Sample Text
ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။
Pages
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်း
ရပ်တန့်နေသောနာရီတစ်လုံးရဲ့ရင်ခွင်ထဲမှာ
အိပ်မက်တချို့နစ်မြှပ်ပျော်ဝင်နေလေရဲ့
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝပါစေ။
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းမှာလည်း
အိပ်မက်ရက်ဆက်တတ်တဲ့ ချိုမြိန်ခြင်းတွေရှိလေရဲ့
တည်ရှိနေသည် ၊ ရရှိလာသည်။
ရုန်းကန်ခြင်းကိုသူတို့နားမလည်
ထောင့်ချိုးတွေရဲ့ ကြမ်းတမ်းမှုကိုသူတို့နားမလည်
လိုအပ်နေလိမ့်မည်ဟုလည်း သူတို့နားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝစေချင်သည် ။
သုံးချိုးတစ်ချိုးရောတဲ့ခန္ဓာကိုယ်ကလည်း
ခပ်ကြမ်းကြမ်းအိပ်မက်တွေနဲ့ကာမယှက်စပ်ရင်း
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝနိုင်သည်။
အခါးတို့နဲ့ပြည့်သော ဆေးတစ်ခွက်ဟာလည်း
နှလုံးသားကို အာဟာရဖြစ်စေပြန်သည်။
ဘုရားသခင် လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းဟာလည်း
ငှက်ကိုက်ခံရလေပြီ
တည်ရှိနေသည် ၊ ဖြစ်တည်နေသည်။
ပေးဆပ်ခြင်းကို သူတို့နားမလည်
နှလုံးသားနဲ့ရင်းတဲ့ လိုအပ်ခြင်းကိုသူတို့နားမလည်
ကုတင်ပေါ်က ချိုမြိန်ခြင်းဟာ မပြည့်ဝခြင်းကိုလျစ်လျူမရှုနိုင်မှန်း သူတို့နားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝစေချင်သည် ။
စေတနာအကြောင်းလာမပြောနဲ့  ဒီအရပ်ဟာမိုးခေါင်ရပ်ဝန်း
အပေး နဲ့ညီမျှသော အယူ
စိုက်ပျိုးသမျှရိပ်သိမ်းခွင့်ရှိတယ် မေတ္တာတရားမပါကြေး
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝပါစေ။
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းကတော့
အိပ်မက်တချို့အတွက်  နေ့ဘက်မှာနစ်မြှပ်ပျော်ဝင်
ညဘက်မှာ မပြည့်ဝခြင်းကိုလျစ်လျူရှုရင်း
တိတ်ဆိတ်ခြင်းကို ကိုယ်တိုင်နားမလည်
ပေးဆပ်ခြင်းကို ကိုယ်တိုင်နားမလည်
ဖြစ်တည်ခြင်းကို ကိုယ်တိုင်းနားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝရန် ဆုတောင်းနေလေသည် ။   ။
ဆုမြတ်မိုး
အသားကျနေသော အရှုံး နှင့် အသေစားတတ်သော အစာအိမ်ကင်ဆာ
ဖန်တီးချက်မှာ ပုံပျက်သွားတဲ့ ရှေးရှေးတုန်းက ပုံပြင်
ဒဏ်ရာချက် ဝိရောဓိကို ဈာန်ဝင်စားရင်း တရားရှာချင်
အာရုံမလာ အမိုက်မှောင်တွေ ဖုံးလွှမ်းတဲ့ ဂျပ်ပင်တွေကြားမှာ
လူးရင်းလှိမ့်ရင်း နပိန်ကန်မလား နသိုးကန်မလား
ကြက်ခါးသီး ထမင်းနှယ်စားနေမိသည်။
လူ့အောက်ကျို့ရင် မသေနိုင်ပေမယ့်
လူအောက်ပိနေတော့ သေချင်စော်နံနေပြီ
လူပေါ်လူဆင့် လူဇော်ကဲ လူဗိုလ်ကျဲ
လူ့ဆိုရှယ်မှာ အမှားမှားအယောင်ယောင်
ကီးကြောင်ကြောင် နဲ့ လူနိပါတ်တွေ ဘာသာပြန်ပြီ
စမ်းရင်း ဝါးရင်း ရာသီတွေ ဖောင်းကားလာတယ်။
တစ်ပြီးတော့ နှစ်ကိုဆက်တက်တယ်
ဆက်ပြီးသုံးကိုချဉ်းကပ် ပါးနပ်စွာ အလှည့်ခံရတော့
နှစ်...တစ် ...သုံည မရပ်တန့်ပဲ အနုတ်ပါပြတဲ့ လ
နေပူမှာ လေပူထမ်းပြီး ခြေပူကို ဗျပ်ထိုး
အခင်းမရှိ အကာမရှိ လမ်းဘေးမှာ ထိုးရောင်းရင်း
တစ်ထည် အစိတ် နှစ်ထည်ငါးကျပ် ။
အကြွေးသီးခံပါ ဘေထုပ်သည် အရှုံးခံပြီး
အသည် လုပ်နေတာ ဈေးဆစ်ရင် လှည့်ပြန်ပါ။
တရိပ်ရိပ် ကျဆင်းနေတဲ့ စတော့ဈေးကွက်တော့မဟုတ်
အနုတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့
အတိတ်တွေ နိမိတ်တွေ အာရုံခံရင်း
ဇယားကွက်ကို ထိပ်ဆုံးတင်မိတယ်
အရှုံးက ပက်ပက်စက်စက်နဲ့
ခွေးကျ ဝက်ကျ ကျတယ်။
ကုန်ရှုံးတဲ့လ
လင်ကုန်ရှုံးတဲ့ နှမ
ဘယ်သူက ပိုနစ်နာလဲ
သိသိနဲ့ ဘုံဘေမှာ ကော်ပတ်ကောက်စားတယ်
စားရင်း ဝါးရင်း ဗိုက်က ဖောင်းကားလာတယ်
ဒေါက်တာ ပြောတဲ့ အစာအိမ်ကင်ဆာက ဂျိုနဲ့လား...
.ဟေးလာ မောင်တို့ ထပ်ဝါး ။              ။
ပျူမခ (ကော့သောင်း)
ရောင်စုံခဲတံလေးများ
ဘ၀မှာ ပျော်ရွှင်စရာတွေ သိပ်မရှိခဲ့ပါဘူး။ ရှိခဲ့တဲ့ပျော်ရွှင်စရာလေးတွေ ကိုလည်း သိပ်ပြီး မမှတ်မိခဲ့ဘူး။ သမားရိုးကျ ဖြတ်ရိုး ဖြတ်စဉ်အတိုင်းပဲ ဖြတ်သန်းကြီးပြင်းခဲ့ တယ်ဆိုပါတော့။
တစ်ခါတလေကျတော့လည်း ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ဘ၀ကို ကိုယ်တိုင် မကျေနပ်ချက် လေးတွေ ရှိနေ တတ်ခဲ့ပြီ... နေ့စဉ် ဖြတ်သန်းမှုတွေထဲက မပြေလည်မှု တစ်ခုကို စဉ်းစားနေတုန်း။
`` ဘာအရောင်ဖြည့်ရမလဲ ဖေဖေ´´
သမီးကြီးက  ကိုယ်တိုင်ကာလာသွင်းရတဲ့ ပုံဆွဲစက္ကူလေးတွေရယ်၊ပုံဆွဲတဲ့ ခဲတံလေးတွေကို ချထားရင်းက လှမ်းမေးလိုက်တယ်။
“ သမီးကြိုက်တဲ့ အရောင်ဖြည့်လိုက်သမီး”
“ကိုယ်ကြိုက်တဲ့ အရောင်ဖြည့်”
သမီးကြီးကိုလှမ်းပြောတော့သားကလည်း “သားသားရော....”တဲ့။
“သားလည်း ကြိုက်တဲ့ အရောင်ဖြည့်လိုက်လေ...”
“မမကိုကြည့်ပြီး ဖြည့်မယ်..” သားငယ်ကပြောလည်းပြော သူ့အစ်မပုံကို လည်း လှမ်းကြည့်လိုက်တယ်။
သူ့အစ်မက “ မဖြည့်နဲ့ မောင်လေး။ မောင်လေးကြိုက်တာဖြည့် မမအရောင်ကိုမောင်လေ ကြိုက်ချင် မှကြိုက်မှာ...”
သမီးနဲ့ သားကိုကြည့်ရင်း ကျွန်တော် နှုတ်ဆိတ်သွားမိတယ်။
ဟုတ်တာပေါ့။ သားငယ်ရဲ့ အယူအဆနဲ့သမီးကြီးရဲ့ စာနာစိတ်တွေက လောကကြီးအတွက် သိပ်အရေးကြီးတာပဲ....လို့။
သမီးနဲ့ သားကတော့ နှစ်သက်ရာ အရောင်လေးတွေနဲ့ ပုံလေးတွေကို ဖြည့်နေကြပြီ။ ကျွန်တော်အတွေးတွေအများကြီး ဖြန့်ကျက်ထားမိတယ်။ သားငယ်က သူမသိတော့အစ်မလုပ်တာကို ကြည့်မယ်တဲ့..၊ သမီးကြီးကလည်း သူ့စိတ်ကူးလေးတွေက သူ့မောင်လေးအတွက် အဆင်မပြေမှာ စိုးတယ်...၊ အဓိက သူ့မောင်လေးမကြိုက်မှာစိုးတယ်လေ..။ ကျွန်တော်ကျေနပ်ခြင်းများ များစွာ ဖြစ်ခဲ့ရပါတယ်..။
“မျက်နှာကို ဘာအရောင် ထည့်ရမလဲဖေဖေ...”
ပုံဆွဲနေရင်း သားငယ်က လှမ်းမေးတယ်။
“ မျက်နှာဆိုတော့ အသားချည်းပဲလေ သားရဲ့....။အသားရောင်လေး ဖြည့်လိုက်ပေါ့...”
“အာ... ဖေဖေကလည်း သူက လူမဟုတ်ဘူး.... အရုပ်... အရုပ်”
ဟုတ်သားပဲ သားငယ်ဆွဲနေတာလူပုံမဟုတ်ဘူး... အရုပ်ကလေးရဲ့ပုံပဲ။
“ အေးကွာ...  အဲဒါဆို..... အရုပ်ဆိုတော့  သားအရုပ်ပဲ    သားကြိုက်တဲ့ အရောင်ထည့်လိုက်”
“ဟုတ်...... ထည့်လိုက်မယ် ဖေဖေ”
စကားပြောရင်း အရောင်လေးတွေ ဖြည့်လိုက်၊ မောင်နှမနှစ်ယောက် သူ့ပုံကိုယ်ကြည့်... ကိုယ့်ပုံသူကြည့် လုပ်လိုက်၊ ခဲတံလေးတွေ တစ်ယောက်တစ်လှည့်သုံးလိုက်နဲ့ သင့်လျော်ရာ စိတ်ကူးလေးတွေနဲ့ လှပအောင် ကြိုးစားနေကြလေရဲ့.....။
တကယ်တော့  လူတွေဆိုတာလည်း ရောင်စုံခဲတံဘူးလေးထဲက  ရောင်စုံခဲတံလေးတွေလိုပါပဲ....။ ကိုယ်ပိုင်စာမျက်နှာပေါ်မှာ ကိုယ်ပိုင် အရောင်လေးတွေ ရေးဖြည့်ပြီး ဖြတ်သန်းနေကြရတယ်၊ နေရာနဲ့ အရောင် အဆီအငေါ်တည့်ခြင်း ကွာခြားမှုကတော့ ကိုယ်ဖြည့်သွင်းခဲ့တဲ့ အချိန်မှာ ကိုယ့်ရဲ့ နားလည်တတ်သိမှုက ဆုံးဖြတ်ပေးတာပါပဲ...။
သမီးနဲ့ သားတို့ အရွယ်မှာတော့.. သူများ ဆွဲပေးထားတဲ့ ပုံလေးတွေကို အရောင် ဖြည့်သွင်းယုံနဲ့ ကျေနပ်နိုင်ပေမဲ့... ဒိထက်ကြီးပြင်လာတဲ့ အချိန်မှာတော့ သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပုံလေးတွေထဲမှာ သူတို့ စိတ်ကြိုက်  အရောင်လေးတွေကို ဖြည့်သွင်းကြတော့မယ်....၊  ဒိထက်ကြီးလာရင်တော့ သူတို့ကိုယ်တိုင် ကာလာပင် သို့မဟုတ် စုတ်တံလေးတွေကိုင်ပြီး ကိုယ်တိုင် အလှအပနဲ့ သဘာဝတရားကို ဖန်တီးကြတော့မယ်...လို့။
“ဖေဖေ ပြီးပြီ.... ကြည့် ကြည့်ပါဦး သားဆွဲထားတာ လှလားလို”
အတွေးလေး ကောင်းနေတုန်းသားငယ်က သူ့ပုံလေးကို လာပြတယ်...၊ သမီးကလည်း ပုံလေးထိုးပေးရင်း “သမီးကိုလည်း ကြည့်ပေးပါဦး ဖေဖေ..” တဲ့။
နှစ်ယောက်စလုံးရဲ့ ပုံလေးတွေကိုကြည့်ရင်း
“ နှစ်ခုလုံးလှတယ်... သားကလည်း သားစိတ်ကြိုက် အရောင်ဖြည့်ထားတယ်...။ သမီးကလည်း သမီးကြိုက်တဲ့ အရောင် ဖြည့်ထားတယ်”။
“သားပုံက အရောင်လေးတွေ အစွန်းထွက်နေတယ်”။
“နောက်တစ်ခါမမဆွဲသလိုဆွဲ၊ အစ လေးတွေမထွက်စေနဲ့၊ ကြည့်လို့မကောင်းဘူး နော်...” 
လို့ ပြောလိုက်တော့ သားငယ်လေးက” ဟုတ်... သားသားက ငယ်သေးတာကိုး....” တဲ့။  သမီးကတော့ ကျေနပ်နေတယ်လေ...။
“ အင်းပါသားရဲ့ နောက်တစ်ခါဆိုရင် သပ်သပ်ရပ်ရပ် ဆွဲလို့နော်၊   မသပ်မရပ်လုပ်တာ မကောင်းဘူး အကျင့်ပါသွားတတ်တယ်။ သားကတော်ပါတယ်။ အရောင်လေးတွေ ရွေးထားတာ လှတယ်”။ ပြောရင်း ခေါင်းလေးကိုပွတ်လိုက်တော့ သားငယ်လေးလဲ သဘောကျသွားလေရဲ့။
သားနဲ့ သမီး ထွက်သွားတော့ ကျွန်တော် ဒီအတိုင်း အတွေးလေးနဲ့ ကျန်ရစ်ခဲ့တယ်...၊ ကျွန်တော်ပုံလှလှလေးတွေ ဆွဲဖြစ်ခဲ့ရဲ့လား။၊ ဆွဲဖြစ်ခဲ့ရင်ကော ဘယ်နှစ်ပုံလောက် ဆွဲပြီးပြီလဲလို့။
တစ်ချို့ ပုံလေးတွေကို ဆွဲဖြစ်ခဲ့ပေမဲ့..အရောင်ပြည့်အောင် မဖြည့်နိုင်ခဲ့ဘူး။  အပြည့်ဖြည့်မယ် ကြံတိုင်း ခဲတံလေးက ကျိုး... ကျိုးသွားလို့။
တစ်ချို့ပုံလေးတွေကျတော့လည်းဆွဲချင်ပေမဲ့ အကြောင်းကြောင်းကြောင့် မဆွဲဖြစ်ခဲ့ပါဘူး..၊ ဒါပေမဲ့ အခုသားနဲ့ သမီးဆိုတဲ့ နှလုံးသားထဲကထွက်လာတဲ့ ပန်းချီကားလေးကိုတော့ နေ့တိုင်း၊ အချိန်တိုင်းမှာ အရောင်လှလှလေးတွေ ဖြည့်နေမိတယ်။ ဒီပုံလေးတွေ လှဖို့အတွက်ကတော့ အမှန်အတိုင်းပြောရရင် ကျွန်တော် ကြိုတင် မစဉ်းစားဖြစ်ခဲ့ဘူးလေ။
နောက်ပြီး ဒီပန်းချီကားလေးတွေ လှဖို့အတွက် ကျွန်တော် ဘယ်လောက်ကြိုးစားရပါစေ၊ ပင်ပမ်းနေပါစေ မမောခဲ့ပါဘူး။  ဘာကြောင့်လည်း ဆိုတော့ ဒီ ပန်းချီကားချပ်လေးတွေကို ကျွန်တော် အရာရာတိုင်းထက် မြတ်နိုးနေလို့ပါ။
ကွန်ဆူးမား
အချစ်သည်
ဆုံစည်းဖို့ရာ မဖြစ်နိုင်သည့်ပြိုင်မျဉ်းနှစ်ကြောင်းကို တစ်ချိန်တွင်ဆုံစည်းလိမ့်မည်ဟုများ နှင်း မျှော်လင့်နေခဲ့မိသလား။ တကယ်ဆို မိန်းမသား တန်မဲ့ တစ်ဖက်သတ်ဆိုသည့် ချစ်ခြင်းနယ်ပယ်ထဲကျွံဝင်သွားမိခြင်းမှာ သေချာတွက်ဆကြည့်လျှင်မူ ရှက်ဖို့ကောင်းလွန်းလှသည်။ သို့သော် မချစ်ပဲလည်း မနေနိုင်ပြန်။
သူက အရာရာကို ဆုပ်ကိုင်နိုင်စွမ်းရှိသော လက်ဖဝါးဖြစ်လျှင် နှင်းက လက်ဖမိုးဖြစ်မည်ထင်သည်။ သူ့ အမြင်အောက်ဝယ် သက်ဝင်လှုပ်ရှားနေသော အရာတို့ကိုသာ သူမြင်နိုင်ပေလိမ့်မည်။ သူ၏ အနောက်ခြမ်းမှ နှင်းအား သူမြင်နိုင်မည်မဟုတ်ပေ။ တကယ်ဆို နှင်းသည်သာ စိတ်ကူးနှင့် ရူးနေမိသူမဟုတ်ပါလား။ သူ့အတွက် ထာဝရပျောက်ဆုံးနေမည့် နှင်း၏ ပုံရိပ်ကို  သိသိကြီးနှင့် မျှော်လင့်နေခြင်းပင်။
သူဆိုသည်က နှင်း၏ ချစ်ရသူ။
သူ့ပုံစံက ကြည့်လိုက်တိုင်း ရှပ်အိကျီ င်္ကွက်ကျဲနှင့် ဂျင်းဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားတတ်သည်။ ဆံပင်ကတိုသော်လည်း အမြဲပင် ဆီနှင့်ဝေးကွာနေသည့်ဟန်။ ပွယောင်းယောင်းနှင့်။ သူ့မျက်နှာက ချောသည်ဟု မဆိုသာ။ ယောင်္ကျားပီသသည်ဟု ပြော၍တော့ ရ၏။ တည်ငြိမ်သော သူ့ရုပ်သွင်က မြင်သူတိုင်းအား စိတ်အေးချမ်းစေသည်ကတော့ အမှန်ပင်။ သူ့စကားသံက သွက်ပေမယ့် လေသံက လေးသည်။ တကယ်တမ်းတော့ သူသည် နှင်းအတွက်တော့ ကောင်းကင်ထက်က တိမ်တစ်စလိုမျိုး ဖမ်းဆုပ်ခွင့်မရှိပဲ ငေးကြည့်ခွင့်သာရှိသည့်အရာ။ ဘာ့ကြောင့်များ ထိုအရာကိုမှ စွဲလမ်းတပ်မက်နေရပါသလဲ ဟုတွေးမိတော့ မချိပြုံးပြုံးမိလိုက်သည်။
စာအုပ်အရောင်းဆိုင်၏ ဝန်ထမ်းလေးမျှသာဖြစ်သော သူ့လစာက မက်မောဖို့ မကောင်းလွန်းလှစွာ နည်းပါးလွန်းလှသည်။ သို့သော် စာအုပ်များကြားထဲ ပျော်နေသည့်သူကတော့ဖြင့် နှင်း၏ အတွေးမျိုး တွေးမိဟန်မတူ။ အလုပ်အားလပ်ချိန်ဝယ် စာအုပ်ပုံကြားထဲ ခေါင်းထိုးကာ နှစ်သက်ရာစာကို ရှာဖွေဖတ်ရခြင်းကို သူနှစ်သက်သည်။ အသစ်ထွက်ပေါ်လာသော စာရေးဆရာတို့၏ စာတို့ကို ဝေဖန်ရင်း လက်ရာကောင်းသည့်စာရေးဆရာမျိုးတွေ့ရလျှင် သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ တသသ ပြောတတ်သည်။ နှင်း မထင်မှတ်မိသော အရာတစ်ခုက သူသည် စာရေးဖို့ ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပြန်သေးသည် တဲ့လေ။ တခါတရံ သူ့ဝတ္ထုတိုလေး တစ်ပုဒ်တစ်လေမျှ အရွေးခံရရုံနှင့် ကြွားမဆုံးတော့။ မဂ္ဂဇင်းတွင် အရွေးခံရသည်မှာ သုံးပုဒ်သာရှိသေးသော်လည်း ရသစာရေးဆရာ ဟူသည့် မာန်လေးကတော့ဖြင့် ပြင်းထန်လှသည်။ ထိုကဲ့သို ရသ စာရေးဆရာဖြစ်ရခြင်းကိုလည်း သူ ဂုဏ်ယူနေမှန်း နှင်းမြင်နေရ၏။
သူနှင့် နှင်းအကြား ဆက်သွယ်ပေးခဲ့သည့် အရာကတော့ အနုစိတ်အတွေးသစ် ဆိုသည့် စာအုပ်ဆိုင်လေး။
ထိုစာအုပ်ဆိုင်လေးဝယ် ရဝေ ဆိုသော သူ့ကို မထင်မှတ်ပဲတွေ့ခဲ့ရသလို စိတ်ထဲတွင်လည်း အမှတ်ထင်ထင်မရှိခဲ့ပါ။ နှင်းကို စာအုပ်ကူရှာပေးဖူးသည့် ဆိုင်ဝန်ထမ်းတစ်ယောက်ဆိုသည့် အသိထက် ပို၍ ဦးနှောက်ဝယ် မှတ်မထားမိခဲ့ပါ။ တကယ်ဆိုသူသည်လည်း နှင်း၏ စိတ်ဝယ်မှတ်မှတ်ထင်ထင်ဖြစ်နိုင်လောက်အောင်ထိ ရုပ်ရည်ကထင်ရှားလွန်းမနေခဲ့ပါ။ ထိုရဝေဆိုသော ကောင်လေးသည် ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်ကို ဝတ်ဆင်ထားသည်ဆိုသည့်အသိသည် ဆိုင်ဝန်ထမ်းများ၏ ယူနီဖေါင်းကို သတိတရ မှတ်သားမိခြင်းကြောင့်သာ မှတ်မိခဲ့သည်။ ထိုကောင်လေးသည် တချိန်ဝယ် နှင်းကို စွဲဆောင်နိုင်သော အစွမ်းရှိလာမည်ဟုများ သိခဲ့ပါလျှင်…………..။
အဲ့ဒီ့နေ့ကသာ သူနှင့် တွေ့ဆုံမည်မှန်းသိခဲ့ပါလျှင် သို့မဟုတ် နှင်းဘဝအတွက် အရေးပါလာမည့် သူတစ်ယောက်နှင့် ဆုံခဲ့မည်မှန်းသိလေလျှင် ထို စာအုပ်ဆိုင်လေးသို့ သွားဖြစ်ဦးလေမည်လား။ သို့မဟုတ် နောက်တစ်နေ့ဝယ် ရုံးတက်ဖြစ်ဦးမည်လား။
သူ၏ စိတ်ဓါတ်ကို လေးစားမြတ်နိုးသွားမိမည်မှန်းသာ သိခဲ့ပါလျှင်………….။ သူ့အတွက် အရာရာပေးဆပ်ချင်စိတ် ဖြစ်ပေါ်လာမည်မှန်းသာ သိခဲ့ပါလျှင်…………..။
ထိုဆိုင်လေးသို့ သွားမိဦးမည်လား။
ယခုတော့..........။ အပွင့်ခက်သည့်ပန်းသည် ငွါးငွါးစွင့်စွင့်ပွင့်မိပြီမို့ ပြန်လည် ဖူးငုံရန် ခက်ချေပြီ။ ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ဖို့ရာ အကြောင်းမရှိလေပြီ။
……………………………..
(၁)
ဒီဖြစ်ရပ်သည် ဘက်စ်ကားစီးသည့် အချိန်တိုင်း ကြုံနေကျ ဖြစ်သော်လည်း နှင်းသည်းညည်းမခံချင်ပါ။ ကားကျပ်သည်ကို အခွင့်ကောင်းယူ၍ မိန်းကလေးများအပေါ်၌ အသားယူတတ်သော လူယုတ်မာများကို မုန်းတီးလွန်းလှသည်။ ယခုလည်း ကြည့်ပါဦး။ နောက်နားဆီမှ သကောင့်သားက ကားကျပ်သလိုလိုနှင့် ကားလက်တန်းကို ခိုထားသည့် သူ့လက်သည် နှင်း၏ပုခုံးကို ဖက်သလိုလိုပင် ဖြစ်နေချေပြီ။ တစ်ချက်တစ်ချက် ကား၏ အကွေ့ဝယ် သူ့ခန္ဓာကိုယ်က နှင်းအပေါ် ပိပိကျလာတတ်ပြန်သေးသည်။ ဆွဲခြင်းတောင်းတစ်ဘက် ၊ လက်တန်းကို တစ်ဘက်ကိုင်ရသည်မို့ လက်ကလည်းမအား။ သို့မဟုတ်လျှင်ဖြင့်အပ်ချိတ်နှင့် ထိုသကောင့်သား၏ ခါးကို စွိခနဲ ထိုးပစ်ချင်လှသည်။
“ညီမ ဒီခုံမှာလာထိုင်လိုက်”
အမိန့်ပေးသံဆန်သော စကားကြောင့် ခေါင်းငုံ့ကြည့်လိုက်တော့ သူမနှင့်အသက်မတိမ်းမယိမ်းဖြစ်ဟန်တူသည့် ကောင်လေးတစ်ယောက်။ အမိန့်ပေးသံဆန်လှသော စကားသံကို မနာခံချင်သော်လည်း နောက်နားဆီမှ သကောင့်သားကြောင့် နှင်း ခေါင်းညိတ်ပြလိုက်မိသည်။ နှင်း၏ ခေါင်းအညိတ်ဝယ် ထိုကောင်လေးသည် ရုတ်ခနဲ မတ်တပ်ရပ်ကာ နှင်း၏ ဘေးနား လာရပ်တော့မှ နှင်းလည်း ထိုင်ခုံဝယ် ထိုင်လိုက်မိတော့သည်။
ယခုမှပင်စိတ်သက်သာရာ ရသွားတော့သည်။ ထိုသကောင့်သားကတော့ အခြားသော မိန်းကလေးတွေနားသို့ ကပ်ဖို့ပြင်နေသေးသည်ထင့်။ ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်မိန်းကလေးများထံသို့သွားရန် လေ့လာနေသည်ကို တွေ့ရ၏။
ခြင်းတောင်းကို ပေါင်ပေါ်တင်ရင်း မျက်စိမှတ်ကာ လိုက်လာသည်မှာ “လမ်းလေးဆယ်ဆင်းမယ့်သူတွေ ပြင်ထားပါ” ဆိုသည့်အသံကြားမှပင် ကပျာကယာနှင့် ထဖို့ပြင်လိုက်ရတော့သည်။ သကောင့်သားကို မျက်စိဝေ့ဝဲကာ ရှာကြည့်တော့ ဘယ်ချိန်ကတည်းက ဆင်းသွားသည်မသိ။ နှင်းလည်းကားတံခါးရှိရာသို့ တွန်းထိုးထွက်လာခဲ့သည်။ ဒီတစ်ခါ ကားတံခါးရှိရာသို့ တိုးထွက်ရာတွင် အရင်ကားများတွင် တိုးထွက်ရသလောက် မခက်ခဲ။ အဘယ့်ကြောင့်ဆိုသော် နှင်း၏ ရှေ့ဝယ် ကောင်လေးတစ်ယောက်က အားကြိုးမာန်တက်နှင့် တိုးဝှေ့ကာ ထွက်နေသည်မှာ နှင်းအတွက်တော့ လမ်းရှင်းပေးနေသကဲ့သို့ပင်။ သူ၏နောက်မှ အသာအယာမျောလိုက်ရန်သာ။
ကားပြင်ရောက်တော့မှ အသက်ဝဝရှုရင်း နှင်း၏ အရှေ့မှ ကောင်လေးကို ကြည့်လိုက်တော့ နှင်းရင်ထဲ တုန်ခနဲ ဖြစ်သွားသည်။ ထိုကောင်လေးသည်လည်း နှင်းကို ငေးကြည့်နေသောကြောင့်ပင်။ ရိုးရိုးတန်းတန်းငေးကြည့်နေခြင်းပင်မဟုတ်။ ပြုံးကာ ငေးကြည့်နေခြင်းဖြစ်သည်။
“မှတ်မိလား ညီမ”
သူ့မေးသံကြောင့် နှင်းကိုယ်လေး တုန်ခနဲ ဖြစ်သွားရသည်။ မှတ်မိပါသည်။ ခုံနေရာဖယ်ပေးသည့်သူ ဟု။ ခုံနေရာလေးတစ်ခုဖယ်ပေးရုံနှင့် ဇာတ်လမ်းရိုက်ချင်တာလားဟု တွေးရင်းစိတ်ထဲ မျက်ခနဲ..။ သို့သော် ဘာစကားမျှ မဆိုမိပဲ သူ့ကိုသာ ငေးကြည့်ရင်း စဉ်းစားဟန်ပြုနေလိုက်သည်။
“မနေ့ကတောင် စာအုပ်တွေ ကူရွေးပေးသေးတယ်လေကွာ … အနုစိတ်အတွေးသစ် စာအုပ်ဆိုင်လေ”
ထိုသို့ပြောပြီးမှ မမှတ်မိသည့်နှင်း၏ဟန်ကို သတိပြုမိသွားဟန်နှင့်
“မမှတ်မိလည်း ဆက်မစဉ်းစားနဲ့တော့နော် ညီမ အစ်ကိုသွားတော့မယ်”
“မဟုတ်ဘူးအစ်ကို ရုတ်တရက်မို့ပါ မှတ်မိပါတယ်”
ထိုစကားကိုဘယ်အရာက တိုက်တွန်း၍များ အမေါတကောပြောလိုက်မိမှန်း နှင်းကိုယ်နှင်းပင် သတိမထားလိုက်မိ။ သတိထားမိချိန်ဝယ် နှင်းသည် ထိုသူ့အနားမှာ..။
“အစ်ကို့နာမည်က ရဝေ ပါ…….. ညီမက သတိမထားမိလို့သာ ညီမ စာအုပ်လာဝယ်တိုင်း ရွေးပေးရတာ အစ်ကိုပဲ များတယ်လေ.. ဒါ့ကြောင့်သတိထားမိနေတာ”
“ရှင်.. ဟုတ်ကဲ့.. စာအုပ်ရွေးနေချိန်ကျ နှင်းက ဘာကိုမှ သတိမထားမိဘူး”
ရှက်ပြုံးလေးနှင့်ပြုံးပြလိုက်၇င်း ဘာ့ကြောင့်များ ထိုသူနှင့် စကားလက်ဆုံကျနေရသလဲ ဟု စဉ်းစားဖို့ မေ့လျော့စွာ။
“ညီမ အလုပ်ကကော”
“အစ်ကိုတို့ စာအုပ်ဆိုင်ရဲ့ မျက်စောင်းထိုးနားမှာတင်ပါ..”
“သြော်” ဟုဆိုကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း လမ်းလျှောက်နေသော သူ့ကို ကြည့်၍နှင်းစကားတို့ မဆိုမိပြန်။
သူမသိပဲ တွေးလိုက်မိတွေးလိုက်မိသော နှင်းအတွေးကြောင့်သူ့အပေါ် အားနာခြင်းများစွာ ဖြစ်ထွန်းမိရရင်း တိတ်တဆိတ် တောင်းပန်နေမိ၏။
……………
(၂)
အချစ်ဆိုတာမမျှော်လင့်သည့်နေရာမှပေါ်ထွက်တတ်သလား။ နှင်း မသိပါ။ သို့မဟုတ် မြင်မြင်ခြင်းအချစ်ဆိုတာရှိသလား။ နှင်း မသိ။ သူ့ကိုစတွေ့သည့်အချိန်တုန်းကတော့ တချိန်တွင် နှင်း ချစ်လာမည့်သူဟု မမျှော်မှန်းခဲ့မိသည်မှာ သေချာပါသည်။ သို့သော် အချိန်အနည်းငယ်မျှ စကားပြောခွင့်ရရုံနှင့် သူ့ကို တန်ဖိုးထားလေးစားမိသွားသည့် နှင်းကိုယ်နှင်း အံ့သြရသည်။ နှင်းက မည်သူ့ကိုမျှ လွယ်လွယ်နှင့် တန်ဖိုးထားတတ်သူမဟုတ်ပေ။ လေးစားတန်ဖိုးထားခြင်းကို မျက်ကန်းအထင်ကြီးခြင်းနှင့် မနှိုင်းယှဉ်ချင်ပါ။ တချိန်တွင် နှင်း၏နှလုံးသားအား မြုပ်နှံမိမည့်သူ ဟု ကြိုမသိမိခဲ့သော နှင်း၏ ချစ်ရသူလေးသည် အမှန်တကယ်ကို လူအများအလယ်တွင်မထင်ရှားသော သာမန်လူငယ်လေးမျှသာ ဖြစ်သည်မဟုတ်ပါလား။
နှင်း ရုံးဆင်းချိန်တိုင်းသည် သူ့အလုပ်ဆင်းချိန်မဟုတ်သော်လည်း တစ်ပတ်လျှင် နှစ်ရက်လောက်တော့သူနှင့် ဆုံတတ်သည်။ နေ့လည်စာ စားချိန်တွင်မူ နှင်းနှင့်သူသည် လက်ဖက်ရည်ဆိုင်ဝယ် အတူထိုင်မိကြရင်း အလုပ်ကိုယ်စီမှ သက်ပြင်းမောတို့ကို ဖွင့်ချမိမြဲ။ ထို့ကြောင့်သာ သူ့အကြောင်းလေးတွေကိ တစတစနှင့် ပိုပို သိလာရသည်မဟုတ်လား။ ထို့ကြောင့်သာသူ့စိတ်ဓါတ်လေးကို လေးစားမြတ်နိုးသွားမိရသည်မဟုတ်လား။
မျက်လုံးအစုံကိုမှိတ်လိုက်မိတော့ နေ့လေးတစ်နေ့က အမြင်လွှာတွင် ထင်းခနဲ ပေါ်ပေါက်လာသည်။ ထိုနေ့သည် နှင်းအတွက် ရင်ကွဲစရာသတင်းလေးတစ်ခုကို နှင်း၏ ရှေ့မှောက်သို့ မျက်ဝါးထင်ထင် ကိုယ်ထင်အပြခံလိုက်ရသော နေ့ဖြစ်သည်။ နှင်းအတွက် ပြဿဒါးနေ့ဖြစ်ခဲ့သည်။
……..
နှင်း၏ မျက်နှာက စူပုတ်နေမည်မှာ သေချာလွန်းလှသည်။ နှင်းကိုယ်တိုင် သေချာမှာထားခဲ့ပါလျှက် ထိုရုံးပြာတာသည် နမော်နမဲ့ နိုင်လွန်းလှ၏ ရုံးအုပ်ကြီး၏ မောင်ဆိုတော့လည်း ပြောချင်ရာသာ ပြောလိုက်မိလို့ကတော့ နှင်းကို ရုံးအုပ်ကြီးက မဲဦးတော့မည်။ ထိုဖိုင်အထပ်လိုက်ကို ရှစ်စုံစီ ကူးဖို့ မနက်ကတည်းက မှာပြီးသား။ ခုတော့ နှစ်နာရီပင် ခွဲချေပြီ။ မကူးရသေး။ အစည်းအဝေး က နောက်တစ်နာရီဆို စတော့မည်မို့ ထိုပြာတာ ကူးဖို့ရာ မေ့နေသော ဖိုင်တွဲအထပ်လိုက်အား မရင်း မိတ္တူကူးဆိုင်ဆီသို့ အပြေး လာလိုက်မိ၏။ အစည်းအဝေးတွင် တင်ပြစရာ ဖိုင်တွဲများမို့ မနေ့တည်းက သေချာစစ်ခိုင်းကာ ရှစ်စုံစီမိတ္တူဆွဲထာူဟု ရုံးအုပ်ကြီးက မှာထားသည် မဟုတ်လား။
သြော်.. တခါတခါကျလည်း စာရေးမလည်း ပြာတာဖြစ်တတ်သားဟုတွေးလိုက်မိတော့ ပြုံးချင်မိသွားရသည်။
“ဟာ နှင်းရည် ဖိုင်တွဲအထပ်လိုက်နဲ့ ..ပါ့လား.. ဘာလဲ ကိုမောင်ညွန့် မအားဘူးလား”
ဆိုင်ထဲသို့အဝင် နာမည်ခေါ်ကာ အမေးခံလိုက်ရခြင်းကြောင့်မော့ကြည့်လိုက်မိတော့ သူ။ နှင်း၏ ချစ်ရသူ ရဝေ။ အပျော်တို့ကို ထိန်းသိမ်းရခက်စွာ ပြုံးလိုက်မိရင်း သွက်လက်စွာပြန်ဖြေလိုက်မိ၏။
“ထုံးစံအတိုင်းပဲလေ အဲ့ဒီ့လူက မေ့နေတယ် သူ့အစ်မမျက်နှာကြောင့်မို့ပေါ့ နို့မို့ နှင်း ကောပစ်လိုက်ပြီ သိလား”
“အဟက် ဟက်”
နှင်း၏ မျက်နှာကို ကြည့်ရင်း ရယ်လိုက်သော သူ၏ ရယ်သံသည် အတန်ငယ် သွက်လက်လွန်းနေလေသလား။ နှင်းပဲ စိတ်ထင်လေရော့သလား။ သူ့မျက်နှာကို မော့ကြည့်လိုက်စဉ်ခဏ
“နှင်းရည်နဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက အစ်ကို့ချစ်သူလေ…….ကေသရီ တဲ့ နှင်းရည်နဲ့ အသက်တူတူပဲ”
ခေတ်မီသွက်လက်သော်လည်း မိန်းကလေးဆန်ဆန် လှပသော မိန်းမလှလေးတစ်ယောက် နှင်းရှေ့မှောက်သို့ ရောက်ရှိလာ၏။ သူ့ကိုသာမြင်၍ သူမကို မမြင်မိခဲ့သော နှင်း ယခုတော့ ထိုသူမနှင့် မိတ်ဆက်ရချေပြီ။ ရုတ်တရက်ဆို့နင့်သွားသော နှလုံးသားရှိရာကို လက်နှင့် ယောင်ရမ်းအုပ်လိုက်မိရင်း ရင်ကွဲတယ် ဆိုတာ ဒါမျိုးများလားဟု တွေးလိုက်မိ၏။ သို့သော် ပြုံးလက်စမျက်နှာကတော့ဖြင့် အခြေမယိုင်ခဲ့ပါ။ ဖေါ်ရွေလွန်းစွာ ဖက်လှဲတကင်းဖြစ်လွန်းစွာ လက်ဆွဲနှုတ်ဆက်လိုက်မိ၏။
“ဝါး… အစ်ကို က ချစ်သူ ချောချောလေး ရွေးထားတာပဲ တွေ့ရတာ ဝမ်းသာပါတယ်နော် ကေသရီ… ”
ကေသရီ၏ ရိုးသားစွာပြုံးနေသော အပြုံးတို့ကိုတော့ နှင်း ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ပစ်လိုက်ရ၏ မျက်ရည်ကလည်း ကျလုလု ဖြစ်နေပြီမဟုတ်ပါလား။
(၃)
အချစ်ဆိုသည်မှာ နှင်း အတွက်တော့ အလှမ်းဝေးသည့်အရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ စစ်မှန်သည့်အချစ်ရှိသည်ဟု မယုံကြည်ဖူးခဲ့သလို ကြုံခဲ့ဖူးသည့် ချစ်ပါသည်ဆိုသော ယောင်္ကျားများအား ခေါင်းခါငြင်းကာ ၄င်းတို့၏အချစ်ဆိုသည်ကို မယုံကြည်ခဲ့သူတစ်ဦး။ သို့မို့ကြောင့်ပင် ကံတရားက ဒဏ်ခတ်လေသည်ထင့်။ စဉ်းစားမည်ဆိုသည့်စကားလေးပင်မပြောခဲ့ပဲ အမြဲငြင်းမိခဲ့သူ နှင်း ဝဋ်လည်လေပြီထင့်။
သို့သော် အသံမမြည်သော၊ တစ်ဖက်တည်းတီးနေရသော ဤလက်ခုပ်ကိုပင် နှင်း မြတ်နိုးလှပါသည်။
ထိုနေ့မှစ၍ သူ့ကို ရှောင်နေမိသော နှင်းကို သူ သတိပြုမိလေမလား တွေးမိတော့ ရင်ဝယ် နင့်ခနဲ။ သူနှင့် မတွေ့တာ ၁၆ ရက်ပင် ကြာမြင့်ခဲ့ပြီမဟုတ်ပါလား။ သူ့ကို ရှောင်ရုံမျှသာမက နှင်းအတွက် အဆင်ပြေနေသော အလုပ်မှပင်ထွက်လိုက်မိချေပြီ။
သူနှင့် ဆုံမိလေတိုင်း သံယောဇဉ်တို့ကို သူမသိအောင် ဖုံးကွယ်ထားရသည်မှာ ပင်ပန်းလှသည်။ သို့သော် နှင်းကသာ တမင်တကာ ဖုံးကွယ်နေခြင်းသာ။ သူကတော့ သတိပြုမိမည်မထင်ပါ။
သူ့အိကျီ င်္အိပ်ကပ်လေး၌ တွဲလဲ ခိုကာ ပုန်းအောင်းနေသော နှင်း၏ နှလုံးသားကို သူ မြင်သိနိုင်မည်မထင်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏ ချစ်သူမှလွဲ၍ တခြားမိန်းကလေးအား စိတ်နှင့်ပစ်မှားဖို့မပြောနှင့် အကြည့်ခြင်းတောင် မဆုံတတ်သူမဟုတ်လား။ လေအဝှေ့ဝယ် သူ့ဆံစလေးများ သွဲ့သွဲ့ခါယမ်းသွားတတ်သည့်အချိန်တိုင်း နှင်း၏ နှုတ်ခမ်းဝယ် အပြုံးတို့ တွဲခိုတတ်သည်ကို သူ သိမည်မထင်။ သူနှင့်ဆုံကာ စကားပြောဖြစ်တိုင်း သူ့အသံလေးများအား တရှိုက်မက်မက်နားထောင်တတ်ကြောင်းကိုလည်း သူ သိမည်မထင်။ သူ့အပြုံးလေးများ မြင်ရချိန်တိုင်း နှင်း၏ စိတ်ဝယ် လှိုက်ခနဲ ပြုံးပျော်တတ်ကြောင်းလည်း သူ သိမည်မထင်။ အမြဲလူကြီးဆန်စွာ(တခါတရံ လူတတ်ကြီးဆန်စွာ) ပြုံးတတ်သော၊ ရယ်တတ်သော သူ၏ တခါတရံအပြုံးလေးများသည် ကလေးဆန်စွာ ချစ်ဖို့ကောင်းလှကြောင်း သူ့ချစ်သူတောင် သိမည်မထင်။
နှင်းနှင့် ပတ်သတ်၍မူ သူ မသိတာတွေက များလွန်းလှသည်။ စကားဆက်စမ်မိသမျှထဲဝယ် နှင်းနေသည့်ဘော်ဒါဆောင်အကြောင်း မပါခဲ့။ နှင်းသည် ရန်ကုန်ဝယ် တစ်ယောက်တည်း လာနေသူဖြစ်ကြောင်း မသိခဲ့။
သို့သော် သူ့အမှားတော့ မဟုတ်ပါ။
တကယ်ဆို သက်ဆိုင်သူ ရှိသည့်သူကို တွယ်တာမိသည်ကိုက နှင်း၏အမှားမဟုတ်လား။ သက်ဆိုင်သူမရှိဟု ထင်မှတ်ချိန်တုန်းက တွယ်တာသင့်သည် မှန်သော်လည်း ယခုအချိန်မှာတော့ မေ့သင့်ပြီမဟုတ်ပါလား။ တွေ့ဆုံခွင့်ရသည့် ကံကြမ္မာကို ယိုးမယ်မဖွဲ့ချင်။ အပြစ်တင်ချင်စိတ်လည်း ကင်းမဲ့နေသည်။ ဟုတ်၏။ သမရိုးကျလည်ပတ်နေသော နှင်း၏ ဘဝထဲသို့ သူရောက်ရှိလာသည်ကိုက အကောင်းဆုံးလက်ဆောင်ဟု မှတ်ယူချင်မိသည်။ အချစ်ကို အံ့သြစရာဟုလည်း မသတ်မှတ်ချင်တော့။ မယုံကြည်သူကိုမှ နှိပ်စက်ရက်လေသည်ဟုလည်း အပြစ်မတင်ရက်။ ချစ်ခဲ့ဖူးသည် ဆိုသည့် ခံစားချက်တစ်ခုနှင့်ပင် အချစ်ကို ကျေးဇူးတင်လိုက်မိပါသည်။
သို့သော် ကြာလေနာကျင်ရလေ ဖြစ်သည့် ခံစားချက်သည် သူ့အား ထပ်မံတွေ့ဆုံဖို့ သတ္တိမရှိချေတော့ပြီ။ တွေ့လေတိုင်းဝယ် သူ့နှုတ်ခမ်းမှ ထွက်လာတတ်သည့် ကေသရီ ဆိုသည့်နာမည်အား ကြားဖို့ရာ သတ္တိမရှိတော့ပြီ။
(၄)
မနက်ခင်း အိပ်ယာမှ နိုးထလျှင် သူ့အကြောင်း တွေးမိသည်။ ညခင်း အိပ်ယာဝင်လျှင် သူ့အကြောင်းကို တွေးမိသည်။ ကျေနပ်ပါသည်။ နှင်း ကျေကျေနပ်နပ်ကို အရှုံးပေးမိပါသည်။ ချစ်ခြင်းဆိုသည်မှာ အရှုံးပေးခြင်း၌လည်း ပျော်ဝင်တတ်သည်ဆိုသော အဘိဓမ္မာအသစ်ကို နှင်း သိလိုက်ရလေပြီ။ လူတစ်ယောက်၏ အပြုံးအောက် ရင်တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည့် အရသာသည် မက်မောစရာကောင်းလွန်းလှသည် ။ လူတစ်ယောက်၏ မျက်နှာအညှိုးဝယ် ကိုယ့်နှလုံးသားတစ်ခုလုံးပါ အညိုရောင်ပြောင်းသွားသည်မှာ အံ့သြဖွယ်ရာ ကောင်းလွန်းလှသည်။
သူ့အပေါ် ချစ်ခင်နှစ်လိုမှုမဖြစ်ခင်ကဆိုလျှင် နှင်းသည် ကျောက်ရုပ်ဆန်စွာ အသက်ရှင်ခဲ့သည်။ ခံစားချက်ဗလာနတ္တိနှင့် စက်ရုပ်ဆန်စွာ နေထိုင်ခဲ့ရသည်။ ယခုတော့ နှင်းသည်လည်း လူပီသစွာ နှလုံးသားထက်က နာကျင်မှုကို တို့ထိဆော့ကစားနိုင်ပြီ ဖြစ်သည်။
တကယ်ဆို နှင်း၏ ဘဝသည် ယခုမှ အလွမ်း၊ကြေကွဲခြင်းတို့နှင့် သဘာဝအရောင် တွေ ခြယ်သလာဖြစ်ပြီ ဖြစ်သည်။ ယခင်လို အဖြူရောင်ကင်းဗက်စထက်တော့ သာပါသည်။ ယခင်ဘာတေးမှ မသီရသော နှင်း၏ ဘဝသည် ယခုမှ အလွမ်းဖွဲ့တေးတို့ဖြင့် စိမ်းလန်းလာသည် မဟုတ်လား။ ဒီချိန်မှာ အချစ်ဟာ ဘာလဲ ဆိုသည့်အမေးကို မေးလာလျှင်ဖြင့် နှင်း ဖြေနိုင်ပြီဖြစ်သည်။ “အချစ်ဆိုသည်မှာ သူ” ဟူ၍….။
ရည်ဝေ
ဆရာအောင်သင်း ၏ လက်ခံလိုက်စမ်းပါ
ကျွန်မစာမဖတ်ဖြစ်တဲ့ အခါမျိုးတွေ စာပေဟောပြောပွဲခွေတွေ နားထောင်ဖြစ်တယ်။ နားထောင်ရင်းနဲ့  ဒီအကြောင်းအရာလေးတော့ သူများတွေကို ပြန်မျှဝေချင်တယ်ဆိုတဲ့  ခံစားချက်မျိုး ဖြစ်လာတဲ့အခါ ပို့ စ်တစ်ပုဒ်ရေးဖို့  အကြောင်းဖန်လာတယ်ပေါ့။
အဲဒီတော့ တစ်ချို့  စာပေဟောပြောပွဲခွေ နားထောင်ပြီးတဲ့သူပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်ပြီးတဲ့သူပဲဖြစ်ဖြစ် ဟာ… တို့ သိပြီးသားတွေပါ..ဒီစာရေးသူက သူများပြောတာတွေကို ပဲ ပြန်ပြန်ပြောပြနေတာပဲလို့  အထင်မရောက်ကြဖို့  ကျွန်မက ပထမဦးစွာ မေတ္တာရပ်ခံချင်ပါတယ်။
ဟုတ်ပါတယ်။ တစ်ချို့ တွေ ဖတ်ပြီးကောင်း ဖတ်ပြီးမယ်၊ နားထောင်ပြီးကောင်း ပြီးမယ်။ သို့ သော် နားမထောင်ရသေးတဲ့  သူများ မဖတ်ရသေးတဲ့ သူများ အတွက် ကျွန်မရဲ့ မျှဝေပေးတဲ့  ပို့ စ်လေးကို ဖတ်ပြီး တစ်စုံတစ်ခု ရသွားစေချင်တဲ့ စေတနာအရင်းခံနဲ့  ပြန်လည်မျှဝေခြင်းဆိုတာကို နားလည် ပေးစေချင်ပါတယ်။
ဒီတစ်ခါတော့ ကျွန်မပြောချင်တာက ချစ်တဲ့  ညီမလေးတွေ မောင်လေးတွေ အစ်ကိုတွေ အစ်မတွေ ကို အရှိကို အရှိအတိုင်းလက်ခံဖို့ ။ ဆရာက ဘယ်လိုပြောလဲဆိုရင် ‘’မင်းလက်ခံလိုက်စမ်းပါ’’ တဲ့။
ကဲ….. ကျွန်မတို့  ဘာကို အရှိအရှိအတိုင်းလက်ခံကြရမှာလဲ????? စဉ်းစားရအောင်နော်။
ခုခေတ် ရေပန်းအစားဆုံးက ဘာလဲ။ မိန်းကလေးပဲဖြစ်စေ..ယောက်ျားလေးပဲဖြစ်စေ… ဘာဖြစ်ချင် ကြလဲ။
ရုပ်ချောချင်ကြတယ်။ လှချင်ကြတယ်။ စမတ်ကျချင်ကြတယ်။
ဒါဆိုရင် တကယ်လို့ များ အမေမွေးကတည်းက ရုပ်ကလည်း မချောမလှပါဘူး၊ စမတ်လည်း မကျပါဘူး ဆိုရင် ဒီလူတွေ ဘာတွေလုပ်မလဲ။
‘’လက်ခံလိုက်စမ်းပါ’’ ။ အရှိအရှိအတိုင်း ရိုးသားစွာ လက်ခံလိုက်ကြစမ်းပါ။
ကျွန်မလည်း တောင်းပန်တာတွေ သိပ်များနေပြီထင်တယ်နော်။ ထားပါတော့.. ဆက်ကြရအောင်နော်။
ခုခေတ် တို့ လူငယ်တွေ စိတ်မကောင်းအဖြစ်ဆုံးဟာ ရုပ်ဆိုးခြင်းပါ။ ဒါပေမဲ့  ဒါဟာ ရွေးချယ်ခွင့် ရှိလို့ လား။ ပြန်စဉ်းစားနော်။ ရွေးချယ်ခွင့်မရှိသော်လည်း ပြုပြင်လို့  ရတယ်လို့  ခေတ်အမြင်နဲ့  ပြန်ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။
သို့ သော် ဒီပြုပြင်တဲ့  ကိစ္စနဲ့  ပတ်သက်ပြီး ကျွန်မတို့  ဆွေးနွေးလိုက်မယ်ဆိုရင် ကျွန်မမျှဝေချင်တဲ့  ဆရာ့ ရဲ့  အိုင်ဒီယာ၊ ဆရာ့ရဲ့  စေတနာကို ပြည့်ဝအောင်၊ ထိရောက်အောင် မပြောနိုင်ပဲနဲ့  သွေဖယ်သွားနိုင်တာကြောင့်  ပြုပြင်လို့ ရတဲ့ ကိစ္စကို ဒီမှာပဲ ခဏရပ်ပြီး ဆက်ပြောပါရစေနော်။
ဟုတ်ပြီ။ ရွေးချယ်ခွင့်နဲ့  ပတ်သက်လို့  ဆက်ပြောမယ်ဆိုရင် လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်လား ကော်ဖီလား ရွေးချယ်နိုင်တယ်။ အ၀တ်အစားတွေ ၀ယ်ရင် ကိုယ်ကြိုက်တာကို ရွေးချယ်ဝယ်နိုင်တယ်။
ဒီလို ပဲ ရုပ်ဝတ္ထုပစ္စည်းတွေ ရွေးချယ်ဝယ်ယူနိုင်တယ်။
သို့ သော် ကျွန်မတို့ အဖေ၊အမေကို ရွေးချယ်ခွင့်ရှိသလား။ မရှိပါဘူး။ အဖေက မျက်ပေါက်ကျဉ်းကျဉ်း အသားမဲမဲဖြစ်ချင်ဖြစ်မယ်။ အမေက အသားဖြူတယ် ကြည်တယ် စင်တယ်။ 
အဲဒါတွေကို ရွေးချယ်လို့ မရပါဘူး။
ဒါကြောင့် ‘’လက်ခံလိုက်စမ်းပါ’’
ကိုယ့်ရုပ်ဆိုးတာကို တွေးပြီး အားငယ်နေမှာစိုးလို့  လက်ခံလိုက်ပါ။ ကိုယ့်မှာ ကိုယ်ရွေးချယ်ခွင့် မရှိတာကို လက်ခံလိုက်စမ်းပါ တဲ့ ။
ဆက်ပြောရအောင်နော်။ ရုပ်ချောတဲ့ သူနဲ့  ရုပ်ဆိုးတဲ့သူကို ယှဉ်ပြီး ပြောမယ်ဆိုရင် ရုပ်ဆိုးတဲ့ ကလေးရဲ့ စိတ်ထဲမှာ လောကကြီးကငါ့ကို မပျူငှာဘူး။ လောကကြီးက ငါ့ကို မခေါ်ရင် လောကကြီးက ခေါ်ချင်လာအောင် လုပ်ရမယ်ဆိုပြီး ဗဟုသုတရှိလာအာင်၊ ကိုယ့်ကိုကိုယ်အစွမ်းရှိလာအောင် ကြိုးစားလာကြတယ်။
ရုပ်ချောတဲ့သူကို လောကကြီးက ပျူပျူငှာငှာနဲ့  ရင်ခွင်ထဲသွင်းလိုက်တော့ ရုပ်ချောတဲ့ ကလေးက လောကကြီးရဲ့ မျက်နှာကို မမြင်လိုက်၇ဘူး။ ရုပ်ဆိုးတဲ့  ကလေးက လောကကြီးက သူ့ ကို လက်မခံတော့ သူကလောကကြီးနဲ့  ခပ်လှမ်းလှမ်းကနေရတော့ လောကကြီးရဲ့ မျက်နှာကို
 သေသေချာချာ မြင်လိုက်ရတယ်။ လောကကြီးရဲ့  မျက်နှာကို သေသေချာချာမြင်လိုက်ရတဲ့အခါကြတော့ လောကကြီးကကြိုက်တတ်တာဘာလဲဆိုတာ သိပြီး သူက ကြိုးစားခွင့်ရှိသွားတယ်။
ရုပ်ဆိုးတဲ့ ကလေးက လောကကြီးထဲကို ၀င်ခွင့်မရတော့ ငါဘာရှာရရင်ကောင်းမလဲ။ လောကကို စွဲဆောင်နိုင်တဲ့သဘော ကြိုးစားမယ်။ ပညာသဘော၊ တွေးခေါ်မှုသဘောတွေနဲ့  လောကရင်ခွင်ထဲကို အမှတ်မထင် သင်္ခါရသိပ်ဆန်တဲ့ ချက်ခြင်းပျောက်ပျက်မဲ့ သဘောနဲ့ မဟုတ်ပဲ လောကကို အကူအညီပေးနိုင်မဲ့၊ လောကကို ပံ့ပိုးနိုင်မယ့်သဘောနဲ့ တဖြည်းဖြည်းချင်းလောကရဲ့ ရင်ခွင်ထဲကို ရောက်လာတယ်။
သူမှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေ တက်တက်လာပြီး လောကကြီးကလည်း သူ့ ကို လက်ခံလာတယ်။
သူကိုယ်တိုင်လည်း စကားပြောကောင်းလာတယ်။ အတွေးအခေါ် ဗဟုသုတ ရှိလာတယ်။ ပတ်ဝန်းကျင်ကို အထောက်အပံ့ ပေးလာနိုင်တယ်။
ကောင်းပြီ… အပေါ်ယံ ရုပ်ဆိုးခြင်းနဲ့  ဥာဏ်ပညာဖွံ့ ဖြိုးမှုရှိခြင်းကို တစ်ချက်လောက် လှည့်ကြည့် လိုက်ရအောင်နော်။
ပြင်ပရုပ်သဏ္ဍန်လှအောင်ကြိုးစားလိုက်ကြတာ။ မွေးကတည်းက သေသည်အထိသုံးနေရတဲ့  ဦးနှောက် ဖွံ့ ဖြိုမှုအတွက် မကြိုးစားကြဘူး။ အသိဥာဏ်ပညာထက် ရုပ်လှတာကိုပဲ မက်မောကြတယ်။
ဥပမာလေးပေးရအောင်နော်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်မလှပါဘူး။ လေးစားမှုနဲ့ ကြည့်နေ လို့  ကြည့်ကောင်းနေတာပါ။
ကမ္ဘာနဲ့  ချီပြီး ထပ်ကြည့်ရအောင်နော်။ ဒါပေမဲ့ သမ္မတ လင်ကွန်း၊ ဂျော့်ရှ်ဝါရှင်တန် သူတို့ ကို လူသိများတယ်။ သူတို့  ရုပ်ချောလို့ လား။ မချောပါဘူး။
လောကကြီးမှာ အောင်မြင်ချင်ရင် အ၇ှိကို အရှိအတိုင်းလက်ခံပြီး ကြိုးစားပါတဲ့။ ကျောင်းမနေနိုင်ဘူးလား ဆင်းရဲလား ကျောင်းမထားနိုင်ဘူးလား လက်ခံလိုက်ပါ။ သူများတော့ ကျောင်းနေနိုင်တယ်။ ငါတော့ ကျောင်းမနေနိုင်ဘူးဆိုပြီး ၀မ်းနည်းမနေပါနဲ့ ။ ပကတိအခြေအနေကို လက်ခံလိုက်ပါတဲ့။ ညံ့ ရင် ညံ့ တာကို လက်ခံပြီးမှ တော်အောင် ဘယ်လို လုပ်မလဲ။ ပညာမတတ်ဘူးလက်ခံလိုက်ပါ။ ဘယ်လိုတတ်အောင် ဆက်လုပ်မလဲ။
နောက်ဥပမာတစ်ခုထပ်ပေးရအောင်နော်။
သစ်သားချောင်းတစ်ချောင်းပေါ်ကို သံချွန်၇ိုက်ထည့်ကြည့်လိုက်ပါ။ သံချွန်ကသစ်သားထက်မာတော့ သံချွန်နေဖို့ ကို သစ်သားက နေရာဖယ်ပေးရတယ်။
ဆင်းရဲတာကို လက်ခံပြီးမှ ချမ်းသာအောင် ဘယ်လိုကြိုးစားမလဲ။ လောကကြီးမှာ ကိုယ့်ကိုကိုယ်ခိုင်းပါ။ မခိုင်းရင် သူများက ကိုယ့်ကိုခိုင်းသွားလိမ့်မယ်။ သူများညံ့ ရင် ညံ့တာကို မမြင်ပါနဲ့  တဲ့ ။ ကိုယ်ညံ့ တာကို ပြင်လိုက်ပါ။ သတ္တိနည်းတဲ့သူကို လောကကြီးက မလိုပါဘူး။ ကိုယ့်ကိုကိုယ်မကြည့်ဝံ့တဲ့သူ မဖြစ်ပါစေနဲ့ တဲ့ ။
နောက်တစ်နည်းကတော့ အစားထိုးအောင်မြင်မှုပါတဲ့။ ရုပ်ဆိုးတဲ့သူက ဇာတ်လိုက်မင်းသား ဖြစ်ချင်လို့ မရသလိုပဲ။ တကယ်လို့  ကျွန်မတို့ ဟာ တစ်စုံတစ်ခုသော အကြောင်းကြောင့် မအောင်မြင်နိုင်ဘူးဆိုရင် အစားထိုးအောင်မြင်မှု ရအောင်ကြိုးစားပါလို့  ဆရာက ပြောသွားတယ်။
မင်းဟာအသံမကောင်းလို့  အဆိုတော်မဖြစ်နိုင်ဘူးဆိုရင် အကောင်းဆုံး ဂီတဆရာတစ်ယောက်၊ သီချင်းရေးဆရာတော့ ဖြစ်အောင်လုပ်နိုင်ပါတယ်။
ဒီလိုပဲ အင်္ဂုလိမာလ ကို အားလုံးကြားဖူးမှာပါ။ သူ့ ကိုဆိုရင် လူတွေက လက်ညှိုးတွေ လိုက်ဖြတ် နေတဲ့သူဆိုပြီး အညှိုးကြီးလို့  တွေ့ တာနဲ့  ၀ိုင်းပြီး တုတ်နဲ့ဓားတွေနဲ့ ပစ် ကြတယ်။ အဲလိုဖြစ်တော့ မြတ်စွာဘုရားက သူ့ ကို ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားရင် မွေးရဖွားရလွယ်ကူစေတဲ့ ပရိတ်ကို ရွတ်ဖတ်ခိုင်းလိုက်တော့ နောက်နောင်မှာ ဂါထာရဲ့  အစွမ်းနဲ့   အင်္ဂုလိမာလသုတ်ရယ်လို့  လူတွေကို အကျိုးပြုပေးပြီး အစားထိုးအောင်မြင်သွားတာပေါ့။
အဲဒီတော့ အဓိကက တကယ်လုပ်ချင်ဖို့ ပဲလိုတယ်။ တကယ်လုပ်ချင်ရင် တကယ်ဖြစ်နိုင်ပါတယ်။
မင်းတုန်းမင်းကြီးလက်ထက်တုန်းက ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မင်းတုန်းမင်းကြီးက ဒီလိုမေးတာပေါ့။
‘’ ဟဲ့..ဖိုးလှိုင်…မရှိတာထက် မသိတာခက်တယ်လို့ စကားရှိတယ်ဟဲ့…၊ မသိတာထက် ခက်တယ်ဆိုတဲ့ စကားရောရှိသလား’’ ဆိုတော့
‘’ရှိပါတယ်ဘုရား…. မသိတာထက်… ခက်တာက…မလုပ်တာပါဘုရား….’’ တဲ့
‘’ ဖိုးလှိုင် ဘာကြောင့် မလုပ်တာက ပိုခက်သလဲ’’ ဆိုတော့ ‘’မရှိတာက ရှိအောင် လုပ်ရင် ရှိပါတယ်ဘုရား’’
‘’မသိတာကလည်း.. သိအောင် လုပ်ရင် ..သိပါတယ်ဘုရား…’’
‘’ မလုပ်တာကတော့ ဘာမှကို မဖြစ်နိုင်တော့ပါဘူးဘုရား….’’’တဲ့ 
ရုပ်ဘယ်လောက်ချောချော၊ ငွေတွေ ဘယ်လောက်ရှိရှိ၊ ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။
ကဲ.. ဟုတ်ပြီ။ ရုပ်ဆိုးတဲ့ ကလေးတွေကို အားပေးသလို၊ ရုပ်ချောတဲ့ကလေးကိုလည်း သတိပေးချင်ပါတယ်။
‘’ ကိုတော်ကြီးဘုရား လမ်းက ရေမြောင်းတွေက ဘာလုပ်တာလဲ ဘုရား..’’ဒီတော့ ကိုယ်တော်ကြီးက
‘’ရေမြောင်းမှာ စိတ်ရှိလား ဘုရား..’’ တဲ့
‘’ စိတ်မရှိတဲ့ ရေတောင်မှ မြောင်းသွယ်လို့  လိုရာ ရောက်နိုင်သေးရင် စိတ်ရှိတဲ့ငါက ဘာလို့  တမဂ်တဖိုရ် ကို မရောက်နိုင်ရမှာလဲ’’ လို့  တွေးသတဲ့ ။
ဒီလိုနဲ့  ခရီးဆက်လာလိုက်တာ လမ်းမှာ မုဆိုးကြီးတစ်ယောက်က မျှားကို မီးပေးဖြောင့်နေတာပေါ့။ ဒါကိုမြင်တော့ ကိုရင်လေးက
‘’အရှင်ဘုရား.. အရှင်ဘုရား.. မုဆိုကြီးက ဘာလုပ်နေတာလဲ ဘုရား…..’’ လို့  မေးပြန်ရော
ဒီတော့ ရှင်သာရိပုတ္တရာ မထေရ်ကြီးက ‘’ ကောက်နေတဲ့  မျှားကို မီးပေးဖြောင့်နေတာပေါ့ကွယ်’’ လို့  ဆိုတော့
‘’မျှားမှာစိတ်ရှိသလားဘုရား..’
‘’ စိတ်မရှိတဲ့ မျှားတောင်မှ မီးပေးဖြောင့်နိုင်သေးရင် စိတ်ရှိတဲ့ငါက ဘာလို့  တမဂ်တဖိုရ် ကို မရောက်နိုင်ရမှာလဲ’’ လို့  ထပ်တွေးသတဲ့ ။
ဒီလိုနဲ့  ခရီးဆက် လူတစ်ယောက်က သစ်တုံးကို ဓါးမနဲ့  ရွေနေတာကို မြင်ပြန်တော့ ထပ်မေးတာပေါ့။
‘’ဘာလုပ်နေတာလဲ ဘုရား’’ ‘’သစ်တုံးက ကောက်လို့  ဖြောင့်သွားအောင်ရွေတာပေါ့ကွယ်’’ ဆိုတော့
‘’ သစ်တုံးမှာ စိတ်ရှိလား ဘုရား…’’
‘’မရှိဘူးကွယ့်’’
‘’စိတ်မရှိတဲ့  သစ်တုံးတောင်မှ ဖြောင့်သွားအောင် ရွေနိုင်သေးရင် စိတ်ရှိတဲ့ငါက ဘာလို့  တမဂ်တဖိုရ် ကို မရောက်နိုင်ရမှာလဲ’’ ဆိုပြီး အရှင်ဘုရား
‘’ တပည့်တော် စိတ်ရှိတယ်ဘုရား၊ တပည့်တော် ကျောင်းပြန်ပါရစေဘုရား၊ တမဂ်တဖိုရ် ရပါရစေဘုရား’’
လို့ ဆိုတော့ ကျောင်းပြန်ပို့ ။
သူ့ အတွက် လိုအပ်တဲ့ တရားပေး။ ကိုယ့်စိတ်ကို ဂရုစိုက်။ ဘယ်မှ မရောက်စေနဲ့  ကိုယ်တော်ကြီး ဆွမ်းခံကြွဦးမဟဲ့ ဆိုတော့ အရှင်ဘုရား ဆွမ်းခံကြွသွားရင် ငါးကြင်းသားလေးပါအောင် ဆွမ်းခံခဲ့ပါဘုရား။
ဆိုတော့ ကိုယ်တော် ငါးကြင်းသားဆီ စိတ်မရောက်ပါနဲ့။ ရထားတဲ့  ကမ္မဌာန်းတရားမှာ စိတ်ကိုထားပါလို့  မှာလို့ မှာပြီးဆွမ်းခံကြွသွားတာပေါ့။
အဲဒီအချိန်မှာပဲ မြတ်စွာဘုရားရှင်က အာရုံခံလိုက်တော့ ကိုယ်တော်လေး သောတပတ္တိမဂ်၊ ဒကရာကာမိမဂ်၊ အနာကါမိမဂ်ရောက်လို့  အရဟတမဂ်ဆိုက်တော့မဲ့ ဆဲဆဲဆဲလေးမှာ ချိုးချိုးချွတ်ချွတ်အသံကြားရင် အာရုံပျက်တော့မယ်ဆိုပြီး ရှင်သာရိပုတ္တရာ မထေရ်ကြီးဆွမ်းခံပြီး ပြန်ကြွလာမဲ့ အချိန် ကျောင်းပရ၀ဏ်ဝကနေ ကြိုစောင့်နှင့်ပြီး ရှင်သာရိပုတ္တရာ မထေရ်ကြီး နဲ့  တရားတစ်ထုံးတစ်ဖွဲ့ ဆွေးနွေးလည်း ပြီးရော ရှင်ပဏ္ဏိကိုရင်လေးလည်း အရဟတမဂ်ဆိုက်သွားရောပေါ့။
အဲဒါကြောင့် ‘’ စိတ်မရှိတဲ့ ရေတောင်မှ မြောင်းသွယ်လို့  လိုရာ ရောက်နိုင်သေးရင် စိတ်ရှိတဲ့ ငါက ဘာလို့  တမဂ်တဖိုရ် ကို မရောက်နိုင်ရမှာလဲ’’ လို့  တွေးတဲ့   ရှင်ပဏ္ဏိရဲ့  စိတ်ကို နမူနာယူပြီး လောကကြီးကို ၇င်ဆိုင်လိုက်ကြပါ။
အရှိကိုအရှိအတိုင်း လက်ခံပြီး၊ လောကကြီးကို မနာကြည်းပဲ။ ကိုယ့်ဘ၀ကိုယ်မကျေမနပ်မဖြစ်ပဲ၊ နောက်တဆင့်တက်ကာ ကြိုးစားပြီး လောကကြီးကို အနိုင်ယူလိုက်ကြပါ။
မနှင်းဆီ
သင်္ကြန်- ၂
ပိတောက်ကိုင်းကလေးတွေဟာ
သင်္ကြန်မိုးလောက်နဲ့ မဖြုံကြတော့ဘူး။ 
ဦးနေအောင်ကြီး ရှိနေသေးတယ်
စန္ဒယားဆရာလေးကိုငြိမ်းမောင်သေပြီ။
ကိုငြိမ်းမောင်ဟာ ပြီးပါပြီ လို့ စာတန်းမထိုးခင်သေနှင့်ပြီ။
သူသေတော့ အကုန်လိုက်သေပြီ။
ငွေငန်းကြီးလည်း ငွေငမ်းတွေရဲ့ အနောက်ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပြီ။
ဒီဇာတ်ကြောင်းတွေ ပြန်လှန်ကြစို့။
မိဖုရားစောလုံက သူသာ အတာမင်းသမီးအစစ်ဖြစ်ကြောင်းပြောတယ်
"ငါ့အကြောင်း နင်တို့ဖတ်ကြသလို ၊
နင်တို့အကြောင်း ဖတ်ကြမယ့် လူတွေရှိသေးသဟေ့"ဆိုတော့
ငါတို့ဟာ အရက်ပုလင်းထဲ ကံစမ်းမဲရှာရာကနေ
ငါတို့ဟာ မဏ္ဍပ်ရှေ့ အိုပါးဂမ်းနန်းဆွဲရာကနေ
ငါတို့ဟာ တည်းခိုခန်းရှေ့ ကွန်ဒုံးထွက်ဝယ်ရာကနေ
အလန့်တကြား ခေါင်းထောင်ကြည့်မိ။
ရေစိုခံအိတ်ထဲက ဖုန်းနဲ့
ဘာအစိုမှမခံတဲ့ ဘ၀ထဲက ပုလင်းခွံတွေကို အော်အော်ပြောနေမိ
ခေါင်းကို စိတ်ပျက်လက်ပျက်ခါနေတဲ့ သိကြားမင်းဆီ
မက်ဆေ့တစ်စောင်ပို့မိ
"ခွေးရေပုရပိုဒ်ထဲ တစ်ခေတ်လုံးသာ မောင်းသွင်းလိုက်ပေရော့"။
ကားတွေဟာ ငါတို့ကို မမောင်းတော့ဘူး။
ပိတောက်တွေဟာ ငါတို့ကို မမွှေးတော့ဘူး။
ရေတွေဟာ ငါတို့ကို မရွှဲတော့ဘူး။
လမ်းတွေဟာ ငါတို့ကို မလျှောက်တော့ဘူး။
မုန့်လုံးတွေဟာ ငါတို့ရေပေါ်ကို မပေါ်တော့ဘူး။
နှစ်သစ်ကူးမှာလွှတ်တဲ့ငါးတွေ၊ငှက်တွေလိုပါ
သိပ်မကြာခင်မှာ ပြန်ပြန်အဖမ်းခံရ
သံသရာအကြောင်းမတွေးမိကြဘူး
ဒါမျိုးတွေပြောနေတာ
မင်းကဘာလူမျိုးလဲဆိုတော့
အညိုအမည်းစွဲနေတဲ့ ကိုယ့်ပေါင်ကိုပဲ
လှန်ပြလိုက်ရုံပေါ့။
ဟိန်း
ဘူး သီး မ သီး ဘူး
ကမ္ဘာမြေကြီးသည် မိမိကိုယ်တိုင် လှည့်ပတ်နေသည် ။
ကြည့် တော် တော် တော် ကြည့်
ကြည့်မှ မြင် ၊ မြင်မှ သိ ၊ သိမှ ပွား
အပွားခပ်ဖို့ ဘ၀ကို ချလောင်းပြရမှာလား။
ကုလသမဂ္ဂမှာ လက်နက်ရောင်းချမှု စာချုပ်ကို သဘောတူညီ
စစ်ရေး ၊ နိုင်ငံရေး ၊ ဘာသာရေး ၊ အရေးများ အရေးမမှားစေရန်
လူသားအရင်းအမြစ်များ စိုက်ပျိုးရေး ... ဒို့အရေး
သဘောတရားကို တရားသဘောနဲ့ ညှိရန် ...
လူတို့သည် မိမိကို ငါနှင့် ပစ်ပေါက်ကြကုန်၏ ။
တွန်း တိုက် အောင် လုပ် ဖို့ လုပ် အောင် တိုက် တွန်း
တွန်း၍ရွှေ့ရန် အားလုံးပါဝင် ၊ သူဝင် ၊ ကိုယ်ဝင်
အ၀င်အထွက်မှန်မှ ကစားပွဲကြည့်ကောင်းမယ်
ဘယ်လိုပြောရမလဲ ၊ H1N1 မှ H7N9 သို့အပြောင်းမှာ
ပြောင်းရန် ၊ ဆောင်ရန် ၊ ရှောင်ရန် ၊ သန့်ရန် ၊ ဖြည့်ရန်  ...  ရန် များ
အမှားတစ်ရံဟာ အမှန်တရားလား ၊ တရားအမှန် သိရန် ...
အချိန်နှင့်တပြေးညီ ဒီမိုကရေစီ လိုက် ( like ) ကြသည် ။
စား သာ ရင် အ ရင် သာ စား
စားမှ ၀ ၊ ၀ရှိလို့ ၀ိ လုပ် ၊ ၀ိ ၀ိ ၀ိ ၀ိ
ဆန်ပြတ်လို့ ဆန်ခပ်တဲ့အခါ ၀ီ ၀ီ မြည်အောင်လှုပ်
လှုပ်လို့ တောကြောင်တွေက ပျုားပန်းခပ် ၊ အလန်း ( alarm )
လမ်းများ အားလုံး ဦးတည်ရာ ဘယ်မှာ
ပညာခေတ်မှာ ငြိမ်းချမ်းဖို့ ပညာရေး နဲ့ ငြိမ်းချမ်းရေး
ဦး စား ပေး လို့ ပေး စား ဦး။            ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( April ; 9 ; 2013 )
ကျကွဲခဲ့သော ခြေရာ
လရိပ်ဖြင့် ရက်ဖောက်အပ်သမျှသော ဝိညာဉ်အခွံ္ပ၌
တွယ်ငြိဖွယ်အတ္တ မရှိ, အသက် မရှိ, နတ္ထိအခန်းသို့ပမာ
ချစ်ခြင်းမေတ္တာဟာ ငါ သူ မည်မျှ
နာကျင်စွာ ပယ်ခွာရမည့် လက်ဖဝါးများအား ငုံ့ယူနမ်းရှိုက်လျက်
ထုဆစ်အံ့သော ဘဝအသစ်များစွာအတွက်
မျက်ဝန်းမြစ်ကို အားတုံ့အားနာမိရသည် အထိ။
ဖြစ်ခဲ့သည် ဟု အတည်ပြု မှတ်တမ်း မတင်ဝံ့
အပျက်သဘောကို နာကြားလိုသော နားတစ်စုံလည်း မရှိခဲ့
ငဲ့ကွက်ရန် စာရင်း၌ ငါ၏ အမည်နာမသည် ကမ္ဗည်းထိုးထွင်းခတ်ရန် မလို ဟု
မွေးရာပါအမှတ်အသားဖြင့် ဖော်ပြလျက်
ထို့အတွက်.. သေချာမှုအတွင်းသို့ စီးဝင်နေသော မသေချာမှု သွေးကြောများ
တစ်စုံတရာ အကွာအဝေးမှ ငါ၏ ဖြစ်တည်မှုတွင် ခိုနားစေ။
ပညတ်ချက်များစွာနှင့် ချေမွရန် အသင့်ဖြစ်ပစေ..
ကန့်သတ်မှုများအကြား သွယ်လျပြေပြစ်နေသော မေတ္တာတရားတို့
ရုန်းကန်ထမြောက်ရန် အသင့်၊ ကျောက်သားအထပ်ထပ် ဖြတ်သန်းခဲ့ စမ်းရေ
စီးဆင်းဆဲ စီးဆင်းမြဲ… ထာဝရဆိုသည့်တိုင်
ဤရင်းမြစ်မှ စတင်ခဲ့သော နေ့စွဲများ။
၏,သည် မရွေး ရွတ်အံကြရန် စာ- မရှိ
အရှုံးအမြတ် တွက်ချက်ရန် ဈေးကွက် မဝင်ခဲ့
ကာလယန္တရားဖြင့်လည်း သက်သေသက္ကာယ မပြုနိုင်
သို့တစေ.. ခိုင်မာပါ၏ ခိုင်မြဲနေပါ၏.. မြဲမြံလွန်းလှပါ၏
အပြန်အလှန် ဖြစ်တည်ပြီး ပြကတေ့မျက်ဝန်းကိုယ်စီမှ
လောက်ငှကုံလုံသော ယုံကြည်မှုအသီးအပွင့်များအကြောင်း။
မနိုင်=မရှုံးသော ပေးဆပ်မှုများသာ ခိုဝင်လျက်
မနက်ဖြန်များစွာအတွက် သတ်မှတ်ရည်ညွှန်းသမျှ
ဒီကနေ့ လျှောက်ခဲ့ကြသည့် ဝန်းကျင်လမ်းမများအတိုင်း
သွေးစက်လက် ကျပါစေ.. ငါ၏ ဖဝါးအစုံဖြင့် အပ်နှံ၍
ဦးတိုက်လျှောက်လှမ်းခဲ့ပြီး မျှော်လင့်ရာ ရောက်ရှိခြင်းများ။
ငါ၏ အသားစများ ပွန်းပဲ့နာကျင်ခဲ့သည်နှင့် အမျှ
အာငွေ့ခြုံ၍လည်း လုံခဲ့ရဖူးသည့် မိန်းမူးဖွယ့်နာရီများ..၊ သို့နှင့်တိုင်
ဘဝအဆက်ဆက်က ကျကျန်ရစ်ပြီးသည့် ကျိန်စာအတိဖြင့်
ကြင်နာယုယမှုများအကြား အလွမ်းဖြင့် အဆာသွပ်ခံရ
ကဗျာမဆန်လိုက်ပုံက ကာရန်အဖွဲ့မှာ အထီးကျန်ရသည်အထိ။
တစ်ဦးသည် အခြားတစ်ဦး၏ လေပြည်ထွေးပိုက်သောပန်း ဖြစ်ခဲ့သော်
ပန်းနှင့်လေပြည်အကြား မေတ္တာတရားဖြင့် ချိတ်ဆက်ခွင့်ရှိစေ
ထိုသို့ချိတ်ဆက်ခြင်းသည်လည်း ဘဝတို့ဖြင့် လွန်ကျစ်ခြင်း ဖြစ်စေ
သိမ်းရုပ်ခြင်းမဲ့ ရင်ပြင်တစ်ထပ်တည်း ဖွဲ့ဆိုရာ ခြေရာများနှင့် အတူအမျှ
ချစ်ခြင်းတရားဖြင့်သာ ဖန်ဆင်းပြည့်ဝပြီး ကမ္ဘာအထပ်ထပ် သံသရာတိုင်
ဤကဗျာ၌ သိမ်းဆည်း၍ လျှောက်ရဖွယ့် ခရီး.. အလျားရှည်ပါစေ။
.............
သျှိုင်းယုဝေ
သရုပ်ဖော်ပုံ စဆို၇ီ
ငမူး
ေ မ့ သ ာ း ေ လ း ရ ယ္
ေ စ ာ ေ စ ာ ၿပ န် လာ ခဲ့  ပါ ကွ ယ် 
ဆို ေ တ ာ ့
မိုး လ င်း မှ ပြ န် လာ တ ယ်
န င့် ရု ပ်
န င့် ရ ည် နဲ့ 
န င့်ေ ခါ င်း အိ မ် ပြ န် ပါ လာ ဖို့ 
ငါ့  မှာ
ခု ထိ
သံ ဗုေ ဒ္ဓ ရွ တ်ေ န ရ တု န်း ... ။
ဘို ဟ န်
အမေ့အမွေ တာဝန်ကျေအံ့
အမေ့အပြုံး
တို့နှလုံးမှာ ကြည်ပြာလ၀န်း
အေးရိပ်စမ်းနှင့် ပန်းပွင့်ပမာ။
အမေ့စကား
တို့ရင်ကြားမှာ တရားသစ္စာ
ခိုင်မာသတ္တိ သံမဏိပမာ။
အမေ့မျက်နှာ
မြင်သောခါတွင် ပမာစမ်းရေ
သောက်သုံးလေသို့ ငွေလကြယ်သွင်
အေးသန့်စင်နှင့် ကြည်လင်ရွှန်းကာ
ဂုဏ်သိက္ခာနှင့် မေတ္တာမိခင်
ပညာရှင်သို့ တို့ရင်တွင်းမှာ
ချမ်းမြေ့သာခဲ့ ရှာမှရှားသည့်
ငါတို့၏ စာပေမိခင်။
မြန်မာစာပေ
ကမ္ဘာ့အမွေအဖြစ် ရှင်သန်ရစ်စေ
အားသစ်ဖြည့်လောင်း ပင်စည်ကောင်းပမာ။
ကမ္ဘာ့စာပေ
မြန်မာ့အမွေအဖြစ် ရှင်သန်ရစ်စေ
အားသစ်ဖြည့်လောင်း ပင်စည်ကောင်းပမာ။
အမေ….
ငါတို့အားလုံးရဲ့ စာပေမိခင်
ငါတို့ချစ်ခဲ့ကြ
ငါတို့လေးစားကြ
ငါတို့ရိုသေကြ။
အမေ့အမွေ
တို့တွေဆက်ခံ ပန်းကောင်းပန်လျက်
နိုင်ငံအနာဂတ် လှစေအံ့။          ။
ရိုးဝေထက်
( ၇ ရက်၊ ဧပြီလ၊ ၂၀၀၈တွင် ကွယ်လွန်သွားခဲ့သော စာပေမိခင်
လူထုဒေါ်အမာ တစ်နှစ်ပြည့် အမှတ်တရ အဖြစ် ကဗျာဆရာ ရိုးဝေထက် ရေးဖွဲ့ခဲ့တဲ့ ကဗျာဖြစ်ပြီး မဟေသီမဂ္ဂဇင်း အမှတ် ၂၉၂၊ ဧပြီလ၊ ၂၀၀၉ခုနှစ်မှာ ပုံနှိပ် ဖော်ပြခဲ့တဲ့ ကဗျာကို ပြန်လည်ကူးယူဖော်ပြသည်။
မြန်မာစာပေ မိခင်ကြီး ကွယ်လွန်ခြင်း ၅ နှစ်ပြည့်
လူထုဒေါ်အမာ ဒေါ်အမာ၊ ဒေါ်ဒေါ်၊ အမေ၊ မြန်မာစာပေမိခင် ဟု နာမ်စားအမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြသည်။ လူထုဒေါ်အမာကို စာပေချစ်သူများနှင့် စာပေအသိုင်းအ၀ိုင်းတစ်ခုလုံးမှ ချစ်ခင်လေးစားကြပြီး မသိသူမရှိ ထင်ရှားခဲ့သည်။
လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိ ပြီဖြစ်သည်။
ယနေ့ ၂၀၁၃ခုနှစ် ဧပြီလ၊ ၇ ရက်နေ့ဆိုလျင် မြန်မာစာပေမိခင်ကြီး ဆုံးပါးကွယ်လွန်ခဲ့သည့် ၅ နှစ်မြောက်ပြည့်ပြီဖြစ်သည်။
ဆရာမကြီးသည် ဂျပန်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသော ရွှေမော်ကွန်း မဂ္ဂဇင်း တွင်လည်း အဝေးရောက်သားသမီးများသို့ ခေါင်းစဉ်ဖြင့် စဉ်ဆက်မပြတ် ဆောင်းပါးများရေးသားခဲ့ဖူးသည်။ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ စာပေကျေးဇူးကား ကြီးမားလှသည်။ ဆရာမကြီး ကွယ်လွန်သွားသော်လည်း ဆရာမကြီး၏ အမည်ကား မြန်မာစာပေလောကတွင် မွှေးပျံ့သင်းကြိုင်သည့် ပန်းသဇင် ကဲ့သို့ တည်ရှိနေမည်ဖြစ်သည်။ မြန်မာစာပေကို ချစ်ခင်ကြသော လူအများ၏ နှလုံးအိမ်တွင်လည်း ဆရာမကြီးသည် အစဉ်နေရာယူတည်ရှိနေမည်ဖြစ်သလို ဆရာမကြီးလူထုဒေါ်အမာ ရေးသားခဲ့သော စာပေများသည်လည်း အလျှံညီးညီးတောက်ပနေသည့် ဆီးမီးတန်ဆောင်ပမာ မြန်မာစာပေလောကတွင် တည်တံ့နေဦးမည်ဖြစ်တော့သည်။
အမေမာ ကောင်းသောဘုံဝမှာ အေးစက်စွာအနားယူနိုင်ပါစေအမေ
ကမာနီလာ
ဘ၀ဟာ အိမ်တစ်လုံးဆိုရင် အချစ်ဆိုတာ … ဖြည့်ဆည်းစရာ အလှဆင်မှုတစ်ခုပေါ့
သူငယ်ချင်းရေ … ငါဒီစာကိုရေးရတာဟာ အချစ်ဆိုတာ ဘ၀မှာဘယ်လိုအစိတ်အပိုင်းအဖြစ် ပါဝင်ပတ်သက်နေလဲ ဆိုတဲ့ မင်းရဲ့အမေးစကားကြောင့်ပဲဆိုပါတော့ကွာ။ သူငယ်ချင်း… မင်းလည်း ငယ်ရွယ်တဲ့နေ့ရက်တွေကို ဖြတ်သန်းရင်း အချစ်ဆိုတာကို ကြုံခဲ့ဖူးတာပဲမဟုတ်လား။  အဲသည်လိုကြုံခဲ့ဖူးတဲ့ မင်းက ဒီမေးခွန်းကို အကြောင်းရှိလို့   မေးတယ်ပဲ တွေးလိုက်ပါတယ်။
သူငယ်ချင်းရေ … ဘ၀တစ်ခုမှာ အချစ်နဲ့ကြုံရပြီဆိုရင် အချစ်နဲ့ဘ၀ ညီညွတ်မျှတစွာ အတူတည်ရှိနေနိုင်ဖို့ ကြိုးပမ်းကြရတော့တာပဲလေ။  ဘ၀နဲ့ အချစ်ဆိုတာကလည်း  ပြောရခက်သားပဲ။ သုံးတတ် ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုသလို အချစ်ဟာ ဘ၀ အတွက် အားအင်တွေပေးနိုင်သလို၊ ဘ၀တစ်ခုလုံးကို သွက်သွက် ခါ လှုပ်ယိမ်း ပြိုကျ သွားရလောက်အောင်လည်း ဖြစ်စေ နိုင်တယ်လေ။ ဘ၀ ဆိုတဲ့ လမ်းမှာ လျှောက်လှမ်းနေရင်း ဆူး ငြှောင့် ကန်သင်းနဲ့ခလုတ်တိုက်မိတဲ့အခါ ခြေမလေးကွဲသွား တတ်သလို အချစ်နဲ့တိုးတိုက်မိရင်လည်း အခန့်မသင့်တဲ့အခါ နှလုံးသားလေးကွဲသွားတတ်တာပေါ့ကွာ ။ အချစ်ကို ကိုးကွယ် တယ်၊ အချစ်နဲ့ဘ၀ကို ဘ၀ကို တည်ဆောက်တယ် ဆိုတဲ့ စကားဟာ စိတ်ကူးယဉ်လို့အကောင်းဆုံး၊ အချိုမြိန်ဆုံးအဖြစ်နဲ့ မင်းတို့ငါတို့အတွေးထဲမှာဝင်းပဖူးခဲ့တာပဲမဟုတ်လား။
မင်းမေးတဲ့မေးခွန်းနဲ့ပတ်သက်လို့ ဒီနေရာမှာ ငါတစ်ခုလောက် ပြောပြချင်သယ် သူငယ်ချင်း။ အချစ်နဲ့ဘ၀ကို တည်ဆောက်ကြတယ် ဆိုပါစို့ကွာ။ အဲသည့်အချစ်မရှိတော့ရင် ဘ၀ဟာ မှီတွယ်ရာမဲ့ဟင်းလင်းပြင်ထဲလွင့် မျောသွား တယ်လို့များ မင်း ခံစားခဲ့ရဖူးမလား။ အချစ်ကြောင့် ဘ၀ပျက်ခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်များ မင်း ကြုံဖူး၊ ကြားဖူးခဲ့ မလား။ ဒီလိုဖြစ်ရပ်တွေ ဖြစ်တာ ဘာကြောင့်လဲ …။ လူအမျိုးမျိုးမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ရပ်တွေကွဲပြား၊ ရလာဒ်တွေ ခြားနားကြပါတယ်လို့ ဆိုပေမင့် အချစ်ကြောင့် ဘ၀ မှာထိခိုက်ကြရတယ်ဆိုတဲ့ ဖြစ်အင်တွေရဲ့ အဓိကအချက်က အချစ် ဟာ လူတွေအတွက် ဘ၀လောက် အရေးကြီးတဲ့အစိတ်အပိုင်းမဟုတ်လို့ပါပဲ။ မင်းလည်း ကြားဖူးမှာပါ။ No money. No Honey. တဲ့။ ပိုက်ဆံမရှိရင် ပျားရည်ဝယ်လို့ မရဘူး လို့ ငါတို့နောက်ပြောင်ပြီး ပြောခဲ့ကြ သေးတယ်နော်။ ဒီစကားဟာ ကဗျာမဆန်ပေမဲ့ ၊ နာလိုခံခက်စရာဖြစ်ပေမဲ့ လက်တွေ့နဲ့တော့ နီးစပ်မှုအရှိဆုံးပါသူငယ်ချင်းရေ။
သူငယ်ချင်းရေ … အချစ်မရှိရင် ဘ၀မရှိတာလား၊ ဘ၀မရှိရင် အချစ်မရှိတာလား၊ ငါတွေးတော ငေးမောခဲ့ဖူးပါရဲ့။ ဒီလိုနဲ့ တနင်္ဂနွေနေ့ရက်တွေအကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ပြီး … အချစ်နဲ့ဘ၀ကို အကြိမ်ကြိမ်သင်ယူခဲ့ရင်း အဖြေကို သိခဲ့ရ ပါတယ်။ တကယ်တော့ အချစ်ဟာ မူလတည်ရှိသူမဟုတ်ခဲ့ပါဘူး။ ဘ၀ ကသာ မူလတည်ရှိသူပါ။ အချစ်က ဘ၀ ကိုမှီတွယ် ပြီးကာမှ ဘ၀ကို ပိုပြီးလှပ၊ ချိုမြိန်စေတာပါ။ ဒီလိုမျိုး သင်ယူခဲ့ပြီးမှ ငါဟာ ဘ၀ဆိုတဲ့ အိမ်တစ်လုံးကိုသာ အခိုင်အမာတည် ဆောက် ဖို့ မြင်နိုင်ခဲ့ပါတယ်။ “ ဘ၀ ” ဆိုတဲ့အိမ်တစ်လုံးကို အခိုင်အမာတည်ဆောက်ပြီးရင်တော့ … အချစ်ဟာလာရောက် နေထိုင် ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။ ဒီလိုအတွေးနဲ့ ငါဟာ “ ဘ၀ ” ကိုသာအရင်ဦးဆုံး တည်ဆောက်နေတာပေါ့။ ငါတည်ဆောက်လိုက်တဲ့ ခိုင်မာတဲ့၊ လုံခြုံတဲ့၊ နွေးထွေးတဲ့ ဘ၀ ဆိုတဲ့အိမ်ထဲမှာ … အချစ် ကိုဖိတ်ခေါ်ပြီးနေထိုင် စေမယ် ဆိုရင် အချစ် ကလည်း ငါ့ရဲ့အိမ်ကလေးမှာလစ်ဟာနေတဲ့ လှပချိုမြိန်မှုတွေကိုဖြည့်ဆည်းပေးမှာအမှန်ပါပဲကွာ။ ဒီလိုမှမဟုတ်ဘဲ အချစ်ကိုသာ အရင်တည်ဆောက်မယ်ဆိုရင် … အိမ်မရှိတဲ့အတွက် အချစ်တွေဟာ အကာအကွယ်မဲ့ ဟင်းလင်းပြင်ကြီးထဲမှာ မိုးဒဏ်လေဒဏ်တွေနဲ့ ချိုမြိန်ဖို့ခက်တော့မှာအသေအချာပေါ့။
နီဟိန်းအောင်
နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
နွေဂိမာန်ကူးလို့ မြန်မာလူမျိုးတို့  အပျော်ရွှင်ဆုံး အတာင်္ကြန်ပွဲ ဆင်နွှဲ ချိန်လဲရောက်ပါတော့မယ်။
ဒီအချိန်ဆို ရင် အားလုံး မျှော်လင့်ရင်ခုန်နေကြတာကတော့ ပိတောက်ပန်းပွင့်လေးတွေပါ။
တကယ်တော့ ပိတောက်ဆိုတာကလဲ တခြားပန်းတွေနဲ့မတူ တမူထူးပြီး မိုးစက်ပက်ဖြန်းမှ လန်းရတာလေ ....
မိုးမရွာ ရင် သင်္ကြန်လဲ ဘယ်ပိတောက်မှ မပွင့်နိုင်ပါဘူး ....
သင်္ကြန်မိုးလေးနဲ့အပြိုင် သင်္ဂီရွှေ ပိတောက်ပန်းလေးတွေကို ပွင့်လန်းမယ့်ချိန်ခါ မျှော်ကာလေ မောနေကြပါရဲ့ ။
မရတာမှ လိုချင်ကြတာက  လူ့ သဘာဝ ပဲနော်....
အားလုံးက ပိတောက်ကိုမျှော်နေချိန်မှာ  ငုဝါပန်းလေးခိုင်လေးတွေကတော့ ၀င်းတောက်ထိန်ကြည်စွာနဲ့  ဖူးပွင့် ဝေဆာပြီးနွေကိုအလှဆင်နေကြပါတယ်။
ငုပန်းလေးတွေရဲ့ ဘက်ကနေ ခံစားကြည့်ကာ မေးလိုက်မိလိုက်ပါတယ်-
သူ့ ခမျာ ဒီလောက် တာဝန်ကျေကျေ သစ္စာရှိရှိ နွေရောက်တိုင်း အချိန်မှန်ပွင့်ပေးနေတာတောင်ပိတောက်ကို မျှော်နေကြတာစိတ်မနာဘူးလား--လို့ 
ဒီတော့  .... ငုဝါပန်းလေးကဖြေတယ်
တို့ဟာ လောကကြီးကို အလှဆင်ဖို့ ပန်းပွင့်လေးဖြစ်လာတာပါ။
အားလုံးကအသိအမှတ်ပြုမှ ပွင့်မယ်ဆိုတဲ့ မာန်မာန မရှိပါဘူး-- တဲ့
ပူလောက်ခြောက်သွေ့ တဲ့ နွေ ကို လှပတင့်တယ်အောင် အစွမ်းရှိသလောက် အလှဆင်မှာပဲ၊ဘယ်တော့ဖြစ်ဖြစ်  နွေရောက်ရင် သူတို့ပွင့်ပေးမှာပဲ--တဲ့လေ
တို့  ကတော့  ဒီလိုမဟုတ်ဘူး ငုဝါလေးရယ်
အတ္တ၊ မာန တွေနဲ့  ပူလောင် ခဲ့ဖူးတယ်။
ကိုယ်ကကြိုးစားပြီး ကောင်းတာလုပ်ပြရင် အသိအမှတ် ပြုခံချင်တယ်-
အသိအမှတ် မပြုရင် လုပ်နေတာ ရပ်ပစ်လိုက်ချင်တယ်
ကိုယ်က ဂရစိုက်ရဲ့သားနဲ့  ကိုယ့်ကို ဥပက္ခော ပြုရင် နာကျည်းတတ်တယ်
ကိုယ့်အပေါ်မကောင်းရင် တစ်သက်လုံးမခေါ်နိုင် မပြောနိုင် စိတ်နာ မုန်းတီးတတ်တယ်
ကိုယ်ပေးသလောက် ပြန်ရမှ ကြိုက်တတ်တာကွယ့် .....
ခုတော့ မင်းပြောတဲ့ ပန်းစကားလေးနားထောင်ရင်း တို့ လေ တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်ဆုံးမပဲ့ပြင်ရင်းစိတ်ထားတတ်အောင်ကြိုးစားပါတော့မယ် ။
ကိုယ်ကသာ စေတနာအရင်းခံနဲ့  ကောင်းဖို့  လုပ်တာမှန်ရင် ဘယ်သူအသိအမှတ်ပြုပြု ၊မပြုပြုပေါ့ နော် ....
ကိုယ့်လိပ်ပြာကိုယ်သိ ၊ ကိုယ့် စိတ်စေတနာ ကိုယ်လေးစားပြီး ကိုယ်ယုံကြည်ရာလမ်းကိုရဲရဲ ဆက်လျှောက်ပါတော့မယ်။
ဘာပဲဖြစ်ဖြစ်လေ ....  ကမ္ဘာတည်သရွေ့  နွေ ရောက်တိုင်း  ငုဝါပန်းလေးတွေကတော့  ပွင့်နေဦးမှာပါပဲ ။
အားလုံးလည်း ငုဝါပန်းလေးလို စိတ်ထားနိုင်ကြပါစေ ...
ကြာဖြူနွယ်
ဟိုအကြောင်း ဒီအကြောင်း
နေ့ တွေကတိတ်ဆိတ်လွန်းတယ် ၊
မနက်ခင်းကလဲ ဖျားနေရဲ့ ၊ အတွေးသက်သက် စီးကရက်တွေ
လေစားလွန်းတယ် ၊
ဖောက်ပြန်မှုထဲက ဒိဌိကို မဖယ်နိုင်သေးတဲ့ 
မနုသပင်လယ်ထဲမျော မောတယ် ။
စိတ်မှန်းနဲ့ လွမ်း  ခမ်းပစ်လိုက်ရတဲ့   သံယောဇဉ်အကြွင်းအကျန်လေးကို လွမ်းရဲ့ ၊
ငြိမ်ဝပ်ဝပ် မီးငြိမ်းတောင်ဟာ  ငါ
ငဆွံ့  တကောင်လို ဂူထဲအသားကျသွား နေတတ်ခဲ့ပြီ ၊
ပင်လယ်တွေအော်နေတယ်
ငါ့ကိုခေါ်ကြပါ ၊ ငါ့ကိုသယ်ဆောင်ကြပါလေ ။
အတွေးတွေ လှောင်နေတုန်း စိတ်ကိုလဲ ချွန်းမတို့ နဲ့  ၊
ညီမလေးရေ ..
ငါ့အသံအိုးထဲ စကားလုံးတွေပြည့်ကျပ်နေလို့ ပါ
ခန္စာဥာဏ်ရောက်စေဘို့   ငါ့အမှောင်ကို မီးထွန်းပေးပါ ၊
ဘယ်လမ်းကလျှောက်လျှောက် လမ်းကတော့ဆုံးမှာပဲ ၊
အတွေးနဲ့  ယက်တဲ့ ပလိုင်းတလုံးထဲ
ဒဏ်ရာဖင်စီခံအတိုတွေ သိပ်များတယ် ၊
အငွေ့ ပျောက် ရှိုက်သွင်းလိုက်ရတဲ့  မာယာအငွေ့ တွေ က ကလူသလိုလို ၊ မြူသလိုလို
လာမခြောက်ကြနဲ့  …   မရတော့ဘူး …
ဟန်ဆောင်ကကြိုးထဲ မပျော်တော့တာကြာပီလေ … ။
ပြန်တွေးတိုင်း ငါ့ရင်တွေခုန်နေတုန်းပါပဲ  ညီမလေးရယ် ၊
တစ္ဆေတွေ ငါ့ကို လိုက်ဖမ်းတုန်းက ရက်တွေဟာ
ဒီနေ့ တွေလိုမဟုတ်ဘူး …
မှောင်ပြီးတော့ နက်တယ်  ၊ ဖွေးပီးထက်တဲ့ အစွယ်တွေနဲ့ 
ငါတို့ ယုံကြည်ချက်တွေကို ကိုက်ဘို့  ၊ မြိုဘို့ 
အကြိုးစားခံရဘူးတယ်ကွယ် ၊
သင်ပုန်းချေစို့ တော့ မပြောပါနဲ့  မေမေ …
ဘယ်သူပြုလုပ်သူ ၊ ဘယ်သူအပြုလုပ်ခံရသူ
ဒါတွေတော့ ရှင်းလင်းဘို့ လိုမယ်
မဟုတ်တဲ့ အရာတွေ ငြင်းရဲဘို့  ကျနော်ကောင်းကင်မှာ မေမေဟာ ဓူဝံကြယ်တစင်း..
မေမေ နုတ်ဆိတ်နေတာလား ၊  ဆို့ နစ်နေတာလား  ၊
မေမေ့ ရိုးရာအထည်လေး ပျက်စီးသွားမှာ စိုးရွံ့ နေတာလား ၊
ဟင် …မေမေ ကျနော်ကြောင့် ငိုနေတာလား …
ခွင့်လွှတ်ပါမေမေ ….
လူမိုက်တယောက်ကို မေမေမချစ်မှာ စိုးတယ်လေ ။
ဒီလိုပါပဲ ညီမလေး …
ငါကလဲ ငါသန်ရာငါပြော  ၊ သမိုင်းထဲမှာ လက်ခဲ့ တဲ့  ကြယ်အမှုန်လေးဖြစ်ခဲ့ဘူးတယ် ၊
နှလုံးသွေးတွေ စွေးစွေးနီဘူးတယ် ၊
ငါတို့ ဆောက်တဲ့ အဆောက်အအုံထဲ အုတ်လေးတချပ်
သဲလေးတပွင့်ဟာ ငါ။
သံမဏိတုံးကြီးကို တူနဲ့  “ဒေါင်” ခနဲ ထုခဲ့တာ ငါ ။
အဲ့ဒီတုန်းက လမ်းတွေဟာ သိပ်မှောင်တယ် ညီမလေးရယ်
တချို့ လဲ နဲနဲခက်တယ်လို့  ထင်ကြတယ် ၊
အမိုက်တွင်းကို တူးကြတယ် ၊  တချို့ ကဘယ်လို ၊ တချို့ ကဘယ်သူ
ဒါတွေတော့ ငါမသိဘူး ၊  ကိုယ့်သက္ကာရ ကိုယ်ထုဆစ်
ယုံကြည်ရာကို လျှောက်ခဲ့ကြတာပဲ ။
ထသွားထလာအတွေးတွေ နဲ့  တကိုယ်ရေ အိမ်အလွမ်းတွေအကြောင်း၊
အမှောင်ထဲ စုန်းစုန်းမြှပ်ခံလိုက်ရတဲ့  ငါတို့ သူငယ်ချင်းတွေအကြောင်း
ဝပ်ကျင်းထဲက ချောင်းချောင်းကြည့်ခဲ့ ရတဲ့ ငါ့ ညတွေအကြောင်း
သူဟာဘာလဲ ၊ ငါကရောဘာလဲ ဆိုတဲ့ အတွေးတွေအကြောင်း
ဟင်းအမယ်စုံတဲ့  သောကထမင်းဝိုင်းလို  ငါခဏခဏ အံကြိတ်
တိတ်တိတ်လေး ဆွေးခဲ့ ရဘူးတယ် ။
အဲဒီတုန်းက ငါတို့ အိမ်မက် အပိုဒ်(၁၃) ဟာ အရိုးမဲ့ တဲ့ ဓါးတစင်း ၊
မဲမဲမြင်ရာ ငါခုတ်တုန်းက ငါ့လက်တွေလဲ  ပြက်ရှခဲ့တယ် ၊
ငါ့ကျောင်းလွယ်အိတ်လေးထဲက အိမ်မက်တွေလဲ အပိုင်းပိုင်းပြက်တယ် ၊
ဒဏ်ရာတွေ   ချခင်းပြနေတာမဟုတ်ပါဘူး  ၊
ငါတို့  ရာသီထဲက လောကဓံဟာ သိပ် အထိအရှများလွန်းတာကို သိစေရုံပါ  ။
ညီမလေးရေ …
အသံကြားရာနားစွင့် ၊ မြင်ရာကိုကြည့်ငေး အတွေးတွေလဲ ခဏဗြောင်းဆန်သွားတယ်
ငါ့သန်ရာ ငါပြော ၊ သူစိမ်းတွေကြားထဲ ငါမမျှောချင်တော့ဘူး ..
၊ ခရီးဆောင်အိတ်လေး ငါလွယ်သွားတုန်းက  အဖေကငါ့ကိုလွမ်းတယ် ၊
ညီမလေးက ငါ့ကိုနမ်းတာ ၊
အဲ့ဒီနေ့ လေး သတိရလို့  ငါပြန်ခဲ့ပြီ ။
ဒါပါပဲ ညီမလေး …
သံသရာဆိုတာ လည်နေတဲ့ 
လှည်းဘီးဝန်ရိုးတခု ဆိုတာ နင့်မှတ်စုထဲ ထည့်မှတ်ထားပါ။
ကမ္ဘာကလဲ အချိန်တိုင်းလည်နေတာပဲ
ဒါပေမဲ့  …
ခုထိတော့  ငါ့မှာ နေ့ ညမကွဲသေးဘူး ……  ။
လင်းနောင်
ငြိမ်းချမ်းရေး
မခံနိုင်တဲ့အဆုံး အပြုံးချင်း
ဖလှယ်ကြတာပေါ့
ငါတို့ မထင်မှတ်ထားတဲ့ 
သမိုင်းတွေက တစ်နေ့ ကျရင်
သူတို့ ကိုပြန်ပြောပြပါလိမ့်မယ်...။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
ကြွေးဟောင်းဆပ်ကြသူများ
“နင်တို့ကလည်းလေ အဲဒီ့မှာ ပိုက်ဆံကို ဘယ်လိုများသုံးနေကြသလဲ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုများ ငွေထုပ်ကြီးဖင်ခုထိုင်ထားတယ် မှတ်နေလား၊ ဘယ်လောက်ပို့ပို့ မလောက်နိုင်ဘူး၊ ဒီကြားထဲ နင်တို့အကြွေးတင်နေတဲ့ဟာပါ ကူဆပ်ပေးရဦးမယ်ဆိုတော့ စဉ်းစားသာကြည့်တော့၊ လွန်လွန်းတယ်”
“တော်ပြီ တော်ပြီ၊  အေး ဒါပဲ ဒါပဲ၊ ငါ ဒီလကုန် နိုင်သလောက် ပို့လိုက်မယ် ဟုတ်ပြီလား”
စုက ညီမအငယ်နှင့်ဖုန်းပြောအပြီး ခြေကုန်လက်ပမ်းကျသွားပုံနှင့် ဖုန်းကိုပိတ်ကာ အိပ်ယာပေါ် ပစ်လှဲလိုက် လေသည်။
ခုတစ်လော စုမှာ အိမ်ကဖုန်းလာတိုင်း မျက်ခုံးလှုပ်နေရသည်။  ဖုန်းတွေက ဗိုင်ဗာနှင့်လှမ်းခေါ်လို့ရနေပြီမို့ အရင်ကလောက် ဆက်သွယ်ဖို့မခက်ခဲတော့ဘဲ ရန်ကုန်နှင့်စကာင်္ပူက ပိုမိုနီးကပ်သွားသလားပင် ထင်ရသည်။ အမေ အလှူလုပ်ချင်လို့၊ အဖွား နေမကောင်းလို့၊ မိသားစု ဘုရားဖူးထွက်ချင်လို့၊  မောင်အငယ်ကောင် သင်တန်းတက်ချင်လို့၊ လည်ပင်းငါးရိုးစူးတာကိုပင် ဆေးခန်းပြချင်ပုံနှင့် နောက်ဆုံးတော့ ငွေပို့ပေးရန်သာ သံတူကြောင်းကွဲများသုံးပြီး ပြောလာခြင်းဖြစ်သည်။ ခုလည်း ညီမအငယ်မ သူတို့မိသားစု စီးပွားရေးအဆင်မပြေဘဲ ကြွေးတင်နေတာမို့ ငွေပိုရှိလျှင် ခဏလှည့်ဆပ်ပေးထားရန် ဆက်လာခြင်းပင်။ စုက စိတ်မောပုံနှင့် ကို့ကိုကြည့်လိုက်တော့ ကိုက ထုံးစံအတိုင်း သက်ပြင်းချကာ “ဘယ်တတ်နိုင်မလဲကွာ”ဟု ဆိုရှာလေသည်။
ကိုနှင့်စုတို့ရသော နှစ်ကုန်အပိုကြေး ဘောနပ်စ်လေးများသည်  ဘဏ်ထဲရောက်လို့မှ မပူသေးခင် ထုတ်ယူကာ အိမ်ကိုပို့လိုက်ရတာ ဘယ်နှစ်ကြိမ်မြောက်ပြီမှန်းပင် မသိတော့။ ကို့မိဘတွေရော၊ စုမိဘတွေပါ နှစ်ဘက်စလုံးက သာမန်ဝန်ထမ်းတွေမို့ ငွေပိုငွေလျှံရှိဖို့ ဝေးလို့၊ တစ်လတစ်လ အလျင်တောင် မမီချင်။ သည်တော့လည်း လစဉ်ပို့ငွေ မှန်မှန်ပို့နေသည့် အပြင် ကြားပေါက်လေးတွေပါ ပါလာတတ်တာမို့ နှစ်ကုန်လို့ အပိုဆုကြေးငွေလေးရပြီဆိုလျှင် မြန်မာပြည်ကဖုန်းသံကြားရမှာကို ကိုရော စုပါ ကြောက်နေတတ်ကြလေသည်။
XXXXXXXXXXX
“စုရေ အစ်မပါ၊ မမဝေပါ၊ ခါတိုင်းလိုပဲ ဒီနှစ် ဘုန်းကြီးကျောင်းကထိန်ခင်းဖို့ အလှူလှမ်းခံတာ ညီမလေး”
“ဟုတ်ကဲ့ပါ မမဝေ၊ ထည့်ရမှာပေါ့၊ ခါတိုင်းလိုပဲ မမဝေ ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ရမှာ ဟုတ်၊ အင်း စု ၅၀ ထည့်မယ်နော်”
“အင်း ကျေးဇူးပါ ညီမလေး စုရေ၊ ဘဏ်ထဲ ငွေလွှဲပြီးရင် မမဝေကို မက်ဆေ့ခ်ျလေးတစ်ချက်ပို့လိုက်ဦးနော်”
“ဟုတ် မမဝေ စိတ်ချ”
“ကိုရေ စုတို့ ခါတိုင်းပို့နေကျ ပညာရေးအတွက် လစဉ်လှူငွေ ဆရာလေးဆီ လွှဲပေးပြီးပြီလား ဟင်”
“လွှဲပြီးပြီ စု၊ မနေ့ကပဲ ကို လွှဲခဲ့တယ်လေ၊ ဆရာလေးဆီ ဖုန်းဆက်ပြီး ငွေထုတ်ဖို့ ကုတ်နံပါတ်ပြောလိုက်ဦး”
“စုရေ ကိုယ်တို့ မြေကွက်ဝယ်တုန်းက ဘဏ်ကချေးထားတာလေ၊ အဲဒါလေးက နောက် ၆လလောက်ဆို ကျေပါပြီကွာ။  ကိုလည်း ဒီလပေးရမှာတွေများနေလို့ စုဆီက နည်းနည်းလောက် ကို့ကို ပြန်လွှဲပေးပါဦးကွာ။ ကို့လစာဝင်တော့ စုဆီ ပြန်လွှဲပေးပါ့မယ်”
“ကိုကလည်းကွာ စုလည်း မောင်လေးဒူဘိုင်းသွားဖို့ ဧဂျင့်ကို လေယာဉ်လက်မှတ်ဖိုး ဒီလ နောက်ဆုံးသွင်းပါ့မယ်ဆိုတာ အဲဒါ ပို့ရလိုက်ရပါရောလား။ ဘဏ်ကို အတိုးပေးချင်လည်း ပေးရပါစေကိုရာ၊  ဒီလတော့ ပေးနိုင်မယ် မထင်တော့ဘူး။ နောက်လ စု ငွေပိုမှာပါ၊ အဲဒီတော့မှ ကို ယူပါကွာ နော်”
“ဒီလထဲမှာ ရုံးကကောင်မလေး မင်္ဂလာဆောင်ရှိတယ်နော် စု၊ တရုတ်မင်္ဂလာဆောင်၊ ဟိုတယ်မှာဆိုတော့ အနည်းဆုံး တစ်စားပွဲကို ၈၀၀ ကျော် ၉၀၀လောက်ရှိမယ် ထင်တာပဲ၊ ကိုတို့ နှစ်ယောက်တက်မယ်ဆို ၁၅၀-၂၀၀လောက်တော့ လက်ဖွဲ့မှ ကောင်းမယ်ထင်တယ်နော် စု”
ဒီလိုနှင့်ပဲ ကျားကြီး ခြေရာကြီးဆိုသလို နှစ်ကြာလာသည်နှင့်အမျှ မိတ်ဆွေအပေါင်းအသင်းလည်း များ၊ လူမှုရေး၊ သာရေးနာရေးတွေလည်း များလာကာ ငွေထွက်ပေါက်ကြီးက ဝင်ငွေနှင့် ခြေရာချင်းတိုင်းရာက ကျော်လွန်ချင်ချင်ပင် ဖြစ်လာလေတော့သည်။
မတတ်နိုင်ပါ။ စုနှင့်ကို တစ်လတစ်လ ရသည့်လစာကလည်း မြန်မာပြည်က ဝန်ထမ်းတွေလိုပေ၊ တစ်လရ တစ်လသုံး ကုန်သည်သာ။ လကုန်သည်နှင့် အိမ်ဖိုးဖြတ်၊ ဖုန်းဘိုးသွင်း၊ ရေဖိုး မီးဖိုးပေး၊ အိမ်ကို ပို့၊ ဗာယီရအသုံးစားရိတ်များနှုတ်အပြီး ကျန်ငွေထဲမှ တစ်လအသုံးစားရိတ်ဖယ်သော် လက်ထဲ ကုန်သလောက်ပင်။ စီပီအက်ဖ်ဟုခေါ်သော လစာထဲမှ လစဉ် ၂၀ ရာခိုင်နှုန်းဖြတ်ကာ စုငွေအဖြစ် သိမ်းထားပေးသော စင်္ကာပူအစိုးရကိုပင် ကျေးဇူးတင်ရမလိုပေ။ မဟုတ်ပါက ဘယ်လိုမှ စုဆောင်းနိုင်မည် မထင်။  ဒီကြားထဲ စုရော ကိုပါ နှစ်ယောက်လုံးက သနားတတ်ကြသေးသည်။
“ကိုရေ ဟိုကောင်လေ၊ စုသူငယ်ချင်း ဝင်းမြတ်ကျော်ရယ်လေ၊ အလုပ်ပြုတ်လို့တဲ့၊ ခု အလုပ်သစ် ထပ်ရှာနေတာ။ ဒီကြားထဲ အိမ်ပို့ဖို့ ငွေလိုသတဲ့၊ သူမှ မပို့ရင် သူ့အိမ်က မိန်းမနဲ့ ကလေးတွေ ငတ်ရုံရှိတာ။ အဲဒါ လေး-ငါးရာလောက် ခဏချေးပါ၊ အလုပ်ရတော့ ပြန်ဆပ်ပါ့မယ် တဲ့”
အဲဒါမျိုးတွေကပင် စုတို့မှာ ခပ်များများ၊ နောက်တော့လည်း သူ့အလုပ် ကိုယ့်အလုပ်နှင့် မတွေ့ဖြစ်ကြတော့ ချေးငွေက တော်တော်နှင့် ပြန်မရတော့ပါ။ တစ်ခါတစ်လေ လမ်းမှာတွေ့လျှင်တောင် “ဟဲ့ ငါ့အကြွေး ပြန်ဆပ်ဦးလေ” ဟုပြောဖို့ရာ စုရော ကိုပါ နှုတ်မှ မထွက်ဝံ့ကြပါပေ။ သည်တော့ နောက်များမှာ ငွေချေးလာလျှင် အဆုံးခံနိုင်မည့်ပမာဏကိုသတ်မှတ်ကာ နိုင်သလောက်ကူညီတာပါဟုဆိုပြီး တစ်ခါထဲ အပြတ်ပေးလိုက်ကြတော့သည်။
“ကိုတို့မှာ ဟိုဘဝက သူများတွေဆီကယူလာခဲ့တဲ့ အကြွေးဟောင်းတွေ အတော်များတယ်ထင်ပါ့ကွာ”ဟု ကိုကပြောတော့ စုမှာ မချိတရိလေး ပြုံးနေရုံသာ။
XXXXXXXXXX
“စု လာယူလေ ဟင်းပွဲတွေမှ အများကြီးပဲ”
စုတို့ ကုမ္ပဏီညစာစားပွဲမှာ ဒီနှစ် အနှစ်(၂၀)ပြည့်ပွဲမို့ အတော်လေး ခမ်းနားလေသည်။ တက်ရောက်သူမှန်သမျှကို စားပွဲတင်လက်ဆောင်-Table Gift ပေးသည်ကပင် ဈေးအလွန်ကြီးလှသော Royal Albert ရွှေနားကွပ်ကြွေခွက်လှလှတွေဖြစ်ပြီး ကံစမ်းမဲမှာလည်း ဗလာမပါ၊ လူတိုင်းစေ့ တစ်ခုစီ ရမည်ဖြစ်၏။
စုတို့စားပြီးခဏမှာ ဂိမ်းကစားကြသော အစီအစဉ်၊ တစ်နှစ်လုံး ခွင့်ရက်မယူဘဲ လုပ်ရက်ပြည့်အလုပ်ဆင်းသူများကို လက်ဆောင်ပေးခြင်းများ၊ လုပ်သက် ဆယ်နှစ်နှင့် အထက်ဝန်ထမ်းများအား Long Service Award  ချီးမြှင့်ခြင်းအစီအစဉ်များ ဆက်တိုက်လာလေသည်။ နောက်ဆုံးမှ ကံစမ်းမဲဖောက်ခြင်း အစီအစဉ်စတင်လေရာ ကိုရော စုပါ ကိုယ့်ထိုင်ခုံနံပါတ်တွေပါသော လက်မှတ်ကို စိတ်လှုပ်ရှားစွာ တစ်ကြည့်ကြည့်နှင့် ရှိရ၏။
ပထမဆုံးဖောက်တာက နံပါတ်အကြီးပေါက်မဲတွေ၊ နောက်မှ နံပါတ်အသေးတွေဖြစ်ရာ ပထမပေါက်မဲနံပါတ်အကြီးတွေထဲ မပါပါစေနှင့် ဆုတောင်းရလေသည်။ စုတို့ ဆုတောင်းပြည့်သည်။ ပထမပိုင်းမှာခေါ်သော ပေါက်မဲနံပါတ်အကြီးတွေထဲ စုတို့ မပါ။ တစ်ဖြည်းဖြည်းနှင့် ခေါ်လာလိုက်သည်မှာ ဆုကြီး ၂၀သာ ခေါ်ရန်ကျန်တော့ပြီး ထိုဆုများသည် ဒေါ်လာ ၂၀၀နှင့် အထက် တန်ကြေးရှိသည့်ဆုမဲများသာ။
နောက်ဆုံး ဆုမဲ ၁၀ နှင့်အထက်အထိ စုတို့ လက်မှတ်များ မပါသေး။ သေချာပြီ၊ စုနှင့်ကိုတို့ ပေါက်မဲတွေ ၁ကနေ ၁၀အတွင်းမှာ ပါလေပြီ။ စုနှင့်ကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာကြရသည်။ နံပါတ် ၁၀ ပေါက်မဲခေါ်တော့ စုထိုင်ခုံနံပါတ်၊ ရသောဆုက Shopping Vouchers ၃၀၀ဘိုးဖြစ်ကာ မြန်မာပြည်အလည်ပြန်ရန် လက်ဆောင်ပစ္စည်းများ ဝယ်ရမည်မို့ ၃၀၀ဘိုးတော့ သက်သာလေပြီဟု စု ဝမ်းသာသွားသည်။ ကို့အလှည့်ကျတော့ ကိုက ဆုမဲနံပါတ် ၇ ဖြစ်ကာ တန်ဘိုး ၅၀၀ရှိသော လျပ်စစ်ပစ္စည်းများ ဝယ်ယူခွင့် ဈေးဝယ်လက်မှတ်ဖြစ်သည်။ ဒါလည်းမဆိုးပါ၊ လက်ပတော့ဝယ်နိုင်သည်၊ ကင်မရာပစ္စည်းများ ဝယ်နိုင်သည် မဟုတ်ပါလား။
ဒီနှစ်တော့ ကုမ္ပဏီညစာစားပွဲလာရတာ တွက်ခြေကိုက်သွားသည်။ ကိုနှင့်စု နှစ်ယောက်ပေါင်း ဒေါ်လာ ၈၀၀ တန်ကြေးရှိသော ဆုမဲ ၂ခုရခဲ့ပြီမို့ပင်။ စု ဂါဝန်အသစ်ဝယ်တာမှ ၆၉ဒေါ်လာ၊ ဒေါက်ဖိနပ်ကိုတော့ ရှိတဲ့ဖိနပ်အဟောင်းပဲ စီးလာကာ ကိုကတော့ ဝတ်နေကျ မီးခိုးရောင်ရှပ်လက်ရှည်နှင့် စတိုင်ဘောင်းဘီ အနက်ကွမ်းရိုးစင်းလေးပင် ဝတ်လာတာမို့ အရင်းသိပ်မများလှ။
“တွေ့လား စု၊ ကိုယ့်စေတနာ ကိုယ် အကျိုးပေးပါတယ်ကွာ၊ တစ်နေ့က အိမ်က အရေးပေါ်လိုလို့ ကြားပေါက်ပို့လိုက်တာက ဒေါ်လာ ၄၀၀၊ ခု ကိုတို့ ပြန်ရတာက ဒေါ်လာ ၈၀၀ဆိုတော့ ၂ဆကြီးများတောင်ပြန်ရတာ၊ အဲဒါကြောင့် အဖေက အမြဲတမ်းပြောတယ်။ ငါ့သားတဲ့ လူတစ်ယောက်စီမှာ မွေးကတည်းက ဖလားတစ်လုံးစီပါပြီးသားကွ တဲ့၊ အတိတ်ကံအရ ဖလားထဲမှာ ပါသင့်သလောက် ပါလာမယ်၊ ကျန်တာက ခုလက်ရှိ ပစ္စုပ္ပန်ကံဆိုတဲ့ အလုပ်ပေါ် မူတည်တယ်။ ကံ ဉာဏ် ဝိရီယစိုက်ပြီး ပြည့်အောင်ဖြည့်ဖို့က ကိုယ့်တာဝန်ပဲ တဲ့။ ဒါပေမဲ့လည်း ဖလားပြည့်အောင်သာ ဖြည့်လို့ရမယ်၊ အပြည့်လွန်လာရင်တော့ လျှံကျမှာပဲ ငါ့သား တဲ့”
“ဒီနေ့ရလိုက်တဲ့ ၈၀၀ကို တစ်နေ့က လျော့သွားတဲ့၄၀၀အတွက် ပြန်ဖြည့်လိုက်တော့ ကိုတို့ဖလားကြီးထဲမှာ ၄၀၀တောင် အပိုပြန်ဆောင်းပြီး ဖြည့်နိုင်ပြီပေါ့ ဟုတ်ဘူးလား”
“အင်း ဟုတ်တယ်နော် ကို၊ ဒါပေမဲ့ စုတို့မှာပါလာတဲ့ ဖလားက ဆိုက်ဒ်ကြီးတယ်ထင်ပါရဲ့ ကိုရယ်။ ပြည့်တယ်ကို မရှိဘူး၊ ဖြည့်နေရတာ မောလှပြီ”
စုစကားအဆုံးမှာ ကိုရော စုပါ ပြိုင်တူရယ်မောမိကြလေ၏။ စုတို့ ညစာစားပွဲက ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ နောက်တစ်နေ့ ရုံးတက်ရမှာမို့ အိမ်ကို စောရောက်ချင်စိတ်နှင့် ကားမောင်းနှေးသော ကို့ကို “ရွာကနွားလှည်းနဲ့ အပြိုင်မောင်းရင်တောင် ကိုပဲရှုံးမှာ”ဟု စုက သရော်တော့ “အိမ် ဘယ်မှမပြေးပါဘူး စုရာ” ဟု ကိုက ခပ်ပြုံးပြုံးဆိုသည်။
ရုတ်တရက် ရှေ့ကကားမှာ အတည့်သွားမလိုလမ်းကြောင်းယူထားပြီးမှ ကွေ့သည့်ဘက်သို့ လမ်းကြောင်းပြောင်းကာ စုတို့ကားရှေ့မှ ဖြတ်အဝင်၊ အရှိန်နှေးသော်လည်း ကို့ကားက ထိုရှေ့ကားနောက်မြီးကို ခပ်သာသာ ဝင်ဆောင့်မိလေတော့သည်။
“ဘုရား ဘုရား၊ ဆင်းကြည့်ပါဦး ကို ၊ ရှေ့ကား ဘာဖြစ်သွားပြီလဲလို့”
ဥပဒေကြောင်းအရ နောက်မှတိုက်သောကားက အမှားဖြစ်ရာ ကိုလည်း မျက်စေ့ပျက်မျက်နှာပျက်နှင့် အောက်သို့ဆင်းကာ ရှေ့ကားပိုင်ရှင်နှင့် စကားပြောကြည့်ရလေသည်။
XXXXXXXXXXX
စာရင်းချုပ်သော် ရှေ့ကားပိုင်ရှင်က ကားကိုဆေးပြန်မှုတ်ဖို့နှင့် ဝပ်ရှော့ပို့ရန်အတွက် သူ့အလုပ်မှ ခွင့်လည်းယူရဦးမည်ဖြစ်ရာ ဆေးမှုတ်ခအပြင် သူ့နေ့တွက်ခကိုပါ ထည့်ပေါင်းတောင်းခံသည်မို့ စုစုပေါင်း ဒေါ်လာ ၈၅၀ လျော်လိုက်ရလေတော့၏။
“ဘယ်လိုတုန်း ကို၊ စုတို့ဖလားကြီးကိုလည်း အပေါက်ဖာဖို့ ဆိုင်ပို့ဦးမှ ထင်ပါရဲ့၊ ဖလားကြီးက ပြည့်မလာတဲ့အပြင် ပေါက်များနေသလားပဲ နော်”
“အေးကွာ ကိုနဲ့စုက ကံတူအကျိုးပေးတွေဖြစ်မယ်၊ ကိုတို့နှစ်ယောက်ဆပ်ဖို့ အကြွေးဟောင်းတွေက တယ်လည်း များတာကိုးကွ”
ကြွေးဟောင်းဆပ်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဟု ကျေကျေနပ်နပ်ကြီး ခံယူထားကြသော စုတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောလိုက်မိကြသော်လည်း အရယ်ထက် အမောက အဆပိုနေမည်ဆိုတာ ပြောဖို့ရန်ပင် လိုအပ်လိမ့်မည်မထင်တော့။
ချစ်ကြည်အေး
(ဆရာမချစ်ကြည်အေးရဲ့ အတွေးအရေးတွေကို ထပ်မံဖတ်ရှူလိုသည့် စာဖတ်သူမိတ်ဆွေများအတွက် http://www.chitkyiaye.com/ ကို သွားရောက်လည်ပတ်ပြီး စာတွေ ဖတ်ရှူခံစားနိုင်ကြောင်းပါ။ )
ရာသီစာ လတန်ခူး
ရာသီစာ ဆိုတာ ရာသီအလိုက် ပထ၀ီ၊ အာဘော၊ တေဇော၊ ၀ါယော စတဲ့ ဓါတ်ကြီး(၄)ပါးနှင့် တည့်သင့်လျောက် ပတ်အောင် ကျန်းမာရေးနှင့်ညီညွတ်စေပြီး အသက်ရှည်စေသည့်  စားသောက်ရသည့် အစားအသောက်မျိုးပင် ဖြစ်ပါသည်။ ကျွန်မတို့ မြန်မာ လူမျိုးတိုင်းရဲ့ အာသီတကလည်း ရာသီအလိုက် ရာသီစာ များကို သုံးဆောင်ရမှသာ အာသာပြေ ကျန်းမာနေကြသည်လို့ ဆိုချင်ပါသည် ။ ရာသီစာ မစားလိုက်ရသည့် အခါမျိုးမှာ နေထိုင် မကောင်း ချင်သလိုလို ဟာတာတာဖြင့် တစ်ခုခုလိုအပ်နေသည့် ခံစားချက်နှင့် နေထိုင်မကောင်းချင်တောင် ဖြစ်ချင်မိပါသည်။ ဆိုခဲ့သည့်အတိုင်း မြန်မာလူမျိုးများရဲ့ ရိုးရာပွဲတော်များကလည်း ရာသီအလိုက် ဆင်ယင်ကျင်းပလေ့ရှိကြပြီး ရာသီအလိုက် ဆင်နွှဲရတဲ့ ရာသီစာ ပွဲတော်များ၌ ပါဝင်ဆင်နွှဲခြင်း မရှိခဲ့ပါလျှင်မူ “ချဉ်ခြင်းတက်” အာသီသရှိသည့် ဆန္ဒတစ်ခု ကတော့ ရင်တွင်းခိုအောင်းသွားမည်မှာ အမှန်ပင်ဖြစ်ပါသည် ။
ဒီလို ရာသီစာ ပွဲတော်များအနက်မှ မည်သည့်နေရာဒေသ မှာမဆို ရောက်ရှိနေကြတဲ့ မြန်မာတိုင်းရင်းသား လူမျိုး အားလုံး ပါဝင်ဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာဆိုရင် တမူထူးခြားတဲ့ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်ကူးလအစ တန်ခူးလမှာ ကျင်းပတဲ့ ရိုးရာပွဲတော်ကြီးပဲ ဖြစ်ပါသည် ။
တန်ခူးလ ကို ပုဂံခေတ်ကျောက်စာရေးထုံး၌ “တန်” မှာ ပါဠိဘာသာဖြင့် “ထန်း” လို့ အဓိပ္ပါယ်ရသည်ဟုဆိုရာ “တန်ခူးလသည် ထန်းသီးများ ဆွတ်ခူးသောလ၊ ထန်းခူးသောလ” ဟု ရေးထုံးဖွဲ့ကြသည်။ မြန်မာစာပေ ထွန်းကားသည့် အင်းဝ ခေတ်ရောက်သော် “တန်ခူးလ” ဟု ရေးသားခဲ့ကြသည်။ ထို့နည်းတူ ရှေးစာဆိုများကလည်း “အတာကူးသောလ” ဟူ၍လည်းကောင်း၊ ဝေါဟာရ လိနန္တဒီပနီကျမ်းတွင် မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုလ် သင်္ကြန်အတာ ကူးပြောင်းသောကြောင့် “အတာကူးသောလ” ဟုလည်းကောင်း ဖော်ပြကြသည်။ ထို့ကြောင့် တန်ခူးလသည် “နှစ်ကူးလ၊ နှစ်ဆန်းလ၊ နှစ်ဟောင်းလွန်မြောက်၍ နှစ်သစ်သို့ ကူးပြောင်းသောလ” ဟု ဖွင့်ဆိုကြ ပါသည်။ တဖန် သင်္ကြန်ဆိုသည်မှာလည်း ပါဠိဘာသာ သင်္ကန္တ၊ သက္ကဋဘာသာ “သင်္ကြန္တ “ မှ လာသည်ဟု ပညာရှိ များက အဓိပ္ပါယ် ဖွင့်ဆိုကြရာ ကူးပြောင်းခြင်း၊  ပြောင်းလဲခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ရောက်ရှိခြင်း” ဟု သင်္ကြန် နှင့်သက်ဆိုင်သော မြန်မာ့အယူအဆနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဖတ်မှတ်ခဲ့ဖူးပါသည် ။
မြန်မာလူမျိုးတို့ရဲ့ (၁၂)လ ရာသီပွဲတော်များအနက် တန်ခူးလမှာ ဆင်ယင်ကျင်းပသည့် သင်္ကြန်ပွဲတော်သည် အနှစ်သာရ ပြည့်စုံတဲ့ ရည်ရွယ်ချက်၊ အဓိပ္ပါယ်များနှင့် ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံ အားလုံးသောသူများ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ အချင်းအချင်း အပြန်အလှန် ရေပက်ဖျန်းတဲ့ မဟာသင်္ကြန်ပွဲတော် (အတာရေ သဘင် ပွဲတော်) တစ်ခုပဲ ဖြစ်ပါသည် ။ ရှေးအစဉ်အဆက်ကတည်းက အစဉ်အလာဖြင့် ဆင်ယင်ကျင်းပလာသည့် ပွဲတော်မို့ တစ်နှစ်တစ်ခါ နိမိတ်ကောက်ယူ ကျင်းပသည့် မြန်မာ့နှစ်ဦး လတန်ခူး၏ ကျက်သရေ မင်္ဂလာရှိသော အတာ ရေသဘင်ပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။ တဖန် မြန်မာပြက္ခဒိန်မှာ တန်ခူးလဟာ နှစ်ဦးအစ ပထမလ ဖြစ်တာ ကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းခြင်း သဘောဆောင်သည့် နိမိတ်များ၊ မကောင်းသည့်ကံများ ကို အတာရေလို့ခေါ်တဲ့ သင်္ကြန်ရေစင်ဖြင့် တစ်ဦးကိုတစ်ဦး ပက်ဖျန်း ကြခြင်းဖြင့် နှစ်ဦးအစမှာ မင်္ဂလာယူတဲ့ ကောင်းသော နိမိတ်သဘောမျိုးဖြင့် ဆင်ယင်ကျင်းပတဲ့ မင်္ဂလာအပေါင်းကို သယ်ဆောင်လာတဲ့ ရိုးရာပွဲတော်ပဲ ဖြစ် ပါသည် ။
ထို့အပြင် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်သည့်အားလျော်စွာ သင်္ကြန်အခါရက်များအတွင်း တရားရိပ် သာဝင်ခြင်း၊ ဥပုသ်သီတင်းစောင့်တည်ကာ ဘာဝနာပွားများခြင်း အစရှိသည့် ဘာသာရေးကုသိုလ် များကိုလည်း တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည့် ရုံးပိတ်ရက်ရှည်ကာလမှာ တရားဘာသနာ ကုသိုလ် ယူသူများ၊ အယုတ်အလတ် အမြတ် မရွေး အလွှာအစုံစုံမှ သင်္ကြန်ရေကစားသူတို့အားလည်းကောင်း၊ ရိပ်သာဝင်၍ တရား ဘာဝနာပွားများသောသူများ အားလည်းကောင်း စတုဒီသာအကျွေးအမွေးဖြင့် ဒါနကုသိုလ် ယူခြင်း၊ ဝေယျာ ၀စ္စ အလုပ်များ ပြုလုပ်ခြင်းဖြင့် လုပ်အားကုသိုလ်ယူခြင်း အစရှိသည့် မြန်မာ့ရိုးရာ ဓလေ့၏ ရက်ကောင်း ရက်မြတ် အခါသမယလည်း ဖြစ်ပါသည် ။
တန်ခူးလ (ဧပြီလ) တွင်သာ ဖူးပွင့်ဝေဆာကြသည့် ရနံ့ထုံသင်း ၀င်းဝါတဲ့ ပွင့်ဖတ်သေးသေးဖြင့် ဖူးပွင့်သည့် ပန်းပိတောက်၊ အခိုင်လိုက် ဖူးပွင့်ဝေဆာကာ ရွှေဝါရောင် အစင်းရှိတဲ့ ငုဝါနဲ့ မထိတထိ ညှင်းသွဲ့သွဲ့ ပုတ်ခတ် တိုက်ခတ်တဲ့ နွေလေပူနှင့်အတူ လွမ်းလွမ်းဆွတ်ဆွတ် တွန်ကျုး တတ်တဲ့ ဥသြငှက် တို့ဟာလည်း နွေပြယုဂ် နှင့် အတူ တန်ခူးလရာသီရဲ့အလှကို ထပ်ဆင့်ဖော်ဆောင်လို့နေပါတယ်။ သို့ပါသောကြောင့် တန်ခူးလ(ဧပြီလ) ရောက်လာသည်နှင့်တပြိုင်နက် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောက်ရှိ နေထိုင်ကြသည့် မြန်မာတိုင်းရင်းသား လူမျိုးများတိုင်းရဲ့ စိတ်အစဉ်နှလုံးသားဝယ် ပိတောက်ရနံ့နှင့်အတူ အတာရေ သဘင်ပွဲတော် ကို လွမ်းဆွတ်တမ်းတ နေကြမည်မှာ အမှန်ပါပဲ ။
အောင်အောင်(ယဉ်မွန်) ရေးသားသည့် အတာတေးနှင့် မန္တလေးသင်္ကြန် စာအုပ်တွင် သင်္ကြန်ပွဲတော်သည် မင်္ဂလာရှိသော နိမိတ်ကောင်းဖြင့် အနှစ်သာရ ပြည့်စုံစွာနဲ့ ဆင်ယင်ကျင်းပသည့်အလျောက် သင်္ကြန်ပွဲတော်မှာ ရှောင်ကြဉ်စရာ ဓလေ့ကိုလည်း ရှေးပညာရှိတို့က မှတ်သားဖွယ်ရာဖြင့် “ အတာသင်္ကြန် အချိန်အခါတွင် ရုဒံ - ငိုကြွေးခြင်းကို သော်လည်းကောင်း၊ မေထုနဉ္စ- မေထုံမှီဝဲခြင်းကိုသော်လည်းကောင်း၊ မံသံ - ဟင်းမျိုးစိမ်းကို ၀ယ်၍ စားခြင်းကိုသော်လည်းကောင်း၊ သူရံ-သေရည်သေရက် သောက်ခြင်းကိုသော်လည်းကောင်း၊ ကောဓောစ- အမျက် ထွက်ခြင်းကိုသော်လည်း၊ ရုဓံ- သွေးထုတ်ခြင်းကိုသော်လည်းကောင်း၊ တေလိကံ - ဆေးဆီ လိမ်းခြင်းကို သော်လည်းကောင်း၊ နကေရ - မပြုရာ၊ မရောင်းအပ်၊ ဣမာနိဒသကမ္မာနိ - ဤသို့ (၁၀)ပါးသော အမှု တို့ကို၊ သက္ကောပိ - သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ - ဖဲကြဉ်ရာ၏၊ ဤသို့ဆိုလျှင် ထိုမကြဉ်ရှောင်သော သူတို့ အား နတ်သိကြားမင်းတို့သည် မကောင်းသော ကြည့်ခြင်းဖြင့် ပျက်စီးသေကြေအောင် ကြည့်ရှု့သော ဟူ၏ “ လို့ မှတ်သားဖွယ် ဖော်ထုတ်သွားခဲ့သည်ကို ဖတ်ရှု့ဖူးပါသည်။ ပျို့ကဗျာတွင်လည်း “ မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့် ပါဏာသတ်ပုတ်၊ သောက်ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့် ဒေါသ မလွတ်၊ ဆီပွတ်လိမ်းဆင်း၊ သစ်ပင်ခုတ်ပြတ်၊ သတ်ခတ်တုန်ရှောင်၊ အရောင်းအ၀ယ်၊ ဤတစ်ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင်ထား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်၊ ဤ ကား သင်္ကြန်အလိုတည်း ” လို့ စပ်ဆိုထားရာ သင်္ကြန်အခါအတွင်း ရှောင်ကြဉ်စရာများကို တွေ့ရှိရပေသည်။
နောက်တဖန် သင်္ကြန်ဟုဆိုလိုက်သည်နှင့် ရိုးရာအစဉ်အလာဖြင့် ဆင်ယင်ကျင်းပသည့် အလှရေကစားယာဉ်များ၊ ရေကစားမဏ္ဍပ်များ၊ ရွှေခြေကျင်းဝတ်များကို ၀တ်ဆင်ကာ အဖွဲ့လိုက် သီဆိုကပြကြသည့် မန်းတလေးပျိုဖြူချော ယိမ်းအဖွဲ့ဝင်များဖြင့် ယနေ့တိုင် ဆင်နွှဲနေသည့် မန္တလေးသင်္ကြန် ပုံရိပ်များနှင့်အတူ ငွေငန်းဖြူ နှင့် မြို့မ၀ိုင်းတော်သူ ၀ိုင်းတော် သားများကို  ပစ်ပယ်ထားလို့ မရနိုင်ဟု ဆိုချင်ပါသည်။ မန္တလေးသင်္ကြန်နှင့် မော်လမြိုင်သင်္ကြန်တို့သည် မြန်မာ့ရိုးရာ အစဉ်အလာမပျက် ဆင်နွှဲရာမှာ နာမည်ကြီးသည့် မြို့ကြီး(၂) မြို့ဖြစ်ပါသည်။
မန္တလေးသင်္ကြန်သည် ဟိုးယခင်ကတည်းကပင် အစဉ်အလာကြီးကြီးဖြင့် ဆင်နွှဲလာသည့် သင်္ကြန်ပွဲတော်မှာ ယနေ့ ခေတ်သို့တိုင်ပင်ဖြစ်သည်။ အများအယူအဆအရ သင်္ကြန်ပွဲတော်အစ ပုဂံခေတ်ကလို့ အများက ယူဆကြပါသည်။  မဟာရာဇ၀င်၌ ဖော်ပြပါရှိသော နရသီဟပတေ့မင်းလက်ထက်က ကျင်းပသည့် အတာသင်္ကြန်ပွဲတော်မှာ ဒုတိယ ဖြစ်သော်လည်း မြန်မာပြည် အတွက်ဆိုသော် ရှေးအကျဆုံးတွေ့ရသော အတာသင်္ကြန်မှတ်တမ်းပင် ဖြစ်လေသည်။ သို့သော် ထို့ထက်စောသော ရေသဘင်ပွဲတော်လည်း ကျမ်းဂန်များတွင် လေ့လာတွေ့ရှိရပါသည်။ သာသနာဝင် ကျမ်းဂန်များအရ ကပ္ပိလ၀တ်ပြည် သာကီဝင်မျိုးနွယ်တို့ ရေဖျန်းသဘင် ဆင်ယင်ကစားကြခြင်းသည် အတာ သဘင် သမိုင်းစဉ်တွင် ရှေးကျသော မှတ်တမ်းတစ်ရပ်ဖြစ်ပေသည်။
အတာရေနန်းသဘင်ကို ရှေးမြန်မာဘုရင်များလက်ထပ်မှစ ၍ ရတနာပုံခေတ်တိုင်အောင် အဆင့်ဆင့် ထိန်းသိမ်း ကျင်းပ ဆင်နွှဲလာရာမှ ရတနာပုံ နေပြည်တော်ကြီးသည် မန္တလေးမြို့ကြီးအသွင်သို့ ပြောင်းလဲလာသည့်တိုင်အောင် ရှေးမြန်မာလူကြီးများမှ အဆင့်ဆင့် လက်ကမ်းထိန်းသိမ်းလာသည့် ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကြီးကို မန္တလေး မြို့တော်သူ၊ မြို့တော်သားတို့က ရိုးရာမပျက် ကျင်းပလာခဲ့ကြသည်။ ထို့အတူ အတာတေးသီချင်းတို့သည်လည်း နန်းဆန်သည့် မန္တလေးသင်္ကြန်ကို ဝေဆာစေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ကာလအတန်ကြာ သည်ထိ သင်္ကြန်အမြှောက်သံကြားမှ စတင်ရေကစားသည့် ဓလေ့များ၊ မန္တလေးနေပြည်တော်တွင် သင်္ကြန် အမြောက်ပစ်လို့ စတင်ရေကစားကြပြီဆိုသည့် အသံကြားမှသာ စတင်၍ ရေကစားကြသည့် မန္တလေး၏အနီး ၀န်းကျင်မြို့များမှ အလေ့အထများ၊ သင်္ကြန်ရက်၌ ညနေ (၆)နာရီတိုင်သည်နှင့် ရေကစားခြင်းကို ရပ်ဆိုင်းလိုက် သည့် အလေ့အထ၊ အကြိုနေ့တစ်နေ့လုံး တစ်ညလုံးနှင့် အတက်နေ့၏ညများ၌လည်း လုံးဝ ရေမပက်သည့် အလေ့ အထများရှိခဲ့ ပါသည်။ သင်္ကြန်မောင်မယ်တို့၏ စနစ်တကျ ဆင်နွှဲကြသော ပင်ကိုယ် ဓလေ့ စရိုက်များမှာ ရှေ့က နည်းပေးလမ်းပြ သင်္ကြန်ပွဲများအတိုင်း လိုက်နာကျင့်သုံးလာရာမှ၊ စည်းကမ်းနှင့် ညီညွတ်သည့် ဓလေ့များကြောင့် မြန်မာ့ရိုးရာ သင်္ကြန်တွင် မန္တလေးသင်္ကြန်သည် ယဉ်ကျေးမှုသင်္ကြန်အဖြစ် ပြယုဂ်တစ်ရပ် တွင်ခဲ့ပေသည် ။
စစ်ကြိုသင်္ကြန်ကာလများက ရေသဘင်အဖွဲ့များသည် အသံချဲ့စက်မပါဘဲ စုပေါင်း၍ သီချင်းဆိုကြ၊ သံချပ်ထိုးကြ သည်က များခဲ့သည်။ “တူးပို့..တူးပို့“ ဟူသည့် သင်္ကြန်ဒိုးတီးကွက်သည် စစ်ပြီးကာလမှ မန္တလေး မြို့မတူရိယာ အဖွဲ့ကြီးမှ ဆရာမြို့မငြိမ်း၊ မြို့မလေးလေးရင်၊ ဦးလှဒင်(ဗုံ)၊ ဦးထွန်းရှိန်နှင့် ဦးထွန်းရင်(အုပ်စုံ)တို့က တာပလာ ခေါ် ကုလားဗုံနှင့် စည်တိုကို တွဲဖက်၍ စည်းချက်ကျကျနှင့် က ၍ကောင်းအောင် သင်္ကြန်နှင့်လိုက်ဖက်သည့် “တူးပို့.. တူးပို့” အသံကို စမ်းသပ်ရှာဖွေ တီထွင်ခဲ့ကြခြင်း ဖြစ်ပါသည် ။
“ ဘေပို .. တူးပို့ ..တူးပို့ ..တူး ..” မြည်သော ဗုံ၏အသံတို့သည် အခြား သင်္ကြန်ဒိုးတီးကွက်အသံများနှင့် မတူ၊ တမူထူး ခြားစွာ မြူးကြွနေသည်ဖြစ်၍ သင်္ကြန်အကနှင့်လည်း ရောင်ပြန်ဟပ်နေသည်ကို တွေ့ရှိရသည်ဖြစ်ရာ မြို့မအဖွဲ့မှ သင်္ကြန်သီချင်းများ တီးမှုတ်ရာ၌ ဒိုးအုပ်သံကို “တူးပို့ .. တူးပို့” တီးလုံးအသံဖြင့်သာ အသုံးများလာခဲ့ လေသည်။ တစ်ချိန်က မြို့မတူရိယာအဖွဲ့၏ ဂီတပညာရှင်များ စတင်တီထွင်ခဲ့သည့် “တူးပို့ .. တူးပို့” အသံကို ကြားရ သူတိုင်းက သင်္ကြန်သီချင်းဟု သတ်မှတ်၍ အသိအမှတ်ပြုလိုက်ကြသောကြောင့် မန္တလေး “တူးပို့…တူးပို့“ အသံမှာ ယနေ့ မြန်မာ့ သင်္ကြန်တေးသီချင်းတိုင်း၏ “တူးပို့..တူးပို့” အဖြစ်သို့ ကျယ်ပျံ့စွာ ရောက်ရှိလို့ လာခဲ့ပေသည်။
မန္တလေးအတာရေနန်းသဘင်သည် အစဉ်အလာ ကြီးသည့် မြန်မာ့သင်္ကြန်ကို ညွှန်းဆိုကိုယ်စားပြုခဲ့ပါသည် ။
ကျွန်မတို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်းမှာ ရိုးရာပွဲ ဟူသည် ရှိကြသည့်အလျောက် မည်သည့် နိုင်ငံ၊ မည်သည့် ရိုးရာပွဲမဆို အသွင်ပြောင်း ခေတ်မီဖို့ထက် ရိုးရာအစဉ်အလာ မပျက်အောင် ထိန်းသိမ်းရမည်မှာ အဓိက ဖြစ်ပြီး လူမျိုးစုတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါပေသည် ။
“ချောင်းရိုး မြောင်းရိုးသာ ကောလေ့ရှိ၏၊ မျိုးရိုးရှိနေသရွေ့ အစဉ်အလာနှင့် ရိုးရာကတော့ ရှိနေပါမည်”  ဆိုတဲ့အတိုင်း မြန်မာ့နှစ်ဦးအချိန်အခါ တန်ခူးလရာသီ ရောက်လာလေတိုင်း မြန်မာပြည်တွင်း အနယ်နယ်အရပ်ရပ် မှာ ရောက်ရှိနေထိုင်ကြတဲ့ တိုင်းရင်းသား မြန်မာလူမျိုးအချင်းချင်းစုစည်းပြီး ရိုးရာသင်္ကြန်းပွဲတော်ကို ရင်းနှီးပျော်ရွှင် စွာ ဆင်နွှဲကြသည့် ဓလေ့၊ ပြည်ပရောက် မြန်မာတိုင်းရင်းသား လူမျိုးတို့မှလည်း မြန်မာ့ရိုးရာသင်္ကြန်းပွဲတော်ကို မမေ့မလျော့ဘဲ အစဉ်အလာနှင့်အညီ စောင့်ထိန်းကျင်းပကြသည့် ဓလေ့များမှာ ဂုဏ်ယူစရာ ကောင်းသည့် အစဉ် အလာကိုထိန်းသည့် အကျင့်ကောင်းလေးပဲ ဖြစ်ပါသည် ။
အနှစ်သာရ ပြည့်ပြည့်စုံစုံဖြင့် နွှဲပျော်ရသည့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်ပွဲတော်ဟာ တခြားသော ပွဲတော်များလို ကျင်းပသည့်ပွဲတော်မျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ တိုင်းသားရင်း မြန်မာလူမျိုးတိုင်းက လွတ်စွာ ကိုယ်တိုင်ပါဝင်ကာ တီး၊ ဆို၊ ကပြ၍ ပျော်ရွှင်ယဉ်ကျေးစွာနှင့် ရေပက်ဖျန်းကစားရသည့် တမူထူးခြားသည့် ရိုးရာ သင်္ကြန်ပွဲတော်ပဲ ဖြစ်ပါသည် ။
ဒီလိုမျိုး ရိုးရာအစဉ်အလာကြီးကြီးဖြင့် ကျင်းပလာသည့် သင်္ကြန်ပွဲတော်ဟာ ဖွံ့ဖြိုးလာသည့် ခေတ်စနစ်နှင့်အညီ လူသားတိုင်း၌ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသည်ဟု အကြောင်းပြုကာ ရိုးရာပျောက် ၀တ်စားဆင်ယင်၊ ကျင်းပ ဆင်နွှဲ နေကြသည်ကို မြင်ရသည်မှာ မြန်မာလူမျိုးတစ်ယောက်အဖို့ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရပါသည် ။ နှစ်ဦးအစ မှာ မင်္ဂလာအတိတ်နမိတ်ဖြင့် ဆင်နွှဲခြင်းမျိုးဖြစ်ပေမယ့်လည်း ယနေ့ခေတ်အရ အစဉ်အလာ မရှိသလောက် ပျောက်ကွယ်နေပြီး ကိုယ့်ရဲ့ ရိုးရာ ယဉ်ကျေးမှုအစား မွေးစားယဉ်ကျေးမှုဖြင့် သီဆို၊ ကပြ ဆင်နွှဲနေကြသည်မှာ မမြင်ချင်၊ မမြင်သင့်သည့် မြင်ကွင်းများပင် ဖြစ်ပါသည် ။
သင်္ကြန်ကာလသည် တန်ခူးလနှင့်အတူ ရွှေဝါရောင်အဆင်းရှိသည့် ပိတောက်ပန်း၊ ဒိုးပတ်သံများဖြင့် ထိုးသည့် သင်္ကြန်သံကျပ်သံ၊ ဘယ်ညာကိုယ်စီ ဟန်ချက်ညီညီ ယိမ်းနွဲ့ကပြတဲ့ သင်္ကြန်အကနှင့်အတူ သင်္ကြန်ကာလပုံရိပ်များ ကို ဖော်ညွှန်းထားသည့် သင်္ကြန်ပုံရိပ် သီချင်းများနှင့်သာ ပနံသင့်လှပါတယ် ။
ထို့ပြင် နိုင်ငံခြားသားဧည့်သည်များသည်ပင် ပါဝင်ဆင်နွှဲကြသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် (အတာသင်္ကြန် ပွဲတော်) ဟာ ဆိုရင်ဖြင့် မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြင့် ဆင်နွှဲပျော်ပါးရသည့် ပွဲတော်များဖြစ်လိုက်လျှင်ဖြင့် မည်မျှ လောက် မင်္ဂလာရှိသော အတာသင်္ကြန်ပွဲတော် ဖြစ်လိုက်မည်နည်းရှင် ။
ပန်းအိ
ကိုးကားစာရင်
အတာတေး နှင့် မန္တလေးသင်္ကြန်၊ အောင်အောင် (ယဉ်မွန်)
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More