Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

မျှော်ရင်း လင့်ခဲ့ပါသော ခင်လေး


"မညို"

စောင့်ကြီးအောင့်ကြီးခေါ်သံနဲ့ တစ်ဆက်ထည်း ခနော်နီခနော်နဲ့ ကြမ်းခင်းလေး သိမ့်သိမ့်တုန်အောင် လမ်းလျှောက်လာတဲ့ ခြေသံကြားကတည်းက အဖေရေချိန်မှန်လာပြီဆိုတာကို ခင်လေး အလိုလို သိနေပြီ။ ခင်လေးတင်မကဘူး အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ အမေနဲ့ အငယ်လေးတွေလည်း နိုးလာပုံရတယ်။ အမေသုတ်ခနဲ အိပ်နေရာကနေ ထသွားတာကိုလည်း မြင်လိုက်ရသည်။ ခင်လေးတို့ သားအမိတစ်တွေ အဖေမူးလာရင် နေစရာမရှိအောင် စိတ်ညစ်ရတာ ခင်လေး လူမှန်းသိတက်စ အငယ်ဆုံး ညီမလေး မွေးပြီးကတည်းကပဲ။ ခင်လေးအမေ့ကိုလည်း အားမရဘူး။ အမေဘာလို့များ ဒီလောက်ဆိုးတဲ့ အဖေ့ကို သည်းခံပြီးတော့ ပေါင်းသင်းနေတယ်ဆိုတာကိုပေါ့။ ခင်လေး အရွယ်ရောက်တော့ အမေ့ကိုသနားရကောင်းမှန်းသိလာပြီး အဖေ့ကို ခင်လေးအကြည်ညိုပျက်လာခဲ့သည်။ အမေကတော့ ပြောရှာပါတယ် သမီးကြီးရယ် ကံကြီးထိုက်လိမ့်မယ် ငရဲမယူရဘူးဆိုပြီးတော့ပေါ့။ ဒါပေမယ့် သိတက်တဲ့အရွယ် ရှက်တက်တဲ့အရွယ်ရောက်နေတဲ့ ခင်လေးကတော့ အမေဘယ်လောက်သင်သင် အဖေ့ကိုချစ်ခင်အားကိုးလို့ မရတော့တာ အမှန်ပါ။ အမေပြောတဲ့ ကံကြီးထိုက်မယ့်ကိစ္စလည်း ခင်လေးစိတ်ထဲ ကြောက်ရကောင်းမှန်းမသိပဲ အမေ့ကိုသနားတဲ့စိတ်ပဲ အချိန်ပြည့်နေရာယူလာတော့တယ်။
"ဒုန်း ဂလွမ် ဂလွမ်"
ခင်လေး အတွေးတွေကို စားပွဲခုန်လှန်ချလိုက်တဲ့ အသံက ဖျက်ဆီးလိုက်ပြီ။ ခင်လေး အိပ်ရာထဲက ကမန်းကတန်း ထပြီးနောက်ဖေးဖက်ကိုပြေးထွက်လာမိသည်။ပြေးသာထွက်လာမိတာပါ တကယ့်တကယ်က ဒီအသံရဲ့ အရင်းအမြစ်ကို  ခင်လေးသိပြီးသားပါ။ ဒါအဖေတစ်ယောက် မူးမူးနဲ့ ဟင်းမကောင်းလို့ ထမင်းစားပွဲကိုလှန်ချလိုက်တဲ့အသံပါ။ အရင်ကလည်း ခဏခဏ အဖေအခုလိုပဲ ထမင်းဝိုင်းကိုမှောက်နေကျပေမယ့် ခင်လေး စိတ်ထဲ အခုတော့ အဖေ့ကို တော်တော်မုန်းမိသွားသည်။ အခုအဖေလှန်ပြစ်လိုက်တဲ့ ထမင်းဝိုင်းဟာ ခင်လေးတို့သားသမီးတွေအတွက် တစ်လနေ တစ်ခါတောင် အမေချက်မကျွေးတဲ့ ဟင်းတွေပါတယ်လေ။ အငယ်လေးဆို ဒီဟင်းတွေ စားချင်လို့ မနက်က အမေ့ကို ပူဆာပေမယ့် အမေမကျွေးပဲ အိမ်ဦးနတ်ဖြစ်တဲ့အဖေ့အတွက် ဦးဖယ်ချန်ထားတဲ့ ချက်ထားတဲ့ ခင်လေးတို့ အိမ်အနေအထားနဲ့ဆို အကောင်းဆုံးဟင်းတွေလို့တောင် ဆိုလို့ရတဲ့ ဟင်းတွေပါနေတာတောင် အဖေ့အတွက်တော့ ဒါတွေက ဟင်းကောင်း ကျွေးကောင်းတွေ မဟုတ်သေးဘူးတဲ့လား။ ခင်လေး ဒေါသနဲ့ ပြန်မပြောဖူးတဲ့ အဖေ့ကို ပြန်အော်လိုက်မိတယ်။

"အဖေ ဘယ်လိုလုပ်လိုက်တာလည်း ဒီလောက်ကောင်းတဲ့ ဟင်းတောင် အဖေမကောင်းသေးဘူးထင်ရင် အဖေဒီထက်မက ငွေရှာပြီးအိမ်ကို အပ်လေ။ ဒါအဖေပေးတဲ့ ပိုက်ဆံနဲ့ ချက်ထားတယ်များ ထင်နေလို့လား။ ဒါမိခင်လေးနဲ့ဟောဒီက အမေ ရပ်ကွက်တကာအိမ်လည်အဝတ်လျှော်လာတဲ့ ပိုက်ဆံနဲ့ ချက်ထားတဲ့ ဟင်းတွေ။ သားသမီးတွေထက် အိမ်ဦးနတ်ကို အလေးပေးပြီး ကျွေးတဲ့ ဟင်းတွေ။ အဖေတစ်ကိုယ်ကောင်းဆန်လှချည်လား။"
ခင်လေး စကားမဆုံးခင် ခင်လေးမျက်နှာတစ်ဖက် လည်ထွက်သွားတယ်။ ခင်လေးမယုံနိုင်လွန်းစွာ အမေ့ကိုလှမ်းကြည့်လိုက်မိသလို အဖေလည်း ရုတ်တရက်မို့ အမေဒီလို လုပ်လိမ့်မယ် မထင်မိစွာ ငြိမ်သွားသည်။
"မိခင်လေး ညည်းက ကိုယ်အဖေကိုယ် အာခံတယ်ပေါ့လေ။ ဒီအဖေပြုစုပျိုးထောင်လို့ ညည်းဒီအရွယ်ရောက်လာတာကိုများ ညည်းတို့က အရွယ်လေးရလာပြီး အလုပ်လေး ဘာလေးလုပ်လို့ငွေဝင်လာတော့ မလေးစားချင်တော့ဘူး။ ဦးမကျိုးချင်တော့ဘူးပေါ့လေ။ ညည်းသိပ်ပြီး လူတက်ကြီးလုပ်လုပ်နေတယ်။ ညည်းအလုပ်လုပ်မှ စားရသောက်ရတယ်ထင်နေရင် မှားသွားမယ်နော်။ ညည်းကျပ်ကျပ်သတိထား။ ဦးချိုးခံရမယ်။ သွားတော့ သွားအိပ်တော့ သွား"
အမေက အဖေပါ ခင်လေးကို ရိုက်မှာဆိုးလို့လား ဒါမှမဟုတ် တကယ်ပဲ ခင်လေးကို မျက်စိရှေ့ မမြင်စေချင်လို့လားမသိဘူး တွန်းထုတ်လိုက်သည်။ ခင်လေး မျက်ရည်တွေတွေကျရင်း အမေ့ပြောသမျှ နားထောင်နေမိသည်။ အမေကိုယ်တိုင် ခင်လေးကို ရိုက်လိုက်သတဲ့လား။ ခင်လေး အိပ်မက်ဆိုးမက်ပြီး ငိုနေမိတဲ့လူတစ်ယောက်လို မျက်ရည်တွေသာကျပြီး ဘာကို နားလည်ရမှန်းမသိဖြစ်နေမိသည်။ အငယ်တွေလည်း အသံမထွက်ပဲ ငိုရင်း ခင်လေးကို လှမ်းကြည့်နေကြသည်။ ခင်လေး အမေ့ကိုယ်စား မခံနိုင်လွန်းလို့ ဝင်ပြောပေးတာ ဘာမှားသွားလည်း အမေရယ်လို့ ခင်လေး အသံတိတ်မေးလိုက်မိသည်။ ခင်လေးချစ်တဲ့ ခင်လေးအားကိုးတဲ့ အမေက ခင်လေးကို ဒီလိုရိုက်လိုက်သတဲ့လား။ ခင်လေးရင်ထဲ ဝမ်းနည်းစိတ်တွေ တအားလှိုက်တက်လာရင်း အမေ့ရှေ့ကနေ ပြေးထွက်လာမိသည်။ ဒါပထမဆုံး ခင်လေးရင်ထဲကို အထိရှဆုံးဖြစ်ရပ်အဖြစ် စွဲထင်သွားခဲ့သည်။ ခင်လေးတစ်သက် အဖေ့လိုယောက်ျားမယူဘူး။ အရက်အမြဲမူးပြီး ဆိုးသွမ်းလွန်းတဲ့ ဒီလို အဖေမျိုးကြောင့် ခင်လေးကို အမေရိုက်လိုက်တာဆိုပြီး ခင်လေး မဆီမဆိုင် အဖေ့ကို ပိုပြီးမုန်းတီးသွားမိသည်။
****************************************************************
"ညည်းနဲ့အေ ကလေးက ညည်းဘက်ကပြောပေးတဲ့ဟာကိုး ဘာလို့အဲလောက်ထိ လုပ်လိုက်ရတာလည်း ဟင် မညို"

ဒါဖွားလေးအသံပဲ မဟုတ်သေးဘူးထင်တယ် ဖွားလေးသေသွားတာ ခင်လေး မင်္ဂလာဆောင်တဲ့နှစ်ကပဲ။ အခု ဘာလို့ ဖွားလေးအသံကို ထင်ထင်ရှားရှားကြားလိုက်ရတာလည်း။ ပြီးတော့ အခု ဖွားလေးပြောနေတာက ခင်လေး အပျိုတုန်းက အမေပထမဆုံး ခင်လေးကို ပါးရိုက်တုန်းက ကိစ္စပဲ။ ခင်လေး ဘာလို့ အဲဒါတွေ ပြန်ကြားနေတာလည်း။
"ဆရာမလုပ်ပါဦး ဆရာမလုပ်ပါဦး ဒီမှာ လူနာတက်သွားပြန်ပြီ"
ခင်လေးနားထဲ ဘာသံတွေ ထပ်ကြားရပြန်တာလည်း။ ခင်လေး အခု ဘယ်ရောက်နေတာလည်း။
"လုပ်လုပ် လူနာ့ပါးစပ်ထဲ ဒီဇွန်းလေးထည့်ပေးပါဦး။ လက်မဝင်သွားစေနဲ့ ဂရုစိုက်ဦး။ လက်ကို ကိုက်ထားဦးမယ်"
ခင်လေး ပါစပ်ထဲ ဇွန်းကြီး လာထည့်နေကြပါလား။ ဒါဆို တက်သွားတဲ့ လူနာဆိုတာ ခင်လေးပေါ့။ ဘာဖြစ်တာပါလိမ့် ခင်လေးဘာဖြစ်တာလည်း ခင်လေးဘာလို့တက်သွားတာလည်း။
"လူနာအတော်ဆိုးတယ် ဆေးရုံရောက်တာလည်း နောက်ကျနေပြီ ဒီကအမကြီးက ဘာတော်လည်း ကိုယ်ဝန်ဆိပ်က တော်တော့်ကို ပျံ့နေပြီ လူနာရှင်ဘယ်သူလည်း"
ဆရာဝန်မရဲ့ အသံစူးစူးနဲ့အော်သံ ခင်လေးနားထဲ ဝင်ဝင်လာပြန်တယ် ဒါဆိုခင်လေး ဆေးရုံပေါ်မှာပေါ့။ လူနာရှင်ဆိုပါလား။ ဘယ်ချောင်မှာ မူးပြီးသေနေပြီလည်းမသိဘူးလို့ ခင်လေး အော်ပြောလိုက်မိသည်။ ဒါပေမယ့် ခင်လေးလည်ချောင်းကနေ အသံထွက်မလာဘူး။ မူးလိုက်တာ ခင်လေး မျက်လုံးတွေ ပြာဝေနေတာပဲ ခင်လေး ခင်လေး မသေချင်သေးဘူး။ ခင်လေးဘဝတစ်လျှောက်မှာ ပျော်စရာဆိုတာ များများစားစား မရှိသေးပဲ ခင်လေး လူ့လောကထဲကနေ ထွက်မသွားချင်ဘူး။ ခင်လေးကို ကယ်ပါ ဆရာမရယ်။ အမေရေ ခင်လေးကို ကယ်ပါ။ အမေရေ။
"တက်သွားပြန်ပြီ တက်သွားပြန်ပြီ ခွဲခန်းဝင်ရအောင် လက်မှတ်ထိုးမယ် လူနာရှင် လူနာရှင်"
အော်သံတွေ အားလုံးဟာ ခင်လေးနဲ့ ဝေးဝေးသွားပါလား။ အမေရေ..............................
******************************************************************
အိမ်ထဲမှာ အမေနဲ့ ဖွားလေး စကားပြောနေကြတာမြင်ကတည်းက ခင်လေးအကြောင်း အမေတိုင်နေတယ် ဆိုတာ သိပြီးသား။ ခင်လေးအကြောင်းဘာတွေများ အမေတိုင်နေပါလိမ့်လို့ သိချင်ဇောနဲ့ ခင်လေး အိမ်ထဲဆက်မဝင်ဖြစ်ပဲ တံခါးအကွယ်ကနေ ရပ်နားထောင်နေမိသည်။

"အဒေါ်ရယ် ကျုပ်ဖြင့် စိတ်များညစ်မိပါရဲ့ ကလေးတွေအဖေကလည်း မိုးလင်းက မိုးချုပ်မူးရူးနေတာ ဆိုက်ကားလည်းသေချာမနင်းတော့ အုံနာက အခုဆိုက်ကားလည်းပြန်သိမ်းသွာပြီလေ။ ဆိုက်ကားနင်းတုန်းကမှ သူ့အရက်ဖိုး သူရှာသလိုမို့ ကျွန်မက အရက်ဖိုးရှာမပေးရတော့ ခံသာသေးတယ်။ အခုတော့ သူ့အရက်ဖိုးကော အိမ်စားရိတ်ကော ကျုပ်ကြည့် ဒိုင်ခံရှာနေရတာ ပင်ပန်းတယ်တော်။ ခင်လေးကလည်း အခုမှ လက်ကူရလာတာမလား။ ဒီကြားထဲ သားသမီးတွေက ကျုပ်စေတနာကို နားမလည်ကြဘူး။ မိခင်လေးကလည်း ဟိုနေ့ကျွန်မရိုက်ကတည်းက အချိုးကပြောင်းချင်ချင် ဘာကို ဘယ်လိုလုပ်ရမှန်းမသိပါဘူး အဒေါ်ရယ်"
အမေက အင်္ကျီလက်နဲ့ မျက်ရည်သုတ်ရင်း ဖွားလေးကို ရင်ဖွင့်နေတာမြင်တော့ ခင်လေးပါ ရောယောင်မျက်ရည်ကျမိသည်။ ဟုတ်ပါတယ် ခင်လေးတို့အမေ တအားပင်ပန်းလှတယ်။ လင်ဆိုးမယား တဖားဖားဆိုတဲ့အတိုင်း အိမ်စီးပွားရေးကော လူမှုရေးကော ရပ်ရေးရွာရေးကော အမေ့ခေါင်းပေါ်ကြည့်ဆိုတော့ အမေလည်းပင်ပန်းလှပါပြီ။
"အေးပေါ့အေ ကလေးတွေကို ဆုံးမတာလည်း ပါးစပ်နဲ့တန်သည် ဆုံးမပေါ့အေ နင်ပဲငဆ ပြောဆို ရိုက်နှက်နေဦးတော့ နာခံချင်တဲ့ ကလေးမှ နာခံတာအေ့ အခု ညည်းသားသမီးတွေက လိမ်မာပါတယ်အေ ညည်းယောက်ျားအချိုးမကျလို့သာ"
ဖွားလေးက ပြေရာပြေကြောင်းလည်းပြောရင်း ခါးကြားမှာလိမ်ကျစ်ထားတဲ့ ပိုက်ဆံအိတ်လေးလည်း ဖြေနေလေသည်။ ခင်လေးသိလိုက်ပြီ။ ဖွားလေးအမေ့ကို သနားပြီးသူစုထားတာလေးတွေ ပေးခဲ့ဦးမယ်ဆိုတာကို။ ဖွားလေးလည်း ခင်လေးတို့မိသားစုအပေါ် ကျရှာပေမယ့် သူလည်း သူ့အထွာနဲ့သူမို့ ထင်သလောက် လက်မရောက်နိုင်ရှာ။
"နေပါစေ အဒေါ်ရယ် အားနာလှပါပြီ အကြီးကကြည့် အငယ်ကိုပေးနေရတာ ရှက်လည်း ရှက်လှပါတယ်။ နေပါစေ အဒေါ်ပဲသုံးပါ။"
ဖွားလေး တွန်းတွန်းထိုးထိုးပေးတော့ မပြေလည်တဲ့အမေ့ခမျာ မငြင်းနိုင်ရှာဘူး။ ခင်လေးအမေ့ကို သနားလှတယ် အမေရယ်။ ခင်လေး မဆိုးတော့ပါဘူး အမေ။ အမေမကြားပေမယ့် ခင်လေး တိတ်တိတ်လေး ကတိပေးနေမိသည်။
"အော် အရေးကြီးတာပြောဖို့ ကျန်သေးတယ် မိခင်လေးခြေလှမ်းတွေ ပျက်နေတယ် အဒေါ်ရယ် ကောင်လေးက ဆိုးတော့ မဆိုးရှာဘူးလို့ကျုပ်တော့ထင်တယ်။ ဟိုဘက် ရပ်ကွက်ထဲကလေ လက်သမားဆရာရဲ့ သားလေး။ သူ့အဖေအလုပ်ထဲပဲ လိုက်လုပ်နေတယ်လို့တော့ ပြောကြတာပဲ။ ဒါပေမယ့် သမီးလေးငယ်သေးလားလို့လေ ပြီးတော့ ကျုပ်က အိမ်ထောင်ရေးကံမကောင်းတာမြင်ထားတော့ သူ့မှာ အိမ်ထောင်ရေးအစွဲလေးများရှိနေမလားလို့လေ အဒေါ်ကော ဘယ်လိုမြင်လည်း သူ့အဖေရဲ့ ဝဋ်ကလည်း ကျွတ်ချင်ရှာတယ်ထင်ပါ့။"
အမေရိပ်မိသွားပြီပဲ ခင်လေး သူ့ကိုချစ်တယ် အမေ သူက ခင်လေးမုန်းတဲ့ အဖေလို စရိုက်ဆိုးတွေ သူ့မှာမရှိဘူးဆိုတာ ခင်လေးသိနေတယ်။ သူက အလုပ်ကြိုးစားတယ်။ ခင်လေးကိုလည်း ကြင်နာတယ်။ ကတိလည်းပေးတယ်အမေ ခင်လေးလိုချင်တဲ့ ပုံစံမျိုး သူနေပါ့မယ်ဆိုပြီးတော့ပေါ့။ ဟုတ်တယ်အမေ အမေပြောသလိုပဲ ခင်လေးမူးရူးဆဲဆိုနေတဲ့ အသံတွေကြားမှာ မနေချင်တော့ဘူး ခင်လေး ဘဝကို ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းဖြတ်သန်းချင်တယ် အမေရယ်။ မရှိအတူ ရှိအတူနေချင်တယ် ကျောပူတာ ခံနိုင်သေးတယ် အမေ နားပူတာ မခံနိုင်လို့ပါ သမီးကိုခွင့်လွှတ်ပါ အမေလို့ ခင်လေး ရင်ထဲကနေ တိတ်တိတ်လေး အမေ့ကို ဖြေရှင်းချက်ပေးရင်း အိမ်ထဲမဝင်ဖြစ်တော့ပဲ အမေ့ကိုယ်စား အဝတ်တွေလျှော်ဖို့ ခင်လေး ရေကန်ကို တိတ်တိတ်လေးပဲ ပြန်ထွက်လာခဲ့မိသည်။ အဝတ်လျှော်နေရင်းလည်း ခင်လေး ဆက်တွေးနေမိသည်။ ခင်လေးသူနဲ့နေရင် အရမ်းကိုပျော်ရွှင်မိမှာပဲ အမေရယ် ခင်လေးသိနေတယ် အမေ။ သူက အဖေ့လို အရက်လည်းမသောက်ဘူး ခင်လေးအပေါ်လည်း အလိုလိုက်တယ် ခင်လေး ကံကောင်းမှာပါ အမေ။
***********************************************************
"ခင်လေး ဘယ်ကနေပြန်တာလည်း ငါ့တူမ ညည်းနဲ့ ထမီတွေလည်း ရေတွေဆိုလို့ပါလား ညည်းဂရုစိုက်ဦးနော် ခြေထောက်တွေကော မျက်နှာတွေကော ဖောလို့ ယောင်လို့ပါလား။ ကိုယ်ဝန်က ဘယ်လောက်ရှိပြီမို့သွေးကျနေတာလည်းအေ။ ညည်းယောက်ျားကော ဂရုမစိုက်ဘူးလား။ ညည်းအမေ မညိုနဲ့တွေ့ရင် ငါပြောလိုက်ပါဦးမယ်"
ခင်လေး အဝတ်လျှော်ပြန်လာတဲ့ လမ်းမှာ အမေတို့အိမ်နားက အဒေါ်ကြီးတစ်ယောက်နဲ့တွေ့လို့ ရပ်စကားပြောတော့ ခင်လေးရဲ့ ဖောနေ ယောင်နေတာတွေကို သတိထားမိသွားပါပကောလား။ အမေသိလို့ မဖြစ်ဘူး။ အမေ့ကိုလည်း ခင်လေး ဒုက္ခမပေးချင်တော့ဘူး။ ခင်လေးဘဝနဲ့ ခင်လေး ရှိပါစေလေ။
"နေကောင်းပါတယ် ဒေါ်ဒေါ်ရဲ့ အမေ့တော့သွားမပြောပါနဲ့။ ဒီယောင်တာလေးကတော့ အခန့်မသင့်ရင်ယောင်တက်တယ်မလား အဒေါ်ရယ်။ ကျွန်မ ရေစိုနေလို့ သွားတော့မယ်နော်၊ အမေ့တော့ မပြောလိုက်ပါနဲ့အဒေါ်ရယ်နော်။"
"အေးပါ အေးပါ ညည်းမပေါ့နဲ့နော် သိလား ငါ့တူမ"
ဟုတ်ကဲ့လို့ဖြေရင်း ခင်လေးရေစိုတမီတုတ်တုတ်နဲ့ အိမ်ဘက်ကိုပြန်လာခဲ့သည်။ အိမ်ပေါ်လည်းရောက်ရော အမောစို့စရာမြင်ကွင်းကစောင့်ကြိုနေတော့ ခင်လေး ရင်ထဲ စို့သွားရင်း ပြောလို့ရမှာ မဟုတ်မှန်းသိပေမယ့် ပါးစပ်က အလိုလို ပြောလိုက်မိပြန်သည်။
"ရှင် အရက်မသောက်ပါနဲ့တော့လားဟင် အခုဆို ခင်လေးမှာ ကိုယ်လေးလက်ဝန်လည်း ရှိနေပြီလေ အရင်တုန်းကတော့ ရှင်ပဲ ခင်လေးဘဝကို ခင်လေးဖြစ်စေချင်သလို ခင်လေးမျှော်လင့်သလို တည်ဆောက်ခွင့်ပေးမယ်ဆို"
ခင်လေးတစ်ယောက် လင်တော်မောင် ငမူးရဲ့ မျက်နှာကို ကြည့်ရင်း အရက်မသောက်တော့ဘူးဆိုတဲ့ ကတိလေးများ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ချိုချိုသာသာ မေးပေမယ့် လင်တော်မောင်ကတော့ အရက်တောင် အသောက်မပျက်ရှာဘူး။
"နားညည်းလိုက်တာ မိခင်လေးရာ နင့်မလည်း ငါအရက်သောက်တာ အပြစ်ကြီးကိုဖြစ်လို့ နင်အမူးသမား မမြင်ဖူးတဲ့ ဘဝက လာလို့လား ဟုတ်လား နင့်အဖေတစ်ယောက်လုံးတောင်သောက်နေသေးတာ နင်လည်းမွေးကတည်းက အရက်နံ့နဲ့နေလာတာများ အခုမှ ငါသောက်တာ အထူးအဆန်းကိုဖြစ်လို့အေးအေးဆေးဆေးနေပါရစေဟာ သွားစမ်းပါ အချိန်တန် နင့်ကို ပိုက်ဆံအပ်ရင်ပြီးရောပေါ့ ခင်လေးရာဝေးဝေးသွားနေစမ်းပါ ကိုယ်ဝန်မဆောင်ဖူးတဲ့ အိမ်ထောင်သည်ဆိုတာ ရှိကို မရှိတာ နင့်ကျမှ ကိုယ်ဝန်ရှိတာလေးနဲ့ ငါ့ကို အရက်မသောက်ရဘူးလေ ဘာလေး လာချုပ်ချယ်နေတယ် အရက်တောင်ဖြောင့်အောင် အေးအေးမသောက်ရဘူး ပူပူဆူဆူနဲ့ စိတ်ပျက်တယ်"
ခင်လေးကိုလည်း ပြောရင်း သောက်နေရာကနေ ငေါက်ကနဲထပြီး ခြေသံပြင်းပြင်းနဲ့ အရက်ဆိုင်ဘက် ဦးတည်ဆင်းသွားတဲ့ လင်တော်မောင်ကို မျက်စိတဆုံးလိုက်ကြည့်ရင်း ခင်လေးချုံးပွဲချငိုလိုက်မိသည်။ ခင်လေး အပျိုဘဝကမျှော်လင့်တဲ့ ဘဝလေး မိသားစုဘဝလေး ဘယ်တော့ရမှာလည်း။ မျှော်ရင်လင့်တက်တယ်ဆိုတာ အခုတော့ ခင်လေးသိလိုက်ပါပြီ။ ခင်လေးဘဝ အခုမှတော့ အဖက်ဆည်တောင် အရည်မကျန်တော့တဲ့ဘဝမို့ ခင်လေး အမေ့ကိုအခုတော့ကောင်းကောင်းကြီး နားလည်သွားပါပြီ အမေရယ်လို့ ခင်လေးအမေ့ကိုတတပြီး ငိုလိုက်မိသည်။
********************************************************************
ခင်လေး အိပ်မက်များ မက်နေသလား။ အိပ်မက်ဆိုလည်း ခင်လေး အဲလို အိပ်မက်တွေ မမက်ချင်ဘူး။ ခင်လေး မက်ချင်တာ အဲလိုအိပ်မက်မျိုးမဟုတ်ဘူး။ ခင်လေး အတင်းရုန်းပြီး ထထိုင်ပေမယ့် ထလို့မရဘူး။ ခင်လေး ခင်လေး ဘာလို့ အိပ်မက်ဆိုးတွေက မလွန်မြောက်သေးတာလည်း။
"လူနာရှင် မပါလာဘူး ဟုတ်လား ဒါဆိုရှင်တို့ကကော"
တာဝန်ကျ ဆရာဝန်မက ခပ်ဆတ်ဆတ်မေးတော့ လူနာနဲ့တောက်လျှောက်ပါလာတဲ့ အဒေါ်ကြီးခမျာ ကြောက်ကြောက်နဲ့ ဖြေရရှာသည်။
"ကျွန်မတို့က အိမ်နီးနားချင်းတွေပါ သိပ်နေမကောင်းဘူး အဒေါ်ရယ်ပြောလို့ ခဏတဖြုတ်စကားသွားပြောနေတုန်း မပြောမဆို တက်သွားလို့ နီးစပ်ရာ အကူအညီတောင်းပြီးဆေးရုံတင်ခဲ့တာပဲ ဆရာမရယ်။ကောင်မလေးက သနားစရာပါ သူ့ယောက်ျားကလည်း ဆိုးလိုက်တာ တာတေကိုလန်နေတာပဲ အခုလည်း ဘယ်အရက်ဆိုင်မှာ မူးနေပြီလည်းမသိလို့ ရှာပြီးပြောခိုင်းခဲ့တယ်ဆရာမရယ်။ သူ့အမေအိမ်လည်း အကြောင်းကြားခဲ့ပါတယ်။ အခုတော့ ဆရာမတို့ပဲ အားကိုးစရာရှိပါတယ် ဆရာမရယ်။ ကယ်ပါ ဆရာမရယ်။ သနားစရာကောင်မလေးပါ။"
"ဒုက္ခပဲ။ လူနာရှင်က မပါလာဘူး။ အရေးပေါ်ခွဲခန်းဝင်ရမယ်။ အခုအနေအထားတောင် ကလေးက ရချင်မှ ရတော့မယ်။ လူနာက အားကလည်းမရှိဘူး။ သွေးပေါင်တွေလည်း တအားတက်နေတယ် ခက်တော့တာပဲ ရှင်တို့ကလည်း ကိုယ်ဝန်သည်ကို ဂရုမစိုက်ဘူး။ အချိန်ကြာနေရင် လူကြီးအသက်ပါ အန္တရာယ်များနိုင်တယ်။ ရှင်တို့က ကိုယ်ဝန်ဆိပ်တက်တာ ပေါ့ပေါ့များထင်နေကြလားမသိဘူး။ "
ဆရာဝန်မရဲ့ ညည်းတွားသံ အဆုံးသတ်မှာတော့
"ခင်လေး ခင်လေး အမေ့သမီးလေး ဘယ်လိုဖြစ်တာလည်း သမီးသမီး"
ဒေါ်ညိုတစ်ယောက် ကမန်းကတန်း သမီးလေးရှိရာဆီ ငိုရင်း ပြေးဝင်လာမိသည်။ မနက်ကတည်းက ရင်ထဲလေးနေတယ်လို့ ထင်မိသား။ ရင်ထဲလေးပေမယ့် ကိုယ်ဝန်ဆောင်သမီးလို့တော့ မထင်လိုက်မိဘူး။ ကလေးတွေ အဖေပဲ စိုးရိမ်လိုက်မိတာ။ အခုတော့ သမီးကြီးဖြစ်နေပါပေါ့လား သမီးရယ်။ အမေ့ကိုပြောတော့ အမြဲတမ်းနေကောင်းတယ်ဆို သမီးဂရုစိုက်ပါတယ်ဆို။ အခုတော့ အမေဘာလို့ အဖေ့ကို မကွာတာလည်းဆိုတာ သိပါပြီဆိုပြီး ဝန်ခံခဲ့တဲ့သမီးလေး။ အခုတော့ ကြည့်ပါဦး ပြာနှမ်းနေပါရော့လား။ သမီးလေး အသက်မှ ရှင်ပါ့မလား။ အားကိုးတကြီး တာဝန်ကျဆရာဝန်မကို ကြည့်လိုက်မိတယ်။
"ရှင်က လူနာနဲ့ဘာတော်လည်း"
"ကျွန်မ သူ့အမေပါ ကျွန်မသမီးအနေအထားလေး သိချင်လို့ပါ သူတော်ကောင်းသမီးလေးပါ ဆရာမရယ် ကယ်ပါ ကလေးမရချင်နေပါစေတော့ ကျွန်မသမီးလေးပဲ ရအောင်ကယ်ပေးပါနော် ဆရာမရယ်နော်"
ဒေါ်ညို စိတ်ထိန်းလေ စိတ်ထိန်းလို့ဘေးကနေဝိုင်းပြောနေတဲ့ လူတွေအသံတွေကိုလည်း နားထဲကနေလျှံထွက်သွားခဲ့တယ်။ သမီးလေး အမေ့သမီးလေး ဒုက္ခများခဲ့ရှာတဲ့ သမီးလေး အခုတော့ သတိတောင် ရတစ်ချက် မရတစ်ချက်နဲ့ အမေ့ကိုတောင်နေကောင်းလား မမေးနိုင်တော့ရှာဘူး။ ဒေါ်ညိုတစ်ယောက် တစ်ချက် တစ်ချက် သတိမေ့နေရင်းနဲ့တောင် တက်တက်သွားတဲ့ သမီးအဖြစ်ကို မကြည့်ရက်နိုင်စွာ ဆရာမကို ပြောလိုက်မိသည်။
"ကျွန်မ လက်မှတ်ထိုးပေးပါ့မယ် ကျွန်မသူ့အမေပါ။ ကျွန်မ အားလုံးတာဝန်ယူပါတယ်။ သမီးအသက်ရှင်အောင်သာ ကယ်ပါ ဆရာမရယ်နော်"
"ဟုတ် ဒါဆိုလည်း ဒေါ်ဒေါ် ဒီမှာ လက်မှတ်လေး ထိုးပေးပါနော်"
"ဟုတ်ကဲ့"
ဒေါ်ညိုတစ်ယောက် တုန်ချိချိနဲ့ မျက်ရည်တွေနဲ့ ဝေဝါးစွာ လက်မှတ်ထိုးနေတုန်း
"ခင်လေး ခင်လေး သတိထားလေ ဒေါ်ညို ရှင့်သမီးကြည့်ပါဦး ဆရာမ ဆရာမလုပ်ပါဦး"
စူးစူးဝါးဝါး အော်သံအဆုံး ဒေါ်ညို ဆက်ကနဲ လှည့်ကြည့်လိုက်တာဟာ သမီးအသက်ထွက်တာကို လှည့်ကြည့်လိုက်သလိုဖြစ်သွားသည်။ ခင်လေးနောက်ဆုံးအကြိမ် တက်သွားပြီးတော့ သူသိပ်ချစ်ပါတယ် အားကိုးပါတယ်ဆိုတဲ့ သူ့ယောက်ျား ငမူးကော သူသိပ်စိတ်ပျက်လှပါတယ်လို့ပြောခဲ့တဲ့ သူ့အဖေ ငမူးကော သူသိပ်ချစ်တဲ့ သူ့အငယ်မောင်နှစ်မတွေကော သူသိပ်သနားပြီး စာနာပါတယ်ပြောတဲ့ အမေ့ကိုကော ထားခဲ့ပြီးတော့ သူမသွားချင်တဲ့ တမလွန်ခရီးကို စတင်ထွက်သွားပါတော့သည်။
သမီးရယ် ညည်းကံဆိုးလိုက်တာ။ ညည်းနှယ်အေ အမေဖြေမဆည်ဘူး သမီးရယ်။ ညည်းပဲ ညည်းအဖေ ငမူးကို စိတ်ပျက်လို့ ညည်းအဖေလို လူမျိုးကို မယူဘူးဆို။ ဒီကောင်လေးက သမီးကိုချစ်ပါတယ် အမေရယ်ဆို အရက်လည်းမသောက်တက်ပါဘူးဆို အခုတော့ ညည်းနှယ်အေ အိမ်ထောင်ရေးကံဆိုးလိုက်တာ။ အခုတော့ ညည်းလည်း ငါ့အိမ်ထောင်ရေးကံနဲ့ ဘာထူးလို့လည်းသမီးရယ်။ ညည်းလည်း လင်ဆိုးမယားတဖားဖားဘဝနဲ့ပဲ ညည်းမျှော်ခဲ့တဲ့ ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးက လင့်ခဲ့ရပြီမဟုတ်ဘူးလား။ နောက်ဘဝကျရင် ညည်းသိပ်မျှော်လင့်တဲ့ပျော်ရွှယ်ဖွယ်သော အိမ်ထောင်စုလေးမှာ သွားပြီးဝင်စားပါစေ။ တင်ရှိသမျှ ဝဋ်ကြွေးတွေလည်း ဒီဘဝ ဒီမျှနဲ့ အကျေဆပ်ပြီးသား ဖြစ်ပါစေလို့ အမေဆုတောင်းတယ် သမီးရယ်။ အမေ့အပေါ်သိတက်တဲ့ သမီးလေးကောင်းရာမွန်ရာရောက်ပါစေလို့လည်း အမေအမြဲတမ်း ဆုတောင်းနေမှာပါ သမီးရယ်...............သွားပါတော့။နောက်ဆံမငင်ဘဲ သွားပါတော့.......................။           ။

ခေးဟေသာ

အတွေးနှင့် အသက်ဆက်သူများ


သက်ရှိလူသားတစ်ယောက်၏ အတွေးထဲတွင် စီးမြောနစ်ဝင်နေသော အရာသည် ထိုသူ၏ နှလုံးသားထဲတွင် စွဲနစ်နေသော ပုံရိပ်အချို့ပင် ဖြစ်ပေလိမ့်မည်။ ထိုပုံရိပ်မှ ထင်ဟပ်လာသော အရာအချို့ကို စာရွက်ပေါ်တွင်အစက်ချမလား၊ သံစဉ်တေးသွားအဖြစ် သီဆိုဖေါ်ကျူးလေမလား၊ ကဗျာအဖြစ် အသွင်ပြောင်းလေမလား၊ ပန်းချီအဖြစ် ပုံဖေါ်ဆွဲခြစ်လေမလား၊ စာတပုဒ်အဖြစ် ချပြလေမလား၊ စသည်ဖြင့် ဘဝတစ်ခုကို အမျိုးမျိုးသော ပုံသဏ္ဍာန်များဖြင့် အကောင်အထည်ဖေါ်ကြမည် ဖြစ်ပေသည်။

လွတ်လပ်သော လူသားတစ်ယောက်ဖြစ်ခဲ့လျှင်ပေါ့။

လွတ်လပ်သော လူသားတစ်ယောက်တွင် ရှိနေသော အတွေးတခုကို လုပ်ဆောင် ကြိုးပမ်းခွင့် ရမည် ဖြစ်သော်လည်း ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ယောက်၏ အတွေးတခုကို မည်ကဲ့သို့ ဖြစ်မြောက်အောင် လုပ်ခွင့်ရှိပါမည်လဲ။ သို့သော် ကိုယ်အားဖြင့် လွတ်လပ်မှု မရှိသော်လည်း စိတ်လွတ်လပ်မှု ရှိနေသော လူသားတစ်ယောက်၏ အတွေးကို မည်သူတစ်ဦးတစ်ယောက်မျှ ချုပ်နှောင်ထား၍ ရမည်မဟုတ်ပေ။ ကိုယ်အားဖြင့် လွတ်လပ်မှုရှိလာသော အချိန်တခုတွင် သူ၏အတွေးကို တည်ဆောက်နိုင်မည်မှာ မလွဲဧကန်ပင်။ ထိုကဲ့သို့ လုပ်ဆောင်မည်ဟူသည့် အတွေးတစ်ခုထဲနှင့်ပင် အသက်ဆက်ရှင်နိုင်ရန် အင်အားတစ်ခု ရခဲ့ပေလိမ့်မည်။ အတွေးနှင့်ပင် အသက်ဆက်လက် ရှင်သန်ရန် စိတ်ခွန်အား ရခဲ့ပေမည်။

ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ဦးသည်အတွေးဖြင့်ပင် အသက်ကိုဆက်၍ မျှော်လင့်ချက်တခုဖြင့် အချိန်ကာလကို မျောလွင့်ရင်း ကုန်လွန်ခဲ့ရပေလိမ့်မည်။ ထိုအတွေးဖြင့်ပင် တွေးမိသမျှများကို စိတ်ကူးဖြင့်ပင် ထုဆစ်ရင်း မိမိ၏စိတ်ကို အတွေးဖြင့်ပင် ကုစားရပေမည်။ ထိုသူ၏အတွေးထဲတွင် လှပသော အနာဂတ်တခု ရှိနေပေလိ့မ်မည်။ ရိုးရှင်းသော အတွေးတခုတွင် ကိုယ်ချင်းစာတရားများ ပြည့်နှက်နေသော လူ့ဘောင်လောကလေးတခုကို တည်ထောင်နေပေလိမ့်မည်။ စိမ်းစိုလန်းဆန်းသော ဥယျာဉ်ကြီးတစ်ခုကို ဖန်တီးနေပေလိမ့်မည်။ မျှတသော ဝန်းကျင်တစ်ခုဖြစ်လာရန် ကြိုးပမ်းနေပေလိမ့်မည်။

ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားခြင်းခံရသော သူသည် လေးဘက်လေးတန် ပိတ်လှောင်နေသော နံရံလေးဘက်၏ အခန်းတခုထဲတွင် မှုန်ပြပြ အလင်းရောင်တခု ရှိချင်ရှိမည်၊ သို့မဟုတ် မှောင်ပိန်းနေပြီး အလင်းရောင်မရှိသော အခန်းတခု ဖြစ်ချင်ဖြစ်နေလိမ့်မည်၊ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားသော်လည်း နှလုံးသား ဝိညဉ်တခုကိုတော့ အဘယ်အရာကမျှ ချုပ်နှောင်၍ ရမည်မဟုတ်ပါ။ ထိုသူ၏ စိတ်၊ ထိုသူ၏ အတွေးသည် လွတ်လပ်စွာဖြင့် ဖြန့်ကျက် နေပေလိမ့်မည်။ အတွေးဖြင့်ပင် လုပ်စရာ ရှိသည်များကို ထွင်းထုနေပေလိမ့်မည်။


ကိုယ်လွတ်လပ်မှု ရှိလာသော အချိန်တွင် မိမိ၏ အတွေးများကို စိတ်စွမ်းအားရှိသလောက် လုပ်ဆောင်နိုင်မည် ဖြစ်ပေမည်။ ထိုအချိန်ကာလသည် အလွန် ကြည်နူးစရာကောင်းပြီး တန်ဖိုးရှိသော နေ့ရက်များ ဖြစ်ပေလိမ့်မည်။ မိမိကဲ့သို့ လူသားများကို စိတ်နှလုံး ချမ်းအေးစေနိုင်အောင် လုပ်ဆောင် ပေးခွင့်ရမည့် အတွေးထဲမှ အတွေးတစ်ခု ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိပါသည်။ ထိုယုံကြည်မှုနှင့်အတူ ထပ်ဆင့်၍ အတွေးထဲမှ အတွေးများကိုလည်း လုပ်ဆောင်နိုင်ခွင့်ရ ကြမည်ဟု တောင့်တမိပါသည်။
လူတစ်ယောက်၏ အတွေးထဲတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုသော ကာလသုံးပါး၏ အကြောင်းခြင်းရာ များကား အုပ်မိုးထားပေလိမ့်မည်။ အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ကောင်းခြင်း ဆိုးခြင်းများကို တွေးတောရင်း၊ ပြင်ဆင်ပြုပြင်စရာ ရှိသည်များကို ပြုပြင်ရင်း ပစ္စုပ္ပန်ကာလတွင် အကောင်းဆုံး နေထိုင်ကြလျှင် အေးချမ်းသော အတိတ် ကာလတခုကို ပိုင်ဆိုင်ခွင့် ရမည်ဖြစ်ပေမည်။

လွတ်လပ်သော ဘဝလေးတစ်ခုတွင် လွတ်လပ်သော အတွေးများစီကုံးကာ လင်းရောင်ပေးနိုင်သော လက်တစ်စုံ ပိုင်ဆိုင်သူအဖြစ် အသက်ဆက်နိုင်သူ လူသားတစ်ဦး အနေနှင့် လျှောက်လှမ်းခွင့် ရနိုင်ကြစေရန် မျှော်မှန်း ရည်သန်မိပါသည်။


သဒ္ဓါလှိုင်း

ရှင်သန်ခြင်း အနုပညာ


( ၁ )
နံရံတစ်ခုရှိပါသည်။ ထိုနံရံသည် တစ်ခါတရံနီးလာလိုက်၊ တစ်ခါတရံဝေးသွားလိုက်။ ထိုနံရံနီးကပ်လာလျှင် အေးစက်ခြောက်ခြားသော ခံစားမှုတို့ လွှမ်းခြုံ၍၊ ထိုနံရံဝေးကွာ သွားလျှင်မူ ၎င်းနေရာသို့ရောက်ရန် မရပ်မနားရုန်းကန်ရပြန်ပါသည်။ လမ်းခရီးတို့သည် မညီမညာကြမ်းတမ်းလိုက်၊ သက်တောင့်သက်သာချော့မွေ့လိုက်ဖြင့်လူးလွန့်ကာရှင်သန်ရင်းနံရံတွေဆီသို့သာတရွေ့ရွေ့တိုးကပ်လာနေရပါသည်။ မရောက်ခင်မှာ လက်မှိုင်မချစတမ်း ကိုယ့်အားအင်နှင့် ကိုယ် အလှပဆုံးရှင်သန်နိုင်အောင်လည်း ကြိုးစားအားထုတ်ကြသည်။ပြိုလဲရာတွေ ရှိနေပါစေ၊ ကျရှုံးမှုတွေ ရှိနေပါစေ ဘ၀ဟူသောစက်ဝန်းတစ်ခုကို အနားသတ်ညီညာအောင် ပုံဖော်ကြသည်။ ထိုအရာသည် လှပသော အနုပညာတစ်ရပ်ဖြစ်သည်။ ထိုအရာသည် ရပ်တည်ရှင်သန်ခြင်း၏ သိမ်မွေ့နူးညံ့မှု။
ထိုအခြင်းအရာသည် “ရှင်သန်ခြင်း အနုပညာ” ဖြစ်ပါသည်။


*********************************
( ၂  )
လူတိုင်းလူတိုင်း ဘ၀မှာ မုန်တိုင်းတွေတော့ ကြုံခဲ့ဖူးသည်ပင်။ ဘ၀မုန်တိုင်းတွေကြားမှာ ရုန်းရင်းကန်ရင်း အနိုင် ရခဲ့ဖူးတာ ရှိသလို၊ ဒဏ်ရာဒဏ်ချက်တွေလည်း ရခဲ့ဖူးမှာပင်။ မည်သို့ဖြစ်စေ ကျွန်မတို့ လူသားများသည် ဇွဲမလျော့ခဲ့ကြပါ။ အသက် ရှင်သန်ရန်အတွက်၊ ရပ်တည်နေရသော ဘ၀မပြိုလဲရန်အတွက် အမျိုးမျိုး အဖုံဖုံတော့ ကြိုးစားနေဆဲပင်။ သို့သော် တစ်ခါ တရံတော့လည်း အဖြေမသိသော မေးခွန်းများကြား မွန်းကြပ်လှောင်ပိတ်မိပါသည်။
တစ်ရံရောအခါက အမေးစကားကို ကြားယောင်မိသလိုလို။
“နားချင်ပြီ….. ဘာအတွက် ရှင်သန်နေရတာလဲ”
မဟုတ်ဘူး……ရင်ထဲမှလျင်လျင်မြန်မြန်ငြင်းဆန်နေသော်လည်းနှုတ်ဖျားမှ မည်သည့်အဖြေစကားမှတော့ ထွက်ကျ မလာခဲ့။
“ဘာအတွက် ရှင်သန်နေရတာလဲ” တဲ့။
ရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို ဖြေရှင်းမရသော အခက်အခဲများနှင့် ကြုံတိုင်း၊ ၀မ်းနည်းအားငယ်မှုတို့နှင့် ကြုံတိုင်း မကြာ ခဏတွေးခဲ့မိပါသည်။နေ့စဉ်ပြုမြဲ စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ လုပ်ငန်းဆောင်တာဆောင်ရွက်ခြင်းတို့ကိုပင် စိတ်ပျက် လာသည်အထိ ရှင်သန်ခြင်းကို ငြီးငွေ့ခဲ့ဖူးပါသည်။ သို့ပေမယ့် ထိုရှင်သန်ခြင်းကို ရပ်တန့်ပစ်လောက်သည်အထိ တော့ ကျွန်မ မ၀ံ့စားသေးပါ (တစ်နည်းမဟုတ်) မမိုက်မဲမိသေးပါ။ ဒါဟာ ရူးသွပ်မှု တစ်ရပ်၊ ကြံ့ကြံ့မခံနိုင်သေးသူတို့၏ အဆုံး သတ်ခြင်းတစ်ခုသာ ဖြစ်ပါသည်။
ဘ၀တွင်ငွေအတွက်၊ စားဝတ်နေရေးအတွက်၊ အလုပ်အတွက်၊ အချစ်အတွက် မောပန်း၍ ရှုံးနိမ့်ခဲ့သူတွေ ဘယ် နှစ်ယောက်တောင်ရှိခဲ့ပြီလဲ။ မည်သူတွေသည် လူမှုဝန်းကျင်၏ ဒဏ်ရာဒဏ်ချက်တွေကြောင့် နာကျင်ကြေကွဲခဲ့ရပြီလဲ။လာက၏ လှိုင်းတံပိုးများအကြောင်း တွေးမိသော ကျွန်မ မျက်ဝန်းဝယ် မျက်ရည်တော့ ဝေ့မိသည်ထင်သည်။ ကျွန်မ မောပန်းနေခဲ့လေပြီလား။ ကျွန်မ လက်မြှောက်အရှုံးပေးချင်ခဲ့လေပြီလား။ ကျွန်မ ရပ်   တန့်   ချင်    ပြီ    လား  ။
ခပ်သွက်သွက် ခေါင်းခါယမ်းမိ၍ ဝေ့နေသည့် မျက်ရည်စက ပါးပြင်ပေါ် ဖျတ်ကနဲ ကျသည်။
*********************************
( ၃ )
သံသယပေါင်းများစွာ၊ အထင်လွဲမှုများစွာ ကြုံတွေ့ခဲ့ဖူးပါသည်။ “အမှန်တရားသည် တစ်ခါတရံ အဆိပ်တစ်ခွက် ဖြစ်ခဲ့လေ သည်လား”။ ဖြေရှင်းရန် မလိုသော၊ ဖြေရှင်းခွင့်မကြုံသော ကိစ္စရပ်များတွင် အသာအယာခေါင်းယမ်းနေရုံမှလွဲ၍ လုပ်စရာ အခြားမရှိခဲ့ပါ။ ကိုယ် လျှောက်သောလမ်းသည် မှန်ကန်သည်လား၊ ယိမ်းယိုင်သည်လား…..မည်သို့ဖြစ်စေ မယုတ်ညံ့ခဲ့တာ တော့ သေချာသည်။
ကြိုတင်ကြံစည်၍ မလိမ်ညာဖူးခဲ့တာ မှန်သည်။ ကြိုတင်ကြံစည်၍ သူတစ်ပါးချစ်ခြင်းမခွဲခဲ့ဖူးတာ မှန်သည်။ ကံစီမံရာအတိုင်း အလျားသင့်ဖြစ်တည်စီးမျောရင်းမှ ဘယ်သောင်ဘယ်ကမ်းဆိုက်ရမည်မှန်း မသိအောင် ရှင်သန်ခြင်း ၀ဲကယက်တွင်း တ၀ဲလည်လည်။
“ငြိမ်းချမ်းရာသည် မိမိကိုယ်တွင်းမှာသာရှိ” သတဲ့။
ထိုငြိမ်းချမ်းမှုကို အမိအရဖမ်းဆုပ်ဖို့ ကျွန်မ ကြိုးပမ်းခဲ့ပါသည်။ သို့သော် ထိလွယ်ရှလွယ်သော၊ ဆူညံသံတစ်ခု ကြားရလျှင်ပင် တုန်လှုပ်တတ်သောစိတ်ကို ပိုင်ဆိုင်ထားသည့် ကျွန်မအတွက် ခက်ခဲလေးလံခဲ့ပါသည်။ သံယောဇဉ်ဟူ သည် ရစ်ပတ် နှောင်ဖွဲ့တတ်သော ကြိုးတွေဖြစ်လေသလား။ဒေါသ၊ အတ္တ၊ မာန်မာနတွေသည် ကိုယ်ခန္ဓာကို တမြေ့မြေ့ လောင်မြိုက်စေတတ်သလား။ ချစ်ခြင်းမေတ္တာတရား၌ အကြိမ်ကြိမ်ကျရှုံးခဲ့တတ်ခြင်းသည်လည်း မိမိကိုယ်ကို ယုံကြည်မှု စွမ်းအင်တွေ နည်းပါးစေတတ်ပြန်ပါသည်။
လူတစ်ဦးနှင့် တစ်ဦး နှောင်ဖွဲ့မှုများကြား၌ မည်သည့်အရာတွေ ရှိနေနိုင်ပါသည်လဲ။ မေတ္တာတရား၊ ယုံကြည်မှု၊ နားလည်မှု စသည့်အရာများဖြစ်နိုင်သလို အမုန်းတရား၊ စက်ဆုပ်မှု စသဖြင့်လည်း ရှိနေနိုင်ပါသည်။ ချစ်ခြင်းနှင့် နှောင်ဖွဲ့ ကြသလို မုန်းခြင်းဖြင့်လည်း နှောင်ဖွဲ့ကြသော လူ့အသိုင်းအ၀ိုင်းကို စေ့စေ့ကြည့်ရန် အားအင်တွေ ကုန်ခန်းလှပြီ။
ကဗျာတစ်ပုဒ်ရေးခဲ့ဖူးပါသည်။

“မပြည့်သောအိုး
ပြည့်သောအိုးများရဲ့
လျှံကျနေသော အတ္တပုံဆောင်ခဲများ”
ဓားသွားထက် ကလောင်သွားထက်သတဲ့။ ကလောင်ကိုင်တိုင်းလည်းဖြူစင်သန့်ရှင်းနေရန် မကြိမ်းသေလှပါ။ ပြည့်သောအိုးဖြစ်စေ၊ မပြည့်သောအိုးဖြစ်စေ လူသားဟူ၍ ဖြစ်တည်နေသရွေ့ “ငါ” ဟူသည်ကတော့ လျှံကျနေမြဲပင်။
“ငါ့မိဘ

ငါ့သားသမီး                                                                                                                                                                                
ငါ့သူငယ်ချင်း                                                                                                                                                                                                                               
ငါ့ချစ်သူ                                                                                                                                                                      
ငါ……….
ငါ…”
ဘာကိုမှ မသေချာ၊ မရေရာသည့် သံသရာဝယ် ဘယ်အရာတွေကိုများ ပိုင်ဆိုင်လိုမှု၊ ပြိုင်ဆိုင်လိုမှု၊ ရယူလိုမှု၊ မဆုံးရှုံးချင်မှု၊ ပျက်စီးစေလိုစိတ်…..စသဖြင့် ခိုင်မြဲနေကြပါလိမ့်။ကောင်းကင်ကိုမော့ကြည့်မိတော့ မိုးသားတိမ်လိပ်တွေ အလုအယက် တွန်းတိုက်ရွေ့လျားနေတာတွေ့ရသည်။ ဘယ်နေရာကိုများ ဦးတည်ရွေ့လျားနေကြသည်လဲ။ ကောင်းကင် ဟာကောင်းကင်ပဲ မဟုတ်လား။ သည်လိုပဲ ကျွန်မတို့ လူသားတွေဟာ တရွေ့ရွေ့သွားလာနေကြရတာပဲ။ ဘ၀ တလျှောက် လုံးလေ…..။ မမောနိုင်၊ မပန်းနိုင်။ တစ်နေ့မှာတော့ မိုးစက်မိုးပေါက်တွေအဖြစ် ကမ္ဘာမြေပေါ် သက်ဆင်းရတာပင်။ အတွန်း အတိုက်၊ အလဲလဲ အပြိုပြို။လေအသော့အနော့များကြားဝယ် အရောင်အသွေးစုံလင်သော တိမ်တွေက ပုံစံအမျိုးမျိုး။မြင့်သထက်မြင့်အောင် (သို့မဟုတ်) တိမ်အဖြစ် ရှိနေစဉ်အခိုက် လှပသေသပ်အောင် ဖော်ဆောင် နေကြသည်။
သေးသေးမွှားမွှားပိုင်ဆိုင်မှုတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတာ များခဲ့ပြီ။ ကြီးကြီးမားမားပိုင်ဆိုင်မှု ဟူသည်ကတော့ အိပ်မက် ထဲတောင်ယောင်ယမ်းအလည်ရောက်မလာပါ။ သက်တမ်းတော့ ဘ၀တစ်ဆစ်ချိုးခဲ့ပြီ။ အချိန်တွေ နောက်ပြန် လှည့်ကြည့် တော့ တဖျပ်ဖျပ်။ ကျွန်မ ရှေ့ရှိ နံရံက ကျွန်မနှင့် ပိုနီးကပ်လာသလိုပင်။ သံသရာအတွက် ကျွန်မ ဘာတွေပြင်ဆင်ပြီးပြီလဲ။ ရှင်သန်ခြင်းသည် အဓိပ္ဓာယ်ပြည့်ဝနေဖို့တော့ လိုပါသည်။
တစ်နေ့က တီဗွီသတင်းထဲတွင် မီးတောင်ပေါက်ကွဲရာမှချော်ရည်တွေပန်းထွက်သည့် အကြောင်းမြင်တွေ့ လိုက်ရသည်။ချော်ရည်အပူရှိန်ကြောင့် ထိစပ်ပတ်သတ်ရာ နယ်မြေဒေသများကို တမဟုတ်ချင်းလောင်ကျွမ်းသွားစေ သည်။ သတင်း မှတ်တမ်း ကလည်း အမိအရသေချာရိုက်ကူးထားရာ ကမ္ဘာပျက်သလိုဖြစ်နေသည့် မီးလျှံလုံးများ၊ လောင်ကျွမ်းမှုများ၊ သမုဒ္ဒရာထဲသို့ မီးလျှံများ အထွေးလိုက် လိမ့်ဆင်းသွားပုံများကိုမြင်တွေ့ခဲ့ရသည်။ သတင်းတင်ဆက် သူက အပျက်အစီး၊ အဆုံးအရှုံး အသေအပျောက် မည်ရွေ့မည်မျှ စာရင်းပြုစု ကြေညာနေသော်လည်း ကျွန်မ မကြားမိတော့ပါ။ သည်လို ကမ္ဘာ မြေကြီး အတွင်းပိုင်းမှာ လှိုက်၍ လှိုက်၍ ပူလောင်မှုတွေကော မည်မျှ များနေခဲ့မည်လဲ။ လူတွေ၏ လောဘ၊ ဒေါသ၊ မာန်မာန၊ မောဟ အပူမီးတွေကြောင့်များ ရှုင်သန်နေထိုင်ရာ ကမ္ဘာမြေကြီး ပူလောင်လာလေရော့သလား။ သည်လိုဖြင့် ရှင်သန်ခြင်းသည် အရုပ်ဆိုးအကျည်းတန်များ နေလေမလား။
*********************************
(၄)
သဘာဝတရားသည် သစ်လွင်တောက်ပမှုများ ရှိလာသလို၊ ပျက်စီးယိုယွင်းမှုများလည်း ရှိလာသည်။ လူတို့ဖန်တီး၍ဖြစ်စေ၊ အချိန်ကာလကြောင့်ဖြစ်စေ ယိုယွင်းမှုကတော့ ပိုများလာမည်ထင်သည်။ သဘာဝဘေးအန္တရာယ်တွေ၊ လူသားအချင်းချင်းကြောင့်ဖြစ်သော ဘေးအန္တရာယ်တွေ ခပ်စိပ်စိပ်ဖြစ်လာသည်တွင်ရှင်သန်ခြင်း၏ အဓိပ္ပာယ်က ပိုမိုလေးနက်လာသည်။ ပြန်လည်တည့်မတ်ခြင်းတွေ၊ ဖေးမကူညီခြင်းတွေ၊ ပေါင်းစည်းဖော်ဆောင်ခြင်းတွေဖြင့် လူသားအသိုက်အမြုံသည် ရင်းနှီး နွေးထွေးလာသည်။ ထိုအချိန်၌ ရှင်သန်ခြင်းသည် သိမ်မွေ့နူးညံ့ကာ လှပလှသည်။
ပြင်သစ်ဘာသာပြန်စာအုပ်တစ်အုပ်မှ Le Petit Prince ကို သတိရမိသည်။ `လူတွေဟာ သူတို့အမြန်ရထားနဲ့သာ ခရီး သွားနေကြတယ်။ သူတို့ ဘာကိုရှာဖွေနေတယ်ဆိုတာ သူတို့ဟာသူတို့ မသိကြဘူး။´ မင်းသားလေးပြောခဲ့သော စကား ဖြစ်ပါသည်။ အဆောတလျင် ဟိုပြေးသည်ပြေးနဲ့ အလျင်လည်း လိုနေကြသတဲ့။ ကျွန်မတို့သည် ကိုယ့်ရထား ကိုယ်စီးနင်း ကာ ဘယ်ဆီတွေသွားနေကြမှန်းမသိ။ ဘယ်ဆီရောက်မည်လည်း မသေချာ။ ဒီကြားထဲ အလျင်လိုနေ ကြသေးသည်။ ဘာအတွက် စိတ်စောနေကြသလဲ။ ဘယ်အချိန်မှာ ဘယ်နေရာကိုများ ရောက်ချင်နေကြသည်လဲ။ တကယ်တော့ ဘယ်ဆီ ဆိုတာ သတ်မှတ်နိုင်လျှင် ဘယ်အချိန်ဆိုသည်မှာ သိပ်အရေးမကြီးလှပါ။ ရှင်သန်ခြင်းဟူသော အပိုင်းအခြားသည် ဘာကို ရှာဖွေနေတယ်ဆိုတာကောင်းစွာသိမြင်နိုင်ရန် အသေချာဆုံးကာလဖြစ်သည်။ သဘာဝတရားကပေးသော ရှင်သန်ခွင့်ကို အဓိပ္ပာယ်ရှိရှိ အသုံးချနိုင်ဖို့သာလိုပါသည်။
ဖြစ်တည်နေကြသော ဘ၀အခြေအနေများ၊ ကံစီမံရာပုံချခြင်းခံခဲ့ရပါသော အိပ်မက်အင်္သချေများ၊ ခေါက်သိမ်းခဲ့ရသော လိုအင်ဆန္ဒများ၊ ထပ်တူကျခြင်း မကျခြင်းရှိနေကြပါသော ပန်းတိုင်များ…..သည်အရာတွေက လူတွေကို ရှင်သန်ရန်ငြီးငွေ့စေသည်။ `ဘ၀ဆိုတာဘာလဲ´ရေရွတ်မြည်တမ်းကြသည်။ ဆန္ဒနှင့်ဘ၀ထပ်တူကျသူတွေက `ဘ၀ဟာတိုတိုလေး´ ဆိုကြသလို၊ ဆန္ဒနှင့်ဘ၀ပြောင်းပြန်အချိုးကျသူတွေက `ဘ၀ဟာ မပြီးဆုံးနိုင်သော ခရီးရှည်´ ဟုညည်းညူကြသည်။ တကယ်တော့ ဘ၀ဟူသည် သူ့အချိန် ကာလနှင့်သူ တည်ရှိပြီးသားပင်။ သဘာဝတရားက `ရှင်သန်ခွင့်´ ဟူသော ဆုလာဘ်ကို လူသားအားလုံးကို ညီတူညီမျှ ပေးစွမ်းထားလေသည်။
ရှင်သန်ခွင့်ဟူသော စက်ဝန်းထဲရောက်ရှိနေသရွေ့ အစွမ်းကုန်လန်းဆန်းနိုင်ခွင့်သည် ကျွန်မတို့ လက်ထဲမှာပင်ရှိသည်။ပြိုလဲရာတို့မှပြန်လည်ထူမတ်ရန်သည် ကျွန်မတို့လက်ထဲမှာပင် ရှိသည်။ ဘ၀သည်ဖြစ်တည်မှုတစ်ခုသာ ဆိုလျှင် ထိုဖြစ်တည်မှုကို အဓိပ္ပာယ်ရှိရှိလှပအောင် ကျွန်မတို့ဖော်ဆောင်နိုင်ပါသည်။

*********************************
(၅)
ကျွန်မတို့တွေ လမ်းတစ်ခုပေါ် တရွေ့ရွေ့သွားလာနေကြသည်။ မဖြောင့်တန်းသော လမ်းအသွယ်သွယ် တို့ဖြစ်၍ အဆုံးအစ မသိအောင်ကွေ့ဝိုက်ဝင်္ကဘာဆန်လွန်းလှသည်။ သာယာသော မြင်ကွင်းတွေတွေ့လိုက်၊ ချုံနွယ်ပိတ်ပေါင်းတွေတွေ့လိုက်၊ မိုးသည်းထန်လိုက်၊ နေသာလိုက်ဖြင့် လမ်းတွေပေါ် ခရီးနှင်နေကြရသည်။ ခရီးတစ်ခုကို အဓိပ္ပာယ်ရှိရှိ လှပစေရန် ကျွန်မတို့ပြုပြင်ဖန်တီး၍ ရသည်။ ပြိုလဲမှုများစွာတို့မှလည်း ပြန်လည်တည့်မတ်ရှင်သန်စေရန် ကျွန်မတို့ ကြိုးပမ်းနိုင်ပါ သည်။ ကျွန်မတို့ရှင်သန်နေသောအခိုက်၊ ကျွန်မတို့အသက်ရှုနေသော အခိုက် ထိုအခိုက်အတန့်ကို သိမ်မွေ့လှ့အောင် ပုံဖော်နိုင်ပါသည်။ ဘ၀ဟူသည် တံခါးများဖြင့် ဖွဲ့စည်းထားသည် ဆိုပါစို့။ ထိုတံခါးများကို သံကြိုးအထပ်ထပ်တို့ဖြင့် ပိတ်လှောင်မွန်းကြပ်နေရန် မလိုအပ်လှပါ။ ကျွန်မတို့၏ တချို့တံခါးများကို စေ့ရုံစေ့ထားကာ၊ တချို့တံခါးများကို ဟင်းလင်း ဖွင့်ထားလိုက်ပါ။ အလင်းရောင်ကို ကျွန်မတို့ခံစားကြရမည်။လေပြေလေညင်းကို ကျွန်မတို့ခံစားကြရမည်။ ထို့အပြင် ကျွန်မတို့ ရှာဖွေနေသော အရာကိုပါ တဖြေးဖြေးသိမြင်လာပါမည်။ ထိုအရာသည် လှပသော အနုပညာတစ်ရပ်ဖြစ်သည်။ ထိုအရာသည် ရပ်တည်ရှင်သန်ခြင်း။ သိမ်မွေ့နူးညံ့မှု။ ထိုအခြင်းအရာသည် `ရှင်သန်ခြင်း အနုပညာ´ ဖြစ်ပါသည်။     ။

ရွှေအိမ်စည်
10.1.2013
PM: 10:25

အယ်ဒီတာ မှတ်ချက်
ရှင်သန်ခြင်း အနုပညာ ကိုရေးသားသူ ဆရာမ ရွှေအိမ်စည်သည် လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ထဲက စာပေလောကထဲရောက်ရှိလာသူဖြစ်ပြီး ၂၀၀၁၊ ၂၀၀၂ ခုနှစ်တွေမှာရွှေအသစ်ကဏ္ဍများမှာ နှစ်ကြိမ်ဖော်ပြခံရသူဖြစ်ပါသည်။ ၂၀၀၁ ခုနှစ် သြဂုတ်လရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေအသစ်ကဏ္ဍမှာ “အလင်းနှင့်အမှောင်”၊ ၂၀၀၂ ခုနှစ် ဧပြီလရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေအသစ်ကဏ္ဍမှာ “အနှောင်အဖွဲ့အလွမ်းပြဇာတ်” တို့ကို ပုံနှိပ်ဖော်ပြခံခဲ့ရသည်။
၂၀၀၈ ခုနှစ်မှာ မောင်ကမ္ဘာစာပေကထုတ်ဝေတဲ့ “ရွေအသစ်ရဲ့ ရွှေစုများ” ရယ်လို့ စာအုပ်ထုတ်ဝေပေးတဲ့အခါမှာလည်း ဆရာမရေးသားခဲ့တဲ့ ၀တ္ထုတိုတစ်ပုဒ်ဖြစ်တဲ့ “အနှောင်အဖွဲ့အလွမ်းပြဇာတ်” ရွေးချယ်ဖော်ပြခြင်းခံခဲ့ရသည်။
အဲဒီ့နောက်ပိုင်း အွန်လိုင်းစာမျက်နှာတွေမှာ ၂၀၁၀ကအစပြုပြီး http://shweainsi.blogspot.com ဆိုတဲ့ blog တစ်ခုဖွင့်ပြီး စာပေတွေ ရေးသားခဲ့သူဖြစ်သည်။ ပုံနှိပ်စာမူ ၂၀ ကျော်လွန်ခဲ့တဲ့ အတွက် စာရေးသူရဲ့ ဇာတိဖြစ်တဲ့ ပုသိမ်မြို့နယ် စာနယ်ဇင်းကနေပါဝင်ခဲ့ပြီး၊ ကလောင်အမည်ရွှေအိမ်စည်အမည်ဖြင့် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းတွင် မှတ်ပုံတင်ခဲ့ပြီး မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းမှ စာရေးဆရာအဖြစ်အသိအမှတ်ပြု ကဒ်လည်း ရရှိထားသူဖြစ်သည်။ ကလောင်အမည် ရွှေအိမ်စည်၊ စာနယ်ဇင်းအမှတ်မှာ ၇၂၆၂ ဖြစ်ပါသည်။
ရွှေအိမ်စည်အမည်ဖြင့် သောင်းပြောင်းထွေလာမဂ္ဂဇင်း (ယခင်)၊ န၀ဒေးမဂ္ဂဇင်း၊ အပျိုမ မဂ္ဂဇင်း၊ ချယ်ရီ မဂ္ဂဇင်း၊ Beauty မဂ္ဂဇင်း တို့မှာ ၀တ္တုတိုတွေ ရေးသားခဲ့သလို လက်ရှိ ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ယူလုပ်ဆောင်ပေးနေပြီး စာပေလောကအကျိုးကို သယ်ပိုးထမ်းရွက်နေသူဖြစ်ပါသည်။
ယခု ဆရာမ ရွှေအိမ်စည်ရဲ့ စာပေကိုယ်ရေးအကျဉ်းကို ဖော်ပြတင်ပြပေးလိုက်တာက ရွှေအိမ်စည် ကလောင်အမည်တူတွေပေါ်ထွက်လာနေခြင်းနှင့် မှားယွင်းထင်မှတ်မူများရှိနေခြင်းကြောင့်  မလိုလားအပ်သည့် ပြသနာများမဖြစ်ပေါ်စေခြင်းနှင့် မှားယွင်းထင်မှတ်မူများ မဖြစ်ပေါ်စေရေးအတွက် အယ်ဒီတာမှတ်ချက်ဖြင့်ဖော်ပြပေးလိုက်ခြင်းဖြစ်သည်ကို စာဖတ်သူများ နားလည်ခွင့်လွတ်ပေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း
တာဝန်ခံအယ်ဒီတာ

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More