Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး


မင်းသားလေးနှင့်ကျွန်မ
 
မင်းသားလေးစာအုပ်ကို မဖတ်မနေရ အနေအထားမျိုးနှင့် ကျွန်မ စတင်ထိတွေ့ရပါသည်။ ကျွန်မတို့လုပ်ငန်းခွင်သည် လူမှုအဖွဲ့အ စည်းဖြစ်သည့် အလျောက်စိတ်ကို ပြုပြင်လေ့ကျင့်ပေးသည့် အစီအစဉ်များ၊ သင်တန်းများ မကြာခဏကြုံတွေ့ရသည်။ တစ်လတစ်ကြိမ် ပြု လုပ်မြဲဖြစ်သည့် တစ်ခုသောတွေ့ဆုံဆွေးနွေးပွဲတွင် “မင်းသားလေး” ဟူသောခေါင်းစဉ်တစ်ရပ်ကို ဆရာက သယ်ဆောင်လာခဲ့သည်။ ခပ်ပါးပါး စာအုပ်လေး, ဆယ်အုပ်ခန့်ကို စုဝိုင်းထိုင်နေရာသို့ ဆရာက အသာအယာချလိုက်စဉ် ကျွန်မတို့အားလုံး စူးစမ်းကြည့်ကြသည်။

“အဲဒီ့စာအုပ်ကလေးတွေ တစ်ယောက်တစ်အုပ်ယူသွားပြီး နောက်ဆုံးနေ့မှာ ပြန်ဆွေးနွေးရအောင်”
မလုပ်မနေရ ခေါင်းစဉ်နှင့် အလုပ်သဘောဆန်ဆန်ထိတွေ့ရသောအခါ ကျွန်မတို့အားလုံးစိတ်မပါလှကြပါ။ ကလေးတစ်ယောက် ဂြိုဟ်တစ်ခု၏ အစွန်းတွင်ရပ်လျှက် ကြယ်တာရာတို့ကိုငေးကြည့်နေဟန် ကာတွန်းဆန်သော မျက်နှာဖုံးနှင့် စာအုပ်အပါးလေးကို ကြည့်ရင်း တွေ့ဆုံဆွေးနွေးပွဲနှင့် ဘာဆိုင်သနည်းဟု စိတ်တွင်းမှ စောဒကတက်မိသည်။ ကိုယ့်အလှည့်ရောက်လာ၍ ယူလိုက်ရသည့်တိုင် လုပ်ငန်း ဆိုင်ရာ စာရွက်စာတမ်းများစွာအောက်တွင် ထိုစာအုပ်ငယ်မှာ နစ်မြုပ်မေ့လျော့သွားရသည်။ သတ်မှတ်ရက်ရောက်သော် မဖတ်ရသေးသူ များစွာနှင့် ထိုစာအုပ်ငယ်ပြန်ပါမလာသူ လူကုန်ဖြစ်နေသောအခါ ဆရာ့မျက်နှာမကောင်းပါ။ ခပ်တည်းတည်းကျန်နေသေးသော မျှော်လင့် ချက်ဖြင့် “စာအုပ်ကလေးဖတ်ဖြစ်ကြတယ်မလား” ဟုမေးသောအခါ အားတုံ့အားနာဖြင့် ကျွန်မတို့ခေါင်းယမ်းကြရသည်။

ပိုပျက်သွားသောမျက်နှာဖြင့် ဆရာတစ်ခဏငြိမ်သက်သွားစဉ် ၀န်ထုပ်တစ်ခုပေါ့ပြီဟု မပျော်သင့်စွာ ပျော်မိခဲ့သေးသည်။ သို့ပေမယ့် ထိုဆရာဖြစ်သူမှာ အလွယ်တကူလက်လျော့သူ မဟုတ်လင့်ကစား၊ ရုံးစာအုပ်စင်အဖြစ် ထားရှိသော ကျန်ရှိသည့် မင်းသားလေးစာအုပ် တစ် အုပ်ကို ယူစေ၍ စာမျက်နှာအလိုက် ဆယ်စုခွဲကာ မိတ္တူဆွဲစေသည်။ ကိုယ့်လက်ထဲ ရောက်ရှိလာသည့် အခန်းအပိုင်းအစမိတ္တူစာရွက် က လေးကို အားလပ်ချိန်ပေး၍ ဖတ်စေကာ အလုပ်တာဝန်များအပြီး ညပိုင်းအချိန်တစ်ခုယူ၍ ဆွေးနွေးရမည် ယတိပြတ်ဆိုသောအခါ ကျွန်မ တို့ တွေ ရယ်ချင်စိတ်များနှင့် လက်ခံရတော့သည်။

ပြန်လည်တင်ပြဆွေးနွေးရမည်ဆိုသောအခါ ဂရုတစိုက်နှင့် ဖတ်ကြရပါသည်။ ထိုအခါ စိတ်ကူးယဉ်ပုံစံဖြင့် ရိုးစင်းသောဇာတ်လမ်း ကလေး ဖြစ်သော်လည်း ကျင်လည်လှုပ်ရှားရာ လူသားကမ္ဘာအတွင်းမှ ဖြစ်လေ့ဖြစ်ထ၊ ရှိနေကြသော အတ္တ၊ မာန်မာန၊ ဖုံးကွယ်ဟန်ဆောင်မှု စရိုက်၊ သဘောသဘာဝတို့ကို ဖော်ပြထားသည်ကို တဖြေးဖြေးမြင်တွေ့လာရသည်။ ကလေးငယ်၏ ရိုးသားသော စကား၊ အပြုအမူများမှ နက် နဲသိမ်မွေ့သော အတွေးအခေါ်များကို သိရှိခံစားမိလာသည်။ ကိုယ် ရရှိသော မိတ္တူစာရွက်ကလေးသာမက တစ်ပါးသူများ၏ မိတ္တူစာရွက် များ ကိုပါ ထိုနေ့အဖို့ လိုက်လံငှားရမ်းဖတ်ရှုမိတော့သည်။

ထိုဆွေးနွေးပွဲနောက်ပိုင်း ဆရာဖြစ်သူနှင့် ကျွန်မ မကြာခဏစကားပြောဖြစ်သည်။ အထူးသဖြင့် ကျွန်မ စိတ်တွင်းမှ လိပ်ခဲတည်း လည်းအဖုအထစ်များ၊ညှိုးရော်မှေးမှိန်နေသော ဘ၀အနာဂတ်များ၊ နှစ်ခြိုက်လက်ခံနိုင်ခြင်းမရှိသော အချို့သော သိမြင်မှုများ…ထိုအရာတွေ သည် စကားလုံးများအလယ်မှာ တဖြေးဖြေးပြေလျော့ညင်သာလာသည်ကို သိရှိခံစားခဲ့ရသည်။ ဘ၀တွင် ပတ်သတ်ခဲ့ဖူးသည့် လူတစ် ယောက်ကြောင့် ဇင်ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့်အချို့သောဘ၀င်မကျမှုဒဿနများသည် ယောဂနေ့စဉ်ကျင့်ကာ စာပေကျွမ်းကျင်နှံ့စပ်မှု ရှိလှသည့် ဆရာနှင့် စကားပြောပြီးသည်တွင် အဆင်ပြေချောမွေ့သွားရသည်။ အကြောင်းအရာတစ်ခုတည်းအပေါ်မှာပင် Three Dimension ဟူသော သဘောတရားကို ကျွန်မ သိမြင်လာသည်။ ဘာသာရပ်တစ်ခုသို့ Positive အမြင်နှင့် Negative အမြင်ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ကွာခြားသည်နှင့် အမျှ ခံစားသိမြင်နားလည်နိုင်မှုတွေ ကွဲပြားသွားနိုင်ကြောင်း ကျွန်မမြင်တွေ့နိုင်ခဲ့သည်။

မင်းသားလေးမှ အစပြုခဲ့ရသော သိမြင်မှုနှလုံးသားအတွက် မင်းသားလေးကို ပိုလို့ချစ်ခင်လာခဲ့သည်။ မင်းသားလေးကို နှစ်ကာလ အနည်းငယ်ကြာ ကိုယ်ပိုင်အဖြစ်သာ သိမ်းဆည်းထားမိလျှက် ဒါကိုဖန်တီးခံစား အသက်သွင်းရန် ကျွန်မ စိတ်ကူးမပေါ်ခဲ့ပါ။ သို့သော် မင်းသား လေးစာအုပ်နှယ် ကျွန်မ နှလုံးသားကို နွေးထွေးစေကာ၊ ငြိမ်းချမ်းသော စိတ်ခံစားမှုကို ရရှိစေသည့်သူများနှင့် ကြုံတွေ့မိသောအခါ ကျွန်မ၏ ခံစားသိရှိမှုတွေကို အသက်သွင်းဖန်တီးလိုစိတ် ပေါ်ပေါက်လာသည်။ ကျွန်မ၏ ဆရာများကို ချစ်ခင်စွာ ဂါရ၀ပြုခြင်းလည်း မည်ပါသည်။ ကျွန်မ ရရှိခဲ့သော အလင်းရောင်၊ ကြည်လင်သော အတွေးပုံရိပ်၊ လောကသဘာဝကို ပကတိရိုးရှင်းစွာ မြင်တွေ့မှုများအတွက် သံသရာ ၀ဲဂယက်အတွင်းမှ ဆေးတစ်စက်ဘ၀တစ်ခုဝယ် ကျွန်မ တတ်စွမ်းသော အနုပညာကလေးဖြင့် ရိုသေစွာကျေးဇူးဆပ်ခြင်းလည်း မည်ပါသည်။

ကျွန်မ ပြင်သစ်ဘာသာကို တတ်ကျွမ်းသူတစ်ယောက်မဟုတ်ခဲ့ပါ။ သို့အတွက် ‘မင်းသားလေး’ ကို ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန် ဆိုသော စာတစ်ပုဒ်မဖြစ်ခဲ့ပါ။ ဒေါက်တာခင်လေးမြင့် ပြန်ဆိုထားသော ‘မင်းသားလေး’ ကိုပင် ကျွန်မ အမြင်ဖြင့် ခံစားရှုမြင်ခြင်းသာဖြစ်သည်။ မင်းသားလေးသည် လူသားတို့၏ အတ္တမာနတရား၊ လောကသဘာဝကို ကလေးငယ်တစ်ယောက်၏ ရှုထောင့်ဖြင့် အရှိအတိုင်းရှုမြင်သည်။ ကျွန်မ က စကြ၀ဠာအတွင်းမှ ရိုးသားလွန်းစွာသော မင်းသားလေးကို ကျွန်မအမြင်၊ ကျွန်မ ခံစားမှုဖြင့် ခံစားသက်ဝင်ခြင်းပင်ဖြစ်သည်။ မည်မျှ အံ့ချီးဖွယ်ရာဟူ၍ မင်းသားလေးအား ရီဗျူးရေးသားထားခြင်းလည်း မဟုတ်ပါ။ မင်းသားလေးသည် စိတ်ကူးယဉ်ဇာတ်လမ်း၊ တင်စားဖော်ညွှန်း ထားသော ဇာတ်ကောင်လေးများဖြင့် ဖွဲ့စည်းအပ်သော ရိုးစင်းသော ဇာတ်လမ်းကလေးသာဖြစ်ပါသည်။

မင်းသားလေး အနီးသို့ ကျွန်မ ချဉ်းကပ်ခြင်းသည် စာတစ်ပုဒ်အနီးသို့ ချဉ်းကပ်ခြင်းနှင့် မတူပါ။ သူ၏ အမှန်တရားနှင့် သစ္စာအလှကို ကျွန်မ နားလည်သိမြင်နိုင်သော နှလုံးသားဖြင့်သာ အရင်းအတိုင်းချဉ်းကပ်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် နေ၀င်ချိန်ကို ငေးကြည့်သည်ဆိုပါစို့။ ကျွန်မက နေ၀င်ချိန်နှင့် နေ၀င်ချိန်ကို ငေးနေသော မင်းသားလေးကိုပါ သိမ်းကြုံးငေးကြည့်ခြင်းဖြစ်သည်။ ကျွန်မ အမြင်၊ ကျွန်မ ခံစားမှု ရှုထောင့်မှ ရိုးရိုးလေး မြင်တွေ့ခြင်းသာ ဖြစ်ပါသည်။
******************
(၂)

မင်းသားလေးနှင့် ချစ်ခြင်းမေတ္တာ
‘လူတို့သည် အရာတစ်ခုကို ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိခြင်း၊ သူ မတူခြင်း အကြောင်းတစ်ခုတည်းကြောင့် ချစ်ခင်စွဲလန်းခြင်းမဟုတ်။ မိမိစွဲလန်းခြင်းကြောင့် ယင်းအရာသည် သူမတူရခြင်းဖြစ်ပေသည်။’
M.DIDIER MAULE                                                                                                                                                                                               Cultural Attache                                                                                                                                                                                                Embassy of France

‘ ဒါ ပန်းပွင့်ကလေးတစ်ပွင့်ပါ’
‘ဟုတ်တယ်…ဒါပေမယ့် ကျွန်တော့်ရဲ့ပန်းပွင့်ကလေး ဖြစ်တယ်’
မင်းသားလေး၏ တစ်ခုတည်းသော ပန်းကလေးအကြောင်း တစ်မနက်ခင်းမှာ ကျွန်မ မြင်တွေ့ခွင့်ရခဲ့သည်။ သူ သည် စိတ်လှုပ်ရှား တုန်ယင်နေသော အသွင်ဖြင့် မက်လင်ပင်မျိုးစေ့မှ လာဟန်တူသော ပန်းကလေးကို ချစ်ခင်ယုယစွာ ရေလောင်း ပေါင်းသင်နေသည်။ ကျွန်မ အမြင်တွင် မည်သို့မှ မထူးခြားသော သာမာန်ပန်းပွင့်ကလေးမျှသာပင်။ ချစ်ခင်ယုယမှုကြောင့် နိုးထရှင်သန်လာသော ပန်းကလေးမှာ ဟန်ပန် မူယာကြွယ်ကြွယ်ဖြင့် လောကကို နှုတ်ခွန်းဆက်ကာ အပေါ်ယံအလွှာဝတ်ရုံကို ဖုံးအုပ်လို့နေသည်။ မင်းသားလေး၏ ဖြူစင်မှုသည် သနား စဖွယ်…။ ရိုးသားစွာချစ်ခင်ခြင်းကို မထိုက်တန်သည့် မာယာလွှမ်း သဘာဝပေလား။ ဘေးလူက ကရုဏာသက်နေပေမယ့် မင်းသားလေး ကတော့ မမောမပန်းခစ်စိတ်တွေ တလက်လက်ဖြင့် ချစ်ခင်ယုယနေသေးသည်။ ရှေ့စကား၊ နောက်စကား အမြီးအမောက် မတည့်လှသော ပန်းကလေး၏ စကားများအောက်ဝယ် မင်းသားလေးခမျာ လူးလာခေါက်တုံ့။

ကိုယ်ထင်လျှင် ခုတင်တောင်ရွှေနန်းပေ မဟုတ်လား။ စိတ်၏အလိုဆန္ဒစွဲလန်းခြင်းက အင်အားကြီးမားသည့်အခါ အပြစ် ဟူသမျှ မြူမှုန်တောင် မမြင်နိုင်သည်မှာ သဘာဝကျပါသည်။ ထိုပန်းပွင့်မျိုး ကမ္ဘာပေါ်တွင် မြောက်မြားစွာ ရှိကောင်းရှိနေပါမည်။ သို့သော် မင်းသားလေးအတွက်တော့ တစ်ပွင့်တည်းသော ချစ်ခင်ယုယဖွယ် ပန်းကလေးဖြစ်သည်။ သူမတူအောင် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင် ကလေးလည်း ဖြစ်သည်။

သို့ပေမယ့် စွဲလန်းခြင်းဟူသည် ဒီရေအတက်အကျရှိစမြဲဖြစ်ရာ ‘သူ့ စကားတွေကို နားမထောင်ခဲ့ရင် အကောင်းသား’ ဟု မင်းသား လေး ညည်းညူစပြုလာသည်။

‘လူတွေဟာ ပန်းတွေရဲ့ စကားကို ဘယ်တော့မှ နားထောင်ဖို့ မသင့်ဘူး။ လူတွေဟာ သူတို့ရဲ့အလှတွေကိုသာ ငေးမောကြည့်ရှုပြီး သူတို့ရဲ့ရနံ့ကိုသာ ရှုရှိုက်နေဖို့ကောင်းတယ်’
အလိုဆန္ဒများတွင် သံသယဖြစ်တည်လာသော မင်းသားလေး၏ ခံစားချက်များပင်။ မွှေးရနံ့နှင့် ပွင့်ဖတ်လွှာနုနုလေးများကို နှစ်သက် မြတ်နိုးမိနေမှတော့ သူ့စကားကိုလည်း နားထောင်ရမည်သာ။ မယုံကြည်ခြင်း သံသယတွေနှင့် မင်းသားလေးကို သနားကြင်နာစွာ နှစ်သိမ့်ရန် သူ့ကို ပွေငင်သည်။ သို့သော် သူ သည် ပကတိတည်ရှိမနေ။ သံယောဇဉ်၊ အချစ်၊ မေတ္တာ၏ ပြယုဂ်များအောက်ဝယ် မင်းသားလေးနှင့် ပန်းက လေးသည် အခိုးအငွေ့များလို ဝေ့ဝေ့၀ဲဝဲ။

‘ကျွန်တော် အကြောင်းအရာတွေကို ဘယ်လို နားလည်ရမယ်ဆိုတာကို မသိဘူး၊ ကျွန်တော် သူ ပြောတာတွေကို နားထောင်ပြီး ဝေဖန်သုံးသပ်ခြင်း မပြုလုပ်ဘဲ အမူအယာ၊ အပြုအမူတွေဖြင့်သာ အကဲခတ်ဖို့ကောင်းပါတယ်’
တိုင်းတာရန်ခက်သည့် သံယောဇဉ်၊ ကောက်ချက်ချရန်ခက်သည့် ချစ်ခြင်းမေတ္တာတွေတွင် နားတစ်စုံထက်မက လိုအပ်လှသည်။ လူသား၏ ကူးလူးဆက်ဆံမှုများ၌သွင်ပြင်၊ ဟန်ပန်နှင့် အပြောအဆို မည်သည့်အရာက ယုံကြည်မှုကို ဦးဆောင်နေသနည်း။ ချိုသာစွာ ပြော ဆိုမှုတိုင်း ယုံကြည်ရန်မသင့်သလို၊ ခက်ထန်မပြေပြစ်မှုတိုင်းကိုလည်း လျစ်လျူရှု ရှောင်ဖယ်ရန် သင့်ပါမည်လား။ အမြင်တစ်မျိုးတည်းဖြင့် ကောက်ချက်ချမစောသင့်လှပါပေ။ ကျွန်မတို့မှာ ကြားနာနိုင်သော နားတစ်စုံရှိသည်ဟူလျှင် မြင်နိုင်သော မျက်ဝန်းတစ်စုံရှိသလို၊ ခံစားသိမြင် နိုင်သော နှလုံးသားလည်း ရှိကြပါသည်။ မိမလက်ခံသိမြင်သော အမြင်၌ ကြည်လင်သော နှလုံးသားထပ်တူပါလာဖို့သာ အရေးကြီးလှသည်။
*************
(၃)
ပေါက်ကွဲတတ်သော မီးတောင်များ

မူယာ၊ မာယာကြွယ်လှသော ပန်းကလေးကို စွန့်ခွာသွားရန် မင်းသားလေး အားထုတ်ပြန်သတဲ့။ ဒါကို လွတ်မြောက်ခြင်းဟု ခေါင်းစဉ် တပ်ရလေမည်လား။ နွံ ဟု သတ်မှတ်လျှင်တော့ တပ်၍ရသည်ပင်။ လူတိုင်း, လူတိုင်းဟာ ကိုယ့်နွံထဲမှ ကိုယ် လွတ်မြောက်အောင် ရုန်းနိုင်ဖို့ အစွမ်းသတ္တိရှိကြသည်ချည်း ဖြစ်သည်။ ပြင်းပြသော စိတ်ဓာတ်နှင့် သေချာခိုင်မာသော ဆုံးဖြတ်ချက်တော့ လိုမည်။

ထွက်ခွာမည် ဟန်ပြင်တော့ သူ့ ဂြိုဟ်ကလေးကို ရှင်းလင်းဖို့ရာ လိုလာသည်။ အထူးသဖြင့် လှုပ်ရှားပေါက်ကွဲလျှက်ရှိသော မီးတောင် နှစ်ခု။ သူ သည် ထိုမီးတောင်နှစ်ခုကို သေချာစွာ သုတ်သင်ရှင်းလင်းခဲ့သည်။ မီးတောင်တို့ကို ရှင်းလင်းဖို့ဆိုတာ လွယ်ကူသည့် ကိစ္စမှမဟုတ် ပေပဲ။ မီးတောင်၏ အလျှံငြီးငြီး အပူရှိန်ကို သူနာကျင်စွာခံစားခဲ့ရပေမည်။ သို့ပေမယ့် ထိုကဲ့သို့ သုတ်သင်ရှင်းလင်းမှုက မီးတောင်၏ လောင် ကျွမ်းမှုကို ဖြေးညင်းညင်သာမှုသို့ သက်ရောက်အကျိုးရှိစေသည်။ ပေါက်ကွဲမှု ဖြစ်စေတော့မည် မဟုတ်ပေ။

‘ဘယ်  သူ  မှ  မ  သိ နိုင်  ဘူး’

ထိုသို့ ရေရွတ်ရင်း သေနေသော မီးတောင်တစ်ခုကိုပါ ရှင်းလင်းပစ်လိုက်သည်။ ယခုတော့ မင်းသားလေးသည် မီးတောင်သုံးခုလုံး သေသပ်ကျနစွာ သုတ်သင်ရှင်းလင်းပြီးသွားပြီ။

သူ့ကဲ့သို့ မီးတောင်တို့ကို စနစ်တကျရှင်းလင်းထားနိုင်ခြင်း မရှိ၍ ကျွန်မတို့ ဘ၀တွေမှာ မကြာခဏပေါက်ကွဲခြင်းကို ကြုံတွေ့ကြရ သည်။ ပြင်းအားအနည်းအများအလိုက် ဘ၀အထွေထွေကို ပူပြင်းလောင်မြိုက်စေသည်။ သေနေသော မီးတောင်သည်လည်း မသိလိုက်,မသိ ဘာသာဖြင့် ပေါက်ကွဲသွားစေတတ်ကြောင်း မေ့လျော့နေတတ်ကြသည်။ ဘ၀၀ဲဂယက်တွင် လူသားသည် သေးငယ်မှုန်ဝါးလှသော အပိုင်း အစလေးများသာ ဖြစ်သည်။ ဆထက်ထမ်းပိုး ကြီးမာလာသော မီးတောင်ကြီးတွေကို ဘယ်လိုအင်အားနှင့် ကျွန်မတို့တွေ နှိမ်နင်းရှင်းလင်း နိုင်မှာပါလိမ့်..။ စနစ်တကျ သေချာစွာရှင်းလင်းထားမှသာ တငွေ့ငွေ့လောင်သော အပူဒဏ်ဖြင့်သာ ပေါက်ကွဲခြင်းကို လျော့ပါးစေပါလိမ့်မည်။

ပန်းကလေးကို နောက်ဆုံးအကြိမ် ယုယခြင်း….မင်းသားလေးမျက်နှာဝယ် ကြေကွဲရိပ်တို့ မဖုံးနိုင်စွာ ဆွေးဆွေးမြည့်မြည့် ထင်ဟပ် လာသည်။ သူ ချစ်ခင်နှစ်သက်သည့် ပန်းကလေးပေပဲ။ သူ့ ဘ၀အတွက် တစ်ပွင့်တည်းသော ပန်းပွင့်ကလေးပေပဲ။

နောက်ဆုံးအကြိမ်မှာ မာယာတွေကြွယ်မနေတော့သည့် ပန်းကလေး၏ အပြုအမူအတွ့က် မင်းသားလေးခမျာ အံ့အားတသင့်။ ချစ်ခြင်း မေတ္တာဟူသည့် အမည်နာမမှာ တချို့မာယာတွေ ဖုံးကွယ်နေတတ်ကြောင်း မင်းသားလေးမှ မသိခဲ့သေးတာပဲ။ မာယာအလွှာ ကွာကျသွား တော့ ပန်းကလေး၏ ပကတိအလှက ရိုးရှင်းကြည်လင်စွာ။ ပကာသနတွေလည်း မလိုအပ်တော့ဘူး ပြောရဲ့။ ဒါကို စောစောက သိခွင့်ရလျှင် မင်းသားလေး ခမျာမ၀မ်းမြောက်ရပေဘူးလား။ အချိန်ကတော့ လွန်ခဲ့ပြီ..။

‘ဟုတ်တယ်၊ ရှင့်ကို ကျွန်မ ချစ်တယ်’

‘ရှင် ဒါကို တစ်ချိန်လုံး မသိတာ ကျွန်မ အပြစ်ပါပဲ၊ ဒါလည်း လုံးဝအရေးမကြီးပါဘူး။ ဒါပေမယ့် ရှင်ဟာ ကျွန်မ လိုပဲ မိုက်တာပဲ၊ ပျော်ပျော်ရွှင်ရွှင်သာနေပါ။ ဒီပေါင်းချောင်လေးလည်း ဒီလိုပဲ ရှိပါစေတော့၊ ကျွန်မ မလိုချင်တော့ဘူး’

ပန်းကလေးက သူ့ ငိုကြွေးမှုကို မမြင်တွေ့စေလိုသည့်အလား ‘ရှင် ထွက်သွားပါတော့’။ သံယောဇဉ်ကို လှစ်ဟပြပြီးသည့်နောက် အရှက်သည်းစွာ မာနနှင့် ဖုံးကွယ်ချင်နေသေးသည်။ အချိန်လွန်မှ ငိုကြွေးခြင်းသည် မြင်တွေ့ရလျှင်လည်း နာကျင်ခြင်းမှအပ ဘာမှ ဖြစ်တည် မလာ၍ ဒါ ဖြစ်တော့ ဖြစ်သင့်သည်ပင်။

မည်သို့ဆိုစေ ပြုလုပ်သင့်သည်များ ဆောင်ရွက်ပြီးစီးခဲ့၍ ထွက်ခွာရန်ခရီးက မင်းသားလေးရှေ့တွင် ဆီးကြိုစောင့်ငင်သည်။ နှုတ်ဆက် ထွက်ခွာရမည်ကို ဘယ်သူ မနာကျင်ရှိပါ့မလဲ။ မင်းသားလေး ခြေလှမ်းတို့ တုံ့ဆိုင်းဆိုင်း…။

သို့သော် ခရီးကတော့ အစ, ပြုခဲ့ပြီ။
*******
အပိုင်း () ဆက်ရန်
ရွှေအိမ်စည်

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More