Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ဗြိစ္ဆာရာသီ-တန်ဆောင်မုန်းလဘွဲ့လူးတား(ဦးယာ)

ဗြိစ္ဆာရာသီ-တန်ဆောင်မုန်းလဘွဲ့လူးတား(ဦးယာ)

နှင်းဖွဲ့မှိုင်းရီ၊ ရာသီဗြိစ္ဆာ၊ ကွေးလာမလုံ၊ လွှမ်းခြုံချမ်းစ၊ လွမ်းလှလေ။ ။
တိမ်ခြေရစ်သန်း၊ မင်းလွင်ဖျန်း၍၊ စက်ခန်းသုံးသိန်း၊ ဓာတ်ကိန်းအာပေါ၊
ကျယ်ပြောတိန၊ သို့သည့်လကို၊ မာသဗြိစ္ဆာ၊ နေ့မှာနာရီ၊
စွန်းညီအပြား၊ ရှစ်ခုသား၍၊ ရင်းအားနှစ်ဆယ်၊ ညဥ့်ဝယ်ဗီသ၊
တြိန္နနှင့်၊ ထွန်းပနက္ခတ်၊ ငွေပြဿာဒ်နှင့်၊ ကြယ်ကြိတ္တိကာ၊
ကျီးတာရာတို့၊ ပြည့်လှာကုန်ကျ၊ ဂြိုဟ်သူရနှင့်၊ ညီမျှတူစွာ၊
ဝိသာခါလျှင်၊ နေ့မှာလှည့်သွား၊ ဘ၀ါးစတု၊ ချမ်းစပြုသား၊
ငွေဥစိုစို၊ မိုးလုံးညို၍၊ မောက်မိုဖြိုးမြင့်၊ ရွှေပွင့်ခ၀ဲ၊
ဝတ်မှုံကြဲလျက်၊ ထွတ်ကဲစိန္တေ၊ ရှင်တော့်မွေကို၊ ရိုသေညွှတ်ကျိုး၊
မသိုးသင်္ကန်း၊ လှူဒါန်းရောင်ရှိန်၊ ကထိန်ပွဲခင်း၊ ကြိုင်သင်းပန်းမာလ်၊
ဆုပန်မြွတ်ဟ၊ သံချိုမြနှင့်၊ အလှပြောင်းအိ၊ သတိရွှေသား၊
သည်အလားသို့၊ ငါးပါးအင်စုံ၊ ဆူကြုံနိမ့်မြင့်၊ ပြစ်မျိုးလွင့်လျက်၊
မြပွင့်စိမ်းနီ၊ ပြာရီရောင်စု၊ ကျီးဥလိုလို၊ ယဉ်ပျိုနုနယ်၊
နတ်နှင့်ဆွယ်သို့၊ လည်ဝယ်ရွှေညှင်း၊ လဲ့ဝင်းပြာဖြူ၊ ဟန်ယူယိမ်းနွဲ့၊
ခ၀ဲပွင့်တုန်း၊ တန်ဆောင်မုန်းဟု၊ ခွေနှုန်းခန်းလယ်၊ ဇာခြယ်အုံးပေါ်၊
မွှေးပေါင်းဖျော်၍၊ ကြင်ဖော်မစုံ၊ ပိုက်ခြုံကွာဝေး၊ ခြူးကွေးဝန်းယှက်၊
လယ်ဗွေထက်၌၊ မြရွက်ကေသာ၊ လွမ်းမူရာနှင့်၊ သန္တာညွန့်သစ်၊
သရစ်ပေါ်ဖူး၊ လျှပ်ရောင်မြူးလျက်၊ ဆောင်းဦးဆည်းဆာ၊ လေပြေလာ၍၊
သောကြာရပ်က၊ ဆွတ်ဖျန်းပြသော်၊ မြိုင်ဝပတ်လည်၊ ပင်တိုင်းစည်လျက်၊
သံမြည်ရင့်ကျူး၊ ကျေးငှက်မြူးသား၊ ဆန်းထူးဝေေ၀၊ မြောက်လေသွင်းချီ၊ ရာသီဗြိစ္ဆာ၊ လမှာတန်ဆောင်၊ မြူမှောင်မသန်း၊ သော်တာဆန်းသည်။
တိမ်ပန်းထက်ကောင်းကင်ကလေ။ ။
စင်ကြယ်တည့် ညစ်ကြေး မြူမထွေး။ ။ ချမ်းအေးမိမယ်ကို။ ။
ဘုန်းမိုမှာပျော်ဘဲ မယ်ဝမ်းနဲ။ ။ နှင်းပွဲဝန်းလည်ဝေ။ ။
သည်းကြွေတည့် တုန်ချမ်း မျှော်မိလွမ်း။ ။

လူးတား-ဦးယာ

မောင့်ကြောင့် (အိုင်ချင်း)


မောင့်ကြောင့် (အိုင်ချင်း)

ချစ်တဲ့သူငယ်လေ ...
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။

ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲငယ်မှ စေ့စုံ။
လှေကားခုံမှာ
ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ
ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ
ဆူးလေမောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ
နွားရိုင်းမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ
ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ
အပ်သွားမောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ
လှံထောင်မောင့်ကြောင့် စိုက်တော့တယ်။

မောင်လဲ ဘယ်က တက်ပါ့မယ်။
မယ်လဲ ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊
ထုတ်နှင့်ယောက်ကို ထိုးဖောက်သွားက၊
ထုတ်သားငယ်မှ မခိုင်၊
ထုတ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင် ဖောင်ဖောင်ကျိုးက၊
သူခိုးဆိုညွှန်း မီးတင်ထွန်းလို့ ဝန်းကြသောအခါ၊
ဆင်းချခုန်   လမ်းဆုံရောက်ပါလိမ့်မယ်လားရှင်။

ညီမအထွေး ရွှေတလေးကို
ပြေး၍ ကြည့်ချေ စေလေသော့ခါ
အမယ် မမ ကျွန်မခဲအို မြင်ငဲ့ပါတို့
ရွာလယ်ခေါင်တွင် ခုတင်ကြီးမှာ
စောင်းတီးလို့လေး။

(အမည်မသိရှေးစာဆို)

ပင်လယ်ခရု (ဦးကြင်ဥ)


ပင်လယ်ခရု (ဦးကြင်ဥ)

ကြုံစဖူး

မြင်ဖူးမှ ယုံစဖွယ်။



ဖြူနီဝါပြာတစုနှင့်

ခရုထွေလာဆန်း

ကမ်းကွေ့ပတ်လည်။



ရွှေမင်တံ သံပခြုပ်နှင့်

ဟန်ရုပ်ပြသွယ်သွယ်

နတ်မယ်လျဆံထိုး။



ဝင်ကစွပ်

မြင်ဆွတ်ကကြည်ဖို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်

အငှားခန္ဓာမြှောင်ရတယ်

ဆန်းခေါင်ထိမျိုး။ ။



ဦးကြင်ဥ

ဝဋ်လိုက်တတ်တယ် (လှိုင်ထိပ်ခေါင်တင်)


ဝဋ်လိုက်တတ်တယ် (လှိုင်ထိပ်ခေါင်တင်)



မြခဲရောင်နွယ် ရွှေကျေးငယ်ကို
မွေးချင်တယ်မပူဆာနှင့်
နန်းညာ ရွေမြင့် နတ်ကယ်လေး။ ။



ရှေးဝဋ်ကျန်အောင် မဖန်သာသင့်
မြိုင်လုံးတင့်တဲ့ ပင်မြင့်သဇင်
ဂမုန်းအင် တော်ဝင်တဲ့မြတ်လေး
မောင်ဆွတ်ပေးမယ်ပ ..
ပျံ့မွှေးငယ်ချိုချို
ငိုမာန်ဖွဲ့လို့ အနွဲ့တော်ပိုလှချည့်
ကွန်းခိုတဲ့ရွှေဘုံပျော်မှာ
အမူတော် သည်မယ်များလှချည့်
ချုံရိပ်နေ ဟိုရွှေကျားက
စားတတ်တယ်လေး ။ ။

(လွမ်းချင်း)
(လှိုင်ထိပ်ခေါင်တင်)




သစ္စာတိုင်ပတ်ပျိုး ( ချစ်သမျှကို) - အနောက်နန်းမတော် မမြကလေး




ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပေ
လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့လေး
အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးဆုံးတိုင်တိုင်
ရုံးညှာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့မှာလှလေ
ကြိုးမည့်နောင်ခါ ကမ္ဘာမြေငယ် မြေ့စေတော့လေ

မှန်သရွေ့ကိုလ ဖန်စေ့ငယ်ရေရေ
ကိုးဂုဏ်ရှင့် ဂူတော်မွေ တူမသွေပါစေ မယ်နှင့်သား
လှစ်ကျူးမြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား
မခြားသိစေကြောင်း ပန်ထွာတည့် ခဝပ်ညောင်း။

တူပြိုင် ဂူလှိုဏ် စကားသစ္စာတိုင်
သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်
ဆုထူးငယ် ပန်ရွယ်သွန်း
ချစ်လို့ငယ်မကုန် ဝသုန်ဤမြေ သိကြားစေသက်သေညွှန်း

ပျံ့မွှန်းမွှေးလှိုင် ကျူလေတည့်မှ
သုံးလူထွတ်မှန်ကူ မတူလေ ပြိုင်နှုန်းကင်း
ခြောက်ဖြာစုံ ရောင်မျိုးငယ်လင်း။

သဖြန်။
ချစ်ခြင်းငယ်ပြိုင် မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွန်းစေဝသုန် ငွေဝန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်ကို ဘယ်မေ့လိမ့်မလဲ။

အနောက်နန်းမတော် မမြကလေး

မိုးဘွဲ့ (ဦးကြင်ဥ)




အော် - မှုံတနွဲ့နွဲ့ လွမ်းနယ်ချဲ့လို့

စုံသဲ့ကန္တာ မြေထရံဆင့်

ကမ်းခုံမြင့်က စွင့်စွင့်ငယ်ညာသည်

ဘုတ်ဝါရွှေချိုးက ကူတော့တယ်။

သဇင်ဆော်လွင့် ပင်တံမြင့်မှာ

ပွင့်ပန်းရည်စုပ်

ခါသံသဲသဲ ညံမစဲ

ပဲတောင့်ပြုတ်တို့

ရွှေစာလုတ်ချီ ခွန်းသံငယ်စီသည်

ပြည်သည်ခေါင်ပိုး

လူလိုကပတ် နုတ်ခွန်းဆက်တယ်

ငှက်မယ်မျိုးတို့ ဆော်နိုးငယ်ခေါ်သည်

မြိုင်မော်သစ်နန်းကလဲဆူတော့တယ်။

ကသယ်မြေမွ

ကြေပွပွနှင့် မြသလင်းပြင်

မိုးနွေမခန်း ယိုစိမ့်စမ်းနှင့်

အိုင်ကမ်းခွင်မှာ ရွှေသမင်တောက်

စာမရီငွေ တိုးအောင်းချေ

ရေမိုးသောက်လို့ တောမျောက်ကယ်ငြာ

ကန္တာမြိုင်ကြီးကလည်း ပူဖို့ဘွယ်။

 
(လေးချိုးသဖြန်)

ပူဖို့ညွှန်း

လွမ်းလိုက်ကပါဘိတယ်…..။

တောင်းစောင်းထရံကွေ့မှာ

မိုးဝေ့လို့လယ်…..။

ရော်လို့သာဆွေးလိုက်ကဲ့

မအေးနိုင့်ပူနယ်ကို

ခြယ်ဖန်လဲ့ တဘုန်း……။

ဆင့်ဆင့်သာ ကဲတော့တယ်

ဖော်နဲသူကြေကြွေရန်ဖို့

ကိုးတန်ဖွဲ့ချုန်း…………….။ ။

**** ဘုတ်ဝါ၊ ပဲတောင့်ပြုတ်၊ သီခေါင်ဖိုး = ငှက်အမည်များ
ကပတ် = ကဲ့သို့
ကသယ် = မြေမှုန့်
ငြာ = ဟစ်ကြွေးသည်
ထရံ = မတ်စောက်သောနံရံ
ကိုးတန် = အရပ်ကိုးမျက်နှာ (၈+အထက်)

ပိန်းကောလှေသူကြီး(တျာချင်း) ၀န်ကြီးပဒေသရာဇာ




 မိုးဦးကာလ ချောင်းကျပြီဆိုလျှင်၊
ပန်းလောင်ကြောမှာ ပိန်းကောလှေငယ်ရှင်၊
တောင်ဘက်ကယ်တစ်ခွင် ထွက်ဝင်ဖောက်ကား၊
ပဲ့ပါမည်သူ မပါလူ၊
ထိုးသူတစ်ယောက်သားငယ်နှင့်လေး။

ငါးပိဆားပြား ဖောက်ကားရအောင်၊
ပဲလွမ်းပဲကြီး သီးသီးယူကြဉ်းဆောင်၊
တက်မကိုမြှောင် ကွမ်းပေါင်နီကြောင်း
နဘူးခက်ညို ကိုင်းညွတ်ယို၊
ပင်ကိုနှီးသား ပေါင်းငယ်နှင့်လေး။

ခမောက်မှာကောင်း အုပ်ဆောင်းငယ်မပါ၊
သိုးလည်းမစပ် ဝါးပပ်ကယ်တစေသာ၊
ထိုးဝါးကိုယ်မှာ ဘယ်ညာပခုံး၊
ခြေနှင့်ကျောက်ကန် တွန်းလိုက်လှန်၊
အားအန်လွန်ကြီးဆုံးငယ်နှင့်လေး။

ခါးတောင်းကျိုက်လုံး ပခုံးခဲတွေ၊
ချွေးကလည်းစီး ဒီဒီးကျသည့်ရေ၊
စဖိုမှာပေ ချက်လေထမင်း၊
မနပ်နိုင်ပြီ တစီစီ၊
နန်းနီသာ မီးအိုးကင်းငယ်နှင့်လေး။

ဝမ်းလိုင်တွင်းငယ်မှာ သွတ်သင်းမြဲပင်၊
အငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင်၊
လှေဆိုက်တည့်လျှင် ကြေးလင်နှင့်ကျင်း၊
ရိုးရွက်ကယ်ဖူးခေါင် အာပါးကိုလောင်၊
ချဉ်ပေါင်ပူလှသည့်ဟင်းငယ်နှင့်လေး။

တစ်ယောက်ချင်းသည် ထမင်းခူးသော်
တစ်ဆုပ်ကယ်နေ့တိုင်း လမိုင်းရှိပူဇော်၊
သွေးသောက်ကယ်ခေါ် အဖော်အပေါင်းညှိ၊
ငုံ့ကာငုံ့ကာ ဝပ်၍သာ၊
ဆုပ်ကာလွေးလိုက်ဘိသည်နှင့်လေး။

စားမိစားရာ ဝမ်းမှာကျင့်တော့သည်။       ။
ပိန်းကောသူကြီးမှာ ချမ်းသာမြင့်တော့သည်။    ။

ဝန်ကြီးပဒေသရာဇာ(ညောင်ရမ်းခေတ်)

ပျော်ပုံကသစ်သနှင့်(ဦးကြီး)

ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ်လိုက်ခဲ့တော့၊

အကြိုက်ကတဲ့ တို့တောရွာမှာ၊

မိုးအကာ ပင်ယံထက်ဆီက၊

ထန်းရွက်နှင့်ဆင်သည့်အိမ်၊

ခြုံတင်းတိမ် နွားရေခင်းလို့

ညဉ့်တွင်းကို ပုလွေကျော်နှင့်၊

ဖျော်ပမယ်လေး။

ကိုက်ဖူးငယ်ညွန့်စီ ချဉ်ပေါင်နီကို၊

ရာသီဓလေ့ ပုစွန်လုံးခွံဖုံးထေ့လို့၊

တောလေ့ငယ်တဆင် လယ်ကြွက်ကင်နှင့်၊

တို့ခွင်ဖရုံ ဟင်းဘက်စုံလှ၊

မင်းပုံထယ်ထယ် နေစာပျို့အစ်ကို့ကိုတယ်ပမယ်၊

ဆောင်းနယ်ဝင်သည်ချိန်ကို ယစ်စီးစိမ်အဆီဖိန်းလို့၊

မှိန်းစေ့မယ်လေး။        ။

           ဦးကြီး-ကုန်းဘောင်ခေတ်

ထောင်တွင်းတရားပတ်များ ကျင်းပပြုလုပ်မည်


ဆရာ ကြီး ဦး ဂိုအင် ကာ ဦးစီးပြီး အနုပညာမောင်နှမတွေရဲ့ စုပေါင်းကြိုးစားမူနဲ့ ထောင် တွင်း တ ရား ပတ် တွေ စဉ် ဆက် မ ပြတ် ကျင်း ပ နိုင် ဖို့ အတွက် စီ စဉ်နေတယ်လို့ သိရှိရပါသည်။

 တ နှစ်ပတ်လုံး ကို တ ရား ပတ် ပေါင်း ( ၄၀ ) နဲ့ စ တင် မှာဖြစ်ပြီး ကျင်း ပပြုလုပ်မယ့် အ ကျဉ်း ထောင် တွေ ကတော့ .အင်းစိန်ထောင် ၊ မန္တလေးထောင်၊ အိုးဘိုထောင်၊ သာယာဝတီထောင် တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။ 

 ထောင် တွင်း တ ရား ပတ်တွေ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားနိုင်ဖို့ ယောဂီတွေရဲ့ ဆွမ်းစားရိတ်တွေအတွက် အလှူငွေလိုအပ်လျှက်ရှိပြီး ယောဂီ တယောက်အတွက် တရက် ကို (၇၀၀ - ခုနှစ်ရာကျပ် )ကျသင့်မှာဖြစ်ပြီး၊ တရားပတ် တခုမှာ ယောဂီ က (၁၀၀) ခန့် ရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပါသည်။ တနေ့ စာဆွမ်းစားရိတ်ကို (၇၀၀၀၀ - ခုနှစ်သောင်းကျပ် ) ကုန်ချမှာဖြစ်ပြီး တရားပတ်တပတ်မှာ ကြာမြင့်ချိန် (၁၀) ရက်ရှိပြီး တရားတပတ်စာအတွက် အလှုငွေ (၇၀၀၀၀၀ - ခုနှစ်သိန်းကျပ် )လို အပ် လျှက်ရှိပါတယ်။ 

 ထောင်တွင်းတရားပွဲတွေ အဆက်မပြတ် ကျင်းပပြုလုပ်ပေးသွားနိုင်ဖို့ အလှူရှင်များ လိုအပ်လျှက်ရှိတာကြောင့် မိမိတို့တတ်နိုင်သည့်ဘက်က သဒ္ဒါတရားနည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြပါသည်။ 

 အောက်ပါ ဖုန်းနံပတ်များ မှ တ ဆင့် ဆက်သွယ် လှု ဒါန်း နိုင် ကြ ပါသည်။ 

ဖုန်း နံပါတ် များ

 ဦးစန်းဝင်း ( ဥက္ကဌ ) ... ၀၉ ၅၀၂ ၅၆၂၆ ဦးသန့်စင် 

( ဒု -ဥက္ကဌ ) ... ၀၉ ၇၃၀ ၁၆၆၅၀ 

သျှီ ( အတွင်းရေးမှုး ) ... ၀၉ ၅၀၁ ၉၃၃၉ 

 ဦးဝင်းမင်းထွေး ( အထွေထွေအတွင်းရေးမှုး ) . ၀၉ ၅၁၈ ၅၅၄၅ 

 ဦးမင်းချစ်သူ ( တွဲဖက် - အထွေထွေအတွင်းရေးမှုး ) ... ၀၉ ၅၁၄ ၅၆၇၉

ဗီဇာကတ်များ နောက် ၃၊ ၄ လအတွင်းအသုံးပြုနိုင်မည်


 သတင်း   7Day News Journal
 ရန်ကုန်၊ အောက်တိုဘာ-၃

ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံးအသုံးပြုသော ဗီဇာကတ်များအား မြန်မာနိုင်ငံတွင် နောက်သုံးလေးလအတွင်း အသုံးပြုနိုင်လိမ့်မည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းချေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက ယနေ့ နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေးနဲ့ ဆွေးနွေးပြီး နိုင်ငံတကာ နက်ဝါ့ခ်နဲ့ ချိတ်နိုင်အောင် လုပ်ပြီးမှသုံးလို့ ရမှာ သူတို့ အပြောအရဆိုရင်နှစ်ပိုင်းခွဲလုပ်မယ်။ အေတီအမ်ကတ်က ၃ လ၊ ၄ လမှန်းတယ်။ POS ( Point Of Sale ) ကတော့ ၆ လ၊ ၇ လလောက်ကြာအုံးမယ်” ဟု နိုဝင်ဘာလ ၃ ရက်က ပြုလုပ်သော မြန်မာနိုင်ငံမှဘဏ်သုံးခုနှင့် လိုင်စင်သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါဗီဇာကတ်များအား ရန်ကုန်မြို့တွင်ပထမဆုံးအသုံးပြုနိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီးမန္တလေးနှင့် ပုဂံမြို့များတွင် ပါအသုံးပြုနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင်ကမ္ဘာလှည့် ခရီးသွားများသွားရောက်သောနေရာများတွင်ပါ အသုံးပြုနိုင်ရေးဆောင်ရွက်သွားရန်ရှိကြောင်း ဗီဇာကုမ္ပဏီအရှေ့တောင်အာရှနှင့် သြစတြေးလျ-အာရှဆိုင်ရာမန်နေဂျာ မစ္စတာပီတာမေဟာက ပြောသည်။


ဗီဇာကတ်ကုမ္ပဏီနှင့်မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊သမ၀ါယမဘဏ် နှင့်မြန်မာအရှေ့တိုင်းဘဏ်တို့သည် နိုဝင်ဘာလ ၃ ရက်က ဆီဒိုးနားဟိုတယ်တွင် ပထမဆုံး လိုင်စင်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆောင်းဖွဲ့  (လေးဆစ်)





သဉ္စာလီ ဗွေပြဒုမှာဖြင့်၊
ခင်သာကီ တမေပု ကိုလ၊
ဖေယခု ပိုက်လှဲ့ ဆို။
မလုံသေးနိုင်ဘု၊
တုန်အေးရှာ တင်တမေငဲ့၊
ရင်ရွှေကို လေပြေခတယ်၊
သြွဲကစိမ့်ဖို။
တသန်းတန်ရတီဖို့ သော်လဲ၊
ကြငှန်းပျံ ကတီမို့ မှာတော့၊
မဒီပျို့ ဆောင်းရိပ်ခိုငယ်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။
ငွေနှင်းငယ်ထန်၊
ချွေညှင်းတညံညံနှင့်၊
ရေကင်းသံ တဖန်ကြားရင်လ၊
လွမ်းအားတော် ပွေဗျာလှိုင်လို့၊
ကေညာခိုင် စုခင်လေးမှာ၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။

(အချုပ်တန်းဆရာဖေ)

ဟန့်ရာကတန့် တန့်ရာကတုံးသွားတတ်တယ်


 စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို၊ ဘလော့ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦးခင်ဗျ။ အခုဘလော့တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်။” လူငယ်စာနယ်ဇင်းသမားလေး တစ်စုရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေအကြောင်း အမြဲလိုလို ရေးနေရတာကြောင့် ခုလိုပြောလိုက်တာပါ၊ အင်တာနက် ၀ဘ်ဆိုက်တွေ ဘလော့တွေကို စောင့်ကြည့် ဖတ်ရှုနေသူဖြစ်တော့ သူတို့ပြောသလို ဘလော့တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မ၇ာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

လူထုဂျာနယ်လစ်တွေ

      ဘလော့ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာသုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း ၀ါသနာသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံးလုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်းလုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်တွေကို တချို့က “လူထုဂျာနယ်လစ်”(citizen jourmalist)လို့ အမည် တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ် ၀ါသနာပါသွားပြီး။ တကယ်ကို ပုံမှန်ဘလော့တွေ ထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရင်ဖွင့်တဲ့နေရာ

         ဘလော့ဂါတွေဟာ အများအားဖြင့် လူငယ်လေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်လေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိရေးမိကြတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ် မတော်မလျော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမယ့် သောင်းနဲ့ချီတဲ့ ဘလော့တွေထဲမှာ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်လေးတွေ အပျော်တမ်းလုပ်ကြတာတွေမို့ သင့်မသင့် တော်မတော်၊ တင့်တယ်၏။ မတင့်တယ်၏ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာဖြစ်ပါတယ်။ ဘလော့တို့ အင်တာနက်တို့ ဆိုတာတွေကို စပြီး သုံးနိုင်ကျတာ ဘာမှ မကြာသေးပါဘူး။ ဒီတော့ လူငယ်လေးတွေအဖို့ ကစားစရာအရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့တွေထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ်ဆိုတာကလည်း လူငယ်တို့ရဲ့ အကြိုက်ဖြစ်နေ တယ်လေ။ အဲဒါကြောင့် ဘလော့ဂါတွေ များနေတာ ဖြစ်ပါတယ်။

စမ်းသပ်မှတွေ့ရှိတယ်
       ကွန်ပျူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂါတွေ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေပြောပြီး မ“ဟန့်”ချင်ပါဘူး။ လူငယ်လေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပျူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေသွား ရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက “ဟန့်”ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ “တန့်”သွားတတ်တယ်။ “တန့်”ရာကနေ တစ်ဆင့်တက်တော့ “တုံး”သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားချင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားချင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့နိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။

မရှိမဖြစ်အာနဲ့ဒီ

      တိုင်းပြည်ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development)လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက၊ စီးပွား လုပ်ငန်းကြီးတိုင်းမှာလည်း “R&D”ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တစ်နှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေမှာသွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံး အမျိုးမျိုးပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်တယ်။

ယုံကြည်မှုအရေးကြီးဆုံး

       ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တစ်ခုခု ပေးအပ်တယ်ဆိုရင်၊ ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ “ယုံကြည်မှု”ဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ လူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အပြန်အလှန်ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးလည်း အပြန်အလှန် ယုံကြည်မှု ရှိကြပါမှ ချစ်ကြည်ငြိမ်းချင်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်တယ်။ တစ်ဦးနဲ့ တစ်ဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

လူငယ့်စွမ်းအားသစ်က

        နိုင်ငံတစ်ခု တိုးတက် ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမှီလိုက်နိုင်မှာဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်းကိုယ်ပါနိုင်တော့တာ မဟုတ်ဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့ကဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတာ အထက်က ပြောခဲ့သလိုပဲ“ဟန့်”ရာက “တန့်” “တန့်”ရာက “တုံး”သွား တတ်လို့ပါ။

လူထုစိန်ဝင်း

(၁၇၊ ၆၊ ၂၀၀၉- လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်။)

လှိုင်မြစ်ကမ်း၌ ဂျီအီးဟာဗေးနှင့် တွေ့ဆုံခြင်း




ပင်လယ်ဝဲ
သဲသောင်ခုံက… သဲတွေဟာ
ငှက်သမ္ဗာန်တွေနဲ့ မောကြီးပန်းကြီး ရေကူးလာပြီး
ဟောဒီ မဟာရန်ကုန်တော်ကြီးမှာ
ကန်ထရိုက်တိုက်တွေအဖြစ် ဟန်ရေးပြကြတယ် ။

ဧရာမ သင်္ဘောကြီးတွေကတော့
မဟာသမုဒ္ဒရာကြီးထဲက ဘွားကနဲပေါ်လာပြီး
ရန်ကုန်မြစ်ဝရောက်တဲ့အခါ
ခပ်ကုပ်ကုပ် ခပ်မှောင်မှောင်
သူခိုးတကောင်လို ချွတ်နင်းကြတယ် ။

` လှေကလေးကိုလှော်မည် ` ၀တ္တူထဲမှာ
ကဗျာဆရာ မောင်လေးအောင်ကို ပျော်ပါးဘို့
မြူဆွယ်ခဲ့ရာမှာ မအောင်မြင်ခဲ့ရှာတဲ့  
ပြည့်တန်ဆာမလေးကလည်း
ဒလဆိပ်ကမ်းမှာ ရေခဲရေရောင်းလို့ ။

တခါတုန်းကတော့ ….
လန်ဒန် သိမ်းမြစ်ကမ်းပါးမှာ
ဂျီအီးဟာဗေး ဆိုတဲ့ သမိုင်းပညာရှင်ကြီးက
သူ့တပည့် အိုင်စီအက်စ် ဦးချမ်းသာ ကို
ဟောဒီလို ပြောခဲ့ပါသတဲ့ …..
“ မင်းတို့ မြန်မာလူမျိုးဟာ …
အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ
ဥာဏ်အတော်ဆုံး၊ သတ္တိအကောင်းဆုံးဘဲ
ဒါပေမယ့် … မင်းတို့လူမျိုးက
အချင်းချင်း မညီညွတ်ချင်ဘူး
တယောက်ကို တယောက်က မနာလိုချင်ဘူး
တစ်ဦးကိုတစ်ဦးက ကုန်းချောချင်တယ်
အဲဒါကြောင့် … မင်းတို့ဟာ
တိုးတက်သင့်သလောက် မတိုးတက်ဘူး ”

ကျွန်တော်အိုင်စီအက်စ်
ဦးချမ်းသာ(စာ-၂၃၄)

ဗိုလ်တထောင်စေတီ
ရွှေရည်ဝင်းပ၊ ပြည်တော်ပြန်ဘုရား
တရားပုတီးစိပ်၊ လရိပ်ကြယ်ရိပ်
ဖိတ်ဖိတ်လင်းလင်း၊ တောက်ပဆီမီးတိုင်
မြိုင်ဆိုင်မွှေးမြ …
ညတွေက … နေ့တွေဆီချဉ်းကပ်ဆဲ
မှုန်တရီ မှောင်တ၀ါးမှာ
ချစ်သူနဲ့ လက်တွဲပြီး
လှိုင်မြစ်ကမ်းက ပြန်ခဲ့တယ် ။

စိုးမြင်းသိန်း
ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ်-၆
၉၇၊ အောက်တိုဘာ

မှတ်ချက်
ဒီဇိုင်းပုံက မဂ္ဂဇင်းစာမျက်နှာမှာအသုံးပြုခဲ့တဲ့အတိုင်းကို ဓာတ်ပုံရိုက်ပြီး ကာလာနည်းနည်းအရောင်တင်ထားပြီး သုံးထားတာပါ။

ကောင်းကင်ငတ်တဲ့သူ


ကြယ်တွေက…
 ကျွန်တော့်ကို ငုံ့ကြည့်နေတာလား 
ကျွန်တော်ကပဲ…
 ကြယ်တွေရှိရာ … မော့… ကြည့်နေမိသလား … 
 အဲဒီ အကြည့်ရဲ့ မသေချာခြင်းမှာ
 ခဏ..ခဏ … 
လိပ်စာပြောင်း ပြောင်းပေးနေရတဲ့ 
ကြယ်လေးတွေအတွက် … မောတယ် …။
 ရှည်ရှည်ဝေးဝေး လရောင်လမ်းမကြီးရေ … 
အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ 
ဝန်တင်ဝိဥာဉ်လေညှင်းအိမ်မက်များ … 
ရပ်တန့်မသွားကြပါစေနဲ့ …။
 ခြေရာဖျောက်သွားတဲ့ ကြယ်တစ်ပွင့်အား 
“ကျေးဇူးပြု၍“ 
လက်ခုပ်ကလေးနဲ့ ၀ှက်ထားပေးကြပါ …
 အာရုဏ်ဦးမှာ 
ကျွန်တော်တို့တွေ ကြယ်ပွင့်များရဲ့ ကိုယ်စား 
မျက်နှာသစ် ပန်းမျိုးသစ်တွေ ထပ်ပွင့်မယ် … ။ 

သစ်ငြိမ်း 
၂၀၀၃၊ မတ်လထုတ် ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ် ၃၇

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More