ဒီနေ့
နေ့ခင်းက ဆံပင်သွားညှပ်ဖြစ်တယ်။ အဲဒီမှာ ဆံသထိုင်ခုံပေါ်ထိုင်ရင်း
တွေးစရာလေးတွေ ပေါ်လာပါတော့တယ်။ ဆံသဆရာကို အင်္ဂလိပ်လို Barber လို့ ခေါ်တယ်။
သူက ယောက်ျားတွေကို ဆံသပေးတဲ့လူပါ။ Hair Dresser လို့ ခေါ်တာလည်း ရှိပါတယ်။
မြန်မာလိုကျတော့ ဆံသဆရာ၊ ဆံပင်ညှပ်သမား... စသဖြင့် ခေါ်ကြပါတယ်။
နောက်တစ်ခု တွေးမိတာက “ဆတ္တာသည်” ဆိုတဲ့ ဝေါဟာရပါ။ မြန်မာအဘိဓာန်မှာ ရှာကြည့်လေတော့ ပါဠိ “ဆေတ္တာ” ဆိုတဲ့ စကားလုံးက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ “ဆံပင်၊ မုတ်ဆိတ်၊ ခြေသည်း လက်သည်းတို့ကို ရိတ်ဖြတ် ပြုပြင်ခြင်းဖြင့် အသက်မွေးသောသူ” လို့ အဓိပ္ပာယ် ရပါတယ်။ သိပ္ပံအတွေးနဲ့ဆိုရင်တော့ ကိုယ်ခန္ဓာမှာ ရှိနေတဲ့ Dead Cells လို့ ခေါ်တဲ့ ဆဲလ်အသေတွေကို သုတ်သင်ရှင်းလင်းသူလို့ ဆိုကောင်းဆိုနိုင်မှာပါ။ Dead Cell တွေ ဖြစ်လေတာကြောင့်လည်း လှီးဖြတ်တဲ့အခါမှာ မနာကျင်တာပါ။
ဒီနေရာမှာ တစ်ခုတွေးမိတာက နိုင်ငံတော်တော်များများ လူမျိုးတော်တော်များများက ဦးခေါင်းကို အထွတ်အမြတ်ထားကြတယ် ဆိုတာပါ။ တချို့ဆို ခေါင်းကို ပုတ်တာတို့ ကိုင်တာတို့ မကြိုက်ပါဘူး။ ဒီတော့ ဆံသဆရာဆိုတာဟာ လူတစ်ယောက်ရဲ့ အထွတ်အမြတ်ထားရာကို ကိုင်တွယ်ခွင့်ရတဲ့သူလို့လည်း ဆိုနိုင်တယ်။ လူပြိန်းတွေးနဲ့ဆိုရင် VIP တစ်ယောက်လို့ ဆိုရမယ်။ အခြားတစ်ဘက်မှာကျပြန်တော့... စောစောက သိပ္ပံအတွေးနဲ့ ပြန်ကြည့်မယ်ဆိုရင် ဆံပင်ဆိုတာ Dead Cells ပါ။ ဒီလိုဆိုပြန်ရင် ကျွန်တော်တို့ အထွတ်အမြတ် ထားတဲ့ ခေါင်းပေါ်မှာ အသေတွေ အဆွေးတွေ လာတင်ထားသလို ဖြစ်မနေပြန်ဘူးလား လို့ တွေးမိပြန်တယ်။ ဒါကြောင့်ပဲ တချို့လူတွေ ခေါင်းတုံးကေ ထားကြတာလားလို့ တွေးမိပြန်တယ်။

နောက်တစ်ခါ
တွေးမိတာက ဒီ အသေတွေ အဆွေးတွေကိုပဲ... တစ်ပတ်တစ်ခါလောက် လျှော်ပြုပေးရ
လုပ်ရပြန်ပါတယ် ဆိုတာပါ။ သူတို့ အတွက်ကိုပဲ အကောင်းစား Shampoo တွေကို
ဈေးကြီးပေး ဝယ်သုံးရတယ်။ တချို့ Shampoo တွေ ဆိုရင်ဖြင့် Vitamin က A ကနေ Z
အထိတောင် ပါတယ် ဆိုပဲ။ ကလေးအတွေး ဟာသတစ်ခုကို သတိရမိတယ်။ “မေမေ၊ သမီးခေါင်းလျှော်ရည်ပဲ စားတော့မယ်၊ ဘာလို့လဲ ဆိုတော့ သူ့မှာ ဗိုက်တာမင်တွေကော၊ ပရိုတင်းတွေကော အစုံပါတယ်လေ...” တဲ့။ ကဲ... သေနေပါပြီဆိုတဲ့ အရာတွေကို အဲလောက်တောင် ဂရုစိုက်ကြရတာပါပဲလား။
ဆံပင်တွေ
ဖြီးဖို့၊ သင်ဖို့၊ သဖို့အတွက် ဘီးတွေဝယ်ရတယ်။ ဘီးတွေမှ ပုံစံတွေ
အရွယ်တွေက စုံလို့ပါ။ တချို့ကျတော့ ရေချိုးပြီး အခြောက်ခံဖို့ Dryer တွေ
ဝယ်ရပြန်တယ်။ ခုခေတ်က ဆံပင်ဖြောင့်တဲ့ ခေတ်ဆိုတော့ ဆံပင်ဖြောင့်စက်တွေလည်း
တချို့ ဝယ်ရတယ်။ တချို့ကျတော့လည်း ဘီးကုတ်တို့၊ ကလစ်တို့ ခေါင်းချည်တဲ့
ကြိုးတို့။ သိပ္ပံအတွေးနဲ့ ဆိုရင်ဖြင့် အသေတွေကို သနေသလို
ဖြစ်နေပြန်ရော့မယ်။ “မင်းကကော ခေါင်းမလျှော်ဘဲ၊ ဆံပင်မညှပ်ဘဲ
နေနိုင်လို့လား” လို့ မေးကြတော့မယ်။ ကျွန်တော်လည်း မနေနိုင်ပါဘူး။ တော်ကြာ
တာဇံကြီးလို ဖြစ်သွားမှာပေါ့။ ဒါမှမဟုတ် ဆံပင်အရှည်ဆုံး ယောက်ျား ဘာညာ
စသဖြင့်... ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းဝင်ချင် ဝင်သွားမှာပေါ့ဗျာ။
တော်တော်တော့ ဒုက္ခခံရမှာ။
ဆံသဆရာတွေနဲ့ ပတ်သက်တဲ့ Barber Paradox (ယုတ္တိဗေဒ ယုံတမ်း) တစ်ခုတော့ ကြားဖူတယ်။ ရွာတစ်ရွာမှာ လူတွေဟာ ဆံပင် စသည် ညှပ်ချင်ရင်ဖြင့် နည်းလမ်း ၂ ခု ရှိပါတယ်။ တစ်ခုက ကိုယ့်ဘာသာ ညှပ်၊ နောက်တစ်ခုက ဆံသဆရာဆီ သွားခြင်းပါ။ ဒီတော့ အဲဒီ ရွာမှာ ရှိတဲ့ ဆံသ ဆရာက ပြောတယ်... “ကျွန်တော်လိုက်နာတဲ့ စည်းကမ်းက ကိုယ့်ဆံပင်ကို ကိုယ်တိုင် မညှပ်နိုင်တဲ့လူတွေကိုပဲ ကျွန်တော် ဆံပင်ညှပ်ပေးတာပါ” တဲ့။ ရုတ်တရက်ကြားလိုက်ရင်ဖြင့် ဟုတ်သလိုလို ရှိလိမ့်မယ်။ ဒါပေမယ့်... “ဆံသဆရာဟာ သူ့ဘာသာ ဆံပင်ညှပ်သလား” ဆိုတာကို တွေးကြည့်သင့်ပါတယ်။

- တကယ်လို့... ဆံသဆရာဟာ သူ့ဆံပင် သူမညှပ်ဘူးဆိုရင် သူ့စကားအရပဲ သူ့ကိုသူ ဆံပင်ညှပ်ပေးရပါမယ်။
- တကယ်လို့... သူဟာ သူ့ဆံပင် သူညှပ်တယ် ဆိုရင်လည်း သူ့စည်းကမ်းအရ အဲလိုလူကို ဆံပင်ညှပ်မပေးပါဘူးလို့ ဖြစ်လာပါမယ်။
စေ့စေ့တွေးလေ၊ ရေးရေးပေါ်လေ ဆိုသလို သူ့စကားဟာ ယုတ္တိမတန်ဘူး ဆိုတာကို သိလာပါမယ်။
ဒီနေ့ ကျွန်တော့်ကို ညှပ်ပေးတဲ့ ဆံသဆရာကတော့ အဲလို မပြောပါဘူး။ ကျွန်တော့်ဘာသာ တွေးကြည့်မိနေတာပါ။ ဆံပင်ညှပ်တာကို ကျွန်တော့် သူငယ်ချင်း တချို့က ခေါင်မိုးလဲတယ်လို့ ဆိုကြတယ်။ တချို့က ရွဲ့ပြီးတော့... “ဟာ၊ ခင်ဗျား ဖိနပ် သဲကြိုးလဲလာပါလား” ဆိုပြီးလည်း နောက်တတ်ကြသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အဲဒီလို လဲလှယ်ဖို့၊ ဆံသဆရာရဲ့ ပုံဖော်မှုကို ခံယူဖို့အတွက် ကျွန်တော်တို့ ဆံသဆိုင်တွေကို သွားကြရပါတယ်။ သူတို့တွေရဲ့ Service ကို ယူဖို့ (တနည်း) သူတို့ရဲ့ အတတ်ပညာနဲ့ ပြုလုပ်တာကို ခံယူဖို့အတွက် သွားကြတာပါ။ ကျွန်တော်က အဲဒီလို ခံယူထားပါတယ်။
Carving is easy, you just go down to the skin and stop.
(Michelangelo)
“ပန်းပုထုတယ်ဆိုတာ လွယ်ပါတယ်၊ မလိုတာတွေကို လှီးထုတ်ပြီးတဲ့အခါ ရပ်လိုက်တာပါ” လို့ နာမည်ကျော် ပန်းပုဆရာ မိုက်ကယ် အိန်ဂျလိုက ပြောပါတယ်။ ဒီစကားအရဆိုရင်ဖြင့် ကျွန်တော်တို့ကို ဆံပင်ညှပ်ပေးတဲ့ ဆံသဆရာတွေကို နာမည်ကျော် အနုပညာ စာရင်းထဲကို သွင်းလိုက်လို့ ရနိုင်ပါလိမ့်မယ်။ ဟုတ်ပါတယ်... တခါ တခါတွေးကြည့်ရင် ဆံသဆရာတွေဟာ အနုပညာသမားတွေလို့တောင် ခံစားမိပါတယ်။ ကျွန်တော့်တို့ရဲ့ အထွတ်အမြတ်လို့ ဆိုရမယ့် ဦးခေါင်းကို သူတို့က သပ်သပ်ရပ်ရပ် ကိုင်တွယ်ပြီး ပုံသွင်းပေးတာဟာ အနုပညာတစ်ရပ်ပါပဲ။
ဒီတော့ ဆံပင်ညှပ်ဆိုင်ကို ရောက်ရင်ဖြင့် ကျွန်တော်ဟာ ဒီအနုပညာရှင်တွေရဲ့ ပုံဖော်မှုကို ခံယူဖို့ သွားတာ ဖြစ်တဲ့အတွက် ဘာကိုမှ ပြောလေ့မရှိပါဘူး။ ဟိုးအရင် သိတတ်စအရွယ် ဆံပင်ညှပ်ဆိုင် ကိုယ့်ဘာသာ သွားတတ်တဲ့ အရွယ်ကတည်းက ဆံသဆရာရဲ့ ထိုင်ခုံပေါ် ထိုင်လိုက်ပြီးပြီ ဆိုရင်ဖြင့် ကျွန်တော့်ရဲ့ ဦးခေါင်းကို ဆံသဆရာ ပိုင်ဆိုင်သွားပြီလို့ ယူဆပါတယ်။ ကျွန်တော့် ခံယူချက်ပါ။ ဒါကြောင့် ဆံပင်ညှပ်သမားကို ဟိုနေရာလေး ရှည်ပေးပါ၊ ဒီနေရာလေး တိုပေးပါ စသည်ဖြင့် ကျွန်တော် တစ်ခါမှ စောဒက မတက်ဖူးပါဘူး။အဲလို အကျင့်ရှိတဲ့ ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်က “ဆံသဆရာ၏ ခွေး” ဆိုတဲ့ ဟာသလေးကို ပြောပြပါတယ်။

တစ်ခါက လူတစ်ယောက်က ဆံသဆိုင်မှာ ဆံပင်ညှပ်နေတာပါ။ အဲဒီမှာ ဆံသဆရာနား ရစ်သီရစ်သီလုပ်နေတဲ့ ခွေးလေးကို မြင်တော့... “ဒီခွေးက ခင်ဗျားကို တော်တော် ခင်ရှာတာပဲနော်...” လို့ ပြောတယ်။
အဲဒီတော့ ဆံသဆရာက... “မဟုတ်ပါဘူးဗျာ၊ ဟိုတလောက လူတစ်ယောက်ကို ဆံပင်ရိတ်ပေးတုန်းက သင်တုန်းဓါးနဲ့ ဖြတ်မိတဲ့ နားရွက်တစ်ဖက်ကို စားပြီးကတည်းက ခုလို လာနေတော့တာပါပဲ” တဲ့။
သူ့ပုံပြင်က
ရယ်ရမလို၊ ကြက်သီးထရမလိုပါပဲ။ ဆံပင်ညှပ်တာနဲ့ ပတ်သက်လို့ ကျွန်တော်ငယ်ငယ်က
လူကြီး ဖြစ်ချင်ပုံကို ပြောချင်ပါတယ်။ ငယ်ငယ်က ဆံပင်ညှပ်တဲ့ဆိုင်မှာ
ကလေးဆိုရင် သူညှပ်လို့ အဆင်ပြေအောင် ဆံသဆရာက ထိုင်ခုံလက်တန်းမှာ
သစ်သားပြားလေး ခင်းပြီး အဲဒီပေါ်မှာ ထိုင်ခိုင်းပါတယ်။ အစပိုင်းတော့ အဲလို
ထိုင်ရတာကို သဘောကျပါတယ်။ တစ်ရက်မှာ ဘေးနားက လူကြီးတစ်ယောက်ကို
ကြည့်ပြီးတော့ အဲလို သစ်သားပြားလေး မပါဘဲ ထိုင်ချင်ပါတော့တယ်။
လူကြီးဖြစ်ချင်စိတ် ဝင်တာပါ။
ဒါနဲ့ပဲ ဆံသဆိုင်သွားတိုင် ဆံပင်ညှပ်ဆရာကို အဲဒီအပြားမပါဘဲ ညှပ်ပေးပါလို့ တောင်းဆိုတယ်။ သူကလည်း မရဘူး၊ ဒါနဲ့မှ ဖြစ်မယ်လို့ ဆိုပါတယ်။ အဲဒါက ဆံပင်ညှပ်ဆိုင်မှာ ကျွန်တော်တောင်းဆိုဖူးတဲ့ ကိစ္စလေးပါ။ အဲဒီ လူကြီးဖြစ်ချင်တဲ့ရောဂါ ဘယ်အချိန်မှာ ပျောက်သွားလဲတော့ မမှတ်မိပါဘူး။ နောက်ပိုင်း နည်းနည်း အရပ်ရှည်လာတော့ သစ်သားခုံပုလေးခုပြီး ထိုင်ရပါတယ်။ ပထမဆုံး သစ်သားခုံပုလေး မပါဘဲ ထိုင်ရတဲ့နေ့ကတော့ မျှော်လင့်ထားသလောက်လည်း ရင်ခုန်စရာ မကောင်းခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက ဆံပင်ညှပ်ဆိုင်ရောက်ရင်ဖြင့် ဘာမှကို မတောင်းဆိုတော့တာပါပဲ။
မှတ်မိသလောက် ကျွန်တော်တို့ငယ်ငယ်တုန်းက ခေတ်စားတာ ဦးစမုတ်ကေ၊ တချို့က ဘဲမြီးကေလို့လည်း ခေါ်ကြတယ်။ သူက ညှပ်ပြီးရင် ရှည်ဖို့ကြာတဲ့ ပုံစံတွေဆိုတော့ မိဘတွေကအဲဒါမျိုး ညှပ်စေချင်တယ်။ ကျွန်တော်ညှပ်တဲ့ ဆံသဆိုင်က ဦးလေးကြီးက ဗိုလ်ချုပ်တို့ ဂျပန်မှာ စစ်ပညာသင်တုန်းက ညှပ်တဲ့ကေပေါ့လို့ ပြောတတ်တယ်။ နောက် ကျွန်တော်တို့ နည်းနည်း ကြီးလာတော့ ဆံပင်အလယ်ခွဲဆိုတာ ခေတ်စားတယ်။ သူငယ်ချင်းတွေ တော်တော်များများ အဲလိုတွေ ထားကြတယ်။ အဲလိုထားမှ ခေတ်မီတယ်လို့ အဲတုန်းက တွေးခဲ့ကြသေးတာပါ။ ခုနောက်ပိုင်း လူငယ်တွေမှာတော့ အဲလိုမျိုး သိပ်မရှိတော့ဘူးလို့ ထင်တယ်။
ဆံပင်ညှပ်တာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလို့ ပြောရမယ်ဆိုရင် ဘရူနိုင်းနိုင်ငံက ဆူလ်တန်ဘုရင်ရဲ့ ဆံပင်ညှပ်တာကို ပြရပါမယ်။ အင်္ဂလန် နိုင်ငံ လန်ဒန်မှာရှိတဲ့ Dorchester ဟိုတယ် Mayfair မှာ ဖွင့်ထားတဲ့ Modestu ဆိုတဲ့ ဆံပင်ညှပ်ဆိုင်က Ken Modestu ဆိုတဲ့ ဆံပင်ညှပ်သမားကို ခေါ်ပြီး ဆံပင်ညှပ်တယ်လို့ သိရပါတယ်။
သူရဲ့ ဆံပင်ညှပ်သမားကို စတာလင်ပေါင် သောင်းကျော် အကုန်ကျခံပြီး လေယာဉ်အထူးဖြင့် လာရောက်ခိုင်းပြီး ဆံပင်ညှပ်တာဟာ ၁၆နှစ်နီးပါး ရှိခဲ့ပြီ ဆိုပါတယ်။ ဆံသဆရာဟာ ဘုရင်ဆူလ်တန်ဆီကို သုံးပတ်၊ လေးပတ်ခြားစီ ပုံမှန်သွားရပြီး အထူးတန်းကဖြစ်တဲ့အပြင် ဟိုတယ် စားရိတ်၊ စားစရိတ်တွေအပြင် ဆံပင်ညှပ်ခကိုပါ စာအိတ်ထူထူ တစ်လုံးဖြင့် ဘုရင်က ထည့်ပေးတယ်လို့ သိရပါတယ်။
ဆံပင်ကို လှီးဖြတ်ခြင်းမပြုတဲ့အထဲမှာ Sikh ဘာသာဝင်တွေဖြစ်တဲ့ ပန်ချာပီ လူမျိုးတွေ ပါပါတယ်။ ကျွန်တော်နဲ့ အထက်တန်း ကျောင်းနေဘက် သူငယ်ချင်းက ပန်ချာပီတစ်ယောက်ပါ။ သူက ကျောင်းလာတဲ့အခါမှာ ဆံပင်ကို ထုပ်ပေါင်းပြီး လာရပါတယ်။ သူတို့တွေနေတဲ့ရွာမှာ ဆံပင်ညှပ်ဆိုင်ဖွင့်ရင်တော့ ဆိုင်ရှင်ထမင်းငတ်မှာ သေချာပါတယ်။
ကျွန်တော့်ရဲ့ ဆံပင်ညှပ်ဆိုင်က အတွေးစများကတော့ ဒီလောက်ပါပဲ။ ခင်ဗျားတို့ကော... ဘယ်လိုစိတ်ကူးတွေ ခံယူချက်တွေနဲ့ ဆံပင်ညှပ်ဆိုင်ကို သွားကြတာပါလဲ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:
Post a Comment