Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်း ပြန်လည်စတင်



ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းဆိုဒ်အား ပြုပြင်ရန်အတွက် ခေတ္တရပ်ဆိုင်းထားခဲ့ရာမှ စက်တင်ဘာလ၂ ရက် (စနေ) နေ့မှစတင်၍ ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။


၂၀၁၁ခုနှစ် ၊စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်အဖြစ်လုပ်ဆောင်ခဲ့ပြီး တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်မှ ရွှေဒေါင်းတောင် အွန်လိုင်း မဂ္ဂဇင်းအဖြစ် ပြောင်းလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဆိုဒ်ပြန်လည်စတင်လည်ပတ်နေသော်လည်း ယခင်ပို့စ်အဟောင်းများ နေရာမကျသေးခြင်းကြောင့် စာဖတ်သူများအတွက် စိတ်တစ်စုံတစ်ရာအနှောင့်အယှက်ဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးကြစေလိုပါတယ်။

ပို့စ်အဟောင်းများ နေရာပြန်ချရင်း ပို့စ်အသစ်များကိုလည်း တင်သွားပေးသွားမည်ဖြစ်ကြောင်းနှင့် ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းအား စာမူများရေးသားပေးပို့၍ ကူညီပေးခဲ့ကြသော စာရေးဆရာများနှင့် အစဉ်အဆက်မပြတ် လူအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် အားပေးကူညီခဲ့ကြသူ ညီအကိုမောင်နှမများ အားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်း

ရွှေဒေါင်းတောင်၏ နှစ်ဦးဆုမွန်



၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်ကို လွှင့်တင်ခဲ့ကြပါတယ်..။ပြည်ပရောက် စာပေမြတ်နိုးသူများနှင့် ပူးပေါင်းလက်တွဲရင်း ဆက်လက် ရွက်လွှင့် ချီတက်နေလျှက်ပါ..။
မိမိတို့ အွန်လိုင်း စာမျက်နှာမှာ ၂၀၀၇ ခုနှစ် နောက်ပိုင်း အားကောင်း မောင်းသန်ဖြစ်လာသော မြန်မာ့ဘလောဂ် စာမျက်နှာများ၌ စာရေးခြင်းကိုခုံမင် တပ်မက်သည့် ဘလောဂ္ဂါများ၏ စာများ၊ပြည်တွင်း စာပေလောကမှ စာရေးဆရာများ၏ စာပေများကို လေ့လာ ဖတ်ရှု့စရာ နေရာတစ်ခုအဖြစ် ရှိနေစေခြင်းငှာ ရပ်တည်ခဲ့ကြတာပါ။
အွန်လိုင်း စာပန်းခင်း တစ်ခုအဖြစ် ဆင့်ပွားထားခြင်းမျိုးသာဖြစ်ပါတယ်..။ ဥတုရာသီ ချိန်ခါ မညီသော၊ နေရပ်ဋ္ဌာနေ မတူကွဲပြားသည့် စာပေ ချစ်သူများဖြင့် ရသစုံ စီစဉ်တင်ဆက်ခြင်း ဖြစ်ပါ၍ အမှားအယွင်းများ ပါရှိခဲ့သည့် အခါများလည်း ရှိခဲ့မှာပါ။ ထိုအရာမျိုး ရှိခဲ့ခြင်းကိုလည်း စာဖတ်သူတို့ နားလည် ပေးနိုင်မည်ဟု ထင်မြင်မိပါသည်။ မိခင်ဘာသာမြန်မာစာပေ၏ ကဏ္ဍများစွာထဲသို့ အပိုင်းအစလေး တစ်ခုအဖြစ်မြူတစ်မှုံ နှမ်းတစ်စေ့ စာလေးမျှ ကွက်လပ် ဖြည့်စွက်ကာ ပါဝင်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။
ရွှေဒေါင်းတောင်၏ စာဖတ် ပရိတ်သတ်များ၊ ဝိုင်းဝန်းကူညီ ကြသည့်ပြည်တွင်းပြည်ပမှ စာရေးဆရာများ၊ ဘလောဂါများ၊ သတင်းဂျာနယ်လစ်များ၊ ဒီဇိုင်းနာများ၊ ကိုးကားခွင်ပြုသည့် မူပိုင်ရှင်များအား ကျေးဇူး အထူးတင်ရှိပါတယ်.။
ဤနှစ်သစ်ကူး မင်္ဂလာရှိသော အခါသမယ၌ အမိမြန်မာပြည်နှင့်အတူ ကမ္ဘာ အရပ်ရပ်မှ မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးဘယာ ဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကာ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံနိုင်စေကြောင်း ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်မှ နှစ်ဦး ဆုမွန်အဖြစ် တောင်းဆုမေတ္တာ ပို့သလိုက်ပါတယ်..။


ရွှေဒေါင်းတောင် ဝိုင်းတော်သူ ဝိုင်းတော်သားများ

သက်တံ့များ၌ ပျော်ဝင်ခြင်း


ရေးသားသူ ရွှေအိမ်စည်
သရုပ်ဖော်ပုံ အိမ်ချမ်းမြေ့
“သက်တံ့ဆယ်စင်း”
လက်ဝယ်ရောက်မလာခင်ကတည်း အွန်လိုင်းမှကြေညာထားမှုကိုမြင်ခဲ့ပြီး ကြည်နူးပီတိဖြစ်နေခဲ့ရပြီး ဖြစ်သည်။ ဒီအထဲက နာမည် နှစ်ခု၊ သုံးခုလောက်သာ ကျွန်မရင်းနှီး ကျွမ်းဝင်ခဲ့သည်ဖြစ်ပြီး ကျန် အမည်နာမများကတော့ နာမည်ရဘလော့ဂ်ဂါများ အဖြစ်သာ သိရှိရုံ သိရှိထားခဲ့သည်သာ...။ ကျွန်မသည် အပြင်စည်းမှ သာမာန်လူတစ်ယောက်သာ   ဖြစ်ပါသည်။ အွန်လိုင်းတွင် အသိမိတ်ဆွေ မများလှသော ကျွန်မအတွက် သူတို့အများစုသည် သူစိမ်းပြင်ပြင်။ သို့သော် ကျွန်မ ၀မ်းသာသည်၊ ကြည်နူးပီတိဖြစ်သည်၊ အားကျဂုဏ်ယူသည်။ ဒါသည်ပင် စာပေကို အရင်းတည်သော ချစ်ခြင်းမေတ္တာဖြစ်လေသည်လား။ ထိုစာအုပ်ကလေးကတော့ စာမေးပွဲဖြေဆိုနေသည့် ရက်များအတွင်းတွင်ပင် ကျွန်မထံသို့ လက်ဝယ်ရောက်ရှိလာခဲ့လေပြီ။
မာတိကာကို ကြည့်လေ့မရှိသော၊ ကျေးဇူးတင်စကား၊ အမှာစာတို့ကို နောက်ဆုံးမှဖတ်လေ့ရှိသော ကျွန်မ...အဖွင့်ဝတ္တုတိုတစ်ပုဒ်ဖြစ်သည့် “ကတ်ကြေးတစ်ကိုက်” မှာ လွင့်ကနဲဖြစ်သွားရသည်။ “ညီလင်းသစ်” တဲ့...ဒါ ကျွန်မ အွန်လိုင်း စသုံးကာစမှာ ကြားဖူးခဲ့ရသည့် နာမည်..။ သို့သော် ကျွန်မ သူ့ကို မသိပါ။ သူ့ရဲ့ အရေးအသားတွေတွင် ရိုးရှင်းမှုနှင့် အတူ စကားလုံးကျစ်လျစ်မှုတွေ မြင်တွေ့ရ သည့်အခါ ကျွန်မ တအံ့တသြ။ ကျွန်မတို့ မဂ္ဂဇင်းလောကတွင် ရသစာပေများကို အာသာငမ်းငမ်း လိုက်လံ ရှာဖွေနေရချိန်တွင် အွန်လိုင်းစာပေလောကမှာ ဒီလို ၀တ္တုတိုရေးလက်တွေ ဘယ်လောက် တောင် ရှိနေကြပါလိမ့်။ ညီလင်းသစ် ရေးသွားတာ စ လယ် ဆုံး သေသေသပ်သပ်။ ကျွန်မ တို့ ဆရာ့ ဆရာကြီါ်များ မကြာခဏ ကျူးရင့်ကြသလို Target တစ်ခုကို ရောက်အောင်ရေးသွားနိုင်သည့် ၀တ္တု တစ်ပုဒ်ပင်။
“ကြမ်းပြင်ပေါ် တစွန်းတစကျနသည့် တစ်ဖက်ခန်းမှ မီးရောင်ဖြင့် သားရဲ့ မျက်နှာလေးကို သူတွေ့နေ ရသည်။ သူ့လက်ပေါ်မှာ အပူအပင်ကင်းမဲ့စွာဖြင့် အိပ်ပျော်နေသော မျက်နှာ ကလေး...။ စောစော တုန်းကတော့ ဗိုက်ဆာနေ၍ထင့်၊ မျက်နှာတွေ နီရဲလာအောင် တ၀ါးဝါးအော်ငိုနေခဲ့သေးသည်။”
အချိန်ကာလ၊ တည်နေရာ၊ ပတ်ဝန်းကျင်အခြေအနေ၊ ချစ်ခြင်းမေတ္တာတရားတို့ကို သူသည် စာကြောင်း သုံး လေးကြောင်းနှင့် ရက်ဖောက်နိုင်ခဲ့သည်။ သူ့ သားကလေးနိုး သွားမှာ စိုးသည့်အလား ကျွန်မပင် အသက်ရှုသံခပ်တိုးတိုးနှင့် စာရွက်ကို ဖွဖွလှန်လို့.....။ ရှေးရိုးဆန်သည်ပြောချင်ပြော... မော်ဒန်တွေ၊ နိမိတ်တွေ၊ နားမလည်အောင် ၀ှက်ရေးမှုတွေထက် ဒီလို ရိုးရှင်းသည့် အရေးအသားမျိုး ကို ကျွန်မ နှစ်သက်လှပါသည်။
ဖခင်တစ်ယောက်၏ သူ့သားကလေးအပေါ် ထားသည့်မေတ္တာ၊ သားကလေးရရှိချိန်တွင် ခံစားရသည့် နူးညံ့မှု၊ တုန်လှုပ်မှု၏ ၀မ်းသာမှုတို့အား သူ ဖော်ကျူးနိုင်ခဲ့သည်။ သားချက်ကြိုးကို ကတ်ကြေးဖြင့် ကိုက်စဉ်ခံစားမှု၊ ချက်ကြိုးပြတ်တောက်သွားစဉ် အရောင်စုံသွားသည့် ခံစားမှု၊ သားကလေး ရောက်ရှိ လာခြင်း အပေါ် ၀မ်းမြောက် ၀မ်းသာကြိုဆိုသော၊ သား အတွက် မားမာမတ်မတ် ရပ်တည်ပေး လိုသော၊ မိဘတာဝန် အပြည့်ထမ်းဆောင်ဖို့ တက်ကြွနေသော ဖခင်တစ်ယောက်၏ နှလုံးရိုက်ခတ် သံများ.....။ ၀တ္တုတို တစ်ပုဒ်လေးအတွင်းမှာပင် ပစ္စက္ခအခြေအနေ၊ အတိတ်၊ အနာဂတ် အလုံးစုံကို ရက်ဖောက်ရေးသွားနိုင်ခဲ့သည်။
“သေချာသည်ကတော့ ချစ်ခြင်းမေတ္တာဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်”
ဝတ္တုကို အဆုံးသတ် ဖတ်ပြီးချိန်၌ ကျွန်မ အကြိုက်ဆုံး စာကြောင်းပင် ဖြစ်သည်။ ဒီတစ်ကြောင်း တည်းနှင့်ပင် ကျွန်မမျက်ဝန်းများခေတ္တမှေးမှိတ်ကာ သားကလေးနှင့် သူ့ ဖခင်လူငယ်ကလေးကိုမြင်ယောင်လာမိသည်အထိ “ကတ်ကြေးတစ်ကိုက်” က ဆွဲဆောင်နိုင်ခဲ့ပါသည်။ ညီလင်းသစ် စိုက်ပျိုး ခဲ့သော သစ်ပင်ပေါက်ကလေးကို ကျွန်မမြင်နေရသည်လား..။ သူ့ “ကတ်ကြေးတစ်ကိုက်”က လှပ လွန်းလှသည်။
မယ်ကိုး ၏ “ဖြူတစ်ကောင်ရဲ့ဖြောင့်ချက်” ကတော့ ရသစာတမ်းဆန်ဆန်ပင်။ မိန်းမငယ် တစ် ယောက်ရဲ့ ခံပြင်းနာကျင်မှု၊ သိမ်ငယ်ရှက်ရွံ့မှု၊ တမြေ့မြေ့လောင်မြိုက်မှုတွေကို ဖတ်ရင်း ဖတ်ရင်း မှ တစစ မြင်လာသလို...။ “သူမ ဘယ်သူလဲ...သူ ဘယ်သူလဲ.....ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ??? ” စသဖြင့် ဖွင့်ဆိုရှင်းပြ တန်ဆာဆင်ထားစရာ မလိုပဲနှင့် မိန်းမငယ်တစ်ဦး၏ စိတ်တွင်း အဇ္ဈတ္တခံစားမှု ရှုထောင့်မှ တရိပ်ရိပ်ရေးပြ သွားခြင်းမျိုး ဖြစ်သည်။
“အမျက်မိုးကြိုး၊ ထစ်ချုန်း အမုန်း နဲ့ ဒေါသလျှပ်စစ်တွေရယ်။ စာနာပါ။”
ဒီလို အရေးအဖွဲ့လေးများကို ဖတ်ပြီး ကျွန်မ ပြုံးမိတော့မလို။ မယ်ကိုး စကားလုံးတွေ သုံးသွားတာ လှသလို စာကြောင်းတွေကလဲ ချောမွေ့ပြေပြစ်လှပါသည်။ ခပ်တိုတို သူ့စာတမ်းကလေးက ခံစားမှု အရှိန်အဟုန်ကို ပေါ်လွင်အောင် ရေးသားသွားခဲ့သည်။
နောက် တစ်ပုဒ် ဖြစ်သည့် သတိုး ၏ “သစ္စာအထားအသို” ကို ဖတ်မိချိန်မှာ နောက်ထပ်  ၀တ္တုတို ရေးလက်ကောင်းသူ တစ်ဦးကို ထပ်မံမြင်တွေ့ရပါသည်။ သတိုး ဟူသည့် နာမည်ကိုတော့ ကျွန်မ သိနှင့်နေသလို။ မဂ္ဂဇင်းစာမျက်နှာထက်မှာ ရံဖန်ရံခါ တွေ့ဖူးသည်ထင်ပါသည်။
အခန်းအကူးအပြောင်း၊ ဇတ်ကြောင်း အချိတ်အဆက်၊ မြိုင့်ဘ၀၊ မြိုင့်စိတ်ဓာတ်၊ မြိုင့်ရဲ့ တာဝန်ယူလိုမှု၊ ကိုသွင် ရဲ့ ယိမ်းယိုင်လွယ်သော၊ မခိုင်ကျည်သော စိတ်ဓာတ်တို့ကို အထင်းသားပေါ်လွင်အောင် ရေးဖွဲ့ထားသည်။ လောကဓံကြမ်းကြမ်းကို တစ်ယောက်တည်း ရင်ဆိုင်အံတု ဖြေရှင်းနေသော မြိုင်။ ကိုသွင့် ထံမှာ အကူအညီတေင်းတာ မနှစ်မြို့လှပေမယ့် မြိုင့် အတွက် တခြားနည်းလမ်းလည်း ကူစဉ်းစားမပေးတတ်။ မိဘ လက်ငုတ်လက်ရင်းကို ကျားကုတ်ကျားခဲ ဆက်လက်ရှင်သန်စေလိုသောမြိုင်။မြိုင်နှင့်ကိုသွင် ချိန်းဆိုသောနေ့တွင်မှု ဘယ်လိုဖြစ်တော့မည်ဆိုတာ ကျွန်မ ရိပ်စားစပြုလာသည်။ ကိုသွင့်ထံက အကူအညီမတောင်းနဲ့လေ မြိုင် ရဲ့.....စိတ်တွင်းမှ အကြိမ်ကြိမ် သတိပေးရင်းကပင် မြိုင် ကိုသွင့်ကို ရင်ဖွင့်လိုက်သောအခါ ကျွန်မ နှမြောတသ....။
“ကိုယ့် အတွက် ကိုယ်ထက် သူများပေးစရာ မရှိတာက ရှက်စရာပိုကောင်းတယ် ကိုသွင် ရဲ့။ လျစ်လျူရှုလို့လည်း မရဘူးလေ။ အို...ကိုသွင်...”
ဒီအခန်းအဆုံးသတ်မှာ သက်ပြင်းတစ်ခုကို ခပ်သဲ့သဲ့ ချလိုက်မိသည်။မြိုင်ရယ်.......။ ကျွန်မ မလိုချင် သော အဆုံးသတ်ကို မြိုင်က ဖန်တီးခဲ့ပြီ။
“မြိုင့် လက်ထဲက အတန်အသင့်လေးနစ်သော ငွေထုတ်ကိုမြင်လျှင် လတ်တလော အခိုက်အတန့် တော့ မေမေ ပျော်ရွှင်သွားမည် ထင်ပါသည်။ ဒါပေမယ့်မြိုင်သိချင်တာက ထိုအပျော်တွေဟာ ဘယ် လောက်ကြာရှည် တည်တံ့နိုင်မလဲဆိုတာ...။”
မြိုင် သိချင်သလို ကျွန်မ လည်း သိချင်လှပါသည်။ ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ဘူး မြိုင်။ မြိုင့် လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရဲ့လား။ နောက် တစ်ရာသီမှာ အဆင်ပြေပြေ လည်ပတ်သွားနိုင်ပါ့မလား။ ကိုသွင့်ရဲ့ ကျေးဇူးတရားတွေကော မြိုင် ဘယ်လိုဖြေရှင်းမှာပါလိမ့်..။ တကယ့်လက်တွေ့ဘ၀ထဲတွင် သစ္စာအထားအသိုတွေ မှန်ကန်မိစေဖို့ ကျွန်မ တို့ မိန်းမသားတွေ ကြိုးစားကြရမည်သာ။ သတိုး၏ “သစ္စာအထားအသို” က ကျွန်မကို ပင့်သက်တွေ၊ ရင်မောစရာတွေ၊ အားမလိုအားမရဖြစ်စေမှုတွေနှင့် ထားရစ်ခဲ့ပါသည်။ သတိုး ၀တ္တုတို အရေးကောင်းလှသည်။
မြသွေးနီ ကတော့ လူချင်းခင်မင် မရင်းနှီးသော်လည်း ကလောင်နာမည်ကိ သိကျွမ်း နှင့်ပြီးသည့် သူ တစ်ယောက်ဖြစ်သည်။ ကျွန်မ ဘက်မှ ဆိုပါတော့လေ..။ မဂ္ဂဇင်းစာမျက်နှာထက်မှာ တွေ့ဖြစ်သလို Teen Magazine နှင့် ပတ်သတ်၍လည်း သိနှင့်နေခဲ့ပြီး ဖြစ်သည်။ မြသွေးနီ၏ ရေးလက်ကို ကျွန်မ ကြိုက်နှစ်သက်ခဲ့ပြီးသားပင်..။
“သံသယ ကန့်လန့်ကာ” ကို ဖတ်ရှုရပါသည်။ ကွင်းစိမ်းတစ်ခုကို ရေးဖွဲ့ထားပါသည်။ ရေကူးကန်ကို လာရောက်ကြသူများနှင့် ရေကူးကန်မှ ၀န်ထမ်းမိန်းမငယ် နှစ်ယောက်၏ စိတ်နေစိတ်ထား၊ လုပ်ငန်း ဆောင်တာတွေကို စိတ်ဝင်စားဖွယ် ရေးပြသွားသည်။ ဇာတ်လမ်းရဲ့အဖွင့်အပိတ်၊ ဇာတ်ရှိန် အမြင့်အတက်ကို စာဖတ်သူစိတ်ဝင်စား သိချင်လာအောင် လှလှပပရေးဖွဲ့သွားပါသည်။ အကြောင်းအရာက သာမာန်ပင်...ထူးထွေဆန်းပြားမပါ။ သို့သော် လူ ဟူသည့် မာယာမျိုးစုံကို မြင် လိုက်ရသလိုရှိသည်။ “မမ” လို လူစားမျိုးတွေ တကယ့်ကို ကျွန်မတို့ လက်တွေ့ပတ်ဝန်းကျင်မှာ ရှိပါသည်။ အဆုံးမှ မြှပ်ကွက်ကို ဖော်လိုက်သော “သံသယကန့်လန့်ကာ” သည် လှပသေသပ်သော ၀တ္တုလေးတစ်ပုဒ်ပင်။
ဏီလင်းညို၏ “နိဂုံးမဲ့ တေးသွား” ကို ဆက်လက်ဖတ်ရှုရပါသည်။ ထူးထွေအကြောင်းအရာ မဟုတ်သော်လည်း တစ်ညနေခင်းတစ်ခုကိုပင် အခြေပြုပြီး ချစ်သူနှစ်ဦး၏ ပိုင်စိုးလိုမှု၊ ချစ်ခြင်းမေတ္တာ တရား၊ ၀န်တိုမှု၊ ခွင့်လွှတ်နားလည်ခြင်းတွေကို တသိမ့်သိမ့်မြင်လာစေပါသည်။ အတက်အကြွ သိပ်မရှိ လှသော်လည်း ပြေပြစ်သော အရေးအသား၊ အခန်းအကူးအပြောင်း သေသပ်မှုလေးတွေက စာဖတ် သူကို အဆုံးထိ ဆွဲဆောင်နိုင်ခဲ့ပါသည်။
ခင်လေးငယ် ၏ “သက်ငြိမ်၌ စီးမျောခြင်း” က ခေါင်းစဉ်နှင့် ဟပ်မိနေသော ကဗျာဆန်လှသည့် အက်ဆေးတစ်ပုဒ်ပင်။ နူးညံ့သိမ်မွေ့ခြင်းတွေနှင့် ဖွဲ့တည်ထားသည့် ချစ်သူနှစ်ဦး၏ လှပသော ချစ်ခြင်း မေတ္တာ၊ အဇ္ဈတ္တ၏ ရိုးတွင်းအထိ တိတ်ဆိတ်ငြိမ်သက်မှုတွေကို ရေးဖွဲ့ထားသည်။ စိတ်အလျဉ် သိမ်မွေ့ လှသည့် ကဗျာတစ်ပုဒ်နှယ့်...။ ချစ်စရာတော့ ကောင်းလှသည်။
မြစ်ကျိုးအင်း ၏ “အမေ့စိန်နားကပ်” တွင် မိခင်မေတ္တာကို လှစ်ကနဲ မြင်တွေ့လိုက်ရသည်။ သမားရိုး ကျဆန်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမည့် ရိုးရှင်းပြေပြစ်သော အရေးအသားက ဆွဲဆောင်နိုင် ခဲ့ပါသည်။
အိမ့်ချမ်းမြေ့ ၏ “ခရေရှင်” ကို ဆက်လက်ဖတ်ဖြစ်ပါသည်။ သူ သည်လည်း ကဗျာဆန်သည့် ၀တ္တုတို တစ်ပုဒ်ပင်။ ဇတ်လမ်း အကူးအပြောင်းလှပသည်။ ချစ်ခြင်းမေတ္တာနှင့် လွမ်းမောခြင်းတွေကို လှလှ ပပရေးဖွဲ့ထားသည်။ သို့သော် ဇာတ်အဖွင့်အပိတ် အနည်းငယ်တော့ ရုပ်ရှင်ဆန်ပါသည်။ လွမ်းမောခြင်း ကို စူးရှရှတော့ မရပါ။ သို့သော် လှပသေသပ်သော အရေးအသား၊ စကားလုံးနူးညံ့မှုတွေက အဆုံးထိဆွဲခေါ်သွားနိုင်ပါသည်။
“ရေလာမြောင်းပေးပြုခြင်း” “ပဲထုတ်ခြင်း” “ကြိုး ရှည်ရှည်နှင့် လှန်ထားခြင်း” စသည့် စကားလုံးများ ရှိမနေသည့် သူမ၏ အဘိဓာန်စာအုပ်အောက်မှာ လေ့ကျင့်ခန်း စာအုပ်တစ်အုပ်ရှိလေသည်။”
“ခရေ တို့ အကြိမ်ပေါင်းများစွာဝေ၍ အကြိမ်ပေါင်းများစွာ ကြွေခဲ့လေပြီ”
“စာမျက်နှာ သည် မစီးချင့်စီးချင် စီးဆင်းလာနေသော စမ်းရေတစ်စင်းနှယ် တထစ်ခြင်း ပြန်ပွင့်လာလေသည်”
အရေးအသားလေးများက ချစ်စဖွယ်။ ချစ်ခြင်းမေတ္တာ၏ လေးနက်ခိုင်ကြည်မှုကို လှစ်ကနဲ မြင်လိုက်ရပါသည်။
ရေခဲငှက် ၏ “မြင်းရိုင်း” တွင် လူငယ်တစ်ယောက်၏ အားမာန်၊မိသားစု၏ ချစ်ခြင်းမေတ္တာ၊ ဘ၀ကို ရင်ဆိုင် အံတုကျော်လွှားလိုသော စိတ်အင်အားတို့ကို မြင်တွေ့ရပါသည်။ ၀တ္တုတိုဟု ပြော၍ ရသလို ပုဂ္ဂလိကပေးစာ သဘောမျိုး ရသဆောင်းပါးလည်း ဆန်ပါသည်။
“အမေ့ အတွက် ကျွန်တော်က အမှောင်ကို ခွင့်မယ့် အလင်းတန်းလေး တစ်ခု ဖြစ်ချင်ခဲ့တာပါ အမေရယ်”
“အခက်အခဲတွေ တင်းကြမ်းပြည့်နှက်နေတဲ့တောအုပ်ကြီးထဲမှာ လွှားကနဲ ရိပ်ကနဲပြေးနှင်နေတဲ့ မြင်းရိုင်းတစ်ကောင်ရဲ့ အားမာန်မျိုးကို မဆုတ်မနစ် မွေးမြူပြီး ရှေ့ဆက်ရမယ့် ဘ၀ခရီး တစ်လျှောက်လုံး ခွန်အားအပြည့်၊ မာန်ဟုန်အပြည့် နဲ့ ဆက်လက် ခရီးနှင်သွားမှာပါ”
ဒီစာသားတွေက အဓိက ကျောရိုးဟု ထင်မြင်မိပါသည်။
မြတ်မွန် ၏ “မေတ္တာဖြင့်မိုး နှလုံးသားဖြင့်ကာ” ကို ဖတ်ရချိန်တွင် ရေမြေနေရာဒေသကို လိုက်၍ အပြောအဆို၊ ဓလေ့စရိုက် ပြောင်းလဲပုံ၊ ရေခြားမြေခြားရောက်   မြန်မာမိသားစုလေး၏ ဘ၀ အခြေအနေ၊ သားသမီး များအပေါ် လိမ္မာယဉ်ကျေးစေလိုသော၊ အနာဂတ် အတွက် အကောင်းဆုံး ကိုသာ ဖန်တီးပေးလိုသော မိခင်နှင့် ဖခင်၏ ချစ်ခြင်းမေတ္တာ ကို အထင်းသား မြင်နေရပါသည်။
“ရုပ်ဝတ္တုများ နောက်ကို လိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့”
”ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘ၀ အိမ်ကလေးတစ်လုံး အသစ်ပြန်ဆောက်ကြမည်။ ထို အိမ်ကလေးကိုတော့ မေတ္တာဖြင့် မိုး၍ နှလုံးသားနှင့် ကာရံထားမည်ဟု ကျွန်တော်တို့ ဆုံးဖြတ်ထားကြပါသည်။”
ဇာတ်ကို အရှိန်မြင့်စေဆုံး စာကြောင်းများပင်။ ကျွန်မ တို့ သားသမီးတွေကို ရုပ်ဝတ္တုပြည့်စုံစေရန် ဖန်တီးပေးရုံနှင့် မပြီးသေး ချစ်ခြင်းမေတ္တာတရားရှိဖို့၊ လိမ္မာယဉ်ကျေးမှုရှိဖို့ စိတ်နှလုံးလှပအောင်လည်း သင်ပေးဖန်တီးဖို့ လိုအပ်ကြောင်းမြတ်မွန်က အလင်းတန်းပြလိုက်ပြီ။ နိုင်ငံခြားရောက် မြန်မာ မိသားစုများသာမက၊ ပြည်တွင်းနေ မိသားစုများ အတွက်ပါ စဉ်းစားရမည့် ကိစ္စတစ်ခုကို ပြသလိုက် ပါသည်။ ၀တ္တတိုရေးသူ တစ်ယောက် အနေနှင့် မြတ်မွန် တာဝန်ကျေပါသည်။
ဝတ္တုဆယ်ပုဒ်ဖတ်ပြီးနောက်တွင် စာရေးသူ ဘလော့ဂါများ၏ ပရိုဖိုင်လေးများကို မြင်ရလေသည်။ စာရေးသူများ ၏ အတွေး၊အမြင်၊ ဖြတ်သန်းတည်ရှိရာ ဘ၀ပုံရိပ်ခပ်ပါးပါး တို့ကို ဖော်ပြထားသည်။ ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်ဒိုမိန်းများ၊ အီးမေးလ်လိပ်စာများ နှင့် စနစ်တကျ။ ကွန်ပျူတာနဲ့ အရိပ်အယောင်ပြထားသော ရုပ်ပုံလေး များကို ကြည့်ရင်း ဓာတ်ပုံလေးများတွဲရက် ဖော်ပြထားလျှင် ဘယ်လောက်ကောင်းလိုက်မလဲ ဆန္ဒဖြစ်ပေါ် မိသေးသည်။ သူတို့ ရေးသားခဲ့သည်များကို ဖတ်ရှုပြီးသွား၍လား ကျွန်မနှင့်တော့ အတန်ငယ် ရင်းနှီးလာကြ သလို..။ ရှေ့ဆက်၍ စာရွက်များကို မလှန်မိသေးဘဲ ကျွန်မအတွေးစတို့ ခပ်ပါးပါးလွင့်မြောနေသည်။ ဖတ်ခဲ့ပြီး သော ရသများနှင့် သူတို့၏ စိတ်ဝိညာဉ်များကို မရည်ရွယ်ဘဲ ဆက်စပ်ပုံဖော်မိနေသည်။ တချို့က နူးညံ့သည်။ တချို့က စူးရှသည်။ တချို့က လှပသည်။ တချို့က သိမ်မွေ့သည်။ တချို့က လျှို့ဝှက်ဆန်သည်။ ဘ၀အခြေ အနေ အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ အနုပညာချစ်စိတ်ထပ်တူညီမှုက သက်တံ့ရောင်စုံများကိုဖြစ်ပေါ်ခဲ့လေ ရော့သလား။ ရင်ထဲတွင်အမျိုးအမည်မသိသော ခံစားမှုက လှပ်ကနဲ။ ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုချင်သော အာသီသတို့က လှုပ်ရှားရုန်းကန်လာသည်။
မြတ်မွန် ၏ “မသိကိန်း၏တန်ဖိုး” ကို စတင်ဖတ်ရှုရပါသည်။ စတင်၍ ဖတ်ကာစတွင် ပထမတစ်ပုဒ်နှယ်ပင် ရေခြားမြေခြားရောက်မြန်မာမိသားစုအခက်အခဲအကြောင်း တင်ပြထား သည်ဟု ထင်မြင်မိသေးသည်။ရေမြေခြားတွင်မြန်မာမိသားစုလေးတစ်ခုအတွက် နားခိုရာအိမ်တစ်အိမ်ရရန် အခက်အခဲဖြစ်ပုံ၊ သူငယ်ချင်းဖြစ် သူ၏ အိမ်ခန်းကျဉ်းကျဉ်းလေး တွင် ခေတ္တတွဲလျက်နေထိုင်ကြရင်း အိမ်ခန်းတစ်ခန်းရရန် အပူတပြင်းရှာဖွေရပုံ တို့ကို ဖော်ပြထားသည်။ ဖတ်သူ ကျွန်မပါ သူတို့အတွက် အိမ်ခန်းလေးတစ်ခန်း အဆင်ပြေပြေ ရစေချင် လာ သည်။ သူတို့ အိမ်ခန်းလေးတစ်ခန်းရရှိသွားသော အခါမှ ကျွန်မ သက်မချကာ စိတ်သက်သာရတော့သည်။ သို့သော် ထိုနေရာတွင် ၀တ္တုက အချိုးအကွေ့တစ်ခုသို့ ရုတ်တရက် ကူးပြောင်း သွားသည်။ မိသားစုတွင်းမှာ နေမကောင်းဖြစ်မှု၊ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ ရစ်ပတ်လာသည်။ ဒါကို လမ်းဦးတိုက်ဖြစ်နေ၍လားဟု သူတို့သံသယ ရှိလာသောအခါ ကျွန်မ မျက်ခုံးပင့်မိသည်။ ဂမ္ဘီရဘက်ကိုများ ရောက်သွားတော့မှာလား။ ၀ါးပင်ပေါက်ကလေးတွေစိုက်၍ တံခါးဝတွင်မှန်ကလေးချိတ်လိုက်ကြသောအခါ သူတို့ အဆင်ပြေသွားကြ တော့ မလား ကျွန်မတွေးမိသေးသည်။ သို့သော် ၀ါးပင်လေးခမျာလည်း အစွမ်း မပြရ ရှာပါ။ ထူးမခြားနား အခြေ အနေများနှင့် ကြုံကြိုက်လာရသောအခါ သူတို့ နောက်တစ်အိမ် ပြောင်းဖြစ်ကြ ရတော့သည်။ သို့ပေမယ့် လူဆိုသည့်အမျိုးအနွယ်သည် ကိုယ် သိချင်သည်များ၊ တအုံနွေးနွေး ဖြစ်နေသည်များကို သိလိုက်ရမှဖြစ်လေရာ အဆိုပါ လမ်းဦးတိုက်အိမ်ကလေးတွင် အရင်နေသွားသော လူမျိုးခြားမိသားစုထံဆက်သွယ်ကာ မေးမြန်းကြ သည်။ ဒီနေရာမှာ လီချန်ဖြေလိုက်သော အဖြေစကားကို ကျွန်မ သဘောကျ လှသည်။
“ခင်ဗျားပြောတာမျိုး အခုမှကြားဖူးတယ်။ ကျွန်တော်တို့ အဲဒီ့မှာနေခဲ့တာနှစ်နှစ်ကျော်ကြာတယ်။နေမကောင်းတာလည်း ရှိတာပဲလေ။ အလုပ်အကိုင်ဆိုတာလည်း အဆင်မပြေတဲ့ အခါမျိုး ရှိတာပေါ့။ ကျုပ်တို့ဖြင့် နေမကောင်းဖြစ်ရင် ဆေးခန်းသွားလိုက်တာပဲ။ တစ်ဘက်ကလည်း မဖျားမနာအောင် အနေအထိုင်တော့ ဂရုစိုက်ရတာပေါ့လေ။ အလုပ်အဆင် မပြေရင်လည်း ပြေတဲ့အချိန်ပြန်ရောက်အောင် ကြိုးစားဖို့ပဲတွေးတယ်။ အခုပြောင်းဖြစ်တာကလည်း အိမ်သစ်ဝယ်ဖြစ်လို့ပြောင်းဖြစ်သွားတာ၊ အရေးကြီးတာက ကိုယ့် လုပ်ရပ်ကောင်းနေဖို့ပဲ မဟုတ်လား”
လက်တွေ့ဆန်သော သိပ္ပံနည်းလမ်းမှ အမြင်ဟုထင်မြင်ယူဆဖွယ်ရှိသော်လည်း တကယ်တော့ စိတ်စွမ်းအင်နှင့်ပါ ပတ်သတ်ဆက်နွယ်နေပါသည်။ ကျွန်မတို့မြန်မာလူမျိုးများ၏ အရိုးစွဲအယူအဆများ၊ ဥပါဒါန်များက မသိစိတ်ကိုပါ အုံ့မှိုင်းစေကာ လက်တွေ့ဘ၀နေထိုင်မှုကိုပါ ထိခိုက်ပတ်သတ်စေပါသည်။ အယူအဆမရှိသောသူများ၏ စိတ်တွင်းတွင်မူ စိတ်သည်ထိုအရာများနှင့် ပတ်သတ်၍ငြိမ်သက်ကြည်လင်နေရာ လက်တွေ့ဘ၀သို့ ပတ်သတ်လာခြင်းမရှိတော့ပါ။ လီချန်၏ နောက်ဆုံးစကားက ၀တ္တု၏ အရှိန်ကို အမြင့်ဆုံးထိ   မြှင့်တင်နိုင်ခဲ့သည်။
“ကျွန်တော့် အဖေ ပြောနေကျစကားတစ်ခွန်းရှိတယ်။ တချို့ကိစ္စတွေက မသိတာက ပိုတန်ဖိုးရှိတယ်တဲ့ ”
မြတ်မွန်ပြလိုသော ရှုထောင့်ကို ကျွန်မ လက်ကနဲမြင်လိုက်ရသည်။မသိကန်းတစ်ခု၏ တန်ဖိုးကို ကျွန်မတို့တွေ ဘယ်လောက်အတိုင်းအတာ ပမာဏအထိ မြင်နိုင်ကြမှာ ပါလိမ့်..........။
ရေခဲငှက်၏ “တိမ်နဲ့ရေးတဲ့ အိမ်”ကိုနှစ်ကြိမ်လား၊ သုံးကြိမ်လားမသိ ကျွန်မ ပြန်ပြန်လှန်လှန်ဖတ်ဖြစ်ပါသည်။ တကယ်တော့ ပထမတစ်ကြိမ်တွင် သာမာန်အလွမ်းသိပ်သည်းဆ များနေသည့် အဝေးရောက်ဝတ္တုတစ်ပုဒ်သာ ထင်မြင်မိ၍ပင်..။ နောက်တစ်ကြိမ် ဖတ်ဖြစ်သောအခါတွင်မူ ကျွန်မ ရင်ထဲလှိုက်ကနဲ...။ သူပြောချင်တာ ရိုးရိုး အလွမ်းမဟုတ်ဘူး။ သူသွားနေတဲ့ တောလမ်း၊ တောင်လမ်းတွေဟာ ရိုးရိုးခရီးမဟုတ်ဘူး။ တဂိုး၏ “ခရီတထောက်နားခြင်း” ကို စွဲလမ်းခဲ့ဖူးသော၊ ငယ်စဉ် ဖတ်စာအုပ်မှ “ခရီးသည်” ကဗျာလေးကို   နှစ်သက် ခဲ့ဖူးသော ကျွန်မ အတွက် သူဖြတ်သန်းနေသော ထင်းရှုးရနံ့တောအုပ်များ၊ကျောက်ဆောင်ကျောက်သားများ၊ နှင်းခဲပြင်ကျယ်များက ရင်ကိုထိရှစေသည်။ ကျွန်မခြေဖ၀ါးအောက်က လမ်းသည်ဘာပါလိမ့်။ ကျွန်မ ဘယ်ကိုလျှောက်လှမ်းနေပါလိမ့်...။
“ဒီတိုက်ပွဲတွေ တစ်ချိန်ချိန်တော့ ရပ်သင့်တယ်လို့ တစ်ဆက်တည်းတွေးမိတယ်။ ဘယ်အချိန်မှာ ရပ်မလဲဆိုတဲ့ ပြဿနာက တစ်ဆက်တည်းတွဲ ပါလာခဲ့တယ်။တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲရင်း တိုက်ပွဲအတွေ့အကြုံတွေ ရင့်ကျက်ပြည့်ဝလာတဲ့ စစ်သူကြီးတစ်ယောက်ပဲ ဖြစ်ချင်တယ်။ တစ်ချိန်တည်း မှာပဲ တစ်စုံတစ်ရာကို တွေးမိရင်း   ကြောင့်ကြပူပင် လာမိခဲ့တယ်။”
“ ငါ အမှန်တကယ်ပဲ ရပ်တန့်နိုင်ပါ့မလား...”
တိုက်ပွဲတွေကို ညည်းညူရင်း၊ငြူစူရင်း ကျွန်မတို့တွေ တိုက်ပွဲပျော်တွေများဖြစ်နေကြသလား။ ဘယ်သောအခါ ရပ်တန့်နိုင်မှာလဲ။ တစ်ခါတရံအောင်မြင်မှုများ၊ ချိုမြိန်မှုများက တိုက်ပွဲထံမှ သွေးစက်များ၊ နာကျင်မှုများကို မေ့လျော့စေသည် ထင်ပါသည်။ လိုအင်ဆန္ဒကြောင့်လား၊ ရည်မှန်းချက် အမည်ခံ တက်မက်မှုတွေ ကြောင့်လား၊ ငါ ဘာဆိုတာ သိစေ လိုစိတ် မခံချင်စိတ်များကြောင့်လား။ သူကတော့ ဆွဲခေါ်ခံရခြင်းကို ဒီလိုရေးဖွဲ့ထား ပါသည်။
“ဘေးဘီဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ သူ့လိုမျိုး တရွတ်တိုက်ဆွဲပါနေသူ တချို့ကို တွေ့ရတယ်။ တချို့က ပျော်ပျော်ပါးပါး၊ တချို့က မရေမရာ၊ တချို့က အိပ်မှုံစုတ်ဖွား၊ တချို့က ပြူးပြူးပျာပျာ။”
မဖြစ်သင့်ဘူး။ မဖြစ်ရဘူး ငြင်းဆန်နေရင်းက သူ့ ခြေလှမ်းတွေ ရှေ့ဆက်နေပါရော့လား...။ ကျွန်မ စိတ်တွေ မှိုင်းပြပြ၊ လွမ်းမောမော။ ဒက်ဖိုဒေးလ်ပန်းလေးများ၊ ထင်းရှုး ပင်လေးများ၊ နှင်းခဲပြင်ကြီး၊ စမ်းချောင်းလေး အနား သူ့ကို ပြန်ရောက်စေချင်သည်။
“ကမ်းဝေးမြစ်တစ်စင်းကတော့ ပင်လယ်ဆီကို ဦးတည်လို့ အရှိန်အဟုန်နဲ့ စီးလို့ မျောလို့ ကောင်းနေတုန်း.......”
သူကတော့ ၀တ္တုလေးကို အဆုံးသတ်သွားပြီ။ ကျွန်မ အတွေးစထဲတွင်တော့ အဆုံးမသတ်ချင်သေး။မြစ်တို့ မည်သည် တစ်နေ့သောအခါ အေးမြတဲ့တောရိပ်အောက်ရှိ စမ်းချောင်းလေးဆီ ပြန်လည်စီးမျောလာ ကောင်း ရဲ့လေ.....။
အိမ့်ချမ်းမြေ့၏ “အမွေအနှစ်” ကို ဖတ်ရပါသည်။ တန်ဖိုးရှိလှသော ဆောင်းပါးကောင်းတစ်ပုဒ်ပင်။ နိုင်ငံရပ်ခြား ရောက် မြန်မာစိတ်ပျောက်နေသူများသာမက ပြည်တွင်းနေ မြန်မာများပါ ဖတ်ရှုသင့်လှသည့် ဆောင်းပါးကောင်း တစ်ပုဒ်ဖြစ်ပါသည်။ လူမျိုးတိုင်း မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို တန်ဖိုးထားကြပုံများ၊ မြန်မာလူမျိုးများ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာ၊ မိခင်ဘာသာစကားကို တန်ဖိုးထား သင့်ကြောင်း  အထူးပြုဖော်ပြထားသည်။ ပညာနောက်၊ ငွေနောက်ကို လိုက်ရင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု ကိုအထင်မကြီးတော့သော၊ လူမျိုးခြား များရှေ့တွင်   နှိမ့်ချပြောရန် ၀န်မလေးသော လူတန်းစားတချို့အကြောင်းရေးပြသွားသည်တွင် အိမ့်ချမ်းမြေ့သာမက ကျွန်မပါ ခံစားနာကျင်လာသည်။ ဘာကြောင့်များပါလိမ့်..။
“မိမိအမျိုးနွယ်ကို ရွံရှာမုန်းတီးတတ်သူများ (သို့) စိတ်ပညာဆိုင်ရာ ဝေါဟာရတစ်ခုကို ယူသုံးရရင်တော့ Self-Haters တွေများဖြစ်သွားနိုင်မလား” ဟု စာရေးဆရာမညည်းညူသလို ကျွန်မ  လိုက်ညည်းညူချင်လာသည်။
“အိမ်မှာကလေ အင်္ဂလိပ်လိုပဲ ပြောတော့ မြန်မာစကား သိပ်ပြီးတော့လေ မတတ်တော့တာလေ၊ I know it's a shame ပါ။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ မြန်မာတွေနဲ့ကလည်း မပေါင်းဘူးဆိုတော့လေ You know?”
သြော် ....ဖြစ်မှဖြစ်ရလေ..။ ကျွန်မ ရယ်ချင်စိတ်တစ်ဝက်၊ စိတ်ပျက်ခြင်းတစ်ဝက်။
“နိုင်ငံခြားဆိုတာကို လိုအပ်တာထက် ပိုအထင်ကြီးနေမိတဲ့ အခါ၊မြန်မာပြည်၊မြန်မာ့ ယဉ်ကျေးမှုနဲ့ မြန်မာ လူမျိုးတွေကို ရှိနေဖြစ်နေတာထက် ပိုမိုလျှော့ပေါ့ အထင်သေးနေမိ တဲ့အခါမှာ၊ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်း ကျင်မှာ မိမိကိုယ်ကို ပြန်မုန်းတီးသူတွေ ပေါ်လာတတ်သလားဆိုတဲ့ မေးခွန်းကို မေးလာခဲ့မိပါတယ်”
ကျွန်မတို့ မြန်မာလူမျိုးများသည် နိမ့်ကျသိမ်ငယ်နေသူများ မဟုတ်ကြပါ။ အများအလယ်မဖွင့်ဟရဲ လောက် အောင် ယုတ်မာညစ်ညမ်းသောပြုမူကြသူများလည်း မဟုတ်ကြပါ။ ရိုးရာယဉ်ကျေးမှု၊ ရိုးရာ အစဉ် အလာတွေ နှင့် လူမျိုးတစ်မျိုး၏ ရှိသင့်သောအဆင့်အတန်းတွေနှင့် ဖြစ်ပါသည်။ ရုပ်ဝတ္တုမြင့်မားမှု နောက်လိုက်ရင်း မိမိ အမျိုး၊ မိမိစာပေ၊ မိမိ ယဉ်ကျေးမှုကို ရွံရှာမုန်းတီးကာ မေ့လျော့ကြသူများ မဖြစ်ကြပါ စေနှင့်။ မေ့ပျောက်ရင်း မေ့ပျောက်ရင်း မြန်မာဟူသောလူမျိုးစု တဖြေးဖြေးပျောက်ကွယ် လာပြီးမြန်မာ့မြေပေါ်တွင် မြန်မာမဟုတ်သော တခြားအမျိုးအနွယ်များက မြန်မာစကားများကို ပြောရင်း၊ ရှေးရိုးစဉ်ဆက် မိဘဘိုးဘွားတွေရဲ့ အမွေ အနှစ် တွေနဲ့ ပျော်မွေ့ရင်း၊ ဧရာဝတီမြစ်ပြင်ကျယ် တွင်    လင်းပိုင်များနှင့် မြူးတူးပျော်ပါးနေသော အခါမှ ခုနှစ်သံချီ ငိုချင်းမချကြပါတော့နှင့်။ မှောက်သွားသော နွားနို့အိုးကို ရွှေစည်းခုံကပ်လှူတယ်ဟူ၍လည်း ရသေ့ စိတ်ဖြေ ပြောချင်နေ၍ လည်း မရတော့ကြောင်း၊ ကိုယ်ရွေးတဲ့လမ်း ကိုယ် လျှောက်နေရတယ်ဆိုတာပဲ အမှတ်ရနေရ တော့မည် ဖြစ်ကြောင်း စာရေးသူက စူးစူးရှရှ တင်ပြ သွားပါသည်။
နိဂုံးချုပ်“မြန်မာ” ဟူသည့် ကဗျာလေးနှင့် အဆုံးသတ်သွားသော “အမွေအနှစ်” သည် တန်ဖိုးထိုက်တန် လှသော ဆောင်းပါးကောင်းတစ်ပုဒ်ပင်။
မြစ်ကျိုးအင်း ၏ “နှလုံးသား ရှိတဲ့ အရပ်” ကို ဆက်လက်ဖတ်ဖြစ်ပါသည်။ မြို့ပြ၏တိုးတက်မှုများတွင် သာယာ နစ်မြောရင်း မိသားစုအပေါ်မေ့လျော့ထားမိသော၊ အေးစက်မိသော လူငယ်လေးတစ်ယောက်၏ စိတ်ခံစားမှု ကို ရေးဖွဲ့ထားသည်။ သာမာန်ကြည့်လျှင် အပြစ်တင်စရာပေမယ့် တကယ်တော့ ဒါဟာ ယုံကြည် စိတ်ချ ထားမှု ကြောင့်လည်း ဖြစ်နိုင်သည်။ ဥပမာ-“ ငါ ဘယ် အချိန် ဆက်သွယ် ဆက်သွယ် ရတာပဲ” ဆိုတာမျိုး၊ “ငါ အမှား လုပ်လည်း ခွင့်လွှတ်မှာပါ” ဆိုတာမျိုး။ ရုန်းကန်ရင်း၊ အသစ်အဆန်းတွေမှာ ပျော်မွေ့ရင်း သတိရ လွမ်းဆွတ် စိတ်ကို တစ်နေရာမှာ ခေတ္တပုံထားမိတာလည်း ဖြစ်နိုင်သည်။ ၀တ္တုထဲမှ လူငယ်လေးသာမက ကျွန်မတို့ တွေလည်း ထိုအဖြစ်အပျက်မျိုးဆန်ဆန်မှ လွတ်ကင်းနိုင် လိမ့်မည် မထင်ပါ။
ဇာတ်ကောင်လူငယ်လေးသည် သူ့အစ်ကိုနှင့် ဖုန်းပြောနေရာမှ ထပ်ကာထပ်ကာပြောနေသော သူ့အစ်ကို၏ စကားများကိုငြီးငွေ့လာသည်။ ဖုန်းကဒ် ကုန်တော့မှာပဲဟု  ငြိုငြင်စ ပြုလာသည်။ နောက်ဆုံး သည်းမခံနိုင် တော့သည့် အဆုံးတွင် ဖုန်းခွက်ကို အသာချလိုက်သည်တဲ့..။ဖြစ်တတ်ပါသည်ဟုဖြည့်တွေးပေးနေသော ကျွန်မပင် ဟာကနဲ...။ မလုပ်ရဘူးလေ ကလေးရယ်..။ ဟိုခမျာ သတိရရှာလွန်းလို့လေ။ ခပ်ရိုးရိုးစကားလေး တွေကိုပဲ သည်းခံပြီး နားထောင်ပေးလိုက်ပါ။
တကယ်တော့ ထိုလူငယ်လေး မနေနိုင်ခဲ့ပါ။ လူငယ်စိတ်နှင့် တဒင်္ဂတုံ့ပြန်ခဲ့ပြီးမှ အတိတ်မှ အစ်ကိုနှင့် ပတ်သတ်သော ပုံရိပ်များ၊ ချစ်ခြင်းမေတ္တာများကို တရိပ်ရိပ်မြင်ယောင် လာသောအခါ သူ နောင်တတရားတို့နှင့် ပူလောင်လာသည်။ သူ ၀မ်းနည်းလာသည်။ ဖုန်းပြန်ခေါ်သောအခါ သူ့အစ်ကိုက အပြင်ထွက်သွားခဲ့ပြီ။ သူ့ မိသားစုလေးကတော့ ဖုန်းလိုင်း ကျသွားသည်ဟု သူ့အပေါ် ရိုးသားချစ်ခင်စွာတွေးပေးနေမြဲပင်။ လူငယ်လေး၏ မျက်ဝန်းမှ မျက်ရည်များ တလိမ့်လိမ့်ကျလာသလို ကျွန်မ ရင်ထဲ၍လည်း နင့်ကနဲ။ သူ့အစ်ကို အတွက်လား..၊ သူ့အတွက်လားတော့ သေချာရေရာ မသိလှချေ။ သူရေရွတ်သော စကားလေးများကိုတော့ ကျွန်မပြုံးလျက် ဖတ်ဖြစ်ခဲ့ပါသည်။
“ ဖြူစင်သောချစ်ခြင်း၊ အနစ်နာခံခြင်း၊ စနာဖေးမခြင်းတွေသည် မိစားစုထံမှသာ ရနိုင်ကြောင်း၊ ကျွန်တော်၏နောင်တတရားက သင်ပေးခဲ့ပြီ။ပြီးပြည့်စုံသော ခေတ်မီ အသုံး အဆောင်ပစ္စည်းများသည် မေမေညတိုင်း ဖက်အိပ်သော ကျွန်တော်၏ ခေါင်းအုံးလေးလောက်ပင် တန်ဖိုးမရှိတော့ပါ။”
“သည် အရပ်မှ အနေကြာလာလျှင် ချစ်ခြင်းမေတ္တာကို မခံစားတတ်လောက်အောင် ကျွန်တော့နှလုံးသား လွင်တီးခေါင်ဖြစ်သွားမှာ စိုးရိမ်မိသည်။ .........ထိုအရပ်တွင် ကျွန်တော်မှ ချစ်သော၊ ကျွန်တော့်ကို ချစ်သော နှလုံးသားများ တည်ရှိနေကြောင်း မမေ့မလျော့ အထပ်ထပ် သတိပေးနေမိတော့သည်”
ခင်လေးငယ်၏ “နေ၀င်ပုံပြင်” မှာ နေ၀င်ချိန်ကို ချစ်မြတ်နိုးသော ကောင်မလေးနှင့် နေ၀င်ချိန်ကို မုန်းတီးသော ကောင်ကလေးတို့ ချစ်သူနှစ်ဦး နေ၀င်ချိန်မှာပင် ကွဲကွာသွားခဲ့ရသည့်အကြောင်း ဖော်ပြ ထားသည့်အချစ်ဝတ္တုတိုလေး ဖြစ်သည်။ နေ၀င်ချိန်ကို လွန်လွန်ကဲကဲမုန်းတီးသော မောင်၏ အသွင် စရိုက်က လျှို့ဝှက်နက်နဲလှသည်။ နေ၀င်ချိန်ဟူသော အသံကြားရုံနှင့် ဖျော့တော့ ပျက်ယွင်း သွားလေ့ရှိသော သူ့မျက်နှာ၊နေ၀င်ချိန်သည် လူတစ်ယောက်၏ စိတ်ကို လေးပင်ထိုင်းမှိုင်းစေတတ်ကြောင်းပောလေ့ရှိသော သူ့စကားများ…..။ နေ၀င်ချိန်ကို နှစ်သက်လှပါသော မေ သည် သူ့မောင် ကို နေ၀င်ချိန်နှစ်သက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ရှာပေ။ မေ ချစ်သော မောင် သည် နေ၀င်ချိန် တစ်ခုဆီကို သွားသည့်တစ်ညနေခင်းမှာပင် ဘ၀နေ၀င်ချိန်ရောက်ခဲ့ရပြီ ဖြစ်သည်။ ချစ်သူအား တစ်ဘ၀စာ ဆုံးရှုံးမှုတွက် ကြေကွဲဝမ်းနည်းမှုတွေနှင့် နေ၀င်ချိန်ကို မုန်းတီးသွားရသည်ကတော့ မေ ပင်။
နေ၀င်ခြင်းအကြောင်းကို ပဟေဠိတစ်ပုဒ်နှယ် ဖွဲ့ဆိုရင်း ချစ်ခြင်းမေတ္တာ၏ သိမ်မွေ့နက်နဲမှုတို့ကိုပါ လှလှပပ ရေးဖွဲ့သွားသည်။ ချောမွေ့ပြေပြစ်သော အရေးအသားများကို သတိပြုမိရင်း ဆရာမ “ဂျူး” ၏ ၀တ္တုတိုများကိုပါ အမှတ်ရမိသေးသည်။
ဏီလင်းညို၏ “အသံများနှင့်…” က စာရေးသူနှင့် အဇ္ဈတ္တတို့ မေးခွန်းထုတ်အဖြေရှာမှုကို ဇာတ်ကောင် လူငယ် ကလေးနှင့် ဘူတာရုံလေးတို့ အပြန်အလှန် စကားဆိုကြပုံဖြင့် ရေးသားထားပါသည်။ ကျွန်မတို့ ငယ်စဉ်က သာယာသံ၊ ဆူညံသံ ဟူ၍အသံတွေအကြောင်း သင်ကြားခဲ့ရဖူးသည်။ ဏီလင်းညိုပြောပြချင်သော အသံတွေ မှာတော့ သာယာသံ၊ ဆူညံသံထက်မကတော့ပါ။ဖြစ်ရပ်တိုင်းရှိသော၊ ကျိုးကြောင်း ညီညွတ်နေကြ သော၊ မညီညွတ်နေကြသော အသံများ..။ ကျွန်မ တို့ ဘ၀သို့ ရိုက်ခတ်နေသမျှ အသံများကို တုံ့ပြန်ဖို့ လိုအပ်သည် လား၊ ခံစားဖို့ လိုအပ်သည်လား။ ကျွန်မတို့ ဘ၀တွေသည်လည်း တိတ်ဆိတ်ငြိမ်သက် နေသည် မဟုတ်ပါ။ ကိုယ်တိုင် သတိမပြုမိ (သို့) မသိနိုင်သည်သာ ရှိသည်။ အသံကတော့ ရှိနေနိုင်မှာပင်။ သို့တည်းမဟုတ် ဆိတ်ငြိမ်ခြင်းကပင် ဆိတ်ငြိမ်ခြင်းအသံတစ်ခုအဖြစ်ဖြစ်နေနိုင်သည်ပဲ။ ဘူတာရုံလေး၏ စကားတစ်ခွန်းကတော့ လေးနက်ဆင်ခြင်စရာကောင်းလှသည်။
“အသံတွေရဲ့အလယ်မှာ နေတတ်ထိုင်တတ်ဖို့ ဆိုတာ အပြောမှာ လွယ်ပေမယ့် လက်တွေ့မှာ ခက်ခဲရင် ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကြိုးစားရင် ဖြစ်နိုင်တဲ့ သူလိုငါလို လူတွေထဲမှာ တကယ်လုပ်ရင် အဟုတ်ဖြစ်လာ နိုင်တယ်ဆိုတာ ရင့်ကျက်လာတဲ့တစ်နေ့ မင်းသိလာပါလိမ့်မယ် ကောင်လေးရာ”
တကယ်တော့ အသံများကို အသံများဟု အသိအမှတ်ပြုလိုက်သည်နှင့် တပြိုင်နက် ကောင်းခြင်း၊ ဆိုးခြင်း ခံစားချက်များ ပေါ်ထွက်လာနိုင်ခြင်းရှိမှာ မဟုတ်ပေ၊ ထိုကဲ့သို့သာမာန် အသိအမှတ်ပြုလေးတစ်ခုအတွက်ပင် ကျွန်မတို့တတွေ မနည်းကြိုးစားနေကြရသည်။ ခံစားမှုများကြောင့်လား၊ ကောင်းတာကိုမှ လက်ခံလိုသည့် စိတ်ကြောင့်လား။ ဘူတာရုံလေးဆိုခဲ့သလို “လူပီသဖို့ အတွက်ဆိုရင်တော့ ကောင်းတာရော၊ ဆိုးတာကိုပါ ဝေမျှခံစားတတ်ဖို့လိုမယ်” ထင်ပါသည်။ လူဟူ၍ ဖြစ်တည်လာသည့် ဘ၀တွင်တော့ ကျွန်မ တို့ လူပီသသင့် ပါသည်။
မြသွေးနီ ၏ “နိုင်တဲ့အရှုံး” မှာ ဖခင်တစ်ယောက်၏ သားအပေါ်ထားသော ချစ်ခြင်းမေတ္တာဖြင့် လမ်းညွှန် တည့်မတ်ပြသမှုကို အခြေတည်ကာ ရေးသားထားခြင်းဖြစ်သည်။ ဇာတ်လမ်းနှင့် ဇာတ်ကောင် အသားပေး မဟုတ်ဘဲ စာရေးသူတင်ပြလိုသော ဒဿနကို ဇာတ်ကောင်၏ စကားတွေနှင့် ဖော်ကြူးသွားသည်။ “အရှုံးကို ကျော်ဖြတ်နိုင်မှ အနိုင်ဆိုတဲ့ အရာကို တွေ့နိုင်မယ်” ဆိုသည့်အကြောင်း မူလတန်းကလေးငယ်များ၏ ဘောလုံးယှဉ်ပြိုင်ပွဲတစ်ခုနှင့် သရုပ်ဖော်ကာ တင်ပြသွားသည်။ ရှုံးသည့်ကလေးမှာတော့ ငိုချင်မိမှာပဲ၊ ငိုမိမှာပင်။ ဒါပေမယ့် သူ့အတွက် ချစ်မြတ်နိုးစွာ ရပ်တည်ပေးနေသော ဖခင်၏ မေတ္တာက အနိုင်ကို တွေ့မည့်လမ်းကို ပြသခဲ့တာပင် ဖြစ်သည်။
ဖခင်ဇာတ်ကောင်ဖြစ်သူ ဦးဘုန်းကျော်၏ စကားက ၀တ္တုတစ်ပုဒ်လုံးအတွက် အထိရောက်ဆုံး Target ပင်။
“ သား…တစ်ခါတရံ ဘ၀မှာ ကိုယ် မျှော်လင့်ထားသလိုဖြစ်မလာတာတွေကို တွေ့ကြုံရမှာပဲ၊ ကိုယ် က ကြိုးစားပေမယ့်လည်း ဘယ်လိုမှ တားဆီးလို့မရဘဲ ခံလိုက်ရတာမျိုး၊ နေရာတစ်ခုမှာ နှစ်သိမ့်ကျေနပ်လိုက်ရ တာမျိုးလည်း ရှိမှာပဲ၊ ဒါပေမယ့် အဲဒါက အရေးမကြီးဘူး၊ ကိုယ့်ကို ချစ်ခင်သံယောဇဉ်ရှိသူတွေ ကိုယ့်ဘက်မှာ ရပ်တည်အားပေးမယ့်သူတွေ ကိုယ့်ဘေးနားမှာ ရှိနေဖို့က ပိုအရေးကြီးတယ်၊ အောင်မြင်တဲ့အခါ ၀မ်းသာ စိတ်ဖြစ်ရတာထက် အရှုံးကို ရင်ဆိုင်ရချိန်မှာလည်း ကျေကျေနပ်နပ်လက်ခံတတ်ဖို့က ပိုအရေးကြီးတယ်”
ဦးဘုန်းကျော်၏ ပြောစကားကြောင့် ကြွတက် အရှိန်မြင့်လာသော ၀တ္တုသည် ကျော်စွာ၏ “သား…ကြိုးစားပါ့မယ်” ဟူသော စကားနှင့် အဆုံးသတ်သောအခါ အနည်းငယ်အားပျော့သလို ဖြစ်သွားသည်။ အကယ်၍သာ ကျော်စွာ နှင့် ဦးဘုန်းကျော်ကြားဘာသာဗေဒမဲ့ အမူအရာနှင့် (သို့) စိတ်တွင်း အတက်အကြွ ခံစားမှု နှင့် အဆုံးသတ် လျှင်ပိုကောင်းမည်ဟု ထ်သည်။ ဒါကတော့ ဖတ်ရှုသူ၏ ရှုထောင့်အမျိုးမျိုး နှင့် သက်ဆိုင် လိမ့်မည် ထင်ပါသည်။
သတိုး၏ “ရိပ်ကြီးခိုလျှင်” သည် သဘာဝပတ်ဝန်းကျင်ကို လူတို့တစစဖျက်စီးပြုန်းတီးလာကြ၍ ပျက်စီးယိုယွင်း လာကြသည့် အကြောင်းတင်ပြထားခြင်းဖြစ်သည်။ အကြောင်းအရာမှန် ဆောင်းပါးကိုပင် ၀တ္တုသဏ္ဍန် ဖွဲ့တည်ထားသည့် အနုပညာမှာ လှပလှသည်။ သူတို့ ရပ်ရွာကလေး၏ ရေမြေဒေသအကြောင်း ရေးသွား သည်မှာ စိတ်ဝင်စားဖွယ်။ ပျင်းရိငြီးငွေ့စရာ မဖြစ်ဘဲ ရွာကလေးကို အလည်ရောက်နေသလိုပင် ခံစားရသည်။ ကျွန်မ နာမည်မကြားဖူးသော အသီးအရွက်တွေကိုလည်း သိရသည်။ ဗိုင်းတောင့်သီး၊ သမှည့်သီး၊ ကျီးသေရွက်၊ တောင်သလဲရွက်၊ ကြက်ဖသီး ခေါ် ခင်မွန်သီး တဲ့။ လမုဆိုတာ ကြားဖူးသော်လည်း ဘလဆိုတာပါ ရှိနေသေး ကြောင်း ဒီတော့မှ သိရသည်။ သင်ပေါင်းဖူးကတော့ ကြားဖူးသည်ထင်သည်။ သင်ပေါင်းပိုးကို ထမင်းအိုးထဲ ထည့်ပေါင်းကာ စားသည်တဲ့။ ဒီနေရာမှာတော့ မမြင်ဖူးသည့် သင်ပေါင်းပိုးကောင်လေးကို လှုပ်ရွရွမြင် ယောင်ကာ ကျွန်မ အူယားလှသည်။
သာယာလှပမှုများ၊ ပေါကြွယ်ဝမှုများကို ငယ်ငယ်တုန်းက ဟူ၍သာ အစချီနိုင်တော့သော ရွာကလေးသည် ယခုအခါမှာတော့ ပူပြင်းခြောက်သွေ့ကာ ချောင်းရေညိုညစ်ညစ်နှင့် မစိမ်းလန်းနိုင်တော့ပေ။ မီးသွေးဖိုတွေကို ရွာ၏ အဓိကလုပ်ငန်းအဖြစ်ရပ်တည်လုပ်ကိုင်ခဲ့သော ရွာကလေး၏ ၀န်းကျင်သည် နှစ်ကာတိုက်စား လာ သည့်အခါ သစ်တောကျိုးကျဲနှင့်ခြောက်ခြောက်သွေ့သွေ့သာ ကျန်တော့သည်။ ဒါကို သူရေးသွားသည်မှာ ထိမိလှသည်။
“ဘ၀စဉ်ဆက်မှီခိုနေသော သဘာဝတရားကြီးကို ကိုယ်တို့တွေ တစ်ကိုယ်စာသက်ရှင် ရပ်တည်နိုင်ရုံ မျက်တောင်တဆုံး အတွေးတိမ်တိမ်နှင့် တစ်ယောက်တစ်လက်ဝိုင်းဝန်းဖျက်ဆီးခဲ့လိုက်ကြတာ။ ကမ္ဘာကျော် ပင်လယ်လှိုင်းကြီးက အဆီးအတားမဲ့ ခဏအတွင်း ကျော်လွှားခုန်ပျံကာ ကုန်းမြေပေါ် အလွယ်တကူ လွှမ်းဖုံးလာလေမှ နောင်တရချင်မိတော့ နောက်ကျလွန်းခဲ့ပြီ”
ရှေးရိုးအစဉ်အလာတွေနှင့် ရွာကလေးကို သဘာဝတရားပျက်စီးမှု၊ ပိုမိုမပျက်စီးစေရန် ပြုပြင်ထိန်းသိမ်းရေးကို စာရေးသူလည်းပြောပြခြင်းငှာ မစွမ်းသာခဲ့ပါ။ သာမာန် မြင်လေ့ရှိကြသည့်အတိုင်း ရေတစ်ပေါက်နှင့်တော့ မိုးမဖြစ်နိုင် ဟူ၍ပင်။ ရေစက်ပေါင်းများလာလျှင် အေးမြလှသည့် မိုးဖြစ်နိုင်တာ ဘာကြောင့် မတွေးတော နိုင်ကြပါလိမ့်။ သဘာဝတရားကို ကယ်ဆယ်ထောက်မရေး စီမံကိန်းများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခုမှ အလုပ်လုပ်နေသည့် ကျွန်မ.. သပ်မမောတို့ တနင့်တမောပင်။ စည်းရုံးနိုင်ဖို့၊ ပေါင်းစည်းနိုင်ဖို့ ကျွန်မ တို့ လက်တွေ အားအင်ပြည့်နေဖို့တော့ လိုပါသည်။
သည် အမောတွေကိုပင် သတိုးက သူ့စကားအရာမလုပ်ကြသော ဆွေမျိုးစုအလယ်မှ အဖြစ်သနစ်တို့ဖြင့် ဟာသဆန်ဆန် နိဂုံးချုပ်သွားသည်။ပြုံးချင်စရာပေမယ့် တကယ့်လက်တွေ့တော့ ပြုံးစရာမဟုတ်ခဲ့ပါ။ ပတ်ဝန်းကျင်ကို တစေ့တစောင်းပြန်လှည့်ကြည့်ဖို့ သတိုးက သူ့ဝတ္တုတိုအတတ်နှင့် ညွှန်ပြခဲ့လေသည်။
မယ်ကိုး၏ “လူယောင်ဆောင်သူများ” သည် သစ္စာမတည်တတ်သော ခင်ပွန်းဖြစ်သူနှင့် အကြောင်းစုံကို သိလျှက် သည်းခံမြိုသိပ်နေရသော၊ မျှော်လင့်ချက် တစစကင်းမဲံလာသည့် မိန်းမသားတို့ အိမ်ထောင်ရေးကို ခပ်ပါးပါးရေးဖွဲ့ထားခြင်း ဖြစ်သည်။
“ချွဲနွဲ့ပြောတတ်တဲ့ ကြောင်တွေလို နေစရာ၊ စားစရာနဲ့ သွေးသားလိုအင်တွေ အတွက်သာ ကျွန်မ ကို ခဏတာချစ်ယောင်ပြခဲ့တာ”
သည်လို စာသားလေးများကတော့ အနည်းငယ်ရင့်ရော်လှပါသည်။ သို့ပေမယ့် ထို ဇာတ်လမ်းမှ ထို ဇာတ်ကောင် အမြင်မို့ သိပ်စောဒကတက်စရာတော့ မရှိလှပါ။ ရေးသားဟန် ဆန်းသစ် ဖတ်ပျော်သော ၀တ္တုတစ်ပုဒ်တော့ ဖြစ်ပါသည်။
ညီလင်းသစ်၏ “အသိအမှတ်ပြုမှု” သည် ဆောင်းပါးတိုလေး တစ်ပုဒ်ဖြစ်ပါသည်။ လူသားဟူသမျှ အသိ အမှတ်ပြုမှု ခံချင်သူတိုင်း ဖြစ်ကြောင်း သတင်းတိုလေးတစ်ခုနှင့် အစပြုကာ ရေးသားထားသည်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်မြို့ရှိ လူတစ်ယောက်သည် သူ့မွေးနေ့ကို အများသတိပြုစေချင်လိုသော စိတ်နှင့် ကုန်တိုက်ကြီးတစ်ခုအတွင်း ဗုံး ရှိသည်ဟု သတင်းအမှားပေးခြင်း ဖြစ်သည်။ အများသူငှာငှာ ရုတ်ရုတ်သဲသဲ ဖြစ်ကာ သူလည်း အများပြည်သူထိတ်လန့်စေမှုနှင့် အရေးအယူခံရသည်။ ထိုသတင်းမှ အစပြုကာ “အသိအမှတ်ပြုမှု” ဟုသော ဆောင်းပါးလေးတစ်ပုဒ်ကို စာရေးသူက ကျယ်ကျယ်ပြန့်ပြန့် ရေးသား ထား လေသည်။
အသိအမှတ်ပြုမှု ဟူသောစကားလုံးလေးသည် တိုတောင်းကျစ်လျစ်နေသော်လည်း ကျယ်ပြန့်လှကြောင်း သူက တင်ပြသွားသည်။ အသိအမှတ်ပြုရုံလး ဆိုပေမယ့် သူ့အဓိပ္ပာယ်ကတော့ တာသွားလှသည်။ ထိုအရာက လူမှု ဆက်ဆံရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်တွေမှာ အောင်မြင်ရေးလမ်းစ၏ ပထမဆုံး တံခါးပေါက်ဟု စာရေးသူက တင်ပြသွားပါသည်။ ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးသည့် ချစ်စဖွယ် အိမ်ကလေးဆိုရင် ထိုအိမ်ကလေးထဲ ၀င်ရောက်ဖို့ အသိအမှတ်ပြုမှု ဟူသော တံခါးပေါက်ကို အရင်ဆုံး ခေါက်ရမည် ဖြစ်ကြောင်း ထိမိစွာတင်ပြသွားသည်။
“အသိအမှတ်ပြုမှု ရဲ့ ဆန့်ကျင်ဘက်က ဥပေက္ခာပါ” တဲ့။ ထိုစကားလေးကို ကျွန်မ လက်ခံပါသည်။ ဥပေက္ခာ ပြုခြင်း၊ လျစ်လျူရှုခြင်းကို ကျွန်မ ခံစားခဲ့ရဖူးသည်။ အသိအမှတ်ပြုမှု အပေါ် မျှော်လင့်နာကျင် ခဲ့ဖူး သည်။ တကယ်တော့ လူသားသည် လူသားဆန်သည်သာ ဖြစ်သည်။
“တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ်ပြုမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့နေထိုင်ရာ လူမှုအဆောက်အအုံဟာ ပိုမိုခိုင်ခန့်ပြီး၊ ဟန်ချက်ညီတဲ့ နေချင့်စဖွယ် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာပါမယ်” ဟု ဆောင်းပါးကို နိဂုံးချုပ်ထားသည်။ ဆောင်းပါးလေးက ရိုးရှင်းပေမယ့် အကြောင်းအရာကတော့ ကျွန်မတို့ အားလုံးနှင့် တိုက်ရိုက်ပတ်သတ်ဆက်နွယ်နေပါသည်။ အတွေးစ၊ အသိမြင်တို့ လွန့်လူးစေသော ဆောင်းပါးတစ်ပုဒ်ပင်ဖြစ်သည်။
သက်တံဆယ်စင်း စာအုပ်ကလေး၏ ရသမျှဝေခံစားမှုကတော့ ပြီးဆုံးသွားလေပြီ။ ရသစာပေကိုမြတ်နိုး လှသော ကျွန်မ စာအုပ်စင်ကလေးတွင် ထိုစာအုပ်ကလေးက နေရာတစ်နေရာယူခဲ့ပြီ။ နောက်ကျောတွင် နောက်ထွက်ရှိမည့် စာအုပ်ကြေငြာများကိုလည်း တွေ့ရရာ မုဒိတာစိတ်နှင့် ၀မ်းသာကြည်နူးရပါသည်။ လူနည်းစုတင်မက သက်တံဆယ်စင်းပါ ဆရာ၊ ဆရာမများ အားလုံးရောက်ရှိသည့်နေရာတွင် ရပ်တန့်မနေဘဲ အသစ်အသစ်သော အနုပညာဖန်တီးမှုတို့ဖြင့် ထွန်းလင်းကြပါစေသည်း။ စာပေကောင်းကင်တွင် လင်းလက်တောက်ပသော ကြယ်ပွင့်များ ဖြစ်ကြပါစေသတည်း။      ။

ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်

မှတ်ချက်
စာရေးသူ ရွှေအိမ်စည်က ယခု သက်တံ့များ၌ ပျော်ဝင်ခြင်း စာအုပ်အညွှန်းကို အပိုင်း ၃ ပိုင်းခွဲရေးထားတာဖြစ်ပြီး စာဖတ်သူများ အဆင်ပြေစွာ ဖတ်ရှူနိုင်အောင် တစ်ပေါင်းစည်းတည်း တင်ပေးခြင်းဖြစ်ပါတယ်။
အယ်ဒီတာ

စာရေးဆရာ ဗန်းမော်တင်အောင်


ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၄ နှစ်မြောက်  ဂုဏ်ပြုတင်ဆက်သည်။


၁၉၅၈ ခုနှစ်လယ်လောက်က ဤတိုင်းပြည်၌ ကြီးမားပြင်းထန်သော နိုင်ငံရေးပေါက် ကွဲမှုကြီးတခု ဖြစ်ပွားခဲ့လေသည်။ ထို နိုင်ငံရေး အဖြစ်အပျက်ကြီးကို လူတိုင်းလိုလို သိရှိကြပြီးဖြစ်၍ အထူးရေးသား ဖော်ပြရန် လိုအပ်တော့မည် မထင်ပေ။ ဤ နိုင်ငံရေး ပေါက်ကွဲမှုကြီးသည် ဤတိုင်းပြည်၏ နိုင်ငံရေးဘဝနှင့် အခြေအနေတို့ကို အဘယ်မျှပြောင်းလွဲ ဖန်တီးခဲ့သည်ဆိုသော အချက်အလက်များကိုလည်း အကျယ်တဝင့် ရေးသားဖော်ပြရန် လိုအပ်တော့မည်မထင်ပေ။ အဘယ့်ကြောင့်ဆို သော် နိုင်ငံရေးအဖြစ်အပျက်ကြီး၏ ဒဏ်ရာ ဒဏ်ချက်ကို တတိုင်းပြည်လုံး ကုန်းခံခဲ့ကြရသောကြောင့်ဖြစ်သည်။ ခံနေဆဲလည်း ဖြစ်သောကြောင့် ဖြစ်သည်။
နိုင်ငံရေး တန်ခိုးအာဏာ သိမ်းပိုက်ထားသော နိုင်ငံရေး ပါတီကြီးတခု၏ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် ထိုပါတီကြီး၏ နိုင်ငံရေး ဦးဆောင်မှုကို ခံယူလျက် ရှိကြသော လူထုလူတန်းစား အဖွဲ့အစည်းအမျိုးမျိုးနှင့်ပြည်နယ်လူမျိုးစု အဖွဲ့အစည်းများ အတွင်း၌လည်း ကြီးမားသော ဂယက်ရိုက်ခတ်မှုနှင့် လှုပ်ရှားမှုများ တနွယ်ငင်၊ တစင်ပါ ဖြစ်ပွားလာခဲ့သည်။ အရေးအကြောင်း ရှိလာလျှင် ထဘီနှင့် အင်္ကျီဆင်တူ ဝတ်၍တသံတည်း အာတတ်သော အမျိုးသမီးများ ကွဲပြားသွားခဲ့ရသည့် နည်းတူ ကျောင်းသားလူငယ်၊ ကုန်သည်ပွဲစား၊ အမှုထမ်းအရာထမ်းနှင့် အလုပ်သမားစသော လူတန်းစား အဖွဲ့အစည်းများသည် လည်း ကွဲပြားခဲ့ကြသည်။ ပြည်နယ်မှ လူမျိုးစုများသည်လည်း သူ့လူငါ့လူဟူ၍ဖြစ်သွားခဲ့ရသည်။ အလွန်တရာ ကြေကွဲဖွယ်ရာကောင်းသော နိုင်ငံရေး အဖြစ်အပျက်ကြီး တခုအနေနှင့် မှတ်တမ်းတင်ထားရလိမ့်မည်ဟု မြင်မိပေသည်။
ဤ နိုင်ငံရေးပေါက်ကွဲမှုကြီးနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော တပြည်ထောင်လုံး၏ ကွဲပြားမှုများကြောင့်လည်းကောင်း၊ ထိုသို့ ကွဲပြားခဲ့ကြပြီးနောက် ထပ်မံပေါ်ပေါက်လာခဲ့သော ပဋိပက္ခများကြောင့်လည်းကောင်း၊ ဤတိုင်းပြည်သည် အဘယ်မျှဆုံးရှုံး နစ်နာခြင်းဖြစ်ခဲ့ရသည်ဆိုသော အချက်အလက်များနှင့် နည်းလမ်းများကိုကားနောင်သောအခါကာလ၌မြန်မာနိုင်ငံတော်၏နိုင်ငံရေး၊ ရာဇဝင်ရေးအား ပြုစုရန်ကြိုးပမ်းအားထုတ်ကြမည့် သုတေသီများ ရှာဖွေစူးစမ်းရန် ချန်လှပ်ထားခဲ့လို သည်။ သို့ရာတွင် ဤ နိုင်ငံရေး ပေါက်ကွဲမှုကြီး၏ ဒဏ်ရာဒဏ်ချက်သည်ကား ကြီးမားပြင်းထန်လှသည်ဆိုသော ယေဘုယျ အချက်တချက်ကိုကား လူတိုင်းလူတိုင်း တစိတ်တဝမ်းတည်းသာရှိကြလိမ့်မည်ထင်သည်။

ဤ နိုင်ငံရေးပေါက်ကွဲမှုကြီးနှင့် ပဋိပက္ခများကြောင့် လူထုလူတန်းစားနှင့် ပြည်နယ် လူမျိုးစုများ အသီးသီးတို့အတွင်း၌ အလွန်ကြေကွဲဖွယ်ရာ၊ ရင်နာဖွယ်ရာ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ရပေရာ ပြည်ထောင်စုသားတဦး တယောက်အနေနှင့် ရင်နာခဲ့ရသော မိမိအတွေ့အကြုံနှင့် ခံစားရချက်တခုကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလိုသည်။ ကျွန်တော် ရေးသား ဖော်ပြလိုသော အဖြစ်အပျက်မှာ အခြားအကြောင်းအရာတော့မဟုတ်။ ကျွန်တော်နှင့် နီးစပ်ရင်းနှီးသော အလုပ်သမား လူတန်းစားလောကအတွင်း၌ ယုံကြည်စရာ မရှိနိုင်လောက်အောင် ဖြစ်ပွားခဲ့သော အမှုအခင်း တရပ်မျှသာလျှင် ဖြစ်သည်။
(၂)
မိမိတို့ပါတီ၏ တန်ခိုးအာဏာတည်မြဲရေးနှင့် အကျိုးအမြတ်ရရှိရေးအတွက်မြန်မာနိုင်ငံတော်အလုပ်သမားလှုပ်ရှားမှု အရေးတော်ပုံသမိုင်း၌ အလုပ်သမား လူတန်းစားလောကတွင် ဘဝတူအလုပ်သမားများ အချင်းချင်း အိုးမဲသုတ်၍ သတ်ဖြတ်ခိုင်းလေ့ရှိသော အလုပ်သမား အဓိကရုဏ်းများရှိခ့ဖဲူးသည်။ အထူးသဖြင့် ဗြိတိသျှကိုလိုနီသမားများမြန်မာပြည်အား အုပ်ချုပ်ခြဲ့ကသော ကိုလိုနီ အုပ်ချုပ်ရေး သမိုင်းတလျှောက်၌ တရုတ်မြန်မာနှင့် အိန္ဒိယမြန်မာအလုပ်သမား အဓိကရုဏ်းများကို တမင်တကာ ဖန်တီးခဲ့ဖူးသော မှတ်တမ်းများ ရှိသည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသောအနေနှင့် ဗြိတိသျှ ကိုလိုနီသမားများသည် ဘဝတူ အလုပ်သမားများ အချင်းချင်းကို အိုးမဲသုတ်ပေးပြီးနောက် အချင်းချင်း သတ်ဖြတ် စေခဲ့ကြသည်။ ထိုအလုပ်သမား အဓိကရုဏ်း၌ အလုပ်သမားအများအပြား သေကြေသူက သေ၊ ကြေ၍ ဒဏ်ရာရ သူများက ဒဏ်ရာရရှိခဲ့ကြသည်။ သို့ရာတွင် အလုပ်သမားများအတွက် မည်သည့်အကျိုးခံစားမှုမျှ တိုးတက် ရရှိခဲ့သည်ကား မဟုတ်ပေ။ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးသာလျှင် သက်ဆိုးရှည်ခဲ့သည်။

သို့ရာတွင် အထက်၌ ဖော်ပြခဲ့သော နိုင်ငံရေး ပေါက်ကွဲမှုကြီးကြောင့် တန်ခိုးအာဏာရှိသော နိုင်ငံရေး ပါတီကြီးတခုအတွင်း၌ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲပြားသွားခဲ့ကြပြီးနောက်၊ ရန်ကုန်မြို့တော်ကြီးနှင့်တကွပြည်ထောင်စု နိုင်ငံတော် တဝှမ်းလုံး၌ စိတ်နှလုံးမချမ်းမြေ›ဖွယ်ရာ၊နောက်ကျိဖွယ်ရာ ပေါ်ပေါက်လာခဲ့ရသော အလုပ်သမားအချင်းချင်း တဦးကိုတဦး ရန်သူကြီးများသဖွယ် သဲသဲ မဲမဲ တိုက်ခိုက် သတ်ဖြတ်ကြသော အလုပ်သမား အဓိကရုဏ်းများအနက်၊ ရန်ကုန်မြို့တော် ပင်လယ်ဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမား၏ အဓိကရုဏ်းကြီးကိုကား မိမိတွေ့မြင်ခဲ့ရသလောက် ကျွန်တော်သည် မှတ်တမ်းတင်သည့် အနေဖြင့်ရေးသားဖော်ပြခြင်းပြုလိုသည်။ရန်ကုန်ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားလောက၌ ကြောက်မက်ဖွယ်ရာ ဖြစ်ပွားခဲ့ရသော အလုပ်သမား ဘဝတူအချင်းချင်း အုပ်သင်းဖွဲ့၍ ၊ တအုပ်နှင့်တအုပ်၊ တသင်းနှင့် တသင်း၊ ရရာလက်နက်တို့ကို ဆွဲကိုင်၍ ရိုက်နှက်သတ် ဖြတ်ခြင်းပြုကြသော အဓိကရုဏ်းများကို ထိုအချိန်က နေ့စဉ်သတင်းစာကြီးများက အထိုက်အလျှောက် ရေးသား ဖော်ပြခြဲ့ကသည်ကား မှန်သည်။ သို့ရာတွင် သတင်းစာဆိုသည်မှာ အခြားအရေးကြီးသော သတင်းများကိုလည်း ထည့်သွင်းဖော်ပြရန် တာဝန်ရှိကြသေးသောကြောင့် ထိုအလုပ်သမား အဓိကရုဏ်း သတင်းများကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြခြင်းပြုရန် မိမိတို့၏ သတင်းစာ ကော်လံများကို နေရာမပေးနိုင်ခဲ့ကြပေ။ ၎င်းအပြင်မြို့တော်၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေး ရှုထောင့်တခု တည်းလောက်ကသာ ကြည့်ရှုရေးသား ဖော်ပြရခြင်းဖြစ်၍လည်းပြည့်စုံခြင်းမရှိနိုင်ပေ။ ထိုသို့ ဆိုလိုက်သည့်အတွက် ဤတိုင်းပြည်၏ အသိဉာဏ်မျက်လုံးကို နေ့စဉ်မှန်မှန် ဖွင့်ပေးလျက် ရှိကြကုန်သော ကျေးဇူးရှင်နေ့စဉ်သတင်းစာကြီးများကို ကျွန်တော်သည် အပြစ်တင် စောနေခြင်းကား မဟုတ်ပေ။ သတင်းစာဆရာများသည် မိမိတို့၏ သတင်းစာကော်လံနှင့် အချိန်ကိုကြည့်၍ လုပ်ကိုင်နေကြသူများဖြစ်သည့်အပြင်၊ ၎င်းတို့အား ဟန့်တားချုပ်ချယ်ထားသော ပုံနှိပ်တိုက် ဥပဒေများ ကို ကြည့်ရှုရပေသေးသည်။
(၃)
စက်တင်ဘာ ပထမအပတ် အတွင်းလောက်က ရပ်ဆိုင်းထားခဲ့ရသော လင်းယုန် ဂျာနယ်ကို ပြန်လည်ထုတ်ဝေနိုင်ရန် မြို့ထဲ၌ ဆောင်ရွက်ဖွယ်ရာကိစ္စများကို ဆောင်ရွက် ပြီးစီး၍ ညနေ (၆) နာရီလောက်မှ စမ်းချောင်းနေအိမ်သို့ ပြန်ရောက်သည်။ နေအိမ်သို့ ပြန်ရောက်လျှင်ရောက်ချင်း ကျွန်တော်၏ မိခင်က ဖိတ်စာနှစ်စောင် ဆီး၍ပေးသည်။ ဖိတ်စာ နှစ်စောင်လုံးမှာ အသုဘရှုရန် ဖိတ်ကြားစာများဖြစ်သည်။ တနေကုန် ပင်ပင်ပန်းပန်း သွားလာ လုပ်ကိုင်ခဲ့ရ ပြီးနောက် အိမ်သို့ ပြန်အရောက်တွင် အသုဘ ဖိတ်စာနှစ်ခုကို ရင်ဆိုင်ရသောကိစ္စမှာ စိတ်ချမ်းမြေ့သက်သာစရာ အလုပ်တော့ကား မဟုတ်ပေ။ ဖိတ်စာဟု ဆိုလိုက် သည့်အတွက် ပုံနှိပ်စာလုံးများဖြင့် ရိုက်နှိပ်ထားသော ဖိတ်ကြားစာမျိုးတော့ကားမဟုတ်။ စာရေးစက္ကူပေါ်တွင် မင်ဖြင့် ရေးသား၍ ကတိုက်ကရိုက် အကြောင်းကြားခြင်းပြုရဟန်ရှိသောသာမန်ဖိတ်ကြားစာဖြစ်သည်။
အသုဘဖိတ်စာများကို အထူးဂရုစိုက်ရမည်ဖြစ်သည့် အားလျော်စွာ ကျွန်တော့်အား ရေမိုးချိုး၍ ထမင်းစားသောက်ရန် လာရောက် တိုက်တွန်းပြောဆိုနေသော   10pt;">ဇနီးလုပ်သူအားခေတ္တခဏမျှလောက် ဆိုင်းငင့်ရန် အကျိုးအကြောင်း ပြောဆိုလွှတ်လိုက်ရပြီးနောက် ဖိတ်စာများကို ဖတ်ကြည့်ရသည်။ ဖိတ်စာနှစ် စောင်လုံး၌ "ရဲဘော်လင်းယုန်"ဟုခေါင်းတပ် ဖိတ်ကြားခြင်းပြုလိုက်သည်ကို တွေ့လိုက်ရကတည်းက ထိုအသုဘနှစ်ခုစလုံး အလုပ်သမား အသုဘများ ဖြစ်ကြောင်း တခါတည်းသိရှိလိုက်သည်။ မြန်မာနိုင်ငံ၌ မည်ကဲ့သို့ပင် အလုပ်သမား အစည်းအရုံးများနှင့် သမဂ္ဂများ ကွဲပြားခြားနားနေကြစေကာမူ၊ အလုပ်သမားအရေး အလုပ်သမားအကျိုးနှင့် ပတ်သက်လာလျှင် ရှေ့ဆောင်ရှေ့ရွက်ပြု၍ ရေးသားတိုက်ခိုက် လာခဲ့သော လင်းယုန်သတင်းစာနှင့် ဂျာနယ်များကို အကြောင်းပြု၍ ကျွန်တော့်အားစာရေးဆရာ ဗန်းမော်တင်အောင် အနေထက် 'လင်းယုန်' ဆိုသော အနေအထားကို အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်သမား ရဲဘော်များက ပိုမိုသိရှိကြသည်။ လင်းယုန် အနေနှင့်သာ ဆက်ဆံတတ်ကြသည်။
အထက်ပါ အသုဘဖိတ်ကြားစာနှစ်စောင်လုံးကို အကြမ်းဖျင်းဖတ်ရှု ပြီးစီး သွားသော အခါ၊ မနက်ဖြန် နာရီပြန်တချက်တီး အချိန်တွင်ကြံတောသုဿန်၌ တနေ့တည်း၊ တရက် တည်းနှင့် တချိန်တည်းတွင် သင်္ဂြိုဟ်ခြင်းပြုမည်ဖြစ်သော အသုဘများဖြစ်ကြောင်း ရုတ်တရက်သိရှိလိုက်ရသည်။ တခုသော အသုဘမှာ ၎င်းတို့ အလုပ်သမားများ အစည်းအရုံး တည်ရှိရာ ထီးတန်းဘက်မှ ပို့ဆောင်ရမည်ဖြစ်၍၊ ကျန်အသုဘတခုမှာ ၎င်းတို့ အစည်းအရုံးရှိရာ ကြည့်မြင်တိုင်ကမ်းနားလမ်းဘက်မှ ပို့ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည်ထိုအသုဘများကို ပိုမိုစိတ်ဝင်စားလာမိပြီးလျှင် ဖိတ်စာနှစ်စောင်စလုံးကို နောက်ထပ်တကြိမ် ပြန်၍ စေ့စေ့စပ်စပ် ဖတ်ရှုကြည့်မိပြန်သည်။ဤသို့ ဒုတိယအကြိမ်ပြန်လည်ဖတ်ရှု ကြည့်လိုက် သောအခါမှပင် ထိုအလုပ်သမား အသုဘနှစ်ခု၏ လေးနက်မှုကို တဖြည်းဖြည်း စဉ်းစားမိရင်း သဘောပေါက်လာသည်။

ထိုအလုပ်သမား အသုဘနှစ်ခုအနက် တခုသောအသုဘသည် နိုင်ငံရေးတန်ခိုး အာဏာရှိသော အလုပ်သမားအဖ့ချွဲုပ်နှင့် ဆက်သွယ်ထားသော အသုဘဖြစ်လျက်၊ ကျန်တခုသော အသုဘမှာ နိုင်ငံရေး တန်ခိုးအာဏာသာလျှင် မရှိသော်လည်း ငွေကြေး တောင့်တင်းသော အလုပ်သမားအဖွဲ့ချုပ်၏ အသုဘဖြစ်ကြောင်း သိရှိလာရသည်။ အလုပ်သမား အသုဘများကို ယခုကဲ့သို့ တဖွဲ့နှင့်တဖွဲ့ ယှဉ်ပြိုင်၍
သုဿန်သို့ ပို့ဆောင် ကြမည့်အစား အလုပ်သမားများ၏ ဘဝသက်သာချောင်ချိမှုတို့ကို အဖွဲ့ချုပ်နှစ်ခုသည် ဤကဲ့သို့ ယှဉ်ပြိုင်ဆောင်ရွက်ပေးကြလျှင် အဘယ်မျှကောင်းလေမည်နည်း။
ရေမိုးချိုးပြီး၍ ညစာစားသောက်လျက်ရှိစဉ် အထက်တွင် ဖော်ပြခ့ေဲ သာ နိုင်ငံရေး ပေါက်ကမွှဲုကြီး၏ လှိုင်းတံပိုးသည် အပြစ် အနာအဆာကင်းမဲ့လျက် မိမိတို့၏ လုပ်အား စွမ်းပကားဖြင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြသော အလုပ်သမားလောက အတွင်းသို့ ဝင်ရောက် ရိုက်ခတ်လျက်၊ အလုပ်သမားများကို သူ့ထက်ငါ ယှဉ်ပြိုင်၍ သင်္ချိုင်းကုန်းသို့ ပို့နေကြပါပကော ဆိုသောအဖြစ်ကို ကျွန်တော်သည် လေးလေးနက်နက် စဉ်းစားလာမိသည်။ ထိုသို့ အလုပ်သမား အလောင်းနှစ်လောင်းကို သုဿန်သို့ ယှဉ်ပြိုင်ပို့ဆောင်ကြသောကိစ္စကို မနက်ဖြန်တွင် လိုက်ပါကြည့်ရှုရန် ဆန္ဒမရှိသဖြင့် နောက်ဆုံး ဂါရဝပြုသည့် အနေနှင့် သုဿန်သို့ မပို့ဆောင်မီ အနည်းဆုံး သွားရောက်၍ မျက်နှာပြကာ မေးမြန်းသင့်သည်ဟု အောက်မေ့ကာ၊ ထမင်းစားပြီးနောက် နေအိမ်မှ ထွက်လာခဲ့ရပြန်သည်။
ကြည့်မြင်တိုင် ကမ်းနားလမ်းဘက်ရှိ အလုပ်သမားအစည်းရုံး အသုဘသို့ ရောက်သောအခါ လူကုံထံတဦး၏ အသုဘနှင့်မခြား တခမ်းတနားပြင် ဆင်မွမ်းမံလျက် လာရောက် မေးမြန်းကြသော ဧည့်ပရိသတ်အားလည်း ဖွယ်ဖွယ်ရာရာ ဧည့်ခံကျွေးမွေးလျက်ရှိသော အသုဘ၏ အခမ်းအနားနှင့် အဆင်အပြင်ကို ကြည့်ရှုအကဲခတ်ရင်း လွန်ခဲ့သည့် သုံးလလောက်က ဖျာလိပ်ပတ်၍ ဝါးလုံးလျှိုကာ ချခဲ့ရသောအလုပ်သမားအသုဘတခုကိုပြေး၍ သတိရမိသည်။"တို့ အလုပ်သမားကို မထိနဲ့ မီးပွင့်သွားမယ်" ဟူသောကြွေးကြော်သံ စာတမ်းကို အသုဘ၏ နဖူးစည်းအဖြစ်ဖြင့် ချိတ်ဆွဲထားသည်။ ထိုအသုဘ၏ နဖူးစည်းစာတန်းကို ကျွန်တော်သည် အခြားဘာမျှ ကန့်ကွက်ပြောဆိုရန် မရှိသော်လည်း "တို့" ဆိုသော ကျဉ်းမြောင်းလှသည့် စာလုံးတလုံးကိုကား ပြင်းပြင်း ထန်ထန် ရှုတ်ချခြင်းပြုလိုသည်။ အလုပ်သမား အသုဘအတော်များများကို ကျွန်တော်သည် လိုက်လံပို့ ဆောင်ခဲ့ရဖူးလည်း များလှပေပြီ။ ထိုအသုဘများကို ပို့ဆောင်ရတိုင်း ကိုယ့်ဆေးလိပ် ကိုယ် ဝယ်သောက်ခဲ့ရသည်သာများသည်။ သို့ရာတွင် ထိုအသုဘ၌ ကျွန်တော်တခါမျှ မကြုံကြိုက်ခဲ့ ဖူးသော ကော်ဖီနှင့် ကိတ်မုန့်တချပ်ကို စားသောက်လျက်ရှိစဉ် ထိုအစည်းအရုံးမှ ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်သော ခေါင်းဆောင် သုံးလေး ယောက်တို့သည် ကျွန်တော် တယောက်တည်း ငုတ်တုတ်ထိုင်နေရသော စားပွဲဆီသို့ ထလာကြသည်။ ၎င်းတို့အနက် အမည်မဖော်ပြလိုသော ခေါင်းဆောင်တဦးက "တိုင်းပြည်ကြီး ဒီအတိုင်းသာ သွားနေရင်တော့ ကျူပ်တို့ အလုပ်သမားတွေ မျိုးပြုတ်ကုန်လိမ့်မယ် ထင်တယ်ဗျာ......" ဟု ခပ်လှမ်းလှမ်းမှ လူများ ကြားမသွားနိုင်အောင် ခပ်တိုးတိုး ခပ်အုပ်အုပ်ကလေး ညည်းတွား ပြောဆိုလာသည်။
ထိုစကားကို ရင်နာနာနှင့် နားထောင်ရင်း ကျွန်တော်သည် ဦးခေါင်းကို ညိတ်ရုံသာ ညိတ်ပြလိုက်သည်။ ထိုအလုပ်သမား ခေါင်းဆောင်သည် မျက်မှောက်ကာလ၌ ခါးခါး သည်းသည်းနှင့် နာနာကြည်းကြည်း တွေ့ကြုံခံစားနေရသော ၎င်း၏ ဘဝအတွေ့အကြုံများမှ သူ၏ကောက်ချက်ကို ဆွဲထုတ်၍ ကျွန်တော့်အား တင်ပြလိုက်ဟန်ရှိသည်။

"ကျူပ်တို့ ဘဝတူချင်း ခုလို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းနေတာလောက် ဆိုးဝါးတာတော့ ဒီတသက် မတွေ့ခဲ့ဖူးပါဘူးဗျာ" ဟု တယောက်သော ခေါင်းဆောင်က မြည်လာပြန်သည်။
"ဒီကိစ္စကတော့ ခင်ဗျားတို့အပေါ်မှာ အဓိကတည်နေတာပေါ့ဗျာ......"ဟု ကျွန်တော်က သတိပေးသည့်အနေနှင့် ပြန်ပြောလိုက်သည်။
"မနက်ဖက်ကလဲ ဗိုလ်တထောင်ဘက်မှာ တဘက်နဲ့တဘက် ချိန်းပြီးရိုက်ကြသေး သတဲ့ဗျာ.....။ နှစ်ဘက်စလုံး တော်တော်ကလေးနာကြသတဲ့" ဟု တယောက်က ညည်းတွားပြောဆိုလိုက်ပြန်သည်။
"ခင်ဗျားတို့တတွေက ဒီလိုသဘောပေါက်နားလည်ထားကြရင်လဲ အောက်ခြေက အလုပ်သမားတွေကို နားလည်လာအောင် တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ရှင်းပြဖို့ကောင်းတယ်" ဟု ကျနော်က သတိပေးပြောဆိုလိုက်မိသည်။
"ခက်တာပါပဲဗျာ၊ အထက်က ခေါင်းဆောင်ကြီးတွေက သွေးခွဲပြီး မြှောက်ပင့် လှုံ့ဆော် ပေးထားတော့ နားသွင်းရတာ မလွယ်ဘူးခင်ဗျ" ဟု တယောက်က ပြော၍မဆုံးသေးမီ "ကျနော်တို့အလုပ်သမားတွေကလဲ ခေါင်းဆောင်တွေကသာ ခြေထိုးပြီးမြှောက်ပေးလိုက်ရင် နားယောင်ကုန်ကြတာပဲဗျ" ဟု တခြား တယောက်က ဝင်ရောက်၍ ပြောဆိုသည်။
"ဘယ်သူက သွေးထိုးပေးပေးပေါ့ဗျာ၊ ခင်ဗျားတို့ ခေါင်းဆောင်နေကြတဲ့ အောက်ခြေ အလုပ်သမားတွေကို တတ်နိုင်သမျှ ထိန်းသိမ်းပေးဖို့နဲ့ အသိပေးဖို့တော့ လိုလိမ့်မယ်ထင် တာပဲလေ"
ဟု ပြောဆိုကာ ကျွန်တော်သည် ဆက်ရန်ရှိသေးသော အသုဘတခုအတွက် နာရီကိုလှမ်းကြည့်ရင်း ထိုင်ရာမှ ထလိုက်သည်။
"အလုပ်သမားတွေက ကိုယ့်ဘဝတူ အချင်းချင်း ရိုက်ဖို့နှက်ဖို့ အုပ်ဆိုင်း အုပ်ဆိုင်း လုပ်နေကြတဲ့အခါ အပြင်က လူမိုက်တွေကို ငှားပြီး စအရိုက်ခိုင်း သေးတယ်ဗျာ"
ဟု စကား တခွန်းမှ မပြောသေးသော အလုပ်သမားခေါင်းဆောင်တဦးက အန်ထုတ်ပြောဆိုခြင်း ပြုလိုက်ပြန်သည်။

ကြည့်မြင်တိုင်ကမ်းနားလမ်း အသုဘမှ သမဝါယမ မော်တော်ကားကို စီးနင်းထွက်ခွာ လာသောအခါ ကျွန်တော်၏ ဦးခေါင်းသည် နောက်ကျိ ထိုင်းမှိုင်းလျက် ရှိပေသည်။ ဤ မြန်မာနိုင်ငံတော် အလုပ်သမားလူတန်းစား၏ လွတ်မြောက်ရေးတိုက်ပွဲ အရေးတော်ပုံတွင် အလုပ်သမား လူတန်းစားအား ရှေ›ဆောင် ရှေ့ရွက်ပြုလျက်ရှိကြသော အလုပ်သမား လူတန်းစား တပ်ဦးပါတီများ အကွဲကွဲ အပြားပြားဖြစ်နေသလောက် မှိုလိုပေါက်နေရသော အလုပ်သမားသမဂ္ဂများနှင့် အစည်းအရုံးများ၏ အကြောင်းကို ခုနှစ်စဉ် အမျှင်တန်းတွေးမိရင်း ရင်ထဲ၌လည်း မောပန်းလာမိသည်။
"ဟုမ်းလမ်း ဆင်းနိုင်ပါပြီရှင်" ဟူသော သတိပေးသံကို ကြားလိုက်ရတော့မှ ထိုအတွေးသည် ပြတ်၍ သွားကာ ကားပေါ်မှ ဆင်းလာခဲ့ရသည်။
(၅)
ထီးတန်းအလုပ်သမားအစည်းအရုံးက အသုဘသည်လည်း ကြည့်မြင်တိုင်က အသုဘ နှင့်မခြား စည်ကားခမ်းနားသည်ကို တွေ့ရသည်။ အကြောင်းမသိ သူများအတွက်ဆိုလျှင် လူကုံထံတဦး၏ အသုဘဟု ထင်မှတ်သွားစရာရှိသည်။ အလုပ်သမားများ မသေဆုံးမီက ကျွဲလို၊ နွားလို ညှဉ်းပန်းခိုင်းစေလျက် အမျိုးမျိုးခေါင်းပုံဖြတ် မိုက်ကြေးခွဲခဲ့ကြပြီးနောက်၊ ယခုကဲ့သို့အလုပ်သမား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခိုင်း၍ သေကြေပျက်စီးသောအခါမှ ၎င်းတို့၏ အသုဘကို ယခုကဲ့သို့ တခမ်းတနားဆင်ယင်ခြင်း၌ ဘာအဓိပ္ပာယ်ရှိသနည်း။ ဘယ်လိုအဓိပ္ပာယ်ရှိကြမည်နည်း။
ကျွန်တော်သည် တခုသော အဓိပ္ပာယ်ကိုသာတွေ့၏။ ထိုအဓိပ္ပာယ်သည်ကား တခြားတော့မဟုတ်။ ပစ္စည်းမဲ့ အလုပ်သမားများ၏ အသက်သွေးခဲဖြင့် မိမိတို့ နိုင်ငံရေး အမြတ်ထုတ်မှုတခုတည်းကိုသာ မိုက်မိုက်မဲမဲနှင့် မှားမှား ယွင်းယွင်းလုပ်ကိုင်လျက် ရှိကြသော နိုင်ငံရေးသမား လူမိုက်များ၏ လုပ်ကြံမှုသာဖြစ်သည်။ မိုက်တွင်းနက်မှုသာဖြစ်သည်။
ကြည့်မြင်တိုင်ဘက်မှ အသုဘကဲ့သို့ပင် ထီးတန်းအသုဘ၌ အချိုပွဲ၊ အချဉ်ပွဲများဖြင့် တခမ်းတနား ဧည့်ခံကျွေးမွေးသည်။ လာရောက်မေးမြန်းကြသော ပရိသတ်သည်လည်း စည်ကားသည်။

"အကြမ်းဖက်ခြင်းကို ပြန်လည်တိုက်ခိုက်ကြလော့" ဟူသော ကြွေးကြော် သံကို အသုဘ၏ ခေါင်းစည်းအဖြစ် ဆွဲထားသည်။ကျွန်တော်တယောက်တည်း ထိုင်လျက်ရှိသော စားပွဲသို့ မိုင်လိုနှင့် ဘီစကွတ်မုံ့များကို လာရောက်ချပေးရင်း၊ ထိုသို့လာချပေးသော အလုပ်သမား ခေါင်းဆောင်က ကျွန်တော့်အနီးတွင် ထိုင်လိုက်သည်။
"သတင်းစာ ရပ်ပြီးသွားပြီးတဲ့နောက် ဂျာနယ်ပြန်ထွက်ဦးမယ်ဆိုလို့ ကျနော်တို့လဲ အားခဲပြီးမျှော်နေကြတယ်။ ဘယ်တော့လောက်ပြန်ထွက်နိုင်မလဲ" ဟု ထို အလုပ်သမား ခေါင်းဆောင်က ၎င်းတို့၏ ရဲဘော်လင်းယုန်အကြောင်းကို စတင်၍ စုံစမ်းမေးမြန်းလေသည်။ ထို့ကြောင့် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောလိုက်သည်။
ထိုအသုဘ၌ ခေတ္တတဖြုတ်လောက်ထိုင်ပြီး ထလာသောအခါ ကျွန်တော့်အား လာရောက်ဧည့်ခံစကားပြောသော အလုပ်သမား ခေါင်းဆောင်သည် ကျွန်တော့်အား ဟုမ်းလမ်းထိပ် မော်တော်ကားမှတ်တိုင်သို့ အရောက် လိုက်ပို့သည်။
"ခက်တာပါပဲဗျာ...... နှစ်ဘက်စလုံးက အလုပ်သမားတွေက တဘက်နဲ့ တဘက် ဧရာမ ရန်သူကြီးတွေလို့ မြင်နေကြတယ်။ တဦးနဲ့တဦးလူချင်းတွေ့လိုက်ရင်ပဲ စားတော့ ဝါးတော့မယ့်အတိုင်း သဲသဲမဲမဲဖြစ်နေကြပြီ" ဟု ထိုအလုပ်သမား ခေါင်းဆောင်က ၎င်း လက်တွေ့ ဦးဆောင်မှုပေးနေသော အလုပ်သမားလောက၏ အခြေအနေနှင့် ဆက်ဆံရေးကို တိုတိုနှင့် လိုရင်းရောက်အောင် ပြောပြသည်။
"နိုင်ငံရေးသမား လူမိုက်တွေက သူတို့ပါတီနဲ့ သူတို့အဖွဲ့အတွက် တခုတည်းသာ ကြည့်ပြီး ခင်ဗျားတို့ အလုပ်သမားတွေကို အခုလို အချင်းချင်း သတ်ဖြတ်ခိုင်းနေတာကတော့ မတရားဘူးပေါ့ဗျာ။ ဒါပေမယ့် လူမိုက်ကိုပြောလို့ ရတာမဟုတ်တော့၊ ခင်ဗျားတို့လို အသိဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက ကိုယ့်တပ်သားတွေကို ကိုယ်ပြန်ထိန်းပေးဖို့ တာဝန် ရှိကြလိမ့်ထင်တယ်" ဟု ကျွန်တော်က မိမိ သဘောထားနှင့် ထင်ချက်ကို ပြောဆိုလိုက် မိသည်။
"ကျနော်တို့ တတွေကလဲ တတ်နိုင်သလောက်တော့ ထိန်းလျက် သိမ်းလျက် ပါပဲဗျာ။ ဒါပေမယ့် အထက်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က အလုပ်သမားတွေကို အရက်တွေ ဘာတွေ တိုက်ပြီး၊ နင်းကန် မြှောက်ပင့်ပေးနေတော့ ထိန်းရတာသိပ်မလွယ်ဘူးဗျ"
"ဒီလိုဆိုရင်လဲ အထက်ကခေါင်းဆောင်ကြီးတွေ လုပ်နေခိုင်းနေတာ မဟုတ်မမှန်တဲ့ အကြောင်း အောက်ခြေအလုပ်သမားတွေကို ဖွင့်ချပါလားဗျာ"
"ရဲဘော် အခု ပြောသလိုသာ လုပ်ရင် ကျနော်တို့ကို အရင်ဦးဆုံး ဖျောက်ပစ်လိုက် တော့မှာပေါ့"
ထိုသို့ စကားကုန် ဖွင့်ပြောလာသည့်အတွက် ကျွန်တော်သည် နောက်ထပ်၍ အကြံ ပေးနိုင်ရန် စဉ်းစားရှာဖွေ၍ မရတော့ပေ။
သက်ပြင်းကိုသာ ချလိုက်မိသည်။နေအိမ်သို့ပြန်ရန် ကားပေါ်သို့ တက်ခါနီး၌ ထိုအလုပ်သမားခေါင်းဆောင်က ယခု သေဆုံးသွားရသော ကုန်တင်ကုန်ချ ကူလီ အေးမောင်၏ နောက်ပိုင်း၌ ကျန်ရစ်ခဲ့သော ရာဇဝင် ကလေးတခုကိုလည်း မမှီ မကမ်းနှင့် ပြောဆိုဖြစ်အောင် ပြောဆိုလိုက်သေးသည်။
"ရဲဘော် အေးမောင်ကြီး၊ မယား မကြည်နှင့် ကလေး နှစ်ယောက်အတွက်တော့ အခုထက်ထိ ဘာမှလုပ်ပေးမယ်လို့ ပြောသံဆိုသံ မကြားသေးဘူး၊ အိုဗျာ... လုပ်ပေး လိမ့်မယ်လဲ မထင်တော့ပါဘူး"
နေအိမ်သို့ ပြန်၍ရောက်သောအခါ ထိုနေ့အဖို့ ဖတ်၍ မပြီးသေးသော သတင်းစာ ဂျာနယ်များကို မဖတ်နိုင်သေးဘဲ နာရီပိုင်း တွင်းလောက်က ကျွန်တော် သွားရောက် ဝတ်ပြုခဲ့ ရသော အသုဘနှစ်ခုကိုသာ နှိုင်းယှဉ်စဉ်းစားနေမိသည်။
ရန်ကုန်ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမား ဘဝတူများဖြစ်ကြသော ကူလီ ထွန်းတင်နှင့် အေးမောင်ကြီးတို့သည် တဦးနှင့်တဦး ရိုက်နှက် တိုက်ခိုက်ရင်း နှစ်ဦးစလုံး သေဆုံးခဲ့ရလေပြီ။ ဤကဲ့သို့ ဘဝတူအလုပ်သမား အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရင်း သေဆုံးခဲ့ရသည့်အတွက် ၎င်းတို့နှစ်ဦးစလုံးအတွက်ရော၊ ပစ္စည်းမဲ့အလုပ်သမားလူတန်းစား တလောကလုံးအတွက်ပါ မည်သည့် အကျိုးအမြတ်များရရှိခဲ့သနည်း။
ကူလီထွန်းတင်နှင့် အေးမောင်ကြီးတို့၏ နောက်ပိုင်း၌ မယားမုဆိုးမများနှင့် လူမမယ် ကလေးများ မျက်လုံးသူငယ်နှင့် ကျန်ရစ်ခဲ့ကြ၏။ အလုပ်သမားလောကအနေနှင့်မူကား အလုပ်သမားတို့၏ သွေးသာလျှင် မြေသို့ကျခဲ့ရလေပြီတကား။

ဗန်းမောင်တင်အောင်
ရှုမဝမဂ္ဂဇင်း
Written by ကမာနီလာ Saturday, 27 October 2012 10:36 

သစ်ရွက်ကြွေမှတ်တမ်း

နိုဝင်ဘာလထဲရာက်ပြီဆိုရင် ဂျပန်မှာ မိုမိဂျီ (モミジ) လို့ခေါ်တဲ့ မေပယ်လ် (Mabel ) သစ်ရွက်တွေ အရောင်ပြောင်းတတ်ကြပါတယ်။ အထူးသဖြင့် နိုဝင်ဘာလထဲမှာ မေပယ်လ်အရွက်တွေ အရောင်ပြောင်းကြတာဟာ တပင်လုံးဖွေးဖွေးလှုပ် နီတဲ့အပင်ကနီ၊ ၀ါတဲ့အပင်က ၀ါနဲ့ အလှခြင်းပြိုင်ပြီး လှခြင်းတိုင်းလှနေတော့တာပါ။


ဒီလိုလတွေမှာ အရွက်တွေ အရောင်ပြောင်းတာကိုကြည့်ဖို့ လူတော်တော်များများလည်း ခရီးထွက်ကြတဲ့ရာသီမို့ ကျွန်တော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့ သောကြာနေ့က အစိုးရ ရုံးပိတ်ရက်ဖြစ်နေတာနဲ့ခရီးထွက်ခဲ့ပါတယ်။ သွားရောက်ခဲ့တဲ့နေရာကတော့ ဂျပန်မှာ အထင်ကရနေရာတစ်ခုဖြစ်တဲ့ တိုးချိဂီ ခရိုင်မှာရှိတဲ့ နီကိုးတောင်ပေါ်(Nikko) ဆီကိုပါ။ လလယ်လောက်သွားရင် အကောင်းဆုံးဖြစ်ပေမယ့် ကိုယ်ရောက်ရှိသွားတဲ့အချိန်ဟာလည်း သိပ်တော့ နောက်မကျသေးဘူးပြောရမှာပါပဲ။
အပင်ပေါ်မှာ နီတစ်ချို့ဝါတစ်ချို့ ဝေနေဆဲ။ ဆောင်းလေအေးတစ်ချက်အဝှေ့မှာ အပင်ပေါ်က အရွက်လေးတွေ လေမှာဝဲပျံပြီး မြေပြင်မှာ တိတ်ဆိတ်စွာ ခဆင်းလို့ လှဲလျောင်းနေကြတာတွေကို ကြည့်မြင်ရသူအတွက်တော့ အပင်ပေါ်မှာ ကြွားကြွားဝံ့ဝံ့လှပနေတာ ကြည်နူးမိသလို။ မြေပြင်ပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်လေး လှဲလျောင်းရင်း နွမ်းခြောက်သွားတဲ့ အရွက်လေးတွေဟာလည်း မမြဲတဲ့ သင်္ခါရသဘောတရားကို အမှတ်ရမိစေတာမို့…. မကြွေခင်ဝေနေတဲ့ ဘ၀လေးမှာ ရိုးသားစွာရှင်သန်ရင်း ဘ၀ကိုအေးချမ်းစွာဖြတ်သန်းကြည့်သွားချင်မိတယ်လို့ အိမ်အပြန်ခရီးလမ်းတစ်လျောက်မှာ တွေးရင်းလိုက်ပါလာတော့တယ်။

ရဲရဲတောက်နေတဲ့ မေပယ်လ်ရွက်တွေ

အပင်မှာဝေနေဆဲ

အစိမ်းမှာ အ၀ါဖောက်တယ်

ဝေပြီးရင်တော့ ကြွေ မကြွေခင်မှာ ရိုးရိုးလေးသာဝေ

မမြဲခြင်းတရားကို ဘယ်အရာကမျှ မလွန်ဆန်နိုင်ကြ။ ဖြစ်ပြီးရင်တော့ ပျက်ကြ ဓမ္မတာ။

အ၀ါရောင်လမ်းကလေး

ချစ်ခြင်းဖြင့်
စဆိုရီ           


ရင့်ကျက်မှုအလှ


အဲဒီနေ့က သောကြာနေ့။ မှတ်မှတ်ရရ သောကြာနေ့ညနေ ရုံးကအပြန်။ ကျွန်မအိမ်အပြန်လမ်းတစ်လျှောက် ပေါ့ပါးတဲ့စိတ်တွေနဲ့ လွင့်မျောနေကျအတိုင်း လွင့်လို့။ တစ်ပတ်တော့ ပြီးပြန်ပေါ့ဆိုတဲ့ စိတ်လက်ပေါ့ပါ့းမှုတွေက လူကို မောင်းနှင်လို့။ လမ်းပေါ်မှာ ကြွေရွက်လေးတစ်ရွက် အမှတ်မဲ့ တွေ့လိုက်မိတယ်။


အရောင်လေးက အ၀ါအညိုရောထားလျက်က စိမ်းဝါရောင်လေးသမ်းလို့။ သိတ်မနွမ်း မခြောက်သေးဘဲ ဘာလို့များ ကြွေရှာပါလိမ့်။ ရုတ်တရက် အရွက်ကလေးဟာ ကျွန်မကို လာငြိနေသလို ခံစားလိုက်ရတယ်။ ဒါနဲ့ပဲ အရွက်ကလေးကို အသာအယာကောက်ပြီး လက်ကကိုင်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ ကျွန်မစားပွဲပေါ်တင်ထားရာက လေတိုက်ရင် လွင့်သွားမှာစိုးတာနဲ့ လေကာရာဘက် ရွှေ့ထားလိုက်မိတယ်။
နောက်တစ်နေ့ မိုးလင်းတော့ အရွက်လေးက နိုးနေခဲ့ပြီ။ တစ်ညတာအချိန်ဟာ သူ့ကို ပိုမိုရင့်ရော်စေခဲ့သလိုပဲ၊ သူဟာ နွမ်းခြောက်သွားခဲ့ပြီ။ ကျွန်မ သူ့ကို ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လာတယ်။ အဲဒါ ခုတွေ့နေရတဲ့ ဓါတ်ပုံလေးဖြစ်လာစေခဲ့တဲ့ အကြောင်းပါပဲ။ သူက ခု တွေ့နေရသလို ခြောက်သွေ့လှပ ရင့်ကျက်မှုအလှတွေနဲ့.....

ပုံရိပ်အနုပညာ ခံစားတင်ပြသူ

ချစ်ကြည်အေး

ငြိမ်းချမ်းရေး ကမ္ဘာ



၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ပါ။ ငြိမ်းချမ်းနေတဲ့ ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့တွေအားလုံး အသက်ရှင်ရပ်တည်နေထိုင်နေကြပါတယ်။


မိမိအတွက်၊ မိမိမိသားစုအတွက်၊ မျိုးနွယ်စုအတွက်၊ နိုင်ငံအတွက်၊ အဲဒီ ငါဆိုတဲ့ အတ္တစွဲတွေနဲ့ပဲ ရန်တွေဖြစ်ကြ၊ အမုန်းတွေပွားကြပြီး လူတစ်ဦးနှင့်တစ်ဦး၊ မျိုးနွယ်စုတစ်ခုနှင့်တစ်ခု၊ တစ်တိုင်းပြည်နဲ့တစ်တိုင်းပြည် ရန်လိုမူတွေ၊ အမုန်းပွားနေမူတွေကစလို့ တစ်ဦးကိုတစ်ဦးသတ်ကြ၊ တစ်ဦးမှသည် အများဆိုသလိုပဲ ရန်စစ်မီးတွေတောက်လောင်နေကြတာ ကမ္ဘာ့နေရာတိုင်းမှာ စိတ်မချမ်းမြေ့စွာ မြင်တွေ့နေရမှာပါ။

ဒီရန်စစ်မီးတွေရဲ့ အကျိုးဆက်တွေကြောင့် မိတကွဲဖတကွဲတွေဖြစ်ခဲ့ရတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ ဘ၀အနာဂတ်တွေ ပျောက်ကွယ်ခဲ့ရတယ်။ ကျွန်တော်တို့ခင်ဗျားတို့အားလုံးကို ထမ်းပိုးထားရတဲ့ ဟောဒီကမ္ဘာမြေကြီးဟာ သန့်ရှင်းစင်ကြယ်ပြီး ငြိမ်းချမ်းစွာတည်ရှိနေတာပါ။

အသက်ရှင်သန်နေထိုင်ခွင့်ရတဲ့ အချိန်လေးမှာ အတ္တကြောင့်ဖြစ်ပေါ်လာတဲ့ မလိုမုန်းတီးမူတွေ၊ သတ်ဖြတ်နေမူတွေကို ရပ်တန်းကရပ်သင့်ပါပြီ။

သင်ရဲ့ မျက်ဝန်းတစ်စုံကို ပိတ်လိုက်ပါ။ စိတ်တွေကို လျော့ချလိုက်ပြီး နားတစ်စုံနဲ့နားထောင်ကြည့်လိုက်ပါ။

ကမ္ဘာမြေပေါ်မှာ ငိုညည်းရှိုက်သံတွေ၊ ဆာလောင်မွတ်သိပ်မူတွေနဲ့ အမိအဖပျောက်လို့ ငိုကြွေးနေတဲ့ ကလေးငယ်တွေရဲ့ အသံတွေအပြင် ကျွန်တော်တို့အားလုံးကို ထမ်းပိုးထားရတဲ့ ကမ္ဘာမြေရဲ့ ရှိုက်ငိုသံတွေကို ကြားကြရမှာပါ။

ကိုယ့်ကိုယ်ကို ချစ်အောင်လုပ်ပါ။ ကိုယ်နဲ့ဆက်စပ်နေသူအားလုံးကို ချစ်ပါ။ ပြီးတော့ ကမ္ဘာမြေပေါ်မှာရှိသမျှ အားလုံးကို ချစ်တတ်တဲ့ စိတ်လေးနဲ့ ကြည့်လိုက်ပါ။

ကဲ….အမုန်းလက်နက်တွေချလိုက်ပြီး ကမ္ဘမြေအတွက် ငြိမ်းချမ်းရေး သီချင်းတွေ သီဆိုလိုက်ကြရအောင်ပါ။

ပုံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဒီပုံလေးက  ငြိမ်းချမ်းရေးအတွက်ဖော်ဆောင်ဖို့ ဖန်တီးရိုက်ယူခဲ့တာပါ။ ပုံကို အ၀ါရောင်နဲ့ မိုးပြာရောင် အရောင်ရင့်တွေကို တွဲဖက်သုံးထားပါတယ်။  ကဗျာဆရာ၊ စာရေးဆရာတွေက စကားလုံးတွေကို ကစားပြီး သူ့အနုပညာကို ပုံဖော်တည်ဆောက်ပါတယ်။ ပန်းချီ၊ဒီဇိုင်းနဲ့ ဓာတ်ပုံဆရာတွေကတော့ အရောင်တွေကို ကစားပြီး သူတို့ပြချင်တဲ့ အကြောင်းအရာတွေကို အရောင်တွေနဲ့ ထုဆစ်၊ခြယ်မှုန်းပုံဖော်တင်ပြပါတယ်။

အခုပုံမှာ အ၀ါရောင် လခြမ်းပုံလေးက ငြိမ်းချမ်းခြင်း၊ အေးမြခြင်းနဲ့ မျော်လင့်ခြင်းကို အဓိကပုံဖော်ထားတာပါ။ အ၀ါရောင်ဟာ လူအများနှင့် ရောနှော နေထိုင်လိုခြင်း၊ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံ လိုခြင်း၊ အကောင်းဆုံးတွေ ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ကိုလည်း  ဖြစ်စေပါတယ်။ အရှေ့အာရှ နိုင်ငံတွေမှာ အ၀ါရောင်ဟာ ဘာသာတရားနဲ့ ဆက်နွယ် နေတဲ့ အရောင်ဖြစ်ပြီး ရိုသေကိုင်းရှိုင်းမှု နဲ့ ကြည်ညိုသဒ္ဓါကို ဖြစ်စေလို့ ရဟန်းတော်များဟာ အ၀ါရောင် များကို ၀တ်ဆင် လေ့ရှိကြပြီး မြင့်မြတ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။

အပြာရောင်ကိုသုံးတာထက် မိုးပြာရောင်ကို သုံးထားပေးပါတယ်။ မိုးပြာရောင်ကိုသုံးတာရာမှာ ကမ္ဘာလုံးပုံသဏ္ဌာန်မှာ ပန်းပွင့်လေးတွေ ထည့်ထားပေးပါတယ်။ ငြိမ်းချမ်းရေးပန်းပွင့်တွေ ကမ္ဘာပေါ်မှာပွင့်လန်းစေချင်တဲ့ ဆန္ဒကို ပုံဖော်ပေးထားတာပါ။

မိုးပြာရောင်ကို သုံးတာက  အာကာသကောင်းကင်လို လွတ်လပ်ခြင်း၊ စိတ်တွေဟာ တိမ်စိုင်တိမ်ခဲတွေမှာ ငြိတွယ်နေသလို  ငြိမ်သက်ခြင်းနဲ့အေးမြလွတ်လပ်ပေါ့ပါးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေအောင်လို့ အရောင်တွေနဲ့ပါ စကားပြောပေးထားတဲ့ ပုံရိပ်အနုပညာ တစ်ခုပါ။ အခုမြင်တွေ့ရတဲ့  ငြိမ်းချမ်းရေး ကမ္ဘာ ဆိုတဲ့ အမည်ပေးထားတဲ့ ပုံရိပ်အနုပညာဖြစ်ပေါ်လာဖို့ ကူညီပေးခဲ့တဲ့ ကျွန်တော်ချစ်သော မိတ်ဆွေတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ချစ်ခြင်းဖြင့်

ကမာနီလာ (sasori jp )

light for light

Long Exposure Image, University of Southern Califonia (USC)
Photo by Ko Thet
Place     Long Exposure Image, University of Southern Califonia (USC)

ပုံရိပ်အနုပညာ ၂

ဂျပန်မှာက ရာသီအလိုက် ပွင့်တဲ့ပန်းတွေ ပေါ်မူတည်ပြီး ပန်းကြည့်ပွဲတွေ လုပ်တတ်ကြပါတယ်။ ယခုမြင်တွေ့ရတဲ့ ပန်းကတော့ ဂျပန်လို AJISAI (အဂျီစိုက်) လို့ခေါ်တဲ့  ပန်းတွေပါ။ AJISAI ပန်းဟာ အာရှနိုင်ငံတွေထဲက တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှားနဲ့ အမေရိကားတို့မှာ ပွင့်တဲ့ ပန်းဖြစ်သလို ပန်းပွင့်ချပ်တွေ အစုအဝေးနဲ့ အဆုပ်အခဲလိုက် ပွင့်တတ်ကြတာမို့ မြင်သူရဲ့ စိတ်နှလုံးကို ဆွဲငင်ဖမ်းညှိ့ ယူနိုင်တဲ့ ပန်းအမျိုးအစား ဖြစ်သလို ပန်းရဲ့အရောင်က အဖြူရောင်ဖြစ်ပြီး တခြား အရောင်တွေဖြစ်တဲ့ အပြာရောင်၊ အနီရောင်၊ ပန်းရောင်နဲ့ ခရမ်းပြာရောင် အရောင်တွေလည်း ရှိကြပါသေးတယ်။
အခုသွားရောက် ရိုက်ကူးခဲ့တဲ့ နေရာကတော့ ဂျပန်ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်လို့ နာမည်ကြီးနေတဲ့ ကျိုတိုမြို့နဲ့ နရမြို့ ကြားထဲမှာ တည်ရှိနေတဲ့ ဥဂျီ(Uji)မြို့က မိမုရိုဒိုဂျီ(Mimurodoji)ပန်းခြံမှာဖြစ်ပါတယ်။ နေ့ဘက်မှာသာ ပန်းကြည့်ပွဲတွေကို ပြုလုပ်တတ်ကြပေမယ့် ညအမှောင်ထု အောက်က နီယွန်မီး အလင်းတွေနဲ့ လှချင်တိုင်း လှနေတဲ့ AJISAI ပန်းတွေကို ကြုံတောင့်ကြုံခဲ ရိုက်ကူးခဲ့တာမို့ ခံစားဖို့ မျှဝေတာပါ။
ဓာတ်ပုံ - ကမာနီလာ






ပုံရိပ်အနုပညာ ၁

byodoin temple
Photo by Kamar Nilar
Place     Byodoin Temple (Uji)
Kyoto,Japan

ဂျပန်မှာ ကြတ်တဲ့ လ


ဒီဇင်ဘာလ ၁၀ ရက်နေ့က ကောင်းကင်မှာ လကြတ် သွားတာပါ။ ယခု လကြတ်ခြင်းဟာ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ၉ ကြိမ်သာ မြင်တွေ့ ခွင့်ရတာမို့ ကြုံတောင့်ကြုံခဲ မြင်တွေ့ခွင့် ရခဲတဲ့ အခွင့်အရေးမို့ Nikon ကင်မရာ ထုတ်ပြီး ဖုန်တက်နေတဲ့ Nikon zoom 70x 300 ကိုထုတ်ပြီး အနီးကပ် ရိုက်ယူ ထားလိုက်တာပါ။
ဂျပန် ကနေ လှမ်းမြင်ရတာကို ရိုက်ထားတာမို့ "ဂျပန်မှာ ကြတ်တဲ့ လ"လို့ဘဲ အမည် ပေးလိုက်ပါတယ်။ အယူတော် မင်္ဂလာကောက်တဲ့ ဆရာတွေ ကတော့ ငလျင်လှုပ်ခြင်း၊ လကြတ်ခြင်း၊ နေကြတ်ခြင်း၊ ဥက္ကာကျခြင်း၊ အရပ်မျက်နှာများမှာ မီးလောင်နေသလို ဖြစ်ပေါ်နေခြင်းနဲ့ တိမ်နီတာတွေကို ဥပါဒ်ကြီး ငါးပါးအဖြစ် သတ်မှတ်ထားပြီး အယူတော် မင်္ဂလာကောက်ယူပြီး နမိတ်ဖတ် ပြောကြားကြပါတယ်။

KMNL

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ခြင်း (၁) လပြည့် အမှတ်တရ ကျင်းပမည်။

                                            















၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။

၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ့ထ့က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။
၁၉၆၃ - ''သိန်းဇံ'' ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် ''မှတ်ဥာဏ်နှင့် အတွေးအခေါ်'' (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘ၀)ကို စတင်ရေးခဲ့။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် ''နန္ဒသိန်းဇံ''အမည်သို့ ပြောင်းလဲရေးသားခဲ့။
၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့်ရတနာမွန်အပါအ၀င် အခြားစာနယ် ဇင်းအမျိုးပေါင်း(၄)ခုတွင် ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့။
၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြစ်သည်။
၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်။
၁၉၇၀ - ၇၂ - (၂၄ရက် သြဂုတ် ၁၉၇၀မှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့။
၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ်အမှုထမ်းခဲ့။
၁၉၇၉ - (၁၉ရက် သြဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ''ဘ၀ခရီးအတွက် အတွေးအမြင်များ'' ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ''ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း'' စာအုပ်သည် ထင်ရှား လူကြိုက်များ။
၁၉၇၉ - ၈၀ - (၁၅ရက် ဖေဖော်ဝါရီ ၁၉၇၉မှ ၇ရက် ဖေဖော်ဝါရီ ၁၉၈၀ထိ) ထားဝယ်ကောလိပ်ဌာနမှုး။
၁၉၈၀ - သြဂုတ် (၂)ရက်မှ အောက်တိုဘာ(၁၀)ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ။
၁၉၈၀ - ၈၆ - (၁၁ရက် အောက်တိုဘာ ၁၉၈၀မှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက။
၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိကဌာနမှုး။
၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်န၀ါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် အမှုထမ်း။
၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉၇ထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် အမှုထမ်း။
၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉၇မှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်း။
၁၉၉၈ - ဒီဇင်ဘာလတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ရင်း ထေရ၀ါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရ၀ါဒဗုဒ္ဓဘာသာမှပြန်လည်ချေပချက်များနှင့်စိန်ခေါ်မှုကိုတုန့်ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရ၀ါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ယခုတိုင် အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်လျက်ရှိ။
၂၀၀၄ - ဧပြီ(၁)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရ။
၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှုးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်။ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ။ ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ။ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည် ကွယ်လွန်ချိန်အထိ စာနယ်ဇင်းများတွင် ပါ ၀င်ရေးသားခဲ့ပြီး (၁၄-၈-၂၀၁၁) ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်သည်။



''ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ''
၁။ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ
၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ
၎။အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ
၅။စီးပွားရေးနှင့် စစ်ရေးဗျူဟာ
၆။ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
၇။မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ
၈။မြန်မာ့ယဉ်ကျေးမှု သင်္ကေတ''ကြာ''
၉။ဖြေဆည်ရာ
၁၀။ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ
၁၁။နက္ခတ်ဗေဒင်နှင့်မြန်မာ့အတွေးအမြင်အစဉ်အလာ
၁၂။မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
၁၃။အသွင်သဏ္ဍာန်တို့ နောက်ကွယ်၌
၁၄။အရိမဒ္ဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ
၁၅။မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ
၁၆။တွေးချိန်ချင့်စရာ
၁၇။Through Life}s Perils
၁၈။ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ
ကိုကား www.myanmarbookshop.com/ နှင့် google

Written by ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် Thursday, 08 September 2011 01:19 

ဧည့်သည်ကြီး



“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
 
ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။
၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသားကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီးနေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။
ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။
ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူကမန္တလေး ဥယျာဉ်တန်း မှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း)နေတယ်။
ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။
တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။
ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့ နှစ်ယောက်ကို ငေးကြည့်နေသလိုလို။
ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။
အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။

ဆေးလိပ်လည်းတို
နေလည်းညိပြီ
ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့
ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။
ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။
“ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က …
“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။
မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။
“ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။
ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။
ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။
“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။
“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။
“ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။
ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။

တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ)
၂၇၊ ၇၊ ၂၀၀၀
ရွှေမော်ကွန်းမဂ္ဂဇင်း

တာရာမင်းဝေ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အမှတ်တရ ကျင်းပပြုလုပ်မည်။

တာရာမင်းဝေ ကွယ်လွန်ခြင်း (၅) နှစ်ပြည့်  အမှတ်တရ
လူငယ်စာဖတ် ပရိတ်သတ်တွေရဲ့ အသည်းစွဲ ကဗျာဆရာရွှေဘုန်းလူ ( ခ ) တာရာမင်းဝေ ကွယ်လွန်သွားခဲ့တာ သြဂုတ်လ ( ၅ )ရက်နေ့ ဆိုရင် ( ၅ )နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။
“သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားရှိသော်ငြားလည်း ဆရာ တာရာမင်းဝေ အတွက် အဲဒီစကားက မမှန်ခဲ့ပါဘူး။
လူသေသွားပေမယ့် တာရာမင်းဝေ ဖန်တီးခဲ့တဲ့ ကဗျာ၊ စာပေအနုပညာတွေ ကတော့ ယနေ့အချိန်ထိ အောင်မြင်လူကြိုက်များနေတုန်းပဲ ဖြစ်သည်။
ဆရာတာရာမင်းဝေ ရဲ့ ကွယ်လွန်ခြင်း အမှတ်တရ ( ၅ )နှစ်ပြည့် အဖြစ် ၂၀၁၂ခုနှစ်၊ သြဂုတ်လ၊ ( ၄ )ရက်
(စနေနေ့) နေ့လည်( ၂ )နာရီမှ ( ၄ ) နာရီအထိ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မှာရှိတဲ့ CITY STAR HOTEL မှာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး
အမှတ်တရ ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းထားရှိကြောင်း သိရှိရသည်။

~ ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် ~

တာရာမင်းဝေ

တာရာမင်းဝေ၏ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ (သတင်းထောက်) ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

ငယ်ဘ၀ သူငယ်တန်း မှ စတုတ္ထတန်း အထိ တောင်ဥက္ကလာ အမက (၁ဝ) တွင်၎င်း၊ ပဉ္စမတန်းမှ ဒဿမတန်း အထိ ရန်ကင်း အထက (၂)တွင်၎င်း ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၆-ခုနှစ်မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် (လှိုင်)ကို အင်္ဂလိပ်စာ အဓိကနှင့် တက်ရောက် သင်ကြားခဲ့ပြီး အရေးအခင်းနှင့်အတူ ကျောင်းမပြီးခဲ့ပေ။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း(၁) လမ်းမှာ နေထိုင်သူ ဖြစ်သည်။

ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့ပါသည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။

၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောက ထဲကို ခြေစုံပစ် ဝင်ရောက် ခဲ့ပါသည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန် ၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ပဲ ဖြစ်သည်။

၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် 'ပန်းခေတ်က လမင်း' ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့ပါသည်။

၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်၎င်း ၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် ၎င်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့ပါသည်။ မီးခိုးဖြူ ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့ပါသည်။

၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အားလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့ပါသည်။ စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။ တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောက် ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။ အဲဒီ မတိုင်ခင်ကလည်း ကိုသူရ(ဇာဂနာ)တို့နဲ့ အတူ ဇာတ်ညွှန်းများကို ရေးသားခဲ့ပါသေးသည်။

တာရာမင်းဝေ၏ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး၍ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော "ကောင်းကင်အကြွေ ကောက်တဲ့လက်"၊ ဒါရိုက်တာ လွင်မိုး ရိုက်ကူး၍ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင်ထားသော "တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေး"တို့သည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သော "မြင်းစီးထွက်သော အိပ်မက်များ" ရုပ်ရှင် မှာ ပြည်တွင်းတွင် ပြသခွင့်မရခဲ့ပေ။

၁၉၉၈-ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၄)ရက်တွင် မခင်မေဝင်း (စာရေး ဆရာမ မနော်ဟရီ)နှင့် လက်ထပ်ခဲ့ပြီး၊ သား တစ်ဦး ထွန်းကားခဲ့သည်။ ဘဝနိဂုံး လူနံပါတ် (၁၃) ဝတ္ထုတို စုစည်းမှုနှင့် နက္ခတ် ရစ်သမ်ကဗျာ စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝ၇ ခု၊ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ကွန်လွယ်ချိန်တွင် ဇနီး ဖြစ်သူ စာရေး ဆရာမ မနော်ဟရီ နှင့် သားဖြစ်သူ ခေတ်နေ(ခ) ကြယ်စင်မင်းဝေ တို့ကျန်ရစ်ခဲ့ပါသည်။ တာရာမင်းဝေ ကွယ်လွန်ပြီးမှ လူနံပါတ် (၁၃) စာအုပ်အား နောက်ဆုံးထုတ်ဝေခဲ့သည်။
Source : မှတ်စုစာအုပ်

Written by ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် Friday, 03 August 2012 09:59 

ငှက်တစ်ကောင်၏ ခြေရာတစ်ပိုင်းတစ်စ


“ သူ ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်)ရင် ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ ” ပါ။


အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။

လူတွေသိပ်မသိသေးတဲ့ ငှက်ကြီး ခြေရာတချို့ကို ရေးပြချင်ပါတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စက်များကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂ သောင်းကျော်နဲ့ ဝယ်လိုက်တာပါ၊ နောက် မောင်မောင်ကျော်က တခြား တယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်။

ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။

၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ အဲဒီ “အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ကိုမွန်းအောင်က သီဆိုခဲ့တယ်၊

ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့် သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့ပါတယ်။

အာဏပိုင်ဆိုတဲ့ လူတွေက လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၈ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။

သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။


… အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့
… အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ ..အမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

“ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ကမာနီလာ

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More