အဆိုးမြင်ဝါဒီလို့ လက်ညှိုးထိုးလာလျှင်
သည်းမခံချင်ပေမယ့် အချစ်ဆိုတာ အနိစ္စလို့ စွဲမှတ်ယုံကာ
မည်သူတစ်ဦးတစ်ယောက်ရဲ့ အချစ်ကိုမှ မယုံကြည်နိုင်သော စိတ်ရောဂါရှိသူမှာ
ကျွန်မဖြစ်ပါတယ်။ ချစ်တယ်လို့ ကြားရတဲ့အခါ ငါငြင်းလိုက်ရင်
နောက်တစ်ယောက်ပြောင်းမှာလို့ ယုံကြည်နေသူလည်း ဖြစ်ပြန်ရဲ့။ ဒါပေမယ့်
ထိုသို့အပျက်ရှုတတ်သောကျွန်မ မမှားပေဘူး။ ငြင်းပြီးမကြာခင်မှာပင်
ထိုချစ်လှချည့်ဆိုသူများက တစ်မျက်နှာပြောင်းသွားလေရာ ‘ ကဲ အစတည်းက
မပြောဘူးလား’ လို့ လက်ခမောင်းခတ်ရမလိုပင် ဖြစ်နေတာ။
ဆရာမဂျူးရဲ့
ဝတ္တုတိုတစ်ပုဒ်ကိုလည်း ခဏခဏသတိရမိပြန်တာ။ လှေစီးတုန်း လှိုင်းလေထန်လာတဲ့အခါ
ဇာတ်ကောင်အမျိုးသမီးက ရည်းစားကို ငါ ရေထဲကျသွားရင် ကယ်မှာလားလို့ မေးတဲ့အခါ
ရည်းစားက ကယ်မယ်လို့ ချက်ချင်းတုံ့ပြန်မဖြေခဲ့တဲ့ အကြောင်းကိုလေ။
ရင်နာစရာကောင်းလှချည့်။ ဒါပေမယ့် ထို့ထက်ရင်နာစရာ စာကိုလည်း မှတ်မိနေသေးတာ။
ဆရာဦးသုမောင် ရေးတဲ့
စာတစ်ပုဒ်ထဲမှာ သူနေမကောင်းတဲ့အကြောင်းရေးရင်း ကုသပေးတဲ့ ဆရာဝန်များကအစ
မိတ်ဆွေများကို ကျေးဇူးတင်ကြောင်းပြောရင်း မိန်းမကိုတော့
ကျေးဇူးတင်စရာမလိုဟု ရေးသားထားလေတာ။ ရှေ့ဆက်ပြီးလည်း မိန်းမဆိုတာ
မကောင်းလည်းခံကောင်းလည်းစံ သူ့ကံလို့ ရှင်းလင်းရေးထားတာ အမှတ်ရနေမိပေါ့။
ထိုစာလေးကို ဖတ်ရင်း ကိုယ်ချင်းစာစိတ်နှင့် ယူကျုံးမရဖြစ်ရတာ
ယနေ့ထက်တိုင်ရယ်။
ဘယ်လိုလဲကွယ်။
မြန်မာလူမျိုးတစ်ဦးရဲ့ ဇနီးမယားပါတဲ့။ ကောင်းတူဆိုးဖက်ဆိုရုံနဲ့
ကျေးဇူးတင်ခြင်းငှာ မထိုက်တန်သောလူသားပေလား။ နောက်ဆုံးတော့
အသက်မကယ်ဘူးလို့ ကတိမပေးချင်နေပါစေ။ စေတနာအတွက် အသိအမှတ်ပြုရုံနဲ့
ကျေနပ်လိုက်ရမှာလား။ ယောက်ျားတစ်ယောက်ရဲ့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ဝအောင်ကျွေး၊ လှအောင်ဆင်ဆိုရုံမျှနဲ့ တင်းတိမ်ရောင့်ရဲတတ်ရမှာလား။
စိတ်မကောင်းစရာ
ဒီထက်အဆိုးမြင်ချင်လျှင်တော့ ရောဘတ်ကူးဗား (Robert Coover) ရဲ့ Briar Rose
ကို သတိရလိုက်ရုံသာ ရှိတယ်လေ။ မင်းသားလေးအနမ်းနဲ့ နိုးထမှ ကျိန်စာပြေမယ့်
မနှင်းဆီလေးရဲ့ ကြမ္မာမှာ ( sleeping beauty) ပုံပြင်လေး နဲ့ ခြားနားစွာ
သရုပ်ကွဲလေတာ။ ချိုသာကြင်နာမယ်ထင်ရတဲ့ မင်းသားလေးများဟာ
ဘီလူးခေါင်းဆောင်းထားခြင်းသာရယ်။ မနှင်းဆီလေးမှာ မတရားကျင့်ခံရခြင်း၊
ကလေးမွေးရခြင်း၊ မယားငယ်ထားခံရခြင်း (မြန်မာဓလေ့အရ မယားပြိုင်ထားခြင်း) ၊
ဆင်းရဲဒုက္ခရောက်ရခြင်းဆိုတဲ့ တုန်လှုပ်ကြေကွဲစရာဇာတ်သိမ်းအမျိုးမျိုးနဲ့
ခြယ်မှုန်းထားလေတာ။
ဒီလိုနဲ့
ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြလေသတည်းဆိုတာ ဖြစ်နိုင်ရဲ့လား…ဆိုတဲ့
သံသယကို ပိုသေချာစေခဲ့။ မယုံကြည်ခြင်းမီးပွားကို အညွန့်တလူလူဖြစ်စေရန်
အားပြုလေခဲ့။ နေပျော်ပါတယ် ။ တကယ်ပါ။ ဒါပေမယ့် အချစ်တွေမမြင်အောင်ကွယ်ရင်း
လွတ်လပ်ပျော်မြူးနေဆဲမှာပင် အမေရိကန်နိုင်ငံက ကော်လိုရာဒိုပြည်နယ်ရဲ့
ရုပ်ရှင်ရုံမှာ လူဆယ့်နှစ်ယောက် သေနတ်ပစ်ခံရပြီး သေဆုံးသွားသောသတင်းဆိုးကို
ဖတ်ခဲ့ရတာ။
သိပ်အံ့သြစရာကောင်းတာရယ်။
ညီမငယ်တစ်ယောက်က တင်စားသလို ကျောက်ခဲလို မာရေကျောရေနိုင်လှသော ကျွန်မရဲ့
စိတ်အခြေအနေမှာ ယိုင်နွဲ့ဝေဝါးသွားခဲ့ပြီ။ ချစ်သူကောင်မလေးတွေကို
ကျည်ဆန်ဘေးမှ ဒိုင်းလိုကာကွယ်ပေးရင် အသေခံသွားသော ချစ်သူကောင်လေးများကို
‘Real Superheroes’ လို့ သတင်းတွေက ခေါင်းစဉ်တပ်ထားကြလေတာ။
ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ဒေသလို့ ဖတ်ဖူးခဲ့ပေမယ့်
ခုလို အသက်ပေးစောင့်ရှောက်သွားတာကိုတော့ ယောက်ျားကောင်းအချစ်လို့
သတ်မှတ်ရလေမလား။ ဟုတ်ပါတယ်နော်။ ထိုသူများမှာ ချစ်သူကခိုင်းလျှင်
ပင်လယ်ကို လက်ပစ်ကူးပြမယ်ဆိုတဲ့ စကားပိုတွေ ခွန်းထပ်မဆိုဘဲ
နေချင်နေခဲ့ပေမယ့် သူတို့ရဲ့ အသွင်အပြင်တွေက မနူးညံ့ပေမယ့် အားနည်းသူကို
ညှာတာကြင်နာတတ်သော တကယ်လူ့ကြီးလူကောင်းများလည်း ဖြစ်ပေတာပဲ။

ကျွန်မ သတင်းစာကို
ဘေးချပြီး မျက်နှာမူရာရှေးရှု ငေးနေမိပေါ့။ ဇောအသွယ်သွယ်နဲ့ ဖြတ်သွားဖြတ်လာ
လူတွေကို ကြည့်တယ်။ ခြေလှမ်းတက်ကြစွာနဲ့သူတို့တွေ ပျော်နေကြသလိုရယ်။
အသက်နှင့်ရင်းကာ အချစ်ခံရလို့ အမျိုးသမီးတိုင်း အားကျမယ့်
အဝေးကမိန်းကလေးများကတော့ မဟာကံထူးရှင်ဆိုကာ ပျော်နိုင်မယ်မထင်ပါ။ သေချာတာက
တစ်ချိန်ချိန်မှာ သူမတို့ ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အသက်ထက်လွန်တဲ့
ချစ်ခြင်းတွေကို သူမတို့ မေ့နိုင်မယ်လို့ မထင်ပါဘူး။
အချစ်သူရဲကောင်းပဲဖြစ်ဖြစ်၊ စေတနာရှင်လူစွမ်းကောင်းပဲဖြစ်ဖြစ် ကျွန်မတို့
တစိမ်းသူတွေလည်း ဒီစွန့်လွှတ်ကယ်တင်ခဲ့သူတွေကို လွယ်လင့်တကူမေ့သွားမှာ
မဟုတ်ပါဘူး။
အသေချာဆုံးမှာ ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာ ဟာသပါလို့ ရယ်သွေးသွမ်းဖို့ ကျွန်မနှုတ်ဆွံ့သွားခဲ့ပြီရယ်။ ။
မယ့်ကိုး
0 comments:
Post a Comment