Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

မျက်ရည်ခြယ်သော စာပန်းချီ



ဒီနေ့ ကျောင်းကိုသွားရတာ ကျွန်မအတွက် ခါတိုင်းနှင့်မတူ..။ စိတ်ထဲလေးလံထိုင်းမှိုင်းနေသည်။
ဖြစ်နိုင်လျှင် ကျွန်မ ကျောင်းသို့ မသွားချင်..။ ကျွန်မ မမြင်ရက်သော မျက်နှာလေးများကို ကျွန်မမြင်ရမည်။ ကျွန်မ မခွဲခွာချင်သောသူများနှင့်ခွဲခွာရလိမ့်မည်။ ထို့ကြောင့် ကျွန်မကျောင်းသို့ တကယ် မသွားချင်ပါ။ သို့သော် လည်း မသွား၍ မဖြစ်တာမို့ ကျွန်မရဲ့ဆန္ဒကို ချုပ်ထိန်းပြီး စီးတော်ယဉ်ဆိုင်ကယ်လေး နှင့် ကျောင်းသို့  ထွက်ခွာ ခဲ့သည်။
ကျောင်းဝင်းထဲကျွန်မ၀င်လိုက်သည်နှင့် ကျွန်မကိုစောင့်ကြိုနေကြသည့် တပည့်လေးများကိုမြင်လိုက်ရ သည်။ ဒီနေ့  ကျွန်မသူတို့ လေးတွေကို နှုတ်ဆက်ရတော့မည်။ သူတို့ နှင့်ကျွန်မ နောက်ဆုံးတွေ့  ဆုံခြင်းပဲ..။ ပြန်ဆုံမယ်မဆုံဘူးဆိုတာကတော့ဘယ်သူမှတပ်အပ်မပြောနိုင်..။တစ်မနက်လုံး LPC အတွက် T.E.Oရုံးမှာ လုပ်စရာရှိတာ လုပ်နေတာမို့ နေ့ လည်ထမင်းစားချိန်ကျမှ ကျွန်မကျောင်းသို့  ရောက်သွားခဲ့သည်။
တစ်မနက်လုံးကျွန်မကိုသူတို့ မျှော်နေခဲ့မည်မှာ သေချာသည်။ ထို့ ကြောင့်သာ ကျွန်မ ယခုကျောင်း လာတာကိုမြင်သည်နှင့် သူတို့ အပျော်များကို ကျွန်မခံစားလိုက်ရသည်။ ကျောင်းတက်တက်ချင်း ကျွန်မ အင်္ဂလိပ်စာသင်ချိန်မို့  ဆယ်တန်းခန်းလေးသို့  ကျွန်မခြေလှမ်းတွေကို ဦးတည်ခဲ့သည်။ အတန်းထဲ ၀င်လိုက် သည်နှင့် သူတို့ လေးတွေကျွန်မကိုနှုတ်ဆက်ကြသည်။ အားလုံးကိုပြုံးပြနှုတ်ဆက်ပြီး အတန်းကို ကျွန်မ ဝေ့၀ဲ ကြည့်လိုက်မိသည်။ ယခင်အခြေအနေနှင့် လုံးဝမတူတာတော့အမှန်ပင်..။ ကျွန်မပြုံးပြသောကြောင့် သူတို့လေး တွေပြန်လည်ပြုံးပြသော်လည်း ထိုအပြုံးများနောက်ကွယ်မှ ကြေကွဲနေသည့်ပုံရိပ်များကို ကျွန်မခံစားမိသည့် ခဏ ရင်ဝယ်ဆို့ နစ်လို့ လာခဲ့သည်။
“ဆရာမ မင်းတို့ ကို ဒီနေ့ နောက်ဆုံးအချိန်စာလာသင်တာ”
လို့  ကျွန်မပြောလည်းပြောလိုက်ရော ကလေးများအသီးသီး “ဟာ”ဆိုသည့် အာမေဋိတ်သံကိုယ်စီနှင့် မှိုင်တွေသွားကြသည်။ ကျွန်မလည်း စာကြိုးစားဖို့ အကြောင်း၊ ကျွန်မကိုတကယ်ချစ်တယ်ဆိုရင် ကျွန်မဆုံးမခဲ့ တာတွေကို ကျွန်မရှိသည့်ပုံစံအတိုင်း နေထိုင်ကျင့်ကြံသွားဖို့  ပြောနေမိသည်။ ပြောနေရင်းနှင့် အသံလှိုင်း တို့ က တုန်လာသည်။ တဖြည်းဖြည်းနှင့် ကျွန်မမျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့သည်။ အဲဒီနောက်မှာတော့ အတန်းတစ်ခုလုံး ကလေးများ၏ ငိုရှိုက်သံများ ဖုံးလွှမ်းသွားခဲ့သည်။ ကျွန်မ ဘယ်လိုမှမကြည့်ရက်တော့။ အတန်း အပြင်သို့ ခဏထွက်ပြီး ကျွန်မမျက်ရည်တွေကို သုတ်လိုက်မိသည်။ ကျွန်မ အစ်မလိုချစ်ရသည့် မြန်မာ စာဆရာမက ကျွန်မကိုအားပေး သည်။ သို့ ပေမယ့် သူမသည်လည်းပဲ စကားလုံးတို့ ကွယ်ပျောက်နေသည်ကို ကျွန်မသိသည်။ ကျွန်မစိတ် ကို ကျွန်မတည်ငြိမ်အောင် ထိန်းပြီးအတန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ကျွန်မ တပည့်လေးများငိုလို့ မပြီးသေး..။မိန်းကလေးများပါးပြင်အပြည့်ကွက်လာသောပါးကွက်လေးများလည်းပျက်ကုန်ပြီ။ယောကျာ်းလေးများလည်း ငိုရှိုက်နေသည်။ ကျွန်မ မကြည့်ရက်သော်လည်း ကျွန်မတပည့်လေးများကို နောက်ဆုံးအကြိမ်အဖြစ် စာသင်ချင်နေမိသည်မို့  Text Book ထုတ်ခိုင်းလိုက်သည်။
တပည့်လေးများကလည်း လက်ရှိစာသင်ချိန်ကို ကုန်ဆုံးသွားမှာစိုးရိမ်ထိတ်လန့် နေသည့် ပုံလေး များ ဖြင့် စာအုပ်ထုတ်ကြသည်။ သူတို့ ကျွန်မစာသင်သည်ကိုခံချင်နေကြသည်။ ကျွန်မ ဆူပူတာကို ခံချင်နေကြသည်။ ကျွန်မနှုတ်မှ ထွက်သမျှ စကားလုံးတိုင်းကို သူတို့  မကြားလိုက်ရမှာစိုးသည့်အလား ကျွန်မမျက်နှာကိုသာ တစ် ရှိုက်မက်မက် ကြည့်နေကြသည်။ ထို့ နောက် ကျွန်မသင်လက်စ “The Calendar” သင်ခန်းစာကို ဆက်သင်မိ သည်။
Paragraph ဖတ်နေသည်မို့  ကျွန်မကရှေ့ မှ တိုင်ပေးသည်။ ကျွန်မတပည့်လေးများက လိုက်ဆိုကြ သည်။ စိတ်ထိန်းနေသည့်ကြားမှ ကျွန်မအသံက တုန်နေသည်။ မျက်ဝန်းမှ မျက်ရည်များစီးကျနေသည်။ အသံ တုန်တုန်ရီရီနှင့် ကျွန်မတိုင်ပေးနေသည်ကို တပည့်လေးများက လည်းရှိုက်သံများဖြင့် လိုက်ဖတ်နေကြသည်။ ကျွန်မတို့ စာသင်ခန်းအခြေအနေလေးသည် အင်မတန်မှဝမ်းနည်းကြေကွဲဖွယ် ကောင်း လွန်းလှသည်။ ဘေးမှ မြင်ရသူများလည်း စိတ်မကောင်းကြ။ သို့ ပေမယ့် ကျွန်မတို့ သင်ကြားမှု လေး ကို နှစ်ဦးနှစ်ဖက် တန်ဖိုးထားစွာ နှင့် ဆက်လက်လုပ်ဆောင်နေမိသည်။
စာပိုဒ်ရှင်းသည့်အလှည့်တွင်လည်း ကျွန်မမျက်ရည်များနှင့် အသံတုန်တုန်ရီရီနှင့် ရှင်းနေမိသည်။ ကျွန်မ တပည့်လေးများကလည်း အကောင်းဆုံးနာယူကြသည်။ ဘယ်လောက်ပင်ငိုပြီးဆိုနေဆိုနေ သူတို့ အသံ လေးများသည် ညီညာနေကြသည်။ အတန်းကို ရှေ့ နောက်လျှောက်ပြီး သင်နေသည်မို့  သူတို့ စာအုပ်လေးတွေ မျက်ရည်များနှင့်စိုရွှဲနေသည်ကို ကျွန်မမြင်တွေ့ နေရသည်။ ကျွန်မ ဘယ်လို မှ ဆက်လက်ကြည့်နိုင်စွမ်း မရှိ တော့။သို့ ပေမယ့် ကျွန်မ သင်ခန်းစာတစ်ခုလုံးပြီးဆုံးသည်အထိ ကြိုးစားသင်ပေးခဲ့သည်။
ကျွန်မတပည့်လေးများမျက်ရည်များခုထိမခြောက်သေး။ကျွန်မဘယ်လိုနည်းနဲ့ သူတို့ မျက်ရည်တွေကို ဥပေက္ခာပြုနိုင်ပါမလဲ။ ကျွန်မတွေးလိုက်မိသည်။ Poem သင်ပေးမည်။ ကျွန်မ Poem သင်လျှင် သံစဉ် လေးနှင့် သင်ပေးတတ်သည်။ ကိုးတန်းကတည်းက ထိုသို့ ရွတ်ဆိုလျှင် သူတို့ အင်မတန်ပျော်သည်။ သူတို့ ရယ်သည်။ သူတို့ ရယ်သံလေးများကို ကျွန်မကြားချင်မိသည်။ထို့ ကြောင့် The Bridges ကဗျာလေးကိုသင်ခဲ့သည်။ မျက် ရည်များရှိုက်သံများနှင့် ကျွန်မရွတ်ဆိုပြမိသည်။ တစ်ဖြည်းဖြည်း ဆိုရင်းဆိုရင်းနှင့် သူတို့ လေးတွေ မျက်နှာမှာ အပြုံးတစ်ချို့ ကို ကျွန်မတွေ့ လာရသည်။ ကျွန်မလည်း ပျော်လာမိသည်။ တစ်ချို့ ကတော့ ငိုနေကြတုန်း။ ဒါပေမယ့် တစ်ယောက်မကျန်ရွတ်ဆို နေကြ တုန်း။ကျွန်မ နှလုံးသားတွေ ကွဲကြေကုန်သည်။ ထိုကွဲကြေနေ သော နှလုံးသားကို ရင်ဝယ်ပိုက်ပြီး ကျွန်မတပည့်လေးများကို သင်ပေးနေမိသည်။
ကဗျာတစ်ပုဒ်လုံး ဆုံးသွားတော့ သူတို့ လေးတွေ မျက်ရည်များ တစစနှင့်ပျောက်ကွယ်ကုန်သည်။ ကျွန်မလည်း ပျော်လာသည်။ ခဏကြာတော့ မုန့် စားကျောင်းခေါင်းလောင်းထိုးသည်မို့  မူလအစီ အစဉ်အတိုင်း ဆရာမကြီးက ဦးဆောင်ပြီး တပည့်လေးများကို ကျွန်မအားကန်တော့ခိုင်း သည်။ ငိုရှိုက်သံများ ပြန်လည်ကြား လာရသည်။ ကျွန်မလည်း ဘယ်လိုမှ စိတ်မထိန်းနိုင်တော့။ တကယ့် ကိုရှိုက်ကြီးတငင်ငင်နှင့် ငိုမိသည်။ ကျွန်မ ဘယ်လိုနည်းနဲ့  စိတ်ချနိုင်ပါ့မလဲ။ နောက်ရောက်လာမည့် ဆရာ/ဆရာမသည် ကောင်းသည် မကောင်းသည် ကျွန်မမသိနိုင်သောလည်းကျွန်မတပည့်လေးများအတွက် ကျွန်မ အမှန်တကယ်စိတ်မချပါ။ ကျွန်မနှုတ်ဆက် ဆုပေးစကားကို အင်မတန်မှကြိုးစား ပမ်းစား ပြောလိုက်မိသည်။ ကျွန်မတို့ မြင်ကွင်းလေး သည်အင်မတန်မှ ထိခိုက်ကြေကွဲဖွယ်ကောင်းလွန်းလှသည်။ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမများမျက်ဝန်းတွေလည်း စိုရွှဲကုန် သည်။
ကန်တော့လည်းအပြီး တပည့်လေးတစ်ဦးက လက်အုပ်လေးချီပြီး ကျွန်မကိုပြောလာသည်။
“ဆရာမလေး သမီးအိမ်မှာရှိတဲ့ ပဲထုပ်လေး ဆရာမလေးအတွက် လက်ဆောင်ယူလာတယ်။ ဆရာမလေးလက်ခံပေးပါနော်”
ကျွန်မ မျက်ရည်များနှင့် ခေါင်းညိတ်လိုက်မိသည်။ လက်ဆောင်ပေးသည်နှင့်ပတ်သက်ပြီးကျွန်မချမှတ် ထားသော စည်းကမ်းကို သူတို့ စိုးရွံ့ သည်မို့  ယခုလို စိုးထိတ်စွာလာပြောမှန်းကျွန်မ နားလည်လိုက်မိသည်။ သည်တစ်ကြိမ်တော့ ကျွန်မ မယူလို့ မဖြစ်။ ကျွန်မငြင်းပယ်လိုက်လျှင် ထိခိုက်သွားမည့် သူမမျက်နှာလေးကို ကျွန်မမကြည့်ရက်။ ထို့ ကြောင့် လက်ခံလိုက်မိသည်။ ပဲလုံးစိအထုပ် ကလေး။ ကျွန်မဆီ တရိုတသေလေး ကမ်း ပေးရင်း ငိုရှိုက်နေသည့် ကလေးမလေးကို ကျွန်မမကြည့်ရက်တော့။
အော်..လူရယ်လို့ ဖြစ်လာရင်” တွေ့ ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ” ဆိုသည့် စကားကို နာခံရပေမည်။ ဆုံတွေ့ ခြင်းဒဏ်ကို လူသားတိုင်း ကျေကျေနပ်နပ်ကြည်ကြည်ဖြူဖြူလက်ခံနိုင်ကြသောလည်း ခွဲခွားခြင်းဒဏ် ကိုတော့ မည်သူမျှ ခံစားနိုင်မည်မထင်။ အထူးသဖြင့် မိမိတို့ ချစ်ခင်သံယောဇဉ် ရှိသည့်သူများနှင့် ခွဲခွာရမည် ဆိုလျှင် ကြေကွဲစွာခံစားရမည်မှာ ဆိုဖွယ်ရာမရှိတော့..။
မည်သူမဆို တစ်နေ့ နေ့ မှာ တစ်နည်းနည်းဖြင့် ခွဲခွာရပေမည်။ ယခုအမှန်တကယ်ခွဲခွာခြင်းနှင့် ဆုံတွေ့  လာမှ သူတို့ အတွက် တစ်ခုခုလုပ်ပေးချင်လို့ ကျွန်မတို့ ဘယ်လိုမှမတတ်နိုင်ပေ။ တွေ့ ဆုံနေချိန်မှာ အကောင်း ဆုံး လုပ်ဆောင်ပေးဖို့ သည်သာအရေးကြီးသည်မဟုတ်ပါလော။ ကျွန်မ တပည့်လေးများနှင့် ဆုံတွေချိန်တစ်နှစ် တာကာလအတွင်း ကျွန်မဘက်မှ အကောင်းဆုံး ပေးဆပ် ခဲ့သည်မို့  ကျွန်မနောင်တတော့မရပါ။ သို့ ပေ မယ့် လည်း ကျွန်မတပည့်လေး များကို မည်သူနှင့်မျှ စိတ်မချပါဟု ကျွန်မဆိုလျှင် အင်မတန်အတ္တကြီးသည်ဟု စွပ်စွဲမည်ဆိုပါကလည်း ကျွန်မကျေနပ်စွာ ခံယူမည်ဖြစ်ပါသည်။
ကျွန်မ၏ မေတ္တာ
ကျွန်မ၏ စေတနာ
ကျွန်မ၏ ကရုဏာ
ကျွန်မ၏ မုဒိတာ
ကျွန်မ၏ အနစ်နာ စသည်တို့ စစ်မှန်ပါက ကျွန်မတပည့်လေးများ အနာဂတ်၏ ခေါင်းဆောင်ကောင်း လေးများ ဖြစ်ပါစေသား..။

ချစ်ခင်လေးစားလျှက်
ဆုဂျေ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More