Sample Text
ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။
Pages
လွမ်းသူ့ ခေါင်းလောင်းသံ
“No man is island entire of itself;
Every man is a piece of the continent, a part of the main;
If a cold be washed away by the sea, Europe is the less,
As well as if a promontory were,
As well as any manner of thy friends or of thine own were;
Any man’s death diminishes me, because I am involed in mankind.
And therefore never send to know for whom the bell tolls;
It tolls for thee.”
ကိုယ့်စာသင်ခန်းသည် ကဗျာသီချင်းသံတို့ဖြင့် အစဉ် ညံစီနေတတ်သည်။ ကလေးငယ်တို့ကို ကဗျာလေးတွေသင်ကြားပေးရင်း သူတို့နှင့်အတူ သီချင်းကဗျာတွေဆိုနေရခြင်းကို ကိုယ် နှစ်ခြိုက်ကြည်နူးမိသည်။ ကိုယ့်ကျောင်းသားတို့သည်လည်း ဟန်ပန်မူယာ အမျိုးမျိုးနှင့် သီချင်းကဗျာလေးတွေသာ သီဆိုနေရလျှင် မျက်နှာလေးတွေ ချိုရွှင်နေပြန်သည်။ ပြုံးပျော်ရယ်မောနေနိုင်ကြသည်။ သီချင်းကဗျာတွေအပေါ် သူတို့  နှစ်လိုချစ်မက်ကြတာ သိရတော့ ကိုယ် အတိုင်းမသိ ၀မ်းသာကျေနပ်ရပါသည်။
သီချင်းကဗျာကို ချစ်မက်သူသည် နှလုံးသားနူးညံ့လှပသူ ဖြစ်လိမ့်မည်ဟု ကိုယ်ရဲရဲ ယုံကြည်မိပါ၏။
**********
သစ်သီးတန်းမှာ ပန်းသီးအလုံးခပ်သေးသေး၊ လှလှလေးတွေ အလုံးသုံး၊လေးဆယ် ၀ယ်လာမိခဲ့ပြီ။ တရုတ်ဇီးသီးတွေလည်း ပါသေးသည်။ ဟိုမေး၊ သည်စမ်းဖြင့် မဆလာအမှုန့် တစ်ပုလင်းရအောင် စိတ်ရှည်လက်ရှည် ထောင်းထုဖော်စပ်လာ ခဲ့ရသေးသည်။ ကျောင်းမုန့်ဈေးတန်းမှာ အတန်းထဲက မိန်းကလေးသုံး၊ လေးယောက်နှင့်အတူ နေ့လည်မုန့်စားကျောင်းဆင်းချိန် တစ်လျှောက်လုံး ထိုင်ပေးခဲ့ရပြန်သည်။ ပန်းသီးတွေ အခွံသင်ကြ၊ ခွဲစိတ်ထုတ်ပိုးပေးရနှင့် လက်မလည်နိုင်ကြသော်လည်း ဈေးရောင်းရသော အတွေကြုံသစ်မှာ ဆရာ၊ တပည့်တွေ ကြည်နူးပျော်ရွှင်ခဲ့ကြရသည်။ ဒါပေမယ့် ငြူစူစောင်းငဲ့ မျက်ဝန်းတချို့ကို  မျက်နှာရှောင်လွှဲထားရသော ၀ဋ်ဒုက္ခကိုတော့ စိတ်ပျက်စပြုခဲ့ပြီ။
တပည့်တွေက ရောင်းရသမျှ ငွေးကြေးတို့ကို ရေတွက်ကာ ငွေရင်း၊ ကုန်ပစ္စည်းလက်ကျန်၊ အသားတင်အမြတ်ငွေတို့ကို တွက်ချက် အလုပ်ရှုပ်နေကြကာ ပျော်ရွှင်မြူးကြွ နေကြပြန်မြဲ။ သူတို့ ပျော်တော့ ကိုယ်လည်း ကြည်နူးကျေနပ်သည်။ ကိုယ့်ကလေးတွေ လုပ်အားတန်ဘိုးကို နားလည်လာကြမည်။  ကိုယ်တိုင်ရှာကြည့်တော့ ငွေးကြေးဆိုတာ ထင်သလောက် ရှာဖွေရမလွယ်ကူလှတာ သူတို့သိကြမည်။ လိုအပ်တောင့်တသမျှ မညည်းမငြူ ရှာဖွေဖြည့်ဆည်းပေးကြသော အမိ၊ အဖတို့၏ ကျေးဇူးတရားကိုလည်း အကြောင်းတိုက်ဆိုင်လျှင် ပြောပြရဦးမည်။
နောက်တစ်နေ့အတွက် သစ်သီးပြန်ဝယ်ရန် ငွေအရင်းကို ဖယ်ချန်စေလိုက်သည်။ စားပွဲပေါ်ရှိ တိုက်အိမ်ပုံသဏ္ဍာန် စုဗူးစိမ်းစိမ်းလေးထဲသို့ အမြတ်ငွေတချို့ကို ထည့်စေရသည်။ တစ်ယောက်က စုဘူးထဲ အခေါက်လိုက်ဝင်သွားသော ငွေအချို့ကို နေရောင်မှာထောင်ကာ အရိပ်ကိုကြည့်ရင်း ကျေနပ်နေ၏။ သူက အတန်းဘက်သို့ လှည့်ကာ စုဘူးကလေးကိုကိုင်မြှောက်လျှက် ခလောက်ဆန်ပြပြန်လျှင် အတန်းသားအားလုံးက ၀မ်းမြောက်အူမြူးစွာ လက်ခုတ်ဝိုင်းတီးကြပြန်၏။
အောက်တိုဘာလလယ်၊ ပထမနှစ်ဝက် ကျောင်းပိတ်ရက်နီးမှ စုဗူးဖောက်ကြမည်ဟု ဆရာတပည့်တွေ သဘောတူညီထားခဲ့ပြီးပြီ။ အတန်းတွင်း ပညာရည်ချွန်ဆုပေးပွဲကလေးကို အမြတ်ငွေထဲကပဲ သုံးချင်သည်။ ပြီး.. ပုံပြင်စာအုပ်တချို့နှင့် စာစောင်၊ မဂဇင်းအဟောင်းတချို့လည်း သူတို့အတွက် ၀ယ်ပေးချင်သေးသည်။ ဖြစ်နိုင်လျှင် အတန်းပိုင် စာကြည့်တိုက်ကလေး ရှိလာစေချင်သည်။ တခြားအတန်းများက အတုခိုးပြီး လိုက်လုပ်လာကြလျှင် အတန်းတိုင်းမှာ စာကြည့်တိုက်ငယ် ကိုယ်စီရှိလာကြလိမ့်မည်။ သူ့အတန်း၊ ကိုယ်အတန်း စာအုပ်အလဲအလှယ်ပြုကြရင်း  အချင်းချင်း ရင်းနှီးချစ်ကြည်၊ စည်းလုံးလာကြသည့်အခါ စာကြည့်တိုက်ငယ်လေးတွေစုစည်းမိပြီး ကျောင်းစာကြည့်တိုက်ကြီး ဖြစ်လာနိုင်တော့မည်။
စိတ်ကူးတစ်ယဉ်ယဉ်နှင့် ပြဋ္ဌာန်းစာအုပ်ဖွင့်စေလျှင် တက်ကြွမျှော်လင့်တတ်သူတို့က စာအုပ်များကို တဖျတ်ဖျတ်လှန်လှောနေကြပြီ။
“ဒီနေ့ ဆရာမပေးတဲ့ သင်္ချာ ငါးပုဒ်ကို အမှားမရှိပဲ အရင်ဆုံးလာပြနိုင်တဲ့ အုပ်စုကို နက်ဖြန် သစ်သီးတန်းကို ဈေးဝယ်ထွက်ရင် ခေါ်မယ်”
ဟေးခနဲ သံပြိုင်ပြုကြကာ အလုအယက်၊ သူ့ထက်ငါ သင်္ချာပုစ္ဆာတွေကို ကုန်းတွက်နေကြပြန်သည်။
**********
“ဆရာမ လောဘ အနန္တတွေ…”
မကြားတကြား ကွယ်ရာပြောစကားပေမယ့် အကင်းပါသောနားက ကြားဖြစ်အောင် ကြားမိသေးသည်။ သို့သော် ဖက်ပြိုင်ပြောလို့ မဖြစ်နိုင်ကြောင်းတော့ အသိတရားက ဟန့်တားနေပြန်သည်။ ဥာဏ်သမာဓိလည်း မခိုင်တည်လှတော့ တနုံ့နုံတွေးလျှက် စိတ်မကောင်းတော့ ဖြစ်ရသေးသည်ပင်။
တကယ်ဆို ကိုယ့်သားသမီးအပါအ၀င် အတန်း၏ အကျိုးအတွက် သမီးတို့၏ဆရာမက စေတနာသက်သက်ဖြင့် ပြုမူနေတာဟု သူမ သိနားလည်ပေးသင့်ပါသည်။ ကျောင်းဈေးသည်အဖြစ် သူမ ရပ်တည်ခဲ့သော ကာလတစ်လျှောက်လုံး ကိုယ့်နှင့်လည်း အတန်အသင့်တော့ ရင်းနှီးနေခဲ့ဖူးသည်ပင်။ ကလေး၏ ပညာရေးကိစ္စနှင့် ပတ်သက်လို့လည်း ၀င်ထွက်ဆက်ဆံဖူးနေသည် မဟုတ်လား။ ပြီး ကျောင်းသား လေးရာနီးပါးရှိသော ဒီမုန့်ဈေးတန်းကလေးမှာ ကိုယ့်တို့ သစ်သီးဈေးဗန်းကလေး တစ်ဗန်းတလေ တိုးလာရုံနှင့် သူတို့ ရောင်းအားက ထူးခြားသိသာစွာ ထိုးစိုက်ကျဆင်းသွားရမည် မထင်။ သမုဒ္ဒရာရေပါ အစ်မကြီးရယ်ဟုတော့ ပြန်ပြောချင်မိသေးသည်။
“ပြောလည်း ပြောပါစေဟယ်။ တတ်နိုင်ဘူး။ အိမ်က ကျေးဇူးရှင်က ဒီနှစ် ဆယ်တန်းတက်ရပြီလေ။ ဘော်ဒါ မပို့ရကောင်းလားဆိုပြီး ဂဂျီဂဂျောင်ကျနေလို့ မနည်း ချော့မော့ဖြောင်းဖျပြောပြီး အချိန်ပိုင်း ကျူရှင် ပို့ပေးထားရတာ။ စားစရာ မရှိတာ နောက်၊ သူ့ကျူရှင်လခ မှန်မှန်မပေးနိုင်လို့ ဆန္ဒပြပြီး ထင်ရာစိုင်းမှာ ပူနေရတာ”
အစ်မကြီး ဒေါ်သင်းသင်းမြိုင်က ကိုယ်တို့ထက် လုပ်သက် အပုံကြီး ဦးသေးသည်။ သားအကြီးတစ်ယောက်၊ သူ့အောက်မှာ ညီမငယ်နှစ်ယောက်။ အားလုံး ကျောင်းသားချည်းမို့ အိမ် စားရိတ်က မသက်သာလှ။ ခင်ပွန်းသည်ကလည်း ရိုးအေးသည့် ၀န်းထမ်းတစ်ယောက်ဖြစ်နေပြန်သည်။ မိုးလင်းကတည်းက ကျူရှင်သင်ရင်း မျက်နှာသစ်ကာ ကျောင်းချိန်အမီ မုန့်ထုတ်တစ်ဖက်၊ ခြင်းတစ်ဖက်နှင့် ကျောင်းတက်ရသူ ဖြစ်သည်။ ညနေကျောင်းဆင်းလျှင် စာသင်ဝိုင်းသို့ ၀င်ပြန်ကာ ညရှစ်နာရီခွဲလေမှ အိမ်ပြန်ရောက်နိုင်တော့သည်။
အစ်မကြီး၏ အာလူးကြော်ထုတ်၊ ဇီးစပ်ထုတ်၊ နေကြာစေ့၊ ပီကေ၊ သကြားလုံး စသည့် ထွေထွေရာရာ၊ သွားရည်စာလေးတွေက ဘယ်လောက်မှ အမြတ်များများ မကျန်တတ်ပါ။ သို့ပေမယ့် စာနာတတ်သော ကျောင်းသားအများစုက ဆရာမကိုသာ အားပေးကြသည်။ များများရောင်းရတော့လည်း အမြတ်ကလေး မြိုးမျက်သည် ဆိုပါစို့။ သို့ပေမယ့် အရပ်ထဲမှ ၀င်လာရောင်းကြသော ကျောင်းဈေးသည်များက မသိမသာ ငြူစူစောင်းမြောင်းကြသည်နှင့် ကာမိမည် မထင်ပါ။
ကိုယ့်ကျောင်းသူမ၏ မိခင်ကတော့ သူတကာထက် ထူးကဲစွာလန်နေသည် ထင်မိ၏။ ကျိုးကြောင်းသင့် ပြောချင်မိခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် အထူးသတိထားနေပါသည်။ ကိုယ့် တပည့်မ၏ မျက်နှာကိုလည်း ထောက်ထားရပါမည်။ မိဘနှင့် ဆရာကြားမှာ စကားခြေတင်ဆိုရလျှင် ကလေးလည်း ကြားက အနေရခက်ရှာမည် ထင်၏။ ကိုယ့်ကလေးတွေ၏ စိတ်မှာ နာကျင်အရိပ်ထင်မည့် အကြောင်းကိစ္စတိုင်းကိုတော့ ကိုယ် အထူးသတိထား ရှောင်ကြဉ်လိုပါသည်။
***********
အတန်းတွင်းမှာ ကျောင်းသား၊ကျောင်းသူချင်း ငြင်းခုန်အော်ဟစ်၊ စကားများရန်ဖြစ်ကြခြင်းသည် ကိုယ်တို့ မူလတန်းကျောင်းကလေးတွေမှာ အဆန်းတကြယ် မဟုတ်ပါ။ သို့သော် ကလေးငယ်တွေ အချင်းချင်း သင့်မြတ်စည်းလုံးကြဖို့ ကိုယ် အခါအခွင့်သင့်တိုင်း ဆိုဆုံးမမှု မလျော့ခဲ့။ သူတို့၏ တစ်ဦးချင်းစိတ်အခြေအနေ၊ ခံစားချက်နှင့် အကျင့်စရိုက်များကိုသာမက မိခင်၊ ဖခင်တို့၏ နောက်ခံပတ်ပတ်ဝန်းကျင်ကိုပါ ကိုယ်က ရတတ်သမျှ စပ်စုတတ်သေးသူ ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် မသင့်မမြတ်၊ အသိလွဲ၊ ခံစားချက်လွန်ကဲကာ ရန်လိုချင်သော ကလေးငယ်တွေကို အထူး ဂရုပြုပါသည်။ စာသင်ချိန်ပြင်ပမှာ သီးသန့်တွေ့ဆုံခွင့်ကို သူတို့လေးတွေ မရိပ်မိအောင် ဖန်တီးယူကာ စည်းရုံးဆွဲဆောင် တည့်မတ်နိုင်ဖို့ ကိုယ် အမြဲကြိုးပမ်းခဲ့သည်ပင်။
နေရည်လင်းသည် စူးစွာသော မိခင်နှင့် ခြားနားလှစွာ ရန်လိုတတ်သူကလေး လုံးဝ မဟုတ်ခဲ့ပါ။ ကျောင်းစာမှာ တော်ထူးထက်မြက်သလို အတန်းတွင်း တာဝန်ပေးအပ်မှုတိုင်းတွင်လည်း တက်ကြွ နိုးကြားသူလေးပင်။ ပေါင်းသင်းဆက်ဆံရေးမှာ ပါးနပ်ချက်ချာသလောက် မိဘအပေါ်မှာလည်း လိမ္မာ၊ သိတတ်လှသည် ထင်မိ၏။
သူ့မိခင်၏ ကျောင်းမုန့်ဈေးတန်း ဆိုင်ခင်းရာမှာ ကူညီနေတတ်မြဲ။ မုန့်စားကျောင်းဆင်းလျှင် အမေ့ထံ တန်းမတ်စွာသွားကာ ဈေးရောင်းကူလေ့မြဲ။ ကိုယ်တို့ အတန်းသားတွေ အလှည့်ကျတာဝန်ဖြင့် ကျောင်းဈေးရောင်းသောအခါ …
“သမီးက မေမေ့ကို သွားကူရဦးမှာ မဟုတ်လား။ အလှည့် ယူ မနေနဲ့တော့လေ။ မေမေ့ဆိုင်မှာ ဈေးဝယ်ပါးချိန်ကျမှ ခဏလောက် ပြန်လာပြီး သူငယ်ချင်းတွေနဲ့နေ…”
နေရည်လင်း၏ စိတ်မှာချန်ထားခံရသူအဖြစ် မခံစားရစေဖို့ အငြင်သာဆုံး ပြောခဲ့ဖူးတာဖြစ်သည်။ 
သို့ပေမယ့်…
“တာဝန်ကျတဲ့နေ့က တစ်ပါတ်မှ တစ်ရက်လောက်ပဲဟာ။ သမီးလည်း ဈေးကူရောင်းချင်တယ်။ တာဝန်မယူရတဲ့နေ့တွေမှာ မေမေ့ဆီ သွားကူလို့ ရနေတာပဲ”
“သမီးမေမေ့ကို မေးပါဦး”
မေမေက ခွင့်ပေးလိုက်ပြီတဲ့။ သို့ပေမယ့် ခုတော့ နေရည်လင်းနှင့် သူ့ သူငယ်ချင်းများအကြား စိတ်ဝမ်းကွဲပြားကာ ငြင်းခုန်ရန်ဖြစ်ကြရပြီ။
**********
မမပြုံးသာ ၀င်မပါလျှင် ထိုအမျိုးသမီး ဒီမျှနှင့် ကျေနပ်ပြေအေးပေးလိမ့်မည် မထင်။
“အစ်မ အတွက်တော့ ကိုယ့်သားသမီးနဲ့ သူများသားသမီး ခွဲခြားနေလို့ ဖြစ်တာပေါ့။ ကျွန်မအတွက်က အားလုံးဟာ ကျွန်မတပည့်တွေချည်းပဲ။ ဘယ်သူမှန်မှန်၊ ဘယ်သူမှားမှား ၊ ကျွန်မအတန်းထဲမှာ ဖြစ်တဲ့ကိစ္စကို ကျွန်မ ဘာသာ ဆုံးဖြတ်မယ်”
ဆရာမကြီး ရုံးခန်းရောက်ရုံနှင့် ကိုယ့်သားသမီးဘက်က အသာစီးရတော့မည်ဟုများ ထိုအမျိုးသမီး မျက်စေ့မှိတ် တွေးနေသေးသလားမသိ။
“သူတို့က အများ၊ ကျွန်မ သမီးက တစ်ယောက်တည်း”
“ကလေးက ကလေးပါပဲ အစ်မရဲ့။ အချိန်တန် မေ့သွားမှာပဲ။ ပြန်တည့်မှာပဲ”
စကားတွေ အပ်ကြောင်းထပ်နေဆဲ မမပြုံးရောက်လာလေကာ…
“ကဲ.. အခု ရှင့်ကလေးက ထိပ်ပေါက်၊ ခေါင်းကွဲဖြစ်သွားလို့လား။ ဘယ်နေရာမှာ သွေးထွက် သံယိုဖြစ်သွားလဲ… ပြော။ ဆေးဖိုး ကျွန်မ စိုက်ပေးမယ်”
ဆိုရုံနှင့် ကိစ္စပြီးပြတ်သွားတော့သည်မှာ အံ့သြစရာ။ ကျောင်းဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတစ်ခုတည်းနဲ့ မတည်ဆောက်နိုင်သော သြဇာကို ငွေရှင်ဆိုသော အခွင့်အာဏာနှင့် ဖြည့်ပေါင်းကာ မမပြုံးက လှပစွာ လှစ်ပြခဲ့သွားခဲ့လေတာ။ ကိုယ် မရှုမလှ ပြိုကွဲတုန်လှုပ်မိတော့သည်။
မမပြုံးသည်လည်း ကိုယ်တို့ကျောင်းက ကိုယ်တို့၏ စီနီယာဆရာမ တစ်ယောက်ပါပင်။ အစ်မကြီး ဒေါ်သင်းသင်းမြိုင်တို့ထက်တော့ လုပ်သက်နုသေးသည်ပေါ့။ ဒါပေမယ့် မမပြုံးက အားလုံးသော ဆရာမတွေထက် ပြိုးပျက်လင်းလက်သည်။ ကျောင်းကိုလာလျှင် ဆိုင်ကယ်ကိုယ်တိုင်မောင်းသည်။ စာအုပ်နှင့် ဘောလ်ပန်၊ ခဲတံ၊ ခဲဖျက်စသော စာရေးကိရိယာလေးတွေ အိတ်ကြွတ်တစ်လုံးပါလာတတ်သူ ဖြစ်သည်။ အမေအိုကြီးရှိသူမို့  အမေ့မုန့်ဖိုးဟု အကြောင်းပြ၏။ ကျောင်းပိတ်ရက် ခရီးတစ်ခုက ပြန်လာလို့၊ အညာက ဆွေမျိုးတွေနဲ့ ပါလာလို့ စသော အကြောင်းပြချက်ဖြင့် သိုးမွေးခြုံထည်၊ မာဖလာ၊ အညာစောင်၊ သနပ်ခါးတုံး စသည်တို့ကို အခါအားလျော်စွာ ရောင်းလာတတ်သေးသည်။ သွားတိုက်ဆေး၊ ဆပ်ပြာမှအစ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေး စသော အလှကုန်များလည်း သူ့ ယူလာပေးသောကြာင့်သာ မြင်တွေ့ဖူးရသည်။ ပြီး… အရပ်ထဲမှာ ခင်ပွန်းသည်၏ အမည်ဖြင့် လိုင်စင်ရ အပေါင်ဆိုင်ဖွင့်ထားသူမို့ အရေးအကြောင်းရှိလျှင် အားကိုးတိုင်တည်ရာလည်း ဖြစ်လေသည်။
ကျောင်းပတ်ဝန်းကျင် ရပ်ကွက်တွေကလည်း မမပြုံးကိုတော့ ကျွမ်းဝင်ချစ်ခင်ဟန်ရှိကြကာ လေးစားမှု မလျော့။ ဘယ်သူမှလည်း ကင်းကင်းကွာကွာ မနေနိုင်ကြဘူး ထင်ပါသည်။
ကျောင်းအုပ်ဆရာမကြီးကတော့ မမပြုံး၏ လုပ်ငန်းစီးပွားကိစ္စထွေရာတို့ကြောင့် ကျောင်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ဖူးပေါင်းများလှပြီမို့  ခဏ..ခဏ သတိပေးနေရရင်း စိတ်ပျက်လှပြီထင့်။
“ကျုပ်သာ ရှင့်နေရာမှာဆို အလုပ်ကထွက်ပြီ”
သူ့အား ဆရာမကြီးမကြည်ဖြူနိုင်တော့တာ ရိပ်မိနေသော မမပြုံးကလည်း တကယ်ပင် အလုပ်မှ ထွက်သွားခဲ့တော့သည်။
************
“ပြုံးတို့များ ကျောင်းကို သံယောဇဉ် ကြီးလိုက်တာဟယ်”
အစ်မကြီး ဒေါ်သင်းသင်းမြိုင်က ညည်းညည်းညူညူပြုနေရင်း ပြုံးမဲ့မဲ့ကလေး အငေါ်တူးသည်။ 
ပြီး.. ရှေ့စကားနှင့် နောက်စကား မညီစွာ…
“သိပ် ရက်စက်တာပဲ”
..ဆိုရင်း ငြိမ်ငေးသွားပြန်တော့သည်။ 
အစ်မကြီးဒေါ်သင်းသင်းမြိုင်တင်မဟုတ်။ ကျောင်းမုန့်စားတန်းက ကျောင်းဈေးသည်အားလုံး အငိုက်မိ၊ အရှိုက်ထိကုန်ကြလျှက် ခေါင်းချင်းရိုက်ကုန်ပြီ။ မကျေမနပ် ပွစိ၊ပွစိ ပွက်လောညံကြပြီ။
“ဆရာမကြီးနဲ့ သွားတွေ့ကြည့်ကြမလား”
ပြောသူကိုယ်တိုင်က ကိုယ့်စကားကိုယ် အတိအကျ လိုက်နာနိုင်မည့်သူ မဟုတ်။ ကျန်အားလုံးကလည်း ကွယ်ရာထောက်ရာမှာသာ စကားဟောင်ဖွာတတ်ကြရုံ ရှိပြီး ဆိုရေးရှိလျှင်တော့ နောက်တွန့်လေ့မြဲသာ မဟုတ်လား။
ဆရာမကြီးက သူတို့အားလုံးကို စောစီးစွာ အသိပေးကြော်ငြာခဲ့ပြီးသား ဖြစ်သည်။ ဒီစာသင်နှစ်မှာ ဆိုင်ခန်းလေးတွေကို  သန့်ရှင်းသေသပ်အောင် ပြင်ဆင်ရမည်တဲ့။ အမိုးအကာပြုပြင်သည်သာမက မိမိဆိုင်ရှေ့မှာ ရေမ၀ပ်စေရအောင် မြေဖို့ကြဖို့လည်း ဆော်သြခဲ့သေးသည်။ အမှိုက်သရိုက်ကင်းစင်အောင် ဂရုပြုကြဖို့လည်းပါသည်။ အစားအသောက်များ သန့်ရှင်းရမည်၊ လတ်ဆတ်ရမည်။ ယင်မနားစေရအောင် အဖုံးအကာ ရှိရမည် ဆိုတာတွေလည်း အထပ်ထပ် မှာကြားခဲ့သေးသည်။ ပြောသမျှ ခေါင်းညိတ်ပြီးသည်နှင့် မေ့ပစ်လိုက်ကြသလားတောင် မသိ။ ဆိုင်ခန်းငယ်လေးတွေက အစဉ်အမြဲ ဖရိုဖရဲ။ လဲပြိုလု မတတ်ပေ။ ပြင်ဆင်စားရိတ် မတတ်နိုင်ကြတာလည်း တစ်ကြောင်းဖြစ်မည်။ ကျောင်းခြံဝန်းအတွင်းမှာ မိမိတို့၏ စုတ်ချာချာ ဆိုင်ခန်းငယ်များက အမြင်မတင့်တယ်၊ ကျန်းမာရေးနှင့်လည်း  မလျော်ညီဟု မသိတတ်ကြတာလည်း ပါမည်။ ထုံးစံအတိုင်း  ပြီးပြီးပျောက်ပျောက် ဖြစ်သွားမည်ဟု အခါများစွာကနှယ် အရိုးစွဲကာ လျော့ပေါ့ တွေးထင်ထားခဲ့သည် ထင်ပါသည်။ ခုတော့ ဆရာမကြီး၏ ရာဇမာန်ရှခြင်းကို ခံကြရပြီ။
သူတို့ မင်းမူနေကျနေရာမှာ မမပြုံး၏ သေသပ်လှပသော ချစ်စဖွယ် ဆိုင်ကလေးက သားနားသပ်ရပ်လှသည်။ အစားအသောက် အမည်စုံတို့လည်း ဖွယ်ရာသည်။ အမျိုးစားတူရာအလိုက် ဈေးဗန်းလေးတွေ စီစီညီညီမို့ စနစ်ကျလှတော့သည်။ ကျောင်းသားငယ်များ ထိုင်နားစားသောက်ရန် ချစ်စဖွယ် ထိုင်ခုံငယ်လေးတွေပင် ပါလိုက်သေးသည်။ နေ့စဉ် ကောက်ခံနေရသော ဈေးကောက်အတွက် မမပြုံးက စာသင်နှစ် ပြီးဆုံးချိန်အထိ တွက်ချက်ကာ ကြိုတင်ပေးချေထားနှင့်ခဲ့ပြီမို့ ကျောင်း၏ အထွေထွေ၊ အသေးသုံးစားရိတ်များအတွက် ဆုတ်ဆုတ်ခဲခဲ သုံးနိုင်တော့မည်။ ကန်ထရိုက်သဘောမျိုးလည်း သက်ရောက်နေမည် ထင်သည်။ ကျောင်းခြံဝန်းအတွင်း မမပြုံး တစ်ဦးတည်းကလွဲလျှင် ဘယ်သူမှ ဈေးမရောင်းကြရတော့ပြီတဲ့။ ကောင်းလေစွ။
=======
ကိုယ်တို့၏ အတန်းတွင်း ၀င်ငွေတိုးရေးလှုပ်ရှားမှုလေး ခါးပိုင်းပြတ်ခဲ့ရတာ မမပြုံးကြောင့်ဟု ကိုယ်က စွတ်စွဲချင်သေးသည်။ ငွေသာရမည်ဆိုလျှင် နတ်နေကိုင်းပင် မချန်တတ်သော မမပြုံးပေပဲ။
“ရှင်တို့ကျောင်းကလေးလည်း ကျုပ် ဆိုင်လေးကြောင့် ဘယ်လောက်လှပသွားလဲ ကဲ”
လှဖို့မလို၊ ၀မ်းဝဖို့သာ အဓိကဖြစ်နေရသော ဘ၀များစွာတို့ကတော့ ဟိုပြေး၊ သည်လွှား ဂျင်ခြေလည်နေရပြန်တာ မမပြုံး စာနာကြည့်တတ်ပါရဲ့လား။ ကျောင်းဈေးတန်းလေးမှာ အိနြေ္ဒရရ ဈေးရောင်းလာခဲ့ရသူတို့ ဟိုလမ်းထိပ်မှာ၊ ဒီဈေးထိပ်မှာ ဂဏှာမငြိမ်နိုင်ကြသေး။ နေရာ အခြေတကျ မဖြစ်နိုင်ကြသေး။ ၀င်ငွေ ပုံမှန်မရနိုင်သေးသော်လည်း ၀မ်းတော့ ဖြည့်ရဦးမည်မို့ မမပြုံး၏ အပေါင်ဆိုင်ဆီ ၀င်ချည်ထွက်ချည်ပြုကြရပြန်ပြီ။
“မေမေကတော့ ဆရာမ ဒေါ် ပြုံးပြုံးမြင့်ကို မေတ္တာပို့လိုက်၊ ငိုလိုက်ပဲ”
နေရည်လင်းက သူ့မိခင်အကြောင်း ပြန်ပြောလာတော့ စိတ်မကောင်း ဖြစ်ရပြန်သည်။
“တဖြည်းဖြည်းတော့ ပြန် အဆင်ပြေမှာပေါ့ သမီးရယ်”
ကိုယ်တိုင် ယုံကြည်ဖို့ ခက်ခဲနေသော နှစ်သိမ့်စကားကို ဆိုနေရတာ ခါးသီးလှသည်။ ဒါပေမယ့် ဒီလောက် ပြောတတ်ရုံသာ ကိုယ်တတ်နိုင်ခဲ့သည်။ နေရည်လင်းကတော့ ကိုယ့်ထက် စွမ်းနိုင်ခဲ့သည်ပင်။
*******
သူ့လွယ်အိတ်ကလေး ခပ်သေးသေးမှ ကျောပိုးအိတ်နွမ်းနွမ်းကြီး ဖြစ်လာတာ သတိပြုမိခဲ့သော်လည်း ကိုယ် အမှတ်မဲ့နေခဲ့မိသည်။
“ဆရာမ ပန်းသီးစားချင်ရင် နေရည်လင်းဆီမှာ ၀ယ်လို့ရတယ်”
တိုးတိုးတိတ်တိတ် ပြောလာကြသည့်တိုင် ကိုယ် ထခုန်မိမတတ် လန့်ဖြတ်သွားရတော့သည်။
“နေရည်.. သမီး ဘာတွေ လုပ်နေတာလဲ”
သူ့ စွမ်းဆောင်ချက်ကို လူမိခံလိုက်ရပြီမို့ သူမကလေး ထိတ်လန့်နေရှာသည်။ 
ငိုမဲ့မဲ့ကလေး ဖြစ်နေပြန်သေးသည်မို့ တိုးတိုးကြိတ်ကြိတ် ချော့မော့ရပြန်သည်။
“…… ညက ဖေဖေနဲ့ မေမေ ရန်ဖြစ်ကြတယ်။ ဖေဖေ အလုပ်ကပြန်လာတော့ မေမေက ထမင်းချန်မထားလို့ တဲ့”
သူမိခင်နှင့် ခေါ်တွေ့မိပြန်လေမှ ပိုလို့ စိတ်လေထွေးပြား ရတော့တာ ဖြစ်သည်။
“အရပ်ထဲမှာလည်း ချေးငှားဖို့ လူကုန်နေပြီ ဆရာမရေ။ ဘယ်သူကမှ အကြွေး မပေးချင်ကြတော့ဘူး။ ဈေးထွက်ရောင်းတော့လည်း တစ်ရက်ကွက်လုံးက မိန်းမတွေအားလုံး ဈေးရောင်းထွက်နေကြတော့ ၀ယ်မယ့်သူကို မရှိတော့ဘူး။ ရောင်းရတာကနည်းနည်း၊ အကြွေးကျတာက များများမို့ အရင်းက တစ်ရင်းပြီး တစ်ရင်း…ပြုတ်ပြီးရင်း ပြုတ် ဖြစ်နေပြီ”
“မမပြုံးသိရင် ဒီအရင်းပါ ပြုတ်ဦးမှာ”
မျက်ရည်တွေစီးကျလာကာ နှပ်တစ်ချက် ညှစ်လိုက်ပြန်ရင်း ငုံသံဗလုံးဗထွေးနှင့် ဆက်ပြောနေပြန်သည်။
“သူတို့အဖေ ညက ပိုက်ဆံနည်းနည်းရလာလို့သာ ဒီနံနက် ထမင်းချက်ရတာပါ ဆရာမရယ်။ ဒါပေမယ့် ညနေ အထိ တော့ ဘယ်လိုလုပ် လောက်ပါ့မလဲ …။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ပိုက်ဆံ အလုံအလောက်မပါရင် နေ့လည်ကျ ပြန်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်”
“………..”
“သူ့ အလုပ်ကလည်း ဒီရက်တွေထဲ မကောင်းဘူးတဲ့။ လူတွေကလည်း ဆိုက္ကားမစီးတော့ပဲ ကုန်းကြောင်းပဲ လျှောက်နေကြသလား မသိပါဘူး။ ရသလောက်ပို့ပေးလိုက်မယ်။ အိမ် ပြန်မလာတော့ဘူးဆိုပြီး ထွက်ခတ် ခတ်သွားလို့ ပိုက်ဆံပို့ပေးရင် ရပြီ။ တစ်သက်လုံး ပြန်မလာချင်လည်း နေလို့ ပြန်အော်ပစ်လိုက်တယ်”
“…… ဒီနံနက်တော့ ဈေးမရောင်းလို့လည်း မဖြစ်သေးဘူးဆိုပြီး နံနက်အစောကြီး သစ်သီးတန်းမှာ ခေါက်ပြန်ပေးနဲ့ ယူလာတာ။ သမီးက ကျောင်းမှာ သူငယ်ချင်းတွေကိုရောင်းရင် အကြွေးမကျဘူး ဆိုပြီး ခွဲယူသွားမယ် ပြောတော့ ကျွန်မလည်း ထည့်ပေးလိုက်မိတော့တာ…”
************
ဆရာမကြီး ဆူကြိမ်းတာ ခံနိုင်သော်လည်း မမပြုံးက မျက်နှာထားချီကာ ခပ်တင်းတင်းကြည့်လာတာကိုတော့ အူယားလှသည်။
“ရှင် ရောင်းခိုင်းထားတာလို့ ကလေးက ပြောနေပါလား”
ပြင်ဆင်လာခဲ့သည့်အတိုင်း ခေါင်းညိတ်ပြမိတော့ ဆရာမကြီးပါ ရှူးရှူးရှားရှား ဖြစ်သွားသည်။ မမပြုံးလည်း မပြုံးနိုင်ရှာပဲ မျက်ထောင့်နီကြီးနှင့် ပြူးကြည့်နေလေသည်။ ခုလို အရေးကြုံလာလျှင် ထိုအတိုင်းပြောရန် နေရည်လင်းအား ကြိုကြိုတင်တင် သေချာသင်ထားခဲ့မိလို့ တော်တော့သည်။
“ရှင်က ကျွန်မ လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်တာပေါ့လေ”
ဆရာမကြီးအား အရိုသေတန်ရာတော့ မရောက်ချင်ပါ။ တောင်းပန်ရတော့မည်။
“ကျွန်မက ကလေးတွေကို အတန်းတွင်းဆုပေးပွဲလုပ်ဖို့ သေချာ ကတိပေးပြီးသားမို့ပါ ဆရာမကြီး။ ကလေးတွေကို ကတိ မပျက်ချင်ဘူး”
“အဲဒါနဲ့ ခုလို လုပ်တာ ဘာဆိုင်လို့လဲ”
“လိုတဲ့ငွေကို ကျွန်မ စိုက်မထုတ်နိုင်ဘူးလေ။ ဒါကြောင့် နှစ်စကတည်းက ငွေစုနေခဲ့တာပါ”
မမပြုံးမျက်နှာ မဲ့ပြလေသည်။ ကိုယ် မမပြုံးထံ ထီမထင် စိုက်ကြည့်ပစ်လိုက်ကာ…
“မမပြုံးနဲ့ ဆရာမကြီးတို့ အစီအစဉ်ကြောင့် ကျွန်မတို့ အားလုံး ကမောက်ကမ ဖြစ်ခဲ့ရတာ”
ဆရာမကြီး ရှေ့မှာသာ မဟုတ်လျှင် မမပြုံးတစ်ယောက် ဆွေ့ဆွေ့ခုန်နေပေတော့မည်။ ဒါပေမယ့် ကိုယ့်အပေါ် မမပြုံး၏ ကျေးဇူးတရား တစိုးတစ်စေ့မျှ မရှိခဲ့စဖူး။ မှုစရာမလိုဟု စိတ်ပိုင်းဖြတ်ထားမိပြီ။
“ကျောင်းဈေးသည်တွေလည်း စားကျက်ပျောက်ပြီး အကုန်ဒုက္ခရောက်နေပြီ ဆရာမကြီး။ အရင်းပြုတ်တဲ့သူနဲ့၊ အကြွေးတက်တဲ့သူနဲ့။ ထမင်းတောင် နပ်ကျော်စားနေရတဲ့သူတွေ ရှိနေပြီတဲ့။ ဆရာမကြီးရော..၊ မမပြုံးရော.. ပြန်စဉ်းစားပေးပါဦး။ ကျွန်မ… ကျွန်မ သူတို့ကိုယ်စားတောင်ပန်တာပါ”
ဆရာမကြီးကတော့ တွေတွေဝေေ၀ ငြိမ်ငေးသွားတော့ပြီ။ မမပြုံးကတော့ ခြေသံပြင်းပြင်းနှင့် ချာခနဲ နောက်လှည့်ထွက်ခွာသွားတော့သည်။
***********
“ဘယ်သူမှ ကျွန်းကလေးလို ထီးတည်းနေလို့ မရဘူး၊
လူတိုင်းဟာ တိုက်ကြီးတစ်တိုက်ရဲ့ တစ်ဖဲ့၊ ပြည်မကြီးတစ်ခုရဲ့ တစ်ပိုင်းတစ်စပဲ
ဥရောပတိုက်ကြီး လျော့နည်းသွားရင်လည်း သင် လျော့နည်းတာပဲ။
သင့်မိတ်ဆွေ မြေတစ်ကွက် လျော့နည်းသွားတော့လည်း သင်လျော့နည်းတာပဲ။
သင်ဟာလည်း လူသားထဲကလူမို့ အားလုံးနဲ့ပတ်သက်နေတာပဲ။
ဒီတော့ လွမ်းသူ့ခေါင်းလောင်း ထိုးသံကြားရင်
ဘယ်သူ့အတွက်လဲလို့ မမေးနဲ့၊
သင့်အတွက်
ထိုးတဲ့ ခေါင်းလောင်းသာလျှင် ဖြစ်တယ်”
ဂျွန်ဒွန်း (၁၅၇၃ - ၁၆၃၁)
ထိုကဗျာ၏ အဓိပ္ပါယ်ကို စတုတ္ထတန်းအရွယ်၊ အကလေးငယ်တို့ ခံစားနားလည်နိုင်စေရန်လည်း ကိုယ် အတတ်နိုင်ဆုံးကြိုးစားကာ ရှင်းလင်းသင်ပြခဲ့ပါသည်။ သူတို့၏ အသိနုနုလေးတွေမှာ စွဲမြဲနေစေရန်လည်း နံရံမှာရေးကပ်ထားကာ စာသင်ခန်းသို့အ၀င်၊ သင်ခန်းစာတစ်ခု မစတင်မီ ရွတ်ဆိုစေခဲ့သည်မှာ နေ့စဉ်အလေ့တစ်ခု ဖြစ်နေခဲ့ပြီ။ သူတို့လေးတွေ ခုနေခါမှာ ကဗျာ၏ အဓိပ္ပါယ်ကို နားမလည်နိုင်ကြသေးလည်းပဲ အားတော့ မလျော့ပါ။ နောင်တစ်ချိန် လူကြီးတစ်ယောက်အဖြစ် လူ့လောကအလယ်မှာ တွင်ကျယ်ဝင်ဆန့်လာသည့်အခါ ထိုကဗျာကလေးကို မမေ့သေးဘူးဆိုလျှင် ကဗျာ၏ အနက်အဓိပ္ပါယ်ကိုလည်း သူတို့ ဆင်ခြင်ဆပွားတတ်လာကြလိမ့်မည်ဟု ကိုယ် ယုံကြည်ပါသည်။ သူတို့လေးတွေ  လူ့လောကသို့ တိုးအ၀င်မှာ တစ်ကိုယ်ကောင်းစိတ်ကင်းသော၊ လူသားအချင်းချင်း ထောက်ထားစာနာ ညှာတာတတ်သူ၊ ဖေးမကူညီတတ်သူ ၊ စင်စစ်လူပီသသူလေးတွေ ဖြစ်လာကြစေဖို့ ပြင်းပြင်းပြပြ တောင့်တ မျှော်လင့်ချင်ပါသည်။
*********
“အစ်မကြီးကို သူ့ဆိုင်မှာပဲ ဈေးဗန်းတစ်နေရာစာလောက် ပေးဖို့ ပြုံးကို ကူပြောပေးပါဦးကွယ်”
အစ်မကြီး ဒေါ်သင်းသင်းမြိုင်ကလည်း မျက်ရည် တစမ်းစမ်းမို့ အိမ်ရှေ့ပူ၊ အိမ်နောက်မချမ်းသာရပြန်။
နေရည်လင်းကလည်း…
“အရင်ယူထားတဲ့ အကြွေးတွေ မကျေတော့ မေမေ့ကို နောက်ထပ် အသီးရောင်းမပေးတော့ဘူးတဲ့။ သစ်သီးတန်းတစ်တန်းလုံးက  ကြေငြာလိုက်ပြီ”
သူ့ မိခင်ကလည်း ခွင့်စာတစ်ရွက် စားပွဲပေါ်လာတင်ကာ…
“သူတို့ အဖေလည်း တကယ်ကို အိမ် ပြန်မကပ်ချင်တော့ဘူးဆရာမရေ..။ သူ့အပေါင်းအသင်းတွေနဲ့ ရွှေတူးတဲ့နောက် ပါသွားလေရဲ့။ သမီးက တစ်ဖက်တစ်လက် ကူဖော်လောင်ဖက်ရနေတော့  သူ့ကို ကျောင်းထုတ်လိုက်ရ ကောင်းမလားလို့။ အဲဒါ…”
အလန့်တကြား၊ ဆုံးဖြတ်မနိုင် ရှိနေစဉ်…
“ရှင် ဆုပေးပွဲအတွက် ငွေဘယ်လောက် သုံးမှာလဲ။ ကုန်ကျစားရိတ်အားလုံးကို ကျွန်မ လှူမယ်”
…တဲ့။ မမပြုံးက ခပ်ကြိတ်ကြိတ်ဆိုလာပြန်သော် နားထဲမှာ ခေါင်းလောင်းသံတွေ ဟိန်းညံနေတော့သည်။        ။
သတိုး
ဆည်းဆာနှင်းဆီ
( ၁ )
မိန်းကလေးအမေ့အိမ်ကို ရောက်လာတဲ့အချိန်က နေ၀င်ရီတရောလေးပါ။ သားက သူ့မွေးနေ့မို့သူ့သူငယ်ချင်းတွေကို ကျွေးမယ်ဆိုပြီး အမေ့ကို မုန့်တီချက်ခိုင်းပြီး သင်တန်းသွားတက်နေတဲ့အချိန်ပေါ့။ ခြံစည်းရိုးရယ်လို့ သတ်မှတ်ကာရံထားတဲ့ ပုဏ္ကရိတ်ပန်းခြုံလေးကိုဖြတ်ပြီး ပျဉ်ထောင်အိမ်လို့ ပြောသာရုံသာရှိတဲ့ ယိုင်တိုင်တိုင်အိမ်အိုလေးရှေ့မှာ မိန်းကလေး ရပ်နေ တာကိုမြင်လိုက်တဲ့အမေအိမ်ရှေ့ထွက်ပြီး ကြည့်လိုက်ပါတယ်။
ဒါ--ကိုထက်ဝေယံတို့အိမ်ပါလားရှင် --ဆိုတဲ့ ကြည်လင်ချိုသာတဲ့ မေးသံလေးနဲ့အတူ ဆည်းဆာရိပ်မှာ လင်းလက်နေတဲ့  မိန်းမချောလေးကို အမေ မှင်သက်စွာ ကြည့်နေမိပါတယ်။ သူကလေးက အမေ့ မျက်နှာကိုသေသေချာချာ မြင်လိုက်တဲ့ အချိန်မှာပဲ သေချာပိုင်နိုင်တဲ့ အပြုံးလေးနဲ့  သမီးအိမ်ပေါ်တက်ခဲ့မယ်နော်---တဲ့ 
အို--မိန်းကလေးအသံကအမေ့ကိုတရင်းတနှီးရှိလှချည်လား--
ဆိုတဲ့အတွေးနဲ့အတူအိမ်ပေါ်လှမ်းတက်လာတဲ့  မိန်းကလေးကို အမေ ငေးမောကြည့်မိတယ်။ ၀င်းစက်တဲ့နေတဲ့အသားအရည်၊ ကြော့ရှင်းတဲ့ ကိုယ်ဟန်၊ မျက်နှာ သွယ်သွယ်လေး၊ မျက်လုံး လေးတွေက အရေကြည်လဲ့ပြီး စူးတောက်လို့ ။
ဘာမှန်းမသိပေမယ့် ဒီမိန်းကလေးမှာအရောင်တစ်ခု တောက်ပနေသလိုပဲ။ အမေသိသလောက် သားအသိတွေထဲမှာရော အမေ့ ပတ်ဝန်းကျင်မှာရော ဒီလို မိန်းကလေးမျိုးမရှိပါဘူး။ အဲဒီအချိန်တုန်းက အမေက လမ်းထိပ်ဈေးတန်းလေးမှာ မနက်ပိုင်းမုန့်ဟင်းခါးရောင်းပြီး ညနေအိမ်ရှေ့မှာ ရခိုင်မုန့်တီချက်ရောင်းပါတယ်။
သမီးအကြီးမနောက်အိမ်ထောင်ပြုသွားလို့ထားရစ်ခဲ့တဲ့မြေးလေးကကျောင်းတက်ခါစအရွယ်ပါ။ 
သားလေးက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အလုပ်ကအဆင်မပြေလို့ထွက်ပြီး နိုင်ငံခြားသွားဖို့  အသည်းအသန်လုံးပန်းနေရချိန်၊ အမေ့ တစ်ယောက်စာဝင်ငွေလေးနဲ့ ရုန်းကန်နေရတာ အိမ်ရဲ့စားဝတ်နေရေးက  တော်တော်ခက်ခဲပင်ပန်းပါတယ်။
အိမ်ပေါ်မှာလဲဘာအိမ်ထောင်ပရိဘောဂမှမရှိပါဘူး။ အမေ က ဖျာလေးခင်းပေးတော့ မိန်းကလေးက၀င်ထိုင်ပြီး ပြုံးပြပါတယ်။
" ဓါတ်ပုံထဲကထက် ပိုပိန်သွားတယ်နော်"
သူ့အပြောကြောင့် အမေအံ့သြလိုက်တာ …..
" မိန်းကလေးက အမေ့ ကိုသိလို့လား"
" သိပါတယ်--ကိုထက်ဝေယံက အမေ့ ပုံကို အမြဲ အိတ်ထဲ ထည့်ထားလို့မြင်ဖူးတာပါ "
"  အော်--ဟုတ်တယ်--သားလေးက အမေ့ ကိုသိပ်ချစ်တာလေ၊ တော်လဲအရမ်းတော်တာ--သိပ်ကြိုးစားတဲ့ ကလေး--ခုလဲ အမေ ပင်ပန်းနေတာမကြည့်ရက် လို့  နိုင်ငံခြား မှာ သွားအလုပ်လုပ်ပြီးပိုက်ဆံတွေအများကြီးရှာတော့မှာ ”
ဒီနေ့ သူ့ မွေးနေ့ မို့ သူငယိချင်းတွေကို တတ်နိုင်သလောက်လေး ကျွေးချင်တယ်ဆိုလို့ အမေ မုန့်တီကောင်းကောင်းလေး ချက်နေတာ--
သားကသင်တန်းကပြန်မလာသေးဘူးလေ--အော်--ဒါနဲ့ မိန်းကလေးက အမေ့ သားသူငယ်ချင်း မဟုတ်ဘူး လား-ဒီနေ့ သားခေါ်ထားတာလား"
မိန်းကလေးက ယဲ့ယဲ့ လေးပြုံးပြီး သူက မဖိတ်ပါဘူးအမေရယ်--တဲ့ 
ကြေကွဲနာကျင်နေတဲ့ မျက်နှာနဲ့ မိန်းကလေးက သူ့လက်ထဲက နှင်းဆီပန်း နီစွေးစွေးပွင့်လေးတွေ ဖြန့်ကျဲထားတဲ့  ပါကင် စက္ကူစနဲ့ ထုတ်ထားတဲ့ အထုပ်လေးတစ်ထုပ် အမေ့ ကို ပေးပါတယ်။
" သူလာရင် ပေးလိုက်ပါနော်--သူ့ အတွက်မွေးနေ့ လက်ဆောင်ပါ"
အမေ့ လက်ထဲကို လေးထောင့်ခပ်မာမာအထုပ်လေးရောက်လာပါတယ်။
" မုန့်တီသောက်ရင်းသားကိုစောင့်ပါလား--သားက နောက်နှစ်နာရီကျော်လောက်မှပြန်ရောက်မှာ"
" သူ့ ကိုတော့ မစောင့်တော့ပါဘူး--အမေ့ မုန့်တီကိုတော့ သောက်ချင်တယ် "
"အေးအေး--ဒါဆို အမေ သွားပြင်လိုက်မယ်နော် "
အမေလဲ ကျက်ခါစ မုန့် တီဟင်းရည် ပူပူလေးနဲ့  ငရုတ်သီးစိမ်းတွေစပ်လို့ ရှူးရှူးရှဲရှဲ နဲ့ စားတဲ့ မိန်းကလေးကိုကြည့်ပြီး အရမ်း သဘောကျမိတယ်။ သားလေးနဲ့ ဘယ်လိုပတ်သက်ပါလိမ့် ။ တစ်ခါမှလဲပြောသံမကြားဖူးပါဘူး။ အိမ်လိုက်လာတတ်တဲ့ အဖွဲ့  ထဲမှာလည်းတစ်ခါမှ ပါလာတာမတွေ့ ပါဘူး၊ အင်းလေ--သားကလဲ အမေ့ ကို ဘာမှတိုင်ပင်တာမှမရှိတာ။.
အမေနဲ့ တူလေးနှစ်ယောက် အတွက် အိမ်ထောင်ဦးစီးကြီးလို မားမားမတ်မတ်ရပ်နေတဲ့ သားကိုအမေက ယုံလဲယုံတယ်၊ အထင်လဲကြီးတယ် ။ သားကမာနကြီးပြီး  မြိုသိပ် ခံစားတတ်တဲ့ သူ ၊ မှန်တယ်ထင်ရင်နောက်မဆုတ်သူ ၊ ဘယ်သူ့ သြဇာ ဘယ်သူ့ လွှမ်းမိုးမှု မှမခံချင်ဘဲ  ကိုယ့်စိတ်ကိုယ့်သဘောပြုမူချင်သူ-- ပဲလေ။
စားသောက်ပြီးတော့ မိန်းကလေးက အမေ့ ကိုနုတ်ဆက်ပြီးပြန်သွားပါတယ်--
"နေပါဦးလား--သားလဲပြန်လာတော့မှာပဲကို"
"နေပါစေ--သမီးပြန်တော့မယ်--ဒီနေ့ အမေ နဲ့ တွေ့ ရတာဝမ်းသာပါတယ်"
"သမီးနာမည်လေးပြောခဲ့ ပါလား--သားကိုပြန်ပြောပြမလို့  "         
"နေပါစေ အမေ --သူ့ ကို ဒီလက်ဆောင်ထုပ်လေးပဲပေးပေးပါ--သွားတော့မယ်နော်"
သြော် -နာမည်လေးတောင်မပြောခဲ့နိုင်တဲ့ မိန်းကလေး--သားနဲ့ ဘယ်လိုများပတ်သက်နေပါလိမ့်။ နောက်နာရီဝက်လောက် ကြာတော့ သားက သူ့ သူငယ်ချင်းတစ်အုပ်ကြီးနဲ့ ရောက်လာပြီး စားကြသောက် နဲ့ ဆူညံနေလို့ အမေလဲ ကိုယ့်ဘာသာ မီးဖိုချောင်ထဲကပဲ လိုတာ လုပ်ပေးနေလိုက်ပါတယ်။
သားလို ထက်မြက်ထူးချွန်သူတဲ့သူနဲ့ဆို ညနေကလာသွားတဲ့ မိန်းကလေးကမှလိုက်တာ။ ဘာကြောင့်မှန်းမသိဘဲ အမေကလေ အမြဲခင်မင်နေတဲ့ ငွေစပါယ်ကိုကျော်ပြီးခဏလေးပဲ တွေ့ လိုက်ရသေးတဲ့ မိန်းကလေးကို ပိုပြီးနှစ်လိုနေမိတယ်။ အားလုံးပြန် သွားမှ မိန်းကလေးပေးတဲ့ အထုပ်လေးကို အမေက ပေးလိုက်တယ။်
"မိန်းကလေးတယောက်ပေးသွားတာ၊ သားအတွက်မွေးနေ့ လက်ဆောင်တဲ့ "
" ဘယ်သူလဲ အမေ"
" နာမည်ပြောမသွားဘူး--အရမ်းလှတဲ့ မိန်းမချောလေး--သူ့ မျက်လုံးတွေက တောက်ပနေတာပဲ "
အော--
ဒီလောက်ပြောရုံနဲ့ သားက သိသွားတဲ့ ပုံပေါ်တယ်--မနှစ်သက်တဲ့ ပုံစံနဲ့ ….
" နေပါဦး သူက သားမဖိတ်ဘဲ အိမ်ကိုပိုင်စိုးပိုင်နင်းလာသွားပြီး အမေ့ ကို ဘာတွေပြောသွားသေးလဲ "
" ဘာမှမပြောပါဘူး--အမေက ဓါတ်ပုံ ထဲကထက် ပိန်သွားတယ်တဲ့ --အမေ့ပုံကို သူ သားဆီက မြင်ဖူးတယ်တဲ့ ---လေ "
သားရဲ့ မျက်ဝန်းထဲမှာ အရိပ်တခု ဖြတ်သွားပြီးတချက်လေး မျက်နှာမိုင်းညို့ သွားတယ်- 
ဒါဆိုမိန်းကလေးအတွက် သားရင်ထဲမှာ ခံစားမှုတခုတော့ရှိမှာပါ။ ဒါပေမယ့် ဒီအရိပ်ကလေးကခဏလေးပါ။ ချက်ချင်း သားမျက်နှာတခုလုံး ကျောက်သားပြင်လို တင်းမာသွားတယ်။
" တွေ့ လား--သူကသားမရှိတုန်းသားအိမ်ကိုလဲလာသေးတယ်--အမေ့ကိုလဲ ပြောချင်တာတွေပြောသွားသေးတယ်။ ပိုင်စိုး ပိုင်နင်းနဲ့ --အဲလိုလုပ်တာတွေကို သားကမကြိုက်တာ"
" သားနဲ့ သူက ဘယ်လိုသိတာလဲ "
" အရင်သား သူဌေးနဲ့ ပြသနာဖြစ်လို့ အလုပ်ထွက်လိုက်တဲ့ အလုပ်က စာရင်းကိုင်ပါ "
" အော--သားအလုပ်ထွက်ထားတာခြောက်လကျော်နေပြီပဲ၊ သားမွေးနေ့ကိုလဲသူမှတ်မိနေတယ်။
သားအိမ်အသစ်ပြောင်းလာတာကိုရော သူဘယ်လိုသိတာလဲ "
" အဲဒါလဲသားအံ့သြတယ်--စိတ်လဲတိုတယ် --သူ့ ကို သားဘာမှမပြောပြဖူးဘူး။
အမေလဲ သားအကြောင်းသိသားနဲ့  ၊ ကိုယ့်အိမ်ကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စတွေ သားဘယ်တုန်းက သူများကို ပြောဖူးလို့လဲ။ ငယ်ငယ်ကတည်းက အဖေ ပစ်သွားလို့ ရုန်းကန်ခဲ့ ရတာတွေ၊ အမကမလိမ္မာဘဲ အိမ်ထောင်ပျက်ပြီး နောက်အိမ်ထောင် ပြုတော့ကလေးနှစ်ယောက်ကိုပစ်ထားခဲ့တာတွေ  ပြောလဲ မပြောချင်ဘူး။ အဲဒါ သူကသိပ်စပ်စုတာ။ သားမပြောတာတွေ သူ့ ဘာသာလိုက်စုံစမ်းပြီးသိတာ..။
သိတောာ့လဲ ငြိမ်ငြိမ်နေတာမဟုတ်ဘူး။ သားကို နေရာတကာ ဝေဖန်ပြီးလိုက်အပြစ်ပြော နေ တာ တခုခုငြင်းရင်တောင် သူ မနိုင်မချင်းရအောင် စကားနိုင်လုပြောတာ။ သူဌေးနဲ့ သားပြသနာဖြစ်တုန်းကလဲ သူက သားကိုပဲ အပြစ်လာပြောနေသေး တယ်။ သားလဲအလုပ်ထွက်ခါနီးသူ့ကို ကောင်းကောင်းပြောပစ်ခဲ့တယ။်
"သားကိုကောင်းစေချင်လို့စေတနာနဲ့ပြောတာနေမှာပါကွယ်"
အမေက မိန်းကလေးဘက်က ရှေ့နေလိုက်မိတယ်--
"ဘာစေတနာဖြစ်ဖြစ်--သားမကြိုက်ဘူးအမေ။ သားက သားဘ၀ကိုဘယ်သူပဲ့ကိုင်တာမှ ခံချင်တာမဟုတ်ဘူး။ သားစိတ် သားသဘောနဲ့ သားဘ၀ကိုဖန်တီးမှာ။ မှန်တယ်မှားတယ် သားကိုဘာမှလာမဝေဖန်နဲ့။ အပြစ်မတင်နဲ့ သားလုပ်ရပ်ကို ကျေနပ် လက်ခံပြီး ကူညီပံ့ ပိုးပေးမယ့်သူပဲ --သားလိုချင်တာ"
အော်--သားက ဒါကြောင့်ငွေစပါယ်ကိုရွေးချင်နေတာကိုး၊ သူထားရာနေ စေရာသွားမယ့် သူမျိုးပေါ့ ။ 
အင်း--အတ္တကြီးလိုက် တဲ့ သား။
" ဘာလက်ဆောင်လေးလဲ -ဖောက်ကြည့်ပါလား "
အမေပြောမှ သားကလက်ဆောင်ထုပ်ကို ဖောက်ကြည့်တယ်။
ဖေမြင့် ဆိုတာလေးပဲအမေမြင်လိုက်ရတယ်---
သားက စာအုပ်ကို ဆွဲထုတ်ပြီး ခေါင်းစဉ်ကို ကြည့်ရင်း--
" တွေ့ လား--လက်ဆောင် ပေးတာတောင်  ဆုံးမတဲ့ စာအုပ်မှပေးတာ--အဲဒါတွေ စိတ်တိုရတာ "
ကောင်းစေချင်တဲ့  စေတနာကို တော့ သားကမမြင်တတ်ဘူးပဲ။ အမ့သားလေးဟာ-- အရာရာထက်မြက် ထူးချွန်သလောက် စိတ်ဓါတ်မာကြောပြီးတယူသန်ဆန်တတ်တယ်။ လောကဓံရဲ့ တိုက်ခိုက်မှုကို ငယ်ငယ်လေးနဲ့ ရင်ဆိုင်ခံစားခဲ့ရတဲ့ သားရဲ့  နှလုံးသားတွေဟာ ချစ်ခြင်းမေတ္တာတရားရဲ့  နူးညံ့သိမ်မွေ့မှုကို ခံစားတတ်ပါ့ မလား။
အမေသက်ပြင်းချလိုက်မိတယ်--မိန်းကလေးရယ်-မင်းအတွက်အမေစိတ်မကောင်းပါဘူ။-
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
သားနိုင်ငံခြားထွက်သွားဖို့တရက်အလို ၊ သားမရှိတဲ့ဆည်းဆာချိန်လေးမှာ မိန်းကလေးဒုတိယအကြိမ်ရောက်လာတယ်။ လက်ထဲမှာလည်း လက်ဆောင် ထုပ်ကြီးနဲ့ …။
" အမေ --သူ မနက်ဖြန် သွားတော့မယ်ဆို"
"ဟုတ်တယ်သမီး "
" သူ့ အတွက်လိုအပ်မယ် ထင်တာလေးတွေပါ---ပေးပေးပါနော် "
အမေ့လက်ထဲကို လက်ဆောင်ထုပ်အပ်ပြီး မိန်းကလေးက ချက်ချင်းပြန်သွားတယ်။ အမေ့ရင်ထဲမှာ မိန်းကလေးကို သနား နေမိတယ်။ သားနဲ့ ပတ်သက်တာတွေကိုအမြဲ လိုက်စုံစမ်းနေတာ၊ သားမကြည်ဖြူမှန်း သိရက်နဲ့ လက်ဆောင်လေးတွေလာ ပေးတာဟာ တော်ရုံမေတ္တာမဟုတ်ဘူး၊ သူ့ ရင်ထဲမှာ သားအမြဲရှိနေပုံပဲ။ ဒါပေမယ့် သားက သူ့ဘ၀ခရီးဖော်ကို ဦးနှောက်နဲ့ ရွေးချယ်ပြီးသွားပါပြီ။
ငွေစံပါယ်နဲ့သားချစ်သူတွေဖြစ်နေကြပြီလေ၊ သားနိုင်ငံခြားသွားဖို့လိုတဲ့အရင်းအနှီးကိုလဲငွေစပါယ် မိဘတွေကပဲ ထုတ်ပေး တာ၊ ခုလဲ သားနဲ့ ငွေစပါယ် ဘုရားသွားကြတာ။ ညဘက်သားနဲ့ အတူ ငွေစပါယ် လိုက်လာပြီး သားအတွက် ခရီးဆောင် အိတ်တွေပြင်ပေးတယ်။ ပစ္စည်းထည့်တာ ကအစ သားပြောတဲ့အတိုင်း တသွေမတိမ်းလုပ်ပေးနေတဲ့ ငွေစပါယ်ကိုကြည့်ရင်း မိန်းကလေးကို အမေသတိရနေမိတယ်။
ငွေစပါယ်ပြန်သွားတော့ မှ အမေ က လက်ဆောင်ထုပ်ကိုပေးလိုက်တယ်။
သားကစိတ်ရှုပ်တဲ့ မျက်နှာနဲ့ အထုပ်ကို မဖောက်ဘူး။
" သားမယူချင်ဘူးအမေ "
ဒီစကားတစ်ခွန်းပဲပြောပြီး သားက လိုအပ်တဲ့ ပစ္စည်းတွေစစ်ပြီး အိပ်ယာဝင်သွားပါတယ်။ မနေနိုင်တဲ့ အမေ က လက်ဆောင် ထုပ်လေးကို ဖောက်ကြည့်မိတယ်။ ပရိတ်ကြီး၁၁သုတ်နဲ့ ၂၄ပစ္စည်းပဌာန်းဂါထာတော်စာအုပ်နဲ့ တရားခွေလေးရယ်၊ ဘာလချောင်ကြော်ဘူးလေးရယ်၊ကျောက်စိမ်း စိတ်ပုတီးလေးရယ် ၊ Provimin အားဆေးပုလင်းလေးရယ်။
သား အိပ်ယာဝင်တိုင်း ပုတီးစိပ်တတ်တာ၊ဘာလချောင်ကြော်ကြိုက်တာ၊ Provimin အားဆေးသောက်တာ --အားလုံးကို မိန်းကလေးသိနေတာပဲ။ ရည်းစားရှိပြီးတဲ့ သူတစ်ယောက်ကို လက်ဆောင်ပေးတာမကောင်းပေမယ့် သူပေးတဲ့  ပစ္စည်းလေး တွေက ဘာမှမြူဆွယ်ဖြားယောင်းမှုမှမပါတာပဲ။ သားသုံးသင့်တယ်လို့ အမေကယူဆပြီး သားမသိအောင် အိတ်ထဲကို ထည့် ပေးလိုက်ပါတယ်--
နောက်နေ့  သားကို လေဆိပ်လိုက်ပို့ပြီး ပြန်လာတော့ အမေလေ သားရှေ့မှာ ထိန်းထားရသမျှဖွင့်ချပြီး ၀မ်းနည်းအားငယ်ပြီး တနေကုန် ငိုနေမိတယ်။ အမေ့ သားလေးနဲ့ အမေ သုံးနှစ်ကြီးတောင်ခွဲရမှာ-- သားလေးဓါတ်ပုံလေးကိုကြည့်ပြီး အမေ့  မျက်ရည်မခန်းခင်မှာ မိန်းကလေးရောက်လာတယ်။
" အမေ --သူ သွားပြီပေါ့နော်"
အို--သားဓါတ်ပုံလေးကိုကြည့့်နေတဲ့ မိန်းကလေးမျက်ဝန်းထဲမှာလဲ မျက်ရည်စတွေနဲ့ပါလား။ 
အမေတို့ နှစ်ယောက် ဟာ ဘာစကား မှမပြောဘဲနာရီပေါင်းများစွာနေနေမိတာနေ၀င်ဆည်းဆာချိန် ရောက်တဲ့အထိပဲ။
ဒီတော့မှ မိန်းကလေးက --" သမီးပြန်တော့မယ် အမေ"
" နေပါဦးမိန်းကလေးရယ်--မင်းနာမည်လေးတော့အမေ့ကိုပြောခဲ့ပါ"
" သမီးနာမည် -နှင်းဆီ--ပါအမေ"
" သားနဲ့ ပတ်သက်တဲ့ မင်းရင်ထဲက ခံစားမှုတွေအတွက်အမေစိတ်မကောင်းပါဘူး--ဒါပေမယ့် ခု သားလေးမှာ သက်ဆိုင် သူရှိနေပြီကွယ့် "
" ငွေစပါယ်ကို သူရွေးလိုက်တာ သမီးသိပါတယ်အမေ"
" အော-မိန်းကလေးကဒါလဲ သိတာပဲလား "
" သိပ်ါတယ်အမေ--လွန်ခဲ့တဲ့သုံးနှစ် သမီးတို့ အလုပ်ကို သူရောက်လာပြီးတဲ့ အချိန်ကစပြီး ခုချိန်ထိ သူ ဘာတွေလုပ် တယ်--ဘာတွေဖြစ်တယ်ဆိုတာ သမီး အကုန်လုံးသိတယ်အမေ"
" အဲဒီတုန်းကသူနဲ့ သမီး သိပ်ရင်းနှီးပါတယ်။ တစ်ရုံးလုံးမှာ အခင်ဆုံးပါ။  အလုပ်ကြိုးစားပေမယ့် ဘယ်သူနဲ့မှ သိပ်စကား မပြောတဲ့  လူမှုဆက်ဆံရေးညံ့တဲ့ဂျစ်ကန်ကန်ကောင်လေးကို သမီးက သိပ်ပြီးကောင်းစေချင်ခဲ့တာ။  သူကသူ့ အကြောင်း တွေမေးရင်မကြိုက်ဘူး။ အမြဲလျှို့ဝှက်ထားတတ်တယ်။ ယုတ်စွအဆုံး အမေ့ ဓါတ်ပုံလေး သူ့ အိတ်ကပ်ထဲမှာ တွေ့ လို့  မေးတာတောင် မကြိုက်ဘူးလေ"
" သားလေးက သူ့ ဘ၀သူ သိမ်ငယ်နေတာပါသမီးရယ်။ အဲဒီတုန်းက သူပြောပါတယ်။ သူအလုပ်လုပ်ရတဲ့ ရုံးမှာက ပြည့်စုံချမ်းသာတဲ့ သူတွေများတယ်တဲ့ ၊ အပြိုင်အဆိုင်တွေကြားမှာ သူ့ ဘ၀အမှန်ကို ထုတ်ပြောရင် သူ့ ကို လူတွေက နှိမ်လိမ့် မယ်တဲ့ "
" သူ အဲလို တွေးတာကိုက မဟုတ်တာပါ။ သူ့မှာအရည်အချင်းရှိလို့ ပဲ နေရာတစ်ခု ကိုရထားပြီပဲ။ လူကြားထဲမှာနေတာ ကဲ့ရဲ့ဝေဖန်တာတွေ ခံရမှာပဲလေ၊ ကိုယ့်ဘ၀ကိုယ်ချမပြရဲတာကိုက သူမှားတာ"
"သမီးက သားလေးဘ၀ကိုဘယ်လောက်သိလို့လဲကွယ်။ သူ့အဖေက သူသုံးနှစ်သားလေးကတည်း က  အမေ တို့ကို ပစ်သွားတာ။ ပစ်သွားတာမှ လုံးဝထောက်ပံ့ ပေးကမ်းခြင်းကို မရှိတာပါ။ အမေကလေ သမီးနဲ့ သားကို ဈေးရောင်းပြီး ကျောင်းထားပေးခဲ့တာ။ သားလေးက သူ့ ဘ၀သူသိလို့ ကြိုးစားပေမယ့်  အကြီးမကြီးက မလိမ္မာဘူး။ စရိုက်လဲကြမ်းတယ်- စာကောင်းကောင်းမသင်ဘဲ ယောင်္ကျားလိုက်လိုက်ပြေးတယ်။ သူယူတဲ့ လူက မိန်းမရှိတယ်လေ”
“သားဆို ရှက်လွန်းလို့  သူ့ အမကို လုံးဝ အဆက်အသွယ်ဖြတ်ထားတာ။ ဒါပေမယ့် ကလေးလဲမွေးပြီးရောသူ့ယောင်္ကျားနဲကွဲပြီး ကလေးနဲ့ အမေ့ အိမ်ပြန်ရောက်လာတယ်။  ကိုယ့်တူလေးပါလာတယ် ဆိုပြီးသားကပြန်လက်ခံပြီး အမနဲ့တူကိုပါ လုပ်ကျွေး ခဲ့တာ ၊ ဒါပေမယ့် သူ့အမကနောက်တစ်ခါအိမ်ထောင်ပျက်တစ်ယောက်နဲ့ ထပ်တွေ့ တော့အမေတို့အိမ်မှာ သူ့ သားကိုထားခဲ့ပြီး လိုက်ပြေးသွားတာ ခုထိပဲ။ တစ်ခါမှပြန်လာကြည့်ဖော်မရဘူးလေ။ သားလေးမှာ လူပျိုလေးတန်မဲ့နဲ့  တူလေးကို ခုအရွယ် ရောက်တဲ့  အထိ ကျွေးမွေးစောင့်ရှောက်လာရတာ"
" အဲဒါလဲသမီးသိတယ်အမေ။ ဒါပေမယ့် သူပြောပြတာမဟုတ်ဘူး။ သမီးဘာသာစုံစမ်းပြီးသိတာပါ။ ဒီလို သမီးသိသွားတာ ကိုပဲ သူက ရှက်ပြီး သမီးကို စိမ်းသွားတယ်လေ။ အရင်လို ခင်ခင်မင်မင် မဆက်ဆံတော့ဘူး။ အဲဒါကိုပဲ သမီးကမကြိုက်တာ။ ဒါကိုယ့်ဘ၀မှန်ပဲလေအမေ "
" သားက နဂိုထဲက မာနကြီးတယ်သမီးရဲ့ ။ ခုလက်ရှိရောက်နေတဲ့ သူ့ ဘ၀ကို ဘယ်သူမှချမပြဘဲ ကျိတ်ပြီးကြိုးစားနေတာ လေ။ သူပြည့်စုံချမ်းသာတာကိုပဲ လူတွေ မြင်စေချင်တာ "
" ဒါကိုက သူမှားတာပေါ့ အမေ။ ဖြစ်ပျကိခဲ့သမျှတွေဟာ သူ့ အမှား မှမဟုတ်တာပဲ။ တာဝန်မကျေတဲ့ အဖေ၊ စရိုက်မကောင်း တဲ့ အမ -ဒါတွေကို သူရွေးချယ်လို့မှမရတာ ၊ ဘ၀ကံကြမ္မာကပေးတဲ့အတိုင်းသူလက်ခံရဲရမှာပေါ့  "
အို--တော်လိုက်တဲ့မိန်းကလေး---
ဒီစကားတွေဟာ သားလေးကို အမေ မပြောရဲလို့ ရင်ထဲမြိုသိပ်ထားခဲ့ရတဲ့ စကားတွေပါ။
" သားက သူနဲ့ အတိုက်အခံပြောရင်မကြိုက်ဘူးသမီးရဲ့ "
" ဟုတ်တယ်အမေ။ သမီးကိုလဲ သူ အဲဒါကြောင့် ရှောင်သွားတာလေ။ သမီးက သူ့လုပ်ရပ်ကို ဝေဖန်တာကိုး။ ဒီလိုနဲ့ ပဲ သူနဲ့ သမီးဝေးဝေးသွားတာ။ သူအလုပ်ထဲမှာပြသနာဖြစ်တော့ သူ့ ဘက်ကသူဌေးကို အထင်လွဲပြီး ပြန်ပြောနေလို့ သမီးက အကျိုးအကြောင်းရှုင်းပြတာကို--သူ့ကိုနှိမ်ပြီးသူဌေးဘက်လိုက်တယ်ဆိုပြီး သမီးကိုစိတ်နာသွားတယ်။ အလုပ်ထွက်တာ တောင်သမီးကိုနှုတ်မဆက်သွားဘူး။ သူသိပ်ရက်စက်ပြီးအသည်းမာတာပဲအမေရယ်"-
မိန်းကလေးကပြောရင်းရှိုက်ငိုနေပါတယ်။
" သမီးလေ--သူ့ ကိုသိပ်ကောင်းစေချင်ပါတယ်အမေ။ သူဖြစ်စေချင်သလို သူ့ ဘ၀ကို တိုးတက်ချမ်းသာစေချင်တယ်။ သူပျော်ရွှင်နေစေချင်တယ်။ အမြဲ လူဘုံအလယ်မှာဂုဏ်ယူ ၀ံ့ကြွားနိုင်တဲ့ သူဖြစ်စေချင်ပါတယ်။ ဒါပေမယ့်သမီးစေတနာတွေ သူ့ကိုပြခွင့်မရခဲ့ဘူး။ သူမြင်သွားတာက သူ့အကြောင်းတွေလိုက် စပ်စုပြီးသူ့ကိုအမြဲ  ဝေဖန်အပြစ်တင်နေတဲ့ မိန်းမ ပေါ့ "
" ကြားရတာအမေ စိတ်မကောင်းပါဘူးကွယ်။ သားက သူလုပ်သမျှလက်ခံပြီး သူ့ သြဇာညောင်းမယ့်သူကိုပဲ ရွေးချယ်လိုက် တာ။ ငွေစပါယ်ကလေ သားဒါဆိုဒါပဲ"
"ကောင်းပါတယ်အမေ။ ငွေစပါယ်အကြောင်းသမီးစုံစမ်းပြီးပါပြီ။ သူဌေးသမီးလေးပေမယ့် သိပ်အေး ဆေးသိမ်မွေ့ ပါတယ်။ သူ  ထားရာနေစေရာသွားမယ့်သူမျိုးပါ။ သမီးကျေနပ်ပါတယ်--သမီး လေ--သူ နဲ့ မပတ်သက်ပေမယ့့်အမေ့ ဆီ တော့  လာလို့ရတယ်မဟုတ်လားဟင်"
" ရပါတယ် သမီးရယ်--အမေကလေ သမီးကိုမြင်မြင်ချင်းကို ရင်းနှီးသွားတာ"
" အဲဒါ သမီးအမေ့ ပေါ်ထားတဲ့ မေတ္တာကြောင့်ဖြစ်မှာပေါ့ အမေရဲ့ "
မိန်းကလေးရဲ့မျက်နှာလေးမှာအပြုံးပွင့်လေးပြန်ပေါ်လာတာ အမေသိပ်ဝမ်းသာတာပဲ။
ဆည်းဆာချိန်မှာ မျက်ရည်တွေ သုတ်ပြီးပြန်သွားတဲ့ မိန်းကလေးရဲ့ကျောပြင်လေးကိုကြည့်ပြီး ဘ၀ဇာတ်ဆရာဆိုသူကြီးကို အမေဟာ အကြိမ်ကြိမ်အပြစ်တင်နေမိပါတယ်-
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၃ )
သားလေးမရှိတဲ့ နှစ်တွေမှာ အမေ နဲ့ နှင်းဆီဟာ ပိုပြီး ရငိးနှီးတွယ်တာလာတယ်-။ ချွေးမလောင်းဖြစ်မယ့်ငွေစပါယ်ကိုလဲ အမေခင်ပါတယ်။ သူကလဲအမေ့ဆီလာလာကြည့်တတ်ပါတယ်။ နေ့ခင်းဆိုငွေစပါယ်လာတတ်မှန်းသိလို့ ရှောင်ပြီး ဆည်းဆာချိန်ခပ်မှောင်မှောင်လေးမှ နှင်းဆီက လာတတ်တယ်။
ဘယ်ဘ၀ရေစက်လဲတော့မသိဘူး။ နှင်းဆီကိုပဲ  သမီးလေးလို အားကိုးချစ်ခင်နေမိတယ်။ အမေ့ဆီ သူလာတတ်တဲ့  ဆည်းဆာချိန်လေးတွေကို အမေမျှော်နေမိတတ်တယ်။ သားလေးဆီက ငွေပို့တဲ့အခါလဲ  နှင်းဆီက အကုန်စီမံပေးတယ်။
အိမ်ဈေးဖိုးကိုခြွေတာသုံးပြီး အမေ့ ကိုပိုက်ဆံစုပေးတယ်။ စုငွေလေးအတန်အသင့် ရှိလာတော့ အမေ့ ကို အိမ်ဆိုင်လေး ဖွင့်ခိုင်းပြီး လိုအပ်တာတွေ သူ ကူညီပေးတယ်။ ဘယ်ပစ္စည်းလေးတင်ရင် ရောင်းကောင်းမှာ- ဆိုင်ကိုဘယ်လိုပြင်ဆင်ရတာ-- စသဖြင့်နှင်းဆီအကြံပေးတဲ့ အတိုင်းအမေလုပ်ခဲ့တာ တစ်နှစ်ကျော်အတွင်း အမေ့ဆိုင်ကပိုက်ဆံနဲ့ ပျဉ်ထောင်အိမ်ကြီး ပြင်ဆောက်နိုင်ခဲ့တယ်။ သားလေးက တောင် အဝေးကနေ အမေ့ကို အံ့သြ၀မ်းသာနေတယ်လို့ ငွေစပါယ်ပြန်ပြောပြခဲ့တယ်။ သားသိတဲ့ အမေက အေးအေးကုပ်ကုပ်နဲ့  ဘာမှသိပ်နားမလည်--လူတောမတိုးတဲ့အမေလေ။
နှင်းဆီရှိတဲ့အတွက် သားနဲ့ဝေးနေတဲ့ သုံးနှစ်တာဆိုတဲ့ အချိန်ကို အမေ ကျန်းမာပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်။ သားဆီက ပို့လိုက်တဲ့ ဓါတ်ပုံတွေ ငွေစပါယ်လာပို့ တဲ့အခါ နှင်းဆီကို ခေါ်ပြပြီးအလုပ်ထဲမှာ အဆင်ပြေပြီး ပျော်ရွှင်တက်ကြွနေတဲ့  သားပုံတွေကို့နှစ်ယောက်သားအတူကြည့်ပြီး ကြည်နူးမိတယ်။
"သမီးဝမ်းသာလိုက်တာအမေရယ်။ သူကလေအဲလိုလူပုံအလယ်မှာသူ့အရည်အချင်းကိုပြပြီးအောင် မြင်ချင်တာ၊ ငွေတွေ အများကြီးရှာချင်တာလေ၊သူ့ ရည်ရွယ်ချက်တွေ ပြည့်တော့မှာပေါ့”
သားလေးရည်ရွယ်ချက်တွေ တကယ်လဲပြည့်ခဲ့ပါတယ်။ 
အမေကကိုယ့်ဆိုင်ရဲ့ ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်လာတော့ နှင်းဆီက သားပေးတဲ့ ငွေတွေကို မသုံးဘဲ  စုထားခိုင်းတယ်။
" သူပြန်လာလို့ မင်္ဂလာဆောင်ရင် ပိုက်ဆံကုန်မှာပဲလေ။ သူကကြီးကြီးကျယ်ကျယ်လုပ်ချင်မှာ။ ဒီခေတ် မင်္ဂလာဆောင် စရိတ်ကနည်းတာမဟုတ်ဘူး။ ခမ်းခမ်းနားနားမလုပ်ပေးနိုင်ရင်လဲတော်ကြာ ယောက္ခမတွေဘက်ကပြောနေဦးမယ်"
သားအတွက်တွေးပေးနေတဲ့ မိန်းကလေးကိုကြည့်ပြီး အမေစိတ်မကောင်းဖြစ်လွန်းလို့  မျက်ရည်ဝဲမိတယ် ။ ဒါပေမယ့် --အမေ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ 
သားလေးပြန်လာခါနီးတော့  နှင်းဆီကအမေ့ ဆီအလာကျဲသွားတယ်။
နောက်ဆုံး--ဆည်းဆာချိန်တရက်မှာအမေ့ ကိုနုတ်ဆက်တယ်။
" နောက်ဆိုအမေ့ဆီ သမီးမလာတော့ဘူးနော် "
" ဘာဖြစ်လို့လဲသမီးရယ်--သားမှပြန်မလာသေးတာ "
" ခု ငွေစပါယ်က နေ့ တိုင်းလာနေတယ်လေ။ သူပြန်လာရင်လဲ အမြန်ဆုံးမင်္ဂလာဆောင်ပေးဖို့  ငွေစပါယ့်မိဘတွေက စီစဉ်နေပြီ။ လက်ထပ်ပြီးရင်လဲသူလုပ်ချင်တဲ့ လုပ်ငန်းထောင်ပေး မယ်ပြောတယ်"
" သမီးကသိလှချည်လား။ အမေ့ ကိုတောင် ငွေစပါယ်က ဘာမှမပြောထားဘူး"
" ငွေစပါယ်တောင်သိပ်မသိသေးပါဘူး။ သမီးက သူ့ အတွက်မို့ သေချာလိုက်စုံစမ်းထားတာ။ သူ့ပြန်လာရင် ပန်ခင်းလမ်းကြီး ကကြိုနေပါပြီအမေ။ သူဖြစ်စေချင်တဲ့ဘ၀မျိုးရတော့မှာပါ။ သမီးသိပ် ၀မ်းသာပါတယ်။ သူ့ဘ၀အတွက် စိတ်ချရပြီဆိုတော့ သမီးလဲ သမီးဘ၀အတွက်လုပ် ရမှာတွေ ရှိ သေး တယ်လေ"
" အော်-သမီးက ပြည့်စုံပြီးသားမဟုတ်လားကွယ်"
"ဟဟ--အမေကတောင် သမီးကိုအထင်ကြီးနေတာကိုး။ သူလဲသမီးဘ၀မှန်ကို သိပ်မသိသွားပါဘူး။ သူ့ ဘ၀ကိုပဲ ဖုံးကွယ်ချင်နေပြီး သူ့ ဘ၀မှအဆိုးဆုံးလို့ထင်ခဲ့တာလေ"
" ဒါဆို --သမီးဘ၀ကရော မပြည့်စုံဘူးလားကွယ်"
" သမီးကမိဘမဲ့ပါအမေ။ ငယ်ငယ်ကလေးကတည်းသီလရှင်ကျောင်းမှာနေပြီးပညာသင်ခဲ့ ရတာပါ။ ဆယ်တန်းအောင်တော့မှ အဲဒီသီလရှင်ကျောငိးကထွက်ပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်ခဲ့တာ"
" အို--အမေမထင်ဘူသမီးရယ်။ သမီးပုံစံကလေ အမြဲတက်ကြွရွှင်လန်းပြီးအရာရာပြည့်စုံနေသလိုပဲ"
"ဒါ-သမီးရဲ့ဘ၀နေထိုင်မှူပါအမေ။ ကိုယ်ဖန်တီးယူလို့ မရတာတွေအတွက် ဘာလို့အားငယ်ဝမ်းနည်းပြီး မကျေမနပ်ဖြစ် နေရမှာလဲ ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ကိုယ့်တန်ဖိုးကိုယ်သိရင် လောကအလယ်မှာ ရဲဝံ့ပါတယ် အမေ။ ဘာမှသိမ်ငယ်စရာမလိုပါဘူး"
တော်လိုက်တဲ့မိန်းကလေး--အသိဥာဏ်ရင့်ကျက်တည်ငြိမ်ပြီး ဘ၀မှာတန်ဖိုးရှိအောင် နေတတ်တဲ့မိန်းကလေး။ ဒီမိန်းကလေး မျိုးနဲ့ ဝေးရတာ အမေနှမြောလိုက်တာ။ ဆည်းဆာအမှောင်ရိပ်မှာ ဝေးသွားတဲ့ မိန်းကလေးရဲ့ကျောပြင်လေးကိုငေးကြည့်ရင်း ရင်နင့်စွာနဲ့ အမေ့ မျက်ရည်တွေ ပါးပြင်ပေါ် တလိမ့်လိမ့်စီးကျလာပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၄ )
အားလုံးပျော်ရွှင်နေတဲ့ အချိန်မှာ တစုံတယောက်ကို သတိရြ့ပီး အပြည့်အ၀မပျော်နိုင်သူကအမေပါ။ သားလေးပြန်ရောက်ပြီး ကတည်းက နှင်းဆီဟာ အမေ့ ကို လုံးဝအဆက်အသွယ်ဖြတ်သွားလိုက်တာ။ သားမင်္ဂလာဆောင်ဖို့စီစဉ်ကြတော့ အမေ့ မှာ သတိရလွန်းလို့ သားလေးမသိအောင်ကြိတ်ငိုခဲ့ရတယ်။
ခုနေ --ဘယ်ဆီများရောက်နေပါလိမ့်…..။ သားလေးမင်္ဂလာဆောင်တာကိုရောသိရဲ့လား။ သားဖိတ်စာဝေတဲ့ စာရင်းထဲမှာ နှင်းဆီ ဆိုတာ မပါဘူး။ မိန်းကလေးရယ်--မင်းရဲ့မေတ္တာတရားတွေကြောင့် ဒီဘ၀မှာချစ်ကံခေပေမယ့် နောက်ဘ၀တွေမှာ ချစ်သူနဲ့ ပျော်ရွှင်ရမှာပါ။
အမေ ရင်နာစွာနဲ့ ဆုတောင်းနေတဲ့အချိန်မှာပဲဟိုတယ်က ကောင်လေးတယောက်က အမေ့ လက်ထဲကို နီစွေးနေတဲ့  အသည်းပုံဖော်ထား တဲ့  နှင်းဆီပန်းစည်းကြီးလာပေးပါတယ်။
" လှလိုက်တာ--ဘယ်သူပေးတာလဲကွယ်"
" မသိဘူးခင်ဗျ--စာလေးနဲ့အတူ သတို့ သားအမေကို ပေးလိုက်ပ်ါဆိုပြီးပေးသွားတာ"
ကောင်လေးပေးတဲ့စာကိုအမေဖတ်လိုက်တော့ -
" အမေ --နေကောင်းတယ်နော်- 
သမီးလဲ ဘ၀ကို ကျေနပ်ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်-- 
သူ့အတွက် သမီးရဲ့လက်ဆောင် ပန်းစည်းလေးပါ-- 
သမီးပေးတာလို့ သူမသိပါစေနဲ့ အမေ- 
သူမင်္ဂလာယူနေတဲ့အချိန်မှာ ဘာမှအနှောင့်အယှက်မဖြစ်စေချင်ဘူး-"
နာမည်ရေးမထားတဲ့ စာလေးတစောင်ထားခြဲ့ပီး မိန်းကလေးထွက်သွားပြီပေါ ။ အမေဟာ တုန်ရင်နေတဲ့ ရင်ကို ထိန်ြး့ပီး နှင်းဆီစည်းကြီးကို ကိုင်ပြီး သားတို့ ထိုင်နေတဲ့ စင်မြင့်ကိုတက်လာခဲ့ပါတယ်။ တအံ့တသြ ကြည့် နေတဲ့ သားနဲ့ ငွေစပါယ် ကိုအမေကပြုံးပြလိုက်ပြီး…
" သားတို့အတွက် အမေ မှာထားတာ။ လာပို့တာနောက်ကျနေလို့ ကွယ်။ ဒီဖလားလေးထဲမှာအမေစိုက်ပေးခဲ့မယ်နော်"
"လှလိုက်တာအမေရယ်--ကျေးဇူးတင်ပါတယ်"
ပန်းစည်းလေးစိုက်ပေြး့ပီး စင်မြင့်ထက်ကအဆင်း အမေ့ မျက်ဝန်းက မျက်ရည်တစက် လွင့်စင်ကျသွားပါတယ်။ ကိုယ့်ကိုယ် ကိုထက် လူတယောက်ကိုစေတနာထားခဲ့ တဲ့ မိန်းကလေး….။ မပိုင်ဆိုင်ရပေမယ့် ကိုယ်ချစ်တဲ့ လူတယောက်ရဲ့ဘ၀ကို လိုအပ်တာဖြည့်ဆည်းပေးချင်ခဲ့တဲ့ မိန်ကလေး…။ ချစ်တဲ့သူရဲ့ မိခင်ကို စောင့်ရှောက်ပေးခဲ့တဲ့မိန်းကလေး….။
လူမသိသူမသိပေးခဲ့ရတဲ့မေတ္တာတွေအတွက်ဝမ်းမနည်းဘဲ မုဒိတာပွားနိုင်ခဲ့တဲ့မိန်းကလေး….။
မိန်းကလေးရယ်--မင်းရဲ့မေတ္တာတရာတွေကြောင့် ဘ၀မှာ ဆည်းဆာချိန်တွေကုန်ဆုံးပြီးအာရုဏ်ဦးချိန် အမြန်ရောက်လာပါစေ လို့ အမေဆုတောင်းပေးလိုက်ပါတယ်ကွယ်။                             ။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
Women's World ဂျာနယ်
Vol,1 .ISSUE-31, Wed ,July -4.2012
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး
မင်းသားလေးနှင့်ကျွန်မ
မင်းသားလေးစာအုပ်ကို မဖတ်မနေရ အနေအထားမျိုးနှင့် ကျွန်မ စတင်ထိတွေ့ရပါသည်။ ကျွန်မတို့လုပ်ငန်းခွင်သည် လူမှုအဖွဲ့အ စည်းဖြစ်သည့် အလျောက်စိတ်ကို ပြုပြင်လေ့ကျင့်ပေးသည့် အစီအစဉ်များ၊ သင်တန်းများ မကြာခဏကြုံတွေ့ရသည်။ တစ်လတစ်ကြိမ် ပြု လုပ်မြဲဖြစ်သည့် တစ်ခုသောတွေ့ဆုံဆွေးနွေးပွဲတွင် “မင်းသားလေး” ဟူသောခေါင်းစဉ်တစ်ရပ်ကို ဆရာက သယ်ဆောင်လာခဲ့သည်။ ခပ်ပါးပါး စာအုပ်လေး, ဆယ်အုပ်ခန့်ကို စုဝိုင်းထိုင်နေရာသို့ ဆရာက အသာအယာချလိုက်စဉ် ကျွန်မတို့အားလုံး စူးစမ်းကြည့်ကြသည်။
“အဲဒီ့စာအုပ်ကလေးတွေ တစ်ယောက်တစ်အုပ်ယူသွားပြီး နောက်ဆုံးနေ့မှာ ပြန်ဆွေးနွေးရအောင်”
မလုပ်မနေရ ခေါင်းစဉ်နှင့် အလုပ်သဘောဆန်ဆန်ထိတွေ့ရသောအခါ ကျွန်မတို့အားလုံးစိတ်မပါလှကြပါ။ ကလေးတစ်ယောက် ဂြိုဟ်တစ်ခု၏ အစွန်းတွင်ရပ်လျှက် ကြယ်တာရာတို့ကိုငေးကြည့်နေဟန် ကာတွန်းဆန်သော မျက်နှာဖုံးနှင့် စာအုပ်အပါးလေးကို ကြည့်ရင်း တွေ့ဆုံဆွေးနွေးပွဲနှင့် ဘာဆိုင်သနည်းဟု စိတ်တွင်းမှ စောဒကတက်မိသည်။ ကိုယ့်အလှည့်ရောက်လာ၍ ယူလိုက်ရသည့်တိုင် လုပ်ငန်း ဆိုင်ရာ စာရွက်စာတမ်းများစွာအောက်တွင် ထိုစာအုပ်ငယ်မှာ နစ်မြုပ်မေ့လျော့သွားရသည်။ သတ်မှတ်ရက်ရောက်သော် မဖတ်ရသေးသူ များစွာနှင့် ထိုစာအုပ်ငယ်ပြန်ပါမလာသူ လူကုန်ဖြစ်နေသောအခါ ဆရာ့မျက်နှာမကောင်းပါ။ ခပ်တည်းတည်းကျန်နေသေးသော မျှော်လင့် ချက်ဖြင့် “စာအုပ်ကလေးဖတ်ဖြစ်ကြတယ်မလား” ဟုမေးသောအခါ အားတုံ့အားနာဖြင့် ကျွန်မတို့ခေါင်းယမ်းကြရသည်။
ပိုပျက်သွားသောမျက်နှာဖြင့် ဆရာတစ်ခဏငြိမ်သက်သွားစဉ် ၀န်ထုပ်တစ်ခုပေါ့ပြီဟု မပျော်သင့်စွာ ပျော်မိခဲ့သေးသည်။ သို့ပေမယ့် ထိုဆရာဖြစ်သူမှာ အလွယ်တကူလက်လျော့သူ မဟုတ်လင့်ကစား၊ ရုံးစာအုပ်စင်အဖြစ် ထားရှိသော ကျန်ရှိသည့် မင်းသားလေးစာအုပ် တစ် အုပ်ကို ယူစေ၍ စာမျက်နှာအလိုက် ဆယ်စုခွဲကာ မိတ္တူဆွဲစေသည်။ ကိုယ့်လက်ထဲ ရောက်ရှိလာသည့် အခန်းအပိုင်းအစမိတ္တူစာရွက် က လေးကို အားလပ်ချိန်ပေး၍ ဖတ်စေကာ အလုပ်တာဝန်များအပြီး ညပိုင်းအချိန်တစ်ခုယူ၍ ဆွေးနွေးရမည် ယတိပြတ်ဆိုသောအခါ ကျွန်မ တို့ တွေ ရယ်ချင်စိတ်များနှင့် လက်ခံရတော့သည်။
ပြန်လည်တင်ပြဆွေးနွေးရမည်ဆိုသောအခါ ဂရုတစိုက်နှင့် ဖတ်ကြရပါသည်။ ထိုအခါ စိတ်ကူးယဉ်ပုံစံဖြင့် ရိုးစင်းသောဇာတ်လမ်း ကလေး ဖြစ်သော်လည်း ကျင်လည်လှုပ်ရှားရာ လူသားကမ္ဘာအတွင်းမှ ဖြစ်လေ့ဖြစ်ထ၊ ရှိနေကြသော အတ္တ၊ မာန်မာန၊ ဖုံးကွယ်ဟန်ဆောင်မှု စရိုက်၊ သဘောသဘာဝတို့ကို ဖော်ပြထားသည်ကို တဖြေးဖြေးမြင်တွေ့လာရသည်။ ကလေးငယ်၏ ရိုးသားသော စကား၊ အပြုအမူများမှ နက် နဲသိမ်မွေ့သော အတွေးအခေါ်များကို သိရှိခံစားမိလာသည်။ ကိုယ် ရရှိသော မိတ္တူစာရွက်ကလေးသာမက တစ်ပါးသူများ၏ မိတ္တူစာရွက် များ ကိုပါ ထိုနေ့အဖို့ လိုက်လံငှားရမ်းဖတ်ရှုမိတော့သည်။
ထိုဆွေးနွေးပွဲနောက်ပိုင်း ဆရာဖြစ်သူနှင့် ကျွန်မ မကြာခဏစကားပြောဖြစ်သည်။ အထူးသဖြင့် ကျွန်မ စိတ်တွင်းမှ လိပ်ခဲတည်း လည်းအဖုအထစ်များ၊ညှိုးရော်မှေးမှိန်နေသော ဘ၀အနာဂတ်များ၊ နှစ်ခြိုက်လက်ခံနိုင်ခြင်းမရှိသော အချို့သော သိမြင်မှုများ…ထိုအရာတွေ သည် စကားလုံးများအလယ်မှာ တဖြေးဖြေးပြေလျော့ညင်သာလာသည်ကို သိရှိခံစားခဲ့ရသည်။ ဘ၀တွင် ပတ်သတ်ခဲ့ဖူးသည့် လူတစ် ယောက်ကြောင့် ဇင်ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့်အချို့သောဘ၀င်မကျမှုဒဿနများသည် ယောဂနေ့စဉ်ကျင့်ကာ စာပေကျွမ်းကျင်နှံ့စပ်မှု ရှိလှသည့် ဆရာနှင့် စကားပြောပြီးသည်တွင် အဆင်ပြေချောမွေ့သွားရသည်။ အကြောင်းအရာတစ်ခုတည်းအပေါ်မှာပင် Three Dimension ဟူသော သဘောတရားကို ကျွန်မ သိမြင်လာသည်။ ဘာသာရပ်တစ်ခုသို့ Positive အမြင်နှင့် Negative အမြင်ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ကွာခြားသည်နှင့် အမျှ ခံစားသိမြင်နားလည်နိုင်မှုတွေ ကွဲပြားသွားနိုင်ကြောင်း ကျွန်မမြင်တွေ့နိုင်ခဲ့သည်။
မင်းသားလေးမှ အစပြုခဲ့ရသော သိမြင်မှုနှလုံးသားအတွက် မင်းသားလေးကို ပိုလို့ချစ်ခင်လာခဲ့သည်။ မင်းသားလေးကို နှစ်ကာလ အနည်းငယ်ကြာ ကိုယ်ပိုင်အဖြစ်သာ သိမ်းဆည်းထားမိလျှက် ဒါကိုဖန်တီးခံစား အသက်သွင်းရန် ကျွန်မ စိတ်ကူးမပေါ်ခဲ့ပါ။ သို့သော် မင်းသား လေးစာအုပ်နှယ် ကျွန်မ နှလုံးသားကို နွေးထွေးစေကာ၊ ငြိမ်းချမ်းသော စိတ်ခံစားမှုကို ရရှိစေသည့်သူများနှင့် ကြုံတွေ့မိသောအခါ ကျွန်မ၏ ခံစားသိရှိမှုတွေကို အသက်သွင်းဖန်တီးလိုစိတ် ပေါ်ပေါက်လာသည်။ ကျွန်မ၏ ဆရာများကို ချစ်ခင်စွာ ဂါရ၀ပြုခြင်းလည်း မည်ပါသည်။ ကျွန်မ ရရှိခဲ့သော အလင်းရောင်၊ ကြည်လင်သော အတွေးပုံရိပ်၊ လောကသဘာဝကို ပကတိရိုးရှင်းစွာ မြင်တွေ့မှုများအတွက် သံသရာ ၀ဲဂယက်အတွင်းမှ ဆေးတစ်စက်ဘ၀တစ်ခုဝယ် ကျွန်မ တတ်စွမ်းသော အနုပညာကလေးဖြင့် ရိုသေစွာကျေးဇူးဆပ်ခြင်းလည်း မည်ပါသည်။
ကျွန်မ ပြင်သစ်ဘာသာကို တတ်ကျွမ်းသူတစ်ယောက်မဟုတ်ခဲ့ပါ။ သို့အတွက် ‘မင်းသားလေး’ ကို ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန် ဆိုသော စာတစ်ပုဒ်မဖြစ်ခဲ့ပါ။ ဒေါက်တာခင်လေးမြင့် ပြန်ဆိုထားသော ‘မင်းသားလေး’ ကိုပင် ကျွန်မ အမြင်ဖြင့် ခံစားရှုမြင်ခြင်းသာဖြစ်သည်။ မင်းသားလေးသည် လူသားတို့၏ အတ္တမာနတရား၊ လောကသဘာဝကို ကလေးငယ်တစ်ယောက်၏ ရှုထောင့်ဖြင့် အရှိအတိုင်းရှုမြင်သည်။ ကျွန်မ က စကြ၀ဠာအတွင်းမှ ရိုးသားလွန်းစွာသော မင်းသားလေးကို ကျွန်မအမြင်၊ ကျွန်မ ခံစားမှုဖြင့် ခံစားသက်ဝင်ခြင်းပင်ဖြစ်သည်။ မည်မျှ အံ့ချီးဖွယ်ရာဟူ၍ မင်းသားလေးအား ရီဗျူးရေးသားထားခြင်းလည်း မဟုတ်ပါ။ မင်းသားလေးသည် စိတ်ကူးယဉ်ဇာတ်လမ်း၊ တင်စားဖော်ညွှန်း ထားသော ဇာတ်ကောင်လေးများဖြင့် ဖွဲ့စည်းအပ်သော ရိုးစင်းသော ဇာတ်လမ်းကလေးသာဖြစ်ပါသည်။
မင်းသားလေး အနီးသို့ ကျွန်မ ချဉ်းကပ်ခြင်းသည် စာတစ်ပုဒ်အနီးသို့ ချဉ်းကပ်ခြင်းနှင့် မတူပါ။ သူ၏ အမှန်တရားနှင့် သစ္စာအလှကို ကျွန်မ နားလည်သိမြင်နိုင်သော နှလုံးသားဖြင့်သာ အရင်းအတိုင်းချဉ်းကပ်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် နေ၀င်ချိန်ကို ငေးကြည့်သည်ဆိုပါစို့။ ကျွန်မက နေ၀င်ချိန်နှင့် နေ၀င်ချိန်ကို ငေးနေသော မင်းသားလေးကိုပါ သိမ်းကြုံးငေးကြည့်ခြင်းဖြစ်သည်။ ကျွန်မ အမြင်၊ ကျွန်မ ခံစားမှု ရှုထောင့်မှ ရိုးရိုးလေး မြင်တွေ့ခြင်းသာ ဖြစ်ပါသည်။
******************
(၂)
မင်းသားလေးနှင့် ချစ်ခြင်းမေတ္တာ
‘လူတို့သည် အရာတစ်ခုကို ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိခြင်း၊ သူ မတူခြင်း အကြောင်းတစ်ခုတည်းကြောင့် ချစ်ခင်စွဲလန်းခြင်းမဟုတ်။ မိမိစွဲလန်းခြင်းကြောင့် ယင်းအရာသည် သူမတူရခြင်းဖြစ်ပေသည်။’
M.DIDIER MAULE                                                                                                                                                                                               Cultural Attache                                                                                                                                                                                                Embassy of France
‘ ဒါ ပန်းပွင့်ကလေးတစ်ပွင့်ပါ’
‘ဟုတ်တယ်…ဒါပေမယ့် ကျွန်တော့်ရဲ့ပန်းပွင့်ကလေး ဖြစ်တယ်’
မင်းသားလေး၏ တစ်ခုတည်းသော ပန်းကလေးအကြောင်း တစ်မနက်ခင်းမှာ ကျွန်မ မြင်တွေ့ခွင့်ရခဲ့သည်။ သူ သည် စိတ်လှုပ်ရှား တုန်ယင်နေသော အသွင်ဖြင့် မက်လင်ပင်မျိုးစေ့မှ လာဟန်တူသော ပန်းကလေးကို ချစ်ခင်ယုယစွာ ရေလောင်း ပေါင်းသင်နေသည်။ ကျွန်မ အမြင်တွင် မည်သို့မှ မထူးခြားသော သာမာန်ပန်းပွင့်ကလေးမျှသာပင်။ ချစ်ခင်ယုယမှုကြောင့် နိုးထရှင်သန်လာသော ပန်းကလေးမှာ ဟန်ပန် မူယာကြွယ်ကြွယ်ဖြင့် လောကကို နှုတ်ခွန်းဆက်ကာ အပေါ်ယံအလွှာဝတ်ရုံကို ဖုံးအုပ်လို့နေသည်။ မင်းသားလေး၏ ဖြူစင်မှုသည် သနား စဖွယ်…။ ရိုးသားစွာချစ်ခင်ခြင်းကို မထိုက်တန်သည့် မာယာလွှမ်း သဘာဝပေလား။ ဘေးလူက ကရုဏာသက်နေပေမယ့် မင်းသားလေး ကတော့ မမောမပန်းခစ်စိတ်တွေ တလက်လက်ဖြင့် ချစ်ခင်ယုယနေသေးသည်။ ရှေ့စကား၊ နောက်စကား အမြီးအမောက် မတည့်လှသော ပန်းကလေး၏ စကားများအောက်ဝယ် မင်းသားလေးခမျာ လူးလာခေါက်တုံ့။
ကိုယ်ထင်လျှင် ခုတင်တောင်ရွှေနန်းပေ မဟုတ်လား။ စိတ်၏အလိုဆန္ဒစွဲလန်းခြင်းက အင်အားကြီးမားသည့်အခါ အပြစ် ဟူသမျှ မြူမှုန်တောင် မမြင်နိုင်သည်မှာ သဘာဝကျပါသည်။ ထိုပန်းပွင့်မျိုး ကမ္ဘာပေါ်တွင် မြောက်မြားစွာ ရှိကောင်းရှိနေပါမည်။ သို့သော် မင်းသားလေးအတွက်တော့ တစ်ပွင့်တည်းသော ချစ်ခင်ယုယဖွယ် ပန်းကလေးဖြစ်သည်။ သူမတူအောင် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင် ကလေးလည်း ဖြစ်သည်။
သို့ပေမယ့် စွဲလန်းခြင်းဟူသည် ဒီရေအတက်အကျရှိစမြဲဖြစ်ရာ ‘သူ့ စကားတွေကို နားမထောင်ခဲ့ရင် အကောင်းသား’ ဟု မင်းသား လေး ညည်းညူစပြုလာသည်။
‘လူတွေဟာ ပန်းတွေရဲ့ စကားကို ဘယ်တော့မှ နားထောင်ဖို့ မသင့်ဘူး။ လူတွေဟာ သူတို့ရဲ့အလှတွေကိုသာ ငေးမောကြည့်ရှုပြီး သူတို့ရဲ့ရနံ့ကိုသာ ရှုရှိုက်နေဖို့ကောင်းတယ်’
အလိုဆန္ဒများတွင် သံသယဖြစ်တည်လာသော မင်းသားလေး၏ ခံစားချက်များပင်။ မွှေးရနံ့နှင့် ပွင့်ဖတ်လွှာနုနုလေးများကို နှစ်သက် မြတ်နိုးမိနေမှတော့ သူ့စကားကိုလည်း နားထောင်ရမည်သာ။ မယုံကြည်ခြင်း သံသယတွေနှင့် မင်းသားလေးကို သနားကြင်နာစွာ နှစ်သိမ့်ရန် သူ့ကို ပွေငင်သည်။ သို့သော် သူ သည် ပကတိတည်ရှိမနေ။ သံယောဇဉ်၊ အချစ်၊ မေတ္တာ၏ ပြယုဂ်များအောက်ဝယ် မင်းသားလေးနှင့် ပန်းက လေးသည် အခိုးအငွေ့များလို ဝေ့ဝေ့၀ဲဝဲ။
‘ကျွန်တော် အကြောင်းအရာတွေကို ဘယ်လို နားလည်ရမယ်ဆိုတာကို မသိဘူး၊ ကျွန်တော် သူ ပြောတာတွေကို နားထောင်ပြီး ဝေဖန်သုံးသပ်ခြင်း မပြုလုပ်ဘဲ အမူအယာ၊ အပြုအမူတွေဖြင့်သာ အကဲခတ်ဖို့ကောင်းပါတယ်’
တိုင်းတာရန်ခက်သည့် သံယောဇဉ်၊ ကောက်ချက်ချရန်ခက်သည့် ချစ်ခြင်းမေတ္တာတွေတွင် နားတစ်စုံထက်မက လိုအပ်လှသည်။ လူသား၏ ကူးလူးဆက်ဆံမှုများ၌သွင်ပြင်၊ ဟန်ပန်နှင့် အပြောအဆို မည်သည့်အရာက ယုံကြည်မှုကို ဦးဆောင်နေသနည်း။ ချိုသာစွာ ပြော ဆိုမှုတိုင်း ယုံကြည်ရန်မသင့်သလို၊ ခက်ထန်မပြေပြစ်မှုတိုင်းကိုလည်း လျစ်လျူရှု ရှောင်ဖယ်ရန် သင့်ပါမည်လား။ အမြင်တစ်မျိုးတည်းဖြင့် ကောက်ချက်ချမစောသင့်လှပါပေ။ ကျွန်မတို့မှာ ကြားနာနိုင်သော နားတစ်စုံရှိသည်ဟူလျှင် မြင်နိုင်သော မျက်ဝန်းတစ်စုံရှိသလို၊ ခံစားသိမြင် နိုင်သော နှလုံးသားလည်း ရှိကြပါသည်။ မိမလက်ခံသိမြင်သော အမြင်၌ ကြည်လင်သော နှလုံးသားထပ်တူပါလာဖို့သာ အရေးကြီးလှသည်။
*************
(၃)
ပေါက်ကွဲတတ်သော မီးတောင်များ
မူယာ၊ မာယာကြွယ်လှသော ပန်းကလေးကို စွန့်ခွာသွားရန် မင်းသားလေး အားထုတ်ပြန်သတဲ့။ ဒါကို လွတ်မြောက်ခြင်းဟု ခေါင်းစဉ် တပ်ရလေမည်လား။ နွံ ဟု သတ်မှတ်လျှင်တော့ တပ်၍ရသည်ပင်။ လူတိုင်း, လူတိုင်းဟာ ကိုယ့်နွံထဲမှ ကိုယ် လွတ်မြောက်အောင် ရုန်းနိုင်ဖို့ အစွမ်းသတ္တိရှိကြသည်ချည်း ဖြစ်သည်။ ပြင်းပြသော စိတ်ဓာတ်နှင့် သေချာခိုင်မာသော ဆုံးဖြတ်ချက်တော့ လိုမည်။
ထွက်ခွာမည် ဟန်ပြင်တော့ သူ့ ဂြိုဟ်ကလေးကို ရှင်းလင်းဖို့ရာ လိုလာသည်။ အထူးသဖြင့် လှုပ်ရှားပေါက်ကွဲလျှက်ရှိသော မီးတောင် နှစ်ခု။ သူ သည် ထိုမီးတောင်နှစ်ခုကို သေချာစွာ သုတ်သင်ရှင်းလင်းခဲ့သည်။ မီးတောင်တို့ကို ရှင်းလင်းဖို့ဆိုတာ လွယ်ကူသည့် ကိစ္စမှမဟုတ် ပေပဲ။ မီးတောင်၏ အလျှံငြီးငြီး အပူရှိန်ကို သူနာကျင်စွာခံစားခဲ့ရပေမည်။ သို့ပေမယ့် ထိုကဲ့သို့ သုတ်သင်ရှင်းလင်းမှုက မီးတောင်၏ လောင် ကျွမ်းမှုကို ဖြေးညင်းညင်သာမှုသို့ သက်ရောက်အကျိုးရှိစေသည်။ ပေါက်ကွဲမှု ဖြစ်စေတော့မည် မဟုတ်ပေ။
‘ဘယ်  သူ  မှ  မ  သိ နိုင်  ဘူး’
ထိုသို့ ရေရွတ်ရင်း သေနေသော မီးတောင်တစ်ခုကိုပါ ရှင်းလင်းပစ်လိုက်သည်။ ယခုတော့ မင်းသားလေးသည် မီးတောင်သုံးခုလုံး သေသပ်ကျနစွာ သုတ်သင်ရှင်းလင်းပြီးသွားပြီ။
သူ့ကဲ့သို့ မီးတောင်တို့ကို စနစ်တကျရှင်းလင်းထားနိုင်ခြင်း မရှိ၍ ကျွန်မတို့ ဘ၀တွေမှာ မကြာခဏပေါက်ကွဲခြင်းကို ကြုံတွေ့ကြရ သည်။ ပြင်းအားအနည်းအများအလိုက် ဘ၀အထွေထွေကို ပူပြင်းလောင်မြိုက်စေသည်။ သေနေသော မီးတောင်သည်လည်း မသိလိုက်,မသိ ဘာသာဖြင့် ပေါက်ကွဲသွားစေတတ်ကြောင်း မေ့လျော့နေတတ်ကြသည်။ ဘ၀၀ဲဂယက်တွင် လူသားသည် သေးငယ်မှုန်ဝါးလှသော အပိုင်း အစလေးများသာ ဖြစ်သည်။ ဆထက်ထမ်းပိုး ကြီးမာလာသော မီးတောင်ကြီးတွေကို ဘယ်လိုအင်အားနှင့် ကျွန်မတို့တွေ နှိမ်နင်းရှင်းလင်း နိုင်မှာပါလိမ့်..။ စနစ်တကျ သေချာစွာရှင်းလင်းထားမှသာ တငွေ့ငွေ့လောင်သော အပူဒဏ်ဖြင့်သာ ပေါက်ကွဲခြင်းကို လျော့ပါးစေပါလိမ့်မည်။
ပန်းကလေးကို နောက်ဆုံးအကြိမ် ယုယခြင်း….မင်းသားလေးမျက်နှာဝယ် ကြေကွဲရိပ်တို့ မဖုံးနိုင်စွာ ဆွေးဆွေးမြည့်မြည့် ထင်ဟပ် လာသည်။ သူ ချစ်ခင်နှစ်သက်သည့် ပန်းကလေးပေပဲ။ သူ့ ဘ၀အတွက် တစ်ပွင့်တည်းသော ပန်းပွင့်ကလေးပေပဲ။
နောက်ဆုံးအကြိမ်မှာ မာယာတွေကြွယ်မနေတော့သည့် ပန်းကလေး၏ အပြုအမူအတွ့က် မင်းသားလေးခမျာ အံ့အားတသင့်။ ချစ်ခြင်း မေတ္တာဟူသည့် အမည်နာမမှာ တချို့မာယာတွေ ဖုံးကွယ်နေတတ်ကြောင်း မင်းသားလေးမှ မသိခဲ့သေးတာပဲ။ မာယာအလွှာ ကွာကျသွား တော့ ပန်းကလေး၏ ပကတိအလှက ရိုးရှင်းကြည်လင်စွာ။ ပကာသနတွေလည်း မလိုအပ်တော့ဘူး ပြောရဲ့။ ဒါကို စောစောက သိခွင့်ရလျှင် မင်းသားလေး ခမျာမ၀မ်းမြောက်ရပေဘူးလား။ အချိန်ကတော့ လွန်ခဲ့ပြီ..။
‘ဟုတ်တယ်၊ ရှင့်ကို ကျွန်မ ချစ်တယ်’
‘ရှင် ဒါကို တစ်ချိန်လုံး မသိတာ ကျွန်မ အပြစ်ပါပဲ၊ ဒါလည်း လုံးဝအရေးမကြီးပါဘူး။ ဒါပေမယ့် ရှင်ဟာ ကျွန်မ လိုပဲ မိုက်တာပဲ၊ ပျော်ပျော်ရွှင်ရွှင်သာနေပါ။ ဒီပေါင်းချောင်လေးလည်း ဒီလိုပဲ ရှိပါစေတော့၊ ကျွန်မ မလိုချင်တော့ဘူး’
ပန်းကလေးက သူ့ ငိုကြွေးမှုကို မမြင်တွေ့စေလိုသည့်အလား ‘ရှင် ထွက်သွားပါတော့’။ သံယောဇဉ်ကို လှစ်ဟပြပြီးသည့်နောက် အရှက်သည်းစွာ မာနနှင့် ဖုံးကွယ်ချင်နေသေးသည်။ အချိန်လွန်မှ ငိုကြွေးခြင်းသည် မြင်တွေ့ရလျှင်လည်း နာကျင်ခြင်းမှအပ ဘာမှ ဖြစ်တည် မလာ၍ ဒါ ဖြစ်တော့ ဖြစ်သင့်သည်ပင်။
မည်သို့ဆိုစေ ပြုလုပ်သင့်သည်များ ဆောင်ရွက်ပြီးစီးခဲ့၍ ထွက်ခွာရန်ခရီးက မင်းသားလေးရှေ့တွင် ဆီးကြိုစောင့်ငင်သည်။ နှုတ်ဆက် ထွက်ခွာရမည်ကို ဘယ်သူ မနာကျင်ရှိပါ့မလဲ။ မင်းသားလေး ခြေလှမ်းတို့ တုံ့ဆိုင်းဆိုင်း…။
သို့သော် ခရီးကတော့ အစ, ပြုခဲ့ပြီ။
*******
အပိုင်း () ဆက်ရန်
ရွှေအိမ်စည်
မြစ်ဝင်စား .... သူမ
စိတ်လိုလက်ရ
ခုန်ချလိုက်တဲ့ " မြစ် " ပါ
သူ့အလိုအတိုင်း ....
ကောက်ကွေ့ခွင့်တော့ ရှိပါတယ်
သူက .... မြစ် " ... လေ ...
ခရီးဆုံးရင်တော့ ....
ရင်ခွင်ထဲအထိ ... စီးဆင်းဖို့ပဲ မဟုတ်လား၊
အသင့်ဖြန့်ခင်းထားတဲ့
ဒီရင်ခွင်နက်နက်ထဲ
မြစ်က ....
ငါ့ကို သယ်ဆောင်ပြီး
စီးဆင်းလာနိုင်မလား
မသေချာခဲ့ ....
ကောက်ကွေ့တဲ့ သဘောတွေနဲ့
သူ ...မ ...
ဘယ်ကို စီးဆင်းမယ်
..... ငါ ....
အတိအကျ မသိခဲ့၊
မြစ်က မြစ်လို စီးဆင်းရမယ်
ရင်ခွင်က ရင်ခွင်လို
ဖြန့်ခင်းထားရုံ မဟုတ်လား
အလိုအတိုင်း ....
တို့တတွေ .... စောင့်ဆိုင်းကြရဦးမယ် ။    ။
သုထက်မှူး
စစ်
အဖေက သမီးကိုရှာတယ်
မျက်ထောင့်နီကြီးနဲ့ …။
အမေက သားကိုရှာတယ်
မျက်ထောင့်နီကြီးနဲ့ …။
အဲဒီတုန်းက
ကမ္ဘာကြီးဟာ နေ့ မရှိတဲ့ ကမ္ဘာအဖြစ်
ညမရှိတဲ့ ကမ္ဘာအဖြစ်
ရုတ်တရက်မှတ်တမ်းတင်ခြင်းခံလိုက်ရတယ်……။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
နေ့စဉ်ထဲမှ သူ့အလွဲများ
အရင်ကတည်းက ပူပင်တတ်တဲ့ ကျွန်မတို့ မိန်းမသားတွေဟာ ချစ်သူခင်သူတွေ နေမကောင်းဖြစ်တဲ့အခါ ပိုပြီးတောင် ပျာယာခတ်နေတတ်သေးတယ် မဟုတ်လား။ ကိုယ့်ချစ်သူမှာ ကျန်းမာရေးနဲ့ပတ်သတ်လို့ လွဲချော်တာလေးတွေ ရှိနေတယ်ဆိုရင် ဘယ်လောက်များ စိတ်ပူလိုက်ကြမလဲလို့ ကျွန်မ တွေးမိတဲ့အခါ သူတို့တွေလည်း ဖတ်မိပါစေလို့ဆိုတဲ့ ဆန္ဒလေးနဲ့ ချရေးဖြစ်ခဲ့ပါတယ်။
အများဆုံးလွဲချော်တတ်တာလေးတွေကတော့........
(၁) ဆရာဝန်နဲ့ တွေ့ရမှာ ၀န်လေးနေတတ်တာ…
ကျားကျားလျားလျား လို့ပဲ ပြောမလား ပစ်စလတ်ခတ်နေတယ်လို့ပဲပြောမလား ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ကို ဆရာဝန် နဲ့ တိုင်ပင်တဲ့နှုန်း ၂၅ ရာခိုင်နှုန်း နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သက်တမ်းတိုတတ်တာ၊ ကင်ဆာရောဂါပိုဖြစ်တတ်တာလို့ ဆိုကြပါတယ်။
(၂) ဆေးစစ်ရမှာရော ဆေးစစ်ချက်အဖြေတွေကိုရော ကြောက်နေတတ်တာ…
ဆရာဝန်နဲ့ ပြသမှုနှုန်း နည်းတာတင် ဘယ်ကမလဲ။ဆေးစစ်မှုကိုလည်း အမျိုးသားတွေက တတ်နိုင်သမျှ ရှောင်ရှားတတ်ကြပါသေးသတဲ့။ အမျိုးသားတစ်ယောက်အနေနဲ့ ပုံမှန်ဆေးစစ်မှုတွေ လုပ်တဲ့အခါ လူလတ်တန်း အရွယ်တွေ မှာတောင် ဖြစ်လာတာ တွေ့ရတဲ့ ဆီးကျိတ်ကင်ဆာရောဂါ ကို ကြိုတင်ပြီးကာကွယ်နိုင်မှာပါ။ ဘယ်ကစလို့ ဆေးစစ်ရမှန်းမသိရင်တော့ ကျန်းမာရေး ဆိုင်ရာ ၀က်ဆိုဒ်တွေ ဒါမှမဟုတ် မိသားစု ဆရာဝန် တွေ ကဆင့် သိနိုင်ပါလိမ့်မယ်။
(၃) အရက်အလွန်အကျွံ သောက်သုံးမိတတ်တာ…
ရှေ့ဆောင်ဖြစ်နေတဲ့ အမျိုးသားဟာ လူနေမှုစနစ်ပြောင်းလဲလာတာ၊ လွယ်လင့်တကူရနိုင်တာ စတဲ့အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုများနေတာ စတဲ့အကြောင်းတွေနဲ့ အရက်သေစာ အလွန်အကျွံ သောက်သုံးမိတာကြောင့် ဆိုးကျိုးတွေကို ပိုလို့ ခံနေရဆဲပါပဲ။ ရေရှည်ကျန်းမာရေး ပြသနာတင်မဟုတ်ပါဘဲ လတ်တလောရောဂါ ဖြစ်တဲ့ အ၀လွန်ခြင်းကိုပါ အရက်သေစာ အလွန်သောက်သံုးသူများ ကြုံတွေ့နေရတာပါ။ အမှန်တော့ လူမှုရေးအရ လူစုံလို့ သောက်တယ်ဆိုပေမယ့် ညနေစောင်းတိုင်း သူငယ်ချင်းတွေ စုံနေရင်တော့ သိပ်မကောင်းဘူးမဟုတ်လားဟင်။
(၄)တစ်ကိုယ်ရေ ကျန်းမာရေး
တချို့သုတသနတွေက အမျိုးသားတွေရဲ့နေ့စဉ် လုပ်ငန်းတွေကို လေ့လာတဲ့အခါ ၆၆% သော ပုရိသ တွေသာ တစ်နေ့ကို နှစ်ခါ ထက်ပိုပြီး သွားတိုက်တာ တွေ့ရပါတယ်။ အမျိုးသမီး တော်တော်များများကတော့ တစ်နေ့ကို နှစ်ခါနဲ့အထက် သွားတိုက်ပြီး သွားဆရာဝန် နဲ့လည်း မှန်မှန်ပြပါသတဲ့။ သွားနဲ့ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါဖြစ်ပွားမှု၊ သတိမေ့လျော့တတ်တဲ့ဝေဒနာတွေကို ပိုမိုဖြစ်ပွားစေပြီး၊ ကျားပီသမှုကိုလည်း လျော့နည်းစေတယ်လို့ဆိုပါတယ်။
(၅)တိတ်တိတ်လေး ပေါက်ကွဲတတ်တာ…
အမျိုးသားတွေဟာ သူတို့ရဲ့ ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေကို မျိုသိပ်ထားတတ်တာ များသလို လူတစ်ဖက်သားကို အကူအညီတောင်းရမှာ တခြားသူရဲ့ ငဲ့ညှာမှုကို ခံရမှာကို ခံပြင်းကြတတ်တာ ကို တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ ဒါတွေ ရဲ့  အကျိုးဆက်ကြောင့်ပဲ ကျန်းမာရေးနယ်ပယ်မှာ စိတ်ကျဝေဒနာဖြစ်ပွားမှုကို ဖော်ထုတ်နိုင်မှုဟာ မိန်းကလေးတွေ ထက် နည်းနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို သေကြောင်း ကြံစည်မှုမှာတော့ အမျိုးသားများဟာ ၇၇ % ပိုများနေတာ တွေ့ရပြန်ပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ ဒေါသကြီးမှုပမာဏဟာ သူရဲ့ကျန်းမာရေး ကောင်းမွန်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပြီး ဒေါသအဖြစ်နည်းတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်းများလာတယ်လို့ သုတေသီများက ဆိုထားကြပါတယ်။
(၆) ရေနွေးကန် မှာ ရေချိုးတတ်တာ…
အမျိုးသား တော်တော်များများဟာ ရေနွေးနွေးမှာ စိမ်ချိုးရတဲ့ အရသာကို အနှစ်သက်ဆုံးလို့ လေ့လာသူများက ဆိုထားပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ် မှ သုံးနှစ်တာ သုတေသန ပြုလုပ်ချက်များအရ အဲဒီလို ရေနွေးနဲ့ ရေစိမ်ချိုးတာဟာ အမျိုးသားတွေရဲ့ မျိုးအောင်မှုနှုန်းကို ကျစေတယ် ဆိုတာတွေ့ရပါတယ်။ အဲဒီလိုအကျိုးဆက်တွေကို Jacuzzis သုံးသူတွေနဲ့ ကွန်ပြူတာကို အချိန်ကြာမြင့်စွာသုံးသူတွေမှာလည်း အလားတူတွေ့ရတယ်လို့ ဆိုပါတယ်။
(၇)Sun creem လိမ်းဖို့ အငြင်းအခုန် လုပ်နေတတ်တာ…
အရေပြားကင်ဆာဟာ အင်္ဂလန်မှာ အများဆုံးဖြစ်တဲ့ ကင်ဆာဖြစ်ပြီး လေ့လာချက်များအရ အမျိုးသားတစ်ချို့ဟာ sun cream လိမ်းဖို့ မေ့လျော့ ငြင်းဆန်ဆဲပဲလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အပြင်လောကမှာ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ သူတွေ အနေနဲ့ သင့်တော်တဲ့ sun cream လိမ်းဖို့ရယ် အကျီလက်ရှည်ဝတ်ဖို့ရယ်ကလဲ အရေးကြီးတာပဲ မဟုတ်လား။
(၈) သူလည်း ကျန်းမာ ကိုယ်လည်း ကာကွယ်နိုင်တာပေါ့
အမျိုးသား သုံးယောက်ထဲက တစ်ယောက်ဟာ ရေအိမ်က ထွက်လာတဲ့အခါ လက်မဆေးတတ်ဘူးလို့အမေရိကန်ပြည်ထောင်စုက လေ့လာသူတွေက တွေ့ရှိကြတာကို မေတို့ အံ့သြကြမှာလား။ အဲဒီလိုပါပဲ လန်ဒန်က နာမည်ကြီးကျောင်းတစ်ခုရဲ့ သုတေသနပြုချက်များအရ လက်ဆေးတဲ့ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံကသာ ဆပ်ပြာသုံးတတ်ပါသတဲ့။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတာ ကို နားလည်နေပြီးသား ဖြစ်နေမှာမို့ သတိထားပြီး လက်တွေ့ကျင့်သုံးတဲ့အခါ ကိုယ်လည်း ကျန်းမာ ကိုယ့်ချစ်တဲ့သူတွေကိုလည်း မကူးစက်နိုင်တော့ဘူးပေါ့။
(၉)ချိုင့်ဆွဲ ယဉ်ကျေးမှုတွေ ထွန်းကားလာတတ်တာ …
ပြေးပြေးလွှားလွှားခေတ်ကြီးကိုက ပါဆယ်ယူစားရတဲ့ ခေတ်ပဲလေ။ အမျိုးသားထုရဲ့ ၄၇ % ဟာ ဆိုင်ထမင်းဆိုင်ဟင်းနဲ့ ချိုင့်ဆွဲစားတာကိုအနည်းဆုံးတပတ်တခါ ပြုလုပ်လေ့ရှိပြီး အမျိုးသမီးထုရဲ့ ၃၅ % ကသာ ချိုင့်ဆွဲစားတတ်ကြပါသတဲ့။ ဆိုင်ထမင်းဆိုင်ဟင်းတွေ မှာ နေ့စဉ်လိုအပ်ချက်ထက် ပိုလွန်တဲ့ ကယ်လိုရီ၊ ဆားဓတ်တွေပါတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဆိုင် ထမင်းဟင်း ထက် အိမ်ထမင်းအိမ်ဟင်းကိုသာ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။
မွန်းသက်ပန် (ဆေး-၁ )
၀၀:၀၄ နာရီ၊ မတ်လ ၄ ရက် ၂၀၁၃ ခုနှစ်
ကင်ရှဆာမြို့
အလယ်ပိုင်း အာဖရိက။
လွန်လေပြီးခဲ့သော
မိုးများစွာရွာသွန်းခဲ့တဲ့ ညတစ်ည... “သမီးကြီး အိမ်နောက်ဖေးက မိုးယိုနေတယ် ဇလုံ နဲ့ ထခံပေးပါအုံး .... အမေ ညီမလေးကိုသိပ်နေလို့ နော် သမီးထထ..” ဆိုသော အမေ အသံ။ ထိုအချိန်က ကျွန်မ အသက် (၇) နှစ်လောက်သာ ရှိအုံးမှာပါ။  အအိပ်အစားမက်တဲ့အရွယ်လေးမို့ ..မထချင်ပေမယ့် မနက်နိုးလို့ အိမ်ရေစိုကုန်ရင်လည်း ကျွန်မပဲ ကြမ်း တိုက်ရမယ်ဆိုတော့...။
ရေထခံရင်း စိတ်က မိုးကို မုန်းမိနေတယ်.။ ဘာကြောင့် အဲ့လောက်ရွာနေရတာလဲ။ မုန်းစရာကြီးဆိုသောအတွေးဝင် လာရင်း စိတ်ကူးပေါက်မိသေးတယ်။ မနက်လင်းရင် အိမ်ခေါင်းမိုးပေါ် တက်ဖာလိုက်မယ်။ ဒါဆို ငါ ညဘက် မထရ တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ခဲ့ပါ။ ကြာလာတော့ ကျွန်မ ဆင်းရဲတာကို အဖြေရလာခဲ့တယ်။ ကျွန်မ တို့  မိသားစု အခြေအနေက အဖေက ၀န်ထမ်း၊ အမေက အိမ်မှုကိစ္စပဲလုပ်တော့ အဖေလစာနဲ့ ကျွန်မတို့ မိသားစု
မလောက်လှဘူး။  ကျွန်မ ၀န်ကိုထမ်းနေရတဲ့ ၀န်ထမ်း ဘ၀ကို မုန်းတယ်။  အိမ်မိုးမလုံဘ၀နဲ့ နေရတာ ကိုလည်း မုန်းတယ်။ ကျောင်းမှာ မျက်နာငယ်စွာ ဆရာမကို ကြည့်ကြည့်နေရတဲ့ ဘ၀ကိုလည်း မုန်းတယ်။ ဗလာစာအုပ် ကုန်တာတောင် အဖေ လစာ မထုတ်သေးလို့ စောင့်နေရတဲ့ ဘ၀ကိုလည်း မုန်းတယ်။ ပုံမှန်မုန့်ဖိုးမရလို့  သူများ စားတာကိုပဲ ငေးနေရတဲ့ အချိန်တွေကိုလည်း မုန်းတယ်။
ကျွန်မ သူငယ်ချင်းရဲ့ အဖေတွေ စီးပွားရေး လုပ်ကြတယ်။ သူ့ တို့ သားသမီးတွေကို မျက်နာပန်း လှအောင်ထားနိုင် ခဲ့တယ်။ ကျွန်မ အဖေ ဘာကြောင့် စီးပွားရေးမလုပ်တာလဲ ဆိုတာကို အပြစ်မြင်လာခဲ့တယ်။ တစ်နေ့ ...အမေ  အဖေက ဘာလို့  စီးပွားရေး မလုပ်တာလဲ။ အဖေသာ စီးပွားရေး လုပ်ရင် သမီးတို့ အခုလို ဆင်းရဲမှာ မဟုတ်ဘူးဆိုတဲ့ စကားကို ပြောတော့ အမေ အံ့သြတဲ့ အကြည့်နဲ့ “အဲ့လို မပြောရဘူး….သမီး ..လူဆိုတာ လုပ်ချင်တိုင်း လုပ်လို့ မရ သလို ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရဘူး”။ အမေစကားကို ကျွန်မ မနှစ်မြို့ခဲ့ပေမဲ့ ကလေးဆိုတော့ ဘာမှ မပြောနိုင်ခဲ့ဘူး..။
ဒါနဲ့ အဖေ့ကို ကျွန်မ ထပ်မေးခဲ့တယ်.." အဖေ ဘာလို့ ဝန်ထမ်း အလုပ်လုပ်တာလဲ၊ အခြား အလုပ်လုပ်ပါလား၊ ၀န်ထမ်းတွေက ဆင်းရဲတာများတယ်၊ သမီး မဆင်းရဲချင်ဘူး "။  အဖေ ကျွန်မကို ပွေ့  လိုက်ပြီး "သမီး …အဖေက ၀န်ထမ်းအလုပ်ပဲ လုပ်တတ်တယ်။ အခြား အလုပ် မလုပ်တတ်သလို ရင်းနှီးစရာလည်းမရှိဘူး”တဲ့... ကျွန်မ ထိုစကား ကိုလည်း မုန်းတယ်။
အဲဒီ့ နေ့ကစ ပြီး ကျွန်မ ပိုက်ဆံကို ဘယ်လို ရှာရမလည်းဆိုတာပဲ ခေါင်းထဲရောက်နေခဲ့တယ်။ တွေ့ တာ အကုန်လုပ် တတ်တယ်။ သူများဈေးဝယ်ခိုင်းလည်း ကျွန်မ ၀ယ်တယ်။ အသီး အရွက်တွေခူးရောင်းတယ်။
သရက်သီးတွေဆိုလည်း မြို့ တက်ရောင်းတတ်လာတယ်။ ခြံထဲက မာလကာသီးကိုလည်း ကျောင်းယူသွား ရောင်း တတ်လာတယ်။ ရွာထဲက နှင်းဆီခြံထဲက ပန်းကိုလည်း ဈေးသက်သာအောင်ယူပြီး ကျောင်းတက်ရင် ကျွန်မ ရောင်း တယ်။ မိဘတွေက အစက သဘောမကျပေမဲ့ “သူမုန့်ဖိုးသူရှာနေတာပဲ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ ခွင့်ပြု ထားလိုက်ပါ၊ ရှင်လည်း ပေးနိုင်တာမှမဟုတ်တာ”..ဆိုသော အမေစကားသံ တွေမကြာမကြာ ကြားရစပြုလာ တယ်။
၇ နှစ် ၈ နှစ်လောက်တည်းက ကျွန်မ ပိုက်ဆံကိုရှာတတ်လာသလို ပိုက်ဆံရှာရတဲ့ အရသာကိုလည်း နှစ်သက်လာ ခဲ့တယ်။ အိမ်က ငွေလိုရင်တောင်“ သမီး အမေ့ကို ဘယ်လောက်ချေးပါအုံး...သမီး အဖေ လစာ ထုတ်ရင် အမေ ပြန်ပေးမယ်"  အခုလို အမေ့ကို ကျွန်မ ရှာထားတဲ့ ပိုက်ဆံကို ပေးရတဲ့ ပျော်ရွှင်မှုကိုလည်း ကျွန်မ ကျေနပ်နေမိပြန် တယ်။
ဒီလို နဲ့ ကျွန်မ (၇) တန်းလောက်မှာ ပိုက်ဆံဆိုတာကို ကောင်းကောင်းကြီးရှာတတ်လာခဲ့တယ်။ ရွာက ပန်းခြံတွေ  မာလကာပင်ရှိတဲ့ခြံတွေကို အပြတ်ပေးပြီးဈေးဖြတ်၊ မြို့ ကျောင်းတက်ရင်း၊ မြို့ ထဲရောက်ရင်  တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် မာလကာ . သရက်သီး ပန်းတွေကိုသွင်းတတ်တယ်။  ပစ္စည်းများနေရင် ရွာက ကလေးတစ်ယောက် လောက် ကို ခေါ်လာပြီထမ်းလာခိုင်းတယ်။ မုန့်ဖိုးပေးပြန်လွတ်ပေါ့။
တစ်နေ့တော့ အိမ်ကို တိုင်စာရောက်လာခဲ့တယ်။ ကျောင်းချိန်တွေ မမှန်တာ၊ ကျောင်းချိန် အမြဲ နောက်ကျတာ၊ အိမ်စာတွေ မပြီးတာ၊ အပြစ် ပေါင်းများစွာနဲ့ ပေါ့။ အဖေ တိုင်စာကိုင်ပြီးစောင့်နေတဲ့ ရက်ကို ကျွန်မ မေ့လို့ မရပါ ဘူး။  နောက်ကို အခုလုပ်နေတာတွေ မလုပ်ဖို့ ၊ပညာရေးကိုပဲ ဦးစားပေးဆိုတာမျိုး အဖေ ပြောလာခဲ့တယ်။ အမှန် ပြောရရင် ကျွန်မ ကျောင်းစာ၊ အထူးသဖြင့် ပညာရေး ကို လုံးဝ စိတ်မ၀င်စားတော့ဘူး။  စီးပွားရေးပဲ လုပ်ချင် တယ်။ အိမ်ကောင်းကောင်းနဲ့ နေချင်တယ်။ သူများဝတ်သလို ၀တ်ချင်လာတယ်။  ကျောင်းတက်ပြီး အချိန်ကုန်မယ်။ ပြီးတော့ ကျောင်းပြီး ၀န်ထမ်းဘ၀နဲ့ ပဲအဖေလိုပဲ နိဂုံးချုပ်ရမဲ့ ဘ၀ကို ကျွန်မ မနှစ်သက်ဘူး။ ဒီဘ၀ကို ကျွန်မ လုံးဝ မကြိုက်နှစ်သက်တော့တာ။.
အဖေကို ကတိပေးလိုက်တယ်။ ကျောင်းချိန်မှန်အောင် တက်ပါမယ်။ အခုလုပ်နေတဲ့ အလုပ်တွေတော့ ဆက်လုပ် ပါရစေလို့  ညှိလိုက်ကြတယ်။ နောက်ပိုင်း ဘယ်လောက်စီးပွားရေးဆန်လာလည်းဆို ကျောင်းမှာသိပ္ပံ ဘာဘာနဲ့ ပတ်သက်လို့ ပုံဆွဲတာတွေ ကျွန်မကို လာဆွဲခိုင်းရင် တစ်ပုံ ဘယ်လောက် ဆိုတာမျိုးဖြစ်လာခဲ့တယ်။ ကျွန်မက စာသာ စိတ်မ၀င်စားတာ ပုံဆွဲတော့ ၀ါသနာပါတယ်။ ဒါကလည်း ကျွန်မ အတွက် ကြားပေါက် ၀င်ငွေဖြစ်လာခဲ့ တယ်။  ပုံတူ လည်း ဆွဲတယ်။ ဒါပေမဲ့   ပညာရေး ကံမပါဘူးလို့ ပဲ ပြောရမလား။ စိတ်မ၀င်စားခဲ့ဘူးပြောရမလား။ ကျွန်မ ဆယ်တန်း ကျခဲ့တယ်။။
စိတ်လေသွားတာနဲ့ ကျောင်းဆက်မတက်ဘဲ စီးပွားရေး လုပ်မယ် ငွေရှာမယ်.. ဆိုပြီး ရန်ကုန်မြို့ ကြီးကို တက်လာ ခဲ့တယ်။ အလုပ်ကိုလည်း ကြိုးစားလုပ်ခဲ့တယ်။ သူများ သုံးသလို သုံးလာနိုင်တယ်။ အိမ်ကိုလည်း ထောက်ပံ့နိုင် ခဲ့တယ်။ ညီမ တွေကိုလည်း ကျောင်းထား နိုင်ခဲ့တယ်။ ကျွန်မ ဘ၀ကိုကျွန်မ  ကျေနပ်နေမိတယ်။
ဒီလိုနဲ့  ကျွန်မ  အသက်ကို ပြန်စစ်ကြည့်လိုက်တော့ (၂၇) ထဲရောက်လာခဲ့ပြီ။ ၁၈ ၊ ၁၉ ၊ ၂၀ အချိန်တွေကို ကျွန်မ ဘယ်လိုဖြတ်ကျော်လာခဲ့ပါလိမ့်။ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တဲ့ ကျွန်မ ရင်ခုန်သံတွေကိုတောင် မေ့နေခဲ့ပါလား။ အခု ကျွန်မ ရင်ခုန်ရမဲ့သူကို တွေ့ နေပြီ.. ကျွန်မ သူကို အရမ်းချစ်မိနေပြီ။.. ကျွန်မ အားငယ်စိတ်တွေ ၀င်လာခဲ့တယ်။ ဘ၀မှာ ငွေရှိရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ စိတ်တွေ အဝေးကိုလွှင့်စင်ပျောက်ရှကုန်ပြီ။
ဒီ ငွေတွေက ကျွန်မဘ၀ အချိန်ကာလတော်တော်များများကို တိုက်စားပြီးခဲ့ပြီ။                      ။
စီစော
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More