
နယ်စပ်မြို့ကလေးလို့ ဆိုလိုက်တာနဲ့
စာဖတ်သူတော်တော်များများက နယ်မြေများ လုံခြုံပါ့မလားလို့အတွေးရောက်ချင်
ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီမြို့လေးမှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက်
နေတဲ့သူတစ်ယောက်အနေနဲ့ သိပ်ချစ်စရာကောင်းတဲ့ မြို့ကလေးပါလို့ဆိုရင်
လွန်တယ်လို့ဆိုနိုင်ပါ့မလား။ မဲဆောက်ဆိုတဲ့ မြို့လေးကို ကျနော့တယောက်တည်း
အမြင်နဲ့ တွယ်တာနေမိတာများ အလုပ်ကိစ္စနဲ့ တခြားရပ်ရွာသွားနေရတဲ့အခါ
ကိုယ့်အိမ်ကိုယ့်ရာကို လွမ်းသလိုမျိုးတောင် ပြန်လွမ်းမိတဲ့အထိ။
ငြိတွယ်မိတဲ့ အကြောင်းတွေကို ကိုယ်ပိုင်ဆန်းစစ်ချက်ကလေးတွေနဲ့
စစ်ထုတ်ကြည့်ရင်း ချစ်ခင်စိတ်ရင်း အမှန်အကန်ဆိုတာကို သေချာသည်ထက်
သေချာစေခဲ့တဲ့ မြို့တမြို့ပါ။
မဲဆောက်မြို့ရဲ့သမိုင်းနောက်ခံ
မဲဆောက်ဆိုတာ
ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ နယ်စပ်မြို့လေးပါ။မြန်မာနိုင်ငံ
ကရင်ပြည်နယ်စပ်မြ၀တီမြို့နဲ့သောင်ရင်းမြစ် တစ်ခုသာခြားပါတယ်။
မဲဆောက်မြို့အကြောင်းလေးရှာဖတ်ကြည့်တဲ့အခါမှာ မဲဆောက်မြို့ဟာ
လွန်ခဲ့နှစ်ပေါင်း ၁၅၀လောက်က စခဲ့တယ်လို့ အဆိုရှိပါတယ်။
အစောဆုံးနေခဲ့တဲ့ တိုင်းရင်းသားတွေကတော့ မြန်မာပြည်ဖွား
ကရင်လူမျိုးတွေဖြစ်ပြီး မူဗာ့ ဖနော်ကေ လို့ ခေါ်တဲ့ ဖနော်ကေ ရွာကလေးအဖြစ်
အစပြုခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အခြားသော ပြည်နယ်များမှ ထိုင်းလူမျိုးများ
ပြောင်းရွှေ့နေထိုင်လာကြတဲ့အခါမှာ အဲ့ဒီကျေးရွာမှာရှိတဲ့
ကရင်တိုင်းရင်းသားတွေဟာ ပြောင်းရွှေ့သွားကြပါတယ် ဘာကြောင့်လည်းဆိုတော့
သူတို့က ထိုင်းလူမျိုးတွေနဲ့ အတူတကွ နေထိုင်ဖို့ မနှစ်သက်ကြပါဘူးတဲ့။
ဆက်လက်ပြီး နေထိုင်သူဦးရေ များလာတဲ့အခါမှာ ဖနော်ကေ ကျေးရွာလေးဟာ
တိုးတက်လာခဲ့တယ်။ အဲ့တာကြောင့် အကောက်ခွန်တွေလည်းကောက်ခံရရှိခဲ့တယ် ။
မဲ့လမောင်လို့ခေါ်တဲ့
ကျေးရွာမှပြည်သူတွေဟာလည်း မဲဆောက် ကိုပြောင်းရွှေ့နေထိုင်လာကြတယ်။
ထိုင်းသက္ကရာဇ် ၂၄၄၁ မှာ ကျေးရွာအဆင့်ကနေ
မြို့နယ်အဆင့်ကိုတိုးတက်လာပါတယ်။ နခွန်စ၀န်ပြည်နယ်ပိုင်မြို့အဖြစ်နဲ့
ပထမ သတ်မှတ်ခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ရာကနေ မဲဆောက်လို့
အမည်တွင်ခဲ့ပါတယ်။ မဲဆောက်မြို့တော်ဟာ တာ့ခ်ရိုင် ပိုင်အဖြစ်
ပြောင်းလဲလာပြီးတဲ့နောက်မြို့နယ် ၉ မြို့ထဲမှ
မြို့တစ်မြို့အဖြစ်ပါဝင်လာပါတယ် ။ တာ့ခ်ခရိုင်အတွင်း မြို့တွေကတော့ …..
၁။ တာခ်မြို့
၂။ဘန့်တာခ်မြို့
၃။စမ်းငေါင်းမြို့
၎။ မဲ့ရမတ်မြို့
၅ ။ ထာ့ဆောင်ရန်းမြို့
၆။မဲဆောက်မြို့
၇။ဖုတ်ဖရမြို့
၈။ အုန်းဖန်မြို့
၉။ ၀မ်း(န်)ကျောက်မြို့ တို့ပါပဲ။
တာ့ခ်ခရိုင်ဟာ
စစ်သူကြီးဗြနရေစွန် ကိုဂုဏ်ပြု မှည့်ဆိုထားတဲ့ အမည်တစ်ခုပါ။ စစ်သူကြီး
ဗြနရေစွန် ကို ခရစ်သက္ကရာဇ် ၁၅၅၅ ခုနှစ် ဖီစနုလုပ်မှာ မွေးဖွားခဲ့ပြီး
ဘုရင့်နောင်မင်းတရားကြီး ဖီစနုလုပ်ကို သိမ်းပိုက်တဲ့အချိန် သူ့အသက် ၉
နှစ်သားအရွယ်မှာ ဟံသာဝတီကို စစ်သုံ့ပန်းအဖြစ်နဲ့ ပါသွားခဲ့ပါတယ်။
မွေးချင်း မောင်နှမ သုံးယောက်ရှိပြီး ဆုပန်ကလျာရဲ့ မောင်ဖြစ်ပါတယ်။
၈နှစ်လောက် ဟံသာဝတီမှာနေပြီး ဗမာတိုရဲ့ သွေး ၊ ဗမာစာ ၊ စကား ၊
စစ်ဗျူဟာတွေကို သိကျွမ်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာကြက်တိုက်
ဝါသနာပါသူဖြစ်ပြီး သူ့ကြက်အရောင်ဟာ အ၀ါ အမြီးကအဖြူရောင်ပါ။
သူနဲ့မဟာဥပရာဇာ နဲ့ ကြက်တိုက်ပြီး သူ့ကြက်နိုင်တယ်လို့ဆိုပါတယ်။
အဲ့တာကြောင့် ထိုင်းလူမျိုးတွေက ဂုဏ်ယူပြီး သူ့ရဲ့ရုပ်တုဘေးမှာ
ကြက်ရုပ်ထုတွေ ထား ထားပါတယ် မဲဆောက်ရဲ့ မြို့လယ် ပန်းခြံမှာ စစ်သူကြီး
ဗြနရေစွန်ရဲ့ နန်းဆောင်တစ်ခုကို ၀ံ့ကြွားစွာ တည်ထားပြီး လူအများစုက
စစ်သူကြီးဗြနရေစွန်ကို ခုချိန်ထိ ဂုဏ်ယူ အလေးအနက်ထား ဂါဝရပြုကြတာကိုလည်း
လေ့လာမိပါတယ် ။သူ့အသက် ၃၅ နှစ် အယုဒယမှာနန်းတက်ခဲ့ပြီး နန်းသက် ၁၄
နှစ်အကြာ ခရစ်နှစ် ၁၆၀၅ ခုနှစ်မှာ ဇင်းမယ်ကို စစ်ချီတက်ရင်းနဲ့
အဖျားရောဂါစွဲကပ်ပြီး နတ်ရွာစံခဲ့ပါတယ် ။

မဲဆောက်မြို့နေလူထုနဲ့ပတ်ဝန်းကျင်
မဲဆောက်မှာ ကရင် ၊
မွန် ၊ ဗမာ ၊ အာခါး၊ လီဆူး ၊ အီးကော့ ၊ ထိုင်းလူမျိုးတွေအခေါ်
ထိုင်းယိုင်လို့ခေါ်တဲ့ ရှမ်းပြည်နယ်ဖွား ရှမ်းတိုင်းရင်းသားတွေလည်း
အခြေချနေထိုင်ကြပါတယ် မူဆေး(မျော့)လို့ခေါ်တဲ့ မဲဆောက်တောရွာတွေမှာ
အခြေချနေထိုင်ကြတဲ့ တိုင်းရင်းသားတွေလည်းရှိပြီး ဘာသာစကားကတော့ မဲဆောက်က
ထိုင်းတွေနဲ့မတူပဲ ကွဲပြားပါသေးတယ်။ မဲဆောက်ဟာပြည်မကြီးမြို့တော်
ဘန်ကောက်အခေါ်မြောက်ပိုင်းသားတွေဖြစ်ပြီး ဘာသာစကားကတော့
မြို့တော်ဘန်ကောက်စကားနဲ့ ၈၀ ရာခိုင်နှုန်းလောက်ကွဲပြားပါတယ်။ မြို့ရဲ့
အဓိက စီးပွားရေးကတော့ နယ်စပ်မြို့ဖြစ်တာနဲ့အညီ ဈေးရောင်းဈေးဝယ်က
ပထမဦးစားပေး စီးပွားရေးလုပ်ငန်းပါပဲ တစ်ခြားကတော့ စိုက်ပျိုးရေးပါ ။
မဲဆောက်မှာ အထင်ကရနေရာတွေကိုပြပါဆိုရင်တော့ ထီးလောဆူရေတံခွန် ၊
ဖားကျလုံးရေတံခွန် ၊ မဲဆောက်ဈေး မဲကဇာရေပူစမ်းနဲ့ မယ်အိုဇာ
လိုဏ်ဂူတွေဖြစ်ပါတယ် ။မဲဆောက်မှာ ထိုင်းလူမျိုးအများစုဟာ ဗုဒ္ဓဘာသာ
ကိုးကွယ်ကြပြီး နတ်ကို သက်ဝင်ယုံကြည်မှုလည်း များတာတွေ့ရပါတယ်။
စုန်ကရန် လို့ခေါ်တဲ့
ယိုးဒယားသင်္ကြန်နှစ်ကူးရက်တွေလည်းရှိပြီး သက်ကြီးပူဇော်ပွဲလို
လူကြီးမိဘကို ခေါင်းလျှော်ပေး ၊ခြေသည်းလက်သည်းညှပ်ပေးတဲ့
ယဉ်ကျေးမှုလည်းရှိပါသေးတယ် ။ ကထိန်ပွဲတော်လိုလည်းကျင်းပကြတာတွေ့ရပြီ ဒီက
အလုပ်သမားမြန်မာတွေလည်းမြန်မာ ဒိုးပတ်ဝိုင်းကလေးလှည့်လို့
အလှူလည်းခံနိုင်ပါသေးတယ် ။ ထိုင်းလူမျိုးတွေဟာ နှစ်သစ်ကူးကာလတွေကို
အမြတ်တနိုးထားပြီး မိသားစု ပြန်ဆုံကြတာမျိုး
လုပ်ငန်းရက်ရှည်ပိတ်တာမျိုးလည်းရှိပါသေးတယ် ။ ထိုင်းဘုရင်မွေးနေ့ဒီဇင်ဘာ ၅
ရက်နေ့မတိုင်ခင်ကတည်းကစလို့ ဘုရင်ကြီးမွေးနေ့နဲ့အတူ
လွဲကထုံးရာသီပွဲတော်ကိုလည်းကျင်းပပါသေးတယ် ။ ဒီပွဲတော်ကို
ကျင်းပခဲ့တာကတော့ စူခိုထိုင်းခေတ်မှာကတည်းက စခဲ့ကြပါတယ် အဲ့ဒီခေတ်က
ဘုရင်တစ်ပါးဖြစ်တဲ့ ဗြရမ်းခမ်းဟန် က စပြီးလုပ်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ
မြစ်ကိုတည်မှီပြီး လုပ်ကိုင်စားသောက်ကြတာဆိုတော့ မြစ်ရေရဲ့ အကျိုးကျေးဇူးမြစ်ရေကိုကျေးဇူးဆပ်ရန် မမေ့ဖို့ လုပ်ကိုင်လာကြရင်း ခုချိန်ထိလည်း
အစဉ်အလာကိုထိန်းသိမ်းလာကြတာတွေ့ရပါတယ် ကျနော်တို့မြန်မာအယူနဲ့ဆိုရင်တော့
ဆီမီးမျှောပွဲနဲ့ (ရွှေကျင်မီးမျှောပွဲ) တူပါတယ်။ ဒီပွဲတော်ကိုတော့
တစ်နိုင်ငံလုံးပွဲတော်ကျင်းပကြတာပါ ။

မြန်မာအငွေ့အသက်တွေနဲ့ မဲဆောက်
မဲဆောက်ဟာ
မြန်မာပြည်နဲ့ နယ်စပ်မြို့ဖြစ်တာနဲ့ အညီ မြန်မာပြည်အတွင်းက
မြို့တစ်မြို့အလား မြန်မာ အငွေ့အသက်လေးတွေတွေ့ရပါတယ် ။ မဲဆောက်ဈေးမှာ
ထိုင်းနိုင်ငံထွက် ပစ္စည်းမျိုးစုံကိုရနိုင်သလိုမြန်မာပြည်မှ တင်သွင်းတဲ့
စားသောက်ကုန်မျိုးစုံလည်းရနိုင်ပါတယ်။ လက်ဖက်ရည်ဆိုင် ကွမ်းယာ
ဆိုင်ကလေးတွေက အစရှိပြီး လမ်းဘေးဆိုင် အသုတ် မုန့်ဟင်းခါး
ရခိုင်မုန့်တီလည်း စားချင်ရင်ရှိပါသေးတယ်။ လက်တွန်းလှည်းလေးတွေနဲ့
ရောင်းတဲ့ ၀က်သားတုတ်ထိုးလေးတွေလည်းစားချင်ရင် ရနိုင်ပြန်ပါသေးတယ်။
ကျနော်ကတော့ မဲဆောက်ကို ကိုယ့်ရဲ့ ဒုတိယမွေးရပ်မြေအလား
အချစ်ပိုမိစိတ်ဝင်မိတဲ့အထိပါပဲ ။
မြန်မာစကားကို
ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ ထိုင်းလူမျိုးသူဌေးတွေလည်းရှိပြီ
ထိုင်းစကားကို အဆင်ပြေပြေပြောတတ်ကြတဲ့မြန်မာအလုပ်သမားတွေလည်းများပါတယ်
အလုပ်မှာ ထိုင်းလိုပြောတတ်တဲ့သူက ပိုအဆင်ပြေပြီး လုပ်ငန်းမှာ
ပိုနေရာရတာတွေ့ရပါတယ်။မြန်မာအလုပ်သမားတွေကတော့အောက်ခြေ ပန်းရံသမား ၊
အိမ်အကူအလုပ်သမလေးတွေမှ အစ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အဆင်ပြေကြတဲ့
မြန်မာပြည်ဖွား လူမျိုးတွေလည်းရှိပါတယ်။ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား
အများစုရှိပြီး ၊ကိုယ်ပိုင်အိမ်တွင်းစက်ချုပ်ရုံအသေးစားလေးတွေလည်းရှိပါတယ်
။ ဈေးဆိုင် ၊ စားသောက်ဆိုင်မှာ လုပ်ကိုင်ကြတာလည်းရှိပါတယ်။
ဒီဘက်နှစ်ပိုင်းတွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်လောက်က ကြားရတဲ့
သတင်းမျိုးတွေလည်း မရှိသလောက်ကိုနည်းပါးလာပြီး လူမျိုးရေးခွဲခြားမှုလည်း
နည်းလာခဲ့ပါတယ်။ဒီမှာရှိတဲ့မြန်မာအများစုဟာ
လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေမျာတာမို့ အလုပ်ချိန်နဲ့လည်းလွတ်အောင်
ပြီးတော့ လုပ်ငန်းခွင်မှာပြန်လည်အသုံးချနိုင်အောင်
အခမဲ့ဖွင့်လှစ်ထားပေးတဲ့ စေတနာ့ကျောင်းလေးတွေလည်းရှိပါတယ် ထိုင်းစာ အရေး
၊ အပြော ၊ အဖတ် တင်မက နိုင်ငံခြားသားများကိုယ်တိုင်
သင်တန်းပို့ချပေးတဲ့ အင်္ဂလိပ်စာ အရေးအပြောသင်တန်လေးတွေလည်းရှိပါတယ်
ဒါတွေဟာလည်း လုပ်ငန်းခွင်မှာတင်မကပဲ အပြင်လူမှုနယ်ပယ်မှာပါ တကယ်ပဲ
အသုံးဝင်တာမို့ လေးစားစရာဒီလိုသင်တန်းကျောင်းလေးတွေရှိတာဟာလည်း တကယ်ကို
အဆင်ပြေမှုတစ်ခုပါပဲ ။

မဲဆောက်မြို့နယ်အပိုင်
အသံလွှင့်ရေဒီယိုတွေမှာလည်း
မြန်မာပိုင်းကိုထည့်သွင်းပေးထားတာလည်းကျနော်တို့ အဝေးရောက်
မြန်မာတွေအတွက်တော့ ကိုယ်စိတ်အပန်းဖြေစရာလေး တစ်ခုပါပဲ။
ထိုင်းကုန်ပစ္စည်းကြော်ငြာ လမ်းဘေးဆိုင်ကြော်ငြာတွေမှာ ခုနောက်ပိုင်းတွေမှာ
ထိုင်းဘာသာနဲ့အတူမြန်မာဆိုင်းဘုတ်တွေနဲ့ပါ ကြော်ငြာလာတာကိုတွေ့ရမှာပါ ။
ဒါက ဘာကိုဖော်ဆောင်သလဲဆိုရင် မဲဆောက်မှာရှိတဲ့ ကုန်ပစ္စည်းများရဲ့
ဝယ်လိုအားဟာ ပြည်တွင်းမှ ကုန်သည်ကြီးများရဲ့ အပေါ်မှာလည်း မှီတည်နေတာမို့
ဒီလိုဆိုင်းဘုတ်ကြီးတွေနဲ့ ဆွဲဆောင်ထားတာတွေ့နိုင်ပါတယ် ။မဲဆောက်ကမြန်မာ
အများစုဟာ (ဘတ်) လို့ ခေါ်တဲ့ တစ်နှစ်စာ အခွန်ဆောင်တဲ့
လုပ်ငန်းလုပ်ကိုင်ခွင့်ကဒ်နဲ့နေကြတာများတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာတော့
နှစ်နိုင်ငံအစိုးရကနေ ယာယီနိုင်ငံကူး ပတ်စပို့စ် လုပ်ပေးလာပြီး
ထိုင်းနိုင်ငံအတွင်းမြန်မာလူမျိုးတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့
ဥပဒေဘောင်အတွင်း နေထိုင်နိုင်လာအောင် ဆောင်ရွက်ထားတာကိုလည်း တွေ့ရမှာပါ။
မဲဆောက်မှာ
ဆော်ဝါဒီခပ် လို့နှုတ်ဆက်မယ့်မြန်မာတစ်ယောက်ကို မင်္ဂလာပါလို့
မြန်မာသံပီသစွာနဲ့ ပြန်နှုတ်ဆက်တတ်တဲ့ ထိုင်းလူမျိုးတွေလည်းရှိသလို
မဲဆောက်မှာ အနေကြာပြီး ထိုင်းစကားကို အသံနေ အသံထားမှန်မှန်နဲ့
ပြောတတ်တဲ့မြန်မာလူမျိုးတွေလည်းရှိပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမားကြားက
ဆက်ဆံရေးကတော့ မိသားစုလိုဖြစ်တာများပြီး ကိုယ့်အလုပ်ရှင် အသက်ကြီးကြီး
သူဌေးတွေကိုတော့ သူတို့လူမျိုးအခေါ် (ဖော့) အဖေ ၊ (မဲ့) အမေ လို့
ခေါ်ကြတာတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် လူမျိုးရေး ခွဲခြားမှုတွေ နည်းလာပြီး
လုပ်ငန်းခွင်ပျော်ရွှင်မှုကတင်ပဲ ကျနော်တို့အတွက် ပျော်ရွှင်မှုတစ်ခုပါ။
မြန်မာပြည်တွင်းက
မြို့ကလေးလို့ထင်ရလောက်အောင် မြန်မာအစားအစာနဲ့ လူနေမှုပုံစံတွေနဲ့
လည်ပတ်နေတဲ့ မြို့ကလေးကိုလည်း လာရောက် လေ့လာနိုင်ပါသေးတယ်။ မဲဆောက် ဆိုတာ
ကျနော်တို့ လူမျိုးတွေကို အမြဲရင်ခွင်တံခါးဖွင့်ကြိုဆိုနေတဲ့
မြို့ကလေးပါ စာဖတ်သူတွေလည်း ရင်ခွင်တံခါးဖွင့် အစဉ်မြဲကြိုဆိုနေတဲ့
မဲဆောက်မြို့ကလေးကို အလည်တစ်ခေါက်လာခဲ့ပါအုံးလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
ပြီးတော့ မဲဆောက်မြို့ကလေးမှလည်း ကျနော်ကနေတစ်ဆင့် စာဖတ်သူအားလုံးကို
မင်္ဂလာပါ (ဆော်ဝါဒီခပ်) လို့ နှုတ်ခွန်းဆက်စကား အမှာပါးလိုက်ပါလေရဲ့။
မောင်မျိုး ( ကျွန်တော့်ဘ၀ဇတ်ခုံ)
ဓာတ်ပုံ MTJ
0 comments:
Post a Comment