Sample Text
ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။
Pages
အလွမ်းရာသီ ၆၆
ကျုပ်တို့ ကို
ဂျပန်တွေ လက်သဲခွံခွါ ဆားပက် ရက်ရက်စက်စက် နင်း
ကိုယ့်မြေကိုယ်နေရင်း. နင်းပြားကျွန်ခေတ်စနစ်အောက်
ရုန်းထွက်ထိုးဖေါက် လွတ်မြောက်ရဖို့ ..
လွတ်လပ်ရေး…      ပထမ….လွတ်လပ်ရေး
လွတ်လပ်ရေးသာ..  ဒုတိယ.  လွတ်လပ်ရေး
လွတ်လပ်ရေးရဖို့က တတိယ.. လွတ်လပ်ရေး..
ဇွဲ.မာန် ခံယူချက်တွေ တင်းတင်းရင်းရင်းကိုင်စွဲ
တော်လှန်ရင်း..တော်လှန်...မြန်မာတို့ အောင်ပွဲ..။
ရမ္မက်ကြီးသူတို့ ရဲ့ အစွန်းလွန်အတ္တအောက်
ဝမ်းနည်းကြေကွဲဖွယ်ရာ အသက်ပျောက်ကြရ
အမိမြေအတွက် အာဇာနည်သူရဲကောင်းများ
တထောင့်ကိုးရာ့လေးဆယ့်ခွန်(ခုနှစ်)
မနက်ဆယ်နာရီသုံးဆယ့်ခုနှစ် မိနစ်တွင်ကျရှူံးခဲ့ရ။
အာဇာနည်….အဖေတို့ 
ဂျိုး(ချိုး) ကူသံ သာယာမချို
ဒေါင်းပျိုတို့ အက မလွတ်လပ်
အထပ်ထပ်သော ဘောင်တွေ..ထောင်တွေနဲ့ 
ဥသြဆွဲအချက်ပေးသံ မဝေတော့တဲ့ ဆယ့်ကိုးဇူလှိုင်
ခြောက်ဆယ့်ခြောက်နှစ်သာကြာခဲ့
အနှောင်အဖွဲ့ တွေနဲ့  လွတ်လပ်တဲ့ ကျုပ်တို့ မြေ
ခုလည်းလေ…..
ခ၀ါမချတဲ့ မာနတွေနဲ့ 
အလင်းမ၀င်သေးတဲ့ သူတို့ အတ္တ
စကားလုံးလှလှဆင်ယင် ဂွင်(ခွင်)တွေနဲ့ လား
ကျွဲခတ်မှုကြားမှာ မြေဇာပင်ကများမှများ...။
စွေးစွေးနီသွေးခင်း..အသက်များစွာနဲ့ ရင်း
ဒုက္ခအပေါင်းကင်းစေ. အဖေတို့ ပေးခဲ့အမွေ
လွတ်လပ်မြေ..လွတ်လပ်ပြီးသား..ဒီမြေ
ကျုပ်တို့ တတွေမှာ ခြေရှိပေမဲ့ နင်းစရာမြေမရှိဘူး အဖေ
စစ်မြေပြင်တွေနှင့် မြေမြုပ်မှိုင်းပါရဗွနဲ့ 
ကျည်ခွံဖြင့် အလှဆင်ထားတဲ့မြန်မာပြည်ပါ .အဖေ။
ဘယ်လိုအခြေနေ ဘာဘဲဖြစ်ပါစေ
ဘယ်လိုသောအရာနဲ့ မှ အစားထိုးလဲလှယ်မရတဲ့
အဖေတို့ ရဲ့  ကြိုးပန်းပေးဆပ်မှု မဟာတန်ဘိုး
ကျုပ်…ရိုကျိုးဝတ်တွား ဦးထိပ်ထားလို့ 
ကိုယ်ခန္ဓာမတ်မတ် ခြေစုံရပ်၍
အောက်မေ့လွမ်းဆွတ်တရားနဲ့  အလေးပြုပါ၏…။
ဗိုယ်ချုပ်အောင်ဆန်းနှင့်တကွ
မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကျရှုံးသွားသော
အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေး……..ပြု ။
မင်းတာရာ
ပုံပြင် မဟုတ်တဲ့ ပုံပြင်
သူငယ်ချင်းရေ ဒီလိုအချိန်တွေရောက်ရင် အဘိုးကို သတိရတယ်ဟာ လို့ ကျွန်မ သတိတရနဲ့ပြောတော့ သူငယ်ချင်းမလေးက အသံတိတ်လို့ ။ သူလည်း အဘိုးကို သတိရနေရှာမှာပေါ့။ အဘိုးက သူ့ရဲ့ အဘိုးအရင်း ကျွန်မကတော့ သူနဲ့ ပက်သက်ပြီးမှ အဘိုးကို သိခွင့်ရသူလေ။
"အဘိုးဆုံးတာကြာပါပေါ့" လို့ သူငယ်ချင်းမလေးပြန်ပြောလာတော့ တစတစနဲ့ အချိန်တွေကုန်ဆုံးသွားတာ မြန်လိုက်တာလို့ တစ်ယောက်တည်း တွေးရင်း သခါင်္ရတရားကို ဆင်ခြင်မိပြန်တယ်။
အဘိုးနဲ့ ပထမဆုံးစပြီးတွေ့ခွင့်ရတဲ့ အချိန်တုန်းက လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလ...သူငယ်ချင်းမလေးက ဆယ်တန်းအောင်ကာစ ကျွန်မက ပထမနှစ်ကျောင်းသူ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်လုံး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့အချိန်။
"အခုလာမယ့် အာဇာနည်နေ့ကျရင် ငါ့အဘိုးအိမ်မှာ အလှူရှိတယ် လာမလား" လို့ သူကမေးလာတော့ "အိုကေ"လို့ မဆိုင်းမတွဖြေရင်း သူ့အလှူကို ကျွန်မရောက်သွားခဲ့ဘူးသည်။
သူ့အိမ်ရောက်တော့ ဧည့်သည်က ကျွန်မတစ်ယောက်တည်း။ အဘိုးကတော့ ဘုရားစင်အောက်နားမှာ ကုလားထိုင်တစ်လုံးနဲ့ စာဖတ်နေပြီး အဘွားက မီးဖိုချောင်မှာ ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေခဲ့သည်။
"သူငယ်ချင်း အလှူက ဘယ်သူ့ကိုမှ မဖိတ်ဘူးလား ဧည့်သည်က ငါတစ်ယောက်တည်းလား" လို့မေးတော့ သူက မျက်လုံးနှစ်ဖက်လုံးပိတ်အောင်ပြုံးလို့ "အေးဟ ဧည့်သည်က နင်တစ်ယောက်တည်း " လို့ ခပ်ပြတ်ပြတ်ဖြေသည်။ ကျွန်မအတွက် ထမင်းစားပွဲလေးပြင်ပေးနေတဲ့သူ့ကို ဝိုင်းကူပြီး သူ့အလှူအကြောင်းကို စပ်စုတော့ သူငယ်ချင်းမလေးက စိတ်ရှည်လက်ရှည် ရှင်းပြရှာသည်။
"အဘိုးက ပြန်တမ်းဝင်အရာရှိဟောင်းလေ...ငါမွေးကတည်းက ဒီအချိန်အထိ အာဇာနည်နေ့ရောက်တိုင်း ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေအတွက် ရည်စူးပြီး ဘုန်းကြီးးငါးပါးကို သင်္ကန်းကပ်တယ် ဆွမ်းကပ်ပြီး အမျှဝေတယ် ပြီးတော့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ တစ်ယောက်တည်း အသံတိတ်အလေးပြုတယ်.....အရင်ကတော့ ဥသြတွေဆွဲတယ်ဆိုလား..... အခုတော့ ဥသြမဆွဲပေမယ့် အဘိုးက သူ့အချိန်ရောက်ရင် သူလုပ်စရာရှိတာကို မမေ့မလျော့လုပ်ရှာတယ်။"
"အခုနင်လာတာ နောက်ကျလို့လေ... ဘုန်းဘုန်းတွေက နေ့လည်ဆွမ်းဘုန်းပေးပြီး ပြန်ကြွသွားပြီလေ။ အဘိုးက ခြေရင်းခေါင်းရင်း နှစ်အိမ်က အသိမိတ်ဆွေနှစ်ယောက် သုံးယောက်ပဲဖိတ်ပြီး ဆွမ်းကပ်တာပါ.. အခြား ဘယ်သူ့ကိုမှ မဖိတ်ဘူးလေ....နင်သိပါတယ် အဘိုးရဲ့ ပင်စင်လစာက ဘယ်လောက်ရှိတာလိုက်လို့...."
သူငယ်ချင်းမလေးက အဘိုးရဲ့ ပင်စင်လစာလို့ပြောတော့ ကျွန်မအဘိုး အငြိမ်းစားအင်ဂျင်နီယာတစ်ယောက်ရဲ့ ပင်စင်လစာကို ပြေးမြင်မိသည်။
"အဘိုးက သူရဲ့ ပင်စင်လစာကို တစ်နှစ်ပတ်လုံး မသုံးမစွဲပဲ စုထားပြီး အာဇာနည်နေ့အတွက်ပဲ သုံးခဲ့တာ ကြာပေါ့... နင်သိတဲ့အတိုင်းပဲ ဒီအိမ်ရဲ့ အသုံးစရိတ်တွေအကုန်လုံး အဘွားကပဲ တာဝန်ယူထားတာဆိုတော့ အဘိုးက သူရတဲ့ ပင်စင်တစ်နှစ်စာကို ဒီနေ့အတွက် စိတ်ဖြောင့်လက်ဖြောင့်သုံးနိုင်တာပေါ့ဟယ်....."
သူငယ်ချင်းက အဘိုးရဲ့ ပင်စင်အကြောင်း ရယ်သွမ်းသွေးပြီးပြောပေမယ့် မရယ်နိုင်တာက ကျွန်မ။
အဘွားက ရုပ်ရှင်လောကမှာ လူသိများထင်ရှားတဲ့ အဓိက ဇာတ်ပို့တစ်ဦးမို့ အဘိုးနဲ့အဘွား နှစ်ယောက်တည်းရှိတဲ့ အိမ်လေးမှာ အဘွားရဲ့ ဝင်ငွေက အိမ်စရိတ်ကို အေးအေးဆေးဆေးထိန်းထားနိုင်သည်။
ကျွန်မတို့ နှစ်ယောက် ထမင်းဝိုင်းက မထနိုင်သေးပဲ အဘိုးနဲ့ အဘွားအကြောင်းတွေ ပြောနေတုန်း အဘိုးက ကျွန်မကို လာနှုတ်ဆက်ရှာသည်။
အသားဖြူဖြူ အရပ်ပြတ်ပြတ် မျက်ခုံးမွှေးတွေတောင် ဖြူစပြုနေပြီဆိုပေမယ့် အဘိုးက စိတ်ရောကိုယ်ပါ ကျန်းမာပုံရသည်။ အသက်အရွယ်အရ တလှမ်းချင်းသွားနေပေမယ့် တုန်တုန်ချိချိတော့ မဖြစ်သေး။ ကျွန်မ စိတ်ထင်လို့လားမသိ ကျွန်မကို နှုတ်ဆက်လာတဲ့  အဘိုးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ ရစ်သိုင်းနေသယောင်။
အဘိုးရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လွတ်လပ်ရေးမရခင် ခေတ်ကာလ တပ်မတော်ကို ကောင်းကောင်း သိမီခဲ့ပုံရသည်။ ကျဆုံးခဲ့တဲ့ အာဇာနည်ကြီးတွေရဲ့ တန်ဘိုးကို နှောင်းခေတ်လူတွေထက် နားလည်ခဲ့ပုံရသည်။
စစ်ပြန် တပ်မတော်သားတစ်ယောက်ရဲ့ ဘဝရပ်တည်မှုအပေါ်မှာ နှစ်ခြိုက်ပျော်မွေ့ခဲ့ပုံရသည်။ ဘဝတူ တပ်မတော်သားတွေကို ဂါရဝတရားထားပြီး လေးစားတန်ဘိုးထားတတ်ပုံရသည်။
အထူးသဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေဆဲ အချိန်မှာ ကျဆုံးခဲ့ရှာတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သူ့ရဲ့ ဘဝသက်တမ်းတလျှောက်လုံး သတိတရနဲ့ နှမြောမဆုံးရှိနေပုံရသည်။
အဘွားကတော့ အဘိုးထက်အသက်ငယ်ပုံရသည်။ သရုပ်ဆောင်တစ်ဦးမို့ ပေါင်းသင်းဆက်ဆံရေး ကောင်းလှသည်။ အဘိုးကိုလည်း ဂရုစိုက်ရှာသည်။ အဘိုးဆန္ဒအတိုင်း ဆွမ်းကပ်ဖို့ ကိစ္စအဝဝကို အလုပ်ပျက်ခံပြီး ပါရမီဖြည့်ရှာသည်။ချွေးတလုံးလုံးနဲ့ မမောနိုင် မပန်းနိုင်ချက်ပြုတ်ပေးရှာသည်။
နောက်ပိုင်းမှာတော့ အာဇာနည်နေ့ရောက်တိုင်း မမေ့မလျော့သွားဖြစ်တဲ့ အလှူက အဘိုးရဲ့ ပကာသန မရှိတဲ့ အလှူလေး။ ထုံးစံအတိုင်း တိတ်တိတ်ဆိတ်ဆိတ် ထမင်းဝိုင်းလေးမှာ သူငယ်ချင်းမလေးနဲ့ ထမင်းစား အသံတိတ် လွမ်းမောကြေကွဲနေပုံရတဲ့ အဘိုးကို လေးလေးစားစားနှုတ်ဆက် အာဇာနည်နေ့တိုင်း ကို အနှစ်သာရရှိရှိ ဖြတ်သန်းခဲ့တဲ့ အဘိုးအတွက် ဂုဏ်ယူအားကျ အတုယူ။
အဘိုးပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းက တကယ့်ကို မှတ်မှတ်ရရ
"အာဇာနည်တွေကို အလေးပြုဖို့ အာဇာနည်ကုန်းကို တကူးတက သွားစရာမလိုဘူးငါ့မြေးရဲ့.... အာဇာနည်ကြီးတွေကို ရောက်ရာအရပ်ကနေ သတိတရနဲ့ ဦးညွတ်တတ်ဖို့ပဲလိုတယ်..."
နောက်ပိုင်းမှာတော့ အဘိုးဆုံးပါးသွားတဲ့ သတင်းနဲ့ အဘွားလဲ မရှိရှာတော့ဘူးဆိုတဲ့ သတင်းတွေကို လေလှိုင်းထဲကတဆင့် ကြားခွင့်သိခွင့်ရခဲ့သည်။
ဒါပေမယ့် အာဇာနည်နေ့ရောက်တိုင်း အဘိုးရဲ့ မထင်မရှား အလှူလေးကို တမ်းတမ်းတတ လွမ်းဆွတ်မိစမြဲ....
နိုင်ငံကို အသက်ပေးလို့ ကာကွယ်စောင့်ရှောက်ပေးခဲ့ရှာတဲ့ စစ်ပြန် စစ်မှုထမ်း ပင်စင်စားတွေအတွက် နိုင်ငံတော်က ပြန်လည်ပေးဆပ်ခဲ့တဲ့ အငြိမ်းစားလစာငွေရယ်လို့ မြင်မိ ကြားမိလေတိုင်း အဘိုးရဲ့ တစ်နှစ်စာ ပင်စင်ထောက်ပံ့ကြေးနဲ့ ဘုန်းကြီးငါးပါး ဆွမ်းကပ်အလှူလေးကို ညီမျှခြင်းချ သက်မမောလေးချလို့ အဘိုးကို လေးစား ဦးညွတ်.....
အာဇာနည်နေ့မှာ ဥသြ ဆွဲရေး မဆွဲရေးအတွက် နဖူးတိုက် ဒူးတိုက် ငြင်းခုန်နေကြသူတွေကို တွေ့မိတော့ မချိပြုံးလေးပြုံးမိ။
နှစ်ပေါင်း ခြောက်ဆယ်နီးပါး အာဇာနည်နေ့ရောက်တိုင်း ဘုရားခန်းလေးထဲမှာ တစ်ယောက်တည်း အသံတိတ်အလေးပြုခဲ့ရှာတဲ့ အဘိုးကို အကြိမ်ကြိမ် လေးစားဦးညွတ်ရင်း...
ဒါတွေဟာ ပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ဘူးဆိုတာ မျိုးဆက်သစ်လေးတွေကို သိစေချင်ပါရဲ့.....။
နှင်းနဲ့မာယာ
ပြောလိုက်ပါဘိ၊ ဟောပါဘိ
"ပြောလိုက်ပါဘိ၊ ဟောပါဘိ"
မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှဤမှ၊ တို့လမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မီးကြိုးခွင်းသို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ၊ သချိုင်းထိ။
ဇော်ဂျီ
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး နံနက် ၁၀နာရီ ၃၇ မိနစ်တွင် လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။
မြန်မာ့သမိုင်းတွင် အရေးကြီးသည့် သမိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ အာဇာနည်ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို အာဏရှင်လက်ထက် ခေတ်အဆက်ဆက်တွင် ဖျောက်ဖျက်မူများရှိခဲ့သောကြောင့် သမိုင်းဝင်နေ့ရက်များကို မမေ့မလျော့အောင် နိုင်ငံသားတစ်ယောက်အနေနှင့် သတိပေးနိုးဆော်ခြင်းသာဖြစ်သည်။
တိုင်းပြည်အတွက် အသက်ပေးခဲ့သော အာဇာနည် သူရဲကောင်း ကိုးဦး
၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၎။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊
၈။ ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊
၉။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။
ကမာနီလာ
၁၉ ဇူလိုင် မေ့နိုင်ပြီလား
ငါတို့တိုင်းပြည်မှာ
အာဇာနည်တွေ မလုံလောက်သေးဘူးလား…
ဒီအာဇာနည်တစ်နေ့ကိုတောင်မှ
မေ့ချင်ယောင်ဆောင်နေတတ်ကြတယ်…
လဲပြိုမတတ် အိုမင်းနေတဲ့
အတွင်းဝန်ရုံးအနီကြီးကိုငေးရင်း
ငါတို့လွတ်လပ်ရေးဆုံးရှုံးတာ
ဘယ်လောက်တောင်ကြာနေပြီလည်း
ဒါမှမဟုတ်
ငါတို့လွတ်လပ်ရေးကို
ငါတို့တွေမကာကွယ်တတ်ခဲ့တာလား
သခင်အောင်ဆန်းရေ
ဖခင်ပေးတဲ့မြေက
အာဇာနည်တွေထပ်တောင်းနေပြန်ပေါ့
ညီအစ်ကိုမသိတသိ
ကျွန်တော်တို့အားလုံး
အမှောင်ထဲပိတ်မိနေတယ် ဖခင်
၁၉ ဇူလိုင်တဲ့ တော်လဲလည်းမမြည်
ဥသြသံလည်းမဆွဲ
ကျွန်တော်တို့ရင်ဘတ်အမောတွေထဲ
ကမ္ဘာမကြေကို တိုးတိုးကျိတ်ဆိုမိခဲ့ပေါ့…။
မိုးလှိုင်ည
အာဇာနည်တွေ အကြောင်းကိုဖတ်တယ်
ဂျော့ဝါရှင်တန်အကြောင်းဖတ်တယ်
ဝင်စတန်ချာချီအကြောင်းကိုဖတ်တယ်
အေဗရာဟင်လင်ကွန်းအကြောင်းကိုဖတ်တယ်
နယ်ဆင်မင်ဒဲလားအကြောင်းကိုဖတ်တယ်
ချားဒီဂေါအကြောင်းဖတ်တယ်
ငုရင်ဟိုချီမင်းအကြောင်းကိုဖတ်တယ်
မော်စီတုန်းအကြောင်းဖတ်တယ်
ဗလာဒီမာလီနင်အကြောင်းကိုဖတ်တယ်
ချေဂွေဗားယားအကြောင်းဖတ်တယ်
ဖီဒယ်ကတ်စထရိုအကြောင်းကိုဖတ်တယ်
မဟာသီအကြောင်းဖတ်တယ်
ဂျဝါလာနေရူးအကြောင်းကိုဖတ်တယ်
ဂန္ဒီအကြောင်းဖတ်တယ်
ဟိုဆေးရီဇာအကြောင်းကိုဖတ်တယ်
ဒေါက်တာဆွန်ယက်ဆင်အကြောင်းဖတ်တယ်
ပါမောက္ခပရီဒီအကြောင်းကိုဖတ်တယ်
မစ္စဘူတိုအကြောင်းဖတ်တယ်
ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုဖတ်တယ်
ရွှေတိဂုံကို ဘယ်နေရာကလှမ်းတွေ့တွေငါ လက်အုပ်ချီမိတယ်
ငါဟာ… မြန်မာ..။
ရွှေတိဂုံဘေးပါတ်လည်မှာ…
သခင်ကိုယ်တော်မှိုင်းရှိတယ်
ဦးသန့်ရှိတယ်
ရဲဘော်ကိုထွေးရှိတယ်
မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းရှိတယ်
ဦးရာဇတ်ရှိတယ်
ဒီးဒုတ်ဦးဘချိုရှိတယ်
ဦးဖိုးကျားရှိတယ်
မန်းဘခိုင်ရှိတယ်
ဦးအုန်းမောင်ရှိတယ်
ဦးဘ၀င်းရှိတယ်
သခင်မြရှိတယ်…
ပြီးတော့ သခင်အောင်ဆန်း(ဗိုလ်တေဇ)ရှိတယ်…
ရန်ကုန်ကို ရန်သူ့လက်ထဲမှာ ငါတို့ ဘယ်လိုစိတ်ချထားရက်မလည်း…
ရွှေတိဂုံကိုမြင်တာနဲ့ ငါဟာ လက်အုပ်ချီရှီခိုးမိတုန်းပဲ…။
မိုးလှိုင်ည
သဘာဝတရား၏ သရုပ်မှန်
“ကျလိ…….ကျလိ……...ကျလိ……..ကျလိ”
အသံတွေကြားနေရပြီ။ အဲဒါ ကျုပ်မိတ်ဆွေတွေရဲ့ မနက်ခင်းတေးသံတွေ။ မနက်ဆို ကျုပ်အိပ်ရာထနောက်ကျတတ်မှန်းသိလို့ သူတို့အစာရှာထွက်ရင် ကျုပ်အိမ်ရှေ့ကနေဖြတ်ပြီး နှိုးသွားကြတာ။ ကျုပ်မှာလည်း သားနဲ့မယားနဲ့ တစ်နေ့ရှာမှ တစ်နေ့စားဘဝဆိုတော့လည်း သူများထက်အစားများများ ဦးအောင်စုနိုင်မှ။
အတောင်ပံတွေ အညောင်းဆန့်လိုက်ပြီး အမွှေးတွေနည်းနည်းသပ်ရပ်အောင်လုပ်လိုက်တယ်။ မနေ့က လက်ကျန်အစာလေးကောက်ဝါးလိုက်ပြီး အိမ်ပေါ်ကနေ အတောင်ပံအားကိုးနဲ့ ခုန်ချလိုက်စဉ်မှာပဲ…. အိုး ………. ကြည့်စမ်းပါဦးဗျာ။ ကောင်းကင်ကြီးက အုံ့မှိုင်းလို့ပြိုတော့မယ့်သယောင်။ ခုချက်ချင်းပဲ ငိုချတော့မယ့် ကလေးငယ် တစ်ယောက်လို။ ခါတိုင်းဆို ဒီအချိန် ကျုပ်အစာရှာထွက်ရင် ကြာကြာမပျံနိုင်ဘူး။ မိတ်ဆွေ နေမင်းကြီးက ကမ္ဘာကို သူတစ်ဦးတည်းပိုင်သည့်အလား အလင်းတွေဖြန့်ကြက်ထားလိုက်တာမှ။ ဒီနေ့တော့ ထူးထူးဆန်းဆန်း ကိုကောင်းကင်က သူ့ရဲ့ တိမ်မည်းလွှာတွေနဲ့ ရစ်ပတ်လွှမ်းခြုံထားတော့ မိတ်ဆွေနေမင်း စိတ်ထင်တိုင်း အစိုးမရနိုင်ရှာ။
“ဟေ့…………ကိုကောင်းကင်…….ဘာဖြစ်နေတာလည်းဗျ”
အရင်ဆုံးတွေ့တဲ့မိတ်ဆွေကြီးကိုကောင်းကင်ကိုလှမ်းနှုတ်ဆက်လိုက်တယ်။
“ဟင်……….ကိုငှက်ပါလား…….ခုမှလာသကိုး………”
“အေးဗျာ…အိပ်ရာထနောက်ကျနေလို့ဗျ….။ ခင်ဗျား… ဒီနေ့ တစ်ခုခုဖြစ်နေတယ်ထင်တယ်…….”
“အင်း………ကျုပ်စိတ်တွေအုံ့မှိုင်းနေတယ်………မကြည်လင်ဘူးဗျာ….. ရင်ထဲမှာလည်းတစ် ဆို့ဆို့ကြီးနဲ့……. ငိုလည်းငိုချင်တယ်ဗျာ………ဟီး……..ဟီး……..ဟီး…………”
ဟောဗျာ….. ပြောရင်းဆိုရင်း သူ့မျက်ရည်တွေ ကျုပ်ပေါ်လာစင်ပါလေရော….။
“ဟာ………ဟေ့………ဟေ့…..ကိုကောင်းကင်……….”
မရတော့…..။ ကျုပ် ခေါ်သံမကြားနိုင်အောင်ပင် သူရှိုက်ကြီးတငင်ငိုနေလိုက်တာ ကျုပ်တစ်ကိုယ်လုံးရွှဲရွှဲစိုလို့
နီးရာအပင်အောက် ဝင်ခိုရပြန်တယ်။ သူအငိုတိတ်တော့မှ အသာလေးလစ်ထွက်ဖို့တောင်ပံခတ်တော့……
“ အောင်မယ်လေး…… ”
စိတ်ထဲက အလန့်တကြား ဘုရားတမိသွားတယ်။ ကျုပ် အတောင်တွေ ရိုက်ချလိုက်သလိုဗျာ….။ တရားခံရှာတော့
ဘယ်သူများလည်းမှတ်တယ်။ မိတ်ဆွေကိုလေပြည်ကြီးကိုး……။
“ ခင်ဗျားဗျာ…….။ အတော်ဆိုးတယ်…….။ ကျုပ် ကံကောင်းလို့ မသေတာ…… ” တွေ့တွေ့ချင်း ဒေါသနဲ့ရန်ထောင်လိုက်တော့….။
“ ဆောရီးဗျာ…..။ ကျုပ် စိတ်တွေသိပ်တင်းကြပ်နေတာ ကြာပြီ။ မခံနိုင်တော့လို့ နည်းနည်းပါးပါးလျော့သွားအောင် ခပ်ပြင်းပြင်းလေးမှုတ်ထုတ်လိုက်မိတာပါဗျာ…………..”
လာပြန်ပြီ….. နောက်တစ်ယောက်…….။ ဒီနေ့မှ ဘာလို့များ ငိုချင်ရတာတွေ၊ တင်းနေရတာတွေနဲ့ ကြုံနေရတာပါလိမ့်နော်…..။
သူ့ကိုလည်းအသာလေးပြုံးပြနှုတ်ဆက်ပြီးအစာရှာထွက်ခဲ့ပြန်တယ်။
ဟော……. တွေ့ပြီ။ ရှေ့နားမှာ ဆန်စိလေးတွေ အပုံလိုက်ပါလား။ စောနက ငိုတာတွေ၊ တင်းတာတွေနဲ့ တွေ့ပြီး ခုတော့ ကံကောင်းပြီထင်ပါ့။ လောဘစိတ်လေးနဲ့ ကျုပ် ခပ်မြန်မြန်လေးတောင်ပံခတ်လိုက်တယ်။
“အမယ်လေး…..ဘာတွေလဲဗျ……….”
စေးထန်းထန်းအရာတွေ ကျုပ်ခြေထောက်ပေါ်လာပေကျံတော့ အလန့်တကြား အော်မိပြန်တယ်။
“အော်……… မိတ်ဆွေကြီး ကိုငှက်ပါလား…. အတော်လန့်သွားတယ်ထင်ပါ့……..”
နှုတ်ဆက်သံကြားလို့ ကြည့်လိုက်တော့မှ ကျုပ် မိတ်ဆွေ ကိုမြေကြီးပါလား။
“ လန့်တာပေါ့ဗျာ….။ ကျုပ် ဆန်စေ့လေးတွေ ကောက်မလို့ဗျ….။ နေပါဦး.. ခင်ဗျားပေါ်က ဘာတွေတုန်း…. ”
ကျုပ်ခြေထောက်ပေါ်ပေကျံနေတာတွေသုတ်ရင်းစပ်စပ်စုစုမေးလိုက်တယ်။
“အော်….. ဒါတွေလား………။ လွန်ခဲ့တဲ့ ၆၆ နှစ်က ကျုပ် သိပ်ချစ်ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သွေးတွေလေဗျာ….။ ကျုပ် အမှတ်တရ သိမ်းထားတာဗျ…. ဒီလိုနေ့တွေရောက်တိုင်း ကျုပ် သတိရလွန်းလို့ ပြန်ဖြန့်ကြည့်မိတာပါဗျာ…….။”
ဆို့နင့်စွာနဲ့သူပြောတော့မှ………….။
အလို………….။ ဟုတ်ပေသားပဲ……..။ ဒီနေ့……………… ဒီနေ့ဟာ……………………..။ ကျုပ်……..ကျုပ် စိတ်တွေ…………..စိတ်တွေ………………..။
“ဟေ့လူ…….ကိုငှက်……….နေဦးလေဗျာ……အစာတွေကောက်သွားဦးလေ………ဟေ့လူ………….”
မကြားတော့………။ ကျုပ် ဘာကိုမှ မကြားတော့ပါ။ ရင်ထဲမှာ မှတ်မှတ်ရရ သိမ်းထားသော၊ ကြာခဲ့ပြီဖြစ်သော ကဗျာလေးတစ်ပုဒ်ထဲမှ စာသားတချို့ခပ်တိုးတိုးလေး……….။
“ ၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ပြည်ချစ် တို့ဖခင်”
ပြည်ချစ် တို့ဖခင်………..
ပြည်ချစ် တို့ဖခင်………..
အလို………………. ကျုပ် မျက်ဝန်းမှာ မျက်ရည်မိုးတွေ သွန်းဖြိုးနေပါပေါ့လား……………………..။
( ၂ဝ၁၃၊ ဇူလိုင် ၁၉ တွင် ကျရောက်မည့် ၆၆ နှစ်မြောက်အာဇာနည်နေ့ အမှတ်တရ)
ဂျွန်မိုး
10-7-2013 (2:15 PM)
ဗူ ကြောက်လိမ့်တုန်း
" ဗူ ကြောက်လိမ့်တုန်း"
ဗူသုန်၊ ဗူခ၊ ဗူစလို့  ဗူနေရာ
ဗူလာလိမ့်တုန်း။
ဗူလှဲ၊ ဗူထူလို့ 
ဗု၊ ဗူ၊ ဗူထောက်တယ်
ဗူကြောက်လိမ့်တုန်း
( ဖိုးသူတော်ဦးမင်း)
ခု ဖတ်နေရတဲ့ ကဗျာလေးကတော့  ကုန်းဘောင်ခေတ် ကဗျာတွေထဲက တစ်ပုဒ်ဖြစ်တဲ့ " ဗူ" ကဗျာလေးပဲ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်မှာ မင်း ၁၁ ဆက် စိုးစံခဲ့ကြတယ်။ အဲဒီထဲက မင်း ရှစ်ဆက်မြောက် ဖြစ်တဲ့ သာယာဝတီမင်း(ခ) ကုနုးဘောင်မင်း(ခ) ရွှေဘိုမင်းရယ်လို့ သုံးမည်ရခဲ့တဲ့ ဘုရင်လက်ထက်တော်မှာ မင်းတရားရဲ့ မိဖုရား အနောက်နန်းမတော် မမြလေး၊ အမတ်ကြီး ဦးပေါ်ဦး၊ စာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား ဒုတိယ န၀ဒေးတို့နှင့်အတူ ထင်ရှားကျော်ဇောခဲ့တဲ့ စာဆိုတော် ဖိုးသူတော်ဦးမင်း ရေးသားခဲ့တဲ့ ပေါ့ပေါ့ပါးပါး ကဗျာတိုလေးတစ်ပုဒ်ပါပဲ။
တစ်နေ့မှာ ဝန်စာရေးလေးတစ်ယောက်ရဲ့ ချစ်သူက စိတ်ကောက်ပြီး မျက်နှာထားတော် သုန်မှုန်နေပြီး သူ့ချစ်သူကို မခေါ်ပဲနေတယ်။ ၀န်စာရေးလေးကတော့ သူ့ချစ်သူကောင်မလေး စိတ်အလိုတော်မကျ စိတ်ကောက်နေတာကို ခခယယ မချော့ချင်ရှာတော့ အခက်တွေ့နေသတဲ့။
အဲဒီတော့ ဖိုးသူတော်ဦးမင်းဆီရောက်လာပြီး အကျိုးအကြောင်းပြောပြတယ်။ သူတော်ရယ် ကျုပ်ချစ်သူလေးက မျက်နှာထားတော် သုန်မှုန်နေတာ၊ ကျုပ်ကလည်း မချော့ချင်လေတော့ မထေ့တထေ့ စာလေးများ ရေးပေးပါလို့  တောင်းဆိုလိုက်တယ်။
ဒါနဲ့  ဖိုးသူတော် ဦမင်းက "ဗူ" ကဗျာလို့  အမည်တွင်ခဲ့တဲ့ " ဗူ ကြောက်လိမ့်တုန်း" ကဗျာတိုလေးကို ရေးပေးလိုက်လေသတဲ့။
ကဗျာလေးက ချစ်စရာကောင်းလှသလို ကုန်းဘောင်ခေတ်က ဂန္တဝင်ကဗျာလည်းဖြစ်နေပြန်တယ်။ ဒီကဗျာလေးကို ရွတ်ဆိုမိလိုက်တိုင်း ကုန်းဘောင်ခေတ်က ချစ်စရာ လုံမပျိုလေးရဲ့  စိတ်ကောက်ပြီး နှုတ်ခမ်းစူ၊ သုန်မှုန်နေတဲ့ မျက်နှာနဲ့  သူ့ ချစ်သူ ၀န်စာရေးလေးတို့ကို မျက်စီထဲ မြင်ယောင်ရင်း ပြုံးမိစေတဲ့ ကဗျာတစ်ပုဒ်ဆိုရင် မှားမယ်မထင်ပါဘူး။
ကမာနီလာ
စင်တင်ကဏ္ဍသုံးသပ်ချက် ၂၀၁၃ ဇူလိုင်
စင်တင်ကဏ္ဍဟူ၍ဖွင့်လှစ်ခဲ့သည့် နှစ်လတာကာလအတွင်းမှာပင် စိတ်ဝင်တစား စာမူများစွာပေးပို့ကြသည့်အတွက် စာမူရှင်များအား ဦးစွာကျေးဇူးတင်စကားဆိုချင်ပါသည်။ အချို့က ဒိုင်ယာရီသဖွယ်ရေးသား၍ ပေးပို့ကြသည်။ အချို့က အက်ဆေး၊ ၀တ္တုမခွဲခြားတတ်ပါဟု အောက်ခြေမှတ်စုရေးကာ ပေးပို့ကြသည်။
စာစီသပ်ရပ်မှုရှိသည့်စာမူတွေလည်းပါသည်။ စာစီမှုကစဥ့်ကလျား ဖြစ်နေသည့်စာမူတွေလည်းပါသည်။ အွန်လိုင်းသုံးစွဲနေသူများ ဟုတ်မှဟုတ်ပါလေစဟု အတွေးပေါ်မိသည်အထိ ဇော်ဂျီဖောင့်ကို ဆန်းကြယ်စွာရိုက်ထားသော စာလုံးများကိုလည်း မြင်တွေ့ရပါသည်။ မည်သို့ဖြစ်စေ ရိုးသားဖြူစင်မှုအပြည့်ရှိသော စာမူများအားလုံး ကို ကျွန်မ ချစ်ခင်ပါသည်။ အစ သည် ဤသို့ပင်..။ ထို အ စ ကလေးများအတွက် သွားလမ်း၊ လာလမ်း ဖြောင့်ဖြူးစေရန် တံတား တစ်စင်းအသွင်ဖြင့် လက်တွဲခေါ်ယူလိုပါသည်။ တစ်နေ့သောအခါ စာပေကောင်းကင်ယံထက် လင်းလက်သော ကြယ်ပွင့်ကလေး များအဖြစ် မြင်တွေ့လိုပါသည် ဟု ဆုမွန်ပြုရင်း ဇူလိုင်လ စင်တင်ကဏ္ဍကို ရေးသားအပ်ပါသည်။
ဇူလိုင်လအတွက် အက်ဆေးနှစ်ပုဒ် နှင့် ၀တ္တုတိုတစ်ပုဒ်ရွေးချယ်ထားခဲ့ပါသည်။ ခင်သက်နွယ်ဆွေ၏ “တိမ်ကြည့်သူ” ၊ ဂျွန်မိုး၏ “ကြိုး”ဆုဂျေ၏ “မျက်ရည်ခြယ်သော စာပန်းချီ” တို့ဖြစ်သည်။
အမှန်စင်စစ် ရသစာတမ်းနှင့်အက်ဆေး ဟူသည် တူသယောင်နှင့် မတူသယောင်ရှိရာ ခင်သက်နွယ်ဆွေ၏ “တိမ်ကြည့်သူ” မှာ ရသစာတမ်းတစ်စောင်ဖြစ်ပြီး၊ ဆုဂျေ၏ “မျက်ရည်ခြယ်သော စာပန်းချီ” မှာ အက်ဆေးတစ်ပုဒ်ဖြစ်ပါသည်။
တိမ်ကြည့်သူ
(ရသစာတမ်း)
ရေးသားသူ = ခင်သက်နွယ်ဆွေ
တိမ်စိုင်လိမ်လိပ်တွေကိုကြည့်ရင်း ဘ၀အဓိပ္ပာယ်၊ အမြင်၊ ခံစားမှုတို့ကို ပုံဖော်ကာ သဘာဝ၏ အရှိအတိုင်း လှပမှု အောက်တွင် ငြိမ့်ညောင်းစွာစီးဆင်းသွားသော အတွေးပုံရိပ်တို့ကို အေးဆေးညင်သာစွာ ရေးဖွဲ့ထားသည့် ရသစာတမ်း တစ်ပုဒ် ဖြစ်သည်။
မိန်းကလေးတစ်ယောက်၏အဇ္ဈတ္ထသွင်ပြင်ကို ပုံဇော်ထားခြင်းဖြင့် အစပြုပါသည်။ စာသားအနည်းငယ်ထောက်သော်လည်း ပုံရိပ်တော့ပေါ်လွင်ပါသည်။ သို့သော် ရသစာတမ်းတစ်စောင်သည် အဖွင့်မှ စ စိတ်ဝင်တစားစီးမျောခံစားသွားရန်မှာ အရေးကြီးလှ သည် ဖြစ်ရာ စာကြောင်းတိုင်းသည် အားမာန်ပြည့်ဝစွာ ချောမွေ့နေရန်လိုပါမည်။
ဥပမာ-“သူမသည်” ဟူသော စကားလုံးကို ၀ါကျတိုင်း၏ အစ တွင် အသုံးပြုရန် မလိုအပ်လှဘဲ အကြိမ်ထပ်နာမ်စားများကို ကျစ်လျစ်စေကာ ပုဒ်ဆက်သမ္ဗန္ဓများနှင့် နာမ၀ိသေသနများကို ဆီလျော်အောင် ထည့်သွင်းအသုံးပြုလျှင် ချောမွေ့ပါလိမ့်မည်။ တစ် ပိုဒ်လုံးဖြစ်သည့်အတွက် နမူနာပြင်ဆင်ချက်မထည့်တော့ပါ။
ညနေခင်းတစ်ခုတွင် လမ်းလျှောက်ထွက်ရာမှ တောင်ထိပ်မြင်ကွင်းတစ်ခုမှနေ၍ လှပသောတိမ်လွှာတို့ကို မြင်ရသည့်မြင် ကွင်း ကို ခံစားမှုရှုထောင့်မှနေ၍ ရေးသားသွားသည်။ စကားပြေ ပြေပြစ်သေသပ်ပါသည်။ သို့သော် စကားလုံးအင်အားကောင်းမှု အနည်းငယ်လျော့ရဲပါသည်။ ယင်းမြင်ကွင်းကို မြင်လိုက်ရသည့် အချိန်ခံစားချက်ကို ပိုမိုပီပြင်အောင် ရေးဖွဲ့လျှင် လှပအသက်ဝင် လာပါလိမ့်မည်။
ရသစာတမ်းဟူသည် ဇာတ်လမ်း၊ ဇာတ်ကွက်ရှိစရာမလို၊ အကြောင်းအရာ၊ သတင်းပေးမှုခိုင်မာချင်မှလည်း ခိုင်မာမည်။ ပညာရှင်ကြီး ဟပ်စလေ ခွဲခဲ့သည့်မူအရ
(၁) စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေးကို အကြောင်းပြု ရေးဖွဲ့သည့်အက်ဆေး၏နယ်
(၂) ကြုံတွေ့ရသည့် အတွေ့အကြုံကို အရှိအတိုင်း ဖော်ပြသည့်အက်ဆေး၏နယ်
(၃) လောကသဘာဝနှင့် သဘောတရားများကို ဖော်ပြသည့်အက်ဆေး၏နယ် ဟူ၍ရှိမည်ဆိုလျှင် “တိမ်ကြည့်သူ” သည် လောကသဘာဝနှင့် သဘောတရားကို ဖော်ပြသည့်နယ်ထဲ အကြုံးဝင်သည်ဟု ဆိုလိုက ဆိုနိုင်သည်။
ဆရာဇော်ဂျီက ကျေနပ်နှစ်သိမ့်မှုကိုပေးသည့်စာ၊ ဆရာမြသန်းတင့်က ပီတိဖြစ်စေသည့် စာ၊ ဆရာဇော်ဇော်အောင်က အက်ဆေးဆိုတာ အပွင့်ဆုံး Open၊ အလွတ်လပ်ဆုံး Free ရေးဖွဲ့ထားသည့် စာပါပဲ စ သဖြင့် အက်ဆေး ခေါ် ရသစာတမ်းကို ဖွင့် ဆိုမှုပေးခဲ့ကြသည်။ မည်သို့ဆိုစေ ၀ါကျတိုင်း၏ လှပမှု၊ ရသပေးစွမ်းနိုင်မှုတို့ကြောင့် ရသစာတမ်းသည် တိုတိုလေးနှင့် အများကြီး တာ သွားနိုင်ပါသည်။ ရသစာတမ်းတစ်စောင်မှနေ၍ အတွေးပုံရိပ်၊ ဘ၀ပုံရိပ်ခပ်ပါးပါး၊ ခံစားမှု အနိမ့်အမြင့်တို့ကို သိရှိခံစားနိုင်လျှင်၊ ကြည်နူးနှစ်သက်မှု ရသ ကို ရရှိစေလျှင် လှပသောအက်ဆေးတစ်ပုဒ် ဖြစ်လာနိုင်ပါသည်။
မည်သို့ဖြစ်စေ အားနည်းချက် အနည်းငယ်ရှိသော်လည်း လူသစ်တန်းကလောင်ရှင်အနေဖြင့် လှပသော အရေးအသားငြိမ် သည့် အက်ဆေးတစ်ပုဒ်ဖြစ်ပါသည်။ ဆက်လက်၍ အတွေးသစ်၊ အမြင်သစ်၊ အကြောင်းအရာပုံပေါ်လွင်အောင် ဖော်ညွှန်းရေးသား နိုင်သော ရသစာတမ်းများစဉ်ဆက်မပြတ်ရေးဖွဲ့သွားရန် အကြံပြုလိုက်ရပါသည်။
(စာရိုက်ခြင်းနှင့်ပတ်သတ်၍ မေတ္တာရပ်ခံလိုသည်မှာ ဇော်ဂျီဖောင့်ရိုက်ရာတွင် အောက်ကမြစ်အတွက် Y, U and h တို့ကိုသာအသုံးပြုပေးရန်နှင့် အစက် (doc) မချရန်ဖြစ်ပါသည်။)
မျက်ရည်ခြယ်သောစာပန်းချီ
(အက်ဆေး)
ရေးသားသူ = ဆုဂျေ
ကျောင်းဆရာမလေးတစ်ယောက်နှင့် သူ၏ တပည့်ငယ်လေးများအကြားချည်နှောင်ထားသော အဖြူရောင်မေတ္တာ သံယောဇဉ်ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဆရာမလေးနှင့် ခွဲခွာရတော့မည်ဖြစ်သော ကျောင်းသားငယ်လေးများ၏ ကြေကွဲခံစားမှု တို့ကို တစ်နေ့တာဖြင့် ပုံပေါ်အောင်ရေးသားသွားသည်။
အချက်အလက်အနေနှင့် အနည်းငယ်ထောက်ပြစရာရှိသည့် စာမူဖြစ်ပါသည်။
ဒုတိယပိုဒ် (( တစ်မနက်လုံး LPC အတွက် T.E.O ရုံးမှာ လုပ်စရာရှိတာလုပ်နေတာမို့ နေ့လည်ထမင်းစားချိန်ကျမှ ကျွန်မ ကျောင်းသို့ ရောက်သွားခဲ့သည်။))
န၀မပိုဒ် (( ကဗျာတစ်ပုဒ်လုံးဆုံးသွားတော့ သူတို့လေးတွေ မျက်ရည်များ တစစ နှင့် ပျောက်ကွယ်ကုန်သည်။ ကျွန်မ လည်း ပျော်လာသည်။ ခဏကြာတော့ မုန့်စားကျောင်းခေါင်းလောင်းထိုးသည်မို့ မူလအစီအစဉ်အတိုင်း ဆရာမကြီးက ဦးဆောင်ပြီး တပည့်လေးများကို ကျွန်မအား ကန်တော့ခိုင်းသည်။))
တစ်နေ့တာအတွင်း ပုံဖော်ရေးသားထားသည့်စာမူဖြစ်သည့်အတွက် မည်သည့်ကျောင်းဖြစ်စေ နေပလည်ထမင်းစားချိန် (သို့) မုန့်စားကျောင်းဆင်းချိန် အတူတူပင်ဖြစ်ပါသည်။ ဆရာမလေးနေ့လည်ထမင်းစားချိန်မှ ရောက်သည်ဟုဆိုလျှင် Unit တစ်ခု Poem တစ်ပုဒ်သင်ပြီးချိန်သည် ညနေသို့သာရောက်ပါလိမ့်မည်။
The Calendar သည်လည်းကောင်း၊ The Brodges ဟူသော Poem သည်လည်းကောင်း တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ၏ ကနဦးသင်ခန်းစာဖြစ်ရာ တပည့်များနှင့် တစ်နှစ်တာတွေ့ဆုံရင်းနှီးခဲ့သည်ဟု ဆိုထားမှုသည် မသေသပ်မှုတော့ ဖြစ်ပါသည်။ သို့ သော် “ကိုးတန်းကတည်းက ထိုသို့ရွတ်ဆိုလျှင် သူတို့အင်မတန်ပျော်သည်” ဟူသောတစ်ကြောင်း ထည့်သွင်းထားရာ ကိုးတန်း၊ ဆယ်တန်း အင်္ဂလိပ်စာပြဆရာမတစ်ဦးတည်းဟု ခန့်မှန်းရပါသည်။ သတိပြုရန်မှာ မည်သည့်သင်ခန်းစာကိုမဆို (အထူးသဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင်) စာသင်ချိန်တစ်ချိန်တည်းနှင့် Unit တစ်ခု၊ Poem တစ်ပုဒ် ပြီးအောင် သင်ကြား၍မရပါ..။ စာပိုဒ်တိုင်း တွင် ကျောင်းသားတိုင်းအတွက် မသိနားမလည်သော ဝေါဟာရများ၊ သဒ္ဒါအထားအသိုများ မေးနိုင်သော မေးခွန်းများ၊ အဓိပ္ပာယ် အနှစ်သာရများ ပါဝင်နေရာ မြင်သာထင်ရှားအောင် ရှင်းလင်းရမည်ဖြစ်၍ အချိန်ယူရပါလိမ့်မည်။
စကားပြေနှင့် စကားပြောရောယှက်နေသော စာမူဖြစ်ပါသည်။ စာကြောင်းများကို ထုတ်နှုတ်မဖော်ပြတော့ပါ။ စာရေးခြင်း အနုပညာရှိသည့်အတွက် သေချာစွာဆန်းစစ်လျှင် တွေ့မြင်ပါလိမ့်မည်။ မည်သို့ဖြစ်စေ ခံစားမှုပုံရိပ်တို့ကို ရိုးသားစွာရေးသားသွား၍ ချစ်စရာကောင်းသော အက်ဆေးတစ်ပုဒ်တော့ ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာကို ငိုရှိုက်မှု၊ မျက်ရည်သွင်သွင်ကျနေသည့် ခပ်စင်းစင်း ဖော်ပြချက်များထက် သိမ်မွေ့လှပစွာ ပုံဖော်သွားနိုင်လျှင် ပိုမိုကောင်းမွန်လာနိုင်ပါသည်။
ဆက်လက်၍ အသစ် အသစ်သော ဖန်တီးအားထုတ်မှုများကို စောင့်ကြိုနေပါသည်။
ကြိုး
(၀တ္တုတို)
ရေးသားသူ = ဂျွန်မိုး
နှောင်ကြိုးမျိုးစုံတို့ဖြင့် တွယ်နှောင်ကြသည့် လောက၀ယ်ဖြူစင်သော မေတ္တာဖြင့် သံယောဇဉ်တွယ်ငင်ကြသည့် သူငယ်ချင်း နှစ်ဦးအကြောင်းရေးသားထားခြင်း ဖြစ်သည်။ စရိုက်သဘာဝမတူညီမှုက ပတ်ဝန်းကျင်၏ အမြင်ကို အရောင်ဆိုးစေသည်။ တွေ့ဆုံ ရင်းနှီးရာမှ အ စ ပြု၍ အဖြစ်အပျက်တို့၏ နိဂုံးဆီသို့ ညင်ညင်သာသာဆွဲခေါ်ရေးသားနိုင်သည်။ လောကတွင် ဖြတ်တောက်ရ အခက်ဆုံး “ကြိုးတစ်မျှင်” အကြောင်း ပေါ်လွင်အောင် ရေးသားသွားပါသည်။
ဆရာထက်မြက်ရေးသားသော ၀တ္တုအနုပညာမှ ကောက်နှုတ်တင်ပြချင်ပါသည်။
“၀တ္တုရေးသူက သူ့ဇာတ်ကောင်များကို ဖန်တီးရာတွင် တချို့ဇာတ်ကောင်များကို နိုင်နိုင်နင်းနင်းဖန်တီးနိုင်သလို တချို့ ဇာတ်ကောင်ကို မနိုင်ဘဲ စာရေးဆရာက အတင်းလိုက် ဆွဲခေါ်ရသည်မျိုးလည်း ရှိသည်။”
“လူတို့၏ သဘောသဘာဝများ၊ လူတို့၏ပြဿနာရပ်များ၊ ဘ၀များကို ၀တ္တုရေးဆရာ ဖန်တီးချင်၊ ဖော်ပြချင်သော ရှုထောင့် မှနေ၍ စာဖတ်သူကို သိသာစေပါသည်။ ၀တ္တု၏ အနီးကပ်ဆုံးမှာ ဘ၀ဖြစ်ပြီး ထို ဘ၀မှာ အားရှိဖို့လိုပါသည်။”
“ကြိုး” တွင် နှောင်တွယ်မိသော သံယောဇဉ်ကို ဖော်ပြသည်ဖြစ်ရာ အဓိက ဇာတ်ဆောင်နှစ်ယောက်၏ ပုံရိပ်မျှတရန်လို ပါသည်။ First Person အနေနှင့် ရေးသားထားသည့်တိုင် ထို ပြောပြနေသူ၏ စကား၊ အတွေးပုံရိပ်၊ အဖြစ်အပျက် တို့မှနေ၍ ဒုတိယ ဇာတ်ဆောင်၏ ပုံရိပ်ကို ပီပြင်ကျနအောင် ဖန်တီးလျှင်ပိုမိုလှပပါလိမ့်မည်။ တစ်နည်း သံယောဇဉ်ပြသမှုသည် ဟန်ချက်မညီ သော အခါ နောက်ဆုံးချိုးချလိုက်သော အခန်းသည် ဘောင်ကျော်လွန်သွားသော ခံစားမှုများဖြစ်သွားပါသည်။ ရုပ်ရှင်စကားဆိုရသော် Over Acting ပင်။ ခပ်ပါးပါးရေးဖွဲ့မှုမှ နေ၍ သေသပ်စွာရေးသားသွားလျှင် စာဖတ်သူ၏ နှလုံးအိမ်သို့တိုက်ရိုက် ထိခိုက်ခံစားမိပါ လိမ့်မည်။
အရေးအသားအနေနှင့် အထူးပြောစရာမရှိလှသည့်စာမူဖြစ်သည်။ စာလုံးပေါင်းအမှားအယွင်းနည်းသော၊ စာရိုက်သေ သပ်သော၊ တစ်ခန်းနှင့် တစ်ခန်း အကူးအပြောင်းလှပသေသပ်သည့် လက်ရာရှင်ဖြစ်ပါသည်။
ဂျွန်မိုးသည် ဒုတိယအကြိမ်မြောက် စင်တင်လက်ရာရှင်ဖြစ်ရာ အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်နိုင်ပြီး များစွာ သော အနုပညာမြောက်သည့် စာပေများ ဆက်လက်ရေးသားနိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
ကလောင်သစ်များအားချစ်ခင်စွာကြိုဆိုလျှက်
အယ်ဒီတာအဖွဲ့
ရွှေဒေါင်းတောင်အွန်လိုင်းမဂ္ဂဇင်း
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More