စည်းဘောင်မရှိတဲ့အသိုက်အမြုံတစ်ခုရဲ့သင်းကွဲငှက်တွေ
တစ်ယောက်တစ်လက်ဝိုင်းလှော်ခဲ့တဲ့လှေဟာလည်း
အခုတော့ ဘယ်ဆီလှမ်းလို့ ဘယ်ကမ်းကပ်မှန်းမသိ
သည်းခြေပျက်နေတဲ့ သက္ကရာဇ်တစ်ခုကို
နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုက ဂုဏ်သိက္ခာရှိရှိဘောင်ခတ်လို့
ရွာပြင်ဖိုးတောင်သူတဲက ရာဘာစေးခြစ်သံတွေကြားရတယ်
အနောက်အရပ် နဲ့ အလယ်ပိုင်းက ဘောလုံးတွေလိမ့်ဆင်းလာတယ်
တစ်ကျပ်နှစ်ကျပ်နဲ့ ထမင်းငတ်တဲ့ ပညာတတ်တွေ
ကောင်းရောင်းကောင်းဝယ် လူကုန်ကူးကြမလား
ဟွန်ဒီတွေသူဌေးဖြစ်တဲ့ခေတ်မှာ
ဟိုအရေး ဒီအရေး ဟိုဟာကြောင့် ဒီဟာကြောင့်
ဖြောင့်ဖြူးနေတဲ့လမ်းကို ညကြမ်းကြမ်းမှာဖြတ်ကြတယ်
နွံနစ်နေတဲ့ဘ၀ဆိုးတွေထဲမှာ ပျော်ပျော်ပါးပါးစားပွဲထိုးကြတယ်
အမေနေမကောင်းတာထက် အိမ်ရှင်ကြည်ဖြူဖို့အရေးကြီးတယ်
ပါမစ် ရှိတာမရှိတာထက် UN Card ရဖို့အရေးကြီးတယ်
တရားဝင်တာမ၀င်တာထက် အနောက်ကိုရောက်ဖို့အရေးကြီးတယ်
အကြီးအငယ်ရှိတာမရှိတာထက် ဘ၀အနေချောင်ဖို့အရေးကြီးတယ်
ပေါ်ပင်အနုပညာနဲ့ ခပ်သွက်သွက်ဆေးထဆိုးမှ တန်းဝင်မယ်
ထိုသုံးလုံးသောစကားကိုပြောမှ လူရာဝင်မယ်
ချိုးဖောက်ခံတွေချိုးဖောက်ခံရပြီးမှ ချိုးဖောက်ခွင့်မဲ့သွားတဲ့အဖြစ်......
လည်ပင်းညှစ်ပြီးမှ ကျောကိုသပ်တယ်
လူပြိန်းကြိုက်အထာတွေနဲ့ လွတ်မြောက်ခြင်းကို ညစ်ညစ်ထေးထေးသရုပ်ဖော်ရင်း
တချို့က ၀က်ဝက်ကွဲအောင်မြင်ကြတယ်
နာချင်ယောင်ဆောင်ထားတဲ့ ဆတ်ဆတ်ထိမခံကျားတွေဟာလည်း
ခုန်အုပ်လိုက်ဖို့လည်းအဆင်သင့်
အိမ်နောက်မှာ ရတက်မအေးခင် အိမ်ရှေ့မှာ ကွက်ကျားမီးလောင်တယ်
လူပြိန်းတွေရှေ့ရောက်ပြီး လူလည်တွေနောက်ဆုတ်တဲ့ခေတ်မှာ
လူလိမ်မာတွေ အဝေးရောက်နေကြတယ်
အလုပ်ရှင်မကြည်ဖြူတာထက် မနက်ဖြန်မှာနိုးထနိုင်ဖို့အရေးကြီးတယ်
ပါမစ် ရှိတာမရှိတာထက် အရိုးနဲ့အသားတခြားစီမဖြစ်ဖို့အရေးကြီးတယ်
အိမ်ကိုပိုက်ဆံမပို့နိုင်တာထက် အိမ်မပြန်နိုင်မှာပိုအရေးကြီးတယ်
အဆီကိုစား ၊ အသားကိုမျိုပြီး ခပ်ပြင်းပြင်းဖျက်ဆီးခံရတဲ့
မျိုးဆက်တစ်ခုကတော့
သည်းခြေပျက်နေတဲ့ သက္ကရာဇ်တစ်ခုအတွက်
နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုကို ဂုဏ်သိက္ခာရှိရှိဘောင်ခတ်ဖို့ကြိုးစားနေလေရဲ့ ။ ။
ဆုမြတ်မိုး
0 comments:
Post a Comment