“ပရဟိတ” ပရဟိတဆိုတဲ့ စကားလုံးတွေ
လှိုင်လှိုင်ကြားနေလာရသလို ကိုယ်တိုင်လည်း ပရဟိတ လုပ်ငန်းတွေနဲ့
ထိတွေ့နေရတော့ ကြုံကြိုက်ခဲ့ရတဲ့ ပရဟိတ အကြောင်းလေးတွေ တစေ့တစောင်း
ရေးချင်စိတ်ပေါ်လာမိတယ်။
ကျွန်တော်တို့ ငယ်ငယ်က ပရဟိတ (သာရေး၊
နာရေး) အလုပ်တွေဟာ လူကြီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အယူအဆ မှားယွင်းမှုတွေ
ရှိခဲ့သလို လူငယ်တွေကိုလည်း အရေးတယူ နေရာပေးခဲ့တာမျိုး မရှိခဲ့ဘူး။
လူငယ်တွေလုပ်ရင် အောင်မြင်မှာပဲဆိုတဲ့ ယုံကြည်ချက်လဲ
မရရှိခဲ့ဘူး။ဘာပဲဖြစ်ဖြစ် ယနေ့ခေတ် အနေအထားအရ တစ်နိုင်ငံလုံး အနှံ့အပြားမှာ
ပရဟိတလုပ်ငန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ပေါက်လာခဲ့ပြီး
ဒီအဖွဲ့တွေမှာအင်တိုက်အားတိုက် အလုပ်ဆောင်နေသူတွေဟာ လူငယ်အများစုပါဘဲ။
မြို့ရွာအနှံ့အပြားက ပရဟိတတွေမှာ အများအားဖြင့် နာရေးကူညီမှု၊
သွေးလှူရှင်များအဖွဲ့၊ ဆွမ်းလောင်းအသင်း၊ ပညာရေး ထောက်ပံ့မှုအဖွဲ့
အစရှိသဖြင့် အများဆုံးတွေ့မြင် ကြားသိနေရသလို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့
အကြောင်းအရာ ကိစ္စများများ အဆင်ပြေသွားကြတာပါဘဲ။
ဒီတော့ ဒီဘက်ခေတ် အခြေအနေမှာ
လက်ကိုင်ဖုန်းတစ်လုံးဟာ ပရဟိတလုပ်ငန်းတွေအတွက် ကြားခံပစ္စည်း တစ်ခုဆိုတာ
မှားမယ်မထင်ပါဘူး။ ဒီလိုနဲ့ ပရဟိတဟာ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ
ရေပန်းစားလာခဲ့တယ်။ ကောင်းမွန်တဲ့ လက္ခဏာပါ။ ဒါပေမဲ့ ပေါ်ပင် မဖြစ်သင့်ပါဘူး။
ဘာဖြစ်လို့လဲဆိုရင် ဒီလုပ်ငန်းကိုမြေစမ်းခရမ်းပျိုးမယ့် လူငယ်တွေအတွက်
အယူလွဲ လမ်းမလွဲစေချင်တာကြောင့်ပါ။ ခံယူချက်
တိမ်းစောင်းမသွားစေချင်တာကြောင့်ပါ။
ဘာကြောင့် ဒီလိုတွေပြောနေရသလဲဆိုတော့
ကျွန်တော်ကိုယ်တိုင်လည်း ပရဟိတလုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ
ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်လို့ပါဘဲ။ နိုင်ငံခြားမှာ နေခဲ့စဉ်အခါက
ဒီလုပ်ငန်းတွေကို အဝေးကပဲ အားဖြည့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကိုယ့်အမိမြေကို
ပြန်ရောက်ခဲ့ပြီးပရဟိတလောကထဲခြေချခဲ့တာ (၂) နှစ် ဆိုတဲ့
ကာလအတွင်းရောက်ခဲ့ပြီမို့ ကိုယ်ကြုံတွေ့ခဲ့ရတာတွေကို ဝေမျှချင်စိတ်
ပေါ်လာခဲ့ပါတယ်။
တစ်ချို့က ပရဟိတကို
ထင်ပေါ်ကျော်ကြားလိုစိတ်နဲ့၊ တစ်ချို့က ခေတ်စကားနဲ့ပြောရရင်
ဖွန်ကြောင်ချင်စိတ်၊ တစ်ချို့က မိမိလုပ်ငန်းအတွက်ခြေကုပ်ယူချင်စိတ်၊
တစ်ချို့က မိမိရည်ရွယ်ချက် အတွက် အသုံးချခုတုံးလုပ်ချင်စိတ်၊ တစ်ချို့က
ကျွန်တော်/မ က ဘယ်ပရဟိတ အဖွဲ့အစည်းကပါအစရှိသဖြင့် အများရဲ့ ယုံကြည်မှုကို
ရယူပြီး မိမိရဲ့ အတ္တအတွက် ကိုယ်ကျိုးရှာချင်တဲ့ စိတ်တွေကို တွေ့မြင်ကြားသိ
နေရတာဟာ အင်မတန်ဝမ်းနည်းစရာပါဘဲ။
မိမိရဲ့အမည် လုပ်ငန်း
ထင်ပေါ်ကျော်ကြားလိုသူတွေ အနုပညာ၊ ဂီတ၊ စာပေ အစရှိသဖြင့် ၎င်းရပ်ဝန်းမှာ
ရပ်တည်လိုသူ တစ်ချို့ဟာလည်း ပရဟိတကိုအသုံးချခံ ပစ္စည်းလို သဘောထားပြီး
ဒီနယ်ပယ်ထဲကိုခြေချလာကြသလို အတန်အသင့် အသိအမှတ်ပြုခြင်း ခံရပြီးတဲ့
နောက်မှာတော့ ပရဟိတကို ကျောခိုင်း သွားကြပြန်ပါတယ်။
ထက်တက်မြက်မြက် ရှိတဲ့သူ တစ်ချို့ကတော့
ပြည်တွင်းပြည်ပ NGO, INGO စတဲ့ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သတင်းဓါတ်ပုံ
အထောက်အထားအချို့ကို တင်ပြတောင်းခံပြီး ကိုယ်ကျိုးရှာကြသလို
မိမိ၏မှီခိုမှုအတွက် ၎င်းအဖွဲ့အစည်းများကို ကုန်ကြမ်းပေး ကုန်ချောယူ
သဘောမျိုးဖြင့် အလဲအထပ်ပြုလုပ်လာတာဟာ ရှက်ဖွယ်အတိပါ။
ကျောင်းနေအရွယ်မှာ “လက်ဦးဆရာမည်ထိုက်စွာ
ပုဗ္ဗာစရိယ မိနှင့်ဘ” ဆိုတဲ့ စကားပုံလိုပါဘဲ။ ပရဟိတနယ်ပယ်မှာလည်း
မိမိယုံကြည်တဲ့သူ မိမိဆရာတင်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း စသည်ဖြင့်
ဆရာတင်မှားရင် သံသရာတစ်ခုလုံး မှောက်မှားမယ်ဆိုတာ မလွဲဧကန်ပါ။
အဇာတသတ်မင်းဟာ ဒေ၀ဒတ်ကိုဆရာတင်မှားလို့
အပါယ်ငရဲမှာ စံမြန်းနေရတယ်ဆိုတာ ထင်ရှားတဲ့ သာဓကပါဘဲ။ ကိုယ်ကြိုးရှာ၊
စီးပွားရှာ၊ အောင်မြင်ကျော်ကြားမှုကို ရှာဖွေတာဟာ ပရဟိတလောကနဲ့ လားလားမှ
မသက်ဆိုင်တဲ့ နေရာပါ။ အင်မတန်မှလည်း စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါတယ်။
အများလှူဒါန်းတဲ့ အလှူ ပစ္စည်း၊ ငွေ စတာတွေဟာ ပရဟိတသမားတစ်ဦးအတွက်
မစားကောင်းတဲ့ အသီးပါ။ လုံးဝ လုံးဝမမှောက်မှားသင့်တဲ့ အရာဆိုတာ
သတိချပ်စေချင်ပါတယ်။ မိမိကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး လှူဒါန်းတာမှ
ပရဟိတမဟုတ်ပါဘူး။ အများလှူဒါန်းတဲ့အရာကို မိမိအနေနဲ့ စိတ်အားလူအားနဲ့
ကူညီဆောင်ရွက်တာ၊ မပျက်ဆီး မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်တာ၊
မိမိတတ်နိုင်တဲ့ အနေအထားကနေပြီးတော့ ၀ိုင်းဝန်းအားဖြည့် ဆောင်ရွက်တာဟာလည်း
ပရဟိတမြည်ပါတယ်။
လူစုလူဝေးနဲ့နေရတာကို သဘောကျလို့
ပရဟိတလုပ်ငန်းလုပ်တာ မသင့်တော်သလို မိမိ၏ အတ္တကြောင့် ပရဟိတလုပ်ငန်းတွေ
အဖွဲ့အစည်းတွေ ပျက်စီးတာ၊ စိတ်ဝမ်းကွဲတာ၊ ရပ်တန့်သွားတယ် ဆိုတာဟာ
ဂုဏ်ယူစရာလုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ မိမိ၏ကိုယ်ကျိုးလုပ်ရပ်ကြောင့်
ပရဟိတသမားတွေကို အထင်သေး နှာခေါင်းရှုံတဲ့ အပြစ်မျိုးကို ဝေးစွာ
ရှောင်ကြည်သင့်ပါတယ်။ ပရဟိတကို အရောင်တင်ရမယ့် အချိန်မှာ
စုန်းပြူးတွေကြောင့် ကျွန်တော်တို့လူငယ်တွေ မျက်နှာမပျက်ချင်ပါဘူး။
နောက်ကြောင်းပြန်လှည့်ပြီး ရပ်တန့်မသွားပါရစေနဲ့။
ကိုရီး{ကိုကြီး}
၂၀၁၂ခုနှစ် သြဂုတ်(၂)ရက်နေ့
0 comments:
Post a Comment