သူငယ်ချင်းရေ ဒီလိုအချိန်တွေရောက်ရင် အဘိုးကို သတိရတယ်ဟာ လို့ ကျွန်မ သတိတရနဲ့ပြောတော့ သူငယ်ချင်းမလေးက အသံတိတ်လို့ ။ သူလည်း အဘိုးကို သတိရနေရှာမှာပေါ့။ အဘိုးက သူ့ရဲ့ အဘိုးအရင်း ကျွန်မကတော့ သူနဲ့ ပက်သက်ပြီးမှ အဘိုးကို သိခွင့်ရသူလေ။
"အဘိုးဆုံးတာကြာပါပေါ့" လို့ သူငယ်ချင်းမလေးပြန်ပြောလာတော့ တစတစနဲ့ အချိန်တွေကုန်ဆုံးသွားတာ မြန်လိုက်တာလို့ တစ်ယောက်တည်း တွေးရင်း သခါင်္ရတရားကို ဆင်ခြင်မိပြန်တယ်။
အဘိုးနဲ့ ပထမဆုံးစပြီးတွေ့ခွင့်ရတဲ့ အချိန်တုန်းက လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလ...သူငယ်ချင်းမလေးက ဆယ်တန်းအောင်ကာစ ကျွန်မက ပထမနှစ်ကျောင်းသူ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်လုံး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့အချိန်။
"အခုလာမယ့် အာဇာနည်နေ့ကျရင် ငါ့အဘိုးအိမ်မှာ အလှူရှိတယ် လာမလား" လို့ သူကမေးလာတော့ "အိုကေ"လို့ မဆိုင်းမတွဖြေရင်း သူ့အလှူကို ကျွန်မရောက်သွားခဲ့ဘူးသည်။
သူ့အိမ်ရောက်တော့ ဧည့်သည်က ကျွန်မတစ်ယောက်တည်း။ အဘိုးကတော့ ဘုရားစင်အောက်နားမှာ ကုလားထိုင်တစ်လုံးနဲ့ စာဖတ်နေပြီး အဘွားက မီးဖိုချောင်မှာ ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေခဲ့သည်။
"သူငယ်ချင်း အလှူက ဘယ်သူ့ကိုမှ မဖိတ်ဘူးလား ဧည့်သည်က ငါတစ်ယောက်တည်းလား" လို့မေးတော့ သူက မျက်လုံးနှစ်ဖက်လုံးပိတ်အောင်ပြုံးလို့ "အေးဟ ဧည့်သည်က နင်တစ်ယောက်တည်း " လို့ ခပ်ပြတ်ပြတ်ဖြေသည်။ ကျွန်မအတွက် ထမင်းစားပွဲလေးပြင်ပေးနေတဲ့သူ့ကို ဝိုင်းကူပြီး သူ့အလှူအကြောင်းကို စပ်စုတော့ သူငယ်ချင်းမလေးက စိတ်ရှည်လက်ရှည် ရှင်းပြရှာသည်။
"အဘိုးက ပြန်တမ်းဝင်အရာရှိဟောင်းလေ...ငါမွေးကတည်းက ဒီအချိန်အထိ အာဇာနည်နေ့ရောက်တိုင်း ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေအတွက် ရည်စူးပြီး ဘုန်းကြီးးငါးပါးကို သင်္ကန်းကပ်တယ် ဆွမ်းကပ်ပြီး အမျှဝေတယ် ပြီးတော့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ တစ်ယောက်တည်း အသံတိတ်အလေးပြုတယ်.....အရင်ကတော့ ဥသြတွေဆွဲတယ်ဆိုလား..... အခုတော့ ဥသြမဆွဲပေမယ့် အဘိုးက သူ့အချိန်ရောက်ရင် သူလုပ်စရာရှိတာကို မမေ့မလျော့လုပ်ရှာတယ်။"
"အခုနင်လာတာ နောက်ကျလို့လေ... ဘုန်းဘုန်းတွေက နေ့လည်ဆွမ်းဘုန်းပေးပြီး ပြန်ကြွသွားပြီလေ။ အဘိုးက ခြေရင်းခေါင်းရင်း နှစ်အိမ်က အသိမိတ်ဆွေနှစ်ယောက် သုံးယောက်ပဲဖိတ်ပြီး ဆွမ်းကပ်တာပါ.. အခြား ဘယ်သူ့ကိုမှ မဖိတ်ဘူးလေ....နင်သိပါတယ် အဘိုးရဲ့ ပင်စင်လစာက ဘယ်လောက်ရှိတာလိုက်လို့...."
သူငယ်ချင်းမလေးက အဘိုးရဲ့ ပင်စင်လစာလို့ပြောတော့ ကျွန်မအဘိုး အငြိမ်းစားအင်ဂျင်နီယာတစ်ယောက်ရဲ့ ပင်စင်လစာကို ပြေးမြင်မိသည်။
"အဘိုးက သူရဲ့ ပင်စင်လစာကို တစ်နှစ်ပတ်လုံး မသုံးမစွဲပဲ စုထားပြီး အာဇာနည်နေ့အတွက်ပဲ သုံးခဲ့တာ ကြာပေါ့... နင်သိတဲ့အတိုင်းပဲ ဒီအိမ်ရဲ့ အသုံးစရိတ်တွေအကုန်လုံး အဘွားကပဲ တာဝန်ယူထားတာဆိုတော့ အဘိုးက သူရတဲ့ ပင်စင်တစ်နှစ်စာကို ဒီနေ့အတွက် စိတ်ဖြောင့်လက်ဖြောင့်သုံးနိုင်တာပေါ့ဟယ်....."
သူငယ်ချင်းက အဘိုးရဲ့ ပင်စင်အကြောင်း ရယ်သွမ်းသွေးပြီးပြောပေမယ့် မရယ်နိုင်တာက ကျွန်မ။
အဘွားက ရုပ်ရှင်လောကမှာ လူသိများထင်ရှားတဲ့ အဓိက ဇာတ်ပို့တစ်ဦးမို့ အဘိုးနဲ့အဘွား နှစ်ယောက်တည်းရှိတဲ့ အိမ်လေးမှာ အဘွားရဲ့ ဝင်ငွေက အိမ်စရိတ်ကို အေးအေးဆေးဆေးထိန်းထားနိုင်သည်။
ကျွန်မတို့ နှစ်ယောက် ထမင်းဝိုင်းက မထနိုင်သေးပဲ အဘိုးနဲ့ အဘွားအကြောင်းတွေ ပြောနေတုန်း အဘိုးက ကျွန်မကို လာနှုတ်ဆက်ရှာသည်။
အသားဖြူဖြူ အရပ်ပြတ်ပြတ် မျက်ခုံးမွှေးတွေတောင် ဖြူစပြုနေပြီဆိုပေမယ့် အဘိုးက စိတ်ရောကိုယ်ပါ ကျန်းမာပုံရသည်။ အသက်အရွယ်အရ တလှမ်းချင်းသွားနေပေမယ့် တုန်တုန်ချိချိတော့ မဖြစ်သေး။ ကျွန်မ စိတ်ထင်လို့လားမသိ ကျွန်မကို နှုတ်ဆက်လာတဲ့ အဘိုးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ ရစ်သိုင်းနေသယောင်။
အဘိုးရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လွတ်လပ်ရေးမရခင် ခေတ်ကာလ တပ်မတော်ကို ကောင်းကောင်း သိမီခဲ့ပုံရသည်။ ကျဆုံးခဲ့တဲ့ အာဇာနည်ကြီးတွေရဲ့ တန်ဘိုးကို နှောင်းခေတ်လူတွေထက် နားလည်ခဲ့ပုံရသည်။
စစ်ပြန် တပ်မတော်သားတစ်ယောက်ရဲ့ ဘဝရပ်တည်မှုအပေါ်မှာ နှစ်ခြိုက်ပျော်မွေ့ခဲ့ပုံရသည်။ ဘဝတူ တပ်မတော်သားတွေကို ဂါရဝတရားထားပြီး လေးစားတန်ဘိုးထားတတ်ပုံရသည်။
အထူးသဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေဆဲ အချိန်မှာ ကျဆုံးခဲ့ရှာတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သူ့ရဲ့ ဘဝသက်တမ်းတလျှောက်လုံး သတိတရနဲ့ နှမြောမဆုံးရှိနေပုံရသည်။
အဘွားကတော့ အဘိုးထက်အသက်ငယ်ပုံရသည်။ သရုပ်ဆောင်တစ်ဦးမို့ ပေါင်းသင်းဆက်ဆံရေး ကောင်းလှသည်။ အဘိုးကိုလည်း ဂရုစိုက်ရှာသည်။ အဘိုးဆန္ဒအတိုင်း ဆွမ်းကပ်ဖို့ ကိစ္စအဝဝကို အလုပ်ပျက်ခံပြီး ပါရမီဖြည့်ရှာသည်။ချွေးတလုံးလုံးနဲ့ မမောနိုင် မပန်းနိုင်ချက်ပြုတ်ပေးရှာသည်။
နောက်ပိုင်းမှာတော့ အာဇာနည်နေ့ရောက်တိုင်း မမေ့မလျော့သွားဖြစ်တဲ့ အလှူက အဘိုးရဲ့ ပကာသန မရှိတဲ့ အလှူလေး။ ထုံးစံအတိုင်း တိတ်တိတ်ဆိတ်ဆိတ် ထမင်းဝိုင်းလေးမှာ သူငယ်ချင်းမလေးနဲ့ ထမင်းစား အသံတိတ် လွမ်းမောကြေကွဲနေပုံရတဲ့ အဘိုးကို လေးလေးစားစားနှုတ်ဆက် အာဇာနည်နေ့တိုင်း ကို အနှစ်သာရရှိရှိ ဖြတ်သန်းခဲ့တဲ့ အဘိုးအတွက် ဂုဏ်ယူအားကျ အတုယူ။
အဘိုးပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းက တကယ့်ကို မှတ်မှတ်ရရ
"အာဇာနည်တွေကို အလေးပြုဖို့ အာဇာနည်ကုန်းကို တကူးတက သွားစရာမလိုဘူးငါ့မြေးရဲ့.... အာဇာနည်ကြီးတွေကို ရောက်ရာအရပ်ကနေ သတိတရနဲ့ ဦးညွတ်တတ်ဖို့ပဲလိုတယ်..."
နောက်ပိုင်းမှာတော့ အဘိုးဆုံးပါးသွားတဲ့ သတင်းနဲ့ အဘွားလဲ မရှိရှာတော့ဘူးဆိုတဲ့ သတင်းတွေကို လေလှိုင်းထဲကတဆင့် ကြားခွင့်သိခွင့်ရခဲ့သည်။
ဒါပေမယ့် အာဇာနည်နေ့ရောက်တိုင်း အဘိုးရဲ့ မထင်မရှား အလှူလေးကို တမ်းတမ်းတတ လွမ်းဆွတ်မိစမြဲ....
နိုင်ငံကို အသက်ပေးလို့ ကာကွယ်စောင့်ရှောက်ပေးခဲ့ရှာတဲ့ စစ်ပြန် စစ်မှုထမ်း ပင်စင်စားတွေအတွက် နိုင်ငံတော်က ပြန်လည်ပေးဆပ်ခဲ့တဲ့ အငြိမ်းစားလစာငွေရယ်လို့ မြင်မိ ကြားမိလေတိုင်း အဘိုးရဲ့ တစ်နှစ်စာ ပင်စင်ထောက်ပံ့ကြေးနဲ့ ဘုန်းကြီးငါးပါး ဆွမ်းကပ်အလှူလေးကို ညီမျှခြင်းချ သက်မမောလေးချလို့ အဘိုးကို လေးစား ဦးညွတ်.....
အာဇာနည်နေ့မှာ ဥသြ ဆွဲရေး မဆွဲရေးအတွက် နဖူးတိုက် ဒူးတိုက် ငြင်းခုန်နေကြသူတွေကို တွေ့မိတော့ မချိပြုံးလေးပြုံးမိ။
နှစ်ပေါင်း ခြောက်ဆယ်နီးပါး အာဇာနည်နေ့ရောက်တိုင်း ဘုရားခန်းလေးထဲမှာ တစ်ယောက်တည်း အသံတိတ်အလေးပြုခဲ့ရှာတဲ့ အဘိုးကို အကြိမ်ကြိမ် လေးစားဦးညွတ်ရင်း...
ဒါတွေဟာ ပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ဘူးဆိုတာ မျိုးဆက်သစ်လေးတွေကို သိစေချင်ပါရဲ့.....။
နှင်းနဲ့မာယာ
0 comments:
Post a Comment