Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ညမွှေးပန်း



တစ်ကယ်ဆို အရင်လို ကျွန်မ တောက်တစ်ချက် ပြင်းပြင်း မခေါက် တတ်တော့တာ ကြာလှပေါ့။ မထီမဲ့မြင်နဲ့ မသတီသလို အကြည့်မျိုး ဆိုရမလား၊
စာနာရ ကောင်းမှန်း နားမလည်တဲ့ လူ့ပတ်ဝန်းကျင်က အကြည့်ရိုင်းတွေကို အဓိပ္ပာယ် ဖော်ပြီး ခွဲခြမ်း စိတ်ဖြာလို့ရော ဘာထူးလာမှာလဲ။ ကျွန်မအမြဲ နှလုံးသွင်းဖြစ်တဲ့ အသိက အခက်ခဲဆိုတာတွေက ကျွန်မကို ပိုပြီး ရင့်ကျက် သန်မာစေရမယ် ဆိုတာပါပဲ။ ကျွန်မသိတာက မိသားစု တစ်စုကို တာဝန်ယူ ဦးဆောင်နေရတဲ့ ကျွန်မ လဲကျသွားလို့ မဖြစ်ဘူးလေ။
အစွမ်းကုန် စိုက်ထုတ်ခဲ့ရတဲ့ အားအင် ဆိုတာလည်း စွမ်းရည် တစ်ခုအနေနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် ကျားကန်နိုင်အောင် ရပ်တည်ဖို့အတွက် အထောက်အပံ့ တစ်ခုအနေနဲ့ အသုံးချနိုင်ဖို့ အတွက်ပဲ မဟုတ်လား။ ဘဝမှာ အသက်ရှင် နေရသ၍ ရုန်းကန်ကြရတဲ့ သူတွေကြိးပါပဲ။ ရုန်းကန် နေရသ၍လည်း အခက်ခဲဆိုတာ ကြုံတွေ့ နေကြရမှာပါပဲ။ ဘယ်သူမှ မကင်းနိုင်တဲ့ အခက်ခဲဆိုတာကြိးကို မျက်ရည် ကျနေရုံနေတော့ မဖြေရှင်းနိုင်ဘူးလေ။ အရှုံးမပေးပဲ ရုန်းကန်နိုင်မှသာ အဆင်ပြေလာမှာလေ။ ဒါမှလည်း ဘဝဆိုတာကို ထိုင်ပြီး စိတ်ပျက်နေမှာ ထက်စာလျှင် တော်သေးတယ် မဟုတ်ပါလား။
အပင်တွေ ယိုင်းနွဲ့တာ လေတိုက်လို့ပါ။ ဒါပေမယ့် လေငြိမ်တဲ့ အချိန်ဆိုတာလည်း ရှိလာဦးမှာပါပဲလေ။ ကျွန်မကတော့ ကိုယ့်ကိုကိုယ် အားပေးပြီး အခက်ခဲဆိုတာတွေကို တတ်စွမ်းသလောက် ကျော်ဖြတ်တယ်။ မသေချာတဲ့ အနာဂတ်အတွက် မရည်ရွယ်ပေမယ့် ကျွန်မရဲ့ မနက်ဖြန်တွေဟာ ငွေနဲ့ခင်းမှ သာယာမှာ။ လိုအပ်နေတဲ့ အမေ့ဆေးဖိုးဆိုတာက ရက်သတ္တပတ်မှာ သောင်းဂဏန်းလောက်မှ မရှိရင် မဖြစ်ဘူးဆိုတာ ကျွန်မ အသိဆုံးပဲလေ။ တစ်ချို့သော သူတွေအတွက် ဂုဏ်သိက္ခာဆိုတာ အသက်ထက် အရေးကြီးကောင်း ကြီးနိုင်ပေမယ့် ကျွန်မနဲ့ အမေ့ရဲ့ ဘဝ အတွက်တော့ ကူဖော်လောင်ဖက် မရတဲ့အပြင် ဘယ်နေရာမှ အသုံးမဝင်ပါဘူး။
“ညည်းအေ… ရုပ်ကလေးဗန်းပြ အသံလေး ဟစ်ပြနေမယ့်အစား သိက္ခာရှိရှိ ရိုးရိုးသားသား အလုပ်လေး တစ်ခုလောက် လုပ်စမ်းပါအေ”
ဆုံးမသလို အပြစ်တင်သလိုနဲ့ အသံကောင်းဟစ်တက်တဲ့ ရေနစ်သူ ဝါးကူလို့ထိုး ဆိုတဲ့ လူအမျိုးအစားထဲက လူသားတွေရဲ့ အဆိုအရတော့ ကျွန်မက ဂုဏ်သိက္ခာ မရှိသူပေါ့။ စားသောက်ဆိုင်မှာ သီချင်းဆိုစားတာ တစ်ခုနဲ့ပဲ ဘဝတစ်ခုလုံး ပျက်ရချည်ရဲ့လား။ ဒီလိုအမြင် ရှိနေသူတွေကို ရှင်းပြနေလို့ကော ဘာထူးမှာလဲ။ ဒါပေါ့လေ နာမည်ရ အဆိုတော်တွေတောင် စားသောက်ဆိုင်တွေမှာ အလှည့်ကျ ဆိုနေကြရတာပဲ။ ဟုတ်တာပေါ့ အခြေအနေချင်းမှ မတူတာကိုး။ကိုယ်က မိုးကျရွှေကိုယ်မှ မဟုတ်ခဲ့လေတော့ ဒီလောက်တော့ အတိုက်စား ခံရမှာပေါ့လေ။
ကျွန်မက မှီခိုလိုသူ၊ မိခင်ကိုမှ ကိုးကွယ်ချင်သူ တစ်ယောက်။ ဒါပေမယ့် ကံကအလှည့်မပေးတော့ ပညာရေးက တစ်ပိုင်းတစ။ အဆင်မပြေတိုင်း ကိုယ်လွတ်ရုန်း ပြေးထွက်သွားတဲ့ တာဝန်မဲ့ အဖေရယ်လို့လည်း အပြစ်မတင်ရက်ခဲ့ဘူး။ ရောဂါသည် တစ်ပိုင်းကြီးနဲ့ မနိုင်မနင်း ရုန်းကန်နေရတဲ့ အမေ့ဘဝကို ခဏလောက် အနားယူပါစေ ဆိုတဲ့ ဆန္ဒလေးနဲ့ ကိုယ်ကျွမ်းကျင်ရာ အလုပ်လေးမှာ (လူတစ်ချို့ပြောတဲ့ ဂုဏ်သိက္ခာကို ရောင်းစားတဲ့ အလုပ်) မနက်ဖြန်တွေကို ချရောင်း မိရက်သား ဖြစ်သွားတယ်။
မရေရာတဲ့ ဘဝကို စတင်ရုန်းကန်ရ ချိန်မှာ မဝံ့မရဲနဲ့ မျက်ရည်တွေသာ  နေ့နေ့၊ ညည အဖော်လုပ်ဖြစ်တယ်။ ဒါကို နားလည်ရှာတဲ့ ဘဝတူ သူငယ်ချင်းမလေးက သူသိထားတဲ့ ခံစားချက်လေးနဲ့ ကျွန်မကို အားပေးစကား ပြောရှာတယ်။
“အချိန်တန်ရင် အဲ့ဒီဂုဏ်သိက္ခာဆိုတာ ငွေနဲ့ ဝယ်လို့ ရပါတယ် ၊ ပြန်ဝယ်လို့ မရမှာက နင့်အမေရဲ့ အသက်ပဲ၊ ဖြစ်နိုင်ရင်လေ ငါလည်း အမေလို့ ခေါ်ရမယ့် အမေတစ်ယောက် ရှိနေစေချင်တာ အမှန်ပဲ၊ အဲ့ဒါဆို အခုထက်စာရင် ဘဝကို ရင်ဆိုင်ရတာ ပိုပြီး အဓိပ္ပာယ် ရှိချင် ရှိနေမှာ”
သူမ ပြောတာလည်း ဟုတ်သလိုလိုပင်။ ကျွန်မအတွက် အမေရှိနေတာပဲ အတော်ကို ခွန်အား ဖြစ်ရသည်ပဲ။ လူတစ်ချို့အတွက် ကြီးကျယ် ခမ်းနားသော ဂုဏ်သိက္ခာဆိုတာ ကျွန်မတို့ သားအမိအတွက်တော့ ဘယ်နေရာမှ အထောက်အကူ မဖြစ်စေတာ အမှန်ပဲ။ တစ်ခါတစ်လေ ရင်ဆိုင်ရတဲ့ အခက်ခဲတွေက နာကျင်စေတဲ့အခါမှာတော့ ကျွန်မ အားရပါရ ငိုမိတယ်။ ဒါပေမယ့် မျက်ရည်ခမ်းလို့ ငိုလို့ဝသွားတဲ့အခါ ကျွန်မအလှဆုံး ပြုံးဖြစ်အောင်  ကြိုးစားတယ်။
ဘဝဆိုတာ အမြဲတမ်း အချိုတွေကြီးပဲ ရနိုင်တာမှ မဟုတ်တာ။ တစ်ခါတရံတော့လည်း အခါးလေး အစပ်လေးနဲ့ ရသာစုံ ပေးတတ်တာပဲလို့ နှလုံးသွင်းလိုက်တယ်။ အဲ့ဒီလို အတွေးမျိုး တွေးလိုက်နိုင်ရင်ကိုပဲ ရင်တစ်ခုလုံး ပေါ့ပါးသွားရသလို။ ကျွမ်းကျင်ရာ၊ လိမ္မာရာ အသက်မွေးဝမ်းကျောင်း တစ်ခုရယ်လို့ မမြင်နိုင်ကြဘဲ မြေနိမ့်ရာ လှံစိုက်ချင်သူတွေကလည်း ဒုနဲ့ဒေး။ နေရာတကာ အကောင်းမြင်စိတ်လေး မမွေးနိုင်တာ ထားဦး သူ့စည်းကိုယ့်စည်း ဆိုတာလေးတောင် မထားနိုင်ဘဲနဲ့ လျှင်သူစားကြေးဆိုတဲ့ ခေတ်မှာ ဘဝတစ်ချို့ ကြေမွမသွားနိုင်ဘူးလို့ ဘယ်သူကများ အာမခံပေး နိုင်ပါ့မလဲ။
ဒီလိုနဲ့ပဲ သွေးနွေးသတ္တဝါ ဖြစ်ပါလျှက်နဲ့ ပိုအေးစက်သွားခဲ့တယ်။ သေဆုံးသွားတဲ့ သစ်ပင်တစ်ပင်ပေါ် ကျရောက်လာတဲ့ မိုးရေစက်တွေက တစ်ကယ်ပဲ အဲ့ဒီ သစ်ပင်ကို အကျိုးပြုနိုင်ပါရဲ့လား။ အဲ့ဒီသစ်ပင်အတွက် အသုံးဝင် ပါတော့မလား။ ဆွေးမြေ့သွားဖို့ အတွက်ပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်မအတွက်ကတော့ အမေပြောသလိုပဲ  ကိုယ့် ကိုယ်ကျင့်တရားကို အဖြူစင်ဆုံး ဖြစ်အောင် နေတယ်။ ဒါဟာ လုံလောက်တဲ့ အချက်တစ်ချက် မဟုတ်ခဲ့ဘူးလား။
သံသယဆိုတာ ဘယ်လောက် ခိုင်မာတဲ့ ယုံကြည်မူကိုမဆို ကြေမွသွားစေနိုင်တယ် ဆိုတာ ကျွန်မ လက်တွေ့ ရင်ဆိုင်ခဲ့ရတယ်။ ပိုဆိုးတာက ကြေမွသွားတဲ့ ယုံကြည်မူမှာ အဆစ်ပါသွားတဲ့ ကျွန်မရဲ့ ချစ်ခြင်းမေတ္တာတွေပဲ။ ချစ်ခြင်းမေတ္တာနဲ့ တစ်ဦးကို တစ်ဦး ကြည်ရူစောင့်ရှောက် ရမယ့်အစား မလိုအပ်ပဲ နာကျင်စေမှတော့ အချစ်လို့ သုံးနှုန်းဖို့ သင့်ပါသေးရဲ့လား။
“ ယောက်ျားပေါင်းစုံ လာတဲ့နေရာမျိုးမှာ သီချင်းဆိုပြိး ဖြေဖျော်ရတဲ့ မိန်းမတစ်ယောက်ရဲ့ ဖြူစင်လှပါတယ်ဆိုတဲ့ ကိုယ်ကျင့်တရားကို ဘယ်လိုမျိုး သက်သေပြမှာလဲ… ဆိုစမ်းပါဦး”
ကိုယ့်ကျင့်တရားနဲ့ မာန ဆိုတာကို ထိခိုက်စော်ကားခဲ့တဲ့ လူတစ်ယောက်ကို အလှဆုံး ပြုံးပြလို့ ကျွန်မနှုတ်ဆက် ခဲ့လိုက်တယ်။ တစ်စုံတရာ တုန့်ပြန်လိုက်ဖို့တောင် မတန်ဘူးလို့ ကျွန်မ ယူဆတဲ့အတွက် ကျောခိုင်းခြင်း ဆိုတာနဲ့ပဲ နှုတ်ဆက်လိုက်တယ်။ လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိစမြဲပါ။ ဘယ်သူမှ စင်းလုံး မချောကြပါဘူး။ ဒါပေမယ့် မလိုအပ်ပဲ တစ်ယောက်ကို တစ်ယောက် စော်ကား အနိုင်ယူခွင့်တော့ မရှိဘူးလေ။ လှည့်ထွက်ခဲ့တဲ့ ကျွန်မရဲ့ခြေလှမ်းတွေမှာ အောင်မြင်မူတွေ ကပ်ပါလာတယ်လို့ ကျွန်မ ခံစားလို့ ရနေတယ်။
ပြင်သစ်စာရေးဆရာမ Simone De Beauvoir ရဲ့ စကားနဲ့ ပြောရရင် အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ညီမှ အချစ်မည်တာ မဟုတ်လား။ တစ်ဖက်တည်းသတ် နေရမဲ့ နာကျင်မူမျိုးဆိုတာ ကိုယ်ကိုကိုယ် သေကြောင်းကြံတာနဲ့ ဘာများ ကွာခြားနေဦးမှာလဲ။ အချစ်ဆိုတာ ယုံကြည်လို့ ရပါတယ်။ မလိုလားအပ်တဲ့ အဆိပ်တွေကိုသာ ရင်ထဲ သိမ်းဆည်းဖို့ မသင့်တော်တာပါ။ အဲ့လိုပဲ တော်တဲ့ ထက်တဲ့ ယောက်ျားတွေကိုလည်း တန်ဖိုးထားခွင့် ရှိတယ်ပါတယ်။ သို့သော်လည်း မအပ်စပ်ဘူး၊ မသင့်တော်တဲ့ လူမျိုး ဖြစ်ခဲ့ရင်လည်း ပြတ်သားနိုင်ရမယ်လို့ ကျွန်မက ခံယူထားတယ်။ ဒါကြောင့်လည်း စိုက်ဝင်နေတဲ့ ဓါးကို အနာခံပြီး ဆွဲနှုတ်ပစ်လိုက်တယ်။ အခိုက်အတန့်တော့ ကျွန်မ ပိုနာကျင်ရတာပေါ့လေ။
ရင်ဘတ်ကို ဓါးနဲ့ထိုးမှ အကြမ်းဖက်တာလို့ ထင်နေတဲ့ လူ့ဥာဏ်နည်းတွေလည်း ရှိတက်ပါတယ်။ တစ်ကယ်ဆို လူတစ်ယောက်ကို စူးစူးရဲရဲ ကြည့်လိုက်တဲ့ အကြည့်တစ်ချက်ဟာ ရင်ဘတ်ကို ဓါးနဲ့ထိုးတာထက် အကြမ်းဖက်တယ်ဆိုတာလည်း နားလည်သင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာ အလကားစားရတဲ့ ညစာမျိုးကို ကျွန်မရှောင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်အရာမှ အလကား မရဘူးဆိုတဲ့ တန်းဖိုးဆိုတာကို ကျွန်မ နားအလည်ဆုံးမို့ပေါ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတစ်ခုကို ကိုယ်တိုင် ဝယ်နိုင်ဖို့ ကြိုးစားတယ်။ အဲ့ဒီအတွက် ဖွာခနဲ ကျသွားတဲ့ ဂုဏ်သိက္ခာတွေကိုတော့ ရင်းလိုက်ရတာပေါ့။ ဒါပေမယ့် ကျွန်မမှာ အရောင်မစွန်းသေးတဲ့ ကိုယ်ကျင့်တရား ရှိတယ်။ သူ့ကိုတော့ ဘယ်တုန်းကမှ အပွန်းပဲ့ မခံခဲ့ဘူး။
တစ်ခါတရံ လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ပေမယ့် ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်က မပြောင်းလဲနိုင်တဲ့အခါ ကိုယ် ကိုယ်တိုင် ပြောင်းလဲကြရတယ်။ ကိုယ်ဘယ်လို ပြောင်းလဲချင်တယ်ဆိုတဲ့ မူကြမ်းတစ်ခုတော့ ရှိသင့်တာပေါ့။ ကျွန်မ ပတ်ဝန်းကျင်မှာက သားရဲတွေ အလွန်ပေါတယ်။ သတိတစ်ချက် လစ်လို့မရတဲ့ နယ်မြေပေါ့။ ခြေတစ်လှမ်းဟာ တစ်ဘဝ နွမ်းသွားဖို့လည်း ဖြစ်နိုင်တာပဲ။ နေရာတစ်ခုထဲမှာ စိတ်နေ သဘောထား တွေလည်း စုံလင်လှတယ်။ ခံစားချက် တွေလည်း အရောင်စုံကြတယ်။
“Selfish” ဆိုတဲ့ တကိုယ်ကောင်းဆန်မူ ဆိုတာက နားဝင်သာ ဆိုးတာ ကျွန်မအတွက်တော့ တော်တော်လေး အသုံးဝင်တယ်။ အထူးသဖြင့် လူတွေ ဘယ်လိုအကြည့်နဲ့ပဲ ကြည့်ပါစေ ကျွန်မရဲ့ ယုံကြည်ချက်တွေကို ဖြတ်တောက် ပျက်စီးသွားစေမယ်လို့ မယုံကြည်ဘူး။ ကျွန်မလျှောက်တဲ့ လမ်းတွေဟာ မချောမွေ့တဲ့အတွက် ဆူးစူးခံရနိုင်မယ် ဆိုတာတော့ ကျွန်မ သိတယ်လေ။
ဘဝမှာ ကိုယ်ပိုင် ဆန္ဒလေး တစ်ခုစီတော့ လူတိုင်းမှာ ရှိတက် ကြစမြဲပဲ။ ယုံကြည်မူ၊ မျှော်လင့်ချက် အိပ်မက်၊ ပန်းတိုင် တွေလည်း ရှိနိုင်တာပဲ။ အဲ့ဒီဆန္ဒတွေ၊ မျှော်လင့်ချက်တွေက ရိုးရိုးသာမန် ဆန္ဒလေးတစ်ခု ဖြစ်နိုင်သလို ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေလည်း ဖြစ်နိုင်တာပဲ။ ကျွန်မရဲ့ ဆန္ဒက ဘဝရဲ့ နုပျိုခြင်းတွေမှာ ပျော်ရွင်ခြင်း အမှတ်တရတွေ သိမ်းဆည်း ထားချင်တယ်။ ဝမ်းနည်းစရာ ကောင်းတာက ကျွန်မမှာ ပျောက်ဆုံးနေတာက ပျော်ရွင်ခြင်းတွေပဲ။
အမေကတော့ ကျွန်မဘဝရဲ့ တစ်ဦးတည်းသော အားပေးဖော်ပါ။ အမေကပြောတယ် “ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို သူတစ်ပါးရဲ့ ပါးစပ်ဖျားမှာ ဘယ်တော့မှ မပျောက်ဆုံးစေ ရဘူး”တဲ့။ တစ်ခါတလေကျတော့လည်း နောက်ကျောက ထိုးတဲ့ ဓါးတွေကြားမှာ ဘဝတွေ တော်တော်များများ သေဆုံးသွား တတ်ကြတယ် မဟုတ်လား။
ကျွန်မ တန်ဖိုးအထားဆုံးက မိသားစု။ ကျွန်မတို့ မိသားစု ထမင်းစားဝိုင်းမှာ ရှိနေနိုင်တာက ကျွန်မရယ် အမေရယ် နှစ်ယောက်တည်း။ ကျန်းမာရေး မကောင်းတဲ့ကျွန်မအမေက အချိန်မှန်၊ ပုံမှန် ထမင်းစားချိန်၊ ဆေးသောက်ချိန်တွေကို သတိထား ဆင်ခြင်ရတယ်။ သူစ်တပါးတွေ နားချိန်မှ အလုပ်စဝင်ရတဲ့ ကျွန်မက စားချိန်၊သောက်ချိန် ကမောက်ကမ။ ဒီလိုနဲ့ပဲ နှစ်ယောက်တည်းရှိတဲ့ မိသားစု ထမင်းစားဝိုင်းလေးက လူမစုံနိုင်ခဲ့ဘူး။ ကိုယ့်အားကိုယ်ကိုးနေ ကြရတဲ့ဘဝမှာ ထမင်းဝိုင်းလေး လူစုံအောင်တောင် ကျွန်မ မတတ်နိုင်သေးဘူး။ မကြိုးစားနိုင်ခဲ့ဘူး။
ကျွန်မက အမေ့အတွက် အလိမ္မာဆုံး၊ အထက်မြတ်ဆုံး သမီးတစ်ယောက် မဟုတ်ခဲ့ဘူး။ ဒါပေမယ့် အမေကတော့ ကျွန်မအတွက် နားလည်မူ အပေးဆုံးနဲ့ အလှပဆုံးသော မိခင်တစ်ယောက်ပဲ ဖြစ်တယ်။ ညဉ့်နက်မှ အိမ်ပြန်ရောက်လာမယ့် ကျွန်မခြေသံတွေကို နားစွင့်နေရတဲ့ အမေရဲ့ ပူပန်မူကို ကျွန်မ စာနာမိတယ်။ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသလိုပဲ ကျွန်မတို့သားအမိ နှစ်ယောက်က တစ်ဦးကို တစ်ဦး အမှီသဟဲ ပြုနေကြရတယ်။ တစ်ယောက်ရဲ့ ဘဝမှာ တစ်ယောက်က အရေးပါဆုံး  လူသားနှစ်ဦးမို့ မရှိမဖြစ်တဲ့ လိုအပ်ခြင်းတွေကို  ကျွန်မနဲ့ အမေက လိုအပ်သလို ကွက်လပ်ဖြည့်ကြရတယ်။
ဘဝဆိုတာ တစ်လမ်းသွား မဟုတ်တဲ့အတွက် လမ်းတစ်ခုက ခရီးမပေါက်စေဘူးဆိုရင် တခြားလမ်းတစ်ခုကို ရှာတွေ့နိုင်မယ်လို့ ကျွန်မယုံကြည်တယ်။ အဲ့ဒီအတွက် ကျွန်မမှာ ရှိတဲ့ မျှော်လင့်ချက် ပန်းတိုင်လေးတွေကို ရှင်သန် အထမြောက် စေချင်မိတယ်။ တစ်ကယ်တော့ လူ့ဘဝဆိုတာ ပိုင်ဆိုင်ထားတာလေးကိုပဲ တန်ဖိုးထားတတ်မယ် ဆိုရင်ပဲ အပျော်ဆုံး လူသားတစ်ယောက် ဖြစ်နိုင်ပါတယ်လေ။ အဲ့ဒီလိုသာဆို ကျွန်မရဲ့ မျှော်လင့်ချက် အိပ်မက်လေးက ကျွန်မ လက်ထဲမှာ လက်ဝယ်ပိုင်ပိုင် ရှိနေမှာပဲ မဟုတ်လား။
တစ်ကယ်တော့ ကျွန်မတို့ လူသားတွေရဲ့ အကျင့်ကိုက အဝေးကြီးကို မျှော်ကြည့် တတ်လွန်းကြတာပါ။  အနားမှာ ပိုင်ဆိုင်နေတဲ့ အရာတွေထဲကပဲ ကျွန်မတို့ အကောင်းဆုံး ဖြေသိမ့်တွေးယူ နိုင်ကြမယ်ဆိုရင် မလိုလားအပ်တဲ့ အဝေးကြီးကို မျှော်လင့်ပြီး စိတ်သောက ရောက်ကြမှာ မဟုတ်ဘူးလေ။ တစ်ခုတော့ ရှိတယ် ဘဝဆိုတာ စုန်တလှည့် ဆန်တလှည့်မို့ အလှည့်ကျရင် ဆန်တက်နေရတဲ့ ဘဝကနေ စုန်ဆင်းနိုင်မယ့် အခွင့်ရေးဆိုတာလည်း ရှိလာနိုင်တာပဲ။
ကျွန်မရင်ထဲကို မကြာခဏ ဆိုသလို ဝင်ရောက်နှိပ်စက်တတ်တဲ့ လေထုထဲက လာတဲ့ စကားလုံးတွေကို လေထုထဲကိုပဲ ပြန်ပြိး စွန့်ပစ်လိုက်တယ်။ အဲ့ဒီလိုမှပဲ ကျွန်မ ကမ္ဘာကြီး တစ်ခုလုံး လွတ်လပ်ပေါ့ပါး နိုင်မှာ မဟုတ်လား။ အဲ့လိုမှ မဟုတ်ခဲ့ရင် ကျွန်မ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက တနင့်တပိုးကြီး ဖြစ်နေတော့မှာပဲလေ။ ကြုံလာရတဲ့ ဘဝအမောတွေနဲ့ လေးလံလှတဲ့ အတွေးတစ်ချို့ကို ကျွန်မ လွတ်ချလိုက်တဲ့ အခါ အတော်လေး နေသာထိုင်သာ ရှိသွားတာတော့ အမှန်ပဲ။
ဒီလိုနဲ့ အလုပ်ကနေ အပြန်ဖယ်ရီပေါ်ကနေ ခပ်သွက်သွက်ဆင်းဖို့ ပြင်လိုက်တယ်။ အမေ ကျွန်မကို မျှော်နေလောက်ပြီလေ။ အိမ်သို့ လှမ်းဝင်နေတဲ့ ကျွန်မ ခြေလှမ်းတွေက ဒီနေ့မှ ပိုပြီး လွတ်လပ်ပေါ့ပါး နေသယောင်ယောင်။ ပေါ့ပါးနေတဲ့ စိတ်အစဉ်ကြောင့်လည်း ဖြစ်နိုင်တယ်။ ကြည်လင်နေတဲ့ စိတ်ကြောင့် ထင်ပါရဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်မိတဲ့ အခါမှာတော့ လဆန်းရက်မို့ သူ့တာဝန်ကို ကျေပြွန်ဖို့အတွက် ကြိုးစားနေတဲ့ လခြမ်းကွေးကွေးက ကောင်းကင်မှာ အထင်သား။
မိုးသားတွေ ဖုံးနေတာကြောင့် ကြယ်တို့ တိမ်းရှောင်တဲ့ ညပေါ့။ အဖော်မဲ့နေတဲ့ လခြမ်းကလေးသာ တစ်ကိုယ်တည်း ထီးထီးကြီး ကောင်ကင်မှာ နေရာယူလို့။ မိုးရဲ့ အငွေ့အသက်တွေကြောင့် မိုးများ ရွာလေမလားလို့ တွေးမိပြန်တယ်။ တိတ်ဆိတ်နေတဲ့ ည၊ လရောင်ကလည်း ဝိုးတဝါး။ အိမ်ရှေ့က ညမွေးပန်းရုံမှ ပန်းရနံ့များကလည်း လေနဲ့အတူ လိုက်ပါစီးမြောလို့။ မဆီမဆိုင် ညမှ ပွင့်ရ၊မွေးရတဲ့ ညမွေးပန်းဘဝကို စာနာမိပြီး အတွေး နယ်ချဲ့မိပြန်တယ်။
တစ်ကယ်ဆို သူ့ကို အသိမှတ်ပြုသူ၊ သတိထားမိသူ အလွန် နည်းပါးလွန်းတယ် မဟုတ်လား။ လူခြေတိတ်လို့ ညအိပ်ချိန်ရောက်မှ ပွင့်ရတဲ့ ပန်းဘဝ။ အများတကာ ပန်းတွေလို နေရောင်မှာ ဖူးပွင့်ခွင့် မရရှာဘူး။ ဒါဟာ ကျိန်စာ တစ်ခုများလားလို့ ကျွန်မ ခပ်ကြောင်ကြောင် တွေးမိပြန်တယ်။ မဖြစ်နိုင်ဘူးလို့ရော ဘယ်သူက အတည်ပြုပေးနိုင်မှာလဲ။ ဘယ်လိုပဲ ဆိုပါစေ၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်ပါစေ ပန်းတို့မည်သည် သူ့အတိုင်းတာနဲ့ သူတော့ လောကကို အလှဆင်ပေး တက်ကြတာပဲ မဟုတ်ပါလား။ တစ်စုံတစ်ယောက်ရဲ့ အသိမှတ် ပြုမူကို မျှော်လင့်ခွင့် မရှိဘဲနဲ့ပေါ့။
အတွေးစတွေကို အမြန်သိမ်းလို့ အိမ်တံခါးကို ဖွင့်လိုက်တယ် ဆိုရင်ပဲ အမေ့ရဲ့ ချောင်းဟန့်သံက ကျွန်မကို ဆီးလို့ကြိုနေတယ်။ အမေလည်း တစ်ရေးနိုးပြီ ထင်တယ်။ ကျွန်မ အသံကို လုံအောင် သတိထားပြိးခြံတခါးကို သော့ခတ်လိုက်တယ်။ သော့တစ်ယောက် တစ်ချောင်းစီ ရှိနေတယ် ဆိုသော်လည်း ကျွန်မချော့မွေ့စွာပြန်ရောက်ပြီဆိုတာ သိမှ အမေ နှစ်ခြိုက်စွာ ဆက်လက် အိပ်စက်နိုင်မယ် ဆိုတာ ကျွန်မ သိနေတယ်လေ။ အိမ်ထဲဝင်ပြိး အတွင်းမှ သော့ပြန်ခတ်ကာ မီးချောင်း ဖွင့်လိုက်ချိန်မှာတော့ အိပ်ပျော်ချင်ယောင် ဆောင်နေတဲ့ အမေ့ကို ကျေနပ်စွာ တွေ့လိုက်ရတယ်။
ကျွန်မကို စိုးရိမ်လို့ အိပ်မပျော်ရှာတာကို နားလည်ပေမယ့် ကျန်းမာရေး မကောင်းတဲ့ အမေ့ကို အိပ်ရေးပျက်မှာ စိုးရိမ်တာကြောင့် စောစောအိပ်ဖို့ အမြဲမှာ ရသည်ပဲလေ။ ကျွန်မ စိတ်မကောင်း ဖြစ်မှာစိုးလို့ အမေက အိပ်ချင်ယောင် ဆောင်တက်သလို ကျွန်မကလည်း အမေအိပ်ချင်ယောင် ဆောင်တာကို မသိချင်ယောင် ပြန်ဆောင် ပေးရသည်ပဲပေါ့။ အမေရဲ့ မေတ္တာ၊ သမီးရဲ့ စေတနာကို အပြန်အလှန် အသိအမှတ်ပြု ခြင်းအားဖြင့်လို့ ဆိုရမယ်ထင်တယ်။
တစ်ကယ်တော့ အမေရယ် ညမွေးပန်း ဆိုတာလည်း နေ့အခါမှာပဲ ပွင့်လန်း ချင်ရှာလိမ့်လို့ ဘယ်သူကများ စာနာပေး တတ်ကြမှာ လဲလို့သာ……။
လေးစားစွာဖြင့်
အိန်ဂျယ်လှိုင်
8.10 PM (Austria)
Friday, March 15, 2013

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More