Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

စင်တင်ကဏ္ဍ သုံးသပ်ချက် -၂၀၁၃၊ ဇွန်လ



အသွင်သစ်နှင့် ပြန်လည်ထွက်ရှိလာသည့် ရွှေဒေါင်းတောင်အွန်လိုင်းမဂ္ဂဇင်းသည် ကလောင်သွေးလို သော ကလောင်သစ်များအား လက်တွဲခေါ်ယူရန်ဆန္ဒရှိသည့်အတွက် “စင်တင်ကဏ္ဍ” ကို ထည့်သွင်းပေးရန် စီစဉ်ခဲ့ပါသည်။ စင်တင်ကဏ္ဍ သို့ ပေးပို့နိုင်သည့်အမျိုးအစားများကို “၀တ္တု၊ အက်ဆေး၊ ” ဟူ၍ ကနဦးစွာ သတ်မှတ်ထားပါသည်။
ရောက်ရှိလာသော စာမူများထဲမှ သင့်တော်ကောင်းမွန်သော စာမူများအား အယ်ဒီတာ အဖွဲ့၏ အနှစ်ချုပ်သုံးသပ်ချက်နှင့်အတူ “စင်တင်ကဏ္ဍ” တွင် လစဉ်ရွေးခြယ်ဖော်ပြသွားမည် ဖြစ်သည်။
ယခု (၂၀၁၃ ဇွန်လ) ထုတ်အတွက် အက်ဆေးတစ်ပုဒ်နှင့် ၀တ္တုတိုတစ်ပုဒ် ရွေးခြယ်ထားပါသည်။ ဂျွန်မိုး၏ “သရုပ်ခွဲဇာတ်ညွှန်းတစ်ပုဒ်” နှင့် ပျူမခ (ကော့သောင်း) ၏ “တစ်ခုသော ကောင်းကင်အောက်က အိပ်တန်းကွဲငှက်ငှယ်” တို့ဖြစ်သည်။
သရုပ်ခွဲဇာတ်ညွှန်းတစ်ပုဒ်
(ရသစာတမ်း)
ရေးသားသူ = ဂျွန်မိုး
အဝေးတစ်မြေရောက်နေသူတစ်ဦး၏ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ရပ်ရွာဇာတိတို့ကို လွမ်းဆွတ်တမ်းတနေမှု များအား နေရာ၊ ဒေသ၊ အဖြစ်အပျက်အသီးသီးတို့ဖြင့် နှိုင်းယဉ်စွာ ဖော်ပြရေးသားထားသော အက်ဆေးတစ်ပုဒ် ဖြစ်သည်။ ပြေပြစ်တည်ငြိမ်သော အရေးအသားက မတူညီခြားနားသော နေရာဒေသနှစ်ခု၏ ပစ္စက္ခအခြေအနေ၊ ပုံရိပ်မြင်ကွင်းတို့ကို စာဖတ်သူအတွေးအာရုံဝယ် မြင်ယောင်လာအောင် ရေးဖွဲ့သွားနိုင်ခဲ့သည်။ ညမြင်ကွင်းများ၊ လိုရာသွားနိုင်သော ရထားများ၊ အစားအစာများ၊ အရုဏ်ဦးတေးသံ၊ နေထိုင်ရာပတ်ဝန်းကျင် စသည်တို့ကို အတွေးပုံရိပ်တို့ဖြင့် မြို့ပြနှင့် ဇာတိမြို့မြင်ကွင်း တလှည့်စီတဖျပ်ဖျပ်ပုံပေါ်လာအောင် ရေးဖွဲ့ခဲ့သည်။ Nursing Home များအကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဆိုးမွေကို မသိမသာခပ်ပါးပါးထည့်သွင်းရေးသားသွားခဲ့သည်။
အရေးအသား အထူးပြောစရာမရှိလှသည့် စာမူဖြစ်ပါသည်။ အဝေးရောက်နေသူ၏ အဇ္ဈတ္တပုံရိပ်၊ မာန် တင်းထားရသော ၀မ်းနည်းလွမ်းဆွတ်မှုတို့ကို စာကြောင်းအနည်းငယ်ဖြင့် ပုံပေါ်အောင် ရေးဖွဲ့နိုင်ခဲ့သည်။
“ရသမျှ ပရိတ်၊ ပဠာန်းတို့ကို ဌာန်ကရိုဏ်းကျသည် မကျသည်ထက် အလိုလောဘအားကိုးနှင့် အကြိမ် များစွာရွတ်ရပြန်သည်”
“မည်သို့ပင်ဖြစ်စေ ဘုရင့်နောင်သည်လည်း လူသားပေမို့ မျက်ရည်တော့ဝဲတတ်ခဲ့လိမ့်မည်ထင်ပါသည်”
“အဆင့်အတန်းမြင့်မှုများအကြားတွင် ပေးဆပ်နေရသော အသည်းနှလုံးတို့များစွာ ရှိနေပါလိမ့်မည်”
စာသားထပ်ခြင်း၊ ထောင့်ခြင်းမရှိပါ။ အဆုံးသတ်တစ်ကြောင်းသာ အနည်းငယ်မျှ မဆိုစလောက် သံတူ စာသားထပ်ပါသည်။
“ဟုတ်ပေသားပဲ…..ကိုယ် က လက်ဘက်ရည်ကိုသာ နှစ်ခြိုက်သူဆိုတော့ သူ့ဆီက အေးစက်စက်မချိ ပြုံးလေးရတာ ဆန်းမှမဆန်းဘဲ။”
“ဟုတ်ပေသားပဲ…..ကိုယ် က လက်ဘက်ရည်ကိုသာ နှစ်ခြိုက်သူဆိုတော့ သူ့ဆီက အေးစက်စက်မချိ ပြုံးလေးရတာ ဆန်းလှသည်တော့ မဟုတ်ပေ။ 
နမူနာပြင်ဆင်ပြချက်သာဖြစ်ပါသည်။ နိဂုံးတစ်ပိုဒ်လုံးကို ရွတ်ဆိုကြည့်လျှင် ကွာခြားချက်ကို သိရှိပါလိမ့် မည်။ ခြုံငုံသုံးသပ်ရသော် “သရုပ်ခွဲဇာတ်ညွှန်းတစ်ပုဒ်” သည်ခေါင်းစဉ်နှင့် ဟပ်မိကာ မိမိပြောလိုရာကို ညင်သာ သိမ်မွေ့စွာ တစ်ချက်ခြင်းရေးဖွဲ့သွားနိုင်သည့် အနုပညာမြောက်လှသည့် အက်ဆေးတစ်ပုဒ်ဖြစ်ပါသည်။
ဆက်လက်အားထုတ်ကြိုးပမ်းမှုကို စောင့်မျှော်လျက်…။

တစ်ခုသော ကောင်းကင်အောက်က အိပ်တန်းကွဲငှက်ငယ်
ဝတ္တုတို
ရေးသားသူ = ပျူမခ (ကော့သောင်း)
ရေမြေခြားအမျိုးသမီးကလေးတစ်ဦးနှင့် အမှတ်မထင်တွေ့ဆုံရာမှ သံယောဇဉ်ကြိုးရစ်ပတ်နွယ်ပုံကို ဖော်ပြထားခြင်းဖြစ်သည်။ ရိုးရှင်းသောဆုံတွေ့မှုလေးများကို ပြေပြစ်ညင်သာစွာရေးဖွဲ့ထား၍ စိတ်ဝင်စားစေရန် ဆွဲဆောင်နိုင်ခဲ့သည်။ အရေးအသားချောမွေ့ပါသည်။ တစ်ခုသတိပြုရန်မှာ စကားပြောဘန်းစကားများ ထည့် သွင်းအသုံးမပြုရန်ပင်ဖြစ်သည်။
ဥပမာ - ခေါင်းမဖော်တမ်းကို တီးနေသည
နှုတ်ခမ်းအထက်တွင်ပေနေသော မုန့်အစအနလေးကိုတောင် အမှုမထားနိုင်အားပဲ လွေးနေသော သူမက ကျွန်တော့်စိတ်ကို ညှို့နိုင်လွန်းသည်။
နမူနာပြင်ဆင်ချက် (( သူမကလေး စားနေသည်မှာ ခေါင်းပင်မဖော်နိုင်။ နှုတ်ခမ်းအထက်တွင် ပေနေသော မုန့် အစအနလေးကိုတောင် အမှုမထားနိုင်ရှာသည့် သူမ သွင်ပြင်လေးက ကျွန်တော့်စိတ်ကို ညှို့နိုင်လွန်းသည်))
“သူကကိုယ့်အိမ်လာလည်သူကို ကူညီပေးရမည် ကိုသာ အသိစိတ်ကိုအမြန်သွတ်သွင်းရပါသည်။”
စာသားအလောကြီးမှုဟု ထင်ပါသည်။
နမူနာပြင်ဆင်ချက် (( သူက ဧည့်သည်……..ကိုယ့်အိမ် လာလည်သူကို ကူညီပေးရမည်ဟုသာ အသိစိတ်ကို အမြန်သွတ်သွင်းရပါသည်။))
တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံပြောဆိုပုံကလေးများ အရေးအဖွဲ့ညင်သာသိမ်မွေ့ပါသည်။ လှပသော ကဗျာတစ်ပုဒ်ဖတ်ရှုနေရသည့်နှယ်။ အပို အလိုမရှိ။ စရိုက်သဘာဝမှန်ကန်အောင် ရေးသွားနိုင်ပါသည်။
နိဂုံးပိုင်း အပိုဒ်များတွင်မူ ဆိုလိုရင်းကိုမြင်သာအောင် ဆောလျင်စွာရေးဖွဲ့လိုက်သည်ဟု ထင်မြင်မိပါ သည်။ နိဒါန်းညင်သာသိမ်မွေ့သလို နိဂုံးကိုပါ သိမ်မွေ့စွာရေးသားသွားနိုင်လျှင် ပိုမိုကောင်းမွန်သော ၀တ္တုတို တစ်ပုဒ် ဖြစ်လာမည်ဟု သုံးသပ်မိပါသည်။
ဆက်လက်အားထုတ်ကြိုးပမ်းမှုကို စောင့်မျှော်နေပါသည်။

ကလောင်သစ်များအားချစ်ခင်စွာကြိုဆိုလျှက်
အယ်ဒီတာအဖွဲ့
ရွှေဒေါင်းတောင်အွန်လိုင်းမဂ္ဂဇင်း

မောင့်ပန်းဦး



မောင့်ပန်းဦး
ခူးမယ့်အာရုံ။
နောက်နောင်ကို
သံလှောင်ကြီးရယ်နှင့်
မီးဒုက္ခအုံ။

ဒွိဟမြုံ ချတုံချဆဲ။
ကျွန့်မျက်ပျံ
ခွန်းဆက်ဟန်
တစ်ခါမပြုံးခင်က
ဘုန်းငိုက်စိုက်လဲ။ ။

ဆရာဇော်ဂျီ
ဒီ မောင့်ပန်းဦးဆိုတဲ့ ကဗျာလေးဟာ ကျွန်တ်ာနှစ်သက်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတွေထဲကတစ်ပုဒ်ပါ။ ဒီ ကဗျာလေးကို ဖတ်ရင် အိမ်ထာင်ရက်သားကျဖို့ စိတ်ကူးနေတဲ့ လူပျိုလေးတွေ၊ လူပျိုကြီးတွေအဖို့ တွန့်ဆုတ်သွားစေတဲ့ ကဗျာလေးမို့ မိတ်ဆွေသူငယ်ချင်းတွေထဲက ချစ်ခင်ရတဲ့သူတွေ အိမ်ထောင်ပြုချင်တဲ့ စကားလေးများပြောလာရင် နောက်ရင်းကြည်စယ်ရင်း ရွတ်ဆိုပြခဲ့တဲ့ ကဗျာတွေထဲက တစ်ပုဒ်ဆိုရင်လည်းမှားမယ်မထင်ပါ။
ကဗျာတွေကို ရွတ်ပြီဆိုကတည်းက ကဗျာစာဆို က၀ိတွေရဲ့ ဂုဏ်ကျေးဇူးကိုလည်း မေ့လို့ရမယ်မထင်ပါဘူး။ ဆရာဇော်ဂျီလို့ လူသိများခဲ့ ဆရာဦးသိန်းဟန်ဟာ ခေတ်စမ်းစာပေတွေကို ရေးသားခဲ့ကြတဲ့ ဆရာတွေထဲမှာ အဓိက ဦးဆောင်ခဲ့ကြသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
“မောင့်ပန်းဦး” ကဗျာကို ဆရာကြီးဇော်ဂျီက ရေးသားခဲ့တာ နှစ်ဆယ်ဝန်းကျင်လောက်ကပါ။ လူငယ်သဘာဝ အချစ်ရေးကိုစဉ်းစားမိသော်လည်း ရှေ့ရေးစဉ်းစားမိရင်ဖြင့် မီးလိုပူလောင်မူတွေနဲ့ သံလှောင်အိမ်ထဲ ထည့်ခံထားရသလို ဒုက္ခများမယ့်အရေးကိုလည်း တွေးတောမိရင်း ချစ်သူကို ချစ်သော်လည်း ဖွင့်ဟမပြောပဲ မျိုသိပ်နေလိုက်တာလေးကို လှလှပပလေး ဖွဲ့ဆိုသွားခဲ့တာပါ။ ဒီကဗျာကို ၁၉၂၈ ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ ယူနီဗာစီတီ ကောလိပ်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတာမို့ ဆရာဇော်ဂျီ အသက် ၂၁ နှစ်သာရှိသေးပါလိမ့်မယ်။ လူငယ်ဘ၀ရင်ခုန်သံ ကဗျာတွေထဲက တစ်ပုဒ်ဆိုရင်လည်း မမှားဘူးလို့ ဆိုနိုင်မှာပါ။
ဒီကဗျာလေးကို ၁၉၉၈ခုနှစ်က စာပေလောက စာအုပ်တိုက်ကနေပြီး မှတ်မှတ်ရရ စာပေလောကရဲ့ စာအုပ်ထုတ်ဝေတဲ့ အုပ်ရေ (၂၄၀ ) ပြည့်မြောက် အဖြစ်နဲ့ ထုတ်ဝေခဲ့တဲ့ “ဇော်ဂျီ ကဗျာပေါင်းချုပ်” စာအုပ်မှာပါဝင်ခဲ့ပါတယ်။ အဲဒီစာအုပ်မှာ အခန်း  ( ၅) ခန်း ခွဲဖော်ပြထားပြီး ကဗျာ ၂၁၆ ပုဒ် ပါဝင်ပါတယ်။ “မောင့်ပန်းဦး” ကဗျာကိုတော့ ဆရာရဲ့ ငယ်လက်ရာတွေကို စုစည်းထားတဲ့ ရှေ့ပြေးကဗျာစု ကဗျာများထဲမှာ ပါဝင်ထည့်သွင်းထားတာကို တွေ့ရပါတယ်။ စီစဉ်သူတွေရော ထုတ်ဝေသူတွေရဲ့ ကြိုးပမ်းအားထုတ်မူတွေရဲ့ စေတနာဟာ ဒီစာအုပ်လေးက သက်သေပြနေတာမို့ ပိတီဖြစ်စရာ  ကောင်းလှပါတယ်။




“ဇော်ဂျီ ကဗျာပေါင်းချုပ်”မှာပါဝင်တဲ့  “မောင့်ပန်းဦး” ကဗျာ


ကမာနီလာ

ရှတတမိတော



မိတောနှင့် စတင်သိကျွမ်းရသည်မှာဆန်ပိုးများဖြစ်သည်။ ယခင်က မလေး (အိမ့်ချမ်းမြေ့) မိတော ဇာတ်လမ်းများစွာကို ရေးခဲ့သည်ဟုဆိုသည်။ သို့သော် ကျွန်မ မဖတ်ဖူးခဲ့။ အင်တာနက်ဘလော့ဂ်စာမျက်နှာကို နောက်ကျမှ ရောက်ရှိလာခြင်းကြောင့် ယခင်ရေးနှင့်ကြပြီးသော ဘလော့ဂ်စာများကို မဖတ်ရှုဖူးခဲ့ပေ။ အချိန်ရှားပါးမှုနှင့် မျက်လုံးပြဿနာကြောင့် စာစုံဖတ်ရှုနိုင်ဖို့၊ ရှာဖွေဖို့ခဲယဉ်းနေခဲ့သည်။ 'မိတောနှင့်ဆန်ပိုးများ' ကိုဖတ်ရှုမိချိန်တွင် သဘောတကျနှင့် အစမှ အဆုံးတိုင် ပေါ့ပါးရွှင်သာစွာ ဖတ်ရှုဖြစ်သွားသည်။ ဆန်ပိုးများကို တွေ့ရှိကာရှင်းလင်းဖြစ်ရာမှ ၎င်းဆန်ပိုးလေးများအကြောင်း စပ်စပ်စုစုရှာဖွေလေ့လာသည့် အကြောင်းမျှသာ ဖြစ်သော်လည်း ရေးသားပုံသွက်လက် အရွှင်ဓာတ်ပါကာ ခေတ်ကိုပါ မထိတထိသရော်စာလေးများဖြင့် ရိပ်ဖမ်း သံဖမ်းထည့်ရေးသွားသည်။
မိတောခမျာ သူ့ဆန်ပိုးများအကြောင်း ပြောပြရန် ကိုရင်သာအေးကိုလိုက်ရှာနေချိန်တွင် တွေ့မြင်လိုက်ရသောအဖြစ် သနစ်ကိုရေးပြသွားသည်မှာ တစ်ပိုဒ်ထဲနှင့် မျက်မှောက်ခေတ်ကို သိမ်းကြုံးသရော်သွားနိုင်သည်။
'အင်တာနက်စာမျက်နှာများပေါ်တွင်မြန်မာပြည်အရေးများဖတ်ပြီး မျက်နှာတည်တည်ကြီးဖြစ်နေသော ကိုရင်သာအေး ကိုလှမ်းမြင်လိုက်သည်။ သူ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ခြင်းဖြင့်မြန်မာပြည်တစ်နေရာရာမှာမြစ်ရေလျှံပြန်ပြီလား၊ မီးပျက်ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီလား၊ ဆည်တွေဆောက်ကြပြန်ပြီလား၊ တောင်တွေ ဖြိုပြန်ပြီလား၊ ဘယ်သူက ဘယ်သူ့ကိုနမ်းပြန်ပြီလဲ…တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို ရိပ်မိလိုက်ရပြန်သည်။ဒါကြောင့် ဘာမှ မပြောဝံ့တော့ဘဲ အိမ်ပေါ်သို့ အသာလေးတက်လာလေသည်။'
မိတောရေးသားပုံမှာ အရွှန်းဖောက်နေခြင်းမဟုတ်သော်လည်း သူမ၏ပြုမူလှုပ်ရှားပုံကလေးများ၊ စကားများ၊ ပတ်ဝန်း ကျင်မှ လူများနှင့် ကူးလူးဆက်နွယ်သော အဖြစ်သနစ်များက ပြုံးစရာ၊ ရယ်မောစရာဖြစ်နေသည်။ တစ်နည်း လူ့စရိုက်၊ လူ့ သဘာဝကို အသော့လေး ဖော်ဆောင်နေသည့်နှယ်။ 'ဆန်ပိုးများ' ကို ဖတ်ပြီးပြီးချင်း မိတော၏ပုံရိပ်ကို အသေအချာမြင် ယောင်လာမိသည်။ အလားတူ မိတော စာစုများရှိနေသေးကြောင်း သိရှိရချိန်တွင် တစ်ပုဒ်အကြောင်းအရာတစ်မျိုးစီနှင့် လူနေမှုဝန်းကျင်၏ ကမောက်ကမ၊ ခေတ်၏ ယိုင်နဲ့မှုတို့ကို ဖော်ပြသွားလိမ့်မည်ဟု ခန့်မှန်းသိရှိခဲ့သည်။
မိတောစာစုများ စုစည်းထုတ်ဝေမည်ကြားရသောအခါ ၀မ်းသာမိသည်။ မိမိ မဖတ်ရသေးသော မိတောစာစုများကို တစ်စုတစည်းတည်း ဖတ်ရတော့မည်။ သို့သော် တော်တော်နှင့် မိတောက စာအုပ်အဖြစ်ရောက်ရှိမလာ။ စာရေးသူက ဝေးလံ လှသော ကနေဒါနိုင်ငံတွင် အခြေချနေထိုင်ခြင်းကြောင့် စာအုပ်တစ်အုပ်အဖြစ်ပုံဖော်ရန် လွယ်ကူချောမွေ့မှုရှိမည်တော့ မဟုတ်။ ထိုသို့ဖြင့် မေလလယ်ခန့်တွင် 'မိတောရဲ့ရှတတနေ့စွဲများ' အဖြစ်စာအုပ်ထွက်ရှိလာလေသည်။
ဦးစွာ စာအုပ်အပြင်အဆင်ကို နှစ်သက်သဘောကျစွာ သတိပြုမိခဲ့သည်။ နံ့သာရောင်ဖျော့ဖျော့နောက်ခံတွင် ရှေ့မျက် နှာဖုံးရှိ ကွန်ပြူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသော ဆံရစ်ဝိုင်းလေးနှင့် မိတော သရုပ်ဖော်ပုံက ပြုံးမိစေသည်။ မိတော ဘာတွေများ အလုပ်ရှုပ်၊ ဘယ်လိုအရာတွေ ကြုံတွေ့ပြုံးမိစေဦးမည်လဲ..။
နောက်ကျောဖုံးတွင်
'ဖြစ်လေ့ဖြစ်ထရှိတဲ့
အဆီအငေါ်မတည့်မှုများ
ကပေါက်တိကပေါက်ချာများအတွက်
အမြဲရှိနေမယ့် မိတောရယ်ပါ'
ဟု မိတောကို တိုတောင်းစွာ ဖွင့်ဆိုထားသည်။ ဖလင်ပြားအတွန့်အလိပ်များထက်မှ မိတော ဇာတ်ဝင်ခန်းများက စိတ် ၀င်စားမှုကို အရှိန်မြင့်စေသည်။ လောကသဘာဝအတွင်းမှ မသိလိုက်၊ မသိဘာသာ သတိမထားမိကြသော အဆီအငေါ် မတည့်မှုများ၊ အံဝင်ခွင်ကျမဖြစ်မှုများ, များစွာ ရှိနေပါသည်။ ဒါတွေကို သတိပြုမိသော စာရေးဆရာမကတော့ 'မိတော' ကိုဖြစ်တည်စေခဲ့ပြီ။ ဆံရစ်ဝိုင်းလေးနှင့် မိတော မည်သို့သော အဖြစ်အပျက်တွေကြားမှာ မြင်တွေ့ရမည်လဲ…။
*******
မိတောကို 'မိတောနှင့် နွယ်ရီ၊ သဲတဖြစ်လဲ မိတော၊ မိတောနှင့် ကနေဒီယန် ကန်စွန်းရွက်၊ မိတောရဲ့ နံနက်ခင်း၊ မိတောနှင့် ပုရွတ်ဆိတ်သိုင်းလေပွေရိုင်း၊ မိတောနှင့် အညိုရိပ် (၅၀)၊ မိတောနှင့် ၀ါးမီးတိုင်များ၊ မိတောနှင့် အမြွှာတံတားကြီး၊ မိတောနှင့်ဘဲဆီ၊ မိတောနှင့် ဆန်ပိုးများ၊ မိတောနှင့် ငါးပုပ်ခြောက်၊ မိတောနှင့် နွေရက်များ၊ မိတောနှင့် နှင်းမုန်တိုင်းတစ်နေ့၊ မိတောနှင့် ရန်ကုန်'စသဖြင့်ခေါင်းစဉ် (၁၄) ခုနှင့်မြင်တွေ့ရပါသည်။ ကနေဒါနိုင်ငံတွင် အခြေပြုနေသော ဇာတ်ကောင်မိတော၏ မြန်မာဆန်သော အတွေးအမြင်၊ အငွေ့အသက်ကို ရရှိခံစားမိသည်။ ဇာတ်လမ်းတစ်ခုစီ၏ ပီပြင်ကျန သော သရုပ်ဖော်ပုံများက မိတောသရုပ် ကို ပိုမိုပီပြင်စေပါသည်။ မှတ်မှတ်ရရဖြစ်မိစေသော၊ စွဲထင်နေသည့် မိတော၏ ပုံရိပ် အချို့တစ်ဝက်ကို ဖော်ပြလိုက်ပေသည်။
မိတောနှင့်နွယ်ရီ
မိတော သူငယ်ချင်း နွယ်ရီဟူသော အမည်လှလှကို ကနေဒါမှ ကားလိုင်စင်ရုံးဝန်ထမ်း၏ မပီသစွာ ခေါ်လိုက်ပုံ က 'နွားကြီး' တဲ့..။ မအီမလည် နွယ်ရီ့ ရုပ်သွင်ကိုပါမြင်ယောင်ကာပြုံးမိစေသည်။ ဘာသာစကား အကူးအပြောင်းသည် မိတော ၏ ပတ်ဝန်းကျင်ဝယ် ပေါ့ပါးရယ်မောစရာအဖြစ် ဖြစ်တည်သွားလေသည်။ ချိုသဲခင်၏ အဖြစ်သနစ်ကလည်း မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချင်စရာ။ စက်မဖွင့်ရသေးသည့် မျက်စိစမ်းသပ်စက်ထဲ ၀င်ကြည့်ကာ မမြင်ရတော့ဘူး ဟူသည့် သူငယ်ချင်းမ ချိုသဲခင်ကို မိတောကလည်း ကပေါက်တိကပေါက်ချာအားပေးနေပြန်ပါသေးသည်။ ထိုသို့သော မိတော…..။
သဲတစ်ဖြစ်လဲ မိတော
နာမည်တွင် သဲ မပါလေသော မိတောကို သဲ ဟု တသွင်သွင်ခေါ်လေ့ရှိသည့် အန်တီကြီးများနှင့် အဖြစ်သနစ် များက ပြုံးချင်စရာ။ အန်တီကြီးများ၏ဖြစ်ပျက်မှုအလွဲများ၊ အတွေးအလွဲတွေကြား မိတောခမျာ အူလည်လည်ဖြစ်နေရှာသည်။ ခမ်းနားလှပသော အေးချမ်းသာယာသည့် အဆောက်အဦးကြီးကို ငှားနေကြမည်ဟု အတိုင်အဖောက်ညီနေကြသည့် အန်တီကြီး တို့ကို အရူးထောင်ဟု ကပျာကယာရှင်းလင်းပြောပြရသေးသည်။ ဆံပင်ညှပ်ဆိုင်လမ်းညွှန်လိုက်သည်ကို ရှာမတွေ့လေသော လူငယ်တစ်ဦး၏ အဖြစ်သနစ်က ရယ်စရာ။ The Bay ဟူသည့် ဆိုင်ကိုရှာမတွေ့ဘဲ ပန်းပွင့်ကြီးနှင့်ဆိုင်သာ တွေ့ခဲ့သည်တဲ့။ ဆိုင်၏ ဆိုင်းဘုတ်ရုပ်ပုံကို ထည့်သွင်းဖော်ပြထားသည်ကို ကြည့်မိပါက ရယ်ချင်စရာအမှန်ဖြစ်ပါလိမ့်မည်။
မိတောနှင့် ကနေဒီယန်ကန်စွန်းရွက်
ရှားပါးလှသည့် ကနေဒီယန်ကန်စွန်းရွက်များ အစ်မ၀မ်းကွဲ၏ အိမ်နားရေမြောင်းထဲမှာ တောထအောင်ပေါက်နေ သည့် သတင်းကြားရ၍ ခူးယူရန် နေ၀င်ရီတရော အချိန်ကို ရွေး၍ ၀မ်းသာအားရသွားလေသည့် မိတော…။ သူ့နှယ် ကန်စွန်း ရွက်ခူးထွက်ကြလေသော ရွှေမြန်မာများအား အုန်းအုန်းကျွတ်မျှ တွေ့လိုက်ရ၍ ရှက်အားပို နောက်ပြန်လှည့်မိလေသော မိတော…။ မြူးကြွသော အရေးအသားက မိတောကို ပုံပေါ်မြင်ယောင်လာစေသည်..။
မိတောနှင့် ပုရွက်ဆိတ်သိုင်း လေပွေရိုင်း
ညနေခင်းကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သော အဖြစ်သနစ်မှာ ပြုံးချင်စရာမက ဒေသတွင်း ပြုလေ့ ရှိသည့် ပုံရိပ်များကိုပါမြင်သာစေပါသည်။ တရုတ်အဘိုးကြီးတစ်ဦးပြုလုပ်သလို သဘာဝဓာတ်တွေ စီးမျောလာအောင် လိုက်လံ တုပလေ့ကျင့်ခန်းပြုလုပ်ကြည့်ပါလေသော မိတော…သူ့အလှည့်ကျကာမှ ပုရွတ်ဆိတ်အုံနှင့် တိုးမိ၍ ပုရွတ်ဆိတ်သိုင်း ဖြစ်သွား ရတော့သည်။ ထိုစာပုဒ်ကလေးတွင်တော့ မိတော မိသားစု၏ ဘ၀နေထိုင်မှု၊ ကူးလူးဆက်နွယ်မှု ပုံရိပ်ကလေးများကိုပါ ခပ်လွန့်လွန့်မြင်ရလေသည်..။
မိတောနှင့် ၀ါးမီးတိုင်များ
အစိုးရ ရုံးတစ်ရုံး၏ ဧည့်ကြိုနေရာတွင် အများပြည်သူကြည့်ရန်ထားပေးသည့် ကွန်ပြူတာခုံကလေးမှာ ထိုင်ရန်ကြိုးစားသည့် တရုတ်အဘိုးကြီး၏ အဖြစ်ကိုဖတ်ရသည်တွင် အသံထွက်ရယ်မောမိတော့သည်။ ကွန်ပြူတာခုံမှာ အရှင်မို့ လိုသလိုညှိယူရသည်ဖြစ်ရာ ထိုအရာနှစ်မျိုးကို အခါခါညှိယူနေရာမှ ချွေးတလုံးလုံးဖြစ်နေရှာသည့် တရုတ်အဘိုးကြီးကိုမြင်ယောင်လာသည်အထိ အရေးကောင်းခဲ့သည်။ မိတော ကူညီပေးလိုက်၍ အဆင်ပြေသွားသော် တပြုံးပြုံးနှင့် သုံးစွဲမည်ပြင် ကာမှ နှစ်မိနစ်လောက်ပဲ ရှိသေးသည့်အချိန် ချိန်းထားသည့် သူ ရောက်လာ၍ မထချင်ထချင် ထလိုက်ရသည်ကို ရေးထားရာ ရယ်မောသဘောကျမိသည်။
'ကွန်ပြူတာ ကြည့်တော့မည်ဆိုကာမှ လာခေါ်သော အမျိုးသမီးနောက်သို့ မကျေမနပ်လိုက်ပါမသွာခင် စိတ်တိုပြီး မောက်စ်ကို တစ်ချက်မသိမသာ ဆောင့်ချလိုက်သည်'
ထို့နောက် ရာသီဥတုသာသာယာယာရှိလေတုန်း ကဗျာဆန်ဆန် ၀ါးမီးတိုင်လေးတွေ ထွန်းကာ ညအလှကို ရှုစားခံစားချင်ပါလေသည့် မိတော..။ နောက်ဆုံးတော့ ပတ်ဝန်းကျင်မှ လူအများ အိပ်မောကျလေမှ ကြယ်ရောင်ပြိုးပျက် ညလေသာသာယာယာက တိုက်ခတ်ချိန်တွင် သူမ၏ ငါးမူးတန်ဝါးမီးတိုင်အလှများကို အေးအေးချမ်းချမ်း ရှုစားခွင့်ရတော့သည်။ အနုပညာဖြင့် ပျော့ပြောင်းနူးညံ့လှပါလေသော မိတော……။
မိတောနှင့် အမြွှာတံတားကြီး
ခမ်းနားလှပပါလေသော အမြွှာတံတားကြီး၏ ပုံရိပ်ကိုပါ ထည့်သွင်းဖော်ပြထားသည်။ သူ နေ့စဉ်ဖြတ်သွားနေရ သည့် တံတားကြီးအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးဆန်သော အပုဒ်တစ်ပုဒ်ဖြစ်ကာ ဒေသတွင်းဗဟုသုတများ၊ ဖွံဖြိုးပြီးနိုင်ငံများ၏ လက်ရှိလူနေမှုတို့ကို မသိမသာခပ်ပါးပါး ဖော်ပြသွားသည်။ နေ့စဉ်ဖြတ်သန်းသွားလာနေကျ ယာဉ်ကြော ငါးလိုင်းပါ တံတားဘေးမှာ ယာဉ်ကြောဆယ်လိုင်းပါ တံတားကြီးလာဆောက်နေသည်ကိုပင် သတိမပြုမိသည့် မိတော၏ စကားများက ပြုံးချင်စဖွယ်..။
'မိတောလည်းညာဘက်က တောင်တန်းကုန်းမြင့်များကိုသာ ငေးပြီး စာရေးဖို့လောက်ပဲ စဉ်းစားနေသောကြောင့် လည်းကောင်း၊ ကိုယ့်တိုင်းပြည်လည်း မဟုတ်သဖြင့် ၁၀ လိုင်းမပြောနှင့် လိုင်း ၄၀ လမ်းကြိးဖောက်လည်း ရင်မခုန်သောကြောင့် လည်းကောင်းသတိမထားမိ'
ဒီမိုကရေစီနိုင်ငံများတွင် ကောင်းကွက်ရှိသလို စိတ်ပျက်ဖွယ်များလည်း များစွာရှိသည့်အကြောင်း ထိုအမြွှာ တံတားကြီးဖြင့် ဥပမာပေး ပြောသွားသည်။ လူဦးရေ သုံးဆယ့်ငါးသန်းသာရှိသော ကနေဒါနိုင်ငံတွင် နှစ်ပေါင်းသုံးဆယ်ကျော် ငြင်းခုံကြ၊ ဆန္ဒပြု၊ မဲထည့်ကြပြီးမှ ထိုတံတားကြီးကို အကောင်အထည်ဖော်နိုင်ခဲ့တော့သည်။ တိုးတက်လှပါသော ခေတ်မီနိုင်ငံကြီးများ နောက်ကွယ်မှ အခွန်အတုတ်များကိုလည်း ထည့်သွင်းရေးဖွဲ့သွားခဲ့သည်။
မိတောနှင့် နွေရက်များ
ပူပြင်းလှသော နွေရက်အချို့ကိုဖြတ်ကျော်နေရခြင်းကို ဟာသနှော ရေးသားသွားခြင်းဖြစ်သည်။ သရုပ်ဖော်ပုံ အထိမိဆုံးအပုဒ်တစ်ပုဒ်ဖြစ်သည်။ ကနေဒါ၏ နွေရာသီအပူရှိန်အောက်တွင် ဒဏ်မခံနိုင်တော့သည့်နောက်ဆုံး ခုံတစ်လုံးကို ရေခဲသေတ္တာရှေ့ချ ပန်ကာကို ရေခဲသေတ္တာဘက်လှည့်၍ မိုင်ကုန်ဖွင့်ကာ ရေခဲသေတ္တာထဲ အရှိန်ဖြင့် ၀င်သွားသည့် လေတွေက အရှိန်ဖြင့် ပြန်ထွက်လာကာ ထို တဟူးဟူးအေးမြသည့်လေကို နှစ်သက်ကြည်နူးစွာ ခံယူနေပုံလေးက တစိမ့်စိမ့်ချစ်ခင်မိကာ ပြုံးမိစေသည်။ အို ဘယ့် ကြံကြံဖန်ဖန် မိတော….။
မိတောနှင့်ရန်ကုန်
ရန်ကုန်လူနေမှုစနစ်နှင့် ခေတ်ကာလသရုပ်ကို ဖြူစင်သော ရှုထောင့်အမြင်မှ ခပ်ပါးပါးသရော်သွားသည်ကို မြင်တွေ့ရသည်။ လိုင်းမမိပါသော ဖုန်းလိုင်းများ၊ ပတ်ဝန်းကျင်သို့ ထိခိုက်လွင့်ပါးကျယ်လောင်သော အသံချဲ့စက်သံများ၊ ဆယ့်တစ်နာရီအချိန်ဝန်းကျင်မှာမှ အမှိုက်ပစ်ရန် ကြေငြာသည့် လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား အစချီသည့် စည်ပင်ယာယာမှ လော်စပီကာသံ..။
'မိတောလည်း လေးစားအပ်သော လူကြီးမိဘပြည်သူများထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်သဖြင့် သူတို့ ဘာပြောမလဲဟု ဆက်ပြီးနားထောင်နေလိုက်သည်'
- ဟူသော အဖွဲ့က ပြုံးချင်စရာ။ ဆယ်လနီးပါး လူအများစည်းကမ်းမရှိမှုကို သည်းခံခွင့်လွှတ်နေနိုင်သည့် စည်ပင်သာယာကို မိတောက ကျေနပ်စွာ ရှိနေပြီးမှ အကြိမ်ကြိမ်မေတ္တာရပ်ခံနေသဖြင့် နားမခံသာတော့သည့် မိတော
'တော်ပြီလေ၊ တော်လောက်ပြီလေ….လူကြီးမိဘတွေ ဒီလောက်ဆို သဘောပေါက်ပြီလေ'
ခေါင်းအုံးနဲ့ ခေါင်းကို ဖိကာ ခပ်တိုးတိုးအော်ဟစ်နေသည့် မိတောကိုပါ မြင်ယောင်လာတော့သလို…။
မိတောစာစုများကိုအကုန်အစင်ဖတ်ရှုပြီးချိန်တွင် နှစ်သက်သဘောကျရုံသာမကပြုံးပျော်ရွှင်မြူးစေသည်။ မိတောသည် သာမာန်မိန်းမပျိုတစ်ဦးမျှသာ…။ သို့သော် မိတော၏ အတွေး၊ ကြုံတွေ့ရသည့် ပုံရိပ်များက မျက်မှောက်ခေတ် လူမှုအဖွဲ့အစည်း၊ ခေတ်စနစ်၏ ကောင်းမွေ၊ ဆိုးမွေကို သေသပ်ကျနစွာ မီးမောင်းထိုးဖော်ပြသွားနိုင်ခဲ့သည်။ မိတောသည် မြန်မာစာပေတွင် ရှားပါးလှသော အဆင့်မီသရော်စာတစ်အုပ်သာ ဖြစ်ပါတော့သည်။                   ။
ရွှေအိမ်စည်
30.5.2013
PM:11;15

မီးတိုးပိုး


Dangerous Liaisons ဆိုတဲ့ ရုပ်ရှင်ကို တော်တော်များများ ကြည့်ဖူးကြပါလိမ့်မယ်။ ပြင်သစ်စာရေးဆရာကြီး Pierre Choderlos de Laclos ရဲ့  ၁၇၈၂ တုန်းက ရေးခဲ့တဲ့ Les Liaisons dangereuses ၀တ္ထုရှည်ကြီးကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ ဒီဝတ္ထုကို adaptation အမျိုးမျိုး ဘာသာစကားအမျိုးမျိုးနဲ့ တိုင်းပြည်မျိုးစုံ ယဉ်ကျေးမှု မျိုးစုံက ပြန်ရိုက်ထားတာပါ။
ပထမဆုံး ကြည့်ဖြစ်တဲ့ adaptation ကတော့ Stephen Frears ဒါရိုက်တာလုပ်တဲ့ Dangerous Liaisons (၁၉၈၈) ပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ကို ကြည့်စဉ်က အကြောင်းအရာတစ်ခုလုံးကို ဝေေ၀၀ါးဝါးပဲ နားလည်ခဲ့တယ်။ မသင့်တော်တဲ့ အခန်းတွေရောက်တိုင်း တီဗွီက အမှောင်ချခံထိတာနဲ့၊ အသံတိုးခံထိတာနဲ့ နောက်ဆုံးတော့ "အခန်းထဲသွား စာဖတ်တော့" ဆိုတဲ့ ဆုံးမသံနဲ့အတူ.. ရုပ်ရှင်ကို ဘာမှန်းကို မသိခဲ့ရပါဘူး။
http://www.wallarc.com/wallpaper/view/101498
အရွယ်ရောက်လာတော့ အဲဒီရုပ်ရှင်ကို တစ်ခေါက်ကနေ နှစ်ခေါက်၊ နှစ်ခေါက်ကနေ သုံးခေါက် ထပ်ထပ်ကြည့်မိတယ်။ အဲဒီအခါမှာလည်း လူတွေရဲ့ အကျင့်ဆိုးတွေ၊ ယုတ်မာတတ်မှုတွေ နဲ့ အချစ်ကို မီးလို ကစားတတ်မှုတွေကိုပဲ ခံစားနေခဲ့မိတယ်။
ဒီလိုနဲ့ Roger Kumble ရဲ့ Cruel Intentions ဆိုပြီး ၁၉၉၉ မှာ နောက်ရုပ်ရှင် ထပ်ထွက်လာပြန်တယ်။ ဒီရုပ်ရှင်ကတော့ ခေတ်သစ်နယူးယောက်မြို့ကြီးရဲ့ ကျောင်းတစ်ကျောင်း မှာ အခြေခံထားတာဖြစ်တယ်။ လူဆိုးမင်းသမီး "ကက်သရင်း" နေရာမှာ သရုပ်ဆောင်တဲ့ Sarah Michelle Gellar ဟာ အခြားရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းသူ၊ လူဆိုးတွေကို နှိမ်နင်းသူ အနေနဲ့ တောက်လျောက်သရုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဒီလိုအညှီအဟောက်ကားမျိုးမှာ လူဆိုးမင်းသမီးနေရာမှာ သရုပ်ဆောင်တယ်ဆိုတော့ စာနယ်ဇင်းတွေကပါ သူမကို အင်တာဗျူးခဲ့ကြသေးတယ်။
Cruel Intentions ကိုကြည့်တော့လည်း ဇာတ်ဝင်သီချင်းနဲ့နောက်ဆုံးခန်းလောက်သာ အနည်းငယ် လှုပ်ရှားစေခဲ့တယ်။ တစ်ကျောင်းလုံးက လေးစားယုံကြည် အထင်ကြီးအတုယူရတဲ့ ကက်သရင်းဟာ မာသာမေရီ စိတ်ပုတီးကို လက်က ဘယ်တုန်းကမှ ချခဲ့တာ မဟုတ်ဘူး။ သူမရဲ့ အတွင်းသရုပ်မှန်ကိုတော့ သူမရဲ့ အဖေတူအမေကွဲ မောင်ဖြစ်သူ "စဗာစတီယန်" ကသာ သိခဲ့တယ်။ သူမဟာ ရိုးသားဖြူစင်တဲ့ အတန်းဖော် မိန်းကလေးတွေကို ရည်းစားထားတတ်ပြီး စိတ်လေအောင် လုပ်ရုံမက၊ ပျက်စီးအောင်လည်း ဖျက်ဆီးတတ်သေးတယ်။ သူမ လက်က မချတဲ့ စိတ်ပုတီးအံဝှက်ထဲမှာ ကိုကင်းအမှုန့်တွေထည့်ထားတယ်ဆိုတာလည်း လူတွေက မသိခဲ့ဘူး။
အဲဒီရုပ်ရှင်တွေကြည့်ပြီး လူတွေရဲ့ အနက်မှောင်ဆုံး အပိုင်းတွေကိုပဲ မြင်နေခဲ့တယ်။ သိင်္ဂါရ ရသကို ဘယ်လိုမှ မခံစားရသေးဘူး။  လူတွေရဲ့ သဘောဝကိုက အကောင်းထက် အဆိုးကို ပိုလိုလား တတ်ကြတယ်။ အဆိုးကို ပိုကြားချင်တယ်၊ အဲသလို အဆိုးတွေကြားထဲကနေမှ အချစ်စစ် အချစ်မှန်တို့ မေတ္တာတရားတို့ ဆိုတာတွေကိုလည်း မျှော်လင့်ချင်ကြသေးတယ်။ ဒီရုပ်ရှင်တွေထဲက မင်းသားတွေဟာလည်း ဘယ်လောက်ပဲ ပွေခဲ့ရှုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ ကိုယ်တစ်ကယ်ချစ်တဲ့ သူကို တွေ့သွားတယ်ဆိုတဲ့ သဘော ပုံဖော်ထားကြတယ်။
တစ်ရက်မှာတော့ Dangerous Liaisons နောက်ထပ်တစ်ကားကို ကြည့်မိပြန်တယ်။  ဒီကားကတော့ ၁၉၃၀ ရှန်ဟိုင်းမြို့ကြီးကို နောက်ခံထားပြီး ဇာတ်အိမ်တည်ထားတာ ဖြစ်တယ်။ Crouching Tiger, Hidden Dragon (2000) နဲ့ Memoirs of a Geisha (2005) ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသမီး Zhang Ziyi နဲ့ တောင်ကိုရီးယားမင်းသား  Jang Dong-Gun တို့ တွဲဖက် သရုပ်ဆောင်ထားတာဖြစ်တယ်။ Zhang Ziyi သရုပ်ဆောင်တဲ့ ကားတွေကြည်မိတိုင်း စာတစ်ပုဒ်ထွက်ထွက်လာတတ်တာကို ကိုယ့်ကိုကိုယ် သတိထားမိတယ်။ သူမရဲ့သရုပ်ဆောင်မှုဟာ ပီပြင်လွန်းတယ်။ သူမဟာ   Memoirs of a Geisha အပြီးမှာ ကိုယ့်ရဲ့ “ရုပ်ရှင်လက်မှတ်လေး နှစ်စောင်” ကိုလည်း အသစ်တဖန် မန်းမှုတ်အသက်သွင်းပေးနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တယ်။
Dangerous Liaisons (2012) မှာတော့ "ဖန်ယု" တစ်ဖြစ်လဲ "ဇီယီ" ဟာ အခြား Dangerous Liaisons adaptations တွေထဲက မင်းသမီးတွေလိုပဲ သိမ်မွေ့တယ်ပြီး အချစ်ကို တန်ဘိုးထားသူ ဖြစ်တယ်။ အလွန်ချမ်းသာတဲ့ စီးပွားရေးရှင် "ရီဖန်း" တစ်ဖြစ်လဲ "ဂန်း" ကတော့ ထုံးစံအတိုင်း မြာပွေသူနေရာမှာ သရုပ်ဆောင်တယ်။
ထင်မထားပါပဲနဲ့ ဒီ တရုတ်/ကိုရီးယားဗားရှင်း Dangerous Liaisons (2012) ဟာ စဖွင့်ကတည်းက ဖမ်းစားထားလိုက်ပြီ။ "ရီဖန်း"ဟာ သူ့ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးထဲက သူ့အခန်းမှာ ရှိနေတုန်း အမျိုးသမီးတစ်ယောက်က မပြောမဆို ၀င်လာတယ်။ အံ့သြမှင်တက်သွားတဲ့ "ရီဖန်း" ဟာ ဝင်လာတဲ့အမျိုးသမီးကို "မင်းနဲ့ငါ ဒီနေ့ချိန်းထားလို့လား" လို့ မေးတယ်။ ၀င်လာတဲ့ အမျိုးသမီးဟာ "ရီဖန်း" အိပ်ခန်းထဲက ၀တ်လစ်စလစ်နဲ့ အခြားမိန်းမတစ်ယောက်ကို လှမ်းမြင်လိုက်တော့တာပဲ။ သူမဟာ "ရီဖန်း" ကို ဒေါသမျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး "မင်းရဲ့ ဘ၀မှာ ငါတစ်ယောက်တည်းပဲ ရှိတာပါဆို" လို့ မေးတော့ "ရီဖန်း" ဟာ မထီတရီနဲ့ ဘာမှ မတုံ့ပြန်ခဲ့ဘူး။
“ကဲ... ဒါဆိုလည်း မိတ်ဆက်ပေးပါဦး” ဆိုတော့ "ရီဖန်း" ဟာ မိန်းမနှစ်ယောက်ကို ဖြစ်သလို မိတ်ဆက်ပေးလိုက်တယ်။ မိန်းမနှစ်ယောက်ဟာ အချစ်အတွက် စစ်ပွဲနွှဲမတတ် ဖြစ်လာတော့ "ရီဖန်း" ဟာ အခန်းထဲကနေ အိမ်ရှေ့ခန်းကို သုတ်ချေတင် ထွက်သွားတော့တယ်။
အိမ်ရှေ့ခန်းရောက်တော့ ဖိတ်ဖိတ်တောက်နေတဲ့ အခန်းကြီးရဲ့ပြူတင်းပေါက်နားမှာ လှပချောမောတဲ့ မိန်းမတစ်ယောက်က အပြင်ကိုငေးရင်း ရပ်နေတာကို တွေ့လိုက်တယ်။ "ရီဖန်း" ဟာ မိန်းကလေးနားကို တိုးကပ်သွားပြီး မိန်းကလေးပါးကို ပိုင်စိုးပိုင်နင်းကိုင်လိုက်ပြီး ...
“မင်းက .......... လားဟင်၊ မင်းနဲ့ငါ ဒီနေ့တွေ့ဖို့ ချိန်းထားတာလား” လို့ မေးတယ်။ မိန်းကလေးက ရုတ်တရက် ပါးကိုင်ခံလိုက်ရလို့ အရမ်းရှက်ရွံ့ကြောက်လန့်သွားပြီး နောက်ကို ခြေလှမ်းဆုတ်သွားတယ်။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်မိန်းမနဲ့ ချိန်းထားမှန်းတောင် မမှတ်မိနိုင်လောက်တော့တဲ့ မြာပွေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ သရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ပြသွားတယ်။
အဲဒီအချိန်မှာ "ရီဖန်း"ရဲ့ အဖွားဖြစ်သူက ဝင်လာပြီး “ဒါဟာ မင်းအစ်မ နှစ်ဝမ်းကွဲတော်သူ မုဆိုးမလေး “ဖန်ယု” ပဲ။ ယောင်္ကျားကောင်းပီသသူတို့ဟာ အနေအထိုင်လည်း ဆင်ခြင်တတ်ရမယ်” လို့ ဆိုလိုက်တယ်။
အဲဒီအချိန်မှာ အချစ်အတွက်စစ်ပွဲဖြစ်နေတဲ့ အိပ်ခန်းထဲက မိန်းမနှစ်ယောက်ဟာ အပြင်ကို စိတ်ဆိုးမာန်ဆိုးထွက်လာလိုက်တာ တစ်ယောက်ဟာဆိုရင် အိပ်ရာခင်းနဲ့တောင် ကိုယ်ကို ပတ်ထားရတဲ့အဖြစ်။ အခန်းပေါက်မှာ ရုတ်ရုတ်သဲသဲတွေဖြစ်နေသေးတယ်။ အိမ်ရှေ့ခန်းမှာ လူတွေကို မြင်မှ အခန်းထဲကို ပြန်ဝင်သွားကြတော့တယ်။ အဲဒီအဖြစ်တွေကို မုဆိုးမလေး "ဖန်ယု" ဟာ အံ့သြမှင်တက်စွာ ငေးကြည့်နေခဲ့တယ်။ "ရီဖန်း" က "ဖန်ယု"ကို ကိုယ်ကိုင်းလို့ အရိုသေပေးပြီး “ရှက်ဖို့ကောင်းလိုက်တာ” လို့ ခပ်တိုးတိုးပြောကာ အိမ်ရှေ့ခန်းကနေ ထွက်သွားတော့တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ "ရီဖန်း" နဲ့ မရှင်းမရှင်းဖြစ်နေတဲ့ ဘဏ်သူဌေးမ “မိုး” ဆိုတာလည်း ရှိသေးတယ်။ "ရီဖန်း" ဟာ မိန်းမတွေရဲ့ အသည်းနှလုံးနဲ့ ကစားနေချိန်မှာ ဘဏ်သူဌေးမ “မိုး”ကလည်း "ရီဖန်း" ကို ကစားနေတာဖြစ်တယ်။ "ရီဖန်း" ဘယ်လောက်ပဲ ပွေရှုပ်သော်လည်း “မိုး” ကတော့ "ရီဖန်း" ကို ကျော့ကွင်းထဲကို မဆင်းသေးဘူး။ ဘဏ်သူဌေးမ “မိုး”ဟာ စီးပွားရေးရှင်ကြီးတစ်ဦးဖြစ်တဲ့ “ဇူဟန်” ရဲ့ အချစ်ဟောင်းလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် “ဇူဟန်”ဟာ “မိုး”ကို ပစ်ပြီး ဆယ်ကျော်သက်ရွယ် အပျိုစင်လေးတစ်ယောက်ဖြစ်တဲ့ “ဘေးဘေး” နဲ့ စေ့စပ်လိုက်တယ်။ ဒါကို မခံနိုင်တဲ့ “မိုး” ဟာ “ဇူဟန်”ကို လက်စားချေချင်နေတယ်။
ဒီနေရာမှာ ဇာတ်လမ်းရဲ့ အမှောင်ဆုံးနေရာကို ရောက်လာတော့တာပါပဲ..။
မူရင်းပြင်သစ်စာရေးဆရာကြီးဟာ ဘူဇွာလူတန်းစားက ဆင်းသက်လာတယ်လို့ ဖတ်ဖူးတယ်။ သူဟာ ဘူဇွာလူတန်းစားအလွှာကို စိတ်ပျက်ငြီးငွေ့နေပုံရတယ်။ အဲဒီအလွှာကို သာသာထိုးထိုးလေး ရေးချင်နေခဲ့လေသလားလို့လည်း အဲဒီနေရာအရောက်မှာ တွေးလိုက်မိသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၃၀ ရှန်ဟိုင်းမြို့ကြီးထဲက အထက်တန်းလွှာထဲက အရှုပ်တော်ပုံအချို့ကို မီးမောင်းထိုးပြထားတယ်။
“ဇူဟန်”ရဲ့ စွန့်ပစ်သွားမှုကို ခံလိုက်ရတဲ့ ဘဏ်သူဌေးမ “မိုး” ဟာ “ဇူဟန်”ရဲ့ဇနီးလောင်း “ဘေးဘေး” ကို ဖျက်ဆီးဖို့ "ရီဖန်း" ကို တောင်းဆိုတော့တယ်။ 
“ရှင် ကျွန်မကို တစ်ကယ်လိုချင်တယ်ဆိုရင် “ဘေးဘေး” ကို ပန်းဦးခြွေပေးပါ” လို့ ပြောတယ်။
အပျိုစင် “ဘေးဘေး” သာ ပန်းဦးကြွေသွားမယ်ဆိုရင် စီးပွားရေးပညာရှင် “ဇူဟန်”တစ်ယောက်တော့ သူတို့ လူကုံထန်လောကမှာ ကောင်းကောင်းကြီး အရှက်ကွဲတော့မှာဖြစ်တယ်။
"ရီဖန်း" ကတော့ ချောမောလှပရုံမက အိနြေ္ဒကြီးလှတဲ့ အစ်မဝမ်းကွဲတော်သူ မုတ်ဆိုးမလေး “ဖန်ယု” ကိုပဲ လက်တည့်စမ်းချင်နေတယ်။ “ဖန်ယု” ကလည်း "ရီဖန်း" အကြောင်းကို သိနေတော့ အနားကပ် မခံဘူး။
သူဌေးမ “မိုး” ကလည်း “ဇူဟန်” ကို လက်စားချေမှကို ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ အခြားနည်းလမ်းတွေ ရှာတော့တယ်။ အပျိုစင် “ဘေးဘေး”ရဲ့ မိခင်ကြီးကို အတင်းဝင်ရောတယ်၊ သူတို့မိသားစုရဲ့ ယုံကြည်မှုကို ယူတယ်။ “ဘေးဘေး” က ပန်းချီဆွဲတာ ဝါသနာပါတော့ ပန်းချီကျောင်းက ဆရာလေးတစ်ယောက်နဲ့ ရင်းနှီးအောင် အိမ်ခေါ်ပန်းချီသင်ခိုင်းတယ်။ ပန်းချီဆရာလေးနဲ့ ရင်းနှီးအောင် လှော်ပေးတယ်။ ဒီလိုနဲ့ အိုးချင်းထားအိုးချင်းထိပြီး “ဘေးဘေး” နဲ့ ပန်းချီဆရာလေးတို့ သံယောဇဉ်တွယ်မိကြတော့တယ်။ မိဘတွေက စေ့စပ်ထားပြီးသားလူလည်း ရှိတဲ့အပြင် အဆင့်တန်းချင်းမတူလို့ ခွဲတယ်။ “ဘေးဘေး” အသည်းကွဲတယ်။ "ရီဖန်း" က အသည်းကွဲနေတဲ့“ဘေးဘေး” ကို နှစ်သိမ့်တယ်။ နှစ်သိမ့်တာလွန်ပြီး မျှာပွေသူ "ရီဖန်း" နဲ့ အပျိုစင် “ဘေးဘေး” ကျူးလွန်မိကြတယ်။
အဲသလို စိတ်ပျက်ရွံ့ရှာ ကြောက်ရွံ့စရာကောင်းတဲ့ အချစ်နဲ့တဏှာကစားပွဲထဲမှာ အချစ်စစ်ဆိုတာ ရှိနိုင်သေးတာကို မူရင်းစာရေးသူကကော၊ ဒါရိုက်တာကကော၊ သရုပ်ဆောင်တွေကပါ ပေါ်အောင်ဖော်ဆောင်သွားနိုင်ခဲ့တယ်။
မုဆိုးမလေး “ဖန်ယု”ဟာ "ရီဖန်း" ကိုရှောင်နေပေမယ့် "ရီဖန်း" ကတော့ ဆုံဖို့ကို အမြဲကြိုးစားနေခဲ့တယ်။ “ဖန်ယု” အခန်းထဲမှာ မီးလုံးအကျွမ်းတွေ သွားလဲထားပြီး မီးလုံးအသစ်ပြန်လဲပေးတာမျိုးတွေ၊ “ဖန်ယု” မငြင်းနိုင်အောင် နှစ်ယောက်လုံးရဲ့ အဒေါ်တော်သူကိုခေါ်ပြီး အော်ပရာပွဲ သွားကြည့်တာမျိုး၊ စတဲ့လုပ်ရပ်တွေနဲ့ နီးစပ်အောင် အမြဲကြိုးစားတယ်။ ဒီကြားထဲမှာလည်း “မိုး”ဟာ "ရီဖန်း"နဲ့ အလောင်းစားတစ်ခုလုပ်ပြန်တယ်။ မုတ်ဆိုးမလေး “ဖန်ယု” အချစ်ကိုရအောင် လုပ်နိုင်ရင် "ရီဖန်း"ကို သူနဲ့ပျော်ပါးခွင့်ပေးမယ်ဆိုတဲ့ အလောင်းကစား။
“ဖန်ယု” ကတော့ သူ့ဟာသူ စာဖတ်လိုက်၊ ကလေးစာအုပ်လေးတွေ ရေးလိုက်နဲ့ ဘဝကို အေးဆေးစွာဖြတ်သန်းနေတယ်။ ဆုံးပါးသွားပြီဖြစ်တဲ့ သူ့ခင်ပွန်းသည် ပေးခဲ့ဖူးတဲ့ စာအုပ်လေးတစ်အုပ်ကိုလည်း လက်က မချဘူး။ တစ်နေ့တော့ ရေကူးကန်နားမှာ ရေထဲ ခြေထောက်လေးချပြီး စာဖတ်နေတဲ့ “ဖန်ယု” နားကို "ရီဖန်း" ကရောက်လာပြီး အရင်ယောင်္ကျားပေးထားခဲ့တဲ့ စာအုပ်ကို ဆွဲယူပြီး ရေထဲပစ်ချလိုက်တယ်။ ပြီးတော့ “အတိတ်ထဲမှာပဲ အိပ်မောကျမနေပါနဲ့တော့” “မင်းအရင်ယောင်္ကျားလိုပဲ မင်းကိုငါ နားလည်နိုင်ပါတယ်... မင်းကသာ အဲဒီအခွင့်ကို ပေးမယ်ဆိုရင်ပေါ့” ဆိုတဲ့ စကားတွေကို ပြောတယ်။
ဒီလိုစကားတွေဟာ ကိုယ်ချစ်နေသူတစ်ဦးက ပြောလာတယ်ဆိုရင်တော့ ကြည်နူးရင်ခုန်စရာဖြစ်နိုင်ပေမယ့်၊ ကိုယ်မနှစ်သက်သူ၊ အထူးသဖြင့် မိန်းမတိုင်းကို လွယ်လွယ်ခံစားတတ်တဲ့ ယောင်္ကျားတစ်ယောက်က လာပြောမယ်ဆိုရင်တော့ လက်ကိုအားပါးတရလွှဲပြီး ရိုက်ပစ်ချင်စရာကောင်းတဲ့ စကားတွေပါပဲ။
"ရီဖန်း" ဟာ “ဖန်ယု”ကို ချစ်သသဝဏ်လွှာတွေ ရေးတယ်။ ရေးတဲ့အချိန်ကလည်း မိန်းမတစ်ယောက်ယောက်နဲ့ ရှိနေတဲ့အချိန်ဖြစ်ပြီး၊ ရေးတဲ့နေရာကလည်း အဲဒီမိန်းမတွေရဲ့ ဝတ်လစ်စလစ်ကျောပြင်ကို စားပွဲလုပ်ရေးတဲ့ “ဖန်ယု”အတွက် ချစ်သဝဏ်လွှာတွေရယ်ပါ။
တစ်နေ့တော့ “ဖန်ယု” အိပ်ခန်းပေါက်ဝထိသွားပြီး အဲဒီရည်းစားစာကို ပေးတယ်။ “ဖန်ယု” က စာကို ဆွဲဆုတ်ပြီး ရှက်တာကော၊ မခံနိုင်တာကော၊ အခြားဝေခွဲမရတဲ့ ခံစားချက်တွေကော ပေါင်းပြီး မျက်ရည်တွေ ကျလာတယ်။ "ရီဖန်း" ကလည်း “ဖန်ယု” မျက်လုံးထဲကို စိုက်ကြည့်ပြီး မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ “ဖန်ယု” ကို ချစ်တယ် လို့ပြောတယ်။ "ရီဖန်း" ရဲ့ မျက်လုံးတွေဟာ ခံစားချက်တွေနဲ့ ပြည့်နေပြီး မျက်သားတွေတောင် ရဲတက်နေတယ်။ "ရီဖန်း" ဟာ “ဖန်ယု” ကို ကြည့်ပြီး ချစ်တယ် လို့ပြောပြီး ချာကနဲလှည့်ထွက်သွားတယ်။ ကော်ရစ်ဒါခပ်လှမ်းလှမ်းရောက်တော့ နှုတ်ခမ်းကိုတွန့်ပြီး ပြုံးလိုက်တယ်၊ ပြီးတော့ “ဖန်ယု” မမြင်နိုင်လောက်ချိန်မှာ မျက်ရည်ကို လက်မနဲ့ သုတ်ယူကြည့်ပြီး “ဟက်” ကနဲ တစ်ချက်ရယ်လိုက်တယ်။
တစ်နေ့မှာတော့ "ရီဖန်း"ဟာ “ဖန်ယု” အခန်းထဲဝင်ပြီး ရေးလက်စ ကလေးကဗျာစာရွက်တွေကို ဝင်မွှေတယ်။ မွှေရင်းနဲ့ အံဆွဲလေးထဲက ဆွဲဆုတ်ခံထိခဲ့ဖူးတဲ့ သူ့ရဲ့စာတွေကို သွားတွေ့လိုက်တယ်။ “ဖန်ယု”ဟာ သူ့ချစ်သဝဏ်လွှာတွေကို ဆွဲဆုတ်ထားပေမယ့် အပိုင်းလေးတွေအနေနဲ့ ယုယုယယ သိမ်းထားတာကိုပါ။ အဲဒီအချိန်မှာ အခန်းဝကိုရောက်နေတဲ့ “ဖန်ယု” က မြင်သွားပြီး ရှက်လွန်းလို့ အိမ်နောက်ဘက်က ပန်းတွေစိုက်တဲ့မှန်လုံအိမ်ကြီးထဲ ထွက်ပြေးသွားတယ်။ "ရီဖန်း" က လှစ်ကနဲထွက်ပြေးသွားတဲ့ “ဖန်ယု” ကို မြင်ပြီး ပန်းအိမ်ကြီးဆီ လိုက်သွားတယ်။ ပန်းအိမ်ကြီးထဲမှာ "ရီဖန်း" နဲ့ “ဖန်ယု” ဟာ ထုတ်ဆီးတိုးသလို ဖြစ်နေတယ်။
အဲဒီနေရာမှာ “ဖန်ယု” ဟာ ပဲထုတ်ပြီး ဟန်ဆောင်မူပြနေတယ်ဆိုတာထက် "ရီဖန်း" လို မြာပွေတဲ့ ယောင်္ကျားတစ်ယောက်ရှေ့မှာ မိမိလိုအိနြေ္ဒထိမ်းနေတဲ့ မိန်းမတစ်ယောက်ရဲ့ သိက္ခာတွေ ကျသွားရမှု၊ မာနတွေကို ပူဇော်လိုက်ရမှု၊ မချစ်သင့်တဲ့ လူတစ်ယောက်ကို ချစ်မိလိုက်လို့ အရှုံးတစ်ခုနဲ့ ရင်ဆိုင်နေရလို့ ထွက်ပြေးနေခြင်းပဲ ဖြစ်တယ်။
ဒါပေမယ့် "ရီဖန်း" ဟာ “ဖန်ယု” ကို တံခါးဝနားမှာ မိသွားတယ်။ “ဖန်ယု” ဟာ နံရံကိုမှီပြီး မျက်စိစုံမှိတ်လို့ တုန်ယင်နေတယ်။ "ရီဖန်း" ဟာ “ဖန်ယု” ကို မြတ်နိုးစွာ ငုံ့ကြည့်နေတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေက နီးကပ်စွာ တည်ရှိနေတယ်။ “ဖန်ယု” နှုတ်ခမ်းတွေဟာ မာနတွေကို တလွှာစီချွေချလို့ "ရီဖန်း" နှုတ်ခမ်းကို မျှော်လင့်စွာနဲ့ ပွင့်အာလာတယ်။ ဒါပေမယ့် မာနတရားနဲ့ အချစ်ရဲ့ယှဉ်ပြိုင်မှု၊ သိက္ခာနဲ့ မေတ္တာယှဉ်ထိုးမှုကြောင့် သူမရဲ့မျက်တောင်စွန်းမှာ မျက်ရည်တွေ ခိုတွယ်နေတယ်။ အဲဒီမှာ... "ရီဖန်း" ဟာ “ဖန်ယု” ကို မနမ်းတော့ဘဲ ချာကနဲလှည့်ထွက်သွားတော့တယ်။ အဲဒီမှာ “ဖန်ယု” ဟာ ခေါင်းမော့မျက်စိမှိတ်ထားရင်း  မျက်ရည်တွေ တလဟောကျလာတော့တယ်။
http://www.aceshowbiz.com/still/00008474/dangerous-liaisons03.html
"ရီဖန်း" ဟာ ဘဏ်တိုက်သူဌေးမ “မိုး” ဆီသွားပြီး “ဖန်ယု” အကြောင်းတွေ သွားပြောတယ်။ "ရီဖန်း" ဟာ  “ဖန်ယု” ကို တစ်ကယ်မြတ်နိုးနေပြီဆိုတာကို မိန်းမလည် “မိုး” က ရိပ်မိလိုက်တော့ သူ့ရဲ့ ကစားနည်းကို အကွက်ပြောင်းလိုက်တယ်။
“ဖန်ယု” ကတော့  "ရီဖန်း" နဲ့ဝေးရာကို ထွက်သွားခဲ့ပြီ။ "ရီဖန်း" က “ဖန်ယု” တစ်ယောက်တည်း နေနေတဲ့ တိုက်ခန်းကျဉ်းလေးဆီကို လိုက်သွားတယ်။ သူတို့နှစ်ယောက် ချစ်မိသွားကြတယ်။ "ရီဖန်း"
အချစ်ကို စစ်မှန်တယ်လို့ ထင်နေတဲ့ “ဖန်ယု”  ဟာ "ရီဖန်း" အပေါ်မှာ ကြင်နာယုယတယ်။ ထမင်းစားပွဲပြင်ပြီး "ရီဖန်း"အလာကို အမြဲမျှော်လေ့ရှိတယ်။ “ဖန်ယု”  ဟာ "ရီဖန်း" အချစ်ကို ရပြီမို့ မိန်းမလည်  “မိုး” ဆီမှာ အလောင်းစားကြွေး သွားတောင်းတယ်။ မိန်းမလည်  “မိုး”က “ဖန်ယု”  ကို တဆင့်ပြီးတဆင့် ထပ်တောင်းဆိုတယ်။ “ဖန်ယု”   ကို အသဲခွဲဖို့။
အတိုချုပ်ပြောရမယ်ဆိုရင် “ဖန်ယု”   ကို "ရီဖန်း" က ရက်ရက်စက်စက် ဖြတ်ပစ်လိုက်တယ်။ မင်းဟာ ငါတို့ရဲ့ “ဂိမ်းထဲက သားကောင်လေး တစ်ကောင်ပဲ” လို့ ပြောတယ်။
ဒါပေမယ့်  "ရီဖန်း" နဲ့ “မိုး” အဆင်မပြေဘူး။
“ယောင်္ကျားဆိုတာ မိန်းမတွေကို အမြဲကြိုးဆွဲချင်နေတာ မဟုတ်လား၊ ဒီတော့ မိန်းမပေါင်းများစွာကို ကြိုးဆွဲနေတဲ့ ယောင်္ကျားတစ်ယောက်ကို ငါကလည်း ကြိုးဆွဲချင်သလောက် ဆွဲနေတာ” လို့ တစ်စုံတစ်ရာကို နာနာကျင်ကျင်နဲ့ လည်ပင်းကြောတွေထောင်လောက်အောင် ဘဏ်သူဌေးမ မိန်းမလည် “မိုး” က အော်ဟစ်ပြီး ပြောနေခဲ့တယ်။
"ရီဖန်း" နဲ့ “မိုး”ဟာ တစ်ယောက်နဲ့တစ်ယောက်ကို တဏှာမျက်လုံး၊ အမုန်းမျက်နှာတွေနဲ့ ကြည့်နေကြတာ ရုပ်ရှင်ကြည့်သူမှာ ကြက်သီးဖျန်းဖျန်း ထစဖွယ်ပါ။
"ရီဖန်း" ဟာ “ဖန်ယု” ရှိရာကို ပြန်လာခဲ့တယ်။ နှင်းစက်တွေကျနေတဲ့ လမ်းပေါ်မှာ “ဖန်ယု” ရှိရာကို လျှောက်နေတုန်း “ဘေးဘေး” ကို တစ်ကယ်ချစ်တဲ့ ပန်းချီဆရာလေးဟာ “ဘေးဘေး”ကို ဖျက်ဆီးလိုက်တဲ့ "ရီဖန်း"ကို သေနတ်နဲ့ လှမ်းပစ်လိုက်တော့တယ်။ သေနတ်ဒဏ်ရာကြီးနဲ့ "ရီဖန်း" ဟာ “ဖန်ယု” ရှိရာကို မရောက်ရောက်အောင် ပြန်ခဲ့တယ်။ အဲဒီအချိန်မှာလည်း  “ဖန်ယု”   ဟာ သူမရဲ့ လက်ကောက်ဝတ်ပေါ်က သွေးကြောပေါ်မှာ သင်တုန်းဓားသွားလေးကို ခပ်ဖွဖွလေး တင်ထားနေခဲ့ပြီ...။
နောက်ဆုံးတော့.. နှင်းပွင့်တွေကြွေကျနေတဲ့ ကောင်းကင်ပြင်ကြီးအောက်မှာ... “ဖန်ယု” နဲ့ “ရီဖန်း” အတူတူရှိနေခဲ့ကြတယ်။ “ရီဖန်း” ဟာ “ဖန်ယု” ရဲ့ ရင်ခွင်ထဲကနေ မျက်ရည်တွေစီးကျနေတဲ့ “ဖန်ယု” မျက်နှာကို တစိမ့်စိမ့်ငေးကြည့်နေခဲ့တယ်။
“ငါ... မင်းနဲ့ပဲ သိပ်ပျော်ခဲ့တာ၊ ဒါကို သိပ်နောက်ကျမှ သိခဲ့ရတာပါ” လို့ ရီဖန်းက ဆိုတယ်။
ရုပ်ရှင်ရီဗြူးတွေရဲ့ သဘောသဘာဝက ခရေစေ့တွင်းကျ မရေးရဘူးဆိုတဲ့ စာပေစည်းမျဉ်းက ရှိနေလေတော့၊ ရုပ်ရှင်တွေကို ဘယ်တော့မှ ရီဗြူးမရေးဖြစ်၊ ရုပ်ရှင်ခံစားချက်အနေနဲ့သာ ရေးနေမိတယ်။ ရုပ်ရှင်နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ အပေါ်မှာ ရှိတဲ့ခံစားတတ်မှုတွေကလည်း မှန်ကူကွက်တွေလို အရောင်စုံတတ်ကြသေးတယ် မဟုတ်ပါလား။
Zhang Ziyi သရုပ်ဆောင်တဲ့ ကားတွေကြည်မိတိုင်း စာတစ်ပုဒ်ထွက်ထွက်လာတတ်တာကတော့ သေချာပါတယ်။ သူမဟာ  Crouching Tiger, Hidden Dragon (2000) နဲ့ အနောက်ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို ရရှိပြီးတော့ ဟောလီးဝုဒ်မှ ကမ်းလမ်းမှုတွေ အများကြီးကို ရခဲ့တယ်လို့လည်း သိရတယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်ရရင်ပြီးရော၊ နာမယ်ကြီးရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ်းလှမ်းလာသမျှ ရုပ်ရှင်တွေကို လက်မခံဘူးဆိုတဲ့ လေးစားလောက်တဲ့ စိတ်ဓာတ်ရှိတဲ့ မင်းသမီးမို့လည်း ပိုလို့ချစ်ခင်မိတော့တယ်။ ဟောလီးဝုဒ်ရုပ်ရှင်တွေမှာ အာရှမင်းသားနဲ့ မင်းသမီးတွေကို ဓားစာခံ (victim) နေရာမှာ အသုံးချရိုက်ကြတာ များတယ်။ ဒါကြောင့် ဟောလီးဝုဒ်ရုပ်ရှင်ကမ်းလှမ်းမှုတွေကို သေသေချာချာ သုံးသပ်ပြီးမှ လက်ခံတယ်လို့ သိရပါတယ်။ Jang Dong Gun ဟာလည်း ကိုရီးယားမင်းသားဖြစ်တဲ့ အတွက် ဇာတ်ဝင်တရုတ်စကားတွေအတွက် ညစဉ်ကို မိုးလင်းပေါက် ကျက်မှတ်သင်ယူခဲ့တယ်လို့  သိရပါတယ်။
ဒီရုပ်ရှင်အပြီးမှာတော့.....
အချစ်ဆိုတာ.. ဒီလိုပဲလား၊ တစ်ကယ်ကို ပျော်ခဲ့မှ အချစ်ကို စစ်တယ်လို့ ထင်ကြတာလား၊ အချစ်စစ်တို့ဟာ မဖြောင့်ဖြူးဘူးလို့လည်း ဆိုတတ်ကြသေးတာ။ မဆုံနိုင်တော့ဘူးလို့ ထင်တော့မှလည်း တစ်ကယ်ကို ပျော်ခဲ့တယ်လို့ ထင်တတ်ကြတာလား၊ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ဟုတ်-မဟုတ် ကို ဘယ်လိုသိနိုင်မလဲ၊ အချစ်ဟာ မီးလား၊ တဏှာရမက်ကကော အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးလား ဒီမီးမှာ လူတွေဘယ်လောက် ကျဆုံးလောင်ကျွမ်းခဲ့ရပြီလည်းဆိုတဲ့ အတွေးတွေနဲ့ တရစ်ဝဲဝဲ ကျန်ခဲ့ပါတော့တယ်။
ရွှေဒေါင်းတောင်ဖွင့်ပွဲ အမှတ်တရ...
ချစ်ခင်လေးစားစွာဖြင့်...
အိမ့်ချမ်းမြေ့
June 8, 2013

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More