လမင်းရေ......
ကိုယ်ပြောပြမယ်နော်.... လမင်းလေးကို ကိုယ်
သိပ်မြတ်နိုးတယ်...။ တိမ်လွှာတွေ ဝေ့ ၀ဲနေတဲ့ ကိုယ့်ဘဝ
ကောင်းကင်ကြီးထဲမှာ.... ကိုယ်ပိုင်ဆိုင်သမျှ တစ်ခုတည်းသော
မြတ်နိုးပွင့်လေးပါ....။ ကိုယ်ဘယ်လောက် ချစ်တယ်...။ ကိုယ် ဘယ်လောက်မြတ်နိုး
ခဲ့ရတယ် ဆိုတာကို လမင်းလေးက မသိနိုင်ခဲ့ဘူးနော်.......။
ကိုယ့်ဘ၀ထဲက လမင်းလေး.... ။ ကိုယ့်ဘ၀ရဲ့
ကောင်းကင်ကြီးမှာ ထွန်းလင်းလိုက်နော်...။ တကယ်ဆို လမင်းလေး ရဲ့နေရာက
ကောင်းကင်ကြီးပဲလေ ဟုတ်တယ်နော်......။
ဒီ ကောင်းကင်ကြီးက ကြည်လင်တယ်.. လှပတယ်၊
ကျယ်ပြန့်တယ်.. အစွန်းနှစ်ဘက်ကင်းလွတ်ပါတယ်..။ နောက်ပြီး လမင်းလေးရဲ့
သဘောအတိုင်းလဲ ရွေ့လျားနိုင်ပါတယ်... ။ လမင်းလေး ရွေ့လျားနေတာကို
ကိုယ်အမြဲတမ်း ကြည့်နေ ဖြစ်ခဲ့တယ်.. ဆိုတာ လမင်းလေးက မသိခဲ့ဘူးနော်...။
တစ်ခါတလေ လမင်းလေး နွမ်းခြောက် လျော့ကျသွားတဲ့အခါ ကိုယ်
ဝမ်းနည်းနေခဲ့တယ်...လမင်းလေး ပြန်လည်ပြည့်ဖြိုးလာတဲ့အခါ ကိုယ်အရမ်း
ဝမ်းသာခဲ့တယ် လမင်းရေ.... ကိုယ်လေ အမြဲတမ်း လမင်းလေးကို ပြည့်ဖြိုးစွာ...
ထွန်းလင်း တောက်ပနေစေချင်တာပါ.....။ တကယ်တမ်းကျတော့လဲ လမင်းလေးအတွက်
ဆုံးဖြတ်နိုင်ခွင့်တွေ ကိုယ့်မှာ မရှိခဲ့ဘူးလေ....။
လမင်းလေး
ဆန်းစအချိန်လေးမှာပဲ ဖြစ်ဖြစ်.... ဆုတ်လျော့လာတဲ့ ညတွေမှာပဲ ဖြစ်ဖြစ်
ထွန်းလင်း တောက်ပနေစေချင်တာက ကိုယ့်ရဲ့ဆန္ဒ .. ကိုယ့်ရဲ့ ဖြစ်စေချင်တဲ့
စေတနာလေးတွေပါ.... .။ ကိုယ်တွေးကြည့်မိပါတယ်...။ ဒါဟာ မှန်သလား....မှားခဲ့သ
လားဆိုတာကိုပေါ့......။
ကိုယ့်ရဲ့
အတ္တတွေကသိပ်ကိုကြီးမားခဲ့တယ်နော်၊
လမင်းလေးအမြဲမပြတ်ထွန်းလင်းနိုင်ဖို့အတွက် အမြဲတမ်း ညနက်နက်ကြီးတွေ
ဖန်ဆင်းပေးထားရမှာပေါ့..... ။ ဒါက မဖြစ်နိုင်တဲ့ အတွေးတွေပါ.... ။
လမင်းလေးက
သူ့သဘာဝအတိုင်း နေမင်းကြီးရဲ့ အလင်းရောင်တွေကို ရယူပြီး ညမှာ...
အေးချမ်းခြင်းတွေ ကို ပြန် လည်ဝေမျှ ပေးရမှာလေ... ဒါမှလဲ လူတွေက
လမင်းလေးကို ချစ်ကြမှာပေါ့နော်.... .။ ကိုယ်နားလည်လိုက်ပါတယ်
လမင်းလေးဆီမှာ....လှပတဲ့ တာဝန်တွေ ရှိနေခဲ့တယ်ဆိုတာကိုပေါ့....။
လမင်းလေး
ထွန်းလင်းလာရင်..... မိဘတွေက ရင်သွေးငယ်လေးတွေကိုပြပြီး
မေတ္တာရနံ့တွေသင်းနေတဲ့ ချစ်ခြင်း ဖွဲ့တဲ့ သံစဉ်တွေနဲ့ ပျော်ရွှင်စွာ
ချော့မြူကြမယ်၊ ကြည်နူးနေကြမယ်....၊ နောက်ပြီး ဘယ်သူ့ကို မဆို.... လှပတဲ့
စိတ်ကူး အေးအေးလေး တွေကို ဖြစ်ပေါ်စေမယ်...၊ ချစ်ကြတဲ့ သူတွေလဲ
လမင်းလေးရဲ့ အရိပ်အောက်မှာ ကဗျာဆန်ဆန်... ကာရံ လှလှတွေနဲ့ မမေ့ရက်နိုင်တဲ့
ချစ်ပုံပြင်လေးတွေ သီဖွဲ့ကြမယ်.....။ အဝေးမှာ ကျန်ရစ်သူတွေကလဲ လမင်းလေးထံ
မှာ လွမ်းရ ခြင်းတွေ တိုင်တည်လို့ စစ်မှန်တဲ့ ခံစား ချက်တွေကို
ရင်ဖွင့်ကြမယ်နော်......။ နောက်ပြီး လမင်းလေးရဲ့ အလင်းရောင်ကြောင့်
ကုမုဒြာကြာပန်းလေးတွေလဲ ပွင့်လန်းကြရမယ်... ညမွှေးပန်းရနံ့တွေလဲ သင်းပျံ့
ကြရမယ်....၊ ပါးလျတဲ့ မြူနှင်းတွေကိုလဲ ထိတွေ့ ခံစားကြရမယ်.....
တရိပ်ရိပ်နဲ့ တလိပ်လိပ်တက်လာတဲ့ ရေလှိုင်းနုနုလေးတွေကိုလဲ
မြင်တွေ့ခွင့်ရကြမယ်လေ...... ဘာပဲဖြစ်ဖြစ် လမင်းလေးနဲ့ ဆုံတွေ့ရသမျှ
အေးချမ်းနေရတာကလဲ အမှန်တ ရားတွေပါပဲနော်....။
လမင်းလေးရေ.....
တစ်ခါတရံမှာ ညိုညစ်ညစ် တိမ်သလ္လာ တွေကြောင့် စိတ်မချမ်းမြေ့ခြင်းတွေကိုများ
ကြုံတွေ့ခဲ့သေးသလား....ဟင်။ စိတ်မပျက်နဲ့နော်.... ထာဝရ အလှတရားအတွက်
မျှော်လင့်ချက်မဲ့နေတဲ့ တိမ်ညိုတွေက ခဏ တော့ နှောင့်ယှက် ကြမှာပါ...
ဒါပေမဲ့လမင်းရေ.... အကြာကြီးတော့ မဟုတ်ပါဘူး.... ဝေ့၀ဲ လွင့်မျောတတ်တဲ့
သဘာဝ အရ.... သူတို့တွေ လွင့်ပါးပျောက် ကွယ်သွားကြမှာပါ... လမင်းလေးရဲ့
အလင်းရောင်တွေက ဖုံးအုပ်ထားတဲ့ အချိန်မှာတောင် ရုန်းကန်
တိုးထွက်နေကြတာပဲလေ... တစ်ခါ တလေ ဒီလို ရုန်းကန်လှုပ်ရှားခြင်း
အရိပ်တွေကို ကြည့်ရင်း... အားအင်တွေနဲ့ သတိတွေ ၀င်လာတတ်တဲ့ သူတွေလဲ
ရှိပါတယ်။ နောက်ပြီး ကောင်းကင်ကနေ... အမျှင်တန်းပြီး
လွမ်းစရာအရိပ်တွေကို ဖြစ်ပေါ်စေ တဲ့ အလင်းတန်းတွေကိုလဲ လမင်းလေးက
ဖန်ဆင်းပေးနိုင် ခဲ့ပါတယ်။ လမင်းကိုနှောင့်ယှက်တဲ့ တိမ်သလ္လာအညိုအညစ်တွေက
လမင်းလေးကိုပိုလို့လှပစေခဲ့တယ်ဆိုတာကိုတော့ သူတို့ကိုယ်တိုင်
မသိနိုင်ခဲ့ပါဘူး... တိမ်လွှာတွေကြားက ရုန်းကန်လှုပ်ရှားနေ တဲ့ လမင်းရဲ့
အလှကလဲ သဘာဝအကျဆုံး ရှင်သန်နေတဲ့ ပန်းချီကားတစ် ချပ်ပါ လမင်းရေ....
လမင်းလေး
တကယ်လို့လေ..... အဆင်မပြေတာတွေကြားမှာ ခဏလေးဖြစ်ဖြစ် ခိုနားချင်ခဲ့ရင်
အနောက် ကိုလှည့် ကြည့်လိုက်နော်... အဆုံးအစမဲ့တဲ့ ကိုယ့်ဘ၀ ကောင်းကင်ကြီး
ရှိပါတယ်.... ကျယ်ပြန့်တယ်.... ရှင်းသန့်တယ်.... လမင်းလေးရဲ့ ဘ၀ လမ်းမှာ
ဟန့်တားခြင်းတွေလဲ ကင်းပါတယ်..... ကြိုက်သလို
ရွေ့လျားခွင့်ရှိတယ်နော်.....။
နောက်ပြီး ဘ၀ရဲ့
အချိန်တစ်ဝက်တွေကို မှောင်မိုက်ခြင်းတွေနဲ့
ဖုံးလွှမ်းပေးထားပါတယ်...လမင်းလေး အတွက်ပေါ့ နောက်တစ်ခုကလေ.... လမင်းလေး
ပျင်းနေမှာ စိုးလို့.. မထည်ဝါ မခန့်ငြားပေမဲ့ ဖြည့်စွမ်းနိုင်သမျှ
ထွန်းလင်း ပေးနေကြတဲ့ သနားစရာ ကြယ်တာယာလေးတွေ ကိုယ့်ဘ၀ရဲ့ မိုးကောင်းကင်
မျက်နှာကျက်မှာ ချိတ်ဆွဲပေးထားတယ်နော်.... လမင်းကျေနပ်နိုင်ပါစေ....။
(ကွန်ဆူးမား)
0 comments:
Post a Comment