
“ သမီးငယ် ထတော့လေ၊ ဒီကလေးမ အအိပ်ကလည်း
အရမ်းမက်တာပဲ၊ ဒီနေ့ ကျောင်းသွားရမယ့် ပထမရက်ကို .. သမီးငယ် ထစမ်း …
သမီးငယ် … သမီးငယ် …. ထ .. ၆ နာရီကျော်နေပြီ … “
တက္ကသိုလ် တက်ရမယ့် ပထမဦးဆုံး ရက်
နှိုးစက်နာရီထက် ကောင်းတဲ့ အမေ့ရဲ့ တဗြစ်တောက်တောက် အသံမှ မဆုံးသေးခင် ..
“ ဟိတ်ကောင် မြတ်နိုး … မြတ်နိုး သွားမယ်ဟ၊ အချိန်က မရှိတော့ဘူး .. “
အိမ်ရှေ့မှ အသံပြဲပြဲနဲ့ ငလှိုင့်အသံကြားမှ မြတ်နိုး အိပ်ယာမှ အလူးအလဲ ထပြီး ..
“ အေး .. အေး .. ငလှိုင်၊ ငါ့ကို ခဏစောင့် ငါ ရေချိုးလိုက်အုန်းမယ်၊ ခဏပါပဲ … နင် ခဏ ထိုင်စောင့်နေ (၁၅) မိနစ်ပဲစောင့် “
တဆက်တည်း အမေ့ကိုလည်း …
“ အမေ ဒီကောင့်ကို ကော်ဖီ တိုက်လိုက်ပါ အမေရာ …”
မြတ်နိုး တစ်ယောက်
အချိန် (၁၅) မိနစ်အတွင်း ရေချိုး၊ အ၀တ်အစားလဲခြင်းကို ၀ုန်းဒိုင်းကျဲပြီး
အပြီးအစီး လုပ်နေ တဲ့အချိန် .. အိမ်ရှေ့မှ အမေနဲ့ ငလှိုင်တို့ရဲ့
မြတ်နိုးရဲ့ ဂုဏ်များကို အတိုင်းအဖောက်ညီညီ ပြောနေတဲ့ အသံများကို လည်း
ကြားနေရတယ် ။
အန်တီလည်း နှိုးနေတာ
ကြာပါပြီ သားရယ် .. မင့် သူငယ်ချင်းကိုက အအိပ်မက်တာ .. နှိုးရင်လည်း
တော်တော်နဲ့ကို မထဘူး .. မိန်းကလေးဖြစ်ပြီး ဒီလောက် အအိပ်မက်တာ အန်တီဖြင့်
အမြင်ကပ်လွန်းလို့ ..
ဟုတ်တယ်၊ အန်တီ
ဒီကောင် အမြဲ အဲ့လိုပဲ၊ တခုခုဆိုလည်း သူ့ပဲ အမြဲစောင့်နေရတာ၊ ဒီနေ့လည်း
ကျနော် မနက်က အိပ်ယာထတာ နည်းနည်းနောက်ကျသွားလို့ ဒီကောင်များ
ပြီးနေမလားမှတ်တယ် .. ဒုံရင်းက ဒုံရင်းပဲ .. အမေနဲ့ စကားပြောနေရင်း .. “
ဟိတ်ကောင် မြတ်နိုး မြန်မြန်ကွ .. အချိန်က ကပ်နေပြီ .. ဟိုမှာ လှိုင်မျိုး
ဒေါသူပုန်း ထနေအုန်းမယ် …”
“ အေးပါ .. အေးပါ၊ ငါ
ပြီးပြီ “ ပြောရင်း မြတ်နိုး မနေ့ညကတည်းက အသင့်ပြင်ထားတဲ့ လွယ်အိတ်ကလေး
ဆွဲယူရင်း .. အိမ်ရှေ့ကို ထွက်ပြီး အမေ အသင့်ပြင်ပေးထားတဲ့ မနက်စာ
စားဖို့ပြင်တုန်းပဲရှိသေးတယ် …
“ ဟိတ်ကောင် မင်း ..
မစားနဲ့တော့ ငါတို့ ဖယ်ရီနောက်ကျနေပြီ ” သွားမယ်ပြောပြီး အမေ့ကိုနှုတ်ဆက်ကာ
မြတ်နိုး နဲ့ ငလှိုင်တို့ အိမ်ကနေ အပြေးတပိုင်း ဖယ်ရီကားစီးရမယ်လို့
သတ်မှတ်ထားတဲ့ စုရပ်ဆီကို ကသောကမြောနဲ့ ရောက်သွားကြရော။ ဟိုရောက်တော့
လှိုင်မျိုးက အသင့်စောင့်နေပြီးမြတ်နိုးနဲ့ ငလှိုင့်အတွက်ကို နေရာဦးပေးထားလို့ မြတ်နိုးတို့ အခန့်သားပင် နေရာမှာ ၀င်ထိုင်ပြီး …
“ စောရီးဟာ ဟိုကောင် ငလှိုင်ပေါ့ ငါ့ကို နောက်ကျမှ လာခေါ်တယ်လေ “
မြတ်နိုး အိပ်ယာထနောက်ကျတာကို မပြောဘဲ ချန်ထားပြီး ငလှိုင် နောက်ကျလို့ မြတ်နိုးတို့ နောက်ကျရတယ်ဆို တဲ့အကြောင်းကို ပြောပြလိုက်တယ် ။
ငလှိုင်ကတော့ ဘာမှမပြောပေမယ့် ဘု ကြည့် ကြည့်လို့နေတယ်လေ ။
“ အေး .. မင်းတို့ ကြည့်လုပ်၊ ငါ ဒီမှာ နေရာဦးပေးထားတာ သတ်ပွဲဖြစ်တော့မယ် “
လှိုင်မျိုးတစ်ယောက် မကျေမနပ်နဲ့ မြတ်နိုးတို့ကို တဗြစ်တောက်တောက် ပြောနေလေရဲ့ ….
ကားပေါ်မှာ မြတ်နိုး၊
ငလှိုင်နဲ့ လှိုင်မျိုးတို့နဲ့အတူ အခြားသော ကျောင်းသား၊ ကျောင်းသူများအပြင်
ဒဂုံတက္ကသိုလ်မှာ တာဝန်ကျတဲ့ သင်ကြားရေး ဆရာ၊ ဆရာမများပါ အသီးသီး
သတ်မှတ်ထားတဲ့ စုရပ်တွေကတဆင့် ကျောင်း ကြို/ပို့ ဖယ်ရီကားကို
စောင့်စီးကြတယ်။ လူငယ်တို့ သဘာဝအရ ပျော်ရွှင်၊ စနောက်ကာ
ဆူညံပွက်လောရိုက်ပြီး ကျောင်း တော်ကြီးဆီကို ဦးတည်လျှက်ပေါ့။ လမ်းတ၀က်မှ
တားပြီး တက်လာသော ဆရာ၊ ဆရာမ များရှိလာတဲ့ အခါများနဲ့ တိုက်ဆိုင်ခဲ့ရင်လည်း
နေရာလပ်မရှိဘူးဆိုရင်တောင် ကျောင်းသားများက ဂါရ၀တရားကို ရှေ့တန်းထားပြီး
ဆရာ၊ ဆရာမ များအတွက် နေရာများကို ဦးစားပေး ဖယ်ပေးကြတာကလည်း မြတ်နိုးတို့
လူငယ်တွေရဲ့ ချစ်စဖွယ် ကောင်းတဲ့ အမူ အကျင့်လေးပေါ့ရှင် ။
ဘ၀မှာ
ပထမဦးဆုံးအကြိမ် တက္ကသိုလ်ဆိုတဲ့ မြေမှာချေချခွင့်ရတဲ့ မြတ်နိုးတို့
လူရွယ်လေးတွေမို့ တက္ကသိုလ် ကျောင်းသား ဆိုတဲ့ ဘ၀င်လေ လေးကလည်း
ခပ်ဟပ်ဟပ်နဲ့ပေါ့ ။ ငါတို့ ကလေးမဟုတ်တော့ဘူး၊ ငါတို့ လူကြီးတွေ
ဖြစ်ကြပြီဆိုတဲ့ အတွေးလေးတွေလည်း ကိုယ်စီ ကိုယ်စီ ရှိခဲ့ကြတာပေါ့လေ ။
မြတ်နိုးတို့
ကျောင်းသားတွေ ဂုဏ်ယူဝင့်ကြွားစွာ ခြေချခွင့်ရတဲ့ ဒဂုံတက္ကသိုလ်ဆိုတဲ့
မုဒ်ဦးအ၀င် ဆိုင်းဘုတ်ကြီးက ခန့်ညားထယ်ဝါစွာနဲ့ ကြိုဆိုလျှက်ပေါ့။
မုဒ်ဦးအ၀င်ကို ဖယ်ရီကားလေး ဖြတ်ပြီးတာနဲ့ တက္ကသိုလ်ရဲ့ မိန်းလမ်းမကြီး
တစ်ဖက် တစ်ချက်စီမှာ အစီအရီစိုက်ထားတဲ့ မလေးရှား ပိတောက်ပင်တွေနဲ့
ပုန်နရိပ်ပင်တန်းတွေ၊ လမ်းတ၀က်အရောက် လမ်းဆုံ အ၀ိုင်းမှာ ရေပန်း တစ်ခု၊
အဲ့ကနေမှ ဆက်သွား မယ်ဆို တက္ကသိုလ်ရဲ့ ပုံဆောင်၊ ဂုဏ်ဆောင် Conference Hall
(တက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမကြီး)က ခမ်းနားထည်ဝါစွာနဲ့မြတ်နိုးတို့လို
အသစ် စက်စက် တက္ကသိုလ်ကျောင်းသားတွေကို ဂုဏ်ယူဝင့်ကြွားစွာ
ဆီးကြိုလျှက်သားပေါ့ ။ မြတ်နိုးတို့ တလျှောက်လုံး အပြင်ဘက်ကိုငေးမောကြည့်ရင်းနဲ့ မြတ်နိုးတို့ စီးလာတဲ့ ကျောင်းဖယ်ရီကားလေးက
သတ်မှတ်ထားတဲ့ ကားရပ်နားကွင်းမှာ ရပ်နားပြီး မြတ်နိုး၊ ငလှိုင်နဲ့
လှိုင်မျိုး တို့ (၃)ယောက်သား ဖယ်ရီကားဝင်းနားက Canteen (ကန်တင်း)ကို
ဖြတ်ပြီး ကျောင်း စာသင်ဆောင်များ ရှိရာကို ဦးတည် လျှောက်နေစဉ်မှာပဲ …
“ ဟိတ်ကောင် တွေ … မြတ်နိုး၊ ငလှိုင်၊ လှိုင်မျိုး …. ငါတို့ ဒီမှာ … ငါတို့ ဒီမှာ .. ”
ဇာဇာ နဲ့ အောင်မျိုး
တို့ရဲ့ မရှက်မကြောက် စိုးရွားလွန်းတဲ့ အသံပြဲပြဲများကြောင့် မြတ်နိုးတို့
(၃) ယောက်သား တင်မက အခြား ဖြတ်သွား ဖြတ်လာ ကျောင်းသား၊ ကျောင်းသူတွေပါ
ဟိုကြည့် ဒီကြည့်နဲ့ဖြစ်ကုန်ကြပါလေရော ရှင် ။ အော် .မြင်ပါပြီ
ကင်တန်းအဆောင်များရဲ့ တစ်ခုသောဆိုင်အတွင်းမှာ စပ်ဖြဲဖြဲမျက်နှာတွေနဲ့
ထိုင်နေကြတဲ့ ဇာကြီး(ဇာဇာ)နဲ့ အောင်မျိုး(မှုန်ကြီး) ။
မြတ်နိုး၊ လှိုင်မျိုး၊ ငလှိုင်၊ အောင်မျိုးနဲ့ ဇာကြီး
မြတ်နိုးဘ၀မှာ ချစ်ရတဲ့ သူငယ်ချင်းတွေပါပဲ ၊ သူငယ်ချင်းဆိုတဲ့ ဘ၀ကို မြတ်နိုးတို့အားလုံး မြတ်နိုးခုံမင်ကြတယ်လေ၊
“သူငယ်ချင်း” ဆိုတာ ဘ၀မှာ မရှိမဖြစ်ပါပဲ
o-o-o-o-o-o
မြတ်နိုးတို့
မှုန်ကြီးတို့ ရှိရာဆီသို့ သွားကြပြီး၊ မနက်စာ စားသောက်ကြအပြီးမှာတော့
အုပ်စုလိုက် စာသင်ဆောင်များ ရှိရာဆီသို့ ချီတက်လာကြပါတော့တယ်။ မြတ်နိုးတို့
သူငယ်ချင်းတွေ ယူထားကြတဲ့ မေဂျာဘာသာတွေက မတူညီ ကြပါဘူး၊ မြတ်နိုးက
မြန်မာစာ၊ လှိုင်မျိုးက သမိုင်း၊ ဇာကြီး၊ ငလှိုင်နဲ့ မှုန်ကြီးတို့က ဥပဒေ စတဲ့
အထူးပြု ဘာသာ ရပ်တွေကို ယူထားကြတာပါ။ မြတ်နိုးတို့က ဝေးသင်ဌာမှာ
တက်ရောက်ရတဲ့ ကျောင်းသားတွေမို စာမေးပွဲဖြေခါနီး တစ်လလောက် အလိုမှာ
မြတ်နိုးတို့လို့ အဝေးသင်ယူထားတဲ့ ကျောင်းသားတိုင်းက သက်ဆိုင်ရာ တက္ကသိုလ်
တွေမှာ အနီးကပ် သင်ကြားပို့ချတဲ့ (၁၀) ရက်မှာ ကျောင်းတက်ရတာပါ။ အများစုက
အလုပ်တစ်ဖက်နဲ့ လာရောက် ပညာသင်ကြားနေကြရသူတွေဖြစ်ကြတယ်လေ ။
ကျောင်းစတက်ရတဲ့
ပထမဦးဆုံးနေ့ကစပြီးမြတ်နိုးကိုမြန်မာစာ ကျောင်းသားများအတွက်
သတ်မှတ်ထားတဲ့ စာသင်ဆောင်ကို အရင်လိုက်ပို့ပြီးမှ သူတို့
ထမင်းစားလွှတ်ချိန်မတိုင်ခင် တစ်ချိန်အလိုမှာ လာခေါ်မယ့်အကြောင်း မှာသွားပြီး
နေရာကိုလည်း နောက်ဆုံးတန်းရဲ့ ရှေ့အတန်း အခန်းတံခါးနဲ့ ကပ်လျက်ခုံတန်းရှည်
အစွန်ဆုံးမှာ နေရာချထားပေးပြီး ထုံးစံ အတိုင်း ဆူညံပွက် လောရိုက်ပြီး
သူတို့ အဆောင်တွေဆီကို ချီတက်သွားကြလေရဲ့လေ ။ ဒါ မြတ်နိုးတို့ သူငယ်ချင်း
တွေ ကျောင်းစတက်တဲ့ နေ့ကတည်းကနေ လုပ်လာခဲ့တဲ့ အစဉ်အလာပါ ။
ဒီလိုနဲ့
မြတ်နိုးတို့ ကျောင်းတက်လာတာလည်း ရက်အနည်းငယ် ကြာလာကြပြီမို့မြတ်နိုးလည်း
မေဂျာတူ အခန်းဖော် သူငယ်ချင်း အသစ်လေးတွေ ထပ်ရတာပေါ့။ မြတ်နိုးတို့
အဖွဲ့ကိုလည်း မှတ်မိသူတွေ ရှိလာလို့ပေါ့ရှင်။
ထုံးစံအတိုင်း
ဒီနေ့လည်း ကျန်နေ့များလိုပဲ မြတ်နိုးကို အရင် စာသင်ခန်းထဲ ပို့ပြီး သူတို့
နေ့ခင်း ထမင်းစားချိန် လာခေါ်မယ့်အကြောင်းမှာပြီး ထွက်သွားကြလေရဲ့။
ကျောင်းဆရာကန်တော့ပွဲအတွက် အလှူငွေကို အတန်း ခေါင်းဆောင် ကျောင်းသားက
အခန်းအတွင်း လိုက်ကောက်ယူနေတဲ့အချိန်မြတ်နိုးလည်း ဆရာကန်တော့ပွဲ အတွက်
အလှူငွေထည့်ဖို့ လွယ်အိတ်ထဲက ပိုက်ဆံကိုထုတ်ဖို့ လက်တစ်ဖက်နဲ့
လွယ်အိတ်ထဲကို လက်နှိက် လိုက်ပေမယ့်မြတ်နိုးရဲ့ ပိုက်ဆံ အိတ်ကို
မစမ်းမိတာနဲ့ လွယ်အိတ်ကို စားပွဲပေါ်တင်ပြီး လွယ်အိတ်ထဲက ရှိသမျှကို
စားပွဲပေါ်ကို ထုတ်လိုက်ပေမယ့်မြတ်နိုးရဲ့ ပိုက်ဆံအိတ်က ထွက်မလာတဲ့အခါမှာ
ခေါင်းနားပန်းကြီးသွားပြီး ရင်ထဲမှာလည်း စူးခနဲပူသွားရပြီး ထိတ်ထိတ်ပြာပြာ
နဲ့ မျက်ရည်က အလိုလို ၀ဲတက်လာပြီး မြတ်နိုးတစ်ယောက် ဂနာမငြိမ်နဲ့ “ ငါ့
ပိုက်ဆံ အိတ်၊ ငါ့ ပိုက်ဆံအိတ် မရှိတော့ဘူး … ”ပြောပြီး ငိုချပါ လေရော။
အခန်းထဲက အခြား အတန်းဖော်များကလည်း မြတ်နိုးကို စိတ်ငြိမ်ငြိမ်ထားဖို့၊
နောက်နေ့မှ ထည့်လည်း ရကြောင်း စတဲ့ပြေရာပြေကြောင်း အားပေးနှစ်သိမ့်စကားတွေ
ပြောပေးကြပေမယ့်မြတ်နိုးရင်ထဲက အပူလုံးကြီးက မကျနိုင်ပါဘူး။
မြတ်နိုးလည်း စာသင်လို့မရတာနဲ့ လွယ်အိတ်ကလေးဆွဲပြီး အခန်းရှေ့က
ကော်ရီတာ(စာသင်ခန်းမရှေ့က လူသွားလျှောက်လမ်း) ဒေါင့်လေးမှာ
စောင့်ကြောင့်ထိုင်ပြီး တရှုံ့ရံှု့နဲ့ ထိုင်ငို နေမိပါရဲ့လေ။ ရင်ထဲက
ပိုက်ဆံအိတ် ပျောက်တဲ့ သောက အပူကြောင့် မြတ်နိုး ပတ်ဝန်းကျင်ကိုလည်း ရှက်ရ
ကောင်းမှန်း မသိတော့ပါဘူး ။
မြတ်နိုး ငိုနေချိန်မှာပဲ မှုန်ကြီး နဲ့ ငလှိုင် ရောက်လာပြီး
“ ဟိတ်ကောင် မြတ်နိုး မင်းဘာလို့ ဒီမှာ ထိုင်ငိုနေတာလဲ? နင် မရှက်ဘူးလား ကြည့်စမ်း နင့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြတာ .. “
“ ငါ့ ပိုက်ဆံအိတ် မရှိတော့ဘူး … “
ပြောရင်း မြတ်နိုး ဆက်ငိုနေတာကို ကြည့်ပြီး ဟို နှစ်ကောင် ထရီ ကြပါလေရော …
“ နင်တို့က ဘာလို့ ရီတာလဲ … “
“ ငပေါမလေး .. နင့်ကို သဘောကျလို့ပေါ့ဟ .. “
ငလှိုင်ပြောရင်း .. “ မှုန်ကြီး မင်း ထုတ်ပေးလိုက်ပါကွာ .. ဟိုမှာ ငါ့သူငယ်ချင်းလေး မျက်ရည်တွေ ကုန်တော့မယ် ငိုနေတာ ..”
ငလှိုင့် စကားကြောင့်
မြတ်နိုး ငိုနေရာမှ ထရပ်ပြီး… “ဘာ .. “ “ နင်တို့ ယူသွားတာလား ” ပြောရင်း
မှုန်ကြီးနဲ့ ငလှိုင် ကို မကျေမနပ်အကြည့်နဲ့ ကြည့်တော့မှ ..ငလှိုင်က …
မြတ်နိုး ..
နင်ကလည်းဟာ ငါတို့က နင် သိတယ် ထင်တာ၊ မနက်က ကင်တင်းမှာ ငါတို့
မုန့်စားနေတုန်း ဟိုကောင် မှုန်ကြီး နင့်လွယ်အိတ်ကို တောင်းတဲ့အချိန်မှာ
ဒီကောင် ယူထားလိုက်တာလေ .. နင် မသိလိုက်ဘူးလား .. ငါတို့က နင်သိလို့
ဒီအတိုင်းနေတယ် ထင်နေတာ၊ အခု နင့်အဆောင်က ကောင်လေးတစ်ယောက်က “ အကိုတို့
သူငယ်ချင်း ကော်ရီတာမှာ ထိုင်ငိုနေတယ်” ပြောလို့ ငါနဲ့ မှုန်ကြီး နင့်ကို
လာကြည့်တာ ။
မြတ်နိုးမှာ
ဒေါသထွက်လွန်းလို့ “ နင်တို့ .. နင်တို့ “ ကလွဲပြီး သူတို့ကို
ပြန်မပြောနိုင်ခဲ့ရပါဘူး။ ထမင်းစားချိန် ကင်တင်း မှာ
အားလုံးဆုံတဲ့အချိန်မှာလည်း ကျန်တဲ့သူတွေရဲ့ ၀ိုင်းဟားခြင်းကို မြတ်နိုး
တစ်ယောက် ခံခဲ့ရသေး တယ်လေ။ တခါတုန်းကလည်း ကျောင်းကင်တင်းမှာ မြတ်နိုးတို့
အုပ်စုထိုင်နေကျ စားသောက်ဆိုင်မှာလည်း မှုန်ကြီးက နင်တို့ ကြိုက်တာစားကြနော်
.. ဒကာခံမယ့်သူရှိတယ်ဆိုလို့ မြတ်နိုးအပါအ၀င် အားလုံးက စားသောက် ကြတာပေါ့၊
ပြန်မယ်လုပ်တဲ့ အချိန်ကျမှ ကျသင့်ငွေကို ရှင်းတဲ့အခါ မြတ်နိုး
ပိုက်ဆံအိတ်ကို မြတ်နိုး မသိအောင် ယူထားပြီး ရှင်းသွားကြပြီး နောက်မှ
မြတ်နိုး သိလိုက်ရတာမျိုး တွေလည်း ရှိခဲ့ကြတယ်။ ဒီလိုနဲ့ပဲ မြတ်နိုးတို့
သူငယ်ချင်းတွေ တက္ကသိုလ်ကျောင်းတော်ကြီးထဲ နေရာအနံ့ လျှောက်သွားရင်း အနီးကပ်
(၁၀)ရက်မှာ တက္ကသိုလ် ကျောင်းသား များဆိုတဲ့ ဘ၀ကို ပြည့်ပြည့်၀၀
ခံယူလျှက်ပေါ့ ။
အတန်းချိန်ပြင်ပ
အားလပ်တဲ့အချိန်မှာ သူငယ်ချင်းတွေအုပ်စုလိုက် ဟိုဟိုဒီဒီလျှောက်သွား၊
နောက်ပြောင်ရင်းနဲ့ဖြူစင်တဲ့ သူငယ်ချင်းဘ၀ကိုမြတ်နိုးတို့
ပျော်ရွှင်စွာနဲ့ဖြတ်သန်းကြတယ်။ သူငယ်ချင်း အချင်းချင်း တစ်ယောက်ကို
တစ်ယောက် မခံနိုင်အောင် စနောက်ကျပေမယ့်လည်း စိတ်မဆိုးနိုင်ကြဘဲ
ပြုံးပျော်လို့ မဆုံးခဲ့ကြဘူးလေ ။ တခါ တလေ ကျောင်းဖယ်ရီ မစီးတဲ့ရက်တွေဆို
ဒဂုံ တက္ကသိုလ်ထဲကနေ ပြေးဆွဲတဲ့ လိုင်းကားများကို စီးရတဲ့အခါမျိုး ဆိုလည်း
ပိုက်ဆံ ရှင်းစေချင်တဲ့ သူကို မြတ်နိုးတို့က နောက်ချန်ထားခဲ့ပြီး
လိုင်းကားပေါ် အပြေးအလွှား လုတက်ကြပြီး “ နောက်ဆုံးက တက်တဲ့သူ
ပိုက်ဆံရှင်းရမှာနော် ” လေးမျိုး တွေနဲ့ သူငယ်ချင်း ဆိုတဲ့
ဖြူစင်တဲ့ဘ၀လေးတွေကို ဖန်တီးခဲ့ကြတယ် ။
တက္ကသိုလ်ကျောင်းသားဘ၀လေးက
သိပ်ခင်တွယ်ဖို့ကောင်းပါတယ်၊ ဘ၀မှာ အပျော်ဆုံးအချိန်တွေကိုပြောကြေးဆို
မြတ်နိုးတို့ သူငယ်ချင်းတွေ အတူတူရှိခဲ့တဲ့ တက္ကသိုလ်တက်ရတဲ့ အချိန်တွေပါပဲ ။
o-o-o-o-o-o
ဒီလိုနဲ့
မြတ်နိုးတို့ သူငယ်ချင်းတွေ တက္ကသိုလ်ကျောင်းပြီးကြလို့ အသီးသီး
ဘ၀ရဲ့လမ်းပေါ်မှာ ကိုယ်စီ ကိုယ်စီ လျှောက်ကြရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်
နေရာဒေသတွေလည်း ကွာဝေးခဲ့ကြရတဲ့ သူတွေလည်း ရှိခဲ့သလို တစ်နေရာတည်းမှာ
တူတူနေကြပေမယ့်လည်း ကိုယ်စီအလုပ်တွေကြောင့် သူငယ်ချင်းတွေ
မတွေ့ဖြစ်ခဲ့ကြပါဘူး ။ မြတ်နိုးနဲ့ အောင်မျိုး(မှုန်ကြီး)သာ ရန်ကုန်
ကျန်ခဲ့ကြပြီး ကျန်တဲ့သူငယ်ချင်းတွေနဲ့က မတွေ့ဖြစ်လောက်အောင်
ဝေးကွာနေသွားခဲ့ရတယ် ။
မြတ်နိုး
ရုံးပိတ်ရက်မှာ အိမ်ကို မှုံကြီးလာလည်တဲ့အခါ မြတ်နိုး ချစ်ရတဲ့ ဇာကြီးနဲ့
ငလှိုင် တို့ အတူပါလာခဲ့တယ်။ မြတ်နိုး အရမ်းအံ့သြသွားသလို အရမ်းလည်း
ပျော်ရွှင်ခဲ့ရတယ်။ လှိုင်မျိုးက အလုပ်တာဝန်နဲ့ နယ်ရောက်နေသူ ဆိုတော့
မြတ်နိုးတို့တွေ ဖုန်းဆက်ပြီး “ ငါတို့ စုံမိနေတယ်ကွာ၊ လှိုင်မျိုး မင်းကို
ငါတို့ အားလုံးအရမ်းသတိရတယ်၊ မင်းသာရှိရင် ငါတို့ သူငယ်ချင်းတွေ စုံပြီကွ ”
ပြောရင်း လှိုင်မျိုးနဲ့ တစ်ယောက်ချင်းဖုန်းပြောကြတယ် ။ အဲ့ဒီနေ့က
မြတ်နိုးတို့ အိမ်မှာ သူငယ်ချင်းတွေပြန်ဆုံတဲ့ အထိမ်းအမှတ်နဲ့
စားသောက်ပွဲလေးလုပ်ရင်း မြတ်နိုးတို့ရဲ့ ကျောင်းသားဘ၀လေးကို
မြတ်နိုးခုံမင်စွာနဲ့ အလုအယက် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာ တစ်နေသာ
ကုန်သွားခဲ့ရတယ် မြတ်နိုးတို့ မောပမ်းရမှန်း အချိန်တွေ
ကုန်လွန်သွားခဲ့မှန်း မသိခဲ့ရဘူး ။
မြတ်နိုးတို့
ကျောင်းပြီးလို့ နှစ်တွေကြာပြီးမှ သူငယ်ချင်းတွေပြန်ဆုံဖြစ်ကြတဲ့ နေ့ကလေးက
ဟိုးအရင် ကျောင်းတက်ခဲ့ရတဲ့ ရက်တွေဆီကို ပြန်ပြီးရောက်သွားသလို
ခံစားခဲ့ရတယ် ။
မြတ်နိုးအတွက်တော့
သူငယ်ချင်းဆိုတာလေ ခိုင်ခံ့လွန်းတဲ့ သံယောဇဉ်အမျှင်တန်းလေးပါပဲ၊
မြတ်နိုးတို့ ဝေးကွာနေ ကောင်း ဝေကွာနေနိုင် ပါရဲ့၊ အဆက်အသွယ် ပြတ်ကောင်း
ပြတ်နေနိုင်ပါရဲ့၊ နေ့တိုင်း သတိရကောင်း ရချင်မှ ရနိုင်ပါရဲ့ ....
ဒါပေမယ့် မြတ်နိုးတို့ မှီခိုဖို့ လိုအပ်လာတဲ့ အခါ သူ့ပုခုံးတစ်ဖက်ကို အမြဲ အသင့်ရှိပေးသူ ..
ပျော်ရွှင်နေချိန်မှာလည်း ကိုယ်နဲ့ တစ်သားတည်းပြုံးပေးနိုင်သူ ..
ငိုနေချိန်မှာလည်း ကိုယ်နဲ့တစ်သားတည်း ကြေကွဲနေတဲ့သူ .....
ဒါဟာ သူငယ်ချင်း ပါပဲ ။
မေတ္တာဖြင့်
ထရီဆာ (Teresa)
December 06, 2012. (3း45 PM)
0 comments:
Post a Comment