ပြတိုက်၊ပြခန်းတွေကို၊ ကြည့်ချင်၊
ကြည့်တတ် လာခဲ့သည်မှာ၊ အသက်အရွယ်ကြောင့်ချည်း သက်သက်တော့ မဖြစ်နိုင်။
သမိုင်းတွေကို၊ စိတ်ဝင်စားလာလို့လည်း ၊ ဖြစ်နိုင်သည်။ နေရာအသစ်
တခုကိုရောက်ပြီ ဆိုတာနဲ့၊ အဲဒီ ဒေသ နေရာအရပ်က ၊ ပြတိုက်ကို၊ သွားကြည့်
ဖြစ်အောင် ကြည့်ဖို့က၊ တာဝန် တခုလို ဖြစ်လာသည်။ အဲဒါမှ၊ ဒီဒေသ ၊ ဒီလူတွေရဲ့
နောက်ခံဇစ်မြစ်ကို သိရှိ နားလည်နိုင်မှာ မဟုတ်လား။
အခု ဗြိတိသျှ ပြတိုက်ကြီးကတော့၊ ဒီဒေသ
ဒီနိုင်ငံအတွက်တင် မဟုတ်ပဲ၊ တကမ္ဘာလုံးက၊ လူသားဝန်းကျင် သမိုင်းဖြစ်စဉ်
အထွေထွေကို၊ စုဆောင်းခင်းကျင်းထားလေတာမို့၊ ဘယ်လောက်တောင် စိတ်ဝင်စား
ရင်ခုန်ဖို့ ကောင်းမလဲဆိုတာ၊ စဉ်းစားသာ ကြည့်ပေတော့။
အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ရင်း၊
လူတွေနဲ့ ပြည့်ကျပ်aနတဲ့၊ ၀င်ပေါက်ကြီးဆီ၊ လှေခါးထစ်aတွပေါ်၊
ခပ်မြန်မြန်တက်လိုက်သည်။ ဟုတ်သည်။ မြန်မှဖြစ်မည်။ အကြာကြီး မှင်သက်
ငေးမောနေလို့ မဖြစ်။ လန်ဒန်ကို ၀င်လည်ခွင့်ရတဲ့၊ အချိန်လေး
တရက်နှစ်ရက်ထဲမှာ... လက်ညိုးထိုးမလွဲ၊ ကြည့်စရာ ရှူစရာတွေ ၊
သွားစရာလာစရာတွေကို၊ အချိန်ဇယား ဆွဲတော့၊ လန်ဒန်ပြတိုက်ကြီးအတွက်၊
သုံးနာရီလောက်ပဲ အချိန်ရသည်။ အဲဒီတော့ “အိုကေ. .အီဂျစ်နဲ့အာရှပဲ
ကြည့်ကြမယ်လို့..” အချိန်ဇယားကို ထပ်ချုံ့ရသည်။ နောက်မို့သာဆို၊
သူတို့အဆိုအရ ၊ ဒီပြတိုက်မှာ၊ လက်ရာပစ္စည်းပေါင်း ၆ သန်းခွဲရှိပြီး၊
တခုကို စက္ကန့် ၆၀၊ တမိနစ်လေးပဲ၊ ကြည့်ဦးတော့၊ မနားတမ်းဆက်တိုက်
ကြည့်ရင်တောင်၊ ၁၂ နှစ် ကြာသွားနိုင်တယ်တဲ့ လေ။
အာရှကိုတောင်၊ အရှေ့တောင်အာရှနဲ့တင်၊
အချိန်တော်တော်ပေးရသည်။ အရှေ့တောင်အာရှမှာတောင်၊မြန်မာပစ္စည်းတွေအနားမှ၊
ခွာမရနိုင် ။ ၀င်ဝင်ချင်းမှာကို ထီးထီးမားမား တွေ့လိုက်ရတဲ့၊
ရတနာတွေစီခြယ်ထားတဲ့၊ ကုန်းဘောင်ခေတ် ဗမာ့ဆွမ်းအုပ်ကြီးနဲ့တင်၊ ကျေနပ်
ပီတိတွေက၊ တသိမ့်သိမ့်။ ဘာတွေကို သိမ့်နေမိပါလိမ့်။ တကယ်ဆို
ဒီဆွမ်းအုပ်ကြီးက၊မြန်မာပြည်က အမျိုးသားပြတိုက်မှာ ရှိနေသင့်တာမဟုတ်လား
ဆိုရင်တော့၊ ကိုယ်တိုင်လည်း အသေအချာ ငြင်းချက်မထုတ်နိုင်။ ဒါတွေက စစ်သိမ်း
စစ်နိုင် ပစ္စည်းတွေ ။ ရခိုင်က စစ်သိမ်းလာတဲ့၊ မဟာမြတ်မုနိ ဘုရားကြီးတောင်၊
မန္တလေးမြို့လည်မှာ၊ တင့်တယ်စံပါယ် နေသည်မှာ၊ နှစ်တွေကာလတွေ ဘယ်လောက်
ကြာခဲ့ပြီလဲ။ အခု ဒီမှာ လည်း၊ လော့ဒ်မောင့်ဘတ်တန် သာ၊ လက်ဆောင်အဖြစ်
ပြန်မပေးခဲ့ရင်၊ သီဟာသန ပလ္လင်ကြီး ဘယ်နေရာမှာ ရှိနေလိမ့်မလဲလို့၊ အတွေးပို
ကြည့်ဖြစ်အောင် ကြည့် လိုက်သေးသည်။
တနေရာမှာတော့၊ လှိုက်ကနဲ ဖြစ်သွားပုံက၊ ဆွေမျိုးသားချင်း တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသလို ။ တွေ့လိုက်ရတာက၊ မုန်ဗုံးထဲမှာ ဘောင်ခတ်ထဲ့ထားတဲ့ ၊ ၀ိုင်းဝိုင်းစက်စက် မြန်မာစာလုံးလေးတွေ ။ ရေးထားတဲ့စာကလည်း၊ ငယ်ငယ်ကတည်းက၊ ကျက်မှတ် ရွတ်ဆို အလွတ်ရလာခဲ့တဲ့၊ မြန်မာ ရှေးကဗျာလေး။ အိန္ဒိယရဲ့ ပင်ရင်းအက္ခရာ စာလုံးများဆိုတဲ့ အုပ်စု အောက်မှာ၊ ယှဉ်တွဲပြီး မြင်လိုက်ရတဲ့၊ ၀န်းဝန်း ၀ိုင်းဝိုင်း အခက်အလက်အစုံ နဲ့၊ အရှေ့တိုင်း အက္ခရာလေးတွေ။ ဘင်ဂါလီ၊ တိဗက်၊ တမီးလ်၊ ဆင်ဟာလိ ၊မြန်မာ။ နေပါအုံး.. ထိုင်း စာအက္ခရာ တွေလည်း၊ အဲဒီလို ၀န်းဝန်း ၀ိုက်ဝိုက် ကလေးတွေနဲ့ ပါဌိပါဉ်သားတွေ သုံးတာပဲ မဟုတ်လား ။ ဘာလို့ မပါသလဲ မသိ ။ ထားတော့။ ကိုယ် နားလည်တဲ့ ပညာရပ်တွေ မဟုတ်။



မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်၊ ဘုံဝတိံ သာ
နန္ဒာပေလော၊ တူစွဟုတ္တာ။
ကဗျာလေးကို၊ ပြန်ရွတ်ဆို ကြည့်မိသည်။
ရိုးရှင်းသလောက် ၊ ခမ်းနားသော ရှေးမြန်မာကဗျာကလေး။ စပ်တဲ့သူကို၊ အမည်မသိ။
ခေတ်က၊ ၁၁ ရာစု ဆိုတော့၊ ပုဂံခေတ် ထဲ က၊ ကျကျန်ခဲ့သော၊ စာတို ကလေး
ဖြစ်မည်ပေါ့။ မှန်နန်းရာဇ၀င် ထဲမှာ ပါတဲ့၊ တူရွင်းတောင်ခြေ က၊ မြကန်
ပဲ၊ဖြစ်လိမ့်မည်။ ဘေးက ကပ်ရပ် အင်္ဂလိပ် ဘာသာပြန် ကရော.. ဘယ်သူ ပြန်ဆို
ထားသည် လည်းမသိ။
-Emerald lake-
fed by a mountain stream,
the waters enter running,
and circle cool and clear,
within unbreachable banks,
water lilies are fragrant
and all types of birds abound.
This is so like Nanda
that is in the heavens,
is this perhaps the self-same Nanda lake?
Unknown
11th century
အင်္ဂလိပ် ဘာသာပြန်ကလေးကို ဖတ်နေရင်း၊
အတွေးမှတ်ညဏ်တချို့၊ဖြတ်ကနဲ လင်းလာသည်။ ဒီအင်္ဂလိပ် ဘာသာပြန်ကလေး သည်၊
မြန်မာပြည် အိမ်က၊ စာအုပ်စင်ပေါ်မှာ ရှိတဲ့၊ စာရေးဆရာကြီး
ဦးဝင်းဖေ(မြဇင်) ရဲ ‘ မြကန်သာ’ အင်္ဂလိပ် ဘာသာပြန် ကဗျာပေါင်းချုပ်
စာအုပ်ကလေးထဲက၊ မဟုတ်လား။ ၊ ဒါတွေဟာ၊ တကယ်တော့၊ မြန်မာ ရှေးကဗျာ စာပေတွေ
ကို၊ ခက်ခက်ခဲခဲ ထဲထဲဝင်ဝင် ၊ ဘာသာစကား ဆင့်ပွားပြန်ဆိုခဲ့ကြတဲ့၊
မြန်မာစာဆိုပညာရှင်ကြီးတွေရဲ့၊ နရီ ကာရန် အသံ ဖလှယ်မူ ဘာသာစကား အလှတွေပဲ ။
ဦးဖေမောင်တင်၊ မောင်ဖြူး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ က စလို့ ၊ အခု
ဦးဝင်းဖေ တို့ ပါရဂူ တို့လို ဘာသာစကား ကျွမ်းကျင်ပိုင်နိုင် တဲ့ စာဆို
ပညာသည်တွေ အထိ ... သူတို့တွေ၊ ၀တ်မှုံ ထုံကူး လက်ဆင့်ကမ်း ခဲ့
ကြရင်းနှင့်ပင်၊ ရှင်မဟာ ရဌသာရ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ မြ၀တီဦးစ ၊
မမြကလေး ၊ လှိုင်ထိပ်ခေါင်တင် စတဲ့၊ နန်းသုံးတော်ဝင် ရှေးမြန်မာ ကဗျာ
စာဆိုကျော် တွေ ရဲ့ ၊ မြန်မာ စာလုံး ၀န်းဝန်း ၀ိုင်းဝိုင်း လေး တွေ သည်၊
ဘာသာဗေဒ စည်းဘောင်ကို လွန်မြောက် နိုင်ခဲ့ ကြသည်။ တဂိုး လို
စာဆိုကြီးတွေရဲ့ ဘင်္ဂါလီ အက္ခရာ စာလုံး သွယ်သွယ်ယွန်းယွန်း တွေ က၊
မြန်မာအက္ခရာစာလုံး တွေ အဖြစ်၊ ပြည့်ပြည့် ၀န်းဝန်း ထွန်းလင်း ခဲ့ ရသည်။
လယ်တီဆရာတော် လို၊ ဦးဖေမောင်တင် လို ပညာရှိ တွေ ကြောင့်၊ အနတ္တလက္ခဏာကျမ်း
လို မှန်နန်းရာဇ၀င် လို ၊ ပါဠိ စာပေ ၊ သင်သက်ကရိုက် အက္ခရာ တွေက ၊ ရောမအက္ခရာ
အင်္ဂလိပ်စာ တွေ အဖြစ်၊ ကျယ်ပြန့်ခဲ့ရသည်။
စာပေ အက္ခရာ သင်္ကေတ တွေ ဆိုတာ၊ အသံ ဘာသာ
စကား ထက် ပိုပြီး ထူးခြားနေတဲ့ အပြင်၊ အမြဲ တွဲလျက် လည်း မရှိ နိုင်ဘူး
ဆိုတဲ့ အကြောင်းရင်း တွေ ကို၊ စေ့ငုံတွေးတော နေမိသည်။ အကြမ်းဖျင်း
အားဖြင့်တော့၊ ယဉ်ကျေးမူ လူ့သမိုင်း တခု ရဲ့ အကျယ်အပြော အတိမ်အနက် ကို
ချင့်တွက် ကြည့် နိုင်သည် မဟုတ်လား။ ဒါဆိုရင် ၊ သမိုင်း ဆိုတာ၊
စာပေပညာရှင်တွေက ဖော်ညွှန်းခဲ့ တာလား.. စစ်သေနာပတိ ကြီး တွေက ပုံဖော်
ခဲ့တာလား... ရှင်ဘုရင် အကြီးအမှူး တွေက ကြံစည် ခဲ့တာလား..အနုပညာသည် တွေ
ဝန်းရံ တည်ဆောက် ခဲ့တဲ့ ယဉ်ကျေးမူ တွေ ပဲ လား...။ ယဉ်ကျေးမူ နဲ့ သမိုင်း
ဆိုတာ ...ခွဲခြားလို့ မှ မရတာပဲ။
အဲဒီလို..ယဉ်ကျေးမူ နဲ့ သမိုင်း တွေ
ဆင့်လောင်း ပေါင်းစပ် ထား တဲ့၊ အမျိုးသားယဉ်ကျေးမူ သမိုင်း ပြတိုက်ကြီး
နောက်တခု ကို ၊ မနှစ်နွေ ကပင်၊ ရောက်ခဲ့ သေး သည်မဟုတ်လား...။
++++++++
ပြည်လမ်း ပေါ်မှာ ရှိတဲ့၊ ပြတိုက်သစ် ကြီး
ရဲ့ အရှေ့က၊ ၀င့်ကြွားဟန်ပို လှ တဲ့၊ ယောင်တစောင်း နဲ့ အရုပ်ကြီး သည်၊
ဓါးကြီးကို ခါးကြားချိတ်လျက်...မြန်မာ့ အမျိုးသား ယဉ်ကျေးမူ တွေကို ၊
စောင့်ရှောက် နေ လေဟန်...။
သူကသာ ဓါးကြီး ခါးကြားချိတ်စောင့် နေပေမဲ့..ပြတိုက်ကို လာသူက၊ လောလောဆယ်၊ အ၀င်ပေါက်မှာ..ကိုယ် တယောက်ထည်း..။ အထဲမှာတော့..မိန်းကလေး တအုပ် ကို လှမ်းမြင် လိုက်သည်။ ခြောက်သွေ့ တိတ်ဆိတ်နေတဲ့..နွေနေ့လည်ခင်း တခု အောက်မှာ..သက်တောင့် သက်သာ ထိုင်ရင်း စကားပြောနေကြတဲ့ အစောင့် ၀န်ထမ်း သုံး -လေးယောက် ရဲ့ ခပ်အုပ်အုပ် ရီမောသံက လွဲလို့ သစ်ရွက် ခြောက်သံ တွေ သာပဲ ခပ်ရှဲရှဲ ။ စိတ်ပျက်စရာ ကောင်းတာက အထဲကို ကင်မရာ သယ်ခွင့်မရ ။ ဘာဆို ဘာမှ မသယ်ရ တဲ့ ။ အဲဒီတော့လည်း ၀င်ကြေး ၅၀၀ ကျပ်ပေးပြီး လက်ဗလာ မျက်စိကင်မရာ နဲ့သာ ရိုက် ရ တော့ သည် ။
ဝင်ဝင်ချင်း အခန်းမှာ၊ မှန်ဘောင်အသီးအသီး
ခတ်ပြီး ချိတ်ဆွဲပြသ ထားတဲ့ ၊ ခေတ်နှောင်း ၊ ခေတ်ဟောင်း၊ ခေတ်ပေါ်၊
ခေတ်ပြိုင် စာရေးဆရာ တချို့ ရဲ့ မြန်မာ စာ လက်ရေးမူ တွေက၊ ၀န်းပုံ ၀ိုက်ပုံ
အမျိုးမျိုး၊ ဆွဲပုံ သတ်ပုံ အခြားခြား ။ မှတ်ချက် စာတို လေး တွေ တခုစီ
နဲ့။ အဲဒါတွေ အားလုံး ရဲ့ ကြားထဲ မှာ၊ ထင်ထင်ရှားရှားကြီး ရှိနေတဲ့ ၊
ဆရာကြီး ဦးဖေမောင်တင် ရဲ့ ကြေးရုပ်တု က၊ မြန်မာ့စာပေ ကို ၊ ဘာသာဗေဒ
အချုပ်အနှောင်က ၊ ဖြေလွှတ် နိုင်ခဲ့ ခြင်း ရဲ့ အစ ပေ ပဲ လား ။
အဲဒီအခန်း နဲ့ ကပ်ရပ် ၊ ၀ါညိုညို
အလင်းရောင် ခပ်မှိန်မှိန်သာ ပေးထားတဲ့ အခန်းကြီးထဲကို ရောက်သွားတော့၊
ကျောထဲမှာ စိမ့်တက်သွား သည်။ နီကျင်ကျင် ဟင်္သာပြဒါး တွေ ပေါ်မှာ၊
ရွှေရောင်တွေ လွင့်ပျယ်စ ပြုနေတဲ့ သီဟာသန ပလ္လင်ကြီး က၊ ခန်းလုံးပြည့် ။
လန်ဒန်ပြတိုက်ကြီး ဆီ သယ်ယူ သွားပြီး မှ ၊ မြန်မာပြည်ကို ပြန်ပြီး ၊
လက်ဆောင် ပို့ပေး ခဲ့တဲ့၊ ဘိလပ်ပြန် ပလ္လင်ကြီးလေ။ သီပေါဘုရင် စစ်မရှုံးခင်က
တော့ အာဏာ စက် တွေ ထက်ရှ ခဲ့မဲ့ ၊ ထိုင်ခံ ကြီးပေါ့။ ဒီ
ရာဇပလ္လင်ကြီးပေါ်ကနေ တောင်စွယ်နေကွယ်မှာ သတ်စေ... လို့ ၊ အသက်တွေ
ဘယ်လောက်များ သေခဲ့ ကြရ မလဲ ။ ဒီပလ္လင်ကြီးရဲ့ အောက်ကနေ ၊ အသနားခံနေတဲ့
မျက်နှာတွေ ၊ ပြုံးပျော်ကျေနပ်နေမဲ့ ချီးမြှင့် မြှောက်စားမူတွေ ၊ကွယ်ဝှက်
ဖုံးဖိ မြိုသိပ်ထားတဲ့ ရွံရှာ စက်ဆုပ်မူတွေ ၊ မော်ဖူးနေတဲ့ အလိမ်အညာ
လက်စုံမိုး တွေကို မြင်ယောင် ခံစားကြည့် တော့.... သမိုင်း ရဲ့ အရသာ ဆိုတာ
ဒါပဲ ထင်ပါရဲ့။
ပုရီ အတွက်တော့..သမိုင်းဆိုတာ...မယုံနိုင်စရာ လောကဓံ တရားရဲ့ အလှည့်အပြောင်းတွေ။
ဒုတိယ ထပ်က မြန်မာ့ ဂီတ ပစ္စည်းတွေ
တိုင်းရင်းသားရိုးရာ အသုံးအဆောင်တွေက စိတ်ဝင်စားစရာ မကောင်းလှ ပြခန်း
သက်သက် သာ ၊ ဆန်လှသည်။ လူခြေ လည်း ပိုပြီး တိတ်ဆိတ်နေသည်။ အခန်း အပြင်
ထောင့်တနေရာ မှာ အရောင်မှိန်မှိန် ရိုးရိုးအ၀တ်အစား သနပ်ခါးဘဲကြား နဲ့
ဝန်ထမ်း အမျိုးသမီး တယောက် နေ့လည်စာ စားပြီးစ ထင်ရဲ့....
ထမင်းချိုင့်တွေကို စီရင်း လက်သုတ်ဝတ် တချို့ကိုပြတင်းသံဇကာမှာ
နေလှမ်းနေသည်။ ခပ်လှမ်းလှမ်း အတွင်းကျကျ ထောင့်တခု ရဲ့ ခုံတန်းရှည်တခု
ပေါ်မှာတော့ စွပ်ကျယ် ၀တ်ထားတဲ့ ၀န်ထမ်း အမျိုးသား တယောက် လဲလှောင်း
အိပ်စက်နေလေရဲ့။
အသိတယောက်က ဓါတ်လှေခါး မသုံးနဲ့ လို့
သတိပေးတာကြောင့် တတိယထပ်ကို တက်ဖို့ လှေခါးနား အရောက်မှာ နိုင်ငံခြားသား
အဖွဲ့တဖွဲ့ တက်လာတာကို မြင်လိုက်သည်။ တချို့က အနားက သန့်စင်ခန်းထဲ ကို
ဝင်သွားကြတယ်။ အဲဒီတော့မှ “နိုင်ငံခြားသားများ အတွက်သာ” ဆိုတဲ့..
သန့်စင်ခန်း ရဲ့ ဆိုင်းဘုဒ်လေး ကို သတိထားလိုက် မိသည်။
တတိယထပ် မှာက နန်းတွင်း အသုံးအဆောင်
ရတနာ စိန်ကြုပ် ပချုပ် အုပ်ခွက် တွေ။ ကတ္တီပါခင်း မီးထိုး ထားတဲ့ ၊ ပြခန်း
ပြတင်းလေး တခု ပေါ်က၊ အမျိုးအမည် မခွဲခြားတတ်တဲ့ ၊ ရတနာစိန်ကျောက်တွေ အပြည့်
နဲ့ နန်းသုံးပစ္စည်း တခု ရဲ့ နောက်မှာ၊ ၀န်ထမ်း တယောက် ထင်ပါရဲ့ ..
မီးကြိုးတွေ အေးအေးလူလူ တယောက်တည်း ပြင်နေတာ တွေ့ရသည်။ ဒီပစ္စည်းတွေ ရဲ့
လုံခြုံရေးက ၊ ဒီလောက်တောင်ပဲ စိတ်ချ လွယ်ကူ စရာ ကောင်း နေ လို့လား... ဒါမှ
မဟုတ်... စိတ်ချ လက်ချ ထားနိုင်တဲ့ ရတနာ စိန်ကျောက် တွေပဲ မို့လား တော့
မသိလေ။
ဧပြီလလယ် ရဲ့ နေ့လည် နေ အပူရှိန် က ၊
ပြင်းလှသည်။ စတုတ္တထပ်ကို ရောက်တော့ ချွေးစီးတွေ ပြန်လာလို့ ၊
လေအေးပေးစက်ကြီး နားမှာ ခဏ သွားကပ်နေ ရ သည်။ ဒီ အထပ်မှာက ၊ ပန်းချီ
လက်ရာတွေ ဆိုတော့ ၊ အချိန်ယူပြီး ကြည့် ချင်သည်။ ဦးဘကြည် ဦးငွေကိုင် က
စလို့ ခေတ်ပေါ် ပန်းချီလက်ရာတွေ အထိ အတော်တော့ စုံလှသည်။ အပူ ပြင်းထန်၊
စိုထိုင်းဆ မြင့်လွန်းတဲ့ ၊ ရန်ကုန် ရာသီဥတု နဲ့ ၊ ဒီလို ဒီလောက်ပဲ
ထိန်းသိမ်းထားနိုင်မယ် ဆိုရင်တော့ ၊ ပန်းချီကား တွေ ကြာရှည်ခံပါ့မလား
လို့၊ ပူမိပြန်သည်။
အပေါ်ဆုံးထပ်ကို ဆက်မတက်ချင်တော့။
အောက်ထပ်ကိုပြန်ဆင်းလာခဲ့သည်။ အောက်ဆုံးထပ်က၊ လက်မူပစ္စည်း
အရောင်းဆိုင်လေးထဲ မှာ၊ မြန်မာတီးလုံးသံ လေး ခပ်ငြိမ့်ငြိမ့်
ပြန့်လွင့်နေသည်။ အခုန အပေါ်ထပ်မှာ ဖြတ်ကနဲသာ မြင်လိုက်ရတဲ့
နိုင်ငံခြားသား ခရီးသွားအုပ်စုက၊ ဟောဒီ အောက်က ဆိုင်မှာ ၊ ပစ္စည်းတွေ
လျှောက်ကြည့် နေကြ တာပါလား။ သူတို့ အတွက်၊ အပေါ်ထပ်တွေ မှာ၊ ဘာမှ
စိတ်ဝင်တစား အချိန်ပေး ကြည့်ရှုချင်စရာ မတွေ့ ကြဘူး ထင်ပါရဲ့။
++++++
အိတ်ထဲက ၊ ဖုံးမြည်လာတော့မှ၊ပြတိုက်ထဲက
ထွက်ဖို့ အချိန်တန် ပြီ ဆိုတာကို ၊ သတိ ထားလိုက်မိသည်။ ညနေ ၅ နာရီမှာ၊
လန်ဒန်က မိတ်ဆွေ တယောက်နဲ့ ပြတိုက် အထွက်မှာ ဆုံဖို့ ချိန်းထားသည်။
လေထုကို ထိန်းညှိ ထားတဲ့ စိမ့်အေး နေတဲ့ ပြတိုက်ထဲ မှာ၊ အခုမှ ချမ်းဖို့
သတိရ လာသည်။ ပခုံးပေါ်မှာ တင်ထားတဲ့ အနွေးထည် ကို၊ လက်လျှို ၀တ် လိုက်ရင်း ၊
မြကန်သာ ကဗျာ လေး ကို၊ ဓါတ်ပုံ ရိုက်ဖို့ကို လည်း၊ ကံကောင်းလို့ ၊ ခုမှ
သတိရ တော့သည်။
လန်ဒန်ပြတိုက်ကပြန်အထွက်၊ အလည်ခေါင်
ခန်းမကျယ်ကြီး ထဲ ကို အဖြတ် မှာ ၊ ဥဒဟို သွားလာနေကြတဲ့၊ပြတိုက်လာ ဧည့်သည်
တွေ ၊ ခရီးသွားတွေ ၊ စားသောက်ဆိုင်တွေ ၊ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေ ၊
နားနေဖို့ ဆိုဖာ ထိုင်ခုံ တွေ၊ လမ်းညွှန် ဆိုင်းဘုဒ် တွေ ကို ကြည့်ရင်း၊
ကျား နဲ့ မ သင်္ကေတ လေး ခွဲ ခြားတဲ့ ၊ သန့်စင်ခန်း သို့ ဆိုတာ လေးကို မြင်မှ ၊
အပေါ့အပါး သွားဖို့ သတိရ သည်။ ကျား နဲ့ မ တင်မက၊ ကိုယ်လက်မသန်စွမ်းသူ တွေ
အတွက်ပါ ၊ သီးသန့်ပြုလုပ်ပေးထားတဲ့ သင်္ကေတ အမှတ်အသားလေးကို မြင်တော့ ၊
နိုင်ငံခြားသားများ အတွက်သာ ဆိုတဲ့ မြန်မာပြည် အမျိုးသားပြတိုက်က
ဆိုင်းဘုဒ်ကလေးကို မြင်ဖြစ်အောင် မြင်ယောင်လိုက်မိ သေးသည်။
အိတ်ထဲက ဖုံးက၊ ထပ်မြည်လာပြန် သည်။ အမြန်
ထွက်မှ ဖြစ်တော့မည်။ လန်ဒန်ပြတိုက် ထဲ ကရော၊ ရန်ကုန် ပြတိုက်ထဲ ကရော..
ပီကင်းပြတိုက် ထဲ ကရော... ထွက်မှ ဖြစ်တော့မည်။
ကေသွယ်
၁၇ အောက်တိုဘာ ၂၀၁၂
( ၂၀၀၉ ခုနှစ်က http://kthwe.blogspot.jp/2009/07/blog-post_21.html တွင် ရေးခဲ့သော စာကို အနည်းငယ် ပြန်လည် ပြင်ဆင် ထားခြင်းဖြစ်သည်)
0 comments:
Post a Comment