Sample Text
ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။
Pages
လွန်လေပြီးခဲ့သော
မိုးများစွာရွာသွန်းခဲ့တဲ့ ညတစ်ည... “သမီးကြီး အိမ်နောက်ဖေးက မိုးယိုနေတယ် ဇလုံ နဲ့ ထခံပေးပါအုံး .... အမေ ညီမလေးကိုသိပ်နေလို့ နော် သမီးထထ..” ဆိုသော အမေ အသံ။ ထိုအချိန်က ကျွန်မ အသက် (၇) နှစ်လောက်သာ ရှိအုံးမှာပါ။  အအိပ်အစားမက်တဲ့အရွယ်လေးမို့ ..မထချင်ပေမယ့် မနက်နိုးလို့ အိမ်ရေစိုကုန်ရင်လည်း ကျွန်မပဲ ကြမ်း တိုက်ရမယ်ဆိုတော့...။
ရေထခံရင်း စိတ်က မိုးကို မုန်းမိနေတယ်.။ ဘာကြောင့် အဲ့လောက်ရွာနေရတာလဲ။ မုန်းစရာကြီးဆိုသောအတွေးဝင် လာရင်း စိတ်ကူးပေါက်မိသေးတယ်။ မနက်လင်းရင် အိမ်ခေါင်းမိုးပေါ် တက်ဖာလိုက်မယ်။ ဒါဆို ငါ ညဘက် မထရ တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ခဲ့ပါ။ ကြာလာတော့ ကျွန်မ ဆင်းရဲတာကို အဖြေရလာခဲ့တယ်။ ကျွန်မ တို့  မိသားစု အခြေအနေက အဖေက ၀န်ထမ်း၊ အမေက အိမ်မှုကိစ္စပဲလုပ်တော့ အဖေလစာနဲ့ ကျွန်မတို့ မိသားစု
မလောက်လှဘူး။  ကျွန်မ ၀န်ကိုထမ်းနေရတဲ့ ၀န်ထမ်း ဘ၀ကို မုန်းတယ်။  အိမ်မိုးမလုံဘ၀နဲ့ နေရတာ ကိုလည်း မုန်းတယ်။ ကျောင်းမှာ မျက်နာငယ်စွာ ဆရာမကို ကြည့်ကြည့်နေရတဲ့ ဘ၀ကိုလည်း မုန်းတယ်။ ဗလာစာအုပ် ကုန်တာတောင် အဖေ လစာ မထုတ်သေးလို့ စောင့်နေရတဲ့ ဘ၀ကိုလည်း မုန်းတယ်။ ပုံမှန်မုန့်ဖိုးမရလို့  သူများ စားတာကိုပဲ ငေးနေရတဲ့ အချိန်တွေကိုလည်း မုန်းတယ်။
ကျွန်မ သူငယ်ချင်းရဲ့ အဖေတွေ စီးပွားရေး လုပ်ကြတယ်။ သူ့ တို့ သားသမီးတွေကို မျက်နာပန်း လှအောင်ထားနိုင် ခဲ့တယ်။ ကျွန်မ အဖေ ဘာကြောင့် စီးပွားရေးမလုပ်တာလဲ ဆိုတာကို အပြစ်မြင်လာခဲ့တယ်။ တစ်နေ့ ...အမေ  အဖေက ဘာလို့  စီးပွားရေး မလုပ်တာလဲ။ အဖေသာ စီးပွားရေး လုပ်ရင် သမီးတို့ အခုလို ဆင်းရဲမှာ မဟုတ်ဘူးဆိုတဲ့ စကားကို ပြောတော့ အမေ အံ့သြတဲ့ အကြည့်နဲ့ “အဲ့လို မပြောရဘူး….သမီး ..လူဆိုတာ လုပ်ချင်တိုင်း လုပ်လို့ မရ သလို ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရဘူး”။ အမေစကားကို ကျွန်မ မနှစ်မြို့ခဲ့ပေမဲ့ ကလေးဆိုတော့ ဘာမှ မပြောနိုင်ခဲ့ဘူး..။
ဒါနဲ့ အဖေ့ကို ကျွန်မ ထပ်မေးခဲ့တယ်.." အဖေ ဘာလို့ ဝန်ထမ်း အလုပ်လုပ်တာလဲ၊ အခြား အလုပ်လုပ်ပါလား၊ ၀န်ထမ်းတွေက ဆင်းရဲတာများတယ်၊ သမီး မဆင်းရဲချင်ဘူး "။  အဖေ ကျွန်မကို ပွေ့  လိုက်ပြီး "သမီး …အဖေက ၀န်ထမ်းအလုပ်ပဲ လုပ်တတ်တယ်။ အခြား အလုပ် မလုပ်တတ်သလို ရင်းနှီးစရာလည်းမရှိဘူး”တဲ့... ကျွန်မ ထိုစကား ကိုလည်း မုန်းတယ်။
အဲဒီ့ နေ့ကစ ပြီး ကျွန်မ ပိုက်ဆံကို ဘယ်လို ရှာရမလည်းဆိုတာပဲ ခေါင်းထဲရောက်နေခဲ့တယ်။ တွေ့ တာ အကုန်လုပ် တတ်တယ်။ သူများဈေးဝယ်ခိုင်းလည်း ကျွန်မ ၀ယ်တယ်။ အသီး အရွက်တွေခူးရောင်းတယ်။
သရက်သီးတွေဆိုလည်း မြို့ တက်ရောင်းတတ်လာတယ်။ ခြံထဲက မာလကာသီးကိုလည်း ကျောင်းယူသွား ရောင်း တတ်လာတယ်။ ရွာထဲက နှင်းဆီခြံထဲက ပန်းကိုလည်း ဈေးသက်သာအောင်ယူပြီး ကျောင်းတက်ရင် ကျွန်မ ရောင်း တယ်။ မိဘတွေက အစက သဘောမကျပေမဲ့ “သူမုန့်ဖိုးသူရှာနေတာပဲ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ ခွင့်ပြု ထားလိုက်ပါ၊ ရှင်လည်း ပေးနိုင်တာမှမဟုတ်တာ”..ဆိုသော အမေစကားသံ တွေမကြာမကြာ ကြားရစပြုလာ တယ်။
၇ နှစ် ၈ နှစ်လောက်တည်းက ကျွန်မ ပိုက်ဆံကိုရှာတတ်လာသလို ပိုက်ဆံရှာရတဲ့ အရသာကိုလည်း နှစ်သက်လာ ခဲ့တယ်။ အိမ်က ငွေလိုရင်တောင်“ သမီး အမေ့ကို ဘယ်လောက်ချေးပါအုံး...သမီး အဖေ လစာ ထုတ်ရင် အမေ ပြန်ပေးမယ်"  အခုလို အမေ့ကို ကျွန်မ ရှာထားတဲ့ ပိုက်ဆံကို ပေးရတဲ့ ပျော်ရွှင်မှုကိုလည်း ကျွန်မ ကျေနပ်နေမိပြန် တယ်။
ဒီလို နဲ့ ကျွန်မ (၇) တန်းလောက်မှာ ပိုက်ဆံဆိုတာကို ကောင်းကောင်းကြီးရှာတတ်လာခဲ့တယ်။ ရွာက ပန်းခြံတွေ  မာလကာပင်ရှိတဲ့ခြံတွေကို အပြတ်ပေးပြီးဈေးဖြတ်၊ မြို့ ကျောင်းတက်ရင်း၊ မြို့ ထဲရောက်ရင်  တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် မာလကာ . သရက်သီး ပန်းတွေကိုသွင်းတတ်တယ်။  ပစ္စည်းများနေရင် ရွာက ကလေးတစ်ယောက် လောက် ကို ခေါ်လာပြီထမ်းလာခိုင်းတယ်။ မုန့်ဖိုးပေးပြန်လွတ်ပေါ့။
တစ်နေ့တော့ အိမ်ကို တိုင်စာရောက်လာခဲ့တယ်။ ကျောင်းချိန်တွေ မမှန်တာ၊ ကျောင်းချိန် အမြဲ နောက်ကျတာ၊ အိမ်စာတွေ မပြီးတာ၊ အပြစ် ပေါင်းများစွာနဲ့ ပေါ့။ အဖေ တိုင်စာကိုင်ပြီးစောင့်နေတဲ့ ရက်ကို ကျွန်မ မေ့လို့ မရပါ ဘူး။  နောက်ကို အခုလုပ်နေတာတွေ မလုပ်ဖို့ ၊ပညာရေးကိုပဲ ဦးစားပေးဆိုတာမျိုး အဖေ ပြောလာခဲ့တယ်။ အမှန် ပြောရရင် ကျွန်မ ကျောင်းစာ၊ အထူးသဖြင့် ပညာရေး ကို လုံးဝ စိတ်မ၀င်စားတော့ဘူး။  စီးပွားရေးပဲ လုပ်ချင် တယ်။ အိမ်ကောင်းကောင်းနဲ့ နေချင်တယ်။ သူများဝတ်သလို ၀တ်ချင်လာတယ်။  ကျောင်းတက်ပြီး အချိန်ကုန်မယ်။ ပြီးတော့ ကျောင်းပြီး ၀န်ထမ်းဘ၀နဲ့ ပဲအဖေလိုပဲ နိဂုံးချုပ်ရမဲ့ ဘ၀ကို ကျွန်မ မနှစ်သက်ဘူး။ ဒီဘ၀ကို ကျွန်မ လုံးဝ မကြိုက်နှစ်သက်တော့တာ။.
အဖေကို ကတိပေးလိုက်တယ်။ ကျောင်းချိန်မှန်အောင် တက်ပါမယ်။ အခုလုပ်နေတဲ့ အလုပ်တွေတော့ ဆက်လုပ် ပါရစေလို့  ညှိလိုက်ကြတယ်။ နောက်ပိုင်း ဘယ်လောက်စီးပွားရေးဆန်လာလည်းဆို ကျောင်းမှာသိပ္ပံ ဘာဘာနဲ့ ပတ်သက်လို့ ပုံဆွဲတာတွေ ကျွန်မကို လာဆွဲခိုင်းရင် တစ်ပုံ ဘယ်လောက် ဆိုတာမျိုးဖြစ်လာခဲ့တယ်။ ကျွန်မက စာသာ စိတ်မ၀င်စားတာ ပုံဆွဲတော့ ၀ါသနာပါတယ်။ ဒါကလည်း ကျွန်မ အတွက် ကြားပေါက် ၀င်ငွေဖြစ်လာခဲ့ တယ်။  ပုံတူ လည်း ဆွဲတယ်။ ဒါပေမဲ့   ပညာရေး ကံမပါဘူးလို့ ပဲ ပြောရမလား။ စိတ်မ၀င်စားခဲ့ဘူးပြောရမလား။ ကျွန်မ ဆယ်တန်း ကျခဲ့တယ်။။
စိတ်လေသွားတာနဲ့ ကျောင်းဆက်မတက်ဘဲ စီးပွားရေး လုပ်မယ် ငွေရှာမယ်.. ဆိုပြီး ရန်ကုန်မြို့ ကြီးကို တက်လာ ခဲ့တယ်။ အလုပ်ကိုလည်း ကြိုးစားလုပ်ခဲ့တယ်။ သူများ သုံးသလို သုံးလာနိုင်တယ်။ အိမ်ကိုလည်း ထောက်ပံ့နိုင် ခဲ့တယ်။ ညီမ တွေကိုလည်း ကျောင်းထား နိုင်ခဲ့တယ်။ ကျွန်မ ဘ၀ကိုကျွန်မ  ကျေနပ်နေမိတယ်။
ဒီလိုနဲ့  ကျွန်မ  အသက်ကို ပြန်စစ်ကြည့်လိုက်တော့ (၂၇) ထဲရောက်လာခဲ့ပြီ။ ၁၈ ၊ ၁၉ ၊ ၂၀ အချိန်တွေကို ကျွန်မ ဘယ်လိုဖြတ်ကျော်လာခဲ့ပါလိမ့်။ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တဲ့ ကျွန်မ ရင်ခုန်သံတွေကိုတောင် မေ့နေခဲ့ပါလား။ အခု ကျွန်မ ရင်ခုန်ရမဲ့သူကို တွေ့ နေပြီ.. ကျွန်မ သူကို အရမ်းချစ်မိနေပြီ။.. ကျွန်မ အားငယ်စိတ်တွေ ၀င်လာခဲ့တယ်။ ဘ၀မှာ ငွေရှိရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ စိတ်တွေ အဝေးကိုလွှင့်စင်ပျောက်ရှကုန်ပြီ။
ဒီ ငွေတွေက ကျွန်မဘ၀ အချိန်ကာလတော်တော်များများကို တိုက်စားပြီးခဲ့ပြီ။                      ။
စီစော
0 comments:
Post a Comment
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More