စိတ်အကွဲကြီးရဲ့ ကြေကွဲဂီတကို ချွန်းနဲ့ပေါက်သတ်ထားလိုက်ချင်တယ်
သန့်စင်တဲ့မနက်ခင်းမှာ ရနံ့ဟောက်ပက်တွေကိုချည်းမော့သောက်နေရတာ ငြီးငွေ့စရာ
ပိပိရိရိခပ်ထုတ်ခံလိုက်ရတဲ့ မြစ်တစ်စင်း ဘယ်လိုအကြောင်းတရားနဲ့ ဆက်စီးဆင်းရမလဲ
အခန်းနံပါတ် ၃၈ အလိုအရ မဖြစ်မနေ လောင်ကျွမ်းခံရကြေးဆိုရင်
တိမ်မျိုထားမိတဲ့စိတ်လို မနက်ဖြန်တိုင်းမှာ ဝေ့ဝေ့ဝဲဝဲ စိုစိုရွှဲရွှဲလေးပဲ ကျွမ်းလောင်ချင်တာပေါ့
အခုတော့ ဆည်းဆာအရင့်အမာနဲ့ ညနေခင်းလို နက်နက်ကျင်ကျင်
အမှောင်တွေသာ တခမ်းတနား
မေးခွန်းတွေစိုက်ဝင်လာတိုင်း ရင်တစ်အုံလုံးတော်လဲခဲ့တာ ဘဝတစ်သက်စာ မီးခိုးမဆုံးမိုးမဆုံး
ခန်းလုံးပြည့်အနက်စထဲက မျက်ဝန်းတွေအတွက် ရှုမျှော်ခင်းတွေ မလိုအပ်တော့ဘူးလား
ကိုင်းဖျားစပ် ချိတ်ဆွဲထားတဲ့အတိတ်မှာ ကြေကွဲရောင်ဟာ တဖျတ်ဖျတ်ခါနေတယ်
ဝင်းလက်ဖြိုးပတဲ့နက္ခတ် အမှောင်တစ်ရာ ခြံရံပြီးကြွေကျသွားတာကို အိပ်မက်တယ်
နတ်ဆိုးလက်နဲ့ရေးခြစ်တဲ့ပုရပိုက်မှာ ကြည်မွေ့ဖွယ်ရာအခန်းဆိုတာ
နိဒါန်းကတည်းက ပါမလာခဲ့ဘူး
အသိတွေနောက်ကျ ဘဝတွေနောက်ကျတာထက်
ပြင်ဆင်ခွင့်မရှိတဲ့ဇာတ် ညဉ့်နက်လွန်းခဲ့တယ်
အစွယ်ချင်းတူရင်တောင် မြင့်မြတ်တဲ့ဆင်စွယ်ဖျားမှာပဲ ကားစင်တင်ခံချင်တာပေါ့
အခုတော့ အရေဆုတ်ခံထားရတဲ့ ဘဝဟာ ဝံပုလွေအစွယ်ကြားမှာ ပိုးစိုးပက်စက်
ခရုလိုတအိအိတက်နေရသလောက် အဆင်းဟာ
အလင်းတန်းလို ဝုန်းကနဲ မျက်တောင်တစ်မှိတ်စာ
ဘဝဆိုတာမျက်လှည့်ပွဲရဲ့ ပြယုဒ်လို့ ကင်ပွန်းတပ်ပါမယ်
မြို့တော်ထဲကလွတ်ကျကွဲသွားတဲ့ စာနာတရားရဲ့ ဈာပနမှာ
ရွက်ကြွေတွေသာ ဖွဲဖွဲခြိမ့်ခြိမ့်
ကျောက်ခေတ်ရဲ့ ရိုးသားမှုဟာ ဒီခေတ်မှာ မြုံသွားတဲ့ပန်းတစ်ပွင့်
တစ်နပ်စာအတွက် အသက်တာကို လောင်းကြေးထပ်နေရတာ အရာရာဟာ ရင်သပ်ရှုမော
အဆင်းဘီးတပ်ထားပုံများ စိုက်လိုက်မတ်တပ်သာလျှောက်ပါ လမ်းဆုံးရင် ချောက်ရှိသတဲ့
တစ်ကိုယ်စာ ပြောရေးဆိုခွင့်ရှိကြေးဆို
ဘုရားသခင်စိုက်ခင်းထဲ အမိုက်တရားပန်းတွေ ပွင့်ဝေနေလိမ့်မယ်လို့ ထင်ကိုမထားတာ။
ညီလင်းနိုင်
0 comments:
Post a Comment