုဏ်းပေါင်းစုံ သံဃာများပါဝင် သော '' သံဃနာယကအဖွဲ့ '' အဆင့်ဆင့်ကို ဖွဲ့စည်း၍ သာသနာရေးတာဝန်များကို ဆောင်ရွက်နေကြပါသည်။ အမြင့်ဆုံးအဖွဲ့အစည်းအနေဖြင့် '' နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ '' ဖြစ်ပြီး တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်များအထိ အဖွဲ့အစည်းများဖွဲ့ကာ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးများ ကို ၀န်ဆောင်တာဝန်ခံ ဆရာတော်များက ကြိုးစားဆောင်ရွက် သာသနာပြုလျှက်ရှိကြပါသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ (၆)
အာရှအလယ်ပိုင်း ခိုတန်နိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
အာရှအလယ်ပိုင်း၌ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိရာနိုင်ငံမှာ ခိုတန်နိုင်ငံဖြစ်သည်။ ရှေးခေတ်က ခိုတန်နိုင်ငံဆိုသည်မှာ တရုတ်ပြည်အနောက်မြောက်စွန်း ယခုခေတ် တာကစ္စတန်အနီး၌ တည်ရှိခဲ့သည်။ ခိုတန် နိုင်ငံမှတဆင့် အနီးဖြစ်သော ကူချ (Kucha)၊ ဘရုက၊ အဂ္ဂနိဒေသ၊ တာဖန် (Turfan)နှင့် တရုတ်ပြည်သို့ ဗုဒ္ဓ သာသနာတော် စတင်ပြန့်နှံ့ခဲ့သည်။ ထိုမှတဆင့် ကိုးရီးယားနှင့် ဂျပန်နိုင်ငံသို့လည်း ဗုဒ္ဓသာသနာတော် ပြန့်နှံ့ခဲ့ လေရာ ခိုတန်နိုင်ငံသည် ကမ္ဘာ့အရှေ့ဖျားသို့ ဗုဒ္ဓသာသနာတော် ပြန့်နှံ့မှုနှင့်ပတ်သက်လာလျှင်  အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ထေရ၀ါဒဂိုဏ်း၏ပြန့်နှံ့ရာလမ်းကြောင်းတွင် သီဟိုဠ်နိုင်ငံသည် အရေးကြီးသောဒေသ ဖြစ်ခဲ့သကဲ့သို့ ခိုတန်နိုင်ငံသည်လည်း မဟာယာနဂိုဏ်း၏ ပြန့်ပွားရာလမ်းကြောင်းတွင် အရေးကြီးသော ဒေသ ဖြစ်ခဲ့သည်။
သာသနာနှစ် ၂၅၀-ခန့်တွင် အိန်္ဒိယနိုင်ငံမှ ၀ိဇယသမ္ဘ၀မင်းသည် အာရှအလယ်ပိုင်း ခိုတန်နိုင်ငံသို့ ဗုဒ္ဓ သာသနာတော်ကို ယူဆောင်ခဲ့ကြောင်း ခိုတန်တို့၏ ရှေးဟောင်းမှတ်တမ်းများ ရှိခဲ့သည်။ ထိုအချိန်ခန့်မှာပင် အိန္ဒိယမှ ကျမ်းဂန်တတ်ကျွမ်းသော “အာစရိယဝေရောစန”အမည်ရှိ ဘုန်းတော်ကြီးသည် ခိုတန်နိုင်ငံသို့ သာသနာပြု ကြွရောက်ခဲ့လေရာ ဘုရင်၏ ကြည်ညိုမှုကိုရရှိခဲ့၍ သာသနာတော် စည်ပင်ပြန့်ပွားခဲ့သည်။ ထို့ကြောင့် ခရစ်မပေါ်မီ ၂၁၁-နှစ်ကပင် ခိုတန်နိုင်ငံ၌ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း စတင်ပေါ်ပေါက်ခဲ့လေ သည်။
ထိုအချိန်မှစ၍ ခရစ်နှစ် ၈-ရာစုအထိ ခိုတန်နိုင်ငံ၌ သာသနာတော် စဉ်ဆက်မပြတ် စည်ပင်ပြန့်ပွားခဲ့ ကြောင်းကို နောက်ပိုင်း တရုတ်ခရီးသည် ရဟန်းတော် ရှင်ဖာဟီယန်နှင့် ရွှင်ကျန်တို့က သူတို့၏ ခရီးသွားမှတ် တမ်းများ၌ ဖေါ်ပြခဲ့ကြသည်။ ခိုတန်နိုင်ငံ၌ တန်ဆောင်း၊ ကျောင်းကန်စသော သာသနိကအဆောက်အဦးပေါင်း ၄၀၀-ကျော် တွေ့ရှိခဲ့ကြောင်း ရွှင်ကျန်၏ မှတ်တမ်း၌ ဖေါ်ပြထားလေသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၇ )
တရုတ်နိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
ဗုဒ္ဓသာသနာတော် မရောက်မီက တရုတ်ပြည်၌ တာအိုနှင့် ကွန်ဖြူးရှပ်အယူဝါဒများကို ယုံကြည်သက် ၀င်ခဲ့ကြသည်။ သို့သော် ထိုအယူဝါဒနှစ်ခုလုံးမှာ လူတို့၏ ဘ၀နေထိုင်နည်းနှင့်လူ့ကျင့်ဝတ်များသာဖြစ်၍ ဘာသာတရားတစ်ခု၏ သဘောလက္ခဏာများ မရှိချေ။
သာသာနာနှစ် ၄၀၀-ခန့်၊ ဘီစီ ၁၀၀-ခန့် တွင်မှ အာရှအလယ်ပိုင်း ခိုတန်၊ ကူချစသော ဒေသများမှ ပိုးလမ်းမကြီးအတိုင်း လာရောက်ကြသော ကုန်သည်များနှင့် ရဟန်းတော်များ ယူဆောင်လာကြသဖြင့် တရုတ် ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိလာသည်။
သာသနာနှစ် ၆၀၀-ခန့်၌မူ ဟန်မင်းဆက်ဘုရင်များသည် အိန္ဒိယနိုင်ငံမှ ရဟန်းတော်များကို တရုတ်ပြည်သို့ ပင့်ဆောင်၍ သာသနာပြုစေကြသည်။ ထိုရဟန်းတော်များသည် မဟာယာနဗုဒ္ဓဘာသာကျမ်း အမြောက်အများကို ယူဆောင်လာကြပြီး တရုတ်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ထိုရဟန်းတော်များထဲမှ အရှင်ကဿပမာတင်္ဂမထေရ်နှင့် အရှင်ကုမာရဇီဝမထေရ်တို့မှာ အထင်ရှားဆုံးပညာရှင်များ ဖြစ်ကြသည်။
သာသနာနှစ် ၉ -ရာစုမှ ၁၂-ရာစုအတွင်း၌ တရုတ်ရဟန်းတော်များလည်း အိန်္ဒိယနိုင်ငံသို့ကြွရောက်၍ စာပေကျမ်းဂန်များ သင်ကြားလေ့လာကြပြီး မဟာယာနကျမ်းစာ အမြောက်အများကို ယူဆောင်ခဲ့ကြကာ ဘာသာပြန်ဆို ဖြန့်ဝေခဲ့ကြသည်။ ထိုရဟန်းတော်များထဲမှ ရဟန်းတော် ဖာဟီယန်၊ ရွှင်ကျန်နှင့် အိကျင်တို့သည် ခရီးသွားမှတ်တမ်းများကို စေ့စေ့စပ်စပ် ရေးသားခဲ့ကြသဖြင့် နှောင်းခေတ် ဗုဒ္ဓဘာသာလေ့လာသူများအတွက် လွန်စွာ အကျိုးကျေးဇူးများခဲ့ပါသည်။
သာသနာနှစ် ၁၁-ရာစုတွင် အိန္ဒိယရဟန်းတော် အရှင်ဗောဓိဓမ္မသည် တရုတ်ပြည်သို့ ကြွရောက်ပြီး ဈင်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ယခုအခါ ထိုဈင်ဂိုဏ်းသည် တရုတ်ပြည်၌ ကွယ်ပျောက်၍ ဂျပန်ပြည်နှင့် ကိုရီးယားနိုင်ငံများ၌ ထွန်းကားလျက်ရှိသည်။ ဥရောပတိုက်နှင့် အမေရိကတိုက်နိုင်ငံများ၌လည်း ပြန့်နှံ့လျက်ရှိ လေသည်။ ဈင်ဂိုဏ်းနှင့်အလားတူ တရုတ်ပြည်ဖြစ် အခြားဂိုဏ်းတစ်ဂိုဏ်းလည်း ရှိသေးသည်။ ထိုဂိုဏ်းမှာ သာသနာနှစ် ၁၂၀၀-ခန့်က ပေါ်ထွန်းလာသော သုခ၀တီဗျူဟာဂိုဏ်း ဖြစ်သည်။
ဗုဒ္ဓဘာသာသည် တရုတ်ပြည်၌ အကြပ်အတည်းအခက်အခဲများကြားမှ ပြန့်ပွားခဲ့ရခြင်းဖြစ်သည်။ ကွန်ဖြူးရှပ်အယူဝါဒသည် မင်းဆွေမင်းမျိုးတို့ ကိုးကွယ်သောအယူဝါဒဖြစ်ခဲ့လေရာ ဗုဒ္ဓဘာသာတဖြည်းဖြည်း အားကောင်းလာသည်ကို မနှစ်မြို့နိုင်သော ဘုရင်အသိုင်းအ၀ိုင်းက အကြောင်းအမျိုးမျိုးရှာ၍ နှိပ်ကွပ်ခြင်းခံခဲ့ ရသော အချိန်များလည်းရှိခဲ့သည်။ ရဟန်းတော်များဘက်က ပရိယတ်၊ ပဋိပတ်အလုပ် အားမထုတ်ဘဲ အကျင့် သိက္ခာ ချွတ်ယွင်းပျက်ပြားကြသဖြင့် နှိမ်နှင်းခံကြရသည့် အချိန်အခါများလည်း ရှိခဲ့သည်။
သို့သော်လည်း အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဗုဒ္ဓဘာသာအားကောင်းလာသဖြင့် ယခုအချိန် တွင် တာအိုနှင့် ကွန်ဖြူးရှပ်ဝါဒတို့ထက် ပို၍စည်ပင်ပြန့်ပွားလျက်ရှိသည်။ ကွယ်လွန်သူ ဘိုး၊ ဘွားအစဉ်အဆက် ကို ပူဇော်ကန်တော့သော (Ancester Worship) အယူဝါဒမှာလည်း ယနေ့တိုင်ထွန်းကား လျက်ရှိလေသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ (၈ )
ကိုးရီးယားနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
ခရစ်နှစ် ၄-ရာစု၌ ကိုးရီးယားနိုင်ငံသို့ တရုတ်ပြည်အရှေ့၊ ချင်မင်းဆက်မှတဆင့် မဟာယာနဗုဒ္ဓဘာသာ စတင်ရောက်ရှိလာသည်။ ဗုဒ္ဓဘာသာမရောက်မီက အများအားဖြင့် နတ်ကို ကိုးကွယ်ခဲ့ကြသည်။ ကွန်ဖြူးရှပ် နှင့် တာအိုကိုးကွယ်မှုလည်း အနည်းငယ်ရှိခဲ့ကြသည်။
ကိုးရီးယားကျွန်းဆွယ်၌ ဗုဒ္ဓဘာသာမရောက်မီက ကိုဂုရယို၊ ပက်ချီ၊ ဆိလ္လ ဟုခေါ်သော နိုင်ငံငယ် သုံးနိုင်ငံရှိခဲ့သည်။ ထိုသုံးနိုင်ငံအနက် ကိုဂုရယိုသို့ ခရစ်နှစ် ၃၇၂-ခုနှစ်တွင် ဗုဒ္ဓဘာသာစတင် ရောက်ရှိခဲ့သည်။ တရုတ်ပြည် ချင်မင်းဆက်မှ ဖူချီအင်ဘုရင် စေလွှတ်လိုက်သော သာသနာပြုအဖွဲ့ခေါင်းဆာင် မဟာယာနဘုန်း တော်ကြီး ဆွန်ဒို မှ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၂-နှစ်အကြာတွင် ပက်ချီသို့လည်းကောင်း၊ နှစ် ၃၀-အကြာတွင် ဆိလ္လသို့လည်းကောင်း ဗုဒ္ဓဘာသာ စတင်ရောက်ရှိခဲ့သည်။
ကိုးရီးယားလူမျိုးများသည် ဗုဒ္ဓဘာသာကို လွယ်လွယ်ကူကူဖြင့်ပင် လက်ခံခဲ့ကြသည်။ အထူးအားဖြင့် မင်းဆွေမင်းမျိုးများနှင့် ပညာတတ်အသိုင်းအ၀ိုင်းများက ပိုမိုနှစ်ခြိုက်စွာ ကိုးကွယ်ခဲ့ကြသည်။ ထိုအချိန်တွင် ကိုးရီးယားလူမျိုးများ မူလက ကိုးကွယ်ခဲ့သော ဘာသာတရားမှာ မည်သည့်အခြေအမြစ်မျှ မရှိသောကြောင့် လည်းကောင်း၊ အချင်းချင်း အမြဲလိုလို တိုက်ခိုက်နေရသဖြင့် ကိုးကွယ်မှုလမ်းစ ပျောက်ကွယ်သလောက်ဖြစ်နေ သောကြောင့်လည်းကောင်း၊ ကိုးရီးယားတို့ အထင်ကြီးထားသည့် တရုတ်ပြည်ကြီးမှလာသော ဗုဒ္ဓဘာသာမှာ အခြေခိုင်မာ၍ အဆင့်မြင့်သော တရုတ်ယဉ်ကျေးမှုသဘောလက္ခဏာများ ပါဝင်နေသောကြောင့်လည်းကောင်း လွယ်ကူစွာ ယုံကြည်ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ကိုးရီးယားနိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ရှိလာပြီး နှစ်ပေါင်း ၁၅၀-အကြာ ဆိလ္လနိုင်ငံ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဘုရင်ပို့ဟွန်က ကြေငြာခဲ့သည်။ အချို့သော မူမတ်များနှင့်နန်းတွင်းသူ၊ သားများက ဘုရင်သည် သူ၏သြဇာအာဏာကျယ်ပြန့်ရေးနှင့် ဗဟိုကထိန်းချုပ်သော အုပ်ချုပ်ရေးခိုင်မာစေရန် အတွက် နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခြင်းဖြစ်သည် ဟု ယူဆကာ မကျေမနပ်ဖြစ်ခဲ့ကြသည်။
ခရစ်နှစ် ၆၆၀-ခုနှစ်၌ တရုတ်ပြည်နှင့် ဆိလ္လနိုင်ငံတို့ မဟာမိတ်စာချုပ် ချုပ်ဆိုကြသည်။ မကြာမီပင် ဆိလ္လဘုရင်သည် တရုတ်တို့၏ အကူအညီဖြင့် ကိုဂုရယိုနှင့် ပက်ချီနိုင်ငံတို့ကို တိုက်ခိုက်သိမ်းယူပြီး ခရစ်နှစ် ၆၆၈-ခုနှစ်တွင် ကိုးရီးယားသုံးနိုင်ငံ ပေါင်းစည်းရေးကို အကောင်အထည်ဖော်ခဲ့သည်။ ထိုသို့ သုံးနိုင်ငံကို တစ် နိုင်ငံတည်းအဖြစ် ပေါင်းစည်းနိုင်ခြင်းမှာ ဗုဒ္ဓဘာသာ၏ စွမ်းအားကြောင့်ဖြစ်ကြောင်း ဆိလ္လနိုင်ငံသားတို့က ယုံ ကြည်ခဲ့ကြသည်။ ထို့ကြောင့် သုံးနိုင်ငံပေါင်းစည်းရေးအထိမ်းအမှတ်အဖြစ်ဖြင့် ခရစ်နှစ် ၇၇၆-ခုနှစ်တွင် နယ်ဂျန် တောင်ပေါ်ရှိ ပို့ဂျုကျောင်းတိုက်အတွင်း၌ ဉဏ်တော် ၃၃-မီတာရှိသော အရိမေတ္တေယျ မတ်တတ်ရပ်အလောင်း တော် ရုပ်တုကြီးကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်။
ခရစ်နှစ် ၆၆၈ မှ ၉၃၅-ခုနှစ်အထိ ကိုးရီးယားနိုင်ငံ၌ ဆိလ္လမင်းဆက်များ အုပ်စိုးခဲ့ကြပြီး ဗုဒ္ဓသာသနာအထွန်းကားဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ဤအချိန်ကာလကို ကိုးရီးယားဗုဒ္ဓဘာသာရွှေခေတ် ဟု ခေါ်ဆိုကြသည်။ ဤခေတ်၌ ကိုးရီးယားနိုင်ငံတွင် ကြီးကျယ်ခန်းနားသော ကျောင်းကန်ဘုရားများကို ဆောက်လုပ်တည်ထားခဲ့ကြသည်။ အရိမေတ္တေယျဘုရားလောင်း၊ အ၀လောကိတေသွာရဘုရားလောင်း ရုပ်တုကြီးများကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ကိုးရီးယားဘုန်းတော်ကြီးများသည်လည်း တရုတ်ပြည်၊ အိန်္ဒိယပြည်များသို့ သွားရောက်၍ ပညာများသင်ယူကြပြီး အပြန်တွင် မဟာယာနကျမ်းစာများကို ယူဆောင်ခဲ့ကြသည်။ ထို့အပြင် တရုတ်ပြည်မှ ၀ိနယဂိုဏ်း၊ နိဗ္ဗာနဂိုဏ်း၊ ဓမ္မသဘာဝဂိုဏ်း၊ အ၀တံသကဂိုဏ်း၊ ယောဂါစာရဂိုဏ်းစသော သုတ္တန်ဂိုဏ်းများကိုလည်း ကိုးရီးယားနိုင်ငံသို့ ယူဆောင်ခဲ့ကြသည်။ ထိုသုတ္တန် ဂိုဏ်းများကို ကျို (Kyo) ဂိုဏ်းများဟု ခေါ်ကြသည်။
ခရစ်နှစ် ၈၂၅-ခုနှစ်တွင် တရုတ်ပြည်မှ ပညာသင်၍ ပြန်လာသော ဘုန်းတော်ကြီး တိုအိက ကိုးရီးယား ၌ ဈင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သည်။ ဈင်ဂိုဏ်း၏ အယူဝါဒမှာ ဘာမှမလုပ်ဘဲ သူ့အလိုလို ရုတ် တရက်ဉာဏ်အလင်းရခြင်း ဖြစ်လေရာ တရားကျမ်းဂန်များကို အလေးထားသော ကျိုဂိုဏ်းနှင့် ထိပ်တိုက် တွေ့လေသည်။ သို့သော် ထိုဈင်ဂိုဏ်းမှာလည်း တဖြည်းဖြည်းပြန့်ပွားလာပြီး တောင်ကိုးလုံးပေါ်၌ရှိသော ဈင်ကျောင်း ၉-ကျောင်းကို အစွဲပြု၍ တောင်ကိုးလုံးဈင်ဂိုဏ်းဟူသော ဝေါဟာရပေါ်ပေါက်လာလေသည်။ ဈင်ဂိုဏ်းကို ကိုးရီးယားဘာသာအားဖြင့် ဆုန် (Son) ဂိုဏ်းဟု ခေါ်ဝေါ်ကြရာ ထိုအချိန်မှစ၍ ဆုန်ဂိုဏ်းနှင့် ကျိုဂိုဏ်းတို့ အကြီးအကျယ် ပဋိပက္ခဖြစ်ခဲ့ကြသည်။
ခရစ်နှစ် ၁၄-ရာစုနောက်ပိုင်းမှစ၍ အုပ်ချုပ်သောဘုရင်တို့သည် ဗုဒ္ဓဘာသာကိုအားမပေးဘဲ နှိပ်ကွပ် ခဲ့ကြသည်။ သို့သော် ၁၆-ရာစုအလယ်ပိုင်းသို့ ရောက်သောအခါ မွန်ဂိုဘုရင်မကြီးက အားပေးချီးမြှေက်သဖြင့် ဗုဒ္ဓသာသနာတော် ပြန်လည်ရှင်သန်လာခဲ့ပြန်သည်။ ၁၆-ရာစု နောက်ပိုင်းမှစ၍ ဂျပန်နိုင်ငံက အကြိမ်များစွာ တိုက်ခိုက်သိမ်းပိုက်မှု ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ဂျပန်ဗုဒ္ဓဘာသာ တဖြည်းဖြည်း လွှမ်းမိုးလာခဲ့ပြန်သည်။ ထိုအခါ ကိုးရီးယားဗုဒ္ဓဘာသာဝင်များက မိမိတို့ဘာသာ၏ သဘောလက္ခဏာများကို ထိန်းသိမ်းနိုင်ရန်အတွက် ပို၍ စည်းလုံးမှုပြု လုပ်လာကြသည်။ ဤသို့အားဖြင့် ယခင်က ပဋိပက္ခဖြစ်နေခဲ့ကြသည့် ဆုန်(ဈင်)ဂိုဏ်းနှင့် ကျို ဂိုဏ်း (သုတ္တန်ဂိုဏ်း) တို့သည် ၁၉၃၅-ခုနှစ်တွင် ချိုဂဲ ဟူသော အမည်ဖြင့် တစ်ဂိုဏ်းတည်း အဖြစ်သို့ ပေါင်းစည်းမိခဲ့ကြလေသည်။
ဂျပန်လက်အောက်သို့ ကျရောက်နေစဉ်အချိန်က ဂျပန်အာဏာပိုင်တို့သည် ကိုးရီးယားဘုန်းကြီးများကို ဂျပန်ဘုန်းကြီးများနည်းတူ အိမ်ထောင်ပြုစေခဲ့ကြသည်။ ဂျပန်လက်အောက်မှ လွတ်မြောက်သည့် ၁၉၄၅-ခုနှစ် ၌ ကိုးရီးယားဘုန်းကြီးများကို စာရင်းကောက်သောအခါ ဘုန်ကြီး ၇၀၀၀-ခန့်ရှိသည့်အနက် ၆၀၀-ခန့်သာ အိမ် ထောင်မပြုဘဲ အစဉ်အလာကို ထိန်းသိမ်းခဲ့ကြောင်း တွေ့ရှိရလေသည်။
ဂျပန်လက်အောက်မှ လွတ်မြောက်၍ ကိုးရီးယားသမ္မတနိုင်ငံ တည်ထောင်သောအခါ ပထမဦးဆုံး သမ္မတ ဆစ်ဂမန့်ရီးသည် အိမ်ထောင်ပြုသော ဘုန်းကြီးများကို သက်ဆိုင်ရာကျောင်းများမှ နှင်ထုတ်စေခဲ့သည်။ အိမ်ထောင်ပြုခြင်းကို ဆန့်ကျင်သော ချိုဂဲဂိုဏ်းကလည်း မိမိတို့၏ စည်းမျဉ်းဥပဒေသများကို ခေတ်နှင့်အညီ ပြုပြင်ခဲ့ကြသည်။ သို့ဖြစ်၍ ယခုအချိန်တွင် အိမ်ထောင်ပြုသော ဘုန်းကြီးများ တဖြည်းဖြည်းနည်းပါးလာပြီး ကိုးရီးယားဗုဒ္ဓဘာသာ၏ သဘောလက္ခဏာများ တစ၊ တစ ပေါ်လွင်လာနေပြီဖြစ်သည်။
ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၉ )
ဂျပန်နိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
ဂျပန်လူမျိုးများသည် ဂျပန်ပြည်သို့ ဗုဒ္ဓဘာသာမရောက်မီက ရှင်တိုဘာသာကို ကိုးကွယ်ခဲ့ကြသည်။ ရှင်တိုဘာသာဆိုသည်မှာ နတ်ကိုးကွယ်မှုတစ်မျိုးပင်ဖြစ်ပြီး ကွယ်လွန်သွားသော ဘိုးဘွားစဉ်ဆက်ကို ကိုးကွယ် သော အယူဝါဒဖြစ်သည်။ ခရစ်နှစ် ၅၅၂-ခုနှစ်တွင် ကိုးရီးယားကျွန်းဆွယ်ရှိ ပက်ချိ (Packche) နိုင်ငံမှ သံတမန်တစ်ဦးသည် ဗုဒ္ဓဆင်းတုတော်များ၊ ကျမ်းစာများကို ဂျပန်ပြည်သို့ ယူဆောင်လာရာမှ မဟာယာန ဗုဒ္ဓဘာသာ စတင်ပြန့်ပွားခဲ့သည်။
ဗုဒ္ဓဘာသာကို ရှေးဦးစွာ ကိုးကွယ်သောဘုရင်မှာ ယိုမေ ( Yomei ) ဘုရင်ဖြစ်ပြီး ထိုစဉ်က မင်းဆွေ မင်းမျိုးတို့သည် သပ္ပါယ်လှသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကို ဘေးရန်အန္တရာယ်ကို ကာကွယ်ပေးနိုင်၍ လောကီ ကောင်းကျိုးချမ်းသာများကို ရရှိစေနိုင်သော နတ်ရုပ်အဖြစ် ယုံကြည်လျက် လက်ခံကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓ ဘာသာကိုလည်း ရှင်တိုဘာသာကဲ့သို့ နတ်ကိုးကွယ်သော ဘာသာတစ်ခုအဖြစ် ယုံကြည်ယူဆခဲ့ကြလေသည်။
ဗုဒ္ဓဘာသာသည် ဂျပန်ပြည်၌ ရှေးဆန်သော အစွဲအလမ်းကြီးသည့် ရှင်တိုဘာသာဝင်အချို့၏ ဆန့်ကျင် မှုကို အနည်းငယ်တွေ့ရသော်လည်း  ဗုဒ္ဓဘာသာနှင့်အတူ တိုးတက်နေပြီဖြစ်သော တရုတ်ယဉ်ကျေးမှုလည်း ပူးတွဲပါလာသဖြင့် ဂျပန်မင်းဆွေမင်းမျိုးများနှင့် ပညာတတ်အပိုင်းက အခက်အခဲမရှိလှဘဲ လက်ခံခဲ့ကြသည်။ မင်းဆွေမင်းမျိုးများထဲမှ ရှိုတိုကူ (Shotoku) အိမ်ရှေ့မင်းသား၏ အားပေးချီးမြှောက်မှုမှာ လွန်စွာခရီးရောက် ခဲ့သည်။ ထိုမင်းသားသည် ခရစ်နှစ် ၆၀၇-ခုနှစ်၌ ဂျပန်ပြည်တွင် ရှေးအကျဆုံးဖြစ်သော ဟိုရယူဂျီစေတီကို လည်း တည်ထားကိုးကွယ်ခဲ့သည်။
ခရစ်နှစ် ၈ ရာစု (၇၁၀-၇၈၄) နာရခေတ်၌ စံရွန်ဂိုဏ်း၊ ဂျိုဂျစ်ဆုဂိုဏ်းစသည့် ဗုဒ္ဓဘာသာဂိုဏ်း ၆-ဂိုဏ်း ပေါ်ပေါက်ခဲ့သည်။ ထိုဂိုဏ်းတို့တွင် ခရစ်နှစ် ၇၅၄-တွင် ပေါ်ထွန်းလာသော ရစ်ဆု (၀ိနယ) ဂိုဏ်းက စနစ်ကျ သော ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်နည်း စည်းမျဉ်းဥပဒေသတို့ကို ချမှတ်ပေးခဲ့သည်။ ယနေ့တိုင် နာရဘုရား ကြီး ဟု ထင်ရှားလျက်ရှိသော မဟာဝေရောစန ကြေးဆင်းတုတော်ကြီးကိုလည်း ဤနာရခေတ်၌ပင် တည်ထား ခဲ့ကြ ခြင်းဖြစ်သည်။
၈-ရာစုကုန်ခါနီးမှ ၁၂-ရာစုကုန်ခါနီး (၇၉၄-၁၁၈၄) အထိဖြစ်သော ဟေယန်ခေတ်တွင် ဂျပန်ဗုဒ္ဓ ဘာသာ၌ တင်ဒိုဂိုဏ်းနှင့် ရှင်ဂွန်းဂိုဏ်းဟူသော ဂိုဏ်းနှစ်ဂိုဏ်းပေါ်လာသည်။ ထိုတွင် ရှင်ဂွန်းဂိုဏ်းမှာ တန္တရ ဂိုဏ်းဖြစ်၍ အင်းအိုင်လက်ဖွဲ့၊ ဂါထာမန္တန်များ အားကောင်းလာသည်။ ထိုခေတ်တွင် ဘုန်းကြီးများအားလုံးက နိုင်ငံရေးတွင် ပါဝင်လာကြသဖြင့် သာသနာတော် တဖြည်းဖြည်း ဆုတ်ယုတ်လာသည်။
ဟေယန်ခေတ်ကုန်၍ ကမာကုရခေတ် (၁၁၈၅-၁၃၃၃) သို့ ရောက်သောအခါ ကမ္ဘာကျော် ကမာကုရ ကြေးဆင်းတုတော်ကြီးကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ဤခေတ်တွင် ဂျိုဒိုဂိုဏ်းနှင့် ဂျိုဒိုရှင်ဂိုဏ်းဟူသော ထူးခြားသည့် ဗုဒ္ဓဘာသာဂိုဏ်း နှစ်ဂိုဏ်းပေါ်ပေါက်ခဲ့သည်။ ထိုနှစ်ဂိုဏ်းလုံးသည် အမိတာဘာဘုရား၏ နာမည် ကို အကြိမ်များစွာ ရွတ်ဆိုခြင်းအားဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်သည် ဟု ယုံကြည်ကြသည်။
ဤခေတ်တွင် ဈင်ဂိုဏ်းများလည်း တရုတ်ပြည်မှတဆင့် ရောက်လာကြသည်။ ထိုတွင် ရင်ဇိုင်းဈင်ဂိုဏ်း က “ တရားအားထုတ်ဖို့ မလို၊ အဆင်သင့်သည့်အခါ ဉဏ်အလင်း အလိုအလျောက်ပေါ်လာသည် ” ဟု ဟော ပြောသည်။ အိုတိုဈင်ဂိုဏ်းကမူ “ ဉဏ်အလင်းကို အလိုအလျောက် မရနိုင်၊ တရားအားထုတ်မှသာလျှင် တစ်ဆင့်ပြီးတစ်ဆင့် ဉဏ်အလင်းပေါ်လာနိုင်သည် ” ဟုဆိုလေသည်။ ထို့အပြင် နိချိရှင်အမည်ရှိ ဘုန်းတော် ကြီးတစ်ပါး တည်ထောင်သည့် နိချိရင်ဂိုဏ်းကလည်း မဟာယာနကျမ်းစာဖြစ်သော သဒ္ဓမ္မပုဏ္ဍရိကကျမ်း၏ အမည်ကို အကြိမ်များစွာ ရွတ်ဆိုခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်သည် ဟု ဟောပြောခဲ့လေသည်။
ဤကမာကုရခေတ်၌ အထင်ရှားဆုံးအချက်တစ်ခုမှာ ဂျိုဒိုရှင်ဂိုဏ်းကို တည်ထောင်သော ဘုန်းကြီး ရှင်ရန်က အိမ်ထောင်ပြုလိုက်ပြီး အခြားဘုန်းကြီးများကိုလည်း သူကဲ့သို့ပင် အိမ်ထောင်ပြုကြရန် တိုက်တွန်းခဲ့ သဖြင့် ယနေ့အထိ ဂျပန်ဘုန်းကြီးများ အိမ်ထောင်ပြုကြသော အစဉ်အလာ ပြန့်ပွားလာခဲ့ခြင်း ဖြစ်လေသည်။
ခရစ်နှစ် ၁၆-ရာစုမှစ၍ နောက်ပိုင်းခေတ်များတွင် တချို့သော အာဏာပိုင်တို့လက်ထက်၌ ဗုဒ္ဓဘာသာ အား နှိပ်ကွပ်မှုပြုလုပ်ခဲ့ကြသော်လည်း ဗုဒ္ဓဘာသာတရားတော်များမှာ ဂျပန်လူမျိုးတို့၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှု နယ်ပယ်၌ သြဇာလွှမ်းမိုးမြဲ လွှမ်းမိုးလျက်သာ ရှိခဲ့သည်။ တိုကူဂါဝါခေတ် (၁၆၁၅-၁၈၆၈) တွင် ဗုဒ္ဓဘာသာမှာ နိုင်ငံတော်ဘာသာ ဖြစ်လာပြီး ဂျပန်လူမျိုးတိုင်း ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်း၌ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း မှတ်ပုံတင်ရသည့် အစဉ်အလာဖြစ်ပေါ်ခဲ့လေသည်။ နိုင်ငံခြားသားနှင့် ခရစ်ယာန်ဝါဒကို ဟန့်တားရန် လက်  ထပ်ခြင်း၊ မွေးသေခြင်းစသော လူမှုကိစ္စများကို ဘုန်းကြီးများထံ မှတ်ပုံတင်ကြရလေသည်။
ယခုခေတ်တွင်မူ ဂျပန်ဘုန်းကြီးအများစုသည် အိမ်ထောင်သားမွေး စီးပွားရေးအလုပ်များကို လုပ်နေ ကြသဖြင့် သာမန်လူတို့နှင့် များစွာခြားနားမှု မရှိတော့ပေ။ အသုဘပွဲများနှင့် တစ်နှစ်တစ်ကြိမ် ကွယ်လွန်သူ ဘိုး၊ ဘွားများကို ပူဇော်ပွဲပြုလုပ်သောအခါတို့၌ တရားကျမ်းစာများ ရွတ်ဖတ်ပေးခြင်းမှတပါး အခြားဘာသာရေး အလုပ် ဟူ၍လည်း မယ်မယ်ရရ မရှိတော့ချေ။ ပြည်သူလူထုအများစုလည်း ဗုဒ္ဓဘာသာအမည်ခံရုံသာ ရှိတော့သည်။ မေဂျီခေတ် ၁၈၆၅-မှစ၍ အာဏာပိုင်များက ရှင်တိုဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြုလုပ်ခဲ့ကြလေသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၁၀ )
တိဗက်နိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
တိဗက်နိုင်ငံတွင် ဗုဒ္ဓဘာသာမရောက်မီက တိဗက်လူမျိုးများသည်  ဘွန်းဘာသာကို ကိုးကွယ်ခဲ့ကြ သည်။ ဘွန်းဘာသာဆိုသည်မှာ တော၊ တောင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် များနှင့် တောစောင့်နတ်၊ တောင် စောင့်နတ် စသည်တို့ကို ကိုးကွယ်ခြင်း၊ စုန်း၊ ကဝေ၊ မှော်ဆရာ၊ ပျောက်စေဆရာတို့ကို ကိုးကွယ်ခြင်းဖြစ်သည်။
သာသနာနှစ် ၁၀၀၀ ခန့်၊ ခရစ်နှစ် ၅-ရာစုခန့်တွင် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ သာသနာပြုလုပ်ငန်းများကြောင့် တိဗက်နိုင်ငံ၌ ဗုဒ္ဓဘာသာ စတင်ပြန့်ပွားလာသည်။ သို့သော် ခိုင်လုံသော မှတ်တမ်းနှင့် အထောက်အထားကား မရှိချေ။ ခရစ်နှစ် ၇-ရာစု (သာသနာနှစ် ၁၂၀၀) ခန့်တွင် နန်းစံသော ဘုရင်စုန်စင်ဂမ်ပိုလက်ထက်၌ ဗုဒ္ဓဘာသာရောက်ရှိခဲ့ကြောင်းကား ခိုင်လုံသော အထောက်အထားများအရ သိရသည်။
ဘုရင်စုန်စင်ဂမ်ပိုသည် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ဘုရင်ဖြစ်သည်။ ထို့ကြောင့် တရုတ် ဧကရာဇ် တိုင်စုန် (Tai Sung) က သမီးတော် ၀မ်ချင်ကိုလည်းကောင်း၊ နီပေါဘုရင် အံသုဝါမန် (Amsu varman)က သမီးတော် ဘရုကုတီကိုလည်းကောင်း၊ ဘုရင်ဂမ်ပိုထံဆက်သ၍ တိဗက်နိုင်ငံနှင့် ရွှေလမ်း၊ ငွေလမ်း ဖွင့်ခဲ့ကြသည်။ ထိုအချိန်တွင် တရုတ်နှင့် နီပေါတွင် ဗုဒ္ဓဘာသာပြန့်ပွားနေပြီဖြစ်ရာ မင်းသမီးနှစ်ပါးလုံး သည် မိမိတို့ ကိုးကွယ်ရန် အက္ခောဘဘုရားလောင်းရုပ်တု၊ အရိမေတ္တေယျဘုရားလောင်းရုပ်တုနှင့် သကျမုနိ ဆင်းတုတော်များကို ယူဆောင်ခဲ့ကြသည်။ ဤအချက်မှာ တိဗက်နိုင်ငံ၌ ဗုဒ္ဓသာသနာပြန့်ပွားခြင်း၏ အကြောင်း တစ်ရပ် ဖြစ်ပေသည်။
ဘုရင်ဂမ်ပိုသည် ပညာရှင် ၁၇-ဦးပါဝင်သော အဖွဲ့ကို အိန္ဒိယသို့ စေလွှတ်၍ အက္ခရာအရေးအသားနှင့် ဘာသာစာပေတို့ကို လေ့လာတီထွင်စေခဲ့သည်။ ထိုအဖွဲ့သည် မဟာယာနဗုဒ္ဓဘာသာကျမ်း တစ်ကျမ်းကိုလည်း တိဗက်ဘာသာဖြင့် ပြန်ဆို၍ ယူဆောင်ခဲ့သည်။ ထို့နောက် မှတ်သားဖွယ်ကောင်းသည့် အချက်တစ်ချက်မှာ ဘုရင်ဂမ်ပိုက ဗုဒ္ဓဘာသာတရားတော်များမှ သုစရိုက်တရား ၁၀-ပါးကို အခြေခံလျက် နိုင်ငံတော်၏ ဥပဒေ တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းစေခဲ့သည်။ လာဆာမြို့တော်တွင် ပိုတလာနန်းတော်နှင့် ရာမိုချေ (Ramoche) ကျောင်းတော်တို့ကိုလည်း တည်ဆောက်ခဲ့သည်။ ဘုရင် ဂမ်ပိုအနေဖြင့် ဗုဒ္ဓသာသနာထွန်းကားရေးကို အစွမ်းကုန် အားထုတ်ခဲ့သော်လည်း အစွဲလန်းကြီးသော ဘွန်းဘာသာဝင်တို့၏ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နှစ်ပေါင်း ၃၀၀-ကျော်ခန့်မှသာလျှင် အမြစ်တွယ်နိုင်ခဲ့သည်။
ဘုရင်ဂမ်ပို၏နောက် ငါးဆက်မြောက်ဖြစ်သော ဘုရင်ခရီစုန်ဒေစင်လက်ထက်တွင် အိန်္ဒိယပြည်၊ နာလန္ဒာတက္ကသိုလ်မှ ကျောင်းအုပ်ဆရာတော် အရှင်သန္တရက္ခိတကို တိဗက်သို့ ပင့်ဆောင်၍ သာသနာပြုစေခဲ့ သည်။ ထို့နောက် တန္တရ၀ါဒ၌ တစ်ဖက်ကမ်းခတ် တတ်မြောက်သော အရှင်ပဒုမသမ္ဘ၀မထေရ်သည်လည်း တိဗက်သို့ ကြွရောက်လာပြီး သာသနာပြုလေရာ စုန်း၊ ကဝေ၊ နတ်များကို နှိမ်နှင်းလျက် များစွာအောင်မြင်မှု ရရှိခဲ့လေသည်။ ထိုအချိန်မှစ၍ တိဗက်၌ မဟာယာန၏ ဂိုဏ်းကွဲတစ်ခုဖြစ်သော တန္တရဗုဒ္ဓဘာသာ ပြန့်ပွားခဲ့သည်။ ဤတန္တရဂိုဏ်းကို မန္တရဂိုဏ်း၊ ၀ဇီရယာနဂိုဏ်း ဟု လည်းခေါ်ပါသည်။
ဘုရင် ခရီဒေစုန်စင်၏ သားတော်ကြီး လန်ဒါးမားလက်ထက်၌ ဗုဒ္ဓဘာသာကို နှိပ်ကွပ်ခြင်းပြုခဲ့သော် လည်း နောက်ပိုင်းတွင် နန်းတက်သော ဘုရင်များကား ဗုဒ္ဓဘာသာကို အားပေးသောဘုရင်များသာ ဖြစ်ခဲ့ကြ သည်။ ခရစ်နှစ် ၁၁-ရာစုတွင် အိန်္ဒိယပြည် ၀ိက္ကမသီလတက္ကသိုလ် ကျောင်းအုပ်ဆရာတော် အရှင်ဒီပင်္ကရသီရိ ဉဏကို တိဗက်သို့ ပင့်ဆောင်၍ သာသနာပြုစေခဲ့ရာ ထူးခြားစွာ အောင်မြင်မှုရရှိခဲ့သည်။ ထိုဆရာတော်ကို တိဗက်တို့က အလွန်ရိုသေစွာ လေးစားကြပြီး “ အာစရိယ အတိဆာ ” ဟု ခေါ်ကြသည်။
နောက်ပိုင်းခေတ်များတွင် တိဗက်တို့ကိုးကွယ်သော တန်္တဂိုဏ်းမှ ဂိုဏ်းကြီး ငါးဂိုဏ်းကွဲထွက်ခဲ့သည်။ ၎င်းင်းတို့မှာ ---
၁။        ငြင်မဂိုဏ်း
၂။        ကဂျုဂိုဏ်း
၃။        သကျဂိုဏ်း
၎။        ကဒမ်ဂိုဏ်း
၅။        ဂေလုဂိုဏ်း တို့ဖြစ်လေသည်။
အထက်ပါဂိုဏ်း ငါးဂိုဏ်းအနက် ဂေလုဂိုဏ်းသည် နိုင်ငံရေးသြဇာရှိ၍ အရေးပါဆုံး ဂိုဏ်းဖြစ်သည်း။ ခရစ် ၁၇-ရာစုတွင် တိဗက်ဘုရင် စမ္ပကို မွန်ဂိုဘုရင် ၀ုသီရိခန်က နန်းချ၍ ဂေလုဂိုဏ်းမှ ပဉ္စမမြောက် ဒလိုင်း လားမားကို နန်းတင်ခဲ့ရာ ထိုအချိန်မှစ၍ တိဗက်နိုင်ငံ၌ ဒလိုင်းလားမားခေါ်သော ရဟန်းမင်းအဆက်ဆက်တို့က အုပ်ချုပ်ခဲ့ကြလေသည်။ တိဗက်ဘုန်းကြီးများကို “ လားမား ” ဟု ခေါ်သည်။ “ မြင့်မြတ်သူ ” ဟု အဓိပ္ပါယ်ရ သည်။ ၁၉၅၉-ခုနှစ်တွင် တရုတ်တို့ဝင်ရောက်လာသဖြင့် အိန္ဒိယသို့ တိမ်းရှောင်သွားရသော ဒလိုင်းလားမားမှာ ၁၄-ဆက်မြောက် ဒလိုင်းလားမားဖြစ်ပြီး ယခုအချိန်အထိ အိန်္ဒိယနိုင်ငံတွင် ခိုလှုံလျက်ရှိသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၁၁ )
မွန်ဂိုးလီးယား၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
မွန်ဂိုးလီးယားနိုင်ငံသည် တရုတ်ပြည်နှင့် ဆက်စပ်တည်ရှိနေသော နိုင်ငံဖြစ်၍ ခရစ်နှစ် ၄-ရာစုခန့်မှစ၍ ဗုဒ္ဓသာသနာနှင့် ထိတွေ့မှုရှိခဲ့သည်။ ၇-ရာစုသို့ ရောက်သောအခါ ဗုဒ္ဓဘာသာသည် နိုင်ငံအနှံ့ပြန့်လျက်ရှိနေပြီ ဖြစ်သည်။
သို့သော် ၁၄-ရာစုနောက်ပိုင်းတွင် တရုတ်ပြည်ကို မွန်ဂိုလူမျိုးတို့ အုပ်စိုးမှု အဆုံးသတ်သွားသောအခါ မွန်ဂိုးလီးယား၌ ဗုဒ္ဓဘာသာ တဖြည်းဖြည်း အားနည်းလာသည်။ ထို့နောက် ၁၇-ရာစုတွင် မွန်ဂိုလီးယားသို့ တိဗက် ဘုန်းကြီးများ ကြွလာသဖြင့် ဗုဒ္ဓသာသနာ ပြန်လည်အားရှိလာသည်။ မွန်ဂိုလူမျိုးတို့ကလည်း တိဗက် ဗုဒ္ဓဘာသာကို ပို၍နှစ်သက်စွာ ကိုးကွယ်ခဲ့ကြလေသည်။
ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပု ( ၁၂ )
နီပေါနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
နီပေါနိုင်ငံသည် အိန်္ဒိယပြည်၏ မြောက်ဘက်၌ နယ်နိမိတ်ချင်း ဆက်စပ်တည်ရှိသော နိုင်ငံဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော်၊ မယ်တော်တို့ နေထိုင်ရာ ကပိလ၀တ်ပြည်နှင့် ဘုရားလောင်းဖွားမြင်ရာ လုမ်္ဗိနီ ဥယာဉ်တို့သည် ယခုအခါ နီပေါနိုင်ငံအတွင်း၌ တည်ရှိကြသည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိပြီး နောက် တစ်နှစ်မြောက်အချိန်တွင် ကပိလ၀တ်ပြည်သို့ကြွ၍ ခမည်းတော်ကြီးနှင့်တကွ ဆွေတော်မျိုးတော် တို့အား တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ထို့နောက်လည်း ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်းတော် ၌ အခါအားလျော်စွာ သီတင်းသုံးနေတော်မူခဲ့သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ ကပိလ၀တ်ပြည်မှ သာကီဝင်မင်းမျိုးတို့သည် ကုသိနာရုံပြည် မလ္လာမင်းတို့ထံမှ ဘုရားရှင်၏ ဓာတ်တော်ဝေစုကို တောင်းယူ၍ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည် ဟု ဆိုသည်။ သို့သော် ကပိလ၀တ်ပြည်၌ နှစ်ပေါင်းမည်မျှကြာ အောင် သာသနာတော်တည်ရှိခဲ့သည်ကိုမူ မသိရချေ။
ခရစ်မပေါ်မီ နှစ်ပေါင်း ၃၀၀-ခန့်က ပါဋလိပုတ်ပြည်မှ အသောကမင်းကြီးသည် လုမ်္ဗိနီဒေသသို့ ကြွ သွားပြီး ဘုရားလောင်း ဖွားတော်မူခဲ့သောနေရာ၌ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့ကြောင်း၊ သမီးတော်  စာရုမတီကိုလည်း အမတ်တစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့ရာ ထိုမင်းသမီးသည် နီပေါနိုင်ငံ၌ ကျောင်းကန် ဘုရားများစွာကို တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။
နီပေါနိုင်ငံသည် ဟိမ၀န္တာတောင်တန်းနှင့်နီးသဖြင့် အအေးဓာတ်လွန်ကဲသော ဒေသဖြစ်သည်။ ထို့ ကြောင့် ခရစ်နှစ် အစောပိုင်းက ထိုနိုင်ငံ၌ နေထိုင်ကြသော သဗ်္ဗတ္ထိဝါဒဂိုဏ်းသားရဟန်းများသည် အအေးဒဏ် ကို ကာကွယ်ရန်အတွက် သင်္ကန်းနှင့်ပတ်သက်သော ၀ိနည်းဥပဒေများကို လျော့ပေါ့ကျင့်သုံးခဲ့ရသည် ဟု ဆို သည်။ ထို့ကြောင့် ထိုအချိန်တွင် နီပေါနိုင်ငံတွင် သဗ္ဗတ္ထိဝါဒဂိုဏ်းသာသနာ ပြန့်ပွားနေပြီ ဟု ယူဆရသည်။ အဘိဓမ္မာကောသကျမ်းပြု သဗ္ဗတ္ထိဝါဒဂိုဏ်းဆရာတစ်ဦးဖြစ်သော အရှင်ဝသုဗန္ဓုသည်လည်း ၄-ရာစုနှစ်များ အတွင်း နီပေါနိုင်ငံသို့ ကြွရောက်ခဲ့ကြောင်း သိရှိရပေသည်။
ခရစ်နှစ် ၇-ရာစုအတွင်းက နီပေါ၌ နန်းတက်သော ဘုရင်အံသုဝါမန်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ သည်။ ထိုဘုရင်သည် တိဗက်ဘုရင် စုန်စင်ဂမ်ပိုထံသို့ သမီးတော်ကို ဆက်သ၍ နှစ်နိုင်ငံ ရွှေလမ်းငွေလမ်းခင်း ခဲ့သည်။ ထိုအချိန်မှစ၍ နီပေါနိုင်ငံ၌ ဗုဒ္ဓသာသနာတော် နောက်တစ်ကြိမ် ပြန့်ပွားခဲ့ခြင်းဖြစ်သည်။
ခရစ်နှစ် ၁၁၉၈-ခုနှစ်တွင် တူရကီနိုင်ငံမှ အစ္စလာမ်ဘာသာဝင်တို့သည် အိန္ဒိယပြည်၊ ဗီဟာနယ်နှင့် ဘင်္ဂေါနယ်များသို့ ၀င်ရောက်လာကြပြီး ဗုဒ္ဓဘာသာအဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များအား အစုလိုက်၊ အပြုံလိုက် နှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုအခါ အချို့ သော ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများသည် တန္တရရောနှောဗုဒ္ဓဘာသာကျမ်းဂန်များကို နိုင်သမျှသယ်ယူ၍ နီပေါ နိုင်ငံသို့ ခိုလှုံခဲ့ကြရသည်။ ထိုအချိန်မှစ၍ နီပေါနိုင်ငံတွင် တန္တရဗုဒ္ဓဘာသာ ထွန်းကားခဲ့လေသည်။
(ဆီကင်နိုင်ငံ၊ ဘူတန်နိုင်ငံတို့၌လည်း တိဗက်နိုင်ငံ၏ မဟာယာနဗုဒ္ဓဘာသာအရှိန်အ၀ါ လွှမ်းမိုးပြီး တန္တရဗုဒ္ဓဘာသာ ပြန့်ပွားခဲ့လေသည်။)
ယခုခေတ်တွင်မူ နီပေါ၌ ဟိန္ဒူဘာသာဝင်တို့က ပိုမိုအားကောင်းလျက်ရှိသည်။ သို့သော် ၁၉၂၀-ပြည့် နှစ်လွန်များမှစ၍ ကုသိနာရုံဆရာတော်ကြီး အရှင်စန္ဒြမဏိစသော မြန်မာပြည်မှဆရာတော်များ၊ နောက်ပိုင်းတွင် သီဟိုဠ်နှင့်ထိုင်းမှ ပံ့ပိုးမှုများနှင့် မဟာပရာဂယ (အရှင်မဟာပညာ) နှင့် ကုန်သည်ကြီး ဒသရထ (အရှင် ဓမ္မာလောက) စသော ဒေသခံနီပေါအမျိုးသား၊ အမျိုးသမီးများ၏ သက်စွန့်ဆံဖျား ကြိုးစားမှုများကြောင့် ယခု အခါ ထေရ၀ါဒဗုဒ္ဓဘာသာလည်း အရှိန်အဟုန်နှင့် ပြန့်ပွားနေပေသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၁၃)
ဗီယက်နိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
ဗီယက်နမ်နိုင်ငံကို ရှေးခေတ်က စမ္ပာဟူ၍လည်းကောင်း၊ အာနမ်ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့သည်။ နေထိုင်ခဲ့သော လူမျိုးများမှာ ခမာလူမျိုးများ ဖြစ်သည်။
အိန္ဒိယပြည် အမရ၀တီခေတ်၌ ထုလုပ်သော ကြေးဆင်းတုတော်များကို ဗီယက်နမ်တွင် တွေ့ရှိခဲ့ရ သောကြောင့် ၃-ရာစု မတိုင်မီကပင် စမ္ပာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိနေပြီဟု ယူဆရသည်။ ၆-ရာစုနှစ် အကုန်တွင် စမ္ပာကို ၀င်ရောက်တိုက်ခိုက်ခဲ့သော တရုတ်တို့သည် ဗုဒ္ဓဘာသာအနုပညာ လက်ရာများစွာကို တွေ့ရှိခဲ့ရသည် ဟု ဆိုသည်။ ကျောက်စာများအဆိုအရ ၈-ရာစုနှစ်၌ ကုန်ကင်ပြည်နယ်မှ မဟာယာန ဗုဒ္ဓဘာသာဝင် တရုတ်များ စမ္ပာနိုင်ငံထဲသို့ ၀င်ရောက်ခဲ့ကြောင်း သိရသည်။ ထိုအချိန်မှစ၍ ဗီယက်နမ်၌ မဟာယာနဗုဒ္ဓဘာသာ စတင်ပြန့်ပွားခဲ့သည်။ ဈင်ဗုဒ္ဓဘာသာသည်ကား ဗီယက်နမ်နိုင်ငံသို့ ၆-ရာစုမှစ၍ ရောက်ရှိခဲ့သော်လည်း ပြန့်ပွားခြင်း မရှိခဲ့ပေ။ ၁၆-ရာစုတွင်မူ တဖြည်းဖြည်းပြန့်ပွားလာရာ ယခုအချိန်တွင် အင်အားကောင်းသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လျက်ရှိပေသည်။
ယခုအခါ ဗီယက်နမ်နိုင်ငံ၌ ထေရ၀ါဒဗုဒ္ဓဘာသာသည်လည်း တစ်စတစ်စ ပြန့််ပွားလျက်ရှိကြောင်း၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဦးရေ တစ်သိန်းမျှရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၁၄ )
မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
မလေးကျွန်းဆွယ်သည်လည်း ရှေးခေတ်က သုဝဏ္ဏဘူမိ ဟု ခေါ်သော ဒေသ၌ပါဝင်ကြောင်း အချို့ ပညာရှင်တို့က ယူဆကြသည်။ ထိုအယူအဆရဆိုချေသော် တတိယသံဂါယနာတင်ပွဲအပြီး သာသနာပြု ဒေသများအတွင်ပါဝင်သည်။ ထို့ကြောင့် သာသနာနှစ် ၂၅၀-ခန့်တွင် ထိုဒေသသို့ ဗုဒ္ဓသာသနာတော် စတင် ရောက်ရှိခဲ့သည် ဟု ဆိုရပေမည်။ သို့သော် ခိုင်လုံသော အထောက်အထားကား မရှိချေ။ ထိုဒေသကို သုဝဏ္ဏဒီပ ဟု လည်း ခေါ်ဆိုကြသည်။
ခိုင်လုံသောအထောက်အထားများအရမူ ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုသုံး အိန္ဒိယအက္ခရာတို့ဖြင့် ရေးထိုး ထားသော သက္ကတဘာသာကျောက်စာတို့ကို မလေးကျွန်းဆွယ်အနှံ့အပြား၌ တွေ့ရှိရသည်။ ထိုကျောက်စာ တို့၌ ရေးထိုးထားသောစာများမှာ မဟာယာန မဇ္ဈိမိကဂိုဏ်း၏ အတွေးအခေါ်များဖြစ်ကြောင်း လေ့လာသိရှိရ သည်။ ထို့ကြောင့် ခရစ်နှစ် ၅-ရာစုခန့်ကပင် မလေးရှားကျွန်းဆွယ်၌ မဟာယာနဗုဒ္ဓဘာသာ ရောက်ရှိနေပြီ ဟု ယူဆရ သည်။
ခရစ်နှစ် ၇-ရာစု၌ ဆူမတြာကျွန်းတွင် သီရိဝိဇယနိုင်ငံသည် တန်ခိုးကြီးသော ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထင်ရှားခဲ့သည်။ မလေးကျွန်းဆွယ်သို့ပါရောက်ရှိခဲ့သော တရုတ်ခရီးသည် ရဟန်းတော် အိကျင်က ထိုနိုင်ငံ၌ ဗုဒ္ဓသာသနာ လွန်စွာထွန်းကား၍ အနီးဝန်းကျင်နိုင်ငံများသို့လည်း ဖြန့်ဖြူးနေကြောင်း၊ သဗ္ဗတ္ထိဝါဒထွန်းကား နေပြီး မဟာယာနလည်း အနည်းငယ်ရှိကြောင်း မှတ်တမ်းတင်ထားလေသည်။
ခရစ်နှစ် ၈-ရာစုတွင် သီရိဝိဇယနိုင်ငံကို အုပ်ချုပ်သော သေလေန္ဒြဘုရင်များသည် အိန္ဒိယပြည်မှ တန္တရ ဗုဒ္ဓဘာသာ ဗဟိုဌာနဖြစ်သော နာလန်္ဒတက္ကသိုလ်နှင့်လည်းကောင်း၊ တန်္တရဗုဒ္ဓဘာသာဝင် ပါလမင်းတို့၏ ၀ိက္ကမ သီလ၊ သြဒန္တပူရီ၊ ဂျဂဒ္ဒလတက္ကသိုလ်များနှင့်လည်းကောင်း ရင်းနှီးစွာ ဆက်ဆံမှုရှိခဲ့ကြသည်။ ပစ္စည်းလေးပါး ထောက်ပံ့မှုများပင် ရှိခဲ့သည်။ ထို့ကြောင့် သီရိဝိဇယနိုင်ငံအတွင်း၌ ပါဝင်သော မလေးကျွန်းဆွယ်၊ ဆူမတြာ၊ ဂျာဗားကျွန်းများသို့လည်း မဟာယာနဗုဒ္ဓဘာသာ ပြန့်ပွားခဲ့လေသည်။ ခရစ်နှစ် ၁၆-ရာစုတွင် အစ္စလာမ် စူလတန်ဘုရင်တို့က သီရိဝိဇယနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ထိုနိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သော မလေးကျွန်းဆွယ်သည်လည်း မူဆလင်တို့၏ လက်အောက်သို့ ကျရောက်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ မလေးကျွန်းဆွယ်၌ ဗုဒ္ဓသာသနာကွယ်ပျောက်သလောက်နီးပါး ဖြစ်သွားခဲ့သည်။
မျက်မှောက်ခေတ်တွင်မူ မဟာယာနဗုဒ္ဓဘာသာဝင် တရုတ်နွယ်ဖွားများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် အချို့၏ အားထုတ်မှုများကြောင့် ဗုဒ္ဓဘာသာတစ်စတစ်စ ပြန်လည်သက်ဝင် လှုပ်ရှားလာနေပေပြီ ဖြစ်သည်။ အထူးအားဖြင့် ပီနန်ကျွန်းတွင် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိနေကြပြီ ဖြစ်သည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာရောက်ရှိ ပြန့်ပွားပုံ ( ၁၅ )
အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားလာပုံ
သုတေသီပညာရှင်အချို့ယူဆကြသည့်အတိုင်း ဆူမတြာကျွန်းနှင့် မလေးကျွန်းဆွယ်တို့ကို သုဝဏ္ဏဘူမိ အဖြစ်သတ်မှတ်ကြလျင် အင်ဒိုနီးရှား၏ အစိတ်အပိုင်းဖြစ်သော ဆူမတြာသို့ ခရစ်မပေါ်မီ ၃-ရာစု၌ပင် ဗုဒ္ဓသာ သနာ စတင်ရောက်ရှိနေပေပြီ ဟု ယူဆရမည်ဖြစ်သည်။
ခရစ်နှစ် ၄၁၄-ခုနှစ်တွင် ဆူမတြာသို့ ရောက်ရှိခဲ့သော တရုတ်ရဟန်းတော် ဖာဟီယန်ကမူ ဆူမတြာ၌ ဗြာဟ္မဏဘာသာ ပြန့်ပွားလျက်ရှိကြောင်း၊ ဗုဒ္ဓဘာသာကို အနည်းငယ်မျှသာ တွေ့ရကြောင်း မှတ်တမ်းတင်ခဲ့ လေသည်။ သို့သော် ဖာဟီယန်နောက် နှစ်ပေါင်း ၂၀-ခန့်အကြာတွင် အိန္ဒိယပြည်မှ ဘုန်းတော်ကြီး ဂုဏ၀ါမန် သည် ဆူမတြာသို့ ကြွရောက်၍ ဗုဒ္ဓဘာသာတရားတော်များကို ဟောကြားဖြန့်ဖြူးခဲ့သည်။ ထိုအချိန်မှစ၍ ဆူမတြာ၌ မဟာယာနဗုဒ္ဓဘာသာ အမြစ်တွယ်ခဲ့လေသည်။
ကျောက်စာများအဆိုအရ ခရစ်နှစ် ၇-ရာစုကုန်ခါနီးတွင် နန်းတက်သော သီရိဝိဇယဘုရင်သည် ဗုဒ္ဓ ဘာသာကို လွန်စွာအားပေးချီးမြှောက်ခဲ့ကြောင်း ၊ ထိုအချိန်က မဟာယာနတန္တရဗုဒ္ဓဘာသာ လွန်စွာထွန်းကား ပြီး သံဃာတစ်ထောင်ကျော်နှင့် ဘုရားကျောင်းကန်များ များစွာရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုခေတ်တွင် ကြီးမားခမ်းနားသော ဗောရောဗုဓုစေတီတော်ကြီးနှင့် မန်ဒွတ်စသော စေတီများကို တည်ထားခဲ့သည်။ ဂျာဗား၊ ဘာလီ စသော အခြားကျွန်းများသို့လည်း ဗုဒ္ဓဘာသာပြန့်နှံ့သွားခဲ့သည်။
ခရစ်နှစ် ၁၃-ရာစုမှ ၁၅-ရာစုအတွင်း အင်ဒိုနီးရှား၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာနှစ်မျိုးကို ရောနှောကိုး ကွယ်ခဲ့ကြသည်။ ခရစ်နှစ် ၁၆-ရာစုတွင်မူ အစ္စလာမ်ဘာသာဝင် စူလတန်ဘုရင်များ ၀င်ရောက်သိမ်းပိုက်သည့် အချိန်မှစ၍ အင်ဒိုနီးရှား၌ မလေးရှားနီးတူ ဗုဒ္ဓဘာသာကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ ဟိန္ဒူဘာသာကမူ ဘာလီ ကျွန်း၌ ဆက်လက်ရှင်သန်လျှက်ရှိသည်။
မျက်မှောက်ခေတ်တွင် ဗုဒ္ဓဘာသာဝင် တရုတ်လူမျိုးများ တစ်စတစ်စ ၀င်ရောက်လာမှုကြောင့် ဗုဒ္ဓ ဘာသာ၏ သက်ဝင်လှုပ်ရှားမှုများ အသင့်အတင့်ရှိလာခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀-ခန့်က မြန်မာနိုင်ငံမှ မဟာစည်ဆရာတော် အရှင်သောဘဏသည် အင်ဒိုနီးရှားသို့ သာသနာပြုခရီး ကြွရောက်ဖူးသည်။ ယနေ့ အင်ဒိုနီးရှား လူဦးရေး သန်း ၂၀၀-ကျော်အနက် ဗုဒ္ဓဘာသာဝင် ဦးရေ ၁၀-သန်းခန့် ရှိနေပြီ ဖြစ်ကြောင်း သိရှိ ရသည်။

ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားပုံ ( ၁၆ )
အနောက်နိုင်ငံများ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
အင်္ဂလန်နိုင်ငံအပါအ၀င် အနောက်နိုင်ငံများသို့ ဗုဒ္ဓသာသနာ ရောက်ရှိပုံမှာ အရှေ့နိုင်ငံများသို့ ရောက် ရှိပုံနှင့် မတူပေ။ ဘုရင်အသောကကဲ့သို့သော သာသနာပြုစေလွှတ်သည့် မင်းလည်းမရှိခဲ့ပေ။ အရှေ့နိုင်ငံများမှ ကုန်သည်များ၊ ရဟန်းတော်များကလည်း ရောက်ရှိအောင် မဆောင်ရွက်ခဲ့ပေ။ စင်စစ် ခရစ်ယာန်ဘာဝင်တို့ ကိုယ်တိုင်ပင် ဗုဒ္ဓသာသနာတော်ကို မိမိတို့နိုင်ငံများသို့ သယ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
အနောက်နိုင်ငံသားများသည် ၁၆-ရာစု ခန့်ကပင် အရှေ့နိုင်ငံများသို့ နယ်ချဲ့ခဲ့ကြသည်။ ရှေးဦးစွာ ပေါ် တူဂီ ( ဒပ်ခ်ျ )၊ စပိန်တို့အားကောင်းခဲ့ကြပြီး နောက်ပိုင်းတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီတို့ အင်အားကြီးမား ခဲ့ကြသည်။ အနောက်နိုင်ငံသားတို့သည် စူးစမ်းလိုစိတ်ဖြင့် ကမ္ဘာအရပ်ရပ်လှည့်လည်ကြရင်း ကုန်သွယ်မှုများ ပြုလုပ်ခဲ့ကြသည်။ မိမိတို့တွေ့ကြုံရသည့် ခရီးသွားအတွေ့အကြုံများကိုလည်း သက်ဆိုင်ရာ မိခင်နိုင်ငံသို့ အစီ ရင်ခံကြလေ့ရှိကြသည်။ အစီရင်ခံစာအရ အခြေနေပေးသည်နှင့် နောက်ကစစ်တပ်လိုက်လာပြီး နိုင်ငံများကို သိမ်းပိုက်လိုက်ကြသည်။
စစ်နိုင်သော အနောက်နိုင်ငံသားတို့သည် ရွှေ၊ ငွေစသည့် အဖိုးတန်ပစ္စည်းများ၊ ကြေးစည်၊ ခေါင်းလောင်း၊ ပေပုရပိုက်စသော ဗုဒ္ဓဘာသာနှင့်စပ်သော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကိုလည်း သယ် ဆောင်ခဲ့ကြသည်။ ထိုပစ္စည်းတို့ကို ၎င်းတို့၏ နေအိမ်များ၊ ပြတိုက်များ၊ စာကြည့်တိုက်များနှင့် တက္ကသိုလ်များ တွင် အရှေ့တိုင်းယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ထိန်းသိမ်းထားတတ်ကြသည်။ အဆိုပါ ပစ္စည်းများထဲမှ ဗုဒ္ဓရုပ်ပွာတော်များနှင့် ပေပုရပိုက်များကို တွေ့မြင်ပြီး စိတ်ဝင်တစားလေ့လာရသောအခါ မိမိတို့မသိသေးသော အရှေ့တိုင်း၏ ဘာသာတရားဖြစ်ကြောင်း စတင်မိတ်ဆက်၊ သိရှိလာရသည်။
ထိုကဲ့သို့ စိတ်ဝင်တစားလေ့လာကြရင်း နောက်ပိုင်းတွင် တက္ကသိုလ်များက “ အိန်္ဒိယပြည်ဆိုင်ရာ ယဉ် ကျေးမှုအနုပညာစာပေဘာသာရပ် ( Indology ) ” ဟူသော ဌာနထောင်၍ လေ့လာကြသည်။ ထိုမှတဖန် ထိုဌာနကိုပင် ချဲ့ထွင်၍ “ အရှေ့နိုင်ငံများဆိုင်ရာ ယဉ်ကျေးမှုအနုပညာဘာသာရပ် ( Orientology ) ” အဖြစ် တိုးချဲ့လေ့လာကြပြီး ယခုအခါတွင် အနောက်နိုင်ငံများရှိ တက္ကသိုလ်ကြီးများတိုင်းတွင် “ ဗုဒ္ဓဘာသာ လေ့လာရေး (Buddhist Study ) ” ဌာနများ သီးခြားဖွင့်လှစ်သင်ကြာနေကြပြီ ဟု လည်းသိရှိရသည်။ အရှေ့တိုင်းယဉ်ကျေးမှုအနုပညာနှင့် ဗုဒ္ဓဘာသာလေ့လာမှုတွင် ဂျာမဏီတက္ကသိုလ်များသည် အတက်ကြွဆုံး ဖြစ်ကြသည်။
ထိုတက္ကသိုလ်များ၏ကျေးဇူးနှင့် အခြားပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် ယခုအခါတွင် ဗုဒ္ဓဘာသာကို ဥရောပနိုင်ငံများတွင် သာမကတော့ဘဲ အမေရိကနိုင်ငံများအထိ စိတ်ဝင်တစား လေ့လာနေပြီး အောလ်ကော့၊ အက်ဒွက်အာနိုး၊ အရှင်အာနန္ဒာမေတ္တေယျ၊ ဘိက်္ခုသီလာစာရ၊ မစ္စ်ရိုက်ဒေးဗစ် (ပါဠိဒေ၀ီ) စသော အနောက် နိုင်ငံသား သာသနာပြုသူရဲကောင်း မြောက်များစွာ ပေါ်ထွက်ခဲ့ပြီးဖြစ်ပါသည်။
အနောက်နိုင်ငံရောက် ဗုဒ္ဓဘာသာတွင် ထေရ၀ါဒဗုဒ္ဓဘာသာထက် မဟာယာနဗုဒ္ဓဘာသာက ပိုမိုအား ကောင်းစွာ ရောက်ရှိသာသနာပြုနေပြီး ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံရဟန်းတော်များအတွင်းမှ သီရိလင်္ကာရဟန်း တော်များက ဦးဆောင် သာသနာပြုနေကြပါသည်။

( ဘိက္ခုသကျလောက )
မှီငြမ်း။    ။ ဗုဒ္ဓဒေသနာ ပြန့်ပွားရေးပညာဌာန ပို့ချချက်များ
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ( ရန်ကုန် )နှင့် အခြားစာစုများ။
ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ (အပိုင်း ၁) ကို ဖတ်ရန်  Link

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More