
ဦးဇင်းက နယ်မြို့လေး တစ်ခုကနေ ရန်ကုန်
ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဦးဇင်းအတွက်
လိုအပ်တဲ့ ဝထ္ထုငွေနဲ့ ပစ္စည်းလေးပါးကို ဇာတိမြေကပဲ လူကြုံနဲ့ တစ်မျိုး
ကိုယ်တိုင်တစ်ဖုံ အထောက်ပံ့ လက်ခံရပါတယ်။ တစ်နေ့ ဦးဇင်းရဲ့
ဒကာမတစ်ယောက်ရဲ့ သမီးက ရန်ကုန်သို့ အရောင်းအဝယ် ကိစ္စနဲ့ ဦးဇင်းဆီ
လူကြုံဝင်ရင်း လိုအပ်တဲ့ စာအုပ်တွေနဲ့ ဝထ္ထုငွေ တစ်ချို့ကို လူကြုံ
ထည့်ယူလာတာကြောင့် ဦးဇင်းဆီ လာဖို့ အကြောင်းဖန်လာပါတယ်။
ရောက်လာမည့် ဒကာမကလည်း နယ်ကလည်းဖြစ်
ရန်ကုန်မြို့ရဲ့ များပြားလှသော လိုင်းကားတွေကို လည်လည်ဝယ်ဝယ် စီးတက်သူလည်း
မဟုတ်တာကြောင့် ဦးဇင်းကပဲ စီးရမည့်ကား နံပါတ်၊ ဆင်းရမည့် ကားမှတ်တိုင်
အမည် တို့ကို သေသေချာချာ လိုက်မှတ်စေပြီး ရက်စွဲအတိ အကျ
ရောက်မည့်အချိန်တို့ကို ခန့်မှန်းပြီး ကားမှတ်တိုင်တွင် ဦးဇင်း
လာစောင့်ကြို ပါမည်ဟု အသေအချာ ကတိပေးလိုက်သည်။ လူကြုံလာပို့မည့်
ဒကာမရောက်မည့်နေ့ နေ့လည် တစ်နာရီခန့် ဦးဇင်းတို့ရဲ့ ဆွမ်းကွမ်း ကိစ္စ
ပြီးမြောက်တာနဲ့ ချိန်းဆိုထားရာ ကားမှတ်တိုင်မှာ ကြိုစောင့်နေဖို့ ဦးဇင်း
စောစောလေး ထွက်လာခဲ့တယ်။
ရန်ကုန်မြို့ရဲ့ ကျစ်ကျစ်တောက်
ပူတဲ့နေကြောင့် ကတ္တရာ လမ်းမကြီးဟာ အငွေ့ပျံမတတ် ပူလောင်မှုနဲ့ အတူ
နွေနေ့လည်ခင်းကို ပံ့ပိုးနေသလို။ ချိန်းဆိုထားရာက စွယ်တော်ဘုရား
ကားမှတ်တိုင်တွင်မို့ ဘုရားဖူးလာသူ တစ်ချို့နဲ့ အတူ ကားမှတ်တိုင်နဲ့
မနီးမဝေး အပင်ကြီးတွေ အောက်မှာ ခေတ္တခဏ အရိပ်ခိုရင်း ဒကာမအလာကို
စောင့်မျှော်နေမိတယ်။ ဦးဇင်းကပဲ စိတ်စော စိတ်မြန် တက်လေသလား၊ ရောက်လာမည့်
ဒကာမ ကားမှားစီးပြီး မလည်မဝယ်နဲ့ လမ်းမှားနေမလားလို့ စိတ်ပူပန်ဇောကြောင့်
သတ်မှတ်ချိန်ထက် စောရောက်နေသလို စိတ်ပူပန်မှုကလည်း နွေနေ့လည် အပူချိန်နဲ့
အပြိုင် ဦးဇင်းစိတ်ကို ပူလောင်နေစေပါတယ်။
သတ်မှတ်ချိန်ထက် တစ်နာရီကျော်ကျော်
နောက်ကျနေခဲ့သည့်တိုင် ဒကာမရဲ့ အရိပ်ယောင်တောင် မမြင်ရသေးပါ။
နေ့လည်ခင်းမို့ အပူချိန် ကြီးစိုးမှုနဲ့ အတူ ဦးဇင်းလည်း အလိုမကျမှုတွေ၊
စိတ်မရှည်နိုင်မှုတွေက ဝင်ရောက်လာနေတော့တယ်။ ဒကာမအတွက် သို့လော သို့လော
ဆိုသော စိတ်ပူပန်မှုနှင့် အတူ ရောက်သင့်တဲ့ အချိန်ထက် များစွာ
နောက်ကျလာခဲ့ပါတယ်။ လိုင်းကားတွေသာ တစ်စီးပြီး တစ်စီး အဆက်မပြတ်
သွားလာနေပေမဲ့လည်း ထိုဒကာမကို မတွေ့မြင်ရသေးပါ။ တိုက်တိုက်ဆိုင်ဆိုင်
အဲဒီလို ဖြစ်နေတဲ့ အချိန် ကလေးငယ်တစ်ဦး အသက်အားဖြင့် (၉) နှစ်၊ (၁၀)
နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ဘယ်ကနေ ပေါက်ချလာတယ် မသိ ဦးဇင်းဆီမှာ
ပိုက်ဆံလာတောင်း နေပါတော့တယ်။
"ဘုန်းဘုန်းရယ် သား ထမင်းမစားရသေးလို့
သားကို ပိုက်ဆံ (၅၀) လောက်ပေးပါ.. ဘုန်းဘုန်းရယ် သား တောင်းပန်ပါတယ်
သားဗိုက်ဆာနေလို့ပါ" တဲ့။ ရန်ကုန်မြို့ကြီးမှာ အခုလို
တောင်းရမ်းစားသောက်ကြတဲ့ ကလေးတွေ အမြောက်အမြား ရှိတတ်ကြပါတယ်။
အမှန်အကန်လည်း ရှိကြသလို လိမ်လည်ကြတဲ့ ကလေးတွေလည်း များစွာ ရှိသည်လို့
ဦးဇင်း ကြားဖူးထားသေးတယ်။ ဦးဇင်းနား ကပ်ပြီး ပိုက်ဆံလာတောင်းတဲ့
ကလေးငယ်ကို ကြည့်ပြီး ဝေခွဲမရဖြစ်မိသလို စိတ်ထဲမှာလည်း အလိုမကျမှုတွေက
ကြီးစိုးနေတာမို့ ပိုက်ဆံလာတောင်းတဲ့ ကလေးကို ခပ်တည်တည် စိုက်ကြည့်ပြီး
နောက်တစ်ခါ လာမတောင်းဖို့ကို အသံခပ်မာမာနဲ့ ဦးဇင်း သတိပေးလိုက်မိတယ်။
စေတနာ မရှိလို့ရယ်လဲ မဟုတ် တချို့သော
စေတနာတွေက ပျက်စီးစေဖို့ရာ အထောက်အပံ့တစ်ခု ဖြစ်ပေါ်စေခဲ့မယ် ဆိုရင်တော့
ဘယ်သူမဆို စဉ်းစားဆင်ခြင် သင့်တယ် မဟုတ်လား။ အဆိုပါ ကလေးလေးက ဦးဇင်းနဲ့
မနီးမဝေး အရိပ်အောက်မှာ ရှိတဲ့ မြေသလင်းပေါ် ထိုင်နေပြီး ဦးဇင်းကို
တစ်ချက်တစ်ချက် လှမ်းကြည့်နေပါတယ်။ ဦးဇင်းအထင်မှာတော့ အသံမာမာနဲ့
သတိပေးလိုက်တာကြောင့် ဒီကလေးဟာ ဦးဇင်းရဲ့ ဝေးရာကို ထွက်သွားလိမ့်မယ်လို့
ထင်နေခဲ့ပေမဲ့လည်း ထင်သလို ဝေးရာသို့ ထွက်မသွားပဲ မလှမ်းမကမ်း နေရာကနေ
ဦးဇင်းကို ကွက်ကြည့်ကွက်ကြည့် လုပ်နေပါသေးတယ်။ ဦးဇင်းလည်း ဒကာမကို
ဆက်စောင့်နေရင်း စိတ်ထဲမှနေ၍ " ကလေးတွေများ အကြောက်တရား နည်းလိုက်ကြတာ
ဒီတစ်ခါ ငါ့ဆီ ပိုက်ဆံထပ်လာ တောင်းရဲ တောင်းကြည့် " ဟု စိတ်ထဲကနေ
ကြိမ်းဝါးသလို ပြောလိုက်မိတယ်။
နေ့လည်ခင်း လူသူ
နည်းပါးနေချိန်မို့ကားမှတ်တိုင်မှာတော့ ဦးဇင်းနဲ့ မလှမ်းမကမ်း နေရာမှာ
ဦးဇင်းကို ကြည့်နေတဲ့ ပိုက်ဆံတောင်းတဲ့ ကလေးရယ်သာ ရှိတော့တယ်။
သိပ်မကြာခင်မှာပဲ ထိုကလေးငယ်က မလှုပ်တလှုပ်နဲ့ ဦးဇင်းရဲ့ အနားကို တရွေ့ရွေ့
ချည်းကပ်လာခဲ့တယ်။ ထိုကလေးရဲ့ အပြုအမူသော်လည်းကောင်း၊ ဒကာမ ရောက်မလာတဲ့
အတွက် အလိုမကျ ဖြစ်မိတဲ့ စိတ်ကြောင့်သော်လည်းကောင်း နွေနေပူ၏ အပူချိန်
ကြီးစိုးမှုအောက်မှာ ဦးဇင်းစိတ်တွေဟာ ဆူဝေပွက်ထမှုဆီကိုသာ
ဦးတည်နေပါတော့တယ်။ ကလေးဟန်ပန် ကလေးဉာဏ်နဲ့ ဦးဇင်းရဲ့ အနား မသိမသာ
တိုးတိုးလာနေတဲ့ အဆိုပါကလေးကို မသိဟန်ဆောင်နေရင်း " လာခဲ့ နင် အနားရောက်မှ
ခပ်နာနာလေး ဆုံးမပစ်မယ် လာခဲ့ " လို့ စိတ်ထဲမှ တွေးတောရင်း ကလေး အနား
ရောက်လာမယ့် အချိန်ကိုသာ ဦးဇင်း စောင့်နေလိုက်မိတယ်။
ထိုသို့ စောင့်နေချိန်မှာပဲ
တရွေ့ရွေ့နီးလာနေတဲ့ မထင်မှတ်စွာဘဲ ကလေးငယ်က ဦးဇင်းရဲ့ လက်တစ်ကမ်းအကွာမှ
နေလို့ သူရဲ့ ညစ်ပေနေတဲ့ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့
ဟောင်းနွမ်းနေတဲ့ (၅၀) တန် အရွက်လေး နှစ်ရွက်ကို အသာဖြန့်ပြပြီး
"ဘုန်းဘုန်း ကားခ မရှိရင် ဒီမနက် သား တောင်းထားတဲ့ ပိုက်ဆံ (၁၀၀) ရှိပါတယ်၊
အဲဒီ (၁၀၀) ထဲက (၅၀) ကို ဘုန်းဘုန်း ကားခ အဖြစ် ယူပါလား" တဲ့။ မဝံ့မရဲ
စကားသံနဲ့အတူ ကလေးငယ်ရဲ့ အပြုအမူကြောင့် ထိုခဏမှာ ဦးဇင်း ရင်ထဲ ဘယ်လို
ဖြစ်သွားမှန်း မသိဘူး။
နွမ်းဖတ်ပြီး ကြေမွမတတ်ဖြစ်နေတဲ့ (၅၀)တန်
အဟောင်းလေး နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ကလေးငယ်က
ဦးဇင်းကို ကားမှတ်တိုင်မှာ ကားခမရှိလို့ အကြာကြီး ထိုင်စောင့်နေတယ်လို့
ထင်ပြီး သူတောင်းလို့ ရထားတဲ့ ပိုက်ဆံလေးတွေထဲက တစ်ဝက်ခွဲယူဖို့
ပြောလာတဲ့အခါ ကလေးရဲ့ ဖြူစင်တဲ့ စိတ်ထားတွေကြောင့် မိမိကိုယ်မိမိ များစွာ
ရှက်ရွံ့ခြင်း ဖြစ်မိခဲ့တယ်။ ဒီ့အပြင် များစွာသော ခံစားမှု၊ အသိတရား
စတဲ့စတဲ့ အတွေးများစွာနဲ့ ထိုကလေးငယ်ကို အချိန်ကြာမြင့်စွာ
စိုက်ကြည့်နေမိရင်း ဖော်မပြနိုင်တဲ့ ပီတိတစ်ခုနှင့် အတူ ဘဝတစ်သက်စာအတွက်
ပြန်လည် တွေးမိလေတိုင်း ရှက်ရွံ့ဖွယ်၊ အသိတရား ရဖွယ်၊ အမည်မသိသော ခံစားမှု
တစ်စုံတစ်ရာ အတိဖြင့်.....။ ။
အိန်ဂျယ်လှိုင်
0 comments:
Post a Comment