Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

VOCs ညှော်နံ့





ကျွန်တော်တို့ လူမျိုးတွေက ညှော်နံ့ကနေ ရောဂါတွေ ရစေတယ်၊ ရောဂါရနေရင်လဲ ဆိုးစေတယ်လို့ ဘာသုတေသနမှ မလုပ်ဘဲ ယုံကြည်ကြတယ်။ သိပ္ပံပညာသင်သူ လူငယ်တွေကတော့ တွင်တွင်ငြင်းကြတယ်။ ဆရာဝန်ဖြစ်စတုံးကလဲ မေးလာရင် ဟိုလို-ဒီလိုလို ဖြေဘူးခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။

လေထဲမှာ Organic chemicals (အော်ဂဲနစ်) ဓါတ်တွေ ပါနေတာကို Volatile organic compounds (VOCs) ခေါ်တယ်။ (အော်ဂဲနစ်) ဆိုတာ ကာဗွန်ပါတဲ့ ဒြပ်ပေါင်းတွေဖြစ်တယ်။ ဒါတွေဟာ ကျန်းမာရေးကို ရေတို-ရေရှည် ထိခိုက်စေမှာတွေ ဖြစ်တယ်။ ရေရှည် ဖြစ်စေတာက ပိုများပြီး၊ ဆောင်းတွင်းမှာ ပိုဆိုးတယ်။

အရောင်ဆိုးဆေးတွေ၊ သုတ်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ သန့်ရှင်းရေးသုံး ဓါတုဆေးတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ ရုံးသုံးစက်ကရိယာပစ္စည်းတွေ၊ စာရေးကရိယာတွေ၊ အလှအပ အသုံးအဆောင်တွေ၊ စတာ စတာတွေကနေ လေထဲမှာ VOCs တွေ ပါနေတယ်။ ကုန်ကုန် ပြောရရင် လေသန့်စေတဲ့ ဆေးထဲမှာလဲ လေမသန့်တာတွေ ပါတာသတိပြုပါ။

VOCs တွေဟာ တခြားဟာတွေထက် ရေဆူအမှတ် နိမ့်လို့ အငွေ့အနေနဲ့ ထွက်နေတာ ဖြစ်တယ်။ ဥပမာ သုတ်ဆေး၊ ပလာစတာ၊ နံရံနဲ့ မျက်နှာကျက်တွေထဲမှာပါတဲ့ Formaldehyde (ဖေါ်မ်ာလ်ဒီဟိုက်) ဟာ –19 ºC (–2 ºF) ဆိုရင် ဆူပြီ။ (ဖေါ်မ်ာလ်ဒီဟိုက်) အပြင် Decane, Butoxyethanol, Isopentane, Limonene, Styrene, Xylenes, Toluene, Perchloroethylene, Methylene chloride နဲ့ Vinyl chloride တွေ ပါဝင်တယ်။ လူလုပ်တာတွေသာမက (ဖန်းဂတ်) မှိုတွေ ကနေလဲ ဖြစ်စေတယ်။ အနံ့နဲ့သိနိုင်တယ်။ Aldehydes, Alcohols နဲ့ Ketones တွေ ပါနေတယ်။ တခါတလေ Geosmin, Hexanone နဲ့ Octanols တွေလဲ ပါတတ်တယ်။

ကျန်းမာရေး အန္တရာယ်တွေကတော့ -
• ကလေးတွေမှာ အသက်ရှူလမ်း နဲ့ ရောဂါပြီးစနစ်တွေကို ထိခိုက်နိုင်တယ်။ (အလာဂျီ) ရနိုင်တယ်။
• မျက်စိ၊ နား၊ လည်ချောင်းတွေ ထိခိုက်ရာကနေ ခေါင်းကိုက်မယ်၊ ပျို့အန်မယ်၊
• အသဲ၊ ကျောက်ကပ်၊ ဗဟိုအာရုံကြောစနစ် ထိခိုက်မယ်။
• အားယုတ်မယ်၊ ခေါင်းမူးမယ်၊ နှာခေါင်းသွေးထွက်မယ်၊ စိတ်မကြည် ဖြစ်မယ်။
• (လူကီးမီးယား) နဲ့ (လင်ဖိုးမာ) ကင်ဆာရောဂါတွေ ပိုဆိုးစေတာ သိရတယ်။
• တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်တာ သိရတယ်။ လူတွေမှာ ဖြစ်တာလဲ သံသယ ရှိတယ်။
• ဒီအိမ်၊ ဒီရုံး၊ ဒီအခန်းထဲဝင်မှ ဒါတွေ ဖြစ်တာမျိုးကို နေမကောင်းစေအာင်လုပ်ပေးတဲ့ (ဆင်ဒရုမ်း) လို့ ခေါ်ကြတယ်။

ဘယ်လို လျော့နည်းအောင် လုပ်မလဲ
ဥပဒေလုပ်ပြီး ကန့်သတ်၊ တားဆီးကြတယ်။ ၁၉၈၅ မှာ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက ထုတ်တဲ့ လေ့လာချက်အရ အခန်းထဲမှာ အပြင်ထက် VOCs ၂ ဆကနေ ၅ ဆ အထိများတာ တွေ့ရတယ်။ မြို့မှာက တောထက် ပိုဆိုးတယ်။ VOCs Sensors (ဆင်တာ) ဆိုတာတွေ တပ်ဆင်ထားရတယ်။ မီးခိုး (အလမ်း) ဆိုတာ အိမ်တိုင်း၊ ရုံးတိုင်း၊ အခန်းတိုင်းမှာ တပ်ထားကြရတယ်။ မြန်မာ အခြေချ နေထိုင်သူတွေ (အလမ်း) ခဏခဏထမည်လို့ ပြဿနာ တက်ကြတာ ကြားနေရတယ်။

သူများတိုင်းပြည်တွေသွားနေကြရသူတွေဟာ ကိုယ့်အစားအစာကို ခုံမင်စွဲလမ်းကြတယ်။ ကျွန်တော်တို့ အလွန်ကြိုက်တဲ့ ငါးပိ၊ ငါးခြောက်ကို သူများတွေ မစားတတ်လို့ အနံ့ကိုမခံနိုင်ကြဘူး။ အိမ်နီးချင်းတွေနဲ့ စကားများရတယ်။ အိန္ဒိယမှာ လူဦးရေထူထပ်ပြီး ဆင်းရဲသူတွေများလွန်းလို့ အိမ်သာ မလုံလောက်တဲ့နေရာတွေမှာ လမ်းဘေး အညစ်အကြေး စွန့်ကြတယ်။ ဒါကြောင့် မစင်နံ့ခံနေသူတွေက ငါးပိနံ့ကို မခံနိုင်ဘူး ပြောတာဟာ မခံချင်စရာအမှန်ဘဲ။ ကျွန်တော်တို့ လူမျိုးတွေ ချက်ပြုတ်ကြော်လှော်တာတွေထဲမှာ ပါတာတွေကို သုတေသန လုပ်တာ မကြားသေးဘူး။ အစဉ်အလာ ယုံကြည်နေကြတာကို ဟုတ်-မဟုတ် လက်တွေ့ပြနိုင်ဘို့ ကြိုးစားကြရမယ်။

အဆုပ်-ကင်ဆာ ရှိသူကနေ 22 VOCs ပါတယ်လို့ သုတေသနက ဆိုတယ်။ နောက်ဆုံးရ ကျန်းမာရေးသတင်းမှာ တီဘီ ဖြစ်နေသူတွေကို ဆေးကုသတာ ထိရောက်မှု ရှိ-မရှိ ဆီးစစ်ပြီး အလွယ်နဲ့ သိမယ်တဲ့။ ဒီသုတေသန ဆရာဝန်တွေ ပြောတာက လူနာတွေကနေ ထုတ်ပေးနေတဲ့ VOCs တွေက မတူကြဘူးတဲ့။ လူတွေရဲ့ လက်ဗွေပုံစံလို တီဘီ-လူနာတွေက ထူးခြားတယ်လို့ ဆိုပါတယ်။

“အလှူပေးခြင်း၊ ဣနြေ္ဒကို ဆုံးမခြင်း၊ ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်းကြောင့် စကြဝတေးမင်း ရဲ့ ကိုယ်နံ့ဟာ စန္ဒကူးနံ့၊ ခံတွင်းနံ့ဟာ ကြာညိုနံ့ သင်းတယ်” လို့ မဟာသုဒဿနသုတ်မှာ ဖတ်ရပါမယ်။ လူတွေ အသက်ရှူထုတ်ရင်လဲ VOCs ဆိုတာတွေ ရာနဲ့ချည်ပြီး ပါနေနိုင်တယ်။ ကိုယ်နံ့ မကောင်းသူတွေကို အနားမကပ်ချင်ကြတာ အဲဒါကြောင့်နေမယ်။

ကျန်းမာရေးစာဟာ သိပ္ပံစာဖြစ်လို့ ဘာတွေသာ လုပ်ပါ၊ ဘာတွေမလုပ်ပါနဲ့ဆိုတာ တန်းစီပြီး ရှိပါတယ်။ ဖတ်ရင်လဲ ပျင်းစရာ၊ မလိုက်နာနိုင်တာလဲ များတာမို့ တကြောင်းထဲနဲ့ အကြံပေးရရင် “သဘာဝနဲ့ မဝေးမကွာ၊ ရိုးရိုးလေးသာ နေထိုင်တာ အကောင်းဆုံးပါ” ခင်ဗျား။

ဒေါက်တာ တင့်ဆွေ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More