"တီ တီ တီ"
မီးဖိုချောင်ကတောင်
အတိုင်းသားကြားနေရတဲ့ အလန်းပေးသံကို အနီးကပ်အိပ်နေတဲ့ သူကတော့
မနိုးပြန်ဘူးထင်ပါရဲ့။ အင်း မနိုးတာလား။ နိုးပြီးတော့
မကြားချင်ယောင်ဆောင်ပြီးများ ပြန်အိပ်နေသလား။ ဒုက္ခပါပဲ ဒီနေ့
ကျူတိုရီရယ်ရှိတယ်လို့ မနေ့ညက ပြောသံကြားလိုက်မိသလိုပဲ။
မဖြစ်သေးပါဘူး
သွားနှိုးဦးမှပါ။ မေဦးတစ်ယောက် စိတ်က ဆိုးကနဲဆတ်ကနဲ တွေးပြီး ထချင်ပေမယ့်
လူက ချက်ချင်းမထနိုင်။ ဘေးနားက တန်းကို ကိုင်ပြီး ထမှ ထနိုင်သွားသည်။
အခန်းထဲရောက်တော့ ထင်တဲ့အတိုင်း ခေါင်းအုံးကြီး နားဖိပြီး ပြန်အိပ်နေတဲ့
လင်တော်မောင်ကို မြင်လိုက်ရတော့ ဟင်းခနဲ သက်မကို ချလိုက်မိပြန်သည်။
အကျင့်ပါနေတဲ့ လက်က ကုတင်ခေါင်းရင်း တန်းပေါ်က မရပ်မနားမြည်နေတဲ့ နှိုးစက်ကို
ပိတ်လိုက်ပြီး တစပ်တည်း ပြတင်းပေါက်ကိုပါ တွန်းဖွင့်လိုက်သည်။ မနက်
ရှစ်နာရီဆိုတော့ နေရောင်ကလည်း မနည်းတော့ဘူးမလား။ နေဖင်ထိုးအောင် အိပ်နေတဲ့
လင်တော်မောင်ကိုတော့ ထူးပြီးစိတ်မဆိုးဖြစ်တော့ပါ။ အရာအားလုံးက
မေဦးအပြစ်တွေမလား။ မေဦးအကျင့်လုပ်ထားမိတာကိုး။
ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း ဖိထားတဲ့ ခေါင်းအုံးကို ဆွဲဖယ်ပြစ်ပြီး
မနေနိုင်စွာ နှိုးမိပြန်သည်။
"ထတော့လေ ကိုးနာရီကျူတိုရီရယ်ရှိတယ်ဆို မနက်စာလည်း ပြင်ပြီးပြီနော် မောင် နောက်ကျနေမယ်နော် ထတော့ ထတော့ အခုထတော့"
နှိုးလည်းနှိုးရင်း
ကုတင်အောက်ခြေကျနေသော စောင်တွေ ခေါင်းအုံးတွေကိုလည်း မကုန်းနိုင်
ကုန်းနိုင် ကုန်းပြီး သူ့နေရာနဲ့သူ စနစ်တကျ ပြန်ကောက်တင်နေမိသည်။
အိမ်ထောင်ဦးစီးရယ်ဆိုပြီး ဘယ်နေရာမှာမှ အကူအညီမရပါသော လင်တော်မောင်ပါလား။
ခက်ပါတယ်လေ။ သူလုပ်တာ စောင့်နေရင်တော့ ဘယ်တော့မှ သန့်ရှင်းတော့မှာကို
မဟုတ်ဘူး။ ပြောပြန်ရင်လည်း ဒါမိန်းမအလုပ် ယောက်ျားလေးအလုပ်မဟုတ်ဘူးဆိုပြီး
ပြန်ပြီး ဇောဒကတက်ပြန်ဦးမယ်။ ဒီနေ့ဘာဝတ်မှာပါလိမ့်။
အရံသင့်ထုတ်ထားဦးမှပါ။
မေဦးတွေးလည်းတွေးရင်း
လက်ကလည်း တစ်ချက်မှ အနားမရနိုင် လှုပ်ရှားနေမိသည်။ ဟော အခန်းထဲလည်း
ရေစက်လက်နဲ့ ပြန်ဝင်လာပြန်ပြီ။ ဒါသေချာတယ် မေဦး ရေလဲပုဆိုးယူမပေးလိုက်လို့
ဆန္ဒပြတာဆိုတာ။ တစ်ခါတစ်လေများ ကိုယ့်ဘာသာများ လုပ်ပါဦးတော့လား။ ဒီက
မိန်းမ မပေါ့မပါးကြီးနဲ့ အကုန်ဘယ်လိုလုပ်
လုပ်ပေးနိုင်မှာလည်းဆိုပြီးပြောပြန်ရင်လည်း ငါမှ ဘယ်နေရာ ဘာရှိတာ
ဘယ်သိမှာလည်း။ မင်းပဲ အကျင့်ပါအောင် လုပ်ပေးထားပြီးတော့ဆိုပြီး ကိုယ့်ဘက်ပဲ
ပြန်ပြီး အပြစ်တင်ခံရမယ့် အဖြစ်မျိုး။ ဟူး သူထွက်သွားမှပဲ
ရေစက်တွေပြောင်အောင် ကြမ်းလိုက်တိုက်ရဦးမယ်။ နားကို မနားရပါလားနော်။
"ငါကျောင်းသွားတော့မယ် ငါ့ကို ပိုက်ဆံပေးဦးလေ"
ပန်ကန်းတွေ ဆေးနေတဲ့ မီးဖိုထဲထိ
လာတောင်းတယ်ဆိုကတည်းက ပိုက်ဆံတော်တော်ပြတ်နေပြီမှန်း သိပေမယ့် မေဦးမှာလည်း
ဒီရက်ပိုင်း ဈေးကရောင်းမကောင်းလှတာမို့ ငွေပိုငွေလျှံရယ် သိပ်မရှိတာမို့
ပိုက်ဆံတောင်းသံကြားတော့ စိတ်ညစ်သွားမိသည်။
"မနေ့က သုံးထောင်ပေးလိုက်သေးတယ်လေ မောင်
မကျန်တော့ဘူးလား။ ဗူးထဲမှာ ငါးရာရှိတယ် ကားခယူသွားလေ အများကြီးတော့
မေဦးလက်ထဲလည်း မရှိသေးဘူးမောင် ဒီရက်က လကုန်ခါနီးဆိုတော့ ဈေးကလည်း
လူပါးတယ် သိပ်မရောင်းရဘူးမို့"
အလိုမကျစွာ ရှုံ့မဲ့သွားတဲ့ မျက်နှာကို
မြင်ပေမယ့် ကိုယ့်မှာလည်း မတက်သာလွန်းလို့ရယ်သာ။ နို့မို့ မျက်နှာ
အညိုမခံပဲ အလိုလိုက်ခဲ့တာ မဟုတ်လား။ ကိုယ့်ထက် ပညာတော်ရှာသူမို့
ကျောင်းတောင် မထွက်ခိုင်းရက်ပဲ ကိုယ်ပဲ အိမ်ထောင်ဦးစီးနေရာကနေ
ကျားစီးဖားစီး စီးပွားရှာနေခဲ့တာပဲလေ။ အလိုလိုက်တာတွေများလို့
မသိတက်တော့တာလားဆိုပြီး ပြင်မယ်ဆိုတော့ ခေါက်ရိုးကျိုးနေသော အကျင့်က
ပြင်မရတော့ဘူးမဟုတ်လား။ အခုလို ဖြစ်လာတော့မှအချိန်လွန် နောင်တတွေ
မေဦးရချင်နေမိသည်။
"ဒုန်း ...........ဒုန်း.................ဒုန်း ဒါတွေကြောင့် အိမ်ပြန်မလာချင်တာ ဘယ်တော့မှ စိတ်ချမ်းသာရတယ် မရှိဘူး"
အသံမထွက်ထွက်အောင် ကြမ်းပြင်ကို
ခြေဆောင့်နင်းပြီး အလိုမကျစွာ ဆူအောင့်ထွက်သွားတဲ့ လင်တော်မောင်
ကျောပြင်ကို ငေးရင်း မေဦးကျိတ်ပြီး မျက်ရည်သုတ်မိသည်။ မောင်တစ်ယောက်
မေဦးကိုယ်ဝန် ဒီလောက် လရင့်နေတာတောင် တစ်ချက်ဂရုစိုက်ဖော်မရပဲ အခုထိ
မရင့်ကျက်နိုင်သေးတာကို တွေးတွေးပြီး မေဦးရင်ပူနေမိသည်။ ရင်သွေးလေး
မွေးပြီးရင်တော့ ကလေးမျက်နှာ ထောက်ထားပြီး မောင်တစ်ယောက်
အသိတရားမြန်မြန်ရပါစေဘုရား။
****************************************************
မေဦးနဲ့ သူနဲ့က
ဒီရပ်ကွက်မှာပဲမွေး ဒီရပ်ကွက်မှာပဲ ကြီးလာခဲ့ကြသူတွေပဲလေ။ ငယ်တုန်းကတော့
ကစားဖော်ကစားဖက် ဖြစ်ခဲ့ပေမယ့် နည်းနည်းအရွယ်ရလာတော့ စာထူးချွန်တဲ့ သူက
ကျောင်းတွေဆက်တက်သလို ရှစ်တန်းမှာ တဖုန်းဖုန်းကျခဲ့တဲ့ မေဦးကတော့
ကျောင်းထွက်ပြီး ဈေးမှာ အထည်ဆိုင်လေး ရောင်းလာတာ အခုထိပဲလေ။ သူနဲ့ မေဦး
ကြိုက်ကြတော့ မေဦးဘက်ကလည်း ကန့်ကွက်သလို သူ့ဘက်ကလည်း သဘောမတူခဲ့။
ရုပ်လေးကြည့်ပျော်ရှုပျော်လေးအားကိုးရှိတာ ပညာတက်တယ်ဆိုတာလည်း အလကားပါအေ
ညည်းမို့ လက်ကြောမတင်းတဲ့ အကောင်ကိုသွားကြိုက်တယ် သူနဲ့သာ ညည်းယူရင်
လျှာပေါ်မြက်ပေါက်သေမှာ ငါမြင်နေတယ်နော်။ ငါမြင်နေတယ်။ ဖြတ်နော်၊
အခုဖြတ်နော်၊ မေဦးလို့ အမေကကော အဖေကပါ အတင်းအကျပ် ဖြတ်ခိုင်းခဲ့သလို
သူ့ဘက်ကလည်း မေဦးတို့ထက် မလျော့ခဲ့ပါ။
အဓိက အပြစ်ကတော့
မေဦး ပညာမတက်တာကိုပေါ့။ ခိုးချစ်ရတုန်းကသာ အချစ်ဆိုတဲ့ အရသာက
ချိုမြိန်ပြီး ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့ပေမယ့် နှစ်ဖက်မိဘသိသွားတော့
သူနဲ့မေဦးအတွက် အချစ်ကနေ အလွမ်း ပြောင်းသွားခဲ့တော့ မနေတက်မထိုင်တက်
ဖြစ်ခဲ့ရပြန်သည်။ နှစ်ယောက်စလုံးအတွက် အချစ်သည်သာ ဘဝဖြစ်နေတဲ့အချိန်ဆိုတော့
ဖိပါများရင် အုံကြွတက်သူတွေရဲ့ ထုံးစံလမ်းအတိုင်း အချစ်မှိုင်းမိနေတဲ့
မေဦးတို့နှစ်ယောက် လိုက်ခဲ့မိသည်။ တစ်ပတ်လောက် သူ့သူငယ်ချင်းတွေ အိမ်မှာ
ရှောင်ရင်း အပျော်ကြီးပျော်ခဲ့ကြတယ်ဆိုတာ မေဦးအတွက်တော့
ပုံပြင်ဖြစ်သွားခဲ့ပြီ။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ ကိုယ်ဒူးကိုယ်ချွန်
ရုန်းရပြီဆိုတော့ မေဦးထင်သလောက် ဘဝက မချိုမြိန်တော့။ သူကတော့ ကျောင်းပဲ
ဆက်တက်တာမို့ မေဦးပဲ အိမ်ထောင့်တာဝန်ကို ဖိဖီစီးစီး တာဝန်ယူရပြီ။ သူကတော့
ဘဝကို ပေါ့ပေါ့ဖြတ်သန်းတက်သူဆိုတာကို မျက်ဝါးထင်ထင် မေဦးမြင်ခဲ့ပြီ။
မေဦးနောင်တရဖို့လည်း အချိန်မမှီတော့။ အမေတို့ ပြောခဲ့သလို
လျှာပေါ်မြက်မပေါက်ယုံတစ်မယ် မေဦးတစ်ယောက်တည်း ကျားကန်လာရတာ
တစ်ချက်တစ်ချက်မှာ မောပန်းလွန်းလှပြီမို့ အရာအားလုံး
သတိလက်လွတ်နေလိုက်မိချိန် စီးပွားရေးဘက်ကို အာရုံစိုက်လိုက်ချိန်မှာ
မထင်မှတ်ပဲ မေဦးတို့ ဘဝထဲကို လူသားတစ်ယောက်ထပ်ရောက်လို့ လာခဲ့သည်။
အရာအားလုံး ကံကိုပဲ ပုံချပြီး မေဦးအကောင်းဆုံး ဖြစ်အောင် ကြိုးစားနေခဲ့တာ
အခုဆို သားလေးလား သမီးလေးလား မသိတဲ့ ရင်သွေးလေးတောင်
မွေးချိန်ရောက်လာတော့မှာမဟုတ်လား။
"အမ ဒါလေးတွေ တစ်ကိုက်ဘယ်လောက်လည်း မသိဘူးနော်"
မေဦးတစ်ယောက် ဈေးခင်းရင်း
အတွေးလွန်နေလိုက်တာ ဘေးမှာ ဈေးဝယ်လာရပ်တာတောင် သတိမထားမိလိုက်။
ဖြစ်သေးပါဘူး ဈေးဦးပေါက် မလန်အောင် တက်နိုင်သမျှ ချိုသာမှ။
စိတ်နှစ်စိတ်နှစ်စမ်း မေဦး။ မေဦး ကိုယ့်ကိုကိုယ် သံပတ်ပြန်တင်းရင်း
ဈေးဝယ်သူကို အချိုသာဆုံး ပြုံးပြလိုက်မိသည်။
***************************************************************
"ကိုကို ကိုကိုလို့ ဘာတွေအတွေး လွန်နေတာလည်း ပြောပါဦး ချစ်ပြောတာတွေ ကြားရဲ့လားဟင်"
ကျောင်းထဲက
ခုံတန်းပေါ်မှာ နှစ်ယောက်အတူတူထိုင်နေရင်း ပခုံးချင်းတိုက်မေးလိုက်တဲ့
ချစ်သူလေးကို ငဲ့ကြည့်ရင်း မသိမသာ သက်မမောကို ချလိုက်မိသည်။
သိသိသာသာချလို့လည်း မရဘူးမလား။ နဂိုကမှ စကားတက်ပြီး ပါးနပ်တဲ့ ချစ်သူကို
ဘယ်လိုမှ ညာလို့ရမှာမဟုတ်။ အင်း ဘယ်လိုဖြေရပါ့ မေးကုန်ပြီ။ တောက် ဒါတွေက
ဟိုမိန်းမကြောင့် သူပဲ အိမ်ထောင်ကိုဦးစီးနေရတယ်ဆိုတိုင်း သူပဲ
ငွေရှာရတယ်ဆိုတိုင်း ငွေကို တိုင်းထွာပေးချင်နေတာတွေကြောင့်။ မနက်က
တောင်းသလောက် ငွေမရတာကို အလိုမကျစိတ်က အခုထိ ပြေမသွားသေးပဲ
ပြန်တွေးနေလိုက်မိတာ ချစ်သူလေး ဘာပြောလိုက်မှန်းကို
မသိလိုက်ဘူးဖြစ်သွားသည်။ မြန်မြန်ချော့မှပါ သူ့ချစ်သူလေးက စိတ်ကောက်ရင်
အရမ်းကြာတာမလား။ ချစ်သူလေးမျက်နှာတစ်ချက်အညိုတောင် သူ့မှာ ခံနိုင်ရှည်မရှိ။
"ကိုကိုရေ ကျောင်းပြီးရင် ချစ်တို့
ယူရအောင်လေနော် အိမ်က အမေတို့ကို ချစ်ဖွင့်ပြောလိုက်တော့မယ် ကိုကို ဘယ်နေ့
လာတောင်းမှာလည်းဟင် ဟင်လို့ "
သူ့အတွေးမဆုံးခင် ဖြတ်ပြောလိုက်သော
ချစ်သူလေးစကားက သူ့ကို အမောစို့သွားစေသည်။ ပျော်ချင်လို့
ရည်းစားထားပါတယ်ဆိုမှ။ အခုတော့ ကိုယ့်ကို ချည်မယ့် တုတ်မယ့် စကားတွေ
စလာပါပေါ့လား။ စိတ်ပျက်လိုက်တာကွာ။ မတက်နိုင်ဘူးလေ ကိုယ့်အခြေအနေက
ကိုယ်မှသိတာ လှည့်ပတ်ပြောရတော့မှာပဲ။ ဟူး မောပါ့။ ဒီနေ့
ကံကိုမကောင်းပါလားနော်။
****************************************************
"မေဦးရေ ညီမ အမခဏလာဦးမယ် အားပြီလား"
ဒီနေ့ကျမှ ဗိုက်ထဲက
နာသလိုလို ဖြစ်လာလို့ လမ်းထလျှောက်နေတုန်း ဟိုဘက်အတန်းက မချိုက
လှမ်းမေးတော့ အားတယ် အစ်မ လာလေလို့ ပြန်ဖြေလိုက်ရင်း
ဘာများမေးမလို့ပါလိမ့်လို့ တစပ်တည်း တွေးလိုက်မိသည်။ မချိုဆိုတာက
ဆိုင်နီးချင်းမို့ အတန်အသင့် မေးထူးခေါ်ပြောသာ ရှိပေမယ့်
စကားစမြည်ပြောရလောက်အောင် မရင်းနှီးဘူးမလား။ အခုမှ ထူးထူးဆန်းဆန်း
ဘာပြောမို့ပါလိမ့်လို့ အတွေးမဆုံးခင် မချိုအနားရောက်လာတော့သည်။
"မေဦး ညည်း ဘာဖြစ်နေတာတုန်း င့ါညီမ မွေးရက်နီးပြီလား။"
ပြောစရာစကားရှိလို့ ကူးလာတဲ့ မချိုခမျာ မေဦး ရှုံ့မဲ့နေတာကြည့်ပြီး ပြောရမှာ အားနာနေပုံရသည်။
ရတယ် မချို ပြောလေ
မွေးရက်က မနီးသေးပါဘူး။ ဗိုက်ထဲက နည်းနည်းသရိုးသရီဖြစ်လာလို့ပါ။ ပြောလေ
အစ်မ အားမနာနဲ့လို့ စကားခင်းလိုက်တာနဲ့ ဘယ်ကတည်းက အောင်းထားရမှန်း မသိတဲ့
စကားတွေ တရစပ်ထွက်လာလိုက်တာ မေဦးနားထဲတော့ ဗုံးတစ်လုံးကွဲတာမှ
ခံသာဦးမယ်။ အခုတော့ မေဦး မထင်ထားတဲ့ စကားတွေပါလား။ လုပ်ရက်လိုက်တာ
မောင်ရယ်။ မေဦးရင်ကွဲရပါပြီ။ မေဦးကို မငဲ့ရင်တောင် မေဦး ရင်သွေးလေးတော့
ငဲ့မှပေါ့။ အခုတော့ အခုတော့ မောင်က အိမ်ထောင်ရေးဖောက်ပြန်နေသတဲ့။ မေဦး
ဘာဆက်လုပ်ရပါ့။ ယိုင်ထွက်သွားတဲ့ မေဦးကို မချိုလှမ်းအဆွဲမှာတော့
မေဦးဗိုက်ထဲက မခံရပ်နိုင်အောင် နာကျင်လာတာမို့ ညည်းတွားလိုက်မိသည်။
"အမလေး ကျွတ်ကျွတ် နာလိုက်တာ မချိုရယ် နာလိုက်တာ ဗိုက်ထဲက အရမ်းနာလာပြီ ကျွန်မကို ကယ်ပါဦး"
********************************************************************
"အား"
ဒုတ်ခနဲမြည်ပြီး ခလုတ်တိုက်လိုက်မိမှ
ယောင်ယမ်းအော်လိုက်မိရင်း ငုံ့ကြည့်လိုက်တော့ ခြေမက သွေးစို့သွားပြီ။
တိုက်မိတဲ့ ခဲလုံးကိုပဲ အငြိုးတကြီး ကန်ထုတ်လိုက်မိတော့မှ စိတ်က
နည်းနည်းနေသာထိုင်သာ ရှိသွားမိသည်။ ငါကွာ ဒီနေ့တစ်နေ့လုံး ကံကိုမကောင်းဘူး။
ကိုယ့်အတွေးနဲ့ကိုယ် အတွေးလွန်နေတုန်း လက်မောင်းကို စုပ်ကိုင်လိုက်တဲ့
အထိအတွေ့ရမှ ဘေးကိုယောင်ယမ်း ကြည့်လိုက်မိသည်။ အိမ်နားက ဆိုက်ကားသမားပဲ။
ဘာကိစ္စရှိပါလိမ့်။
"ဟေ့ရောင် မင်းမိန်းမ
မီးဖွားဖို့ ဗိုက်နာလို့ အခုဆေးရုံမှာ မင်းကို လိုက်ရှာခိုင်းလို့
ငါလိုက်လာတာ။ တော်သေးတယ် ကားမှတ်တိုင်မှာပဲ တွေ့လို့။ နို့မို့
ကျောင်းထဲဆို ငါရှာတက်မှာမဟုတ်ဘူး။ မြန်မြန်သွား"
စကားစမပြတ်သေးတဲ့
ဆိုက်ကားဆရာစကားကိုတောင် ကုန်အောင် နားမထောင်နိုင်ပဲ ပြေးထွက်လာမိသည်။
စိတ်ထဲကလည်း မေဦး ချောချောမောမောဖြစ်ပါစေ မောင်လာပြီ မေဦးရေ
အားတင်းထားတော့။ ဆေးရုံကို ဘယ်လိုကနေ ဘယ်လို ရောက်လာမှန်း မသိလောက်အောင်
စိတ်စောနေမိသည်။ မေဦး ချောချောမောမောမှ ရှိရဲ့လား။ ငါ့ရင်သွေးလေးမှ
ကျန်းမာရဲ့လားဆိုတဲ့ စိတ်ပူပန်မှုတွေဟာ မွေးခန်းထဲက တွန်းလှည်းလေးနဲ့
ထွက်လာတဲ့ မေဦးနဲ့ ဆရာမလက်ထဲက နီတာရဲလေးကို တွေ့လိုက်ရစဉ်မှာပဲ ဟင်းကနဲ
သက်မချနိုင်ခဲ့သည်။
မေဦးရယ်
မောင့်အမှားတွေ ပြင်ဆင်ပြီးနေနိုင်ဖို့ မေဦးကျန်းကျန်းမာမာရှိနေပေးပါ
မေဦးရယ်။ မောင်မှားခဲ့ပါတယ် မေဦးရယ် နောက်နောင် မေဦးစိတ်ဆင်းရဲမယ့်
အဖြစ်မျိုးတွေ မောင်မဖန်တီးတော့ပါဘူး။ နှစ်ဆတိုးလို့ ချစ်မိုးဆွေပါ့မယ်
မေဦးရယ်။ မွေးခန်းထဲက ထွက်လာပြီး မျက်စိမဖွင့်နိုင်အောင် ပင်ပန်းပြီး
မိန်းနေရှာတဲ့ မေဦးကို ကြည့်ရင်း စိတ်ထဲက ကျိတ်ပြီး စကားတွေ
တရစပ်ဆိုနေမိသည်။ မောင့်အတွက် အခုလို ရင်သွေးလေး မွေးပေးတဲ့ မေဦးကို
မောင်ကျေးဇူးတင်ပါတယ်။ မောင်နောက်ဆို မေဦးကို သစ္စာမဲ့မယ့်အလုပ်တွေကော
ကလေးအပေါ် မတရားမယ့်အလုပ်တွေကော အားလုံး မောင်မလုပ်တော့ပါဘူး မေဦးရယ်။
မေဦး မကြားပေမယ့် စိတ်ထဲကနေ ဂတိတွေ အထပ်ထပ်ပေးနေမိရင်း မေဦးဘေးက
အနှီးထုပ်ထဲက ကလေးလေးကို ငုံ့မွှေးလိုက်မိတော့ ဆရာမက ဟေ့ဟေ့ ကလေးက
နုနုလေးရှိသေးတယ်ဆိုတာတောင် မကြားနိုင်အောင် ကလေးအပေါ်ကော မေဦးအပေါ်ကိုပါ
အကြင်နာတွေ ယိုစီးလာမိသည်။ ဖခင်တစ်ယောက်ရဲ့ သွေးတွေ ပွက်ပွက်ဆူလာမိအောင်
ကလေးလေးကို သူချစ်မိသွားသည်။ တော်ပါသေးရဲ့ သူဖောက်ပြန်တဲ့ ကိစ္စတွေကို
မေဦးမသိခင် နောင်တရဖို့ အချိန်မီသေးလို့ပါလား။
********************************************************
မေဦးမျက်လုံးဖွင့်ဖွင့်ချင်း
ကလေးလေးကို ငုံ့ကြည့်နေတဲ့မောင့်ကို မြင်လိုက်ရစဉ်မှာပဲ မေဦးရင်ထဲ
မီးမဖွားခင် ခံစားနေရတဲ့ အပူတွေကော စိုးရိမ်စိတ်တွေအတွက်ပါ စိတ်အေးလက်အေး
ဟင်းချလိုက်မိသည်။ သူ့မျက်နှာကို မြင်လိုက်ရမှ မေဦး သူ့ကို
သိပ်လိုအပ်ပါလားဆိုတာ ပိုသိလာတယ်။ မေဦးရင်ထဲ လိပ်ခဲတည်းလည်းဖြစ်နေတဲ့
အရာအားလုံးကို မေဦး ခဝါချလိုက်ပါပြီကွယ်။ ခဏတစ်ဖြုတ် မောင်သာယာသွားမိတာ
နေမှာပါဆိုပြီးလည်း မေဦး ဖြေတွေး တွေးလိုက်ပါပြီမောင်။ မောင့်အပြစ်တွေကို
မေဦး တစ်သက်လုံးစာ မေ့လိုက်ပါတော့မယ်ကွယ်။ ဗွေလည်းမယူချင် ယူလည်း
မယူရက်ပါဘူးမောင်။ ဘာလို့လည်းဆိုတော့ မောင်ဟာ မေဦးဘဝရဲ့ ထာဝရ
အိမ်ထောင်ဦးစီးဖြစ်သလို မေဦးရင်သွေးလေးရဲ့ ဖခင်တစ်ယောက်ပဲ မဟုတ်လား။
ကလေးမျက်နှာကြောင့် မောင်တစ်ယောက် အသိတရားရပြီး မေဦးအနား
ပြန်ရောက်ခဲ့တာပဲဖြစ်ဖြစ် မေဦးပျော်တယ်မောင်။ မေဦး သိပ်ကိုပျော်တယ်။
အခုလို မေဦး မျက်လုံးဖွင့်ဖွင့်ချင်း မောင့်ကို မြင်ခွင့်ရတာ
မေဦးအတိုင်းမသိ ဝမ်းသာမိတယ် မောင်ရယ်။ ကလေးလေးကို တစိမ့်စိမ့်ကြည့်နေတဲ့
မောင့်ကိုကြည့်ရင်း မေဦး အပျော်မျက်ရည်တွေ ထိန်းမရစွာ ကျလာမိသည်။
မောင့်ကို မေဦးရင်ထဲကနေ သိပ်ပြောချင်တဲ့ စကားရှိတယ် မောင်။ မေဦးကို
ပြောခွင့်ပြုပါမောင်။ အဲဒီစကားကတော့....................................
"အခုလို မေးဦးဘေးမှာ ရှိနေပေးတဲ့ မောင့်ကို ကျေးဇူးတင်ပါတယ် မောင်"
ခေးဟေသာ
0 comments:
Post a Comment