တိုးမြစ်
ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော မိုးနံ့ပါသောလေသည် သူတို့ နှစ်ဦးကြား
တိုးဝင်ကျီစယ်သွားသည်။ ဟိုး အဝေးတစ်နေရာမှာ ၀မ်းစာရှာ လှေငယ်လေး တစ်စီး
ပိုက်ချနေသည်လား၊ ရေလယ်တွင် ရပ်တန့်နေသည်လား မဝေခွဲတတ်။
မျက်စိရှေ့ တူရှု့ကို စိုက်ကြည့်နေသည်ထက် သူမ၏ စိတ်အာရုံသည် သူ ဆက်ပြောသည့်
စကားများပေါ်တွင် စူးနစ် သက်ရောက်ရင်း ရိုတ်ခတ်လှုပ်ရှားလျှက် ရှိသည်။
“ငါ နင့်ကို ခု ပြောခဲ့တာတွေက လမ်းခွဲစကားတွေ မဟုတ်ဘူးနော်။ ကိုယ်
မျှော်လင့်တဲ့ အခြေအနေ တစ်ခုကို ပိုင်ဆိုင်ဖို့ အတွက် အချိန်အခါ တစ်ခုကို
စောင့်ဆိုင်းဖို့ မေတ္တာ ရပ်ခံခဲ့တာ”
သူ စကားတွေ ကြားကြားချင်း ဘယ်လိုမှ မယုံနိုင်ခဲ့။ အလယ်တန်းကျောင်းသား
ဘ၀မှာထဲက တွေ့ဆုံရင်းနှီးခဲ့ပြီး သံယောဇဉ် ဖြစ်ခဲ့ကြသော သူတို့နှစ်ဦးမှာ
ဘယ်လိုမှ အက်ကြောင်းထင်စရာမရှိသော ငယ်ချစ်ဆိုတဲ့ အရာက မြဲမြံစွာ
တုပ်နှောင်ပြီးသားဟု ခိုင်မာယုံကြည်ခဲ့တာ မှားခဲ့ပြီလား။ ကျောင်းပြီးလို့
ဘွဲ့ ရပြီး သက်ဆိုင်ရာ အလုပ်အသီးသီးနဲ့ ကိုယ်စီ ရပ်တည်နိုင်ပြီး ဘ၀တစ်ခုကို
အတူတူ ထူထောင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီးမှ ဘာကြောင့် သူ ဒီလို
ပြောင်းလဲသွားခဲ့ပါလိမ့်။ သူဆီက သူမ အပေါ်ထားတဲ့ အချစ်စိတ်တွေ ပျောက်ကွယ်
ပြောင်းလဲသွားတာမျိုးမဟုတ်။ သူမ ကို စိုက်ကြည့်တတ်သည့် သူ့ အကြည့်တွေမှာ
နွေးထွေးတဲ့ သံယောဇဉ်ဓါတ်တွေ ပျော်ဝင်နေတုန်းပဲ ဆိုတာ သူမ
ကောင်းကောင်းခံစားသိရှိနေသည်။ သူ့ ရဲ့ အတွေးအခေါ်တွေ ဘာကြောင့်
ဒီလိုပြောင်းလဲသွားရတာလည်း …
“ပြည်ပကို ထွက်ပြီး အလုပ်လုပ်မှ ၀င်ငွေကောင်းတာ၊ လူရာ ၀င်တာ မဟုတ်ပါဘူး။
ဒီမှာလည်း နင် နဲ့ ငါနဲ့ နှစ်ယောက် လုပ်အားနဲ့ လက်ထပ်ပြီးတဲ့ အခါ
အတူနေလို့ရပါတယ်။ ငါ ထင်တာတော့ နင် သူများတွေ သွားတာလာတာကို အားကျပြီး
ထွက်သွားချင်တာ ထင်တယ်။ အဲဒီလို နေရာတွေမှာလည်း သူဟာနဲ့သူ
ရုန်းကန်နေကြရတာပဲ။ အိမ်ကို ငွေပြန်ပို့နိုင်တာ တစ်ခုတည်းကိုပဲ
နင်ကြည့်လို့ မရဘူးနော်”
ရှည်ရှည်ဝေးဝေး ဖြောင့်ဖြ တားဆီးလို့ရမည်မဟုတ်မှန်း သိပေမယ့် …
အချိန်ကာလရှည် တစ်ခုလုံး သူကို မြင်တွေ့နိုင်ခြင်း မရှိသည့် အခြေအနေကို သူမ
ဘယ်လိုမှ စိတ်ကူး၍ မရသေးပါ။
“ အဲဒါတော့ ငါ ကြိုးစားရမှာပဲလေ။ ဘယ် အောင်မြင်မှုမှတော့ လွယ်လွယ်နဲ့ မရတတ်ပါဘူး။”
နေပါဦး။ ဒီလို စကားတွေ ကြီးကြီးကျယ်ကျယ်ပြောနေတဲ့ ကောင်လေးဟာ တစ်ချိန်က
စက်ဘီးစုတ်လေး တစ်စီးနဲ့ သူမကို ကျူရှင်အသွားအပြန် ကြိုပို့လုပ်ပေးခဲ့သော၊
ကျောင်းပြီးလို့ အလုပ်ထဲရောက်တာနဲ့ လက်ထပ်ကြရအောင် ဟု ဦးဆောင်ပြောခဲ့သော
သူမ သိပ်ချစ်ခဲ့ရသည့် ချစ်သူ မဟုတ်တော့သလိုပါလား။
“အောင်မြင်မှု ဆိုတာကို နင်က ဘယ်လို အဓိပါယ် ဖွင့်ချင်တာလည်း၊ ငါ ကြားဖူးတဲ့
အောင်မြင်မှု ဆိုတာ ကိုယ် ၀ါသနာ ပါတဲ့ အလုပ်ကို လုပ်နေခြင်းနဲ့ အဲဒီအလုပ်
လုပ်နေရတာကို ပျော်ရွှင်နေခြင်းပဲတဲ့။ နင် ငါ့ကို ပစ်ပြီး အဝေးကြီး
ထွက်သွားရအောင် အဲဒီ အောင်မြင်မှုကြီး ငါ မလိုချင်ဘူး။ ငါ အတွက် ရွှေတွေ၊
စိန်တွေ တိုက်တွေ၊ ကားတွေ မလိုပါဘူးဟာ”
“မှန်ပါတယ်။ ငါလည်း နင်နဲ့ အတူနေဖို့ အဲလို စိတ်ကူးရှိခဲ့ဖူးတာပဲ။ ဒါပေမယ့်
အိမ်ထောင်မှု တစ်ခုဆိုတာ မျက်တောင်မွှေး တစ်ဆုံးလောက် ကြည့်ပြီး
ထူထောင်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး ဆိုတာ ငါ နားလည်လာတယ်။ မျက်စိတစ်ဆုံး
ကြည့်ရတာ။ အချစ်တွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေက foundation ပဲ၊ အဲဒါတွေက
အုတ်မြစ်တွေ၊ အဲဒီ အပေါ်မှာ ငွေကြေးတွေ၊ ပြည့်စုံမှုတွေ နဲ့ ထပ်ပြီး
ကာရံရတယ်။ အဲလိုဆို အဘက်ဘက်က ပြည့်စုံတဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်လာမှာပဲ။
လက်တွေ့ ဘ၀ဆိုတာ စိတ်ကူးယဉ်ထားတာထက် အများကြီး ပို ခက်ခဲတတ်ပါတယ်ဟာ”
ဒီလို အတွေးတွေ သူ့ ထံမှာ ဘယ်တုန်းက ခိုဝင် ကိန်းအောင်းနေခဲ့ပါလိမ့်။
သူမရဲ့ ချစ်သူဟာ မပြည့်စုံတဲ့ မိသားစု အသိုင်းအ၀ိုင်းက ကြီးပြင်းလာသူမို့
ဘ၀ကို အတော်ကလေး ရုန်းကန်လှုပ်ရှားခဲ့ရတာ သိပေမယ့် သူမှာ ဘ၀ကို ရင်ဆိုင်ဖို့
အဲဒီလောက် လက်တွေ့ကျပြီး ပြင်းပြထက်သန်တဲ့ စိတ်ကူးတွေ
ရှိနေခဲ့လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့တာပါ။ သူ အတွက် သူမသာ အဓိက၊ သူမ သူ့
ဘေးမှာ ရှိနေလျှင် အရာရာကို ရောင့်ရဲလွယ်တတ်သည် ဆိုတဲ့ အသိလေးနဲ့တင် သူမ
ကျေနပ်ခဲ့ရတာပါ။
“မဆိုင်လိုက်တာဟာ … အဲဒါတွေ မပါဘဲ ချို့တဲ့ ဆင်းရဲနေပေမယ့် အပေးအယူ မျှတ
တဲ့ အိမ်ထောင်ရေးတွေ၊ သာယာတဲ့ မိသားစု ဘ၀တွေ အများကြီးရှိတာပဲ။ ငွေကြေးနဲ့
တန်ဖိုး ဖြတ်လို့မရတဲ့ အရာတွေ အများကြီးပဲ။ အဲဒါတွေ ပိုင်ဆိုင်နေဖို့က
အရေးကြီးတယ်။ ငါ့အတွက်ကတော့ နင့် နှလုံးသားထဲမှာ ငါ ရှိနေဖို့ပဲ။ အဲဒါပဲ
ငါ့အတွက် လိုတယ်။”
“ငါ့ နှလုံးသားထဲမှာ နင် ရှိနေပါတယ်။ အမြဲတမ်းလည်း ရှိနေမှာပါ။ စိတ်ကူးယဉ်ဘ၀မှာ ငါ့ နှလုံးသားထဲမှာ နင် ရှိနေတာထက်
ငါ ပိုင်ဆိုင်တဲ့ လက်တွေ့ဘ၀ထဲမှာ နင် နေနိုင်ဖို့က ပိုအရေးကြီးတယ်။”
သူမ၏ ဖြောင့်ဖျဆွဲဆောင်မှုများက အလုပ်မဖြစ်တော့ဘူးထင်ပါရဲ့။ နှစ်ရှည်လများ
တွယ်တာခံရသော သံယောဇဉ် အနှောင်အဖွဲ့သည် သူ့ အတွက်တော့ ရုန်းဖယ်
ထွက်ခွါသွားရန် လွယ်ပေမယ့် သူမ အတွက်တော့ တစ်နေ့ထက် တစ်နေ့ ပိုပြီး
တင်းကြပ်လာခဲ့သည့်အရာ။ သူ မရှိလျှင် … ရုံးဆင်းချိန်မှာ သူမ
အမြင်ချိန်ဆုံးက သူ မျက်နှာ၊ အတူ ထိုင် တတ်သည့် ထင်ရှုးရိပ်၊ သူမ
ဈေးဝယ်ထွက်သည့်အချိန် တစ်ခါတစ်ရံ ဆွဲခြင်းလိုက်ဆွဲပေးတတ်ပြီး ဈေးဆစ်သည့်
အခါတိုင်း ပွစိပွစိ စိတ်မရှည်သလို လုပ်တတ်သည့် သူ့ အကျင့်၊ ဘယ်လောက်
အလုပ်တွေ ရှိရှိ လတိုင်းကျရောက်တတ်သည့် ချစ်သူ နှစ်ပါတ်လည်နေ့လေးတွေမှာ
တစ်နေ့ကုန် သူမကို အချိန်ပေးတတ်သည့် ချစ်သူ …။ အို .. သူမ ဘ၀ထဲမှ သူ
မရှိခဲ့လျှင် ဆိုတာ ယောင်လို့တောင် တွေးဖြစ်ခဲ့သည့် အရာမဟုတ်ခဲ့ပါကွယ် …
“ဒါဆိုရင် .. နင် နဲ့ ငါ ခွဲခွာနေရမယ့် ကန့်သတ်မဲ့တဲ့ အချိန်တွေက ငါတို့
နှစ်ယောက်ကြားက ကံကြမ္မာ ကို တနည်းတဖုံ ပြောင်းလဲ ပစ်လိုက်နိုင်တယ်
ဆိုရင်ရော …”နင့်ကို တုပ်နှောင်ဖို့ ထုတ်သုံးလိုက်ရတဲ့ မာယာကြိုးမျှင်
ပါးပါးလေးပါကွယ်။ နင်ကို ထိရှသွားနိုင်ပေမယ့် .. ငါ့ အနားက အဝေးဆုံးကို
မထွက်သွားစေချင့်တဲ့ ဆန္ဒတစ်စုံနဲ့ တုပ်နှောင်ချင်ရုံသက်သက်ပါ။
သူ ဆက်ကနဲ တုန်လှုပ်သွားသလိုရှိသည်။ ရုတ်တရက် သူမ ဘက်ကို လှည့်၍
စူးစိုက်ကြည့်သည်။ သူ အကြည့်စူးစူးတို့ကို ရင်မဆိုင်နိုင်၍ အမြဲ
ခေါင်းငုံ့အရှုံးပေးခဲ့ရသော သူမ သည် .. သည်တစ်ခါတော့ သူ မျက်ဝန်း
နက်နက်တွေထဲကို သေချာပြန် ၍ စူးစိုက်ကြည့်နေလိုက်တော့သည်။
ဆုံးဖြတ်ချက်ခိုင်မာစွာချထားပြီးပုံရသော သူ့ ပုံစံကတော့
ပြောင်းလဲသွားမည့်ပုံ မရှိပါ။ သူ အသက်၀၀ ကို ရှုသွင်းလိုက်ရင်း …“ဒါဆိုလည်း
ကံတရားရဲ့ စီရင်ချက်အတိုင်းပဲပေါ့ … ။ ငါတို့ အားလုံးက နင်ပြောတဲ့ အဲဒီ
ကံတရား ဆိုတာကြီးရဲ့ အဆုံးအဖြတ်ကို အမြဲ နာခံရတာပဲလေ။
မိန်းကလေးတစ်ယောက်အတွက် အသက်အရွယ်နဲ့ မိဘ အသိုင်းအ၀ိုင်းရဲ့ စီမံမှု စတဲ့
ကန့်သတ်ချက်တွေ ငါ နားလည်ပါတယ်။ အဲလို ဖြစ်လာခဲ့ရင်လည်း We meet to apart
ဆိုသလို ခွဲခွာဖို့အတွက် ငါတို့တွေ တွေ့ဆုံခဲ့ကြတာပေါ့ဟာ … ”
မီးတောင်ကြီး တစ်ခု ၀ုန်းကနဲ ပေါက်ကွဲသလို နာကျင်ခံစားမှုများဟာ
မီးစလေးတစ်ခု ဖျပ်ကနဲ ငြိမ်းသွားသလို ချုပ်ငြိမ်းသွားခဲ့ရပါပြီ။
သဘောင်္တစ်စီးဖြတ်သွားမှုကြောင့် ကမ်းစပ်ကို လှိုင်းပုတ်သံ တ၀ုန်းဝုန်း၊
လှိုင်းဒါဏ်ကြောင့် ကမ်းစပ်က ၀ါးဖောင် တို့ တရုန်းရုန်း
ယိမ်းကြွစီးမျောသွားကြသည်။ ၀ါးဖောင်တွေကြား ပူချည်ထားသည့်
နှီးကြိုးလေးတွေကမှ လှိုင်းဒါဏ်ကို ခံနိုင်ပြီး ၀ါးဖောင်များ
ကွဲကွာမသွားအောင် စုစည်းထားနိုင်သေးသည်။ သူတို့နှစ်ဦးကြားက ဆယ်စုနှစ်
တစ်ခုကျော် စုစည်းခဲ့သည့် သံယောဇဉ်ကတော့ ဘ၀အခြေအနေ၊
ရည်မှန်းချက်တွေရိုက်ခတ်မှုမှာ အပိုင်းပိုင်း ပြတ်တောက်ကုန်ပြီ ထင်ပါရဲ့။
“လူ ဆိုတာ ကိုယ့်ဘ၀ ကိုယ် ပြဋ္ဌာန်းတာပဲလေ၊ ငါ မရှိလည်း နင် ဘ၀က
ပြည့်စုံလှပနေမှာပါ။ ငါ မရှိခဲ့တဲ့ အချိန်တွေမှာလည်း နင် ကမ္ဘာက
ပြည့်စုံခမ်းနားနေမှာပါဟာ ..”
အရူး တစ်ယောက်လို တတွတ်တွတ် ရေရွတ်နေသော သူကို ကြည့်ရင်း သူ စကားထဲက
သူမကမ္ဘာဆိုသော အရာသည် ပျက်ယွင်းသွားခဲ့ရပြီ ဆိုသည်ကို သူ သိနိုင်ပါ့မလား။
ရည်ရွယ်ချက်ခိုင်မာပြီး တိကျပြတ်သားသည့် အချက်ကို အမှတ်ပြည့်
ပေးထားခဲ့မိသော ချစ်သူသည် ယခုတော့ သူမ မလိုချင်ဆုံးသော၊ မကြားချင်ဆုံးသော
ဆုံးဖြတ်ချက်တစ်ခုနှင့် သူမဘ၀မှ အဝေးကြီးကို အချိန်အကြာကြီးသွားရစ်တော့မည်။
ငါ ကမ္ဘာက နင်မရှိလည်း ပြည့်စုံနေမှာတဲ့လား ….။ ဖတ်ခဲ့ဖူးသော
စာအုပ်တစ်အုပ်မှ စာသားအချို့ကို သူမ သတိရမိသည်။
“ကမ္ဘာကြီးအတွက်တော့ သင်က သာမာန်လူတစ်ယောက်ပဲ ဖြစ်နိုင်ပေမယ့် … သာမန် လူသား
တစ်ဦးတစ်ယောက်အတွက်တော့ သင် ဟာ ကမ္ဘာကြီး တစ်ခုပါပဲ” တဲ့။ ငါ့အတွက်တော့
နင်ရှိနေရင် အရာရာပြည့်စုံနေတဲ့ ကမ္ဘာကြီး တစ်ခုပါပဲ။ အခုတော့ ...
နေလုံးသည် မြစ်ကမ်းနဖူးပေါ် မေးတင် နစ်မြုပ်ရင်း တစ်နေ့တာ၏ အန္တိမကို
နှုတ်ဆက်နေသည်။ ည တစ်ည၏ နိဒါန်းတစ်ခုအတွက် ကြယ်လေးတွေ ဟို တစ်စ၊ ဒီ တစ်စ
တောက်ပတိုးထွက်လာနေသည်။ ဟိုး အဝေး ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံ
အချို့ကို သဲ့သဲ့ကြားရရုံမှ တပါး အရာရာသည် သူမ တို့ နှစ်ယောက်ကြား
ခြောက်ကပ်တိပ်ဆိတ်လျှက်။ မိုးနံ့ပါသော လေကို ရှုရှိုက်ရင်း ကောင်းကင်ကို
မော့ကြည့်လိုက်သည်။
အနည်းငယ် အုံ့ဆိုင်းနေသော တိမ်ထူည ကောင်းကင်မှာ ၀ိုင်းစက်စက် လပြည့်ဝန်း ကို သူမ မျှော်လင့်ခွင် ရမည်မဟုတ်။
ထို့အတူ သူမ ဘ၀ရဲ့ သမုဒယ ကောင်းကင်မှာ ချစ်ရသူ “ကို” ကိုလည်း မျှော်လင်ခွင့် ရှိနေနိုင်ပါ့ဦးမလား။
သူမ နှစ်သက်၍ မဂ္ဂဇင်း တစ်အုပ်မှ ကူးယူရေးသားခဲ့သော ကဗျာလေး တစ်ပုဒ်အတိုင်းသာ ဘ၀ကို ဆက်ရန်ရှိတော့သည်ပေါ့။
" လွမ်းသ၍မှာတော့၊
ပန်းမွှေ့ယာ၊ ရွှေကော်ဇော၊
သစ္စာစောင့်သမျှ၊
မေတ္တာ အကြောင့်အကျနဲ့
တောင့်တ ရင်မော ...."
သြော် ... မေတ္တာ အကြောင့်အကျတွေနဲ့ ..... တောင့်တ ရင်မော နေရဦးမှာပေါ့ကွယ် .....
ဝဏ္ဍသန်းထွန်း
၂၂၊ မေ၊ ၂၀၁၃
0 comments:
Post a Comment