Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

နောက်မကျချင်သူ နှင့် ခေတ္တ ကွန်ဂို


တံခါးခေါက်သံ ခပ်တိုးတိုးနဲ့အတူ သူမ နိုးလာတော့ မေမေ့အသံဆိုတာ သိလိုက်တာနဲ့ ကမန်းကတန်း ထလိုက်မိတယ်။ ကုတင်ဘေးက စားပွဲတင်နာရီကို ကြည့်လိုက်တော့ မနက် ငါးနာရီအတိ။

“ဘာဖြစ်လို့လဲ မေမေ”

“အဖေ့ လည်ပင်းမှာ ကပ်ထားတဲ့ ပလာစတာ ကွာသွားလို့ မေလည်း ပြန်ကပ်ပေးထားပေမယ့် ခဏခဏပြန်ကွာပြီး သွေးစလေးနည်းနည်းတွေ့တာနဲ့ လန့်လို့ သမီးကို လာနှိုးတာ”

မေမေ့စကားကိုနားထောင်ရင်းနဲ့ အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းထဲက ကုလားထိုင်မှာထိုင်ရင်း သူမကိုလှမ်းမျှော်နေတဲ့ ဖေဖေ့ရဲ့ အားနာတဲ့မျက်ဝန်းအစုံက သူမရင်ကို ဆွဲဆုတ်လိုက်သလို နာကျင်စေလွန်းခဲ့တယ်။ ကျောက်ကပ် နှစ်ခုလုံးအားနည်းပြီး အရေးပေါ်ကျောက်ကပ်ဆေးဖို့ ပြီးခဲ့တဲ့နှစ်ပတ်ကမှ လည်ပင်းက သွေးကြောမှာ ပိုက်တပ်ထားရသူမို့ ကျောက်ကပ်ဆေးနေတုန်းမှာ ဖြစ်တတ်တဲ့ အန္တရာယ်ကို  စိုးရိမ်ရတဲ့အပြင် အိမ်ပြန်ရောက်တဲ့အခါ ကပ်ထားတဲ့ ပလာစတာ ကွာသွားမှာ ၊ သွေးကြောကနေ သွေးတွေတရဝေါထွက်လာတတ်မှာ၊ အခန့်မသင့်လို့  ပိုးဝင်ပြီးသွေးဆိပ်တက်မှာ စတာတွေကို သူမတို့ မိသားစု စိုးရိမ်ရတာ အမြဲပါပဲ။

“ဘယ်တုန်းက ကွာသွားတာလဲ ဖေဖေ”

“သိပ်မကြာသေးပါဘူး သမီးရဲ့ သမီးအမေက စိုးရိမ်လို့ပါ”

“ဘာ… ဘယ်တုန်းက မကြာသေးရမတုန်း တော် ရဲ့ မနက်  နှစ် နာရီကတည်းကလေ”

“စောစောက နှိုးလိုက်ရောပေါ့ မေမေရယ်၊ တော်ကြာ ကွာနေတဲ့ အစ ကနေ ယောင်ပြီးဆွဲမိပြီး သွေးတွေ ထွက်လာတော့ ဘယ်လိုလုပ်မလဲ၊ ပိုအလုပ်ရှုပ်ကုန်တော့မှာပေါ့ ”
ဒေါသနှောပြီး သူမ စောဒက တက်မိတော့

“သမီးကို နှိုးမယ်လို့ ပြောတာကို ပင်ပန်းလို့အိပ်တာ အိပ်ပါစေဆိုပြီး သမီးအဖေက ကုလားထိုင်မှာ ထိုင်စောင့်နေတာ အခုမှ နှိုးပေးပါဆိုလို့ ”

“မင်း ကွာ …”

“…………………..”

“…………………………..”

လင်မယားနှစ်ယောက် အပြန်အလှန် တစ်ပျစ်တောက်တောက် ပြောတာကို လစ်လျူရှုရင်း ပလာစတာ ပြန်ကပ်ပေးနေဖြစ်သည်။ 

နှစ်ယောက်သား ငြင်းခုံကြတဲ့အကြောင်းက ဆေးရုံတက်တုန်းကလည်း ညတိုင်းစောင့်အိပ်ခဲ့တဲ့ သူမကို အိပ်ရေးပျက်မှာ စိုးလို့တဲ့လေ။ အားလုံးပြီးလို့ ပြန်အိပ်လို့ရပြီလို့ပြောပြီး မော့ကြည့်လိုက်တော့ အသက်ရှစ်ဆယ် ၀န်းကျင် ရှိပြီဖြစ်တဲ့ မိဘနှစ်ပါးရဲ့ သမီး ဆရာဝန်တစ်ယောက်ကို အားနာလို့ကြည့်တဲ့မျက်လုံးတွေ အောက်မှာ သူမ အရည်ပျော်ခဲ့ရတယ်။

တကယ်ဆို ငယ်ငယ်ကတည်းက ချုချာလွန်းခဲ့တဲ့ သူမကို ညကြီးမိုးချုပ် ဆေးရုံဆေးခန်း ကို ခဏခဏ ပို့ခဲ့ရတဲ့ ဖေဖေ့ကို သူမ ဘယ်တုန်းကမှ အားမနာခဲ့မိပါဘူး။ အဲဒီလိုပဲ အလယ်တန်း၊ အထက်တန်းနဲ့ ဆေးကျောင်းတက်နေတုန်းမှာ ညမိုးချုပ်ထိ စာဖတ်တတ်တဲ့ သူမကို ခြင်ကိုက်မှာစိုးလို့ ၊ စာဖတ်ရင်း အိပ်ပျော်သွားမှာစိုးလို့ ဘေးနားက ယပ်တောင်တစ်ချောင်းနဲ့ ထိုင်စောင့်တတ်တဲ မေမေ့ကို သူမ ဘယ်တုန်းကမှ အားမနာဖြစ်ခဲ့ဘူးဆိုတာ စဉ်းစားလိုက်မိတော့ သူမကိုယ်သူမ ရှက်လည်း ရှက် ၀မ်းလည်းနည်းမိတာ အမှန်ပါပဲ။

ဒီလိုနဲ့ပဲ သူမရဲ့ ရက်တွေကို ဆေးရုံဆေးခန်းမှာ ဖေဖေ့ရဲ့ လူနာစောင့်အဖြစ် မေမေနဲ့အတူ ကျေကျေနပ်နပ်ကြီး အချိန်ကုန်ဖြစ်ခဲ့တယ်။

အဲဒီတစ်နေ့အထိပေါ့…

အဲဒီနေ့ဆိုတာ အာဖရိက အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂို (DR congo) နိုင်ငံမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဆေးကုဆရာဝန်တစ်ယောက် အဖြစ် အလုပ်ခန့်စာ ရောက်လာခဲ့တဲ့နေ့ပါ။ ခန့်စာအကြောင်း ချစ်ခင်တဲ့သူတွေကို ဖွင့်ပြောခဲ့ပေမယ့် ဖေဖေ့ကို ပြောပြဖို့ သူမမှာ အားမရှိခဲ့ဘူး။ ခုနောက်ပိုင်းနှစ်တွေမှာ သူမကို အားကိုးတစ်ကြီးရှိလာပြီး တစ်ပတ်ကို နှစ်ခါ ကျောက်ကပ်ဆေးနေရတဲ့ ဖေဖေ့ကို သူနဲ့ဝေးရာကို ခွဲသွားဦးမယ်လို့ ဘယ်လိုမှ ပြောမထွက်ဖြစ်ခဲ့ဘူး။

အကြောင်းပြန်ဖို့ နောက်ဆုံးရက်တွေ နီးလာတာနဲ့အမျှ ရင်တွေ ပူလောင်နေမိတော့တာပါပဲ။ နှစ်ရှည် လများ စောင့်ခဲ့ရတဲ့ အလုပ်တစ်ခုနဲ့ အလုပ်ခွင်ပြန်ဝင်ဖို့ အချိန်တန်ပြီဆိုတာ သူမ နားလည် ပေမယ့် တစ်နှစ်ဆိုတာ အရာအားလုံးကို ပြောင်းလဲဖို့ လုံလောက်တဲ့အချိန်မို့ အိပ်မရတဲ့ ရက်တွေ ဆိုတာလည်း နေ့တိုင်းလိုလိုပဲပေါ့။

နေ့တိုင်းကိုဖြတ်ကျော်နေပေမယ့် သူမသိတာက သူမ ဖေဖေ့အနားမှာ ဒီလိုပဲနေချင်မိတယ်။ သူမပေးဆပ်လို့ရသလောက် ပေးဆပ်ချင်တယ်လို့ တွေးမိတဲ့အခါ  ဘ၀နောင်ရေး ၊ အနာဂါတ်၊ တိုးတက်မှုဆိုတာတွေကို သူမ ဘာကိုမှ နားမလည်ချင်တော့ပြန်ဘူး။ အချိန်တွေသာ ကုန်လွန်သွားခဲ့ပေမယ့် သူမမှာ အဖြေဆိုတာ မရှိခဲ့နိင်ဘူး။
……………………………………………………………………………

“သမီး UN (United Nation) က အလုပ်ကို လက်ခံဖို့ အကြောင်းမပြန် သေးဘူးလား”

စာကြည့်စားပွဲမှာ စာရွက်စာတမ်းတွေ နဲ့ အလုပ်ရှုပ်နေတဲ့ သူမကိုပြောလာတဲ့စကားကြောင့် ဖေဖေ့ကို အံ့သြတကြီး မော့ကြည့်လိုက်မိတယ်။ လက်ထဲမှာ ဟိုတပတ်က အကြမ်းထုတ်ထားတဲ့ အလုပ်ခန့်စာကို ကိုင်ထားတဲ့ ဖေဖေက...

“သမီးအတွက် ဖေဖေ အမြဲတမ်း ဂုဏ်ယူနေမှာပါ။ ၉ လဆိုတာ ကြာတာမှ မဟုတ်ဘဲ။ မြန်မြန်သွားတော့ မြန်မြန်ပြန်လာလို့ရတာပေါ့ ” လို့ ပြောတော့ သူမ မျက်ရည်တွေ ဖေဖေ မမြင်အောင် သိမ်းထားခဲ့မိတယ်။

ဖေဖေ့ရဲ့စကားအဆုံးမှာ ကွန်ဂိုနိုင်ငံ ကင်ရှဆာ(Kinshasa) ဆိုတဲ့မြို့ကြီးကို ခရီးထွက်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်ခဲ့ရတယ်။ နားမကောင်းလို့ သူ့ဘက်က မကြားရပေမယ့် ဖုန်းလာတိုင်း နားထောင်ချင်တဲ့၊ နေမကောင်းပေမဲ့ အမြဲတက်ကြွနေတဲ့ ဖေဖေ့အသံကို ကြားဖို့ ကွန်ဂိုရဲ့ နေ့တိုင်းကို တနင်္ဂနွေနေ့ ဖြစ်စေချင်တာဟာ သူမဘက်က မလွန်ဘူးထင်တာပါပဲ ။ အဆင်မပြေရင် ချက်ချင်းပြန်လာဖို့ အမြဲပြောတတ်တဲ့ စိုးရိမ်တတ်တဲ့ မေမေ့အသံကို သူမကြားတိုင်းလည်း အိမ်နဲ့ အိမ်ရဲ့အရိပ်တွေကိုမြင်နိုင်တာမို့ ဖုန်းမကြာ မကြာ ဆက်ဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ သူ့သမီးအငယ်ဆုံးက ဘယ်မှာအလုပ်လုပ်နေတယ်။ သူ့အတွက်လည်း အစစအရာရာ ဘယ်လိုစီစဉ်ပေးခဲ့တယ်ဆိုပြီး ဖေဖေက ခပ်ကြွားကြွား ခပ်ပိုပို ပြောတတ်တယ်လို့ မေမေကတဆင့် အားမနာတမ်း ကြားရတတ်တဲ့အခါ သူမနှလုံးသားမှာ မျက်ရည်တွေ ပြည့်လို့ပါပဲ။

ဒီလိုနဲ့ ကွန်ဂိုမှာသူမ ကွန်းခိုဖြစ်ခဲ့တာ ရက်ပေါင်း ငါးဆယ်ကျော် ခဲ့ပါပြီ။ 

အနည်မထိုင်သေးတဲ့ နေ့စဉ်ဘ၀မှာ အလုပ်တာဝန်တွေ ထမ်းဆောင်ရင်း အိမ်လွမ်းတဲ့ရက်တွေကိုလည်း ပြက္ခဒိန်မှာ ရေးခြစ်နေရတုန်းပါပဲ။ ခုတော့ ကွန်ဂိုရဲ့ နိုဝင်ဘာကိုတောင် သူမ ကျော်ဖြတ်နိုင်တော့မယ်ထင်ပါရဲ့။ နိုဝင်ဘာလ လယ်လောက်ကစပြီး ကွန်ဂိုနိုင်ငံ မြို့တော်ဖြစ်တဲ့ ကင်ရှဆာ (Kinshasa) ရဲ့ လုံခြုံရေးအခြေအနေဟာ နေ့စဉ်လိုပဲ ပြောင်းလဲလို့ လုံခြုံရေးတင်းကျပ်ပြီး အလုပ်ခွင်ပြင်ပကို ထွက်ခွင့် မရတဲ့ နာရီတွေနဲ့လည်း သူမ ကြုံခဲ့ရဖူးပြီလေ။ တာဝန်ကျ ဆရာဝန်တစ်ယောက်မို့ အရေးပေါ် အခြေအနေပေါ်လာတဲ့အခါ အရေးပေါ်ကားနဲ့အတူ ညကြီးမိုးချုပ် မြို့ရဲ့လမ်းမပေါ် ရောက်နေခဲ့တဲ့ အချိန်တွေမှာလည်း သူမရဲရဲရင့်ရင့်နေတတ်ခဲ့ပြီ။ ဘယ်လိုပဲ အခြေအနေတွေ ပြောင်းလဲပါစေ ကွန်ဂိုဆီကို လှမ်းမျှော်ပြီး သူမအတွက် လင်းပေးနေတဲ့ နေနဲ့ လ က သူမရဲ့နေ့တွေ ညတွေကို လမ်းပြပေးနေဆဲပါပဲ။ သူမကလည်း အဲဒီအလင်းတွေ ကို အားမနာတမ်း ယူရင်း နေ့ရက်တွေကို ဖြတ်သန်းနေဖြစ်ခဲ့တယ်။

လက်တွေ့ဘ၀မှာ သူမအတွက် မနက်တိုင်း နေထွက်ချိန်ကို ကြည့်ဖို့အချိန် မရှိခဲ့သလို နေ၀င်ချိန်ကို ခံစားဖို့ အခွင့်မရှိသေးပါဘူး။ ဒါပေမယ့် ကွန်ဂိုရဲ့ နေ့တွေညတွေတိုင်းမှာ ဆန္ဒလေးတစ်ခုတော့ အမြဲရှိနေခဲ့တယ်။  သူမ နောက်မကျချင်ပါဘူး။ အဲဒီ ဝေးရတဲ့ ရက်တွေကို သူမအမြန်ကုန်ဆုံးချင်ပြီ...။

(ဖေဖေက သူမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် သူမကတော့ ဖေဖေကြောင့် လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။ )

မွန်းသက်ပန် (ဆေး-၁)
စရဏမဂ္ဂဇင်း
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ

မှတ်ချက်
ဆရာမ မွန်းသက်ပန်ရဲ့  "နောက်မကျချင်သူနှင့် ခေတ္တကွန်ဂို" စာမူရဲ့ ဒီဇိုင်းဟာ ဆရာမတာဝန်ကျရာ အာဖရိကနိုင်ငံမှာ တာဝန်ကျစဉ်က အာဖရိကကလေးငယ်လေးနှစ်ယောက်နှင့်အတူ ရိုက်ထားသည့်ပုံဖြစ်ပြီး ။ ဓာတ်ပုံအား ခဲခြစ်ဒီဇိုင်းအဖြစ် ပုံစံဖော်ပေးထားခြင်းသာဖြစ်သည်

ရွှေရောင်အိပ်မက်



သံသာပျံဝဲ ဝေဟင်ထဲမှာ
သာယာပျော့ပျောင်း သတင်းကောင်းတွေ
ချိုးဖြူခမျာ အားငယ်ရှာပေါ့..။
တောကြောင်တွေ လက်ခမောင်းခတ်ဖို့ 
တို့ တွေ ပြည်တွင်းစစ်ဖြစ်ရတာကြာပြီ
ကြည့်လော့...
မီးလောင်တိုက်ထဲက ငြိမ်းချမ်းရေး
ဂီတတခြား တေးသံတခြားနဲ့ ..။

ပြည်တွင်းစစ်က အဆုတ် အတက် အတွက်
ကျားကွက်ရွေ့ ကစားခုံတစ်ခုလေလား..
ပြားပြားမှောက် လူမှုဒုက္ခအောက်က ငါ့တို့ မှာ
မြေဇာပင်ကို အသနားကြီးသနားတယ်...
သေနတ်သံတိတ်ဆိတ် ရွာလမ်းထိပ်ကမူလတန်းကျောင်းကို
ပြန်တက်ချင်တဲ့ ကျုပ်သားလေးကိုလည်း သနားတယ်..။

ပက်ပက်စက်စက်လောင်ကျွမ်းခဲ့ စစ်မီးလျှံအောက်
တဖြုတ်ဖြုတ်ကြွေ ကြယ်စင်တွေဆို ရေတွက်မရတော့ဘူး
သောကတွေပါရဗွနဲ့  မိဘများရဲ့  ငိုကြွေးသံ
ကောင်းကင်နံရံမှာ ပဲ့တင်ထပ်လို့ ..
"အနာဂတ်သခင်တွေ အသက်ချွေ 'စစ်' ကြောင့်ကြွေ.." တဲ့။

မင်းတာရာ

ဇာတ်လိုက်


ဟေ့ - ဇာတ်လိုက်
ကလော G T I  မှာ အမည်မသိ ကျောင်းသားချင်း ဒီလိုခေါ်ခဲ့ကြတယ်
ကိုယ်က ခေါ်လိုက်တယ် ၊ ခေါ်သံတွေ ပြန်ကြားရတယ်
ဟေ့ - ဇာတ်လိုက်
ပဟေဠိနန်းတော်ရဲ့  ပထမပိုင်းမှာပဲ တ၀ဲလည်လည်
မြွေတွေ တစ်ကောင်ရဲ့ အမြီးကို တစ်ကောင်က မြိုသလို
ပူဖောင်း အဖောက် ခံရတတ်သလို
နှလုံးသားနဲ့ ဦးနှောက်ကိုလည်း အဖောက်ခံရတတ်တယ်
ကနောင်ဆောင် ၊ မှိုင်းလုံးဆာင် ၊ မှန်ဆောင်တွေလည်း ဇာတ်လိုက်

ဟေ့ - ဇာတ်လိုက်
ပါးအရိုက်ခံရပြီး ဂျပန်မှာ စစ်ပညာသင်ယူနေကြသလောက် မပင်ပန်းပါဘူး
မင်းအတွက် ၊ ငါ့အတွက် ၊ မိသားစုအတွက် ၊ ဒီလောက်ပါပဲ
ဘူတာရုံ ၊ သိမ်တောင် ၊ မြို့မလမ်း တို့ကလည်း ဇာတ်လိုက်

ဟေ့ - ဇာတ်လိုက်
မင်းနဲ့ ငါတို့ရဲ့ ရင်ထဲမှာ လူမှုရေးစစ်တွေ
လူ့အသက်ကို ရင်းတဲ့ စစ်ပွဲ မဖြစ်နိုင်ဘူး
မဟုတ်လား ၊ ဟုတ်မလား ၊ လားမဟုတ်
လားမဟုတ်ပေမယ့် လူတိုင်းလည်း ၀န်ကိုရုန်းလို့ ပါဝင်
ကျရာဆေးစက်ဟာ ဇာတ်ရုပ်ပဲ ဖြစ်မယ်
ချယ်ရီ ၊ စိန်ပန်းပြာ ၊ စွယ်တော် ပန်းတွေကလည်း ဇာတ်လိုက်

ဟေ့ - ဇာတ်လိုက်
ကစားရဲရမယ် ၊ ပြိုင်ရဲရမယ် ၊ ခေါ်ရဲရမယ် ၊ ကြားရဲရမယ်
ကျား ရဲ များတဲ့တောမှာ ကြမ္မာက မောစရာ

ဟေ့ - ဇာတ်လိုက်
ဘယ်လောက် လည်လည် ၊ ဘယ်လောက် လွှင့်လွှင့်
တစ်ခေါက်စာ အဲဒီအသံ

ဟေ့ - ဇာတ်လိုက်
“မနက်ခင်းတစ်ခု မွေးဖွားခြင်း ” ကို
မျိုးကြီး ၊ နိုင်းနိုင် တို့နဲ့အတူ စုပေါင်းဆိုလိုက်ကြမလား ... ။



ငြိမ်းစိုးဦး

(၁၈၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၃ )

အတ္တဆူး


“အတ္တ” ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများဆိုသလိုပင် ရှိကြစမြဲပါ။ ကိလေသာကို မပယ်သတ်နိုင်သေးသမျှ ကာလပတ်လုံး အတ္တ နဲ့မကင်းနိုင်ကြပါဘူး၊ အတ္တ ဆိုတာ အတိုင်းအတာ တစ်ခုထက် ကျော်လွန်သွားရင် “ အတ္တ လွန်ကဲသူ” တွေ (တစ်ကိုယ်ကောင်း သမား၊ တစ်ဘို့တည်း ကြည့်သူ၊ ကိုယ့်အတွက်ကိုသာ ကြည့်တတ်သူ) ဖြစ် သွားရပါတယ်။ တနည်းအားဖြင့် အရာရာမှာ ကိုယ့်သဘော၊ ကိုယ့်ဆန္ဒ၊ ကိုယ့် အကျိုးတွေကိုသာ ရှေ့တန်း တင်တတ်တဲ့သူတွေ ဖြစ်သွားပါတယ်။ နောက် လူတိုင်းက ကိုယ့်ကိုယ်ကို ချစ်တတ် ကြသူချည်းပါ၊ ဘာကြောင့် ဒီလိုပြောရ သလဲဆို ယေဘုယျ အားဖြင့် အသက်နဲ့သက်ဆိုင်တဲ့ ဘေးအန္တရာယ် တစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာဆို အရင်ဆုံး ကိုယ်လွတ်မြောက်ဖို့အတွက်သာ အရင်ဦးဆုံး ဦးနှောက်ထဲရောက် လာတတ်တာပါ၊ နောက်မှသာ တခြားသူ များအတွက် စိုးရိမ် ပူပမ်မိတတ်ကြတတ်ကြတဲ့ သဘောတရား ရှိတတ်ပါတယ် ။
“အတ္တ” ဆိုတာကတော့ အသွင်အမျိုးမျိုးနဲ့ ရှိတတ် ကြပါတယ်၊
“ မိဘက သား၊သမီးအပေါ် ထားတဲ့ အတ္တ “
ကိုယ့်သား၊ သမီး ကောင်းစားတာကိုပဲ မြင်ချင်သူဆိုတာကတော့ မိဘတိုင်းရဲ့ ရင်တွင်းဆန္ဒတွေချည်းပါပဲ။ သို့ ပေမယ့် တချို့သော မိဘများက ကိုယ့် သား၊သမီးမှ တော်တယ်၊ တတ်တယ်၊ ကိုယ့်သား၊ သမီးမှ အသုံးကျတယ်၊ နောက်ဆုံး ယုတ်အစွဆုံး ချစ်သူ၊ ရည်သူရည်းစားထားကြတယ်ဆိုလျှင်တောင်မှ ကိုယ့်သား၊သမီး မှားနေခဲ့လျှင်တောင် ကိုယ့်သား၊ သမီးပြောတာကိုပဲ ဇွတ်မှိတ်ယုံပြီး ကိုယ့်သား၊သမီးမှ အမှန်လုပ်တတ်သူလို့ မှတ်ယူသူ မိဘတွေလည်း ရှိတတ်ကြပါတယ်။ ဒါမျိုးကိုတော့ ရှိသင့်ရှိထိုက်တဲ့ အတ္တထက်လွန်ကဲသူ တစ်ဘို့တည်းကြည့်သူအဖြစ်သာ သတ်မှတ်လို့ ရပါတယ်။ ကိုယ်မွေးထားတဲ့ သား၊သမီးတိုင်းကို မိဘတိုင်းက ချစ်တတ်ကြတာပါပဲ၊ တောင်းဆိုး၊ ပလုံးဆိုး ကိုသာ ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုး၊ သမီးဆိုးကို ပစ်ပယ်သွားတဲ့ မိဘဆိုတာ မရှိပါဘူး။ သို့ပေသည့် မိဘတိုင်း သား၊ သမီးတိုင်းကတော့ ကိုယ့် မိဘ၊ ကိုယ့်သား၊ သမီးကို ချစ်တတ်ကြသူချည်း ဆိုတာကို သိထား တယ်ဆိုလျှင်တော့ “ငါ့သား၊သမီးမှ” ဆိုတာ ရှိလာလိမ့်မယ် မထင်မိပါဘူး ။ ကျွန်မ သတ်မှတ်ထားတဲ့ “မိဘ“ ဆို တာ “ ကိုယ့်သား၊ သမီးမဟုတ်တဲ့ တခြားသူတွေရဲ့ သား၊ သမီးတွေကိုလည်း ကိုယ့် သား၊သမီးပမာချစ်တဲ့သူမျိုး “ ကိုသာ မိဘလို့ သတ်မှတ်ထားတာပါ ။

“ မောင်နှမသားချင်း အချင်းချင်းထားတဲ့အတ္တ “
ဒါလည်း အပေါ်က မိဘက သား၊သမီးအပေါ်ထားတဲ့အတ္တနဲ့ ဆင်ဆင်ပါပဲ။ တစ်လောကလုံးမှာ ကိုယ့် မောင်နှမ လုပ်သမျှ၊ ပြောသမျှသာလျှင် မှန်တယ်လို့ သတ်မှတ်ထားပြီး တရားမျှတမှု ရှိတယ်၊ မရှိဘူးဆိုတာ မရှိပါဘူး။ လူသားတိုင်းက အသွေးနဲ့ကိုယ်၊ အသားနဲ့ကိုယ် တည်ဆောက်ထားသူတွေမို့ သူ့မောင်၊ သူ့ညီမ၊ ကိုယ့်မောင်၊ ကိုယ့် ညီမ ထိရင် နာတတ်သူတွေချည်းပါပဲ။ ကိုယ့်ရဲ့ လက်ထိပ်ကို ဆိတ်ကြည့်လို့ နာတတ်တယ်ဆိုရင် သူများတွေလည်း ကိုယ်လိုနည်းတူ နာတတ်တယ်ဆိုတာ သိထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲလို့ ဆိုချင်ပါတယ် ။

“ အချစ်အပေါ်ထားတဲ့ အတ္တ “
အချစ် ဆိုတာ တကယ်တမ်းတော့ ရိုးစင်းတဲ့အပြင် ဖြူစင်တယ်လို့ ဆိုချင်ပါတယ်၊ ချစ်တဲ့သူတွေပေါ်သာမူတည်ပြီး အရောင်တွေ ကွဲပြားသွားကြတာပါ။ ချစ်တတ်ခြင်းဆိုတာ သူ့အလိုလိုဖြစ်တည်လာတဲ့ သဘောတရားတစ်ခုလို့ သတ်မှတ်ထားသူပါ။ အချစ်တစ်ခုမှာ အကြောင်းပြချက်လည်း မရှိသလို၊ အတ္တလည်း ကင်းပါတယ်။ ချစ်ကြတဲ့ သူတိုင်းကတော့ ကိုယ့်ချစ်သူ ကိုယ့်ကို ချစ်တာကိုပဲ လိုလားကြသူပဲလေ၊ နောက် ကိုယ့်ချစ်တဲ့သူနဲ့ပဲ နွေးထွေးတဲ့ မိသားစုဘ၀လေးကို ထူထောင်ချင်ကြသူချည်းပါပဲ။ ဒီလို နွေးထွေးတဲ့မိသားစုဘ၀ တစ်ခုဖြစ်လာဖို့ ချစ်သူ နှစ်ယောက်အပေါ်မှာလည်း မူတည်သလို သူ့ဘက်၊ ကိုယ့်ဘက် ဆွေမျိုးတွေနဲ့လည်း တနည်းတဖုံ ဆက်စပ် နေတာပါ။ မတူညီတဲ့ လူသားနှစ်ဦး ပေါင်းဖက်မှုမှာ ကာယကံရှင် ချစ်သူနှစ်ဦးက ပေါင်းကူးတံတား မျှသာပါ၊ တကယ်တမ်းတော့ ကာယကံရှင်နှစ်ယောက်ရဲ့ ဘ၀တစ်ခု ပေါင်းစပ်မှုအပြင် မတူညီတဲ့ အသိုင်းအ၀န်း နှစ်ခု ပေါင်းစပ်မှုပါ။ “ချစ်သူ” ဆိုတာ တစ်ယောက်တည်းနဲ့ သတ်မှတ်လို့ မရပါဘူး၊ ချစ်သူ ဆိုတာ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် နှစ်သက်မိသွားတာ၊ မြတ်နိုးမိသွားတာ၊ တန်ဘိုးထားတတ်သွားတာပါ။ ဒါကြောင့် ချစ်သူတွေ ချစ်ကြတဲ့အခါမှာ “အတ္တကင်းတဲ့အချစ်” ဖြစ်ဖို့လိုအပ်ပါသည်။ ချစ်သူနှစ်ဦး ထူထောင်လိုက်တဲ့ ဘ၀တစ်ခုကလည်း အတ္တကင်းတဲ့ နွေးထွေးတဲ့ ဘ၀တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့် ဆန္ဒချည်းပဲ မဟုတ်ဘဲ၊ သူ့ ဆန္ဒကိုပါ ကိုယ်က ဖြစ်ခွင့်ပေးရမယ်လေ၊ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဆန္ဒချည်းကိုသာ ရှေ့တန်းတင်မယ်ဆိုလျှင် ချစ်တာ တော့ချစ်တာပါပဲ ဒါပေမယ့် လိုချင်မှု ရမ္မနဲ့ ကိုယ့်လိုအင်ဆန္ဒပြည့်ဖို့အတွက်ကိုသာ ဦးတည်သွားတဲ့ အတ္တဆန် တဲ့အချစ် ဖြစ်သွားပါလိမ့်မည် ။

“ခေါင်းဆောင်မှုမှာ မထားရှိသင့်တဲ့ အတ္တ”
ခေါင်းဆောင် လို့ဆိုတဲ့အခါမှာ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝရုံသာမက ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ အပေါ် မှာပါ ကိုယ့်ရဲ့ သား၊သမီးတွေလို မေတ္တာရှေ့ထား အုပ်ချုပ်တဲ့ သူမျိုးမှသာ ခေါင်းဆောင် လို့သတ်မှတ်လို့ရတာပါ။ ခေါင်းဆောင်နိုင်မှု အရည်အချင်းက အသက်အရွယ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အကြောင်းအရာပါ။ ပင်ကိုယ်ရှိ ရင်းစွဲ ဦးဆောင်နိုင်မှုအရည်အချင်းနဲ့ ပြည့်စုံသူမှသာလျှင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်မှာပါ။ စီမံခန့်ခွဲမှုပညာရပ်ဆိုတာ သင်ယူနိုင်ပေမယ့် ဦးဆောင်နိုင်မှုအရည်အချင်းဆိုတာ ပင်ကိုယ်ပါလာတဲ့ ပါရမီ တစ်မျိုး ပါ။ ခေါင်းဆောင် လို့သတ်မှတ်ထားတိုင်း ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာ စတာတွေကို ပြောချင်သလို ပြော၊ လုပ်ချင်သလို လုပ် နေလို့ မရတော့ပါဘူး။ ခေါင်းဆောင် တစ်ယောက်ဟာ ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ ခံစားချက်တွေကို စွန့်လွှတ်ထားရတာများပါတယ်၊ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ကို ရှေ့တန်း တင်မယ်ဆိုရင် ခေါင်းဆောင်နေရာကို ရောက်နေတဲ့သူသာ ဖြစ်သွားပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေဆိုတာလည်း အတ္တကြီးလွန်းသူ မဖြစ်သင့်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ဟာ အတ္တကြီး လွန်းသူဖြစ်နေခဲ့မယ်ဆိုလျှင် လက်လွှတ်ဆုံးရှုံးမှု များမှာပင်ဖြစ်ပါတယ် ။

“အတ္တကြီးလွန်းသူ”
လူတစ်ယောက်ဟာ “ပင်ကိုယ် ဗီဇ” ဆိုတာ မွေးလာကတည်းက ပါလာတတ်လေ့ရှိတတ်ကြပါတယ်။ ထို့နည်းတူ “အကျင့်” ဆိုတာကိုလည်း မွေးဖွာလာစဉ်ကတည်းက စနစ်တကျပြုစုပျိုးထောင်ပေးလိုက်မယ်ဆိုရင် ကိုယ်လိုသလို ပြုစုပြုပျိုးထောင်ပေးခဲ့တဲ့ ကောင်းတဲ့အကျင့်၊ မကောင်းတဲ့အကျင့် စတဲ့ အကျင့် တစ်ခုကိုတော့ ပိုင်ဆိုင်သွားမှာပါ။ လူတိုင်းမှာကတော့ ပြီးပြည့်စုံခြင်း “Perfect” ဆိုတာ မရှိကြပါဘူး။ လူတစ်ယောက်မှာ ကောင်းတဲ့အကျင့်ရှိသလို မကောင်းတဲ့ အကျင့်လည်းရှိတတ်ကြပါတယ်။ ဒီလိုပဲ ကောင်းတဲ့ဗီဇ ဓါတ်ခံရှိသလို၊ မကောင်းတဲ့ ဗီဇဓါတ်ခံလည်း ရှိတဲ့သူ ရှိကြပါတယ်။
တချို့သူတွေက ကိုယ့်တစ်ဘို့အတွက်သာ ကြည့်တတ်သူတွေပါ။ လူတစ်ယောက်မှာ ရှိတဲ့ အတ္တတစ်ခုထက် ကျော် လွန်ပြီး ကိုယ့်သဘော၊ ကိုယ့် ဆန္ဒတွေကိုသာ အရာရာမှာ ရှေ့တန်းတင်လွန်းသူတွေ ရှိကြပါတယ်။ ဒီလိုသူမျိုး တွေနဲ့ ဆက်ဆံရသူ အနည်း၊ အများကတော့ စိတ်ကသိကအောင့်ဖြစ်ခြင်း၊ နေရထိုင်ရ ဆက်ဆံရတာ အဆင်မပြေ မှုများနဲ့ ကြုံတွေ့ခြင်း စတာတွေကို တွေ့ကြုံရမှာပါ။ နောက် အတ္တကြီးလွန်းသူတွေနားမှာ မိတ်ဆွေ မြဲမြံနေတယ် ဆိုတာ ရှားပါတယ်။ ဒါကြောင့် အရာရာမှာ ကိုယ်အနိုင်ရပြီးရော ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ အတ္တတစ်ခုကို ရှေ့တန်းတင် လွန်းသူတွေကိုတော့ အတ္တကြီးလွန်းသူ အဖြစ် သတ်မှတ်လို့ရပါတယ် ။ အတ္တကြီးလွန်းသူတွေဟာ တစ်ဖက် သတ်တည်း ကြည့်တတ်သူတွေများပါတယ် ။
အတ္တကြီးလွန်းသွားရင် ပူလောင်လွန်းသွားပါတယ်။
လူတိုင်းမှာ ဆန္ဒ ဆိုတာရှိကြပါတယ်။ ကိုယ့်မှာလည်း ဆန္ဒ ရှိသလို၊ တစ်ဖက်သားဘက်မှာလည်း ဆန္ဒ ဆိုတာ ရှိကြ ပါတယ်ဆိုတာကို နားလည်လက်ခံ ကျင့်သုံးထားလိုက်မယ် ဆိုရင်ဖြင့် ကိုယ့် အတ္တကြီးမှုကြောင့် တစ်ဖက်သားမှာ ထိခိုက် သွားစရာ၊ နစ်နာသွားစရာအကြောင်း နည်းပါးသွားမှာ ဖြစ်တဲ့အပြင် ကိုယ်တိုင်သည်လည်း အတ္တ တစ်ခုကို စည်းတစ်ခုထက် ကျော်လွန်ပြီး ကျင့်သုံးသူမဖြစ်တော့ပါဘူးရှင် ။
နောက်တစ်ချက်က “ငါစွဲ အတ္တ ၀ါဒီ” နဲ့ “အမျိုး၊ ဘာသာ၊ သာသနာအပေါ်ထားတဲ့ အတ္တ၀ါဒီ” ပါ။ နေရာတိုင်းမှာ ငါ၊ ငါ့မိသားစု၊ ငါ့အတွက်ဆိုတဲ့ ငါစွဲ အတ္တ၀ါဒီ ကိုယ့်တစ်ဦးတည်း ကောင်းစားဖို့အတွက်သာကြည့်သော အတ္တမျိုးထက် ငါ့နိုင်ငံတော်၊ ငါ့အမျိုးဘာသာ၊ သာသနာအပေါ်မှာ ကောင်းစေချင်တဲ့ စိတ်နဲ့ထားတဲ့ အတ္တက မိမိအတွက်မဟုတ်တဲ့ အများအကျိုးအတွက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံတဲ့ အတ္တမျိုး ဖြစ်ပါတယ်။ အတ္တ ချင်းတူပေမယ့် ထားရှိတဲ့ စိတ်ထား ကွဲပြားသွားတာနဲ့ အကျိုးကျေးဇူးတွေဟာ အများကြီးကွဲပြားသွားပါတယ်။ အတ္တ ဆိုတာကတော့ ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားရင် မကောင်းပါဘူး ။ ကိုယ်တိုင်ကိုယ်သော်လည်း ကောင်း၊ တစ်ဖက်သားကိုသော်လည်းကောင်း ပူလောင်မှုတွေ ဖြစ်စေပါတယ် ။
ကျွန်မ မြင်တွေ့ရတဲ့ အတ္တ ဆိုတာ ကိုယ့်ကိုယ်ကို ချစ်လွန်းအားကြီးတာပါ။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို ချစ် တဲ့အချစ်က ရှိသင့်တဲ့၊ ချစ်သင့်တဲ့ အတိုင်းအတာ တစ်ခုထက် ကျော်လွန်သွားတာပါ။ ဒီမှာ တစ်ဖက်သတ် အမြင်၊ သဘောထား၊ ထင်မြင်ချက်တွေ ဖြစ်ကုန်တာပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ချစ်တဲ့ အချစ် “အတ္တ” ကို အများ အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက် လောင်ကျွမ်းပေးလိုက်မယ်ဆိုရင် ကောင်းမွန်တဲ့အတိုင်းအတာ တစ်ခု ထိတော့ အမျိုး၊ဘာသာ၊ သာသနာ အတွက် လောင်ကျွမ်းနေမှာပါ ။
ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားရင် ဘာအရာမှ မကောင်းပါဘူး၊ ချစ်လွန်းတာလည်း မကောင်းပါဘူး၊ မုန်းလွန်းတာလည်း မကောင်းပါဘူး။ ဒါ့ကြောင့် မိမိကိုယ်ကို ချစ်လွန်းအားကြီးသွားရင် အတ္တဆိုတဲ့ ဆူးက ကိုယ်ကိုယ်ကို ပြန်စူး တတ်တယ်ဆိုတာပါပဲ ။

"အတ္တဆူး"
ရှိသင့်ရှိထိုက်တဲ့ လိုချင်မှုထက်လွန်ကဲလွန်းသွားရင် ကိုယ့်ကိုယ်ကို ပြန် စူးတတ်တယ် ..

မြတ်ဗုဒ္ဓရဲ့ ပညတ်ချက်တော် နှစ်ခုဖြစ်တဲ့ “အတ္တာ ဟိ အတ္တနော နာထော” နဲ့ “အတ္တသမံ ပေမံ နတ္ထိ” စကား တော်ကို တချို့သူတို့သည် အဓိပ္ပါယ်လွဲမှားစွာ မှတ်ယူကျင့်သုံးနေတာကို မြင်တွေ့ခဲ့ဖူးပါတယ်။ မြတ်စွာ ဘုရားရှင် ဟောကြားမိန့်ဆိုခဲ့သည့် ဤ ပညတ်စကားတော်နှစ်ရပ်ရဲ့ အနှစ်ချုပ်အဓိပ္ပါယ်က လောကလူသား တွေအဖို့ ရှင်သန်မှုဖြစ်လာသမျှ လောကဓံတရားကို ရင်ဆိုင်ဖြေရှင်းကြရာမှာ ကိုယ့်ခွန်၊ ကိုယ့်အားနဲ့သာ ရင်ဆိုင်ဖြေရှင်းနည်းသည်သာ အမှန်ကန်အသင့်လျှော်ဆုံး နည်းလမ်းနှင့် မိမိကိုယ်ကို တကယ်ချစ်တဲ့သူ များဖြစ်ကြသူများဆိုလျင် ကိုယ့်ကိုယ်မှာ တွယ်ကပ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ တရားတွေကို ပယ်သတ်နိုင်တဲ့သူဖြစ်အောင် (မိမိကိုယ်ကို အောင်နိုင်တဲ့သူအဖြစ်) ကြိုးစားအားထုတ်ဖို့ ပညတ်ချက်ထားခဲ့ တော်မူခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တချို့သောသူများက အတ္တာ ဟိ အတ္တနော နာထော “မိမိကိုယ်သာ ကိုးကွယ်ရာ၊ မိမိကိုယ်သာ အားထားရာ” ပညတ်ချက်ကို တလွဲမှတ်ယူပြီး အရာရာမှာ ကိုယ့်စိတ်ဆန္ဒ ကိုသာ ရှေ့တန်းတင်သူတွေ နဲ့  အတ္တသမံ ပေမံ နတ္ထိ “မိမိနဲ့တူသော ချစ်ခြင်းမည်သည် မရှိ။(တနည်း -) မိမိကိုယ် သာ မိမိအချစ်ဆုံး ”  လို့ ဆိုရာမှာ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်တယ်ဆိုတဲ့ “ငါစွဲ အတ္တ” ကို လွဲမှားကျင့်သုံး တာတွေလည်း တွေ့ဖူးပါတယ်။

အတ္တာ ဟိ အတ္တနော နာထော
“မိမိကိုယ်သာ ကိုးကွယ်ရာ။ မိမိကိုယ်သာ အားထားရာ။” ဆိုရာတွင် -
အတ္တာ ဟိ အတ္တနော နာထော ဆိုတာ မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်တယ် လို့ အဓိပ္ပါယ်ရတယ်။ ဒါက မြတ်စွာဘုရား ဟောကြားတဲ့စကားဖြစ်တယ်။ လောက လူသားတွေက အဲ့ဒီအတိုင်း မိမိသာလျှင် ကိုးကွယ် ရာဟု ဒီလိုသတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊ မိမိမှတစ်ပါး အားကိုးရာ တစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ မိဘ၊ မိတ်ဆွေသင်္ဂဟတွေကို အားကိုးကြတယ်၊ ဆွေးမျိုးသားချင်းတွေ၊ ကိုယ်နဲ့ ခင်မင်ရာ ပုဂ္ဂိုလ်တွေကို အားကိုးကြတယ်၊ မြတ်စွာဘုရားက ငါ့ အားကိုးကြလို့ ဟောထားတာမရှိပါဘူး၊ သို့သော် လူတွေက ဘာကို အားကိုးရှာကြသလဲဆိုရင် ကိုယ့်ရဲ့ မိသားစုထဲက ပုဂ္ဂိုလ်တစ်ဦး ဦးကို အားကိုးရှာ ကြတယ်။ ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုးရာ မဟုတ်ပါဘူး ၊ မြတ်စွာ ဘုရားက ထာဝရအားကိုးရာဟာ ကိုယ့် ကိုယ်ကိုသာဖြစ်တယ်လို့ ဟောထားတာပဲ။ တကယ်တော့ အားကိုးရာအစစ်က မိမိမှတစ်ပါး ဘယ်သူမှ အားကိုးရာ အစစ်မဖြစ်နိုင်ဘူး။

အတ္တသမံ ပေမံ နတ္ထိ
“ မိမိနဲ့တူသော ချစ်ခြင်းမည်သည်မရှိ။(တနည်း -) မိမိကိုယ်သာ မိမိအချစ်ဆုံး။” ဆိုရာတွင် -
ဒီစကားက ပုထုဇဉ်သတ္တဝါများ ဖြစ်တတ်တဲ့ သဘောကို ပြောထားတာ ဖြစ်ပါတယ်။ ပုထုဇဉ်သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ တရားများရဲ့ လွှမ်းမိုးမှုကြောင့် ကိုယ့်ကိုယ်ကိုသာ အမြဲရှေးတန်းတင်ကာ ကိုယ့်ကိုယ်ကို ဦးစားပေး မှုတွေရှိတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်နေတတ်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတဏှာမာနစတဲ့ တရားတွေကြောင့် မိမိရဲ့ရုပ်နာမ်တွေမှာ တဏှာနဲ့စွဲလမ်းချစ်ခင် တွယ်တာနေပြီး အဲဒီလို မိမိကိုယ်ကို ချစ်ခင်မှုကြောင့်ပဲ မိမိနဲ့ပတ်သက်ရာ၊ မိမိချစ်ခင်မြတ်နိုး လေးစားရာ တွေမှာလည်း ချစ်ခင်တွယ်တာနေမိတော့တာ ဖြစ်ပါတယ်။ သတ္တဝါအများ ချစ်လေ့ရှိတာက ငါဆိုတဲ့အတ္တကို ချစ်နေကြတာ ဖြစ်ပါတယ်။ ဘုရားဖြစ်စေချင်တဲ့ အချစ်က အတ္တကုန်ရာ၊ တဏှာကုန်ရာကို ချစ်စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က မိမိကိုယ်ကို တကယ်ချစ်တယ်လို့ဆိုရင် ထိုမိမိကိုယ်ကို ကောင်းစွာစောင့် ရှောက်ရာ၏လို့ မိန့်တော်မူထားတာ ဖြစ်ပါတယ်။ ဒီစကားတော်က ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို မကောင်းမှု ဒုစရိုက်တွေက ရှောင်ကြဉ်ပြီး အကျင့် သီလကို ကောင်းစွာစောင့်ထိန်းကာ ကိလေသာကုန်ရာကို သုတ်သင်ကြဖို့ တိုက်တွန်းတော်မူထားတာ ဖြစ်ပါတယ်။

ယခုဖော်ပြခဲ့သည့် “အတ္တာ ဟိ အတ္တနော နာထော” နဲ့ “အတ္တသမံ ပေမံ နတ္ထိ”  မြတ်စွာဘုရား၏ ပညတ်တော် နှစ်ရပ်၏ မူရင်း အဓိပ္ပါယ် အနှစ်သာရပဲ ဖြစ်ပါတယ် ။
ကိလေသာမကုန်ခမ်းသေးသရွေ့ လူသားမှန်သမျှ အတ္တ သမားများသာဖြစ်ကြတာမို့ တစ်ဘို့တည်းတာ ကြည့် တတ်သူ ငါစွဲ အတ္တဝါဒီ လက်ကိုင်ထားသူများ မဖြစ်ကြပါစေနဲ့လို့ ဆန္ဒပြုရင်းဖြင့် မိမိသည်လည်း မည်သည့် အမျိုးအစားထဲတွင် ပါဝင်နေသည်ကို ကိုယ်တိုင်သုံးသပ်၊ ကြည့်မြင်တတ်ကြပါစေလို့ ။

ပန်းအိ
February 18, 2013
ကိုးကား
အတ္တာဟိ၊ အတ္တာနော နာထော၊ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ တရားအလှူတော် မှတ်တမ်း PDF

ယခုရေးသားသည့် “အတ္တဆူး” အမည်ရှိ ဆောင်းပါးသည် အတ္တကြီးလွန်းသူများအကြောင်းကိုသာ မိမိ မြင်တွေ့၊ ကြုံရတဲ့ အဖြစ်အပျက်များမှ တဆင့် ပြန်လည်ရေးသားမျှဝေခြင်းဖြစ်ခြင်းကြောင့် မိမိနှင့် အတွေးအမြင်တူသည်များ လည်း ရှိနိုင်သလို၊ မတူညီသူများလည်း ရှိနိုင်ပါတယ်။ ထို့အတွက် အမြင်တစ်ခုအား ချပြမျှဝေခြင်းဟု မှတ်ယူပေးပါ ရန် ။

ပြန်လိုချင်မိသော မျက်ဝန်းလေးတစ်စုံ


ကိုကျော်စွာ အိပ်ယာမှ နိုးလာသည်။ သူမျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ သူ့ကိုရွန်းရွန်း စားစား ကြည့်နေသော မျက်ဝန်းလေးတစ်စုံကို တွေ့လိုက်ရသည်။
"ကလေး မအိပ်ဘူးလား ဘာလို့ ကိုကို့ကို ကြည့်နေတာလဲ"
"ကလေး မအိပ်ချင်ပါဘူး ကိုကိုအိပ်နေတာကြည့်ကောင်းလို့ ထိုင်ကြည့်နေတာ"
ကိုကျော်စွာ ကျေနပ်စွာပြုံးလိုက်လျှက်သူမကို နွေးနွေးထွေးထွေး ထွေးပွေ့ထားလိုက်ရင်း
"ကလေးရယ် ကိုကိုလေ ကလေးအရင်ရည်းစားတွေ အများကြီးထားခဲ့ဘူးပါတယ် ဒါပေမယ့် ကိုကိုအိပ်နေ ရင် ကလေးလိုမျိုး ကိုကို့ကိုကြည့်နေတတ်တဲ့ မိန်းကလေးမျိုးတခါမှ မတွေ့ဘူးဘူး"
"ဘာလဲ ကိုကိုက ကလေးကို သူတို့နဲ့ တတန်းတည်းထားတာလား"
"အာ ကလေးကတော့ လုပ်ပြီ ရစ်ပြီ အရူးမလေး"
ကိုကျော်စွာ ကလေး လက်မောင်းကလေးကို ဖွဖွလေးဆုပ်ညှစ်လိုက်ပြီး နဖူးလေးကို မြတ်မြတ်နိုးနိုး နမ်း လိုက်လေသည်။
ကိုကျော်စွာက ဆေးကျောင်းပြီးထားတာ ငါးနှစ်ရှိပြီ။ ဘွဲ့သာယူထားသော်လည်း ဆေးကုသည့်အလုပ် ကို သူ မလုပ်ချင်။ ဒါကြောင့် NGO တစ်ခုမှာ ၀င်ရောက်လုပ်ကိုင်နေသူ။ ကလေးက သူနဲ့တော်တော် အသက် ကွာသည်။ ယခုမှ တက္ကသိုလ် ပထမနှစ်ကျောင်းသူဖြစ်သည်။ ကိုကျော်စွာ့ မိဘတွေက နယ်မြို့ကလေးမှာ စီးပွား ရေးအတန်ငယ်ပြေလည်သဖြင့် ကိုကျော်စွာက ရန်ကုန်မှာ အပူအပင်မရှိပဲ မိဘပိုင် ကိုယ်ပိုင်တိုက်ခန်းလေးမှာ နေထိုင်သူ။ ကလေးကတော့ ရန်ကုန်မြို့ဆင်ခြေဖုန်း ရပ်ကွက်ကလေးမှ ဖြစ်သည်။ လူလတ်တန်းစား မိသားစုမှ ပေါက်ဖွားလာသော်လည်း တစ်ဦးတည်းသော သမီးဖြစ်သဖြင့် အိမ်ကအလိုလိုက် ထားသူလေးဖြစ် သည်။
ကလေးနှင့်ကိုကျော်စွာ စသိခဲ့တာက အထူးအဆန်းတော့မဟုတ်ပါ။ ထုံးစံအတိုင်း ရန်ကုန်မှာ သူစိမ်း တွေ အသိအကျွမ်းများဖြစ်သွားတတ်တဲ့ သင်္ကြန်မှာပါ။ ကိုကျော်စွာတို့သူငယ်ချင်းများက မဏ္ဍပ်စုဆောက်ကြ သည်။ ကလေးတို့ (၁၀)တန်းအောင်ပြီးစ ကျောင်းသူလေးတစ်စုက မဏ္ဍပ်လာထိုင်ကြသည်။ ဒီလိုနှင့် ထူးမခြား နားသင်္ကြန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာခဲ့သည်။
ကိုကျော်စွာက ကလေးမတိုင်မှီ ရည်းစားတွေက မရေမတွက်နိုင်အောင်ရှိသည်။ တချို့တွေက တစ်နှစ် ခန့် တချို့တွေက တစ်လခန့် စသဖြင့် တွဲဖူးသူတွေ များပြားလှသည်။ အချစ်ဆိုတာကို ကိုကျော်စွာမယုံ။ အသည်းလဲမကွဲဖူးရုံမက မိန်းမတွေကို ယောက်ျားတွေ၏ အသုံးတော်ခံအဖြစ်သာ သူသတ်မှတ်ခဲ့သည်။ သံယောဇဉ်ကို မယုံ။ ရမ္မက်ကိုသာယုံသည်။ မိန်းကလေးတွေကို ဘယ်လိုကိုင်တွယ်ရမည်ကို သူကောင်းကောင်း သိသည်။ ဒီလိုလူတစ်ယောက်နှင့်ကလေးဆုံတွေ့လာခဲ့ပါတော့သည်။
ကလေးနှင့်စတင်ချစ်ကြိုက်စဉ်က ကိုကျော်စွာအတွက်မူ သာမန်ခံစားမှုသာရှိသည်။ အရင်ရည်းစား ချစ်သူများကဲ့သို့ပင် မနက်တိုင်းညတိုင်း ဖုန်းပြော၊ အားရင်ကျောင်းသွားကြိုသည်၊ မုန့်သွားပို့သည်။ ဒါကသူ့အ တွက် ခဲခဲယဉ်းယဉ်း ကိစ္စတွေမဟုတ်။ သူသာမာန်သွားလာနေထိုင်ရာ ဘ၀ထဲသို့ ကလေးကို ခဏအလည်ခေါ် လိုက်ခြင်းသာဖြစ်သည်။
ကလေးအတွက်ကတော့ ကိုကျော်စွာသည် သူမ၏ဘ၀ဖြစ်သည်။ ကိုကျော်စွာနှင့်ရန်ဖြစ်ပြီး သူမ ငိုရ သောမျက်ရည်များက သက်သေပင်။ ရုပ်ချော ပညာတတ် ဥစ္စာပေါရည်းစား တစ်ယောက်ကို လက်ဝယ်ပိုင်ဆိုင် ခြင်း က သူမအတွက် သူငယ်ချင်းများကြားတွင် ဂုဏ်ယူစရာဖြစ်သည်။ သူမ ဗိုက်ဆာလျှင်ဖုန်းဆက်လိုက်ရုံ ကိုကျော်စွာက ကျောင်းဝင်းထဲထိ ကိုယ်ပိုင်ကားနှင့် မုန့်လာပေးသူ။ သူမ ဘာပြောပြော စိတ်ရှည်သည်းခံ နား ထောင်ပေးသူ၊ သူမဆိုးသမျှ အနွံတာခံသူ ကိုကျော်စွာ သည် သူမ၏ အချစ်ဦးလည်းဖြစ်သည်။ အိမ်ကစိတ်ညစ် စရာ များ သူငယ်ချင်းများ၏ အတင်းအဖျင်းများကို စိတ်ရှည်လက်ရှည်နားထောင်ပေးသော ကိုကျော်စွာကို သူမ အလွန်တွယ်တာသည်။ တစ်ဦးတည်းသော သမီးဖြစ်သဖြင့် အဖော်မက်သောသူမ အတွက် ကိုကျော်စွာသည် သူမ၏ ဒုတိယကိုယ်ပွားဖြစ်သည်။ ကိုကျော်စွာမရှိလျှင်သူမတစ်ယောက်လောကကြီးထဲ မှာပင် ဆက်လက်နေ ထိုင်နိုင်တော့မည်မဟုတ်ပါ။ ဒါတွေအားလုံးကြောင့် ကိုကျော်စွာ ပြောသမျှ သူမဘက်မှ မြေ၀ယ်မကျ နားထောင် ပေးခဲ့သည်။ ယုတ်ဆွအဆုံး သူမတို့ချစ်သူသက်တမ်း နှစ်လကျော်ကျော်လေးမှာပင် သူမ ဘ၀ကို ကိုကျော်စွာ့ လက်ထဲ ကျေကျေနပ်နပ်ကြီးပေးအပ်ခဲ့လေသည်။
****************************

ဒီလိုနှင့်ကလေးတို့ ချစ်ကြိုက်ခဲ့သည်မှာ တစ်နှစ်ပင်ကျော်လာသည်။ ကလေးအတွက်က ကိုကျော်စွာ မရှိမဖြစ်ဖြစ်သကဲ့သို့ မေတ္တာရောင်ပြန်ဟပ်သည်ထင်သည်။ ကိုကျော်စွာ ကလေးကို သံယောဇဉ်ပိုလာ၏။ အတူနေသောကာလကြာရှည်လာသည်နှင့်အမျှ ကိုကျော်စွာ အချစ်ဆိုသောအရာကို လက်ခံလာမိသည်။ ကိုကျော်စွာ တီဗွီထိုင်ကြည့်နေလျှင် ကလေးကိုပြောစရာမလို ကော်ဖီဖျော်လာပေး၏။ ကိုကျော်စွာကို မခံချင် အောင် စနောက်တတ်ပြီး အိပ်ခန်းလေးထဲတွင် စိန်ပြေးလိုက်တမ်းကစားနေတတ်သည်။ အလွန်ယားတတ်သော ကလေးကို ကိုကျော်စွာက ကလိလိုက်ထိုးနေတတ်သည်။ နေ့လည်နေ့ခင်း ထမင်းစားချိန်ဆိုလျှင် ကိုကျော်စွာ နှင့် အတူတိုက်ခန်းအောက်က ထမင်းဆိုင်လေးမှာ သွားစားကြ၏။ သူတို့နှစ်ဦးကား ညဘက်အတူမရှိတာသာ ကွာသည်။ ညားကားစ လင်မယားလိုပင်ဖြစ်နေကြ၏။ ကလေးက ကျောင်းပြေးပြီး ကိုကျော်စွာ တိုက်ခန်းကို လာ လာနေသည်။ ကိုကျော်စွာကလည်း NGO ကိစ္စ ခရီးထွက်ရက်မှ အပ ကျန်အချိန်များတွင် အိမ်မှာရှိတာများ သည်။
သူတို့နှစ်ဦး၏ သံယောဇဉ်ကြိုးမှာ တနေ့ထက်တနေ့ မြဲမြံလာသော အခါတွင်တော့……..။
အရင်က သ၀န်မတိုဘူးသော ကိုကျော်စွာ ကလေးအတွက် သ၀န်တိုရသည်။ အရင်က မိန်းမရှုပ်သော ကိုကျော်စွာ ကလေးကလွဲရင် ဘယ်သူ့ကိုမှခံစားလို့မရတော့ပါ။ တနေ့တနေ့ သူ၏ အတွေးများအတွင်း ကလေး သာစိုးမိုးထားသည်။ ကလေးမွေးနေ့ ကလေးနှင့်သူ၏ နှစ်ပတ်လည် စသဖြင့် အထိန်းအမှတ်တွေက သူ့ကိုကျေ ကြည်နူးစွာ စိုးမိုးလာတော့သည်။ ကိုကျော်စွာ အချစ်ဆိုတဲ့အရာကို လက်ခံလိုက်ရပါပြီ။ သူကျေကျေနပ်နပ်ကြီး ဆုံးဖြတ်လိုက်သည်။ နောက်နှစ်နှစ်လောက်ဆို ကလေးကို သူလက်ထပ်တော့မည်။ ကလေးကလွဲပြီး သူဘယ် သူ့ကိုမှ လက်ထပ်မှာ မဟုတ်တော့ဘူး။ ကတိတွေ အထပ်ထပ်ပေးခဲ့သလို သူ့၏ ဘယ်ဘက်ရင်ဘတ်တွင် ကလေး၏ နာမည်အတိုကောက်ကို forever ဆိုတဲ့စာလုံးလေးနှင့်ပေါင်းပြီး တက်တူးထိုးထားလိုက်သည်။
ကလေးနဲ့ပါတ်သက်ပြီး မှတ်မှတ်ရရရှိနေသည်က ကလေး၏ အပြစ်ကင်းစင်ပြီးလှပသော မျက်လုံးလေး တွေဖြစ်သည်။ သူမ မျက်ဝန်းလေးတွေက ကိုကျော်စွာတွေ့ဖူးသမျှထဲတွင်တော့ အလှဆုံးဖြစ်သည်။ မျက်ဝန်း မျက်ဖန်ကောင်းရုံမက မျက်တောင်လေးတွေက ကော့စင်းနေသည်။ နောက်တစ်ချက်က ကိုကျော်စွာ အိပ်မော ကျနေသောအချိန်များတွင် ကလေးက ကိုကျော်စွာကို မြတ်မြတ်နိုးနိုး ရွန်းရွန်းစားစားလေး ထိုင်ကြည့်နေတတ်  ခြင်းဖြစ်သည်။ ထိုမျက်ဝန်းလေးများကို ကိုကျော်စွာ အလွန်မြတ်နိုးသည်။ ဘယ်မိန်းမကမျှ ကိုကျော်စွာကို ထိုသို့ မကြည့်ဖူးပါချေ။ ထိုမျက်ဝန်းလေးများကပင် ဘီလူးကြီးကျော်စွာကို အချစ်နွံထဲဆွဲချသွားနိုင်ခဲ့ခြင်းသာဖြစ်သည်။

************************

သို့နှင့် သူတို့၏ ပျော်ရွှင်စရာ ကမ္ဘာလေးထဲသို့ တစ်နေ့သောအခါ မထင်မှတ်သော ကိစ္စတစ်ခု ၀င် ရောက်လာခဲ့သည်။
"ကိုကို ကလေး ရက်ကျော်နေတာ ရက်နှစ်ဆယ်လောက်ရှိပြီ နေရတာလည်းတမျိုးကြီးပဲ"
NGO က ခရီးရောက်မဆိုက် ကြားလိုက်ရသော စကားကြောင့် ကိုကျော်စွာ လန့်ဖျန့်သွားရသည်။
"ကလေးကလည်း ကို့ကိုဘာလို့မပြောလည်းကွာ ဒါအရေးကြီးတယ်နော် ဖုန်းဆက်နေတာပဲ ဘာလို့မပြောတာလဲ"
"ကိုကိုကလည်း ကို့ကိုဖုန်းကခေါ်လို့မှမရတာ ပြီးတော့ဖုန်းဆက်တိုင်း ကိုကိုပဲ ရေးကြီးသုတ်ပြာ နိုင်လွန်းလို့"
"ဒါအရေးကြီးတယ်လေကွာ ကလေးကတော့လုပ်ပြီ နည်းနည်းလေးလူကြီးစိတ်မွေးဦး နေရာတကာ ကိုကို့ကိုချည်း အားကိုးနေရင်မှားမှာပေါ့ @#$%@"
"ကိုကို ကလေးကိုအဲ့လိုမအော်နဲ့ ကလေးမကြိုက်ဘူး"
"ဟာ ဒီကောင်မလေးကတော့ .......... ကဲ ဘာမှထပ်မပြောနဲ့တော့ ကလေး ရော့ ဒီဆီးစစ်တာလေး တွေယူသွား နောက်တနေ့မနက်စောစော ကိုကိုဖုန်းဆက်မယ် ဖုန်းကိုင်ပါ ပြီးတော့ ဒီပစ္စည်းလေးတွေကို အန်တီင်္ တို့မမြင်စေနဲ့ ကြားလား"
"ဟုတ်ကဲ့ပါချာဝန်ကြီး" ကလေးက စပ်ဖြီးဖြီးဖြင့် နောက်နိုင်သေးသည်။ ကိုကျော်စွာကတော့ တစ်စုံတခု ကိုတွေးပူနေမိလေတော့သည်။
ထိုညက ခရီးပန်းလာသော်လည်း ကိုကျော်စွာ အိပ်မပျော်ပါ။ ခေါင်းထဲတွင် စူပါကွန်ပျူတာကဲ့သို့ တ ချက်ချက်တွက်ချက်နေသည်။ မဖြစ်ပါ ကိုယ်ဝန်ရှိသွားလို့မဖြစ်ပါ။ ခလေးကို သူချစ်တာမှန်သော်လည်း သူ့ကိုယ် သူ ပိုချစ်သည်။ သူ့ဘ၀မှာလုပ်စရာတွေ ဒုနှင့်ဒေး။ ခုလုပ်နေတဲ့ NGO က သူ့ကိုနိုင်ငံခြားလွှတ်တော့မည်။ သုံး နှစ်လောက်ကြာလိမ့်မည်။ သူကလေးကိုချစ်သော်လည်း ဟိုမှာ နောက်တစ်ယောက်မတွေ့နိုင်ဘူးလို့ မပြောနိုင်။ ပြီးတော့ အခုသူ့ကိုလွှတ်တယ်ဆိုတာကလည်း လူပျိုလူလွတ်ဖြစ်သဖြင့်လွှတ်တာဖြစ်သည်။ ကလေးကလည်း ခုမှ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ။ ကလေးမိဘများက ကလေးကို တကယ့်ကလေးလေးထင်နေတာပါ။ ရည်းစားရှိတာလဲ မသိပါဘူး။ ဒါဆိုတကယ်လို့ မပြောကောင်းပြောကောင်း မနက်ထွက်လာမည့်……….         အဖြေ က  .  . . .  . . . . . . .။
ကိုကျော်စွာ ဆက်မတွေးရဲတော့ပါ။
ကိုကျော်စွာ ဆရာဝန်တစ်ယောက်ဖြစ်ပါသည်။ ကိုယ်ဝန်တားနည်းတွေကို သူများတွေထက်ပိုသိသည်။ NGO မှာလည်း သားဆက်ခြားစီမံကိန်း ပညာပေး တာဝန်ယူထားသူဖြစ်သည်။ ဒီကိစ္စတွေကိုပဲ နေ့စဉ်ပြောနေရ သည့်သူဖြစ်၏။ ဒါပေမယ့် ဆေးပညာဆိုသည်မှာ ဘယ်အရာမဆို ချွင်းချက်ရှိသည်။ ကိုကျော်စွာတို့ခေတ်က အရင်တုန်းကထက်ပိုပွင့်လင်းလာသည်။ အရေးပေါ်တားဆေးတွေက ဘယ်ဆိုင်မှာမဆို ၀ယ်သောက်လို့ရသည်။ ကျောင်းသားကျောင်းသူတော်တော်များများ သိကြသည်။ ပြီးတော့ ဒါက ရန်ကုန်ဖြစ်သည်။  ဆေးဆိုင်တစ်ခုမှာ ၀ယ်ပြီးထိုဆေးရောင်းသူနှင့် နောင်တစ်ကြိမ်ဆုံရန်မလွယ်သဖြင့် မျက်နှာပူစရာလဲမလိုပါ။ ဒါပေမယ့် ခလေးကို ချစ်သောကိုကျော်စွာ ဘေးထွက်ဆိုးကျိုးများသော ထိုဆေးများကို ခဏ ခဏ မတိုက်ရက်ပါ။
ထိုနေ့က သူခရီးမထွက်ခင်တရက်ကဖြစ်သည်။ ရက်တွက်လိုက်သောအခါ safety period ထဲမှာပဲဖြစ် သည်။ ရာသီစလာပြီး ခြောက်ရက်ထဲမှာပါ။ ကိုကျော်စွာ ပေါ့ပေါ့ပဲတွက်လိုက်မိသည်။ သူတို့နေလာတာ တစ်နှစ် ကျော်ပြီ။ ဒီလိုမျိုးနေ့တွေ များစွာကိုဖြတ်ကျော်ခဲ့ပြီးပြီဖြစ်သည်။ ထိုကြောင့် ဆေးမတိုက်ခဲ့ပါချေ။ ခရီးစဉ်တခုလုံး အလုပ်နဲ့သာ ပိနေသဖြင့် ကိုကျော်စွာ ထိုကိစ္စကို ဂရုမစိုက်အား။ ဖုန်းဆက်တော့လည်း ကလေးက မပြောပြ။ သူလည်းထင်ထားပုံမရ။ ဒီလိုနဲ့တစ်လကျော်ခဲ့လေသည်။ ယခုပြသာနာစပြီ........။

မနက် ၈ နာရီ ။ ဖုန်းသံကြောင့် ကိုကျော်စွာ လန့်နိုးလာသည်။ အပျင်းဆန့်လိုက်ပြီးမှ မနေ့က ကိစ္စ သတိရပြီး ဖုန်းကို ကမန်းကတန်း ကောက်ကိုင်လိုက်သည်။
"ဘယ်လိုလဲ ကလေး" အသံကို ထိန်းပြောနေသော်လည်း တုန်နေမှန်းတော့ သိသာသည်။
"ကိုကို နှစ်ကြောင်းပေါ်နေတယ် ကိုကိုပေးလိုက်တဲ့ သုံးခုစလုံးပဲ"
"ဘာ ဘယ်လို" ကိုကျော်စွာ ရင်ဝကိုခြေနှင့်ဆောင့်ကန်ခံရသလို ဖြစ်သွားသည်။ တုန်ရီနေသော လက် အစုံဖြင့် ဖုန်းကိုလက်နှစ်ဖက်နှင့်ကိုင်ရင်း
"ကလေး ကိုကို ပြီးမှ ဖုန်းပြန်ခေါ်မယ်နော် အဲ့ဒါလေးတွေ လွှင့်ပစ်လိုက်တော့နော် လူမမြင်စေနဲ့ ဒါပဲနော်ချစ်ဆုံး" အသံကိုအတတ်နိုင်ဆုံးထိန်းပြီး ဖုန်းချလိုက်သည်။
မဖြစ် ဘယ်လိုမှမဖြစ် ဒီကလေးမွေးလာလို့ ဘယ်လိုမှမဖြစ်။ သူမျှော်မှန်းထားသော ရွှေအိပ်မက်တွေ ဒီကလေးကြောင့် အပျက်မခံနိုင်ပါ။ သူ့မှာလုပ်စရာတွေ အများကြီးရှိသေးတယ်။ ကလေးတစ်ယောက် ယူဖို့ ဘယ်လိုမှ မဖြစ်နိုင်။ ပါတ်ဝန်းကျင်နှင့် အလုပ်ကလူတွေ မျက်နှာများကို သူတစ်ခုခြင်းစီ မြင်ယောင်လာသည်။ မြင်ကွင်းထဲမှာပင် ထိုလူတွေက သူ့ကို လက်ညှိုးထိုးဟားတိုက်ရယ်မောနေကြပြီ။
ကလေးအဖေကြီး ကလေးအဖေကြီး ..................။
မဖြစ်ပါဘူး။ အိမ်ကိုလည်း ဘယ်လိုမျက်နှာနှင့်သွားပြောရမည်ကို သူမတွေးတတ်တော့။ ကလေး အိမ် ကရော ဘယ်လိုလုပ်မှာလဲ။ ဒါဆို ဒီကိုယ်ဝန်ကို ယူမှာလား မယူဘူးလား။ မယူချင်ပါ သူ မည်သို့မျှ မယူချင်ပါ။ သူယုံတာ သူအတ္တ တစ်ခုသာရှိသည်။ ကလေးကို ချစ်သော်လည်း ဒီကိစ္စကိုတော့ သူလက်မခံချင်တော့။ ပြီး တော့ ကလေးက အခုမှ ၁ရနှစ်ပဲရှိသေးတာ ၁၈နှစ်တောင် မပြည့်သေး။ ပြသာနာတစ်ခုခုတက်လျှင် ဥပဒေ အရ သူ့ဘ၀ တစ်ခန်းရပ်သွားနိုင်သည်။
သူနှင့် မဆိုင်ပါလို့တော့ မငြင်းလိုက်ချင်ပါ။ သူ ကလေးကို ချစ်သည်။ ကလေး ကို တစ်ယောက်တည်း ဒုက္ခမရောက်စေချင်။ ပြီးတော့ တကယ်တမ်းဖြစ်လာလျှင် ကလေးအိမ်က နေမှာမဟုတ် ပြသာနာက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာ ဖြစ်သည်။
ဒါဆို ဖျက်ချလိုက်ရင်ကော.......နိုင်ငံခြားတိုင်းပြည်များတွင်တော့ ကိုယ်ဝန်ဆောင်မိခင်က ဖျက်ချစေ ချင်လျှင် တရားဝင်ဖျက်ချခွင့်ရှိသည်။ မြန်မာနိုင်ငံမှာတော့ ဒါကလူသတ်မှုဖြစ်သည်။ ဘယ်ဥပဒေကမှ ခွင့်ပြု မထား။ ဘယ်ဆရာဝန်မှ လုပ်ခွင့်မရှိ။ တရားဥပဒေရော ဘာသာရေးအရပါ တားမြစ်ထားသည်။ ကိုကျော်စွာ ရှေးဦးစွာ တရားရုံးတော်ကြီးကို မြင်ယောင်လာသည်။ နောက်တော့ သံတိုင်များ…….။

တဖြည်းဖြည်း ညက နက်လာသည်။ ကိုကျော်စွာ အိပ်လို့မပျော်သေး။ ဘာလုပ်ရမလဲ ဘာလုပ်သင့် သလဲ။ သူ့ရှေ့မှ စာရွက်များတွင်လည်း စိတ်ကူးတည့်ရာ လျှောက်ခြစ်နေမိသည်။ air-con ခန်းထဲတွင် သူချွေး တလုံးလုံးဖြစ်နေ၏။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏အခန်းထဲမှ ကွန်ပျူတာကိုဖွင့်ကာ ဂူးဂယ်လ် တွင် အောက်ပါစာလုံးကို ရိုက်ချလိုက်ပါတော့သည်။

"THERAPEUTIC ABORTION"

ကလေး ကိုကို့ကို အံ့သြစွာကြည့်နေမိသည်။ ကိုကို ဒီလောက်ပျာယာခတ်နေတာ တခါမှမတွေ့ဘူးပါ။ ကိုကို သည်အမြဲတမ်း အေးဆေးစွာနေတတ်သူဖြစ်သည်။ ဘယ်ကိစ္စမဆို အေးအေးဆေးဆေး ဖြေရှင်းတတ် သည်။ ကိုကို့ကိုချစ်သောအချက်တွေ များစွာထဲမှာ ဒီအချက်လည်း အပါအ၀င်ဖြစ်သည်။ သို့သော် ယခု သူ့ရှေ့ မှာရှိနေသော ကိုကိုသည် ယခင်သူ့ချစ်သူ မဟုတ်သလို ထူးခြားနေသည်။ တစ်စုံတစ်ခုခုကို ကြောက်ရွံနေဟန် လက္ခဏာဖြစ်နေသည်။ ကလေးကတော့ ဘာမှမကြောက်ပါ သူ့အနားမှာ ကိုကို ရှိနေပါက အရာရာ ပြီးပြည့်စုံနေ ပါပြီ။ ဘာဆိုဘာမှကို မလိုအပ်တာပါ။ ကလေး အတွက် ကိုကို က နတ်ဘုရားတစ်ပါးပါပဲ။
ကိုယ်ဝန်ရှိခြင်းနှင့်ပတ်သက်ကာ သူမ အနည်းငယ်တော့ ဗဟုသုတရှိသည်။ ကျောင်းသူအချင်းချင်း ပြောဆိုနေကြသည်တော့ သူမကြာခဏ ကြားဖူးနေသည်။ ရုပ်ရှင်တွေထဲမှာလဲတွေ့ဖူးသည်။ တကယ့်တတ်သိ နားလည်သူတွေပြောတာတော့ နားမထောင်ဖူးပါ။ ဒါပေမယ့် ဒါတွေကို သူမ မလိုအပ်ပါ။ သူမအတွက် ကိုကို ကသာ တတ်သိနားလည်သ၊ူ ကိုကိုကသာ အဘိဓာန်ဖြစ်သည်။ သူငယ်ချင်းများပြောသော စကားများ ဆရာမ များပြောသောစကား ၊ယုတ်ဆွအဆုံး မိဘ စကားထက် ကိုကို့စကားကို သူပိုယုံသည်။

ကိုယ်ဝန်ရှိနေရင်တော့ ကြောက်ရမှာတွေရှိသည်။ ပထမ သူမ၏ မိဘနှစ်ပါး နှင့် ဆွေမျိုးများ နောက် တော့ သူမ အတန်းဖေါ်သူငယ်ချင်းများ ဒါတွေကိုတော့ တွေးပူမိသည်။ ဒါပေမယ့် ကိုကို့ဓါတ်ပုံထုတ်ကြည့်လိုက် လျှင် ထိုတွေးပူသမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ ကိုကို ရှိနေတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုကိုက ပစ်သွားမှာ မဟုတ်ကြောင်းကို သူမလေးလေးနက်နက်ကြီး ယုံကြည်သည်။ ယခုကိုကို့ပုံစံကြည့်ရတာ ကလေး လုံးဝလိုချင်ပုံမပေါ် စိတ်အိုက်နေသောလက္ခဏာရှိသည်။ ကိုကို့ကို ကြည့်ပြီး သူမ အားနာလာသည်။ ကိုကို စိတ်ရှုပ်အောင်လုပ်မိသော မိမိကိုယ်ကို ကလေးရလာသည်ကို ပင် အပြစ်တင်မိသည်။ ကိုကို သူ့ကြောင့်ဘယ် သောအခါမှ စိတ်မညစ်စေချင်ပါ။
ဒီနေ့တွေ့တော့ ကိုကို သူမကို ဆေးအများကြီးတိုက်လိုက်သည်။ သူမ သံသယ စိုးစဉ်းမျှမရှိပါပဲ သောက် ချလိုက်သည်။ ဘာအတွက် တိုက်သည်ဆိုသည်ကိုပင် သူမ မမေးပါ။ ကိုကိုက သူမ ဒုက္ခရောက် မည့်အလုပ်ကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာ သူမ အကြွင်းမဲ့ယုံသည်။ နောက် ပြန်ခါနီး ဆေးကဒ် နှစ်ကဒ်ပေးလိုက် သည်။ ဒါတွေကို ဘယ်သူမှမတွေ့စေရန် တဖွဖွမှာနေရင်း သူမ ပိုက်ဆံအိတ်ထဲက အံဝှက်ကလေးထဲသို့ သူကိုယ် တိုင် ထည့်ပေးလိုက်သည်။ ညနေကျောင်းပြန်တော့ ကိုကိုက လိုက်ပို့ပေး၏။ ကျောင်းကားပေါ်သေချာလိုက်ပို့ပြီး ကိုကို ပြန်သွားသည်။ ကျောင်းကားပေါ်မှ သူငယ်ချင်းများက ချောမောခန့်ညားသော ကိုကို့ကို ၀ိုင်းငေးနေကြ သဖြင့်  ကိုကို့ လက်ကိုအတင်းတွဲကာ သူမ ပိုင်ဆိုင်ကြောင်း ပြခဲ့ရသေးသည်။
ထိုနေ့က သူမ မှတ်မှတ်ရရ သောကြာနေ့ ညနေခင်းလေးတစ်ခုဖြစ်ပါသည်။
ကိုကျော်စွာ အိပ်မပျော်တာ သုံးရက်ခန့်ရှိနေပြီ။ ကလေးကို တိုက်လိုက်သော ဆေးများ၏ ဘေးထွက် ဆိုးကျိုးတွေကို သူကောင်းကောင်းသိသည်။ သောကြာနေ့ကတိုက်လိုက်သောဆေးတွေ အပြင် စနေနေ့က ဖုန်းဆက်ကာထပ်သောက်ခိုင်းလိုက်သည်။ ယခုဆိုလျှင်တနင်္ဂနွေနေ့ရောက်လာပြီ။ ဘာမှမထူးခြားသေးသဖြင့် သူ စိတ်ပူလာသည်။ မတော်တဆ မပျက်ကျပါပဲ အထဲမှာတင် ကလေးသေသွားလျှင်၎င်း ခြေလက်မစုံ ထွက် လာလျှင် ၄င်း ပိုဒုက္ခများပေလိမ့်မည်။ ဒါပေမယ့် သူ့စိတ်ကို သူတင်းထားလိုက်သည်။
မိုက်မယ့်မိုက် ကမ်းကုန်အောင် မိုက်တော့မယ်။
ငါကောင်းဖို့အတွက် လုပ်နေတာ ဘယ်သူ့မျက်နှာမှ မကြည့်နိုင်ဘူးကွာ။
ဘာပဲဖြစ်ဖြစ် မပျက်ပျက်အောင် လုပ်ရမှာပဲ။
နောက်ဆုံးမရတော့လျှင် D&C ခေါ် သားအိမ်ခြစ်သည် အထိ သူစဉ်းစားထားပြီးသားဖြစ်သည်။

တနင်္ဂနွေ ညနေ(၄)နာရီ အတိတွင်ဖြစ်သည်။
ဖုန်းမြည်လာသံကြောင့် ကိုကျော်စွာ ဖုန်းကို အရေးတကြီး ကောက်ကိုင်လိုက်သည်။
တစ်ဖက်မှ ကလေးအသံက အားလျော့နေတာ သိသာလှသည်။
"ကိုကို ကလေးသွေးတွေ အများကြီးဆင်းနေတယ်ကိုကို အရမ်းလည်းမူးလာတယ် တစ်ခါမှ အဲ့လောက် မဆင်းဖူးဘူး"
တဖက်မှ ကလေး အသံက နွမ်းလျနေသော်လည်း ကိုကျော်စွာ့အသံကား ချက်ချင်းရွှင်လန်း တက်ကြွ သွားသည်။ ရပြီ ဆင်းသွားပြီ အကုသိုလ်လေးသွားပြီ ဟု ကျိတ်ကာပြောနေမိသည်။
"ဟုတ်လား ကလေး အေး နားနေလိုက် နားနေလိုက် သြော်အေးအေး နေဦး နေဦး အာ နေပါဦး ဘာပြောမလို့ပါလိမ့် သြော်သိပြီ ကလေးကို ပေးထားတဲ့ ဆေးတွေ အေးအေး အဲ့ဒါတွေ အခုပဲ လွှင့်ပစ် လိုက်တော့နော် ကြားလား"
ဝမ်းသာအားရ နှင့်ပြောဆိုနေသဖြင့် စကားများပင် ထစ်နေသေးသည်။ ဟုတ်သည်လေ ဒါတွေက တကယ့်ပြသာနာတွေ ဖြစ်သည်။ ဒါတွေကို လူကြီးတွေ တွေ့သွားလို့ မဖြစ်ပါ။ Medical Profession တွေအကုန် ဒီဆေးကို မြင်တာနဲ့ ဘာမှန်းတန်းသိတယ်လေ။ သိလို့တော့ ဘယ်လိုမှ မဖြစ်ပါ။
"အင်း ပစ်လိုက်ပါ့မယ် ကိုကို အခုတော့လေ အရမ်းမူးနေလို့ နောက်မှ သွားပစ်လိုက်မယ်လေ"
"အာ ......... ကိုကိုပစ်ခိုင်းတာကို ချက်ခြင်းသွားပစ်စမ်း ကလေး ခုသွားပစ်စမ်း"
"မအော်ပါနဲ့ ကိုကိုရယ် ကလေးကို မအော်ပါနဲ့ ကိုကိုသွားပစ်ဆို သွားပစ်ပါ့မယ်"
"အေး ပစ်ပြီးရင် ကိုကိုဆီ ဖုန်းပြန်ဆက် ကြားလား"

ခဏနေတော့ ဖုန်းပြန်မြည်လာသည်။ ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက်သီချင်းဆိုနေရာမှ ကိုကျော်စွာ ကောက်ကိုင်လိုက်သည်။
"ပစ်ပြီးပါပြီ ကိုကို ဒါပေမယ့်လေ အခု ကလေး အရမ်းမူးတာပဲ သွေးတွေကလည်း အခဲလိုက်ဆင်းတယ် ကိုကို တစ်ခါမှ အဲ့လိုမဖြစ်ဖူးဘူး ကလေးကြောက်လာပြီ"
"မကြောက်ပါနဲ့ကွာ ကိုကို တစ်ယောက်လုံး အနားမှာရှိပါတယ် တစ်ခုခုဆို ကိုကို့ကိုပြောပါနော်။ ဟုတ်ပြီလား သွေးဆင်းတာက ခဏနေရင် ရပ်သွားမှာပါ အခုအိပ်လိုက်တော့နော် သြော်နေဦး မအိပ်ခင် အချိုရည် တစ်ခုခုသောက်လိုက် ဟုတ်ပြီလား"
"ကိုကို ကလေးမရတော့ဘူး အသက်ရှူရလည်း ကျပ်နေတယ် အမေ့ကိုပြောပြီး ဆေးခန်းသွားပြ...."
"ဟာ မပြောနဲ့ မပြောနဲ့ ဘယ်သူကိုမှလည်း မပြောနဲ့ ဘယ်မှမပြနဲ့ ပြစရာ ပြောစရာလည်း မလိုဘူး"
"ကိုကို ကလည်း ကလေးမှ မနေနိုင်တော့တာ အရမ်းမူးပြီး အရမ်းလဲ အားပြတ်နေတယ်လေ ဟိုတစ် ခါလို အားဆေးသွားသွင်းရင် ကောင်းမလား မသိဘူးနော်"
" ဟာ မလိုပါဘူးဆိုမှကွာ အေးးးးး နင်နော် ငါ့မကြိုက်တာကို လုပ်ရင် နင်နဲ့ငါပြတ်ပြီ ငါ့ကို တစ်သက် လုံးလာမတွေ့နဲ့ ငါ့ကို ဘာမှတ်နေလဲ ငါဆိုတဲ့....."
"မအော်ပါနဲ့ ကိုကို ရယ် မအော်ပါနဲ့ တောင်းပန်ပါတယ် ကလေးကို မအော်ပါနဲ့ ကိုကိုမုန်းမှာ ကြောက် လွန်းလို့ ကလေးကိုကို ခိုင်းသမျှ အကုန်လိုက်လုပ်ပေးခဲ့တာပါ ကိုကိုရယ် ခု ကလေး နေထိုင်မကောင်းဖြစ်နေ တာပါ ခလေးကို မအော်ပါနဲ့ ကလေး ကိုကို မပြောနဲ့ ဆို မပြောတော့ပါဘူး အီးဟီးဟီး"
ကလေး စိတ်ရှိလက်ရှိ အော်ငိုပစ်လိုက်သည်။ သို့သော် သူမ မျက်ဝန်းမှ မျက်ရည်တို့ထွက်မလာပါ။ သူမ မောနေပါပြီ။ ထိုအခါမှ သူမလက်အစုံကိုပြန်ကြည့်မိလိုက်သည်။ ဖြူဖွေးသွေးဆုတ်လျှက် ကြောက်မက် ဖွယ်ဖြစ်နေသည်။ လက်သည်းများသည်ပင် အဖြူရောင်ကျွတ်ဆပ်ဆပ် ပုံစံပေါက်နေသည်။ သူမ အားငယ်လာ သည်။ အရေးထဲတွင် ကိုကိုက အော်လိုက်သဖြင့် ထိတ်လန့်တုန်လှုပ်သွားရသည်။ ကိုကိုဆီက ပြတ်စဲမည်ဆို သော စကားကို သူမ ပထမဆုံးကြားလိုက်ရသဖြင့် အလန့်တကြားဖြစ်သွားရသည်။ ကိုကို မရှိလို့မဖြစ်ပါ။ ကိုကိုသာ သူမဘ၀ဖြစ်သည်။ ကိုကိုမရှိလျှင် သူမဘ၀ရှင်လျှက်နှင့် သေဆုံးသွားသလိုပင်ဖြစ်နေတော့မည်။
ကလေးငိုနေသံကြားသဖြင့် ကိုကျော်စွာ စိတ်မကောင်းပါ သို့သော် သူစိတ်ကိုတင်းထားသည်။ တခြား သူတွေ သိလို့တော့မဖြစ် ကလေးဖျက်ချတာက လူသတ်မှုဖြစ်သည်။ ကလေး အမေက ကလေးကို ဆေးခန်း သွားပြပါက ဆေးခန်းရှိဆရာဝန်က သိလျှက်နှင့်တော့ ငြိမ်နေမှာမဟုတ်။ သူ့ကျင့်ဝတ်အရ လုပ်စရာရှိတာ ဆက် လုပ်နေလျှင် မိမိ ထောင်ထဲသို့ တန်းကနဲ ရောက်သွားမည်ဖြစ်သည်။ ဒါကြောင့် ကလေးကို အေးအေးသာထိုင် နေစေချင်သည်။ အတ္တကိုရှေ့တန်းတင်ထားသော ယောက်ျားတစ်ယောက်ဖြစ်သဖြင့် ယခုအချိန်တွင် မိမိထောင် ကျခံမည်လား၊ ကလေးကိုအသေခံခိုင်းမလား ဆိုလျှင် တစ်ခုကိုပင် အကြွင်းမရှိရွေးချယ်မည်ဖြစ်သည်။
ထိုအခိုက်မှာပင် ဖုန်းထဲသို့ ကလေးအမေ၏ အသံဝင်လာသည်။
"သမီး တံခါးဖွင့်ပါဦး ထမင်းလဲ လာမစားဘူး နေမကောင်းဘူးလား တံခါးဖွင့်စမ်းပါဦး သမီးရဲ့"
ကိုကျော်စွာ ရင်ဘတ်ထဲသို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်းလိုက်သလို ခံစားလိုက်ရသည်
ဘာပြောရမှန်း မသိခင်မှာပင် ကလေးက အားတင်းပြီး အိပ်နေကြောင်း မနှိုးပါနဲ့ ဟုပြောလိုက်သံကို ဖုန်းထဲကကြားလိုက်ရတော့မှ သက်ပြင်းတချက် လေးပင်စွာ မှုတ်ထုတ်လိုက်ရသည်။
တော်သေးတာပေါ့
"ကလေး အရမ်းလိမ္မာတယ်ကွာ ကိုကို အရမ်းချစ်သွားပြီ"
"ဟုတ်ကဲ့ကိုကို အခု ကလေး အရမ်းအိပ်ချင်နေပြီ အိပ်လိုက်တော့မယ် ကိုကိုရယ။ နိုးမှပဲ ဖုန်းဆက်လိုက်တော့မယ်နော် ကိုကို ကလေးကိုထားမသွားပါနဲ့နော် ခလေး ကိုကိုထားခဲ့ရင်သေမှာပဲ နော်ကိုကိုနော်"
အားတင်းကာပြောနေသော်လည်း ကလေး အသံက ချစ်ဖို့ကောင်းနေသည်။ ကိုကျော်စွာ ကျေနပ်စွာပြုံးလိုက်ပြီး
"ကလေးရယ် ဒီလောကကြီးမှာလေ ကလေးကလွဲရင် ကိုကို ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ပါဘူး။ ကလေး တစ်ယောက်တည်းကိုပဲ ချစ်ပြီး ကလေးတစ်ယောက်တည်းကိုပဲ လက်ထပ်မှာပါ။ ကဲကဲ ကိုကို့ စကား နားထောင် တဲ့ခလေးကို ကိုကိုက ဆုချမယ်။ မနက်ဖြန်ကျရင် ခလေးကျောင်းကို ခလေးကြိုက်တဲ့ 77က cheese ကိတ်လာ ပို့ မယ်   သူငယ်ချင်းတွေနဲ့ ဝေစားပေါ့ ကိုကိုလာပို့တယ် ဆိုတာကိုလည်း ကြွားလိုက်ဦး ကြားလား"
"ဟုတ်ကဲ့ကိုကို"
"ဟာ ကြည့်စမ်း ကိုကို ကလေးက လိမ္မာတယ။ ကဲ မျက်စိမှိတ်ထား ရော့ အာာာာာဘွားးးးးးးးးး ဟားးးးး ခါးခါးနံ့လေးက မွှေးနေတာပဲ ကြည့်စမ်း"
"ကိုကို့ကိုလည်း အာာာာဘွားးးးးး ကိုကို ကလေးအိပ်ပြီ ဘိုင့်ဘိုင်"
"နိုးရင်ဖုန်းဆက်ပါ ချစ်ဆုံး"
"ဟုတ်ကဲ့ကိုကို"
".................."

နှုတ်ဆက်ပြီးအိပ်သွားပြီးနောက်   ကလေး ဘယ်သောအခါမှ မနိုးတော့နိုင်ပါ။ လောကကြီးကို ထာဝရ နှုတ်ဆက်သွားပြီ ဖြစ်သည်။ သွေးဆင်းများလွန်းသဖြင့် သွေးပေါင်ချိန် အလွန်အမင်းကျဆင်းပြီး လူမသိ သူမသိ အသက်ပါသွားခဲ့ရပါသည်။ နောက်တစ်နေ့ ကိုကျော်စွာ ကျောင်းရှေ့မှာ ကိတ်မုန့်ဘူးနဲ့ လာစောင့်နေ ပေမယ့် ကလေးတစ်ယောက် လာမယူနိုင်တော့ပါဘူး။ ကိတ်မုန့်ဘူးနဲ့ တနေကုန် စောင့်နေသော်လည်း ကလေး တစ်ယောက် မလာနိုင်တာကြောင့် ဖုန်းဆက်နေပေမယ့် ဖုန်းကိုင်မယ့်သူလည်း မရှိတော့ပါဘူး။ ညနေစောင်း ရောက်မှ ခလေးသူငယ်ချင်းတွေ တရုံးရုံးဖြစ်နေတာကြောင့်မေးကြည့်တော့မှ သူအကြောင်းစုံသိသွား ပါ တော့ သည်။
ကိုကျော်စွာ တစ်ယောက် လမ်းမပေါ်မှာပဲ ဒူးထောက်ကျသွားပါတယ်။ သူချစ်ရတဲ့ကလေး အတွက် ယူလာခဲ့တဲ့ ကိတ်မုန့်ဗူးနဲ့ ချောကလက်ဖျော်ရည် ဟာလည်း လမ်းမပေါ်မှာ ပြန့်ကျဲလို့ပေါ့။ အဖြစ်မှန်ကို အသိဆုံး သူတစ်ယောက်ဖြစ်နေတဲ့အတွက် ပိုပြီးတော့ ရင်နင့်စေရပါသည်။ ကျောင်းဆင်းချိန် ကျောင်းသူလေးတွေ ကြား ထဲ မှာ သူ မရှက်နိုင်တော့ဘဲ ခြုံးပွဲချငိုကြွေးနေပါသည်။ စိတ်ထဲက တိတ်တဆိတ် အော်ဟစ်နေမိရင်း…။
ကလေးကို သတ်လိုက်တာ ကိုကိုပါကွာ..... ဆိုပြီးတော့ပေါ့.........

ကလေးရဲ့ အသုဘကတော့ သူ့အတွက် တစ်သက်တာအမှတ်တရပါပဲ။ သူသတ်ခဲ့တဲ့ သူ့ချစ်သူရဲ့ အသုဘကို အချစ်ကြီးသူတစ်ယောက်အဖြစ် ဟန်ဆောင်ပြီးလာခဲ့ရပါသည်။ အဖြစ်မှန်ကို မသိကြတဲ့သူတိုင်းက သူ့ကို သနားကြင်နာတဲ့မျက်လုံးတွေနဲ့ ၀ိုင်းကြည့်နေကြသည်။ နောက်ဆုံးအနေနဲ့ ချစ်သူမျက်နှာကို ကြည့်တဲ့ အချိန်မှာပဲ
သူဟန်မဆောင်နိုင်ပဲ မေ့လဲသွားရတော့သည်။။။။။။
*****************************

"ဖေဖေ ဖေဖေ"
"ဟေ ဟေ အေး..........."
သမီးဖြစ်သူ နှိုးလိုက်သဖြင့် ဦးကျော်စွာ လန့်နိုးသွားရသည်။
"သမီး သရဲကားတွေ ကြည့်ပြီး အိပ်မပျော်လို့ ဖေဖေတို့နဲ့ လာအိပ်မလို့"
"သမီးကလည်း ဒီအတိုင်းဝင်အိပ်လည်းရသားနဲ့ကွာ ဖေဖေတို့က အသက်ကြီးပြီ ညဘက်နိုးလာရင် တော်တော်နဲ့ အိပ်မပျော်တော့ဘူးကွ"
"ဟင် ဖေဖေကလည်း ဒီလောက်နေရာယူထားတာ သမီးက ဘယ်လိုတိတ်တိတ် ၀င်အိပ်မှာတုန်း" ပြောပြောဆိုဆို သမီးဖြစ်သူက သူဘေးနားသို့ အတင်းတိုးဝင်ပြီး နေရာယူလိုက်သည်။ သမီးလေးက ဆယ် ကျော်သက်အရွယ်ရောက်နေသော်လည်း ကလေးလေးလိုပင်။ တစ်ဦးတည်းသောသမီးမို့ ငယ်ငယ် ကတည်းက အလိုလိုက်ထားသဖြင့် မိဘအပေါ်အရမ်းဆိုးချင်သည်။ ခုလည်းကြည့် ဆောင့်ဆောင့် အောင့်အောင့်နှင့် သူ့ဘာ သာ သူပြောပြောဆိုဆို ၀င်အိပ်သွားသည်။

ဦးကျော်စွာတစ်ယောက် ဘေးစောင်းအိပ်နေရာမှ ပက်လက်အိပ်လိုက်သည်။ နဖူးပေါ် လက်တင် လိုက်ပြီး
"သွားပြီ ဒီညတော့ အိပ်ရဖို့လမ်းမမြင်တော့....
သြော်  မေ့နေလိုက်တာ အိပ်မှဖြစ်မယ်     နောက်နေ့ .....တက္ကသိုလ်မှာ ကျန်းမာရေးပညာပေး ဟောပြောပွဲ သွားဟောရဦးမှာပဲ"

သူလို စကားပြောကောင်းတဲ့ အငြိမ်းစား ပါမောက္ခတစ်ယောက်ကို လာဖိတ်ချင်တဲ့ကျောင်းတွေ အများအပြား၊ ဒါတောင်ကျန်းမာရေး အခြေအနေကြောင့် တပါတ်လျှင် တစ်ကျောင်းသာသွားနိုင်သည်။ ကလေးတွေက အလွန်ဆုံးရှိမှ ၁၇ ၁၈ နှစ်လေးတွေ။ သူသာ အိမ်ထောင်စောစောကျလျှင် သူ့မြေးအရွယ် လေးတွေပေါ့။

"အင်း ကျောင်းသူတွေ အများကြီးရှိတဲ့ကျောင်းကို သွားဟောရဦးမှာပဲ။ ဟာသလေးတွေ သုံးပြီး ကလေးတွေ နားလည်လွယ်အောင်တော့ ရှင်းပြရဦးမယ်။ နေပါဦး။ ကျောင်းဆိုလို့ နောက်တစ်ပါတ်က ဘယ်ကျောင်းကိုသွားရမှာပါလိမ့်။ သြော် ..................... ကလေးတို့ ကျောင်းကိုးးးးးးးးးးးးး

ဦးကျော်စွာ ငိုင်ကျသွားရသည်။ အရေးအကြောင်းများနှင့် အိုမင်းသောသူ၏မျက်နှာမှာ တစ်ချိန်က ပျော်ရွှင်စရာ အချိန်လေးတွေကို ပြန်မြင်လာမိက အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
သူ၏ ရီဝေနေသောမျက်လုံးများတွင်တော့ သူ့အားတချိန်က ရွန်းရွန်းစားစားလေးကြည့်နေတတ်သော ကလေးလေးတစ်ယောက်၏ မျက်ဝန်းတစ်စုံကို မြင်ယောင်လာမိပါတော့သည်။ ကြာခဲ့ပြီ ကြာခဲ့ပါပြီ။ ဘယ်တော့ မှ တော့ မမေ့ပါဘူး။ ညစဉ်ညတိုင်း အိပ်မက်တွေထဲမှာ တမ်းတရတဲ့ မျက်ဝန်းလေးတစ်စုံပါ။ နှစ်တွေကြာခဲ့ပါပြီ သူမမေ့နိုင်သေးပါဘူး။ ဒီနေ့ ဒီအချိန်ထိ ခလေးကို သူအိမ်မက်မက်ဆဲ။ သတိရတမ်းတနေဆဲဖြစ်ပါသည်။ အိမ်မက်တွေထဲမှာ ကလေးက ရထားကြီးတစင်းပေါ်တွင် လိုက်ပါသွားပြီး သူ့ကို လက်ပြနှုတ်ဆက်နေသည်။ သူ အားကုန်ပြေးလိုက်မိသည်။ ခြေကုန်လက်ပန်းကျကာ လန့်နိုးသွားသည်အထိ ဖြစ်ခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါ။

ကလေးကွယ်လွန်ပြီး နောက်တလ သူ နိုင်ငံခြား ထွက်သွားသည်။ အစားထိုးမရသော နှလုံးသား ကွက်လပ်ကို ဒီအတိုင်းလေးပဲ လှပ်ထားလိုက်သည်။ ချစ်သူရည်းစားလည်း မထားတော့ပဲ အလုပ်တစ်ခုတည်း ကိုသာ ဇောက်ချလုပ်ကိုင်လာပြီး အသက် ၄၀ ကျော်ကာမှ ဆွေမျိုးတွေက ၀ိုင်းဝန်းပေးစားသဖြင့် သူ့ထက် ဆယ်နှစ်ခန့်ငယ်သော အပျိုကြီးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။ ယခုဆိုလျှင် သမီးလေးတောင် တက္ကသိုလ်ပထမနှစ်ကို နောက်လဆိုစတက်တော့မည်။ အချိန်တွေက အကြာကြီးလိုနှင့် ပြန်တွေးကြည့်တော့ မနေ့တနေ့ကလိုပင်ဖြစ်နေတော့သည်။ ကလေးနှင့်ပျော်ရွှင်စွာ နေထိုင် လျှောက်လည်ခဲ့သော နေရာများလည်း ယခုမရှိတော့ပါ။ ရန်ကုန်သည် နှစ်ပေါင်းသုံးဆယ်အတွင်း အိမ်ယာအသစ်များစွာဖြင့် သူတို့၏ အတိတ်များကို ဖုံးလွှမ်းသွားပြီ။ သို့သော် သူ၏ နှလုံးသားထဲမှ ကလေးကိုတော့ ဘယ်အရာကမျှ ဖုံးလွှမ်းမသွားနိုင်ပါချေ။

"ကလေးရေ ကလေးရှိနေသေးရင် ကိုကို ဒီလိုနိုးလာတဲ့အချိန်တွေမှာဆို ကိုကိုဘေးမှာ ကိုကိုပြန်အိပ် သွားတဲ့အချိန်ထိ စောင့်နေမှာလားဟင် ...................... စောင့်နိုင်မယ်မထင်ပါဘူး ကိုကိုတောင် အခု အသက် ၆၀ ကျော်ပြီလေ ကလေးလည်း အခုရှိနေဦးမယ်ဆို အသက် ၅၀ ကျော်ပြီပေါ့ .........................အဘွားကြီး တောင်ဖြစ်နေပြီ ကိုကို့အရင်တောင် စောအိပ်သွားလို့ ကိုကိုကတောင် ပြန်စောင့်အိပ်နေရဦးမယ်နော ...... ငတိမလေး ချာတိတ်မလေး"
ဦးကျော်စွာ တိတ်တိတ်လေးရေရွတ်နေရင်း နှုတ်ခမ်းအစုံကို ပြုံးလိုက်မိသည်။ သို့သော် သူ၏ မျက်လုံး များမှ မျက်ရည်ပူများကတော့ တလိမ့်လိမ့်ကျဆင်းလျက်ရှိသည်။ သူ့အာရုံထဲတွင်မတော့ သူနှင့်ရန်ဖြစ်တိုင်း ကလေးပြောနေကြစကားတခွန်းကိုသာ အထပ်ထပ်ကြားယောင်နေမိနေပါတော့သည်။

"ကိုကို ၀ဋ်ဆိုတာ လည်တတ်တယ်" တဲ့

ကိုကိုဦး
4.2.2013 ( 5-AM )
(အကျဉ်းဦးစီးဌာနသို့ ဆေးသွားစစ်ချိန်က ထောင်ကျဆရာဝန်တစ်ယောက်ပြောပြသော ဇာတ်လမ်းကို မှီငြမ်းပါသည်)

လောင်စာ



ရှဲခနဲ အော်မြည်ကာ အားပြင်းပြင်းနှင့် ရှည်ထွက်လာသော မီးညွန့်ကို ကြည့်ကာ သူ ကျေနပ်စွာပြုံးလိုက်သည်။
ထို့နောက် ဂေါက်ကို ကျွမ်းကျင်စွာကိုင်၍ သစ်သားလက်ကိုင်ရှည် တပ်ထားသော ဇွန်းခွက်ထဲရှိ ခဲတုံးတို့အား အရည်ဖျော်ဖို့ရာပြင်လိုက်သည်။ ခြေထောက်တစ်ဖက်ကလည်း ဖါးဖိုကို ခပ်မှန်မှန် နင်းလျှက်ရှိသည်။ သည်ခဲစတို့ကို အရည်ဖျော်ကာ ခဲတိုင်ရှည်အဖြစ်ပုံသွင်းရမည်။ သူဌေးက တစ်ပေခန့်ရှည်သော ခဲချောင်း ဆယ်ချောင်း ပုံသွင်းရမည်ဟု မှာထားသည်။ ခဲချောင်းကို ပုံသွင်းပြီးမှပင် ထမင်းစားပါတော့မည် ဟု တွေးရင်း တကျုတ်ကျုတ်နှင့် ဆာလောင်နေသော ဝမ်းဗိုက်၏ အချက်ပြနေမှုကို မသိကျိုးကျွံ  ပြုထားလိုက်မိသည်။
ဂေါက်ဝမှ ထွက်လာသော မီးညွန့်သည် ဖါးဖိုကို မှန်မှန်နင်းပေးသော်လည်း ခဲချောင်းသုံးချောင်းခန့် လောင်းအပြီးမှာတော့ တဖြည်းဖြည်းနှင့်သေး၍သွားသည်။ မီးအားလည်း မပြင်းတော့။ နောက်ဆုံး မီးညွန့်ပါသေသွားတော့သည်။

မီးခြစ်နှင့် မီးပြန်ညှိသော်လည်း မီးညွန့်က သေးမြဲသေးလျှက်။ ဒီတိုင်းဆိုလျှင်တော့ မဖြစ်ချေဟု တွေးလိုက်ရင်း ဂက်စ်အိုးထဲ လောင်စာထည့်ရန်ပြင်လိုက်သည်။ ဓါတ်ဆီအနည်းငယ် ဖြည့်၍ ဂေါက်၊ ဖါးဖို၊ဂတ်စ်အိုး ပြန်အတွဲအပြီးဝယ် ဖါးဖိုကိုနင်းရင်း မီးခြစ်ကို ခြစ်ကာ မီးညှိလိုက်တော့ မီးညွန့်က ဝုန်းခနဲ အရှေ့သို့ပြေးလာသည်။ ဇွန်းပေါ်သို့ မီးစကို တင်လိုက်တော့ ခဲသားတို့သည် တရိရိ ကြွေသွားကြတော့သည်။ ခဲကြွေသည့်ညှော်နံ့ကလည်း နှာခေါင်းစည်း ကိုကျော်လွန်လျှက် တစ်ချက်တစ်ချက်ဝယ် အဆုတ်ထဲသို့ ရောက်လာချင်သည်။


လောင်စာ၏ အင်အားကြောင့် အရှိန်တညီးညီးနှင့် တောက်လောင်နေသည့် မီးညွန့်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို ပြန်မြင်နေသလို တွေးထင်မိတော့ ဖါးဖိုနင်းလက်စခြေထောက်သည် တုန့်ခနဲရပ်ချင်၏။ သူလည်း ဘာများထူးသလဲလေ။
ငယ်နုတုန်းမှာ ဘဝကို အစွမ်းကုန်ကြိုးစားနိုင်ပေမယ့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်လာခဲ့သည့် အိုမင်းရင့်ရော်မှုသည် နောက်ဆုံးမှာတော့ လက်ကျန်မီးစတောင်မရှိအောင် ပျောက်ဆုံးသွားမှာ မဟုတ်လား။ အသက်ကြီးရင့်ဖို့မဆိုထားနှင့်။ လက်ရှိအချိန်မှာပင် နေ့စဉ်ရှုရှိုက်နေရသည့် ခဲငွေ့တွေကြောင့် ခဲဆိပ်ဖြေဆေး ထိုးဖို့ရာ ဆရာဝန်က တိုက်တွန်းထားသည်။ အနည်းငယ်မျှ ပင်ပင်ပန်းပန်း လုပ်လိုက်သည်နှင့် အသက်ရှုက ကျပ်ချင်၏။ အမောက မခံနိုင်တော့။

မိန်းမအတွက်၊ သားအတွက် ဆိုသည့် အတွေးဖြင့် စိတ်ကိုတင်းထားချိန်မှာ အလုပ်ကြိုးစားချင်စိတ်သည် ဝုန်းခနဲ တောက်လောင်လာသလိုမျိုး တက်တက်ကြွကြွ ရှိနေတတ်ပေမယ့် လုံးဝကို မခံနိုင်လောက်အောင်ထိ အားပြတ်ချိန်မှာတော့ မီးညွန့်လေးသေးသွားသလိုမျိုး အင်အားတို့ယိုင်နဲ့ရသည်။ သူဌေးဆီက ခွင့်လည်းမတောင်းရဲပြန်။ တစ်နေ့တာ ဝင်ငွေ ၄၀၀၀ ကျပ် ဆိုသည်မှာဘွဲ့ရပညာတက်မဟုတ်သော သူ့အတွက် ကံထူးဆုပင်။ ရံဖန်ရံခါ ဘောက်ဆူးပါပေးလျှင် တနေ့တာဝင်ငွေ ၆၀၀၀ ထိရှိသည်။ အခု ဘက္ထရီ ပညာတက်နေသည် ဆိုတာကလည်း သူဌေးသင်ပေး၍ပင်။  မိအေးကိုတော့ ဈေးဖိုးထဲကနေ ရသလောက် စုပါဟု ပြောရဦးမည်။ ငါးတန်းကျောင်းသားမို့လို့ သားအတွက် ကုန်ကျငွေနည်းသော်လည်းနောင်အရှည် ဒီအတိုင်းသာ သွားလျှင် သူ အလုပ်ဆက်လုပ်နိုင်ဖို့ရာ မသေချာတော့။ ဒီတော့ ကိုယ်ပိုင်ဆိုင်လေး ဖွင့်ဖို့ရာ ကြိုးစားရမည်။

ဆင့်အထွာ မတက်နိုင်ပေမယ့် ပရွက်ဆိတ်လည်း ပရွက်ဆိတ်အထွာ ဆိုသလိုမျိုး အသီးအရွက်တုတ်ထိုးရောင်းတာလေးမျိုးနှင့် လည်း စ၍ရသည်မလား။ ခဲညှော်နံ့က ပို၍ ပြင်းလာသည်ထင့်။ ခေါင်းပင် မူးဝေချင်လာသည်။ ခဲချောင်းတို့ကို ရေတွက်ကြည့်တော့ ခြောက်ချောင်းသာ ရှိသေးသည်။ ဗိုက်ကလည်း ဂွီဂွီဂွမ်ဂွမ်အော်မြည်လျှက် ရှိဆဲ။ မီးညွန့် သေးသွားပြီမှန်း ယခုမှ သတိထားမိသည်။ ဒီမီးညွန့်နှင့်ဆိုလျှင်တော့ ခဲချောင်းလေးချောင်းဖျော်ရန် မိနစ်နှစ်ဆယ်မျှ ကြာမြင့်ပေလိမ့်မည်။ မီးအားပြင်းလျှင်တော့ ခုနှစ်မိနစ်ခန့်မျှသာ ကြာလိမ့်မည်။ ဂေါက်မှ ခလုတ်ကိုနှိပ်ကာ မီးစကိုသိမ်းလိုက်ရင်း လောင်စာထည့်ရန် ဂတ်စ်အိုးနှင့် သွယ်ထားသော ပိုက်ကို ဖြုတ်လိုက်သည်။ ဒီတစ်ခု ဖြုတ်ရုံမျှနှင့်လည်းမပြီး။ ဖါးဖိုနှင့်ဂတ်စ်အိုးတွဲထားသော ပိုက်ကိုလည်း ဖြုတ်ရဦးမည်။ မဖြုတ်လျှင် လောင်စာက ဂတ်စ်အိုးထဲသို့ လျှောလျှောရှုရှုမဝင်နိုင်။ ပိုက်မှ ပေနေသည့် ဓါတ်ဆီတို့ကို မသုတ်မိလျှင်လည်း မီးညှိသည့်အခါ အခန့်မသင့်လျှင် မီးကူးကာမီးလောင်နိုင်ပြန်သည်။

ကိုယ်နှင့် သက်ဆိုင်သည့်အလုပ်ဝယ် အန္တရယ်ဖြစ်မှာစိုး၍ သတိထားကြသော်လည်း လူတော်တော် များများသည် လူမှုရေးမီးကူးတတ်သည်ကို သတိမပြုကြ။ မီးလောင်မှသာ ဟိုလူက စကားသယ်ယူပို့ဆောင်ရေးလုပ်သည်၊ ဒီလူက ဘာဖြစ်သည်ဟု ပြစ်တင်ပြောဆိုတတ်ကြရုံသာ။ တကယ်တမ်း ကိုယ်သာ မပြောခဲ့ဘူးဆိုလျှင် သယ်ယူပို့ဆောင်ရေးသည် ကိုယ့်အား အန္တရာယ်ဖြစ်နိုင်ပါမည်လား။
တချို့ကူးသည့်မီးများကျ မရှောင်နိုင်ပြန်။ ဟိုတလောကပင် မိန်းမ၏ အမေက ငွေငါးသောင်း လာချေးသေးသည်။ ဝင်မစွတ်ဖက်ချင်၍ မျက်နှာလွဲထားသော်ငြား ရှိစုမဲ့စုနှင့် ဝယ်ထားသော မိန်းမနားကပ်လေး မရှိတော့တာကို မြင်နေရသည်။ ဒါမျိုးကျ ရှောင်မရသည့်မီး ဟု သတ်မှတ်ချင်မိသည်။

သူ့တွင် တစ်ခုတော်သေးသည်က မိဘနှစ်ပါးက ချန်ထားပေးသော အမွေဖြစ်သည့် ဆယ်ပေအိမ်လေးကြောင့်သာ အသက်ရှုချောင်နေရခြင်းပင်။ နို့မို့ ညားခါစကလိုသာ အိမ်ငှားရမည်ဆိုလျှင်ဖြင့် သားအတွက် စုလို့ရမှာကို မဟုတ်တော့။
“ဟော… ခဲချောင်း အကုန်လောင်းပြီးသွားချေပြီ။” နှာခေါင်းစည်းကို ဖြုတ်ရင်း လက်တို့ဆေးတော့ တချို့ ခဲမှုန်စများက တွယ်ကပ်နေဆဲ။ အိမ်ရောက်မှ အသေအချာဆေးတော့မည်။ ဗိုက်က တော်တော်ဆာနေပြီ။
ထမင်းချိုင့်ကိုဖွင့်လိုက်တော့ မိန်းမ၏ အကောင်းဆုံးလက်ရာ ဟင်းနုနယ်ရွက်ကြော်နှင့် ငရုတ်သီးထောင်းကို မြင်ရသည်။ ကြက်ဥကြော်လေးကတော့ ထမင်းပေါ်တွင် တင်လျှက်။

ဒီနေ့မှပင် အိမ်အပြန်လမ်းသည် အခါတိုင်းထက် ရှည်လျားနေသည်။ လေးလံသော ခြေထောက်တို့က ပစ်လှဲချစရာ နေရာ လိုအပ်နေသည်ဟု သတိပေးနေသည့်ဟန်။ ဒီနေ့က တော်တ်ာအလုပ်များသလို ဘောက်ဆူးကလည်း သုံးထောင်တောင်ရသည်မို့ ပင်ပန်းရကျိုးနပ်ပါသည်။
ဟော…. တဲသာသာစုထားသည့် အိမ်လေးတွေကို မြင်၇တော့ ခြေလှမ်းတို့သွက်လာပြီ။ ထိုတဲအိမ်စုလေးဝယ် သူ၏ ဆယ်ပေအိမ်စုတ်လေးရှိသည်လေ။
မိဘနှစ်ပါးထားသွားတုန်းကတော့ တကယ့် အိမ်ကောင်းလေးပင်၊ သူ့လက်ထက်ကျတော့ မပြင်နိုင်တော့။ ပေါက်နေသည့် ထရံတို့ကို ပြင်ဖို့ရာ အချိန်လည်းမပေးနိုင်တော့။ သို့သော် စုထားသည့်ပိုက်ဆံက သုံးသိန်းတော့ရလောက်ပြီမို့ နောက်ထပ်နှစ်နှစ်လောက်လုပ်လိုက်လျှင်ဖြင့် ဘက္ထရီဆိုင်ဖွင့်ဖို့ရာ အရင်းအနှီးရလိမ့်မည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့်သာ အလုပ် လုပ်ဖို့ရာ ခွန်အားတွေ ပြည့်နေခြင်းပင်။ မိဘအမွေအနှစ်အိမ်လေးရောင်း၍ အရင်းအနှီးလုပ်ဖို့ရာလွယ်သော်လည်း သည်လိုနေရာမျိုးဝယ် ကိုယ်တိုင် ပြန်ဝယ်နိုင်ဖို့ရာ ခဲယဉ်းလှသည်။
ရောင်း၍ရသည့်ငွေလေးသည် အခုမှ အကွက်ဖေါ်ကာစ မြေကွက်မျိုးလောက်သာ ဝယ်၍ရမည်။

ဒါတောင် တချို့မြေကွက်တွေက သူလက်ရှိနေသည့် အိမ်ထက်ပင် ဈေးကြီးသေး၏။ မြက်ရိုင်းတွေ ပြိုင်းပြိုင်းရိုင်းရိုင်း ပေါက်နေသော မြေကွက်ကို သိန်း ၇၀၀ ကျော် တတ်တာလည်းရှိ၏ ဝယ်သူကလည်းဝယ်၏။ သူ့မှာတော့ မြင်ရသမျှ ပါးစပ်အဟောင်းသားကြည့်နေရရုံသာ။ ကိုယ့်အိမ်လေးရောင်းပါမှ ရသည့်ငွေက သိန်းလေးငါးဆယ်သာ။ ဒီလောက်ငွေနှင့်ဆိုလျှင်တော့  .. အတွေးကို အဆုံးမသတ်ပဲ ပြုံးမိပြန်သည်။

“အစ်ကို ပြန်လာပြီလား စားပွဲပေါ်မှာ ထမင်းခူးပြီးသားရှိတယ် အစ်ကို”
“သားကတော့ ဟိုဘက်အိမ်က ကျောက်ဒိုးနဲ့ သွားဆော့မယ်ဆိုပြီး ထွက်သွားတယ်”
ဟုဆိုလာသည့် မိန်းမ၏ အသံနွမ်းယဲ့ယဲ့ကြောင့် အခန်းထဲသို့ဝင်တော့မည့်ခြေလှမ်းတို့ တုံ့သွားရသည်။ လှည့်ကြည့်လိုက်တော့ မျက်နှာကလည်းနွမ်းနေသည်။
သို့သော် မျက်လုံးများကတော့ ဆုံးဖြတ်ချက် ချရခက်နေသောအရောင်တို့သမ်းနေပြန်သည်။

“လွယ်အိတ်အရင်ချိတ်ပြီး ထမင်းအရင်စားလိုက်ပါဦး ပြီးမှ ညီမ ရှင်းပြမယ်”
ဟု သူမမေးရသေးခင်ပင် ပြောလိုက်သော မိန်းမ စကားကြောင့် အခန်းထဲဝင်ကာ လွယ်အိတ်ချိတ်လိုက်ရသော်လည်း စိတ်ဝယ် စိုးထင့်နေပြန်သည်။ ဘာအကြောင်းကိစ္စများ ရှိလေသလဲ ဟု။

နားကြားများ မှားသလား ဟု တွေးရင်း နားရွက်ကို လက်ဖြင့် ဆွဲခါလိုက်မိသည်။ ကိုယ်ဝန်ရှိနေပြီတဲ့လား။ ထပ်မံရလာမည့် ရင်သွေးလေးကို မျှော်မှန်းကြည့်လိုက်မိတော့ နှလုံးသားဝယ် ကြည်နူးပီတိတို့ တစိမ့်စိမ့်ဝေဖြာလာသလိုလို။ ဒါဆို မိန်းမက ဘာ့ကြောင့် စိုးထိတ်နေတာလဲ၊ ဘာ့ကြောင့်မပျော်ရွှင်တာလဲဟု တွေးရင်း မိန်းမမျက်နှာကိုကြည့်လိုက်မိတော့ နွမ်းယဲ့ယဲ့ဖြစ်နေဆဲ။

“သားက နောက်နှစ်ဆို ခြောက်တန်းရောက်ပြီနော် မွေးမယ့်စရိတ်စကနဲ့
ကုန်မှာကျမှာတွေနဲ့ ဒီကြားထဲ တနေ့ဝင်ငွေ ၄၀၀၀ တောင် ဟိုကုန်ဒီကုန်နဲ့
ညီမတို့ သုံးသိန်းတည်းစုမိသေးတာ ကလေးထပ်ယူရင်….” ဟုသာဆိုရင်း

ထပ်မံမဆက်တော့သော မိန်းမ၏စကားကို အဆုံးထိတွေးရင်း နားလည်လိုက်မိ၏။
ဟုတ်သည်။ မိသားစုလေး သုံးယောက်တည်းတောင်  ဒီလောက်လုံးပန်းနေရလျှင်........ ။ လက်ရှိသူဌေးဆီ အလုပ် လုပ်သည့် နှစ်နှစ်တာကာလတွင်မှ သူ ပိုက်ဆံစုနိုင်ခဲ့တာဖြစ်သည်။ သားလေး အလိုကျ ရုပ်မြင်သံကြားစက်တစ်လုံးကို လပေးဝယ်ယူနိုင်ခဲ့တာဖြစ်သည်။ ဒီသူဌေးဆီ အလုပ်မရခင်က အိမ်ပင် ပေါင်ရလုနီးပါးရုန်းကန်ခဲ့ရသည်။ နောက် သူ့အသက်ကလည်း လေးဆယ်ပြည့်လုနီးပါး။ သို့သော် သားလား၊ သမီးလား မသေချာသေးသည့် ရင်သွေးလေးက နှလုံးအိမ်ဝယ် တဝဲလည်လည်နှင့်။ နှစ်လသာ သက်တမ်းရှိသေးသည့် သန္ဓေသားလေးအတွက် ဆုံးဖြတ်ချက်ကို ဘယ်လိုချရမလဲ ဟူသည့်အတွေးနှင့် မိန်းမကို စကားမဆိုမိပါပဲ  အိပ်ဖို့ရာပြင်လိုက်မိသည်။ သူဘာမှမပြောသေးလျှင်တော့ မိန်းမက ဘာမှလုပ်မည်မဟုတ် ဟု စိတ်ချထားလိုက်ပါသည်။

နားထဲသို့ တိုးဝင်လာသည့် သီချင်းသံကြောင့် အလူးအလဲ ထလိုက်မိသည်။ ဒီသီချင်းသံက သူ့အိမ်နှင့် နှစ်အိမ်ကျော်ရှိ လက်ဖက်ရည်ဆိုင်မှ ဖွင့်ခြင်းဖြစ်သည်။ ဒီလိုအသံကျယ်ကျယ်ဖွင့်ပြီဆိုလျှင် ရှစ်နာရီထိုးပြီဖြစ်သည်။ နာရီကိုကြည့်မိတော့ ရှစ်နာရီကို ဆယ်မိနစ်စွန်းစပြုချေပြီ။ အလုပ်သို့ ပုံမှန်ရောက်ချိန်က ရှစ်နာရီဖြစ်သည်မို့ ဘာ့ကြောင့်များ မနှိုးရသလဲ ဟု မိန်းမကို စိတ်တိုချင်မိ၏။ ရေမိုးချိုးပြီး ထမင်းစားပွဲပေါ်ရှိ အုပ်ဆောင်းကို လှပ်မိတော့ ထမင်းဟင်းတို့နှင့်အတူ စာလေးတစ်စောင်က ဆီးကြိုနေပြန်သည်။

“အစ်ကို တစ်ခါမှ နေမြင့်အောင်မအိပ်ဖူးဘူး မနေ့ကလည်း
အိမ်ပြန်နောက်ကျတယ်ဆိုတော့ ပင်ပန်းနေမလားလို့ မနှိုးခဲ့တာ”
ဟူသည့် စာလေးက သူလည်း စေတနာလေးနှင့် မနှိုးခဲ့တာ ဟူသည့်အတွေးနှင့် ဒေါသတို့ကို ပြေစေ၏။

တော်သေးသည်။ အလာမှာပင် အခါတိုင်းကြာတတ်သော ဘက်စ်ကားက ဒီနေ့တော့ ချက်ချင်းတွေ့၍ စီးလာနိုင်လိုက်သည်မို့ ရှစ်နာရီနှစ်ဆယ့်ငါးမိနစ်တွင်ပင် အလုပ်သို့ရောက်လာ၏။ သူ၏ အားနာပြုံးဖြင့် တောင်းပန်စကားကို သူဌေးက အရေးမလုပ်သည့်အလား။ တစ်ခြား ဂရုစိုက်စရာကိစ္စများရှိနေလို့လား ဟု ပင်တွေးမိသေး၏။

ထမင်းစားဖို့ရာ ထမင်းချိုင့်ကို ဖွင့်စဉ်မှာပင် သူဌေးရောက်လာ၍ ဘာများခိုင်းမလဲဟုတွေးရင်း လှည့်ကြည့်လိုက်မိသည်။
“ငါ….. ငါ ကလေးမရနိုင်တော့ဘူးတဲ့ကွာ.. ”
ဟု အစချီကာ သူ့ရှေ့ခေါင်းငိုက်စိုက်ကျနေသော သူဌေးကိုကြည့်ရင်း သူ့မှာ တအံ့တသြ။
အဘယ့်ကြောင့်ဆိုသော် သူဌေးကော၊ သူဌေးကတော်ကောပါ အသက်ငယ်ကြသေးသည်မလား။ သို့သော် အကြောင်းရင်းကို သိရပြန်တော့ စိတ်ဝယ် သူဌေးကို သနားမိရပြန်၏။
သူဌေးကတော်က သူမအမေထံမှ အမွေရသည့်အနေဖြင့် သုံးဆယ့်ငါးနှစ်မှာပင် သွေးဆုံးသည် တဲ့။

“ငါတို့အတွက် အိမ့်ဆည်းလည်းကို ငါတို့သွေးသား မရနိုင်တော့ဘူးပေါ့ကွာ…
ငါရှာသမျှကလည်း ဘယ်သူ့ကို အမွေပေးရမှာလဲ”
ဟု ပြောရင်း မျက်နှာနွမ်းနေသော သူဌေးကို သူ့မှာ နှစ်သိမ့်စရာ စကားရှာမရဖြစ်နေရသည်။ ထို့အတူ ရင်တွင်းဝယ် ငါ့ရင်သွေး၊ ငါ့သွေးသား ဟူသည့် အသိက တဖြည်းဖြည်းနှင့် ဆူပွက်လာ၏။

သားသမီးရတနာ တဲ့။ ထိုက်၍ရလာသည့် ရင်သွေးလေးကို လွှင့်ပစ်ရမည်လား။ ရုတ်တရက် ခေါင်းခါယမ်းလိုက်မိသည်။ ဘဝကြီးက ကြမ်းတမ်းနေပါသည်ဟု ဆိုရလျှင်တောင် သည်ရင်သွေးလေးကို နွေးထွေးနိုင်ပါသေးသည်။ ကုန်ဆုံးရန်ကျန်နေသေးသည့် ရက်များကို မောမောပန်းပန်းနှင့် အစွမ်းကုန်ကြိုးစား ရှင်သန်ရမည်ဆိုလျှင်တောင် ဟော့ဒီ ရင်သွေးဆိုသည်လေးနှင့် ရှင်သန်လိုက်ချင်ပါသည်။ လောကမှာ မြဲသောအရာ ဘယ်မှာရှိလို့လဲ ဟု တွေးရင်း သူပြုံးမိပြန်သည်။ မိဘနှစ်ပါးရှိစဉ်က လူပေါ်ကြော့ဖြစ်သည့် သူသည် ယခုအခါ လူအများ၏ နှုတ်ခမ်းဖျားထက်ဝယ် မိသားစုကိုချစ်တတ်သူ၊ အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်သူ ဟု အမည်တွင်နေပြီဖြစ်သည်။

ယခု သူ့သွေးသားအဖြစ် ထိုက်တန်၍ေ၇ာက်လာသော ရင်သွေးလေးကို သူ မပစ်ပယ်လိုတော့ပါ။ ဘဝဆိုသည်မှာ နေ့စဉ်လိုပင် မမြဲသော အရာများနှင့်ပြည့်နှက်နေသည်မဟုတ်ပါလား။ ရင်သွေးလိုချင်လှသော သူဌေးလင်မယား၏ စိတ်ထိခိုက်မှုက ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာစေသည်။
သခါင်္ရတရားကို နေ့စဉ်မျိုချနေရသည့် ဘဝကြီးဝယ် ဟော့ဒီရင်သွေးလေး ပါလာရုံမျှနှင့် သူတို့မိသားစု၏ ကြည်နူးဝမ်းသာမှုကလွဲလို့ ဘယ်အရာကများ ထူးပြီးပြောင်းလဲနိုင်မှာလဲ။ မိန်းမကိုသာ ပြေးပြောလိုက်ချင်သည့် စိတ်တို့က ရင်ဝယ် ဖြစ်ထွန်းလာရသည်။

ညနေတော့ မိန်းမနှင့် သားလေးအတွက် ခေါက်ဆွဲကြော်ပါဝယ်လိုက်ရင်း သတင်းကောင်းလေး ပြောရမည်ဟု စိတ်ထဲတေးမှတ်ထားလိုက်မိကာ ဖွင့်လက်စထမင်းချိုင့်ဆီသို့ မျက်နှာလှည့်လိုက်သည်။
ထမင်းစားရဦးမည် လေ။ ဘဝကို အရှိန်တညီးညီးနှင့် တောက်လောင်ဖို့ရာအတွက် အားအင်ပေးသည့် လောင်စာလေး ဟု ရင်သွေးလေးကို တိုးဖွဖွ အပြစ်တင်မိရင်း နှုတ်ခမ်းထက်က အပြုံးတို့ကတော့ ဝင့်ကြွားလျှက်.........။
…………………..

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ


(၁)သင့်ကိုမမေးရင်သူတပါးရဲ့ကိစ္စကိုဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ ကိစ္စတွေမှာ ခဏခဏ ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံး ဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့ တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှု ဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့ သူတွေကို မှန်ကန်တဲ့ လမ်းကြောင်းဆီ ရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြား လုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စ ကိုယ်လုပ်ပါ။စိတ်ငြိမ်းချမ်းမှုရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့ လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခဏခဏ သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃)အသိအမှတ်ပြုမှုကိုမမက်မောပါနဲ့။


ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ ဒေါက်ထောက် ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြု ခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့် စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့ကသင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄)သူတပါးကိုမနာလိုမဖြစ်ပါနဲ့။


မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်၊ သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာ အလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ် ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှ ရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရား မရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကို ဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅)ပတ်ဝန်းကျင်ကိုလိုက်ပြီးသင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တစ်ဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆)သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇)လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထု ဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ကြည်လင်နေတဲ့စိတ်ကစိတ်ရဲ့ငြိမ်းချမ်းမှုကိုပိုပြီးဖြစ်လာစေမှာပါ။

(၈)ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တစ်ရက်မှာ နာရီဝက်လောက် စိတ်အား ထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက် ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုး ကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာ အလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင် တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲပိုကောင်းတဲ့အကျိုးရလဒ်တွေရလာနိုင်ပါတယ်။

(၉)စိတ်မတွေဝေပါနဲ့။
တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေ အားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွ လုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လို အလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာ ကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့ အချိန်မှာတောင် တရားဓမ္မ သီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့်သင့်ကိုယ်သင်ကျန်းမာအောင်နေထိုင်တတ်ရမယ်။

(၁၀)အချိန်မဆွဲပါနဲ့။ဘယ်တော့မှနောင်တမရပါနဲ့။


စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့နွားနို့အတွက်ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။

www.funzug.com မှဘာသာပြန်သည်။

သဒ္ဓါလှိုင်း
မှတ်ချက်
ယခု အတွေးအမြင်ဆောင်းပါးနှင့်ပတ်သက်၍ ဗွီအိုအေ အသံလွှင့်ဌာနမှ ၃၀ရက် ဇူလိုင်လ ၂၀၁၁ ခုနှစ်က လွှင့်တင်ခဲ့ပြီးဖြစ်ပါသည်။

ကြယ်ခူးခွင့်မရှိတဲ့ ကောင်းကင်



လောင်မီးကျနေတဲ့အရပ်မှာ ဘယ်လိုသမာဓိကမှ အခက်အလက်ဝေဖြာထွက်မလာနိုင်တော့ဘူး
ခုတ်ထားတဲ့အသံမှာတောင် ပရိဒေဝဟာ ယဲ့ယဲ့ယိုင်ယိုင် တငွေ့ငွေ့စွဲလောင်နေတယ်

ကျောရိုးရိုက်ချိုးခံလိုက်ရတဲ့ လေတံခွန်လို ပင့်သက်တိုင်းဟာ ရိရိနွမ်းနွမ်း တိတိပပ ကျွမ်းကျခဲ့ရ

ပေါပေါပဲပဲစကားတစ်ခွန်းနဲ့ မိုးမျက်နှာကြက်မှာ ကြယ်တွေကို စိုက်ထူလို့မရဘူး

အဝေးကတိမ်ဖျားမှာ စိုက်ဝင်နေတဲ့အလွမ်း ဘယ်သောင်ကမ်းမှာ ထိုးစိုက်ရမယ် မသိ

ပကတိဝပ်ကျင်းကလေးထဲ ကြေကွဲရောင်ဓာတ်ပြားတစ်ချပ်နဲ့ အငုံ့စိတ်ကိုပဲ ခပ်သောက်နေခဲ့မိပေါ့

တစ်နွေလုံးငုံထားခဲ့ရတဲ့ ကဗျာမှာ နာကျင်မှုဟာ ခက်ခက်ဝေဝေနဲ့ အမြစ်ရှည်နေခဲ့တယ်

နက်နက်ကျင်ကျင်ခူးခပ်ထားသမျှမှာ ဘယ်သူကများ မွေ့လျော်စွာ ကျဆုံးချင်ပါ့မလဲကွယ်

လေးကိုင်းထဲ ဘဝကိုထည့်ပြီး ဘုရားသခင်ဆီပဲ ပစ်လွှတ်လိုက်ချင်တော့တယ်

ဥသြဆွဲဝင်လာတဲ့ မြင်ကွင်းမှာ ကဗျာဆရာရဲ့ သေအံ့မူးမူးညနေခင်းဟာ သွေးအလူးလူး

သေကောင်ပေါင်းလဲဘဝမှာ အနက်ထည်မှန်သမျှသာ ရိုးမြေကျစွာ မြစ်မြစ်တွယ်တွယ်
ကဗျာဆရာဆိုတာ ဘဝခုတ်ရာတစိုစိုနဲ့ ကန္တာရထဲခရီးသွားနေသူ

ကဗျာဟာ မာတိကာမှာ ဆောင်းဝင်စားလို အိနြေ္ဒနက်နက်လွယ်ပိုးထားရင်း

ရင်ထဲကမီးတောက်ကလေး ပျို့တက်လာတိုင်း နံရိုးတစ်စုံနဲ့ကုတ်ခြစ်

သစ္စာကျောက်ဆောင်ကို အမြိုက်တရားတွေနဲ့ လင်းဝေစေခဲ့သူပေါ့။


ညီလင်းနိုင်

ပန်းတစ်ပွင့်ရဲ့ အလျား



ပန်းစကား (က)

ပန်းပွင့်ရာအရပ်မှာ မျှော်လင့်ချက်လည်း ဖူးဝေတယ်။
လေဒီ ဘာ့ဒ် ဂျွန်ဆင်န်


* * *

တစ်ချို့သောကံတွေဟာ တစ်ခုသောရေစက်ပေါ်မူတည်ပြီး ဖူးပွင့်တတ်တယ်လို့ တွေးထင်မိစေတာက ဒုတိယနှစ်ဝက်ရဲ့ အတွင်းခန်းပြင်ဆင်မှု သင်ခန်းစာနဲ့ ဆက်စပ်နေခဲ့တာ။ သင်ခန်းစာအလုပ်သဘောမှာ အိမ်ပုံစံတစ်ခု ပေးထားကာ ကျောင်းသားအားလုံးကို နှစ်ဦးစီအဖွဲ့ခွဲလိုက်ကာ အဲဒီနှစ်ဦးမှာ တစ်ဦးကပုံအပ်သူ တစ်ဦးကပုံစံထုတ်သူအဖြစ် အပြန်အလှန်ပုံစံထုတ်ပေးရတာ ဖြစ်ပါတယ်။
မဲနှိုက်ရွေးချယ်စနစ်ဖြစ်တာမို့ အမြဲကံဆိုးလေ့ရှိသူကျွန်မမှာ ထက်မြက်သလောက် ညစ်ပုတ်တယ်ဟု နာမည်ကျော်တဲ့ သူနဲ့ကျကာ သောကများခဲ့ရတာ။ မှတ်စရာစာအုပ်ပင် မထုတ်ရသေးခင် သူက ပုံအပ်သူအဖြစ် စပြောပါတယ်။

“ငါက ဂီတပညာရှင်တီးဝိုင်းခေါင်းဆောင် …. ငါ့အိမ်မှာ တူရိယာပစ္စည်း အစုံထားမယ်။ စန္ဒာရားက အစ ဒရမ်အဆုံး”

“အယ်… ”
၁၁၅ စတုန်ရန်းမီတာအကျယ် တိုက်ခန်းလေးထဲ ဒီပစ္စည်းတွေနဲ့လို့ တွေးကာ ကျွန်မ မျက်နှာရှုံ့မဲ့သွားတော့ သူ ကျေနပ်သွားပုံက ရိုက်ချင်စဖွယ်။ ဒါပေမယ့် စည်းမျဉ်းချက်များမှ တစ်ခုမှာ အလုပ်အကိုင်က သူ့ရွေးချယ်ခွင့်သာမို့ ကျွန်မ မပြောသာနိုင်အောင်ရှိဆဲ ကလေးရှိတဲ့ အိမ်ထောင်သည်အဖြစ်ပါ စဉ်းစားစိတ်ကူးပေးရမှာ ဖြစ်လို့ သူပြုံးကာ ထပ်ပြောသေးတာ။

“ပြီးတော့ ငါ့မိန်းမက မော်ဒန်ပန်းချီဆရာမ။ ဟင်းချက်ဝါသနာပါတယ်။ သူက ဖိနပ်တွေ အိတ်တွေလည်း သိပ်ကြိုက်တယ်” ဂီတနဲ့ ပန်းချီကို ဘယ်လို ပေါင်းစပ်ရမလဲလို့ပင် စဉ်းစားမရဖြစ်နေဆဲမှာပင် ဖိနပ်နဲ့အိတ်တွေပင် ပါလိုက်သေးတာမို့ “သတ်ပစ်မယ်… ” လို့ အံကြိတ်ကာ ကျွန်မကျိန်းတော့ သူ ခေါင်းလှန်ကာ အားပါးတရ ရယ်တော့တာ။ ဒါပေမယ့် စိတ်ဖြူစင်ကြည်လင်သူလေး မဟုတ်သူ ကျွန်မအလှည့်လည်း ရှိသေးတာလေ။

“ဘယ်လို” ။ သူ့စိတ်ပျက်လက်ပျက် မျက်နှာပုံပန်းကို ကြည့်ကာ ကလေးအတွေးနဲ့ ကျွန်မ အားတက်သွားရ။

“ ဂျပန်မင်းသားလေ  ငါ့ အမျိုးသားက ၊ သီချင်းလည်း ဆိုတယ်” ကျွန်မ မရည်ရွယ်ဘဲ ပါးစပ်ထဲတွေ့ရာ ပြောလိုက်မိခြင်းကို သူပြုံးတုံ့တုံ့နဲ့ ခေါင်းငြိမ့်လေတော့ … ဒီလောက်နဲ့ ပြီးလို့ ဘယ်ကောင်းပါ့မလဲနော်။

“ ငါက စာရေးတယ်။ ”

သူ ကျွန်မကို စောင်းငဲ့လို့ပင် မကြည့်ဘဲ “ အေးဆေးပါ” တဲ့။

ဟင့်အင်း မပြီးသေးဘူးလေကွယ့်။ “ ငါက အပင်တွေ သိပ်ကြိုက်တာ” ဆိုတော့ သူက ပခုံးတွန့်ပြီး “ ဆက် ပါဦး” တဲ့။ တွေ့မယ်။ “အိမ်ထဲ ဝင်လိုက်တာနဲ့ သစ်တောထဲ ရောက်သွားသလိုမျိုး ဖြစ်စေချင်တယ်။ အဲဒီလို နေချင်တယ်” လို့ ကျွန်မပြောတော့ သူ မျက်ခုံးတွန့်ချိုးကာ ကျွန်မကို ကြည့်လေပြီ။ အိပ်ခန်းသုံးခန်းပါသော တိုက်ခန်းမှာ အပင်တွေ ဘယ်လိုထည့်ရမလဲလို့ သူစဉ်းစားရကျပ်သွားပြီထင်။ ဒါပေမယ့် သစ္စာများသာ ကျွန်မဆိုခဲ့တာပါ။ စာအုပ်တွေ၊ပန်းတွေကြားမှာသာ ကျွန်မ ရှင်သန်ချင်တာ။ ညစ်တယ်လို့ သူထင်ရင်လည်း ရှိပါစေ။
“နောက်ပြီး အဲဒီအပင်တွေက ရာသီလိုက် ပန်းပွင့်တဲ့ အပင်တွေ ဖြစ်စေချင်တယ်”  သူ စိတ်မဆိုးနိုင်တော့ဟန်ဖြင့် ခနိုးခနဲ့ ရယ်လေရာ ကျွန်မပါ လိုက်ရယ်မိပါတော့တယ်။ ပထမဆုံးသတိပြုမိတဲ့ သူနဲ့ ကျွန်မရဲ့ တူညီချက်များစွာထဲကတစ်ခုမှာ စိတ်ရှုပ်စရာတစ်ခု ကြုံလာရင်  ရယ်ပစ်တတ်တာ ဖြစ်ပါတယ်။ အဲဒီနောက်သူနဲ့ ကျွန်မ ငြိမ်းချမ်းရေးယူလိုက်ပြီး ကလေးဏဏ္ဍမှာတော့ အကျယ်မချဲ့တော့ဘဲ လျှော့ထားလိုက်ကြပါတယ်။ ဒါပေမယ့် ပန်းချီနဲ့ ဂီတ ပေါင်းစပ်မှုမှာပင် ကျွန်မ  မူးနောက်နောက်ဖြစ်သွားကာ စားစားသွားသွား ဒီစိတ်နဲ့သာ အိပ်မက်ထဲမှာပင် အရောင်တွေ အသံတွေ ရောယှက်နေခဲ့ကာ။ ဒီလောက်ညစ်ပတ်တဲ့သူ ရည်းစားနဲ့ မပြေလည်တာတောင် နည်းသေး… လို့  ရေရွတ်ခဲ့မိသည့်တိုင် သူ့ဇာတ်လမ်းအဆင်မချောတာ ကျွန်မလည်း မထောင်းသာပါ။ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ ကပ်ဖိုးကပ်မဲ့ ရစ်လေရာ။

“နေပါဦး။ နင်တို့ မိန်းကလေးတွေက ဘာလို့ ပန်း … ပန်းဆိုပြီး ဖြစ်နေရတာလဲ” အင်… သင်ခန်းစာ။ ဆွေးနွေးမှုနဲ့လည်း မဆိုင်ပါဘဲ။ ဒါပေမယ့် မိန်းမတွေဆိုတဲ့ ဝါးလုံးရှည်ကြီးအောက် ပါသွားပြီမို့ တုံ့ပြန်ရတော့တာပ။ ပန်း...ပန်းတွေတဲ့လား။ အာရုံမှာ ညွတ်နူးပေါ်လာရုံနဲ့တင် စိတ်ချမ်းသာလွန်းလှချည့်။

“ပန်းကို ချစ်ခြင်းမှာ လိင်အမျိုးအစား ခွဲခြားထားလို့လား... နွေဦးမှာပွင့်တဲ့ ပန်းတစ်ပွင့်ကြောင့် မင်းဝိညာဉ်ဟာ အလွန့်အလွန် အစွန်အဖျားတိုင်အောင် ဘယ်တုန်းကမှ ရင်ဖိုမပျော်မြူးခဲ့ဖူးဘူးဆိုရင် မင်းဝိညာဉ်ဟာ ဘယ်တုန်းကမှ မပွင့်ဝေခဲ့ဖူးဖြစ်လိမ့်မယ် … တဲ့ အာဒ်ရာ ဖိုဘီယို အယ်လ်ဘာ***က ပြောတယ် ”

အရှည်ကြီးပြောလိုက်ရပေမယ့် သူ့အကြည့်က အရောင်ပြောင်းမလာပါ။ သူက ပန်းတရားကို နာချင်တာ မဟုတ်ဘဲ သူ့ကောင်မလေးအစား ကျွန်မကိုသာ ရန်ရှာချင်တာမို့ မဲ့ပြုံးနဲ့ “ဒီနိုင်ငံမှာ နွေဦးမှ မရှိတာ” လို့ ကတ်သတ်ပြောပါတယ်။ တော်သင့်ပြီ။ အိပ်ချင်ယောင် ဆောင်နေသူကို နှိုးဖို့ အချိန်လည်း မရှိတာကြောင့် လေပြေလမ်းကိုပဲ လိုက်သင့်ရဲ့။

“နင်မကြိုက်လည်း ငါ့အိမ်လေးမှာ သရက်ထည်ပန်းလေး ထည့်ပေးနော်။ သူ့အဓိပ္ပါယ်က သဘောတူညီမှု၊ ပေါင်းစည်းထားတဲ့ နှလုံးသားများ။ ဝိညာဉ်များတဲ့။သာယာတဲ့ အိမ်ထောင်ရေးလေးပေါ့ ” လို့ ပြောရင်း ရယ်ချင်ရိပ်ကို မမြိုသိပ်နိုင်ဖြစ်လာတဲ့အခါ သူလည်း မပွင့်တပွင့်ရယ်ကာ “အဲဒါ ဥယျာဉ်ထဲမှာ စိုက်တဲ့ပန်းပင်မဟုတ်လား။ င့ါကို ဒုက္ခပေးတာ များနေပြီ” တဲ့။

“ပန်းအဓိပ္ပါယ်ကတော့ တကယ်ပါ။ပြီးတော့ အရောင်စုံပွင့်တဲ့ ပန်းတွေနဲ့ အိမ်လေးကလည်း ငါ အတည်ကြံတာပါ ။ ငါ နေချင်လွန်းတဲ့ ရပ်ဝန်းလေးကို နင် ဖန်တီးပေးနိုင်မယ်ဆိုတာလည်း  တကယ်ယုံတာပါ ” လို့ ကျွန်မ အမှန်ဆိုမိလေရာ သူ့မျက်နှာထား တည်ငြိမ်သွားပါတယ်။  “အသေအချာပေါ့” လို့ သူရေရွတ်ရင်း ကျွန်မမျက်ဝန်းထဲ တည့်တည့်စိုက်ကြည့်ကာ  “ ငါနေချင်တဲ့အိမ်ခန်းကို နင်ဖန်တီးပေးနိုင်မယ်လို့ ငါလည်းယုံပါတယ် ” တဲ့။

ရင်ခုန်နှုန်း လှုတ်ခတ်သွားခဲ့တာ သူပေးတဲ့ နားလည်မှုကြောင့်လား။ ကျွန်မ မသိပါ။ သူရဲ့ ယုံကြည်မှုက ကျွန်မရဲ့ နှလုံးသွေးကြောမျှင်တွေကို ပူးချည်လိုက်တာလား။ ကျွန်မ  နားမလည်ပါ။ သေချာခံစားမိတာက အာရုံမှာ နှင်းဆီရနံ့တွေ သင်းပျံဝေ။ အဲဒီနေ့ကစလို့ ကျွန်မရဲ့ အိပ်မက်အိမ်လေး လင်းဖြာခဲ့တာ။ သူဆီက “ကောင်းတယ်။

နင့်ဆွဲတဲ့အိမ်လေးကို ငါကြိုက်တယ်” လို့ ကြားရတိုင်း ပီတိအဟုန်နဲ့ ဘယ်လိုပင်ပန်းမှုမှ အရိပ်မထင်နိုင်အောင် ဖြစ်ကာ သူ့အိမ်လေးကို ရသလှလှ အချိုးမျှမျှဖြစ်အောင် ဖန်းတီပေးနိုင်ခဲ့ပေမယ့် သူကတော့ ကောင်မလေးပြဿနာတွေ ရှုပ်ပွေကာ ကျောင်းစာကို မျက်နှာလွှဲနေတာမို့ ကျွန်မရဲ့ အိမ်လေးမှာ ပီပြင်မလာခဲ့ပါ။

ကျွန်မ မနေသာတော့ဘူးလေ။ “ နင် plan ဆွဲပြီးရင် ငါ့ကို ပေးလေ။ ငါ 3D ဆွဲပေးမယ်။ အချိန်ရရင် render လည်း လုပ်ပေးမယ် ” လို့ ဆိုကာ ကူညီပါရစေလို့ ကမ်းလှမ်းရလေပြီ။  သူ အရမ်းပျော်သွားပုံနဲ့ ထိုင်နေရာက ဝုန်းကနဲထကာ ကျွန်မကို လှမ်းဖက်တော့မယ်ဟန်ပြင်တာမို့ ကျွန်မ ကြောက်ရွံတကြားရှောင်လိုက်ရာ သူရယ်လို့မဆုံးနိုင်ပဲ ကျွန်မ ဦးထိပ်ကို လက်သီးဆုပ်နဲ့ ဖွဖွထုကာ “နင် အရမ်းလိမ္မာတယ်။ ရေခဲမုန့်ဝယ်ကျွေးမယ်”တဲ့။ ထိုနေ့ကစလို့ သူငယ်ချင်းတွေဖြစ်ခဲ့တာမို့ ဝတ္တရားကျေအောင် ကျွန်မဖက်က ကြိုးစားထားလည်း သူကတော့ ညှာတာမှုလေး ကျိုးတို့ကျဲတဲသာ ပြန်ပေးခဲ့တာရယ်။ ကျွန်မမှာ တခြားဘာသာရပ်က အလုပ်သင်ခန်းစာတွေကို ပစ်ကာ သူနဲ့အတူ စာကြည့်တိုက်၊Mac Donald ဆိုင်တွေကို ကိုယ့်ကွန်ပျူတာကိုယ်ဆွဲသွားလို့ ပုံဆွဲကူပေးပေမယ့် သူ့အပြုံးတွေက ခေါင်းပါးလွန်းနေတာ။
ဆိုးရွားလှချည့်လို့ ကျွန်မ မတွက်ဆခဲ့ပါ။ အဆိုးဆုံးတစ်နေ့က သူ့ရက်စက်မှုကိုပင် ကျွန်မတို့နှစ်ယောက်ရဲ့ ချည်နှောင်မှုခိုင်မြဲရဲ့လားလို့ ကံကြမ္မာက မိုးကြိုးလျှပ်ပြက်ကာ စမ်းသပ်ခံလိုက်တာလို့သာ မှတ်ယူထားခဲ့ပါတယ်။ ကောင်းကင်မည်းမည်းအောက်ရောက်ခဲ့တဲ့ ထိုတစ်နေ့ကပေါ့ သူ့ကောင်မလေးနဲ့ ပေါက်ကွဲလာမှန်းသိပေမယ့် ရင်ဖွင့်ခွင့်ပေးရအောင် အချိန်လည်း မရှိတာမို့ မသိချင်ယောင်ဆောင်ကာ သူပြောသမျှကိုသာ ကျွန်မအာရုံစိုက် ပုံဆွဲနေခဲ့ပါတယ်။ ဒါပေမယ့် ဒေါသတွေဖွင့်ထုတ်ရာ ရှာနေတဲ့ သူက ကျွန်မအပေါ် ရက်စက်ခဲ့လေတာ။

ကျွန်မ ဆွဲပေးတဲ့ပုံမှာ သူလိုချင်တဲ့အရောင်နဲ့ အလင်းမရတဲ့အခါ ကျွန်မကို မညှာမတာအော်ခဲ့လေရဲ့။ အမြင်အကြားအာရုံ ပျောက်ရှသွားလောက်အောင် ဝန်းနည်းထုံကျင်သွားတာ။ ထိုစဉ်ခဏ စက္ကန့်ပိုင်းလေး ကျွန်မ သေဆုံးသွားခဲ့လေသလား။ ကျွန်မ မသိတော့။ သူ ချက်ချင်း အနူးအညွတ် ပြန်လည်တောင်းပန်ပေမယ့် ရင်ထဲစူးနင့် ဆွံ့အကာ စကားမပြန်နိုင်တော့။ ရှက်စိတ်နဲ့ ဝမ်းနည်းနာကျင်။ ဒါပေမယ့် မာနတွေကျိုးကျေနေလည်း သူ့အပေါ် နာကျည်းမှု တမျှင်ပင် မသက်ရောက်နိုင်သူမို့ အမှတ်သည်းခြေနည်းစွာ မျက်လည်စက်လက်နဲ့ သူလိုချင်တဲ့ပုံရဖို့ ညမအိပ်ဘဲ ဖြစ်အောင်လုပ်ပေးခဲ့တာ သူဘယ်တော့မှ မသိနိုင်တော့ဘူး ထင်ခဲ့ပေမယ့် သူဖော်ထုတ်နိုင်ဖို့ အကြောင်းဖြစ်လာရဲ့။

ပန်းစကား (ခ)
ပွင့်ချပ်တစ်လွှာရဲ့ အစွန်ဖျားမှာ အချစ်စောင့်နေတယ်။
ဝီလျံ ကာလို့စ် ဝီလျံစ်

* * *

နောက်တစ်နေ့နံနက်စောစောမှာ သူဖုန်းဆက်ကာ လာတွေ့မယ်လို့ ဆိုတဲ့အခါ ညနေကျမှ ကျောင်းမှာ တွေ့မယ် ပြောလည်း လက်မခံဘဲ တိုက်ခန်းရှေ့ကို သူရောက်လာခဲ့ပါတယ်။ကျွန်မကပဲ  ပျော့ညံ့လွန်းတာလား။ သူကပဲ တော်လွန်းတာလား။ ငိုလည်းငိုထား ညလည်း အိပ်မထားရလို့ ခေါင်းကိုက်နေသူ ကျွန်မရဲ့ စိတ်ရောကိုယ်သာမက အနာဂါတ်ပါ လန်းဆန်းကြည်လင်စေအောင် သူစွမ်းဆောင်နိုင်ခဲ့တာ။

အိမ်ထဲ အလည်ခေါ်ပေမယ့် မလာဘဲ အိမ်ရှေ့ လူသွားလမ်းမှာပဲ ရပ်ကာ လက်တစ်ဖက်ကို နောက်ပစ်လျက် အရှက်သည်းနေဟန် မျက်နှာရဲရဲနဲ့ နှင်းဆီပန်းတစ်စည်း ကျွန်မကို လှမ်းပေးပါတယ်။ ကျွန်မ မယူဘဲ အင်တင်တင်ကြည့်နေမိတော့ သူက “ပန်းက ဆယ့်ငါးပွင့် ။ ဘာသာဗေဒက ငါအရမ်းကို ဝမ်းနည်းပါတယ်တဲ့ ” လို့ အသံလေး တိုးရှရှနဲ့ ဆိုတာမို့ အားနာနာနဲ့ လှမ်းယူခိုက် သူက “ တောင်းပန်ပါတယ် ငါ့ကို ခွင့်လွှတ်ပါ” တဲ့ ။

မလိုပါဘူး။စေတနာဆိုတာ အလျော်အစားမလိုဘူးပဲ။သူ့ကို အပြစ်လို မူလကပင် မမြင်ခဲ့သူမို့ “ကိစ္စမရှိပါဘူး” လို့သာ ပြေရာပြေကြောင်းပြောခဲ့တာကို သူ့ဖက်က ကျွန်မ မကျေအေးနိုင်ဘူးလို့ ယူဆသွားခဲ့လေသလား။အလုပ်ထဲရောက်ပြီး သိပ်မကြာခင် ဧည့်ကြိုကောင်တာက လာခဲ့ပါလို့ ခေါ်တော့ ဘာပါလိမ့် ဆိုပြီး ရောက်သွားတော့ ပန်းတစ်စည်းက စောင့်ကြိုနေခဲ့တယ်လေ။ ဆယ့်တစ်ပွင့်ရှိတဲ့ နှင်းဆီစည်းလေးမှာ အတူယှဉ်တွဲထားတဲ့ ကဒ်ပြားလေးမှာ သူ့လက်ရေးလေးနဲ့ “ ဒီပန်းစည်းရဲ့ ဘာသာစကားကတော့ မင်းဟာ ငါတန်ဖိုးထားရသူပါတဲ့ ” တဲ့။

ဝမ်းသာလိုက်တာ။ ကြည်နူးအဟုန်နဲ့ ညနေမှာ သူနဲ့ဆုံတော့ ပြုံးလို့မဆုံးနိုင်အောင်ရှိဆဲ သူက မျက်နှာတည်တည်နဲ့ “ ဒီလောက် ပျော်မနေသင့်ဘူး”ဆိုတော့ ရှက်စိတ်နဲ့ ကြေကွဲသွားခိုက် သူက ဖွက်ယူလာတဲ့ နှင်းဆီကိုးပွင့်ပါ ပန်းစည်းလေး ပေးကာ ပန်းစည်းရဲ့ ဆိုလိုရင်းဖြစ်တဲ့ “ ငါတို့ အသက်ရှင်သရွေ့ အတူတကွရှင်သန်မယ်”လို့ ပြောလေတာ။ စကားတစ်ခွန်းဟာ လူတစ်ယောက်ကို သေစေနိုင်သလို ရှင်သန်ထမြောက်အောင်လည်း  လုပ်စွမ်းနိုင်တယ်ဆိုတာ ကျွန်မ လက်ခံလိုက်ရပြီ။ နားလည်ပေးပါလေ။ ပန်းကလေးတွေကျေးဇူးနဲ့ သေရာပါပျော်ရွှင်မှုတွေ ပွေ့ပိုက်ဖူးတယ်လို့ ဆိုရင် ကျွန်မ မလွန်နိုင်ပါဘူးနော်။ တကိုယ်လုံး ပူနွေးသွားတာ တိမ်တွေပေါ် လမ်းလျှောက်နေရသလိုလို။

တစ်နေ့တည်းမှာ သူ့ဆီက ပန်းသုံးစည်းရတာမို့ ကြည်နူးလွန်းလို့ ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မိလေပြီ။ သူ့ကလည်း စိတ်ပျော်ရွှင်ချမ်းသာပုံနဲ့ ပြုံးကြည်လို့။ ဒါပေမယ့် ခုလို နေခြည်ဖြာရွှန်းလဲ့ကာ စိတ်ချင်းညီနေကြတာကို ကြည့်လို့ ကျွန်မတို့ နှစ်ဦးအသွင်တူခဲ့ကြပြီ မထင်စေချင်ပါဘူး။ “စိတ်ပုတ်လိုက်တာ။ အဆိုးမြင်လိုက်တာ။ တစ်ကိုယ်ကောင်းဆန်လိုက်တာ။ ဘဝင်မြင့်လိုက်တာ” လို့ ကျွန်မက သူ့အပေါ် နှုတ်ထွက်ပွင့်လင်းသလို သူကလည်း “ စိတ်ကူးသိပ်ယဉ်တယ်။ မရင့်ကျက်ဘူး။အရှုံးပေးလွယ်တယ်။သိပ်စိတ်ပျော့တယ် ” လို့ ကျွန်မကို အားမနာတမ်းဆိုနေဆဲ။

ဒါပေမယ့် တစ်ယောက်အရိပ်ပျောက်ရင် တစ်ယောက်က အသက်ရှုမဝသလို ခံစားရပုံမျိုးနဲ့ ခြေလှမ်းတွေထပ်တူကျအောင် ကြိုးစားနေမိဆဲမှာပင် မျက်ဝန်းချင်းဆုံမိရင် နှစ်ဦးလုံး ခြေလှမ်းရုပ်မိမြဲ။ ဘာဖြစ်လို့ပါလိမ့်။ သူ့ဇာတ်လမ်းလေးလည်း ရှင်းသွားပြီမို့ ကျွန်မတို့နှစ်ဦးကြားဘာတံခါးမှ မရှိသလို မမြင်ရတဲ့ စည်းတွေလည်း ခြားမနေပေမယ့် ဆက်လက်ဝေးနေကြဆဲဖြစ်ပါတယ်။

ပန်းစကား (ဂ)
အချစ်ဆိုတာ ကျွန်မ မထိတွေ့ဖြစ်လိမ့်မယ့် ပန်းလှလှလေးနဲ့ တူပါတယ်။
ဒါပေမယ့် သူ့ရဲ့မွေးကြိုင်သင်းပျံ့မှုက သာယာကြည်နူးဖွယ်ရာ ပန်းဥယျာဉ်နေရာလေးတစ်ခုလေးအတိုင်း ဖြစ်စေပါတယ်။
ဟယ်လ်လင် ကဲလား 

* * *

“နင့်တို့ ချစ်နေကြတာ သေချာတယ် ဘာလို့ ရှေ့မတိုးကြတာလဲ ” မေးလာတိုင်း သူပေးခဲ့ပန်းတွေပြန်မြင်ကာ ကျွန်မ ပြုံးလို့သာနေဖြစ်ပါတယ်။  ဘာကြောင့်လဲဆိုရင် ကျွန်မ မဖွင့်ဆိုတတ်ပါ။ ပတ်ဝန်းကျင်ကလည်း ကျွန်မတို့ကို နားမလည်ကြပါ။
သူကကော။ သူက… “ မင်းက ငါ့ရဲ့ soulmate ” လို့ တရားဝင်ဆိုလေရဲ့။ ကျွန်မတို့ အကြိုက်တွေ ဘယ်လိုပင်ကွဲပြားပါစေ အတွေးတွေ ထပ်တူညီကြတာ။ ညှိစရာမလိုအောင် နှစ်ဦးစလုံး နားလည်ပြီးသား ဖြစ်နေတာတွေကြောင့်လား။ စိတ်တူညီအဖော်ဆိုတာ ဖြူစင်တဲ့သူငယ်ချင်းကြားတွင်လဲ ရှိတယ်ဆိုတာ  သူရော ကျွန်မပါ နားလည်ထားကြတယ်လို့  တစိမ်းသူတွေကိုဖွင့်ဟမိရင်တော့ အဟားခံရလေပြန်တာ။ ကျွန်မ ရှင်းလင်းဖို့မကြိုးစားတော့ပါ။

ကျွန်မ အငိုခက်လောက်အောင် စကားတတ်တဲ့သူကတော့ “ တစ်ချို့ပန်းတွေဟာ ပင်မြင့်မှာ  ထားမှသာ လောကအလယ် တင့်တယ်ပြီး သက်တန်းရှည်ကြတယ်” တဲ့လေ။  ရူးလိုက်တာလို့ စကားတင်းဆိုကြလည်း လျစ်လျူရှုနေချင်တော့။ သူဘယ်သူလဲဆိုတာ  ကျွန်မကလွဲပြီး ဘယ်သူမှ မပြောနိုင်။ ပန်းချစ်သူတွေကို ကြည့်မရဟု ပြောဖူးခဲ့တဲ့သူက “မင်းဟာ ငါ့ရဲ့တစ်ဦးတည်းသာ” လို့ ဆိုလို့တဲ့ နှင်းဆီ ၁၀၁ ပွင့်ကို လူဘုံအလယ် ဆောင်ကြဉ်းလာခဲ့စဉ်တည်းက ကျွန်မရဲ့အမြင်တွေ ချိုမြခဲ့ပြီလေ။

လူတွေက ကျွန်မကို အမှန်ကို မမြင်နိုင်တော့ဘူးလို့  ဆိုကြလည်း တကယ်တော့ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ ရှိခဲ့တာ ဖြစ်ရဲ့။ ကျွန်မရဲ့ ထိုမွေးနေ့လေးက စလို့ပေါ့။ ပန်းပွင့်ချပ်တွေကို တစ်လွှာချင်း  ထိတွေ့ကာ ကျွန်မ အသစ်မွေးဖွားလာခဲ့လေပြီ။ ရင်နဲ့ရင်းပြီး ပထမဆုံး နားလည်ခဲ့တာက ကျွန်မ ရှင်သန်တတ်ခဲ့လေပြီ ။ ထိုစဉ်ကစလို့ ဘေးဘီငဲ့ကြည့် နောက်ဆုတ်စဉ်းစားစရာမလိုတဲ့ ယုံကြည်မှုတွေ ပွေ့ပိုက်ကာ အချစ်တစ်ခုကို သိမြင်ခဲ့တာ။ အနီးဝန်းကျင်က လူသူတွေထင်ကြသလို ကျွန်မ အမိုက်မဲဆုံးဆိုတာလည်း ဖြစ်ချင် ဖြစ်လိမ့်။ ကျွန်မ ဘယ်သူလဲဆိုတာလည်း သူက လွဲပြီး ဘယ်သူမှ  နားမလည်နိုင်။ “တစ်ချို့ပန်းတွေကို တန်ဖိုးထားမြတ်နိုးလွန်းလို့ ထိနမ်းမဝံ့အောင် ဖြစ်တတ်ပါတယ်” လို့  သူဆိုတဲ့အခါ သူနဲ့ သဘောညီဖို့ ကြိုးစားပါဦးမယ်။

သူ အပ်နှံထားတဲ့ ချည်နှောင်မှုကို သိမ်းဆည်းထားပါဦးမယ်။ သူဖွင့်ပြခဲ့တဲ့  ကြယ်ကြွေကောင်းကင်ရဲ့ အလှကို ကျွန်မ မြင်အောင်ကြည့်ပါဦးမယ်။ မလဲပြိုမကျိုးပဲ့နိုင်တဲ့ ချစ်ခြင်းနဲ့  သူပေးတဲ့ အဖြူရောင်ပန်းလေးတွေကို ကျွန်မ မြတ်နိုးပူဇော်ပါဦးမယ်။

သူစိတ်ချမ်းသာတယ် မဟုတ်လားကွယ်။ ချစ်သူများနေ့မှာ သူ့ဆီက နှင်းဆီနီနီမရတဲ့အခါမှာ ကျွန်မ မျက်နှာမညိုပါဘူး တကယ်။  ချစ်သူကြင်ဖက်ချင်းသာ မဆိုလို နှလုံးသားနဲ့ တွေ့ထိမိတဲ့ မိဘဆွေမျိုးသူငယ်ချင်းတွေကိုလည်း ဘယ်လောက် တန်ဖိုးထားကြောင်း ရင်ဖွင့်ပြနိုင်တဲ့ ချစ်သူများနေ့မှာ သူ့ဆီက အဖြူရောင်ပန်းလေး  တစ်ပွင့်တစ်လေကို ကျွန်မ ကြိုလင့်ပါဦးမယ်။.........။

မယ့်ကိုး
၂၀၁၀ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် idea magazine

စာရေးဆရာ မောင်မောင်သိန်းလှိုင်ရဲ့ စာအုပ်ထွက်ရှိမည်။




စာရေးဆရာ မောင်မောင်သိန်းလှိုင်ရဲ့ “ တစ်စစီပြန်ကောက်ခဲ့ရသော ထွေးမရ၊ မြိုမရသည့် နုလုံးသားအပိုင်းအစများ “ စာအုပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ

မျိုးဆက်သစ်စာပေ ဖုန်းနံပါတ် ၀၉ ၄၂၀၀ ၈၃၆၈၈ ကနေဖြန့်ချီသွားမှာဖြစ်ပါသည်။

စာရေးအလွန်ကျဲပြီး တစ်နှစ်နေမှ တစ်အုပ်ထွက်ခဲလှတဲ့ သူ့စာအုပ်တွေကို ထုံးစံအတိုင်း စာပေ၊ ဂီတ၊ရုပ်ရှင်၊ သတင်းဂျာနယ်နှင့် အနုပညာအလွှာအသီးသီးက မည်သူ့ကိုမဆို

လက်ဆောင်အလှူပေးဝေသွားမှာဖြစ်ပြီး  စာရေးဆရာဟိန်းလတ်( ပေါ်ပြုလာဂျာနယ်) ထံသို့ဆက်သွယ်၍ ထုတ်ယူနိုင်ကြောင်း လည်း သိရှိရပါသည်။

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More