ဒီဇိုင်း ကိုကြည်နိုင်
“ ဖြောင်း .. ဖြောင်း ..ဖြောင်း “
“ ရွှီး ….. ဖြောင်း ….ရွှီး ….”
ဟေး .. ပျော်စရာကြီးဟေ့ ……..
“ ငါတို့တော့ ပွတယ်ဟေ့ .. မုန့်ဖိုးတွေ အများကြီးရတော့မယ်ဟေ့ ….. ဝေး … ဝေး … ဝေး ..ပျော်တယ်ဟေ့ … ပျော်တယ်ဟေ.့…… “
သီတင်းကျွတ်မီးထွန်းပွဲတော် နီးလာတာနဲ့အမျှ လမ်းထဲမှ ကလေး တစ်သိုက်ရဲ့
ပျော်ရွှင်ဖွယ်ရာ အသံစူးစူးလေး များနဲ့ အော်ဟစ်မြူးတူးစွာ
ဆော့ကစားနေကြသံလေးများ ….။
မီးရှုးမီးပန်းများကို ပျော်ရွှင်စွာ
ဖောက်ကစားရင်း သီတင်းကျွတ်မို့ မိဘများ၊ အကို၊ အမများနဲ့ အဘိုးအဘွား၊
ဦးလေး၊ အဒေါ် များကို ကန်တော့ကြတဲ့အခါ မုန့်ဖိုးများ ရတော့မှာမို့
ပျော်ရွှင်စွာကစားနေကြတဲ့ ကလေးများရဲ့ ပကတိ အပြစ်ကင်းတဲ့ ဟန်ပန်လေးများနဲ့
အသံလေးများက ကြားရသူအဖို့ စိတ်နှလုံးကို အေးချမ်းစေတာပါပဲ ။
သီတင်းကျွတ်လပြည့်နေ့ နီးလာတာနဲ့အမျှ
ကလေးများရဲ့ ဆူညံစွာ အော်ဟစ် ဆော့ကစားနေသံလေးများ၊ သူ့ထက် ငါ အပြိုင်
ဆီမီးများကို အလုအယက် ထွန်းညှိပူဇော်နေကြသော ပုံရိပ်များဖြင့် နေ့စဉ်
စည်ကားသိုက်မြိုက် နေကြတာ၊ ကလေးသဘာဝအတိုင်း ပွဲလမ်းသဘင်ဆို ဘယ်လို
ပွဲလမ်းသဘင်မျိုးပဲဖြစ်ဖြစ် ပျော်ရွှင်လွတ်လပ်စွာ ဆော့ကစားလေ့ ရှိကြတာလေးက
အပြစ်ကင်းပြီး ချစ်စဖွယ် ကလေး သဘာဝလေးကို ပြန်လည်တမ်းတစေခဲ့ ပါတယ် ။
ကလေးသဘာဝက ချစ်ဖွယ် အလွန်ကောင်းလှပါတယ်။ သွန်သင်ဆုံးမရ လွယ်သလို လိုရာကို
ပုံသွင်းလို့ရတဲ့ အရွယ်လေးတွေပါ။ အပူအပင် ကင်းကင်း၊ အာဝါသကင်းကင်းနဲ့
အရိုးခံ သဘောတရားလေးတွေ ပိုင်ဆိုင်ထားတဲ့ ကလေးဘ၀ကို လူတိုင်း
တက်မက်မိမှာကြမှာပါ။ ဒါကလည်းပြန်မရတတ်တော့တဲ့ အပြစ်ကင်းစင်တဲ့ ဘ၀လေးကို
တမ်းတတပ်မက် တတ်လေ့ရှိ ကြတဲ့ လူ့သဘောတရား တစ်ခုရယ်လို တင်စားသတ်မှတ်လို့ရပါ
တယ် ။
သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့
အချိန်အခါမို့ လမ်းထဲက ကလေးတစ်သိုက် အော်ဟစ်ပျော်ရွှင်စွာနဲ့ လမ်းထဲမှာ
ပျော်ရွှင်စွာ ကစားနေကြသံလေးတွေ၊ သက်ကြီးသူများကို ကန်တော့တဲ့အခါ မိဘ၊
ဘိုးဘွားနဲ့ ဆရာသမား၊ အကို၊ အမများမှ မုန့်ဖိုးပြန်ပေးတဲ့အခါ
ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေက မြင်ရသူကို စိတ်ချမ်းသာရုံသာမက
ပျော်ရွှင်စေ မိတာတော့ အမှန်ပါပဲ။ ကိုယ်တွေလည်း ငယ်ငယ်ကဆို
သီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်လာရင် အရမ်းပဲ ပျော်နေခဲ့တာပဲလေ။ အမေနဲ့
အဖေကို ကန်တော့၊ ဦးလေး၊ အဒေါ် တွေကို ကန်တော့နဲ့
မုန့်ဖိုးတွေပေးလိုက်ရင်ဖြင့် ပျော်လို့မဆုံး နိုင်ခဲ့ပါဘူး။ နောက်တစ်ခုက
သီတင်းကျွတ်မှ ကျင်းပတဲ့ မီးထွန်းပွဲတော်အတွက် အိမ်တိုင်း အိမ်တိုင်းမှာ
ထွန်းညှိတဲ့ အရောင်အစုံ၊ ပုံသဏ္ဍာန်အစုံနဲ့ မီးပုံး၊ မီးအိမ်လေးတွေကို
အရမ်းချစ်သလို၊ အရမ်းလည်း သဘောကျ တာကတော့ ငယ်ငယ်ကတည်း ကနေ အခုအသက်အရွယ်
ရောက်နေတဲ့အထိပါပဲ ။
မြန်မာ့ ရိုးရာဓလေ့ထုံတမ်းအစဉ်အလာအရ
ဆင်ယင်ကျင်းပတဲ့ ပွဲတော်တွေထဲမှာ ထရီဆာအတွက်ကတော့ ၀သန် မိုးအကုန်၊
ဟေမာန်ဆောင်းအကူး မိုးငွေ့မစဲသေးတဲ့
ဟေမာန်ဆောင်းရနံ့သင်းနေတဲ့အချိန်မှာကျရောက်တဲ့ သီတင်း
ကျွတ်မီးထွန်းပွဲတော်ကို အနှစ်သက်ဆုံးပါ။ အိမ်တိုင်း၊ လမ်းတိုင်း၊
ရပ်ကွက်တိုင်းမှာ ဆီမီးများ ထိန်လင်းနေအောင် ပူဇော်ထားပုံတွေ၊ စေတီ၊
ပုထိုးတွေမှာလည်း ဆီမီများ ပူဇော်ထားပုံတွေ၊ မိဘ၊ ဘိုးဘွား၊ ဆရာ၊ ဆရာမ၊
အကို၊ အမ များ၊ ဦးဦး၊ ဒေါ်ဒေါ်များအား ဂါရ၀ပြုကြပုံ၊ ဇီဝိတဒါန အလှူများ
ကျင်းပကြပုံနဲ့ စုပေါင်း ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကျင်းပကြပုံ
စသည်အားဖြင့် ကောင်းမှုကုသိုလ်များ ပေါင်းစုံရာ ဂါရ၀တရားကို အထူး အလေးပေး
ကျင်းပတဲ့ ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ကြီးကို အကြောင်းအရာ
ရေရာသေချာစွာ မသိသေးခင် ငယ်စဉ် ကလေးဘ၀ ကတည်းကပင် အနှစ်သက်ဆုံး ဖြစ်ခဲ့ရတာပါ
။
သီတင်းကျွတ်လပြည့်နေ့မှာမြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ဟာ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလ လုံးလုံး
တာဝတိံသာနတ်ပြည်မှာ ဟောကြားတော်မူပြီးသောအခါမှာ သင်္ကဿနဂိုရ်ပြည်ရဲ့ တောင်ဘက်
မုခ်တံခါးမှ တဆင့် နတ်ဗြဟ္မာများခြံရံပြီးသောအခါ သီတင်းကျွတ်လပြည့်ညမှာ
လူ့ပြည်သို့ပြန်လည်ဆင်းသက်တော်မူပါ တယ်။ လူ့ပြည်မှလည်း အရှင်သာရိပုတ္တရာ
ဦးဆောင်တော်မူသော ရဟန်းသံဃာတော်များ၊ လူပုဂ္ဂိုလ်များက မြတ်စွာဘုရား
ကြွှဆင်းရာ လမ်းတလျှောက်တွင် ပန်းနံ့သာများခင်းကျင်းပြီး
ဆီမီးများထွန်းညှိလျှက် မြတ်စွာဘုရား ရှင်ကို ပူဇော် ကန်တော့ကာ
ကြိုဆိုကြပါတယ်။ ထိုအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့ ရောင်ခြည်တော်ဟာ
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်များသို့တိုင်အောင် ထွန်းလင်းစေပြီး လူ၊ နတ်၊
ဗြဟ္မာတို့ကလည်း တစ်ဦးနဲ့တစ်ဦး ထင်ရှားစွာ တွေ့မြင်နိုင်ကြပါတယ်လို့
သိရပါတယ်။ ထရီဆာတို့ဟာ အခုဖော်ပြပေးခဲ့တဲ့ သမိုင်းဖြစ်စဉ် အကြောင်းတရားလေး
ကို သိရှိထားကြမယ်ဆိုရင့်ဖြင့် သီတင်းကျွတ် လပြည့်နေ့မှာဆိုရင်
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှပြန်လည် ကြွဆင်းတော်မူသောမြင်ကွင်းဟာ
မည်မျှလောက် သာယာကြည်နူးဖွယ်ကောင်းမည်ကို မှန်းဆပြီး ကြည်ညိုနိုင်ပါတယ် ။
ဒါကြောင့် ယနေ့ခေတ်မှာတော့မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ
ပြန်လည်ကြွချီ တော်မူသော သီတင်းကျွတ်လပြည့်နေ့ကို ပူဇော်သောအားဖြင့်
သီတင်းကျွတ်လဆန်း (၁၄) ရက်ကို သီတင်း ကျွတ်လပြည့်နေ့
(အဘိဓမ္မာအခါတော်နေ့)ရယ်လို့ သတ်မှတ်ပြီး သီတင်းကျွတ်လပြည့်နေ့နှင့်
သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့တို့ကို ဆီမီးထွန်းပွဲအဖြစ် သတ်မှတ်ပြီး
နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပပူဇော် ကြခြင်းဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ညမှာ ထရီဆာတို့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိတို့
ထွန်းညှိပူဇော် သော ဆီမီးများကို ပူဇော်ရာမှာ မြတ်စွာ ဘုရားရှင်ကို
ကြည်ညိုသော သဒ္ဓါတရားဖြင့် ပူဇော်ဆည်းကပ်ပါသည်ဟု နှလုံးသွင်းပူဇော်ပြီး
သီတင်းကျွတ် မီးထွန်း ပွဲတော်ကို အနှစ်သာရပြည့်ပြည့်ဖြင့်
ကျင်းပပူဇော်သင့်ပါတယ် ။
ထို့အပြင် သီတင်းကျွတ်ပွဲတော်ကျင်းပသည့်
လနှင့်အတူ ဆက်စပ်နေသည့် မွန်မြတ်တဲ့အလှူကတော့ ကထိန် သင်္ကန်းအလှူပါ။ “
ကထိန်သင်္ကန်းအလှူက တခြားသော လှူဖွယ်တို့ကဲ့သို့ လှူချင်သည့်အချိန်
လှူခွင့်မရပါ။ သတ်မှတ်ထားသော သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှ
တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ တိတိ အချိန်ကာလအတွင်းသာ
လှူခွင့်(ကထိန်ခင်းခွင့်) ရှိပါတယ်။ လှူဖွယ်ပစ္စည်းများ အနေဖြင့်လည်း
သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် (နှစ်ထပ်) သင်္ကန်းတို့တွင် တစ်မျိုးမျိုး
ဖြစ်ရပေမည်။ (တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ်
လှူဒါန်းနိုင်ပါသည်။) လှူနည်း အားဖြင့် သံဃိကဒါနအဖြစ် သံဃာအား
ရည်စူးလှူဒါန်းရမှာဖြစ်ပြီး (ပုဂ္ဂိုလ်စွဲအဖြစ် ပုဂ္ဂလိကဒါနအဖြစ် လုံးဝ
မလှူကောင်းပါ)၊ သံဃာတော်များမှ ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌
ဉတ်ကမ္မ ၀ါရွတ်ဖတ်၍ သင့်လျော်သည့် ရဟန်းတစ်ပါးပါးအား လှူဒါန်းရပါတယ်၊
ဉတ်ကမ္မ၀ါရွတ်ဖတ်ပြီး လှူဒါန်းရသော သင်္ကန်းဖြစ်ခြင်းကြောင့် “ ဉတ် သင်္ကန်း “
ဟုခေါ်ဆိုကြသည်။ အလှူခံသော ရဟန်းမှလည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက် သော)
သီတင်း ကျွတ်လပြည့်နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာ အလှူခံခွင့်ရှိလေ
သည်။ (ထိုရဟန်းများတွင်လည်း ဆင်းရဲနွမ်းပါးဆုံးဖြစ်သော ရဟန်းကို
ပထမဦးစားပေး၍ လှူဒါန်းရမည်သာ ဖြစ်ပေသည်။) ထိုသို့သော ရန်ဟန်း မရှိ မှသာ
မထေရ်ကြီး စသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်းရမှာ ဖြစ်ပါတယ်။
အကျိုးအားဖြင့် ကထိန် အာနိသင် ရသော (ကထိန်ခံသော ရဟန်းနှင့်
အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်း သိက္ခာပုဒ်နှင့် သက်ဆိုင်သည့်
ကင်းလွတ်ခွင့် (၅)မျိုးကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တပေါင်း
လပြည့် နေ့အထိ (၅)လ တိုင် တိုင် ရရှိကြလေသည်ဟု ” မှတ်သားရပါတယ်။
ထို့ကြောင့် ကထိန်သင်္ကန်းအလှူ သည် တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊
တစ်ရက်မှာ တစ်ကျောင်း (တစ်ကြိမ်)သာ လှူခွင့်ရှိပါတယ်လို့ သီတင်းကျွတ်
အခါသမယနှင့် တိုက်ဆိုင်သည့် ကထိန် သင်္ကန်းအလှူအကြောင်းကိုလည်း ဗဟုသုအဖြစ်
အကျဉ်း ဖော်ပြပေးခြင်းမျှသာ ဖြစ်ပါတယ်ရှင်။ ဒီလို ထူးခြားတဲ့ အလှူမို့လည်း “
ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန် “ ဟူသော ဆိုရိုးစကားလေး အဆိုရှိခဲ့တာပါ ။
သီတင်းကျွတ် လပြည့်နေ့မှာ ဘာကြောင့်
ဆီမီးပူဇော်ခဲ့ခြင်းအကြောင်းပြီးတဲ့အခါ သံဃာတော်များနဲ့ စပ်ဆိုင်တဲ့
အကြောင်းတရားဖြစ်တဲ့ ၀ါတွင်း (၃)လ ကာလအတွင်း မြတ်ဗုဒ္ဓ၏ တပည့်သား
သံဃာတော်များ အတွက်သည် လည်း အကြောင်း ကိစ္စမရှိ လျှင် ၀ါဆိုသောကျောင်းမှ
တခြားအရပ်များသို့ လှည့်လည်သွားလာခွင့် (ကြွရောက်ခွင့်) မရှိ၊
ဝါတွင်းသုံးလ လွန်မြောက်၍ သီတင်းကျွတ်သောအခါတွင်မူ မိမိ သွားလိုသော
(ကြွရောက်လိုသော) နေရာ ဌာနများသို့ လွပ်လပ်စွာ သွားလာခွင့် (ကြွရောက်ခွင့်)
ရှိသည်ဟု မှတ်သားရသည်နှင့်အညီ မိမိတို့လို လူသားများ အနေဖြင့်သာမက
သံဃာတော်များအတွက်ပါ ကောင်းမွန်သော အဓိပ္ပါယ်များစွာနှင့် ကျင်းပတဲ့
သီတင်းကျွတ် မီးထွန်း ပွဲတော်လေး ပဲဖြစ်ပါတယ်ဆိုတာကို အနှစ်သာရ
ပြည့်ပြည့်စုံစုံနဲ့ သိရပါတယ်။ ဒါကြောင့်လည်း ရှေးစာဆိုများက “၀ါလကင်းလွတ်
သီတင်းကျွတ်” ရယ် အဓိပ္ပါယ် ပြည့်နှက်နေတဲ့ စာဆို ထားရှိခဲ့ခြင်းဖြစ်တယ်လို့
သမိုင်းမှတ်တမ်းဖတ်ရင်းဖြင့် အသိ တစ်ခုတိုးပွားခဲ့ရပါတယ်ရှင် ။
သီတင်းကျွတ်ပွဲတော် ကျရောက်ချိန်ဟာ
ပွင့်လင်းရာသီအစမှာ ဖြစ်သလို အေးချမ်းသာယာတဲ့ သဘောတရား နဲ့ပြည့်နှက်နေတဲ့
မိုးအကုန် ဆောင်းအကူး ကာလမှာ ဖြစ်ပါတယ်။ လူသားတိုင်းရဲ့ စိတ်နှလုံးကို
ကြည်လင်အေးမြ စေတဲ့ ရာသီအချိန်အခါလို့ ဆိုချင်ပါတယ်ရှင် ။
သီတင်းကျွတ်လပြည့်နေ့တွင် မိမိတို့၏ မိဘ၊
ဘိုးဘွား၊ ဆရာသမားများမှ သား၊ မြေး၊ တပည့်တို့၏ ပေးအပ်သည့် ဂါရ၀တရားအပေါ်
ပြန်လည် ၍ ဆုံးမသြ၀ါဒပေးခြင်း၊ ကျန်းမာပါစေကြောင်း၊ ချမ်းသာပါစေကြောင်း
အစရှိတဲ့ မေတ္တာတရားများ ပွားများခြင်းတို့ကလည်း ချစ်စရာ့ မြန်မာ့ဓလေ့ရဲ့ “
ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား “ ဆိုရိုး ရှိသလိုပင် ကြည်နူးချမ်းမြေ့
ဖွယ်ရာ မြင်ကွင်းများပဲ ဖြစ်ပါတယ် ။ ထို့အတူ သံဃာတော်များတွင်လည်း သီတင်း
ကျွတ်လပြည့်နေ့မှာ ပ၀ါရဏာပွဲ ဆင်နွှဲရတယ်လို့ မှတ်သားဖူးခဲ့ပါတယ်။ ပ၀ါရဏာ
ဆိုတာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တိုင်ပင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
အနှစ်ကတော့ သံဃာတော်တွေက သီတင်းကျွတ်လပြည့် နေ့မှာ သံဃာများ အချင်းချင်း
တစ်ပါးနှင့်တစ်ပါး အပြစ်ရှိလျှင် ဆုံးမသွန်သင်ပေးရန် ဖိတ်ကြားခြင်း၊
သာသနာရေး ကိစ္စများဆွေးနွေး တိုင်ပင်ခြင်းစတဲ့ ကိစ္စရပ်များကို
ဆောင်ရွက်တော်မူကြရတယ်လို့ အဓိပ္ပါယ် ဖော်ဆောင်တာ ကြောင့်
သီတင်းကျွတ်လပြည့်နေ့ကိုပင် ပ၀ါရဏာပွဲ၊ ပ၀ါရဏာနေ့ဟု
ခေါ်ဆိုကြခြင်းရှိတယ်လို့ ဘာသာရေး ဗဟု သုတအနေဖြင့် ဖော်ပြလိုက်ရပါတယ် ။
ဒါ့အပြင် သီတင်းကျွတ်လပြည့်နေ့ကို “
အဘိဓမ္မာအခါတော်နေ့ “ ဟုလည်း သတ်မှတ်ထားပါတယ် ။ မြတ်စွာဘုရား က
ခုနှစ်ဝါမြောက်မှာ တာဝတိံသာနတ်ပြည်သို့ ကြွရောက်ပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿိတနတ်သားအမှူးပြု သော တစ်သောင်းသော စကြာဝဠာတိုက်မှ
နတ်ဗြဟ္မာများတို့အား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပါ တယ်၊
အဘိဓမ္မာတရားဟာ ကျမ်း(၇) ကျမ်းရှိသဖြင့် အလွန်ကျယ်ဝန်း နက်နဲလွန်းတာကြောင့်
လူသားများအနေနှင့် တစ်ထိုင်တည်းနှင့် ကြားနာဖို့ရာ မဖြစ်နိုင်ပါ ၊
ဒါကြောင့် မယ်တော် မိနတ်သားကို ကျေးဇူးဆပ်ပြီးသားလည်း ဖြစ်စေ၊
ဗုဒ္ဓရှင်တော်တိုင်းရဲ့ ဓမ္မတာသဘောကိုလည်းဖြည့်ကျင့်ပြီးရာ
ရောက်စေလိုသောကြောင့် တာဝတိံသာနတ်ပြည်သို့ ကြွရောက်ပြီး အဘိဓမ္မာတရားကို
ဟော်တော်မူရခြင်း ဖြစ်ပါတယ် ။
“ လူ့သက်တမ်း တစ်ရာလျှင် နတ်သက် တစ်ရက်သာ “
ရှိပါတယ်။ အဘိဓမ္မာဒေသနာတော်ဟာ ကာလအားဖြင့် သုံးလကြာအောင် ဟောကြားရမည့်
တရားတော်ဖြစ်ရာ နတ်တို့အဖို့ရာ အချိန်အားဖြင့် မိနစ်ပိုင်းမျှသာ
ကြာမြင့်မည်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်က အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူလျှက် ဆွမ်းဘုန်းပေးချိန်ကျ ရောက်ပါက နိမ္မိတရုပ်ပွားတော်
တစ်ဆူအား ဖန်ဆင်းတော်မူပြီး တရားတော်များအား ဆက်လက်ဟောကြားတော်
မူစေခဲ့ပါတယ်၊မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကတော့မြောက်ကျွန်းသို့
ဆွမ်းခံကြွတော်မူပြီးလျှင် ဂင်္ဂါမြစ်ကမ်း နံဘေးတွင် ဆွမ်းဘုန်းပေးပါတယ်။
ပြီးနောက် အနောဒတ္တအိုင်၌ လက်ယာရံ အဂ္ဂသာဝကဖြစ်တော်မူသော တရား စစ်သူကြီး
အရှင်သာရိပုတ္တရာအား နေ့စဉ်နေ့တိုင်း နတ်ပြည်တွင်ဟောကြားသော
အဘိဓမ္မာဒေသနာတော်အား အကျဉ်းမျှပြန်လည်၍ ဟောကြားပေးတော်မူပါတယ်။ ပညာအရာမှာ
မြတ်စွာဘုရားပြီးလျှင် အသာလွန်ဆုံးဟု ဧတဒဂ် ရတော်မူသော
အရှင်သာရိပုတ္တရာကိုယ်တာ် မြတ်ကြီးကလည်း ရှေးအခါက
လင်းနို့လူသားဖြစ်ခဲ့ဖူးသော အတူနေတပည့် ရဟန်းတော်ငါးရာတို့အားမြတ်စွာဘုရား
အကျဉ်းမျှသာဟောတော်မူသော အဘိဓမ္မာတရားတော် ကို အကျဉ်း၊ အကျယ်အားဖြင့်
ချဲ့ထွင်ပြီး ပြန်လည်ဟောကြားတော်မူပါတယ်။ ယခု ထရီဆာတို့ သိထားတဲ့ လိုက်နာ
ကျင့်သုံးနေတဲ့ အဘိဓမ္မာတရားတော်ဟာ မြတ်စွာဘုရား ကိုယ်တော်တိုင်
ဟောတော်မူသော အလွန်ကျယ်ဝန်း သော အဘိဓမ္မာတရားတော်မဟုတ်ဘဲ
အရှင်သာရိပုတ္တရာကိုယ်တ်ာမြတ်ကြီးမှတဆင့် ပြန်လည်ဟောကြားသော မကျဉ်းလွန်း၊
မကျယ်လွန်းသော အဘိဓမ္မာဒေသနာတော် ဖြစ်ပါတယ်လို့ မှတ်သားရပါတယ်။
မြတ်စွာဘုရားရှင်မှ နတ်ပြည်မှ
မယ်တော်ဖြစ်ခဲ့ဖူးသူ သန္တုဿိတနတ်သားအား ကျေးဇူးဆပ်တော်မူသောအားဖြင့် ဟောကြား
တော်မူအပ်သော အလွန်ကျယ်ဝန်းသော အဘိဓမ္မာဒေသနာတော်၊ လူ့ပြည်မှ လက်ယာရံ
အဂ္ဂသာဝက ဖြစ်တော်မူသော အရှင်သာရိပုတ္တရာအား အကျဉ်းအားဖြင့် ဟောကြားတော်မူသော
အဘိဓမ္မာဒေသနာတော်၊ အရှင်သာရိပုတ္တရာ မှတဆင့် အတူနေတပည့် ရဟန်းတော်ငါးရာအား
ပြန်လည်ဟောကြားတော်မူသော အကျဉ်း၊ အကျယ်၊ အလယ်အလတ်ဖြစ်သော
အဘိဓမ္မာဒေသနာတော်တို့ဟာ သီတင်းကျွတ်လပြည့်နေ့မှာ အလုံးစုံပဲ ပြီးဆုံး
ခြင်းသို့ ရောက်ရှိခဲ့ပါတယ် ။
မြတ်စွာဘုရားရှင်ပေါ်မှာ တင်နေတဲ့
မယ်တော်မာယာ(ခ) သန္တုဿိတနတ်သားရဲ့ ကျေးဇူးဟာ သာမန်ဖြစ်သော လောကီကျေးဇူးမျှသာ
ဖြစ်ပါတယ်။ မယ်တော်ဟာ မြတ်စွာဘုရားအလောင်းလျာပေါ်ကို အပေါ်ယံဖြစ်သော
ဝမ်းဗိုက် ဆာလောင်မှုကိုသာပြေပျောက်စေတဲ့ လောကီနို့ရည်ကိုသာ
တိုက်ကျွေးခဲ့တာပါ။မြတ်စွာဘုရားရှင်ကပြန်လည်ပြီး ကျေးဇူးဆပ်လိုက်တဲ့
ကျေးဇူးတော်ကတော့ သံတရာတလျှောက်အတွက် ပူလောင်ခြင်းဖြစ်တဲ့ ကိလေ သာ
ဝမ်းအပူကို ပြေပျောက်စေတဲ့ လောကုတ္တရာဓမ္မနို့ရည်ပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူသော အဘိဓမ္မာဒေသနာတော်အဆုံးမှာ မယ်တော်နတ်သားဟာ
သောတာပန်တည်ပြီး ကုဋေရှစ်သောင်းသော နတ် ဗြဟ္မာတို့ဟာလည်း သစ္စာတရားကို
သိမြင်သွားကြပါတယ် ။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ထရီဆာတို့
မိဘကျေးဇူး ဆပ်ရာမှာ အမှတ်မှား၊ အယူမှား ဖြစ်နေတဲ့ မြတ်စွာ ဘုရားသည်တောင်မှ
မိခင်နို့တစ်လုံးဖိုးသာလျှင် ကျေးဇူးဆပ်နိုင်တယ်ဆိုတဲ့ အချက်ဟာ
လွဲမှားနေတဲ့ အယူအဆ မျှသာဖြစ်နေတယ်ဆိုတာ သာဓက ဆောင်နေပါတယ်။
မြတ်စွာဘုရားရဲ့ တရားကျေးဇူးတော်ကြောင့် မယ်တော် နတ်သားဟာ ပုထုဇဉ်အနွယ်မှ
အရိယာအနွယ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင် ဟာ
မယ်တော်ရဲ့ ကျေးဇူးတော်ကို အကျေဆပ်ခဲ့နိုင်တယ်လို့ မှတ်သားရမှာပါ ။
သီတင်းကျွတ် လပြည့်နေ့မှာ
မိဘဘိုးဘွားများ၊ ဆရာသမားများ၊ ဆွေမျိုးသားချင်း ညီကိုမောင်နှမများအား
အနှစ် သာရပြည့်ပြည့်ဖြင့် ဂါရ၀တရားဖြင့် ပူဇော်ကန်တော့ခြင်း၊
မယ်တော်ဖြစ်ခဲ့ဖူးသူ နတ်ပြည်မှ သန္တုဿိတ နတ်သား အား မြတ်စွာဘုရားရှင်မှ
ကျေးဇူးဆပ်တော်မူသောအားဖြင့် ဟောကြား တော်မူအပ်သော အလွန်ကျယ် ၀န်းသော
အဘိဓမ္မာဒေသနာတော်ဟောကြားအပြီး နတ်ပြည်မှ လူ့ပြည်သို့ပြန်လည်ဆင်းသက်လာ
သောအခါ အရှင်သာရိ ပုတ္တရာ ဦးဆောင်တော်မူသော ရဟန်းသံဃာတော်များ၊
လူပုဂ္ဂိုလ်များမှမြတ်စွာဘုရား ကြွှဆင်းရာ လမ်းတ လျှောက်တွင်
ပန်းနံ့သာများခင်းကျင်းပြီး ဆီမီးများထွန်းညှိလျှက် မြတ်စွာဘုရားရှင်ကို
ပူဇော်ကန်တော့ခြင်း အစ ရှိတဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာဖြင့်
သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ အနှစ်သာရပြည့်စုံတဲ့ ရိုးရာယဉ်ကျေးမှု များ
ထုံမွှန်းနေတဲ့ မီးထွန်းပွဲတော်ပဲ ဖြစ်ပါတယ်။
ကိုးကား
၁) ရွှေဘုန်း (အရှင်တေဇာနန္ဒ၊ စေတနာပန်းခင်း) ရေးသားပူဇော်သည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်
နေ့ ဆောင်းပါး
၂) အရှင်ကိတ္တိဇယ(ညောင်ကန်အေး) ရေးသားသည့် ကထိန်သင်္ကန်းအကြောင်းသိကောင်းစရာ ဆောင်းပါး
(မြန်မာချစ်သူဆိုဒ်မှ ပို့စ်တင်သူ မျိုးလွင်)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ အင်္ဂါနေ့၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)ကို ဤ “ ရိုးရာ မပျက် ဆင်ယင်နွှဲ သီတင်းကျွတ်မီးထွန်းပွဲ “
ဆိုသည့် ဆောင်းပါးဖြင့် မိမိအပေါ်တွင် ကျေးဇူးရှိသော မိခင်ကြီး၊
ကွယ်လွန်သွားပြီဖြစ်သော ဖခင်ကြီးနှင့် အခြား အခြားသော ကျေးဇူးပြုဖူးသူ၊
ကျေးဇူးရှိဖူးသူ၊ ကျေးဇူးပြုဆဲသူများ အားလုံးကို အနန္တာ အနန္တ (၅)ပါးကို
ဦးထိပ်ပန်ဆင်ပြီးလျှင် ခင်ပွန်းကြီး (၁၀)ပါးကို ဦးထိပ်လျှက်
ရှိခိုးကန်တော့ပါ၏ ဘုရား ….
မိမိ၏ ရေးသားပူဇော်မှုအတွက်ကိုလည်း သာဓု….သာဓု…သာဓု…..ခေါ်ဆိုအပ်ပါတယ်ရှင် …..။
အားလုံးသော သူများမှသည်လည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပိုင်ဆိုင်ရသူများ ဖြစ်ကြပါစေလို့ …………..
မေတ္တာဖြင့်
ထရီဆာ (Teresa)
0 comments:
Post a Comment