
“ အလင်းစေတမန် “ ဆောင်းပါးလေး ရေးဖြစ်လာပုံ
ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ရဲ့
ဓမ္မစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ဟောကြားတဲ့ “ အလင်းစေတမန် တရားတော်အခွေ”
ကို နာကြားရင်းနဲ့ ဓမ္မစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် “အလင်းစေတမန်”
ဘာသာရေး ဆောင်းပါးလေးကို ဗဟုသုတအဖြစ် ရေးချင်တဲ့စိတ်ကလေးက
ဖြစ်တည်ခဲ့ရပါတယ်ရှင် ။
နောက် တစ်ချက်ကတော့
ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးရဲ့ ဒီဇင်ဘာလ၊ ၂၇၊ ၂၀၁၂ ရက်နေ့မှာ (၁၄)
နှစ်မြောက် နှစ်လည် အတွက် ဓမ္မဒါနကုသိုလ်အဖြစ် ရည်စူးပြီး
ရေးသားပူဇော်ခြင်း၊ မိမိကိုယ်တိုင်အပါဝင် အခြားသောသူများ (မြတ်ဗုဒ္ဓ၏ အဆုံး
အမများ၊ ဘာသာရေးစာပေများ ရေးသားဖြန့်ဝေ ပူဇော်သောသူများ)၊ ဘာသာရေး ဗဟုသုအား
ရှာမှီးနေသူများ အတွက်ရည်စူးပြီး “ အလင်းစေတမန် “ ဘာသာရေးပို့စ်ကို
ရေးသားခဲ့ခြင်း ဖြစ်ပါတယ်ရှင် ။
ထရီဆာ အခုရေးသားတဲ့
“အလင်းစေတမန်” ဆောင်းပါးဟာ ထရီဆာအပါအ၀င် အခြား မသိသေးသောသူများ အား
ဗဟုသုအနေဖြင့် သိရှိစေလိုတဲ့ စေတနာဖြင့် သာ ထရီဆာ ပြန်လည်ရေးသားမျှဝေခြင်း
ဖြစ်ပါတယ်ရှင် ။
ဝ-၀-၀-၀-၀-၀-၀-၀-ဝ
ထရီဆာတို့
မြန်မာလူမျိုးများရဲ့ (၁၂) လရာသီ ရိုးရာပွဲတော်များအနက် အခု နတ်တော်လ
(ဒီဇင်ဘာလ) ကို စာဆိုတော်လအဖြစ် သတ်မှတ်ပြီး “ နတ်တော်လပြည့်နေ့ကို
ဓမ္မစာဆိုတော်နေ့ ” အဖြစ် သတ်မှတ်ကာ အနယ် နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲများ၊
သက်ကြီး(စာရေးဆရာ) ပူဇော်ကန်တော့ပွဲများ ကျင်းပပြုလုပ်လျှက်ရှိကြ
ပါတယ်ရှင် ။
မြတ်စွာဘုရား
ဟောကြားထားတဲ့ အလင်းစကားတွေ၊ အလင်းတရားတွေကို စာပေရေးသားခြင်း၊
စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ စာရေး၊ စာချ၊ တရားဟော၊
တရားပြခြင်းဖြင့် ဆောင်ရွက်ပြီး ဖြန့်ဝေတဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ်တိုင် စာရေး၊
စာချ၊ တရားဟော၊ တရားပြ မလုပ်တောင်မှ တရားစာအုပ်ပေးလှူတဲ့ ပုဂ္ဂိုလ်တွေ၊
တရားစာအုပ် ငှားရမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ တရားတိပ်ခွေ လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေ၊
တရားတိပ်ခွေ ငှားရမ်းတဲ့ ပုဂ္ဂိုလ်နဲ့ အထူးတရားပွဲတွေ ကျင်းပပေးပြီးတော့
တရားအလှူပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကလည်း အလင်းစေတမန် ပုဂ္ဂိုလ်တွေပါပဲရှင် ။
မြတ်စွာဘုရားရှင်ရဲ့ အလင်းစကား၊ အလင်းတရားတွေကို နေရာအနှံ့၊
ပုဂ္ဂိုလ်အနှံ့၊ နှလုံးသား အနှံ့ ပျံ့သွားအောင်ဖြန့်ပေးခြင်း စတဲ့
ဘယ်လိုနည်းနဲ့ပဲ ဓမ္မဒါနပြုပြု၊ ဓမ္မဒါနပြုကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးက
အလင်းစေတမန် တွေချည်းပါပဲရှင် ။
မြတ်စွာဘုရားရှင်ရဲ့
အလင်းစကား၊ အလင်းတရား အားလုံးကို အနှစ်ချုပ်လို့ရှိရင် ကမ္မဿကတာ ဥာဏ်အလင်း၊
ဝိပဿနာဥာဏ်အလင်းနဲ့ မဂ်ဖိုလ်ဥာဏ်အလင်း ရယ်လို့ ရှိပါတယ်။ ဒါကြောင့် ဓမ္မဒါန
ပေးလှူတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ယခုဖော်ပြပေးခဲ့တဲ့ အလင်း(၃)မျိုးထဲမှာမှ
တစ်မျိုး မျိုးကို ပေးလှူနေကြတဲ့ ပုဂ္ဂိုလ်တွေပါပဲရှင် ။
ကမ္မဿကတာ ဥာဏ်အလင်း
ဆိုတာကတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ်၊ မကောင်းတာလုပ်ရင်
မကောင်းတဲ့အကျိုးရမယ်၊ ကိုယ်လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ အကျိုးတရားကို
ရလိမ့်မယ်လို့ ယုံကြည်သိမြင်တဲ့ ဥာဏ်အလင်း ဖြစ်ပါတယ် ။
ဝိပဿနာဥာဏ်အလင်းကတော့
ဖြစ်ပျက်မြင်တဲ့ဥာဏ်ပါ။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊
ရေ၊ မြေ၊ တော၊ တောင်၊ ရွှေ၊ ငွေ၊ အိမ်၊ ခြံ အစရှိတဲ့ သက်ရှိသက်မဲ့
ပညတ်တွေဟာ ပညတ်သဘောအားဖြင့်သာ၊ လောကဝေါဟာရအားဖြင့်သာရှိပေမယ့်
အမှန်တကယ်တော့ မရှိဘူး။ တကယ့် အစစ်အမှန် ပရမတ်သဘောအား ဖြင့်တော့
ဖောက်ပြန်သဘော၊ သိသဘော ဆိုတဲ့ ရုပ်တရား၊ နမ်တရားမျှသာ ရှိတယ်၊
အကြောင်းအကျိုးနဲ့တကွ ရုပ်တရား၊ နမ်တရားတွေဟာလည်း ဖြစ်ပျက်နေကြတယ်၊ မမြဲတဲ့
အနိစ္စတရားတွေ၊ မကောင်းတဲ့ ဒုက္ခတရားတွေ၊ မပိုင်တဲ့ အနတ္တတရားတွေဖြစ်တာမို့
ရုပ်နာမ်၊ ကြောင်းကျိုး၊ ဖြစ်ပျက်၊ မမြဲ၊ မကောင်း မပိုင်သဘောတွေကို
သိမြင်တဲ့ ဥာဏ်အလင်း ဖြစ်ပါတယ် ။
အဲ့ဒီလိုမျိုး
ဝိပဿနာဥာဏ်အလင်း (ဖြစ်ပျက်ဥာဏ်အလင်း)ပေါ့ တစ်ဆင့်ထက် တစ်ဆင့် ရင့်သထက်
ရင့်ပြီးတော့ အားကောင်းသွားမယ်၊ အထွတ်အထိပ် ရောက်သွားမယ်ဆိုရင်တော့
မဖြစ်မပျက်ကို မြင်တဲ့ဥာဏ်ကို ရပါလိမ့်မယ်။ မဖြစ်မပျက်ဆိုတာက
မဂ်ဥာဏ်ဖိုလ်ဥာဏ်ပါ။ ဒါကြောင့် မဖြစ်မပျက်နိဗ္ဗာန်ကိုမြင်နိုင်တဲ့
မဂ်ဥာဏ်ဖိုလ်ဥာဏ်ကိုတော့ မဂ်ဖိုလ်ဥာဏ်အလင်းလို့ ခေါ်ပါတယ်ရှင် ။
ဝ-၀-၀-၀-၀-၀-၀-၀-ဝ
“ တရားပေးလှူ ရေးသားသူ၊ မှတ်ယူ အလင်းစေတမန် “
တရားစာပေ
ရေးသားတဲ့အလုပ်ကို လုပ်တဲ့ ပုဂ္ဂိုလ်၊ တရားဓမ္မ ဟောပြောတဲ့ အလုပ်ကို လုပ်တဲ့
ပုဂ္ဂိုလ်၊ ကမ္မဋ္ဌာန်း တရားပြသတဲ့အလုပ်ကို လုပ်တဲ့ ပုဂ္ဂိုလ်၊ စာသင်တိုက်က
ဆရာတော် သံဃာတော်တွေ၊ ဘာသာရေး သင်တန်းတွေ မှာ ဟောပြောနေတဲ့၊ ပို့ချနေတဲ့
လူဝတ်ကြောင် ဒကာ၊ ဒကာမတွေကလည်း အလင်းစေတမန် တွေပါပဲရှင် ။
ဒီလိုမျိုး
အလင်းစေတမန် ပုဂ္ဂိုလ်တွေ အများကြီးရှိတဲ့အထဲကမှ
မြတ်စွာဘုရားရှင်လက်ထပ်တုန်းက အလင်းစေမန် လူဝတ်ကြောင် အမျိုးသမီး ပုဂ္ဂိုလ်
တစ်ယောက်ရှိခဲ့ဖူးပါတယ်။ “ခုဇ္ဇုတ္တရာ” ဆိုတဲ့ အမျိုးသမီးငယ်လေးပါ ။ “ခုဇ္ဇာ”
ဆိုတာ ခါးကုန်းတာ၊ “ဥတ္တရာ” ဆိုတာ မြတ်တာ လို့ အဓိပ္ပါယ်ရတာကြောင့် “
ခုဇ္ဇုတ္တရာ ဆိုတာ ခါးကုန်း မခင်မြတ်” လို့ ခေါ်တာပါ။ မခင်မြတ်က နန်းတော်ထဲမှာ
သာမာဝတီမိဖုရားရဲ့ အလုပ်ကျွေးတွေကို ပြုနေရတဲ့ ကျေးကျွန်တစ် ယောက်ပါ။
သာမာဝတီမိဖုးရားကြီးကတော့ ကောသမ္ဗီပြည့်ရှင် ဥတေနမင်းကြီးရဲ့
ဖိဖုရားတစ်ဦးပါ။ ဥတေနမင်း ကြီးမှ မခင်မြတ်ကို နေ့စဉ် ပန်းဖိုး
ရှစ်ကျပ်ပေးပြီး သာမာဝတီ မိဖုရားကြီးအတွက်ပန်းများကို နေ့စဉ်ဝယ်ယူပြီး
ဆက်သစေခဲ့ပါတယ်။ ဒီအခါမှာ မခင်မြတ်က ပန်းဝယ်ဖို့ပေးတဲ့ ရှစ်ကျပ်အနက်မှ
နေ့စဉ်ဝယ်ယူတဲ့ ပန်းကို လေးကျပ်ဖိုးသာ ၀ယ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့
မခင်မြတ် ပန်းဝယ်ဖို့ရာ ဦးသုမနခြံကို သွားရာ ဦးသုမနမှ ယနေ့တွင် မိမိမှ
ပန်းမရောင်းနိုင်ကြောင်း၊ ဘုရားအမှူးပြုတဲ့ သံဃာတော်တွေကို အိမ်မှာ
ဆွမ်းကပ်လုပ်ကျွေးမှာဖြစ်တာကြောင့် ဦးဦးဖျားဖျား ခူးဆွတ်ထားတဲ့
ပန်းတွေကိုလည်း ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို လှူဒါန်း မယ့်အကြောင်းကို
မခင်မြတ်ကို ပြောပြလိုက်ပါတယ်။ ဒါ့အပြင် မခင်မြတ်ကိုလည်း သူတစ်ပါးရဲ့
ဝေယျာဝစ္စလုပ်ရတဲ့ ကျေးကျွန်ဘ၀ကနေ လွတ်မြောက်ချင်တယ်ဆို “ ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးရဲ့ ဝေယျာဝစ္စကို လုပ်ပါ၊ ” “ ရတနာသုံးပါးရဲ့
ဝေယျာဝစ္စကိုလုပ်ရင် သူတစ်ပါးရဲ့ ဝေယျာဝစ္စကို လုပ်ရတဲ့ အခိုင်းအစေ
ကျွန်ဘ၀ကနေ လွတ်မြောက်နိုင်တယ်” လို့ပြောဆိုပြီး မခင်မြတ်ကိုလည်း အတူတကွ
တရားနာယူစေခဲ့ပါတယ် ။
မခင်မြတ်မှ
“ကောင်းပါပြီ ဦးကြီး” လို့ဆိုပြီးတော့ ဦးသုမနရဲ့ ဆွမ်းဆပ်ကပ်လုပ်ကျွေးတဲ့
ကိစ္စမှာ ဝေယျာဝစ္စ ကူညီ ဆောင်ရွက်ပေးပါတယ်၊ အဲ့ဒီနောက် ဘုရားအမှူးပြုတဲ့
သံဃာတော်များ ဆွမ်းဘုဉ်းပေးပြီးအတဲ့ အခါမှာဟောကြား တဲ့
ဆွမ်းအနုမောဒနာတရားကို မခင်မြတ်က ၀င်ရောက်နာယူပါတယ်။ အနုမောဒနာတရားရဲ့
အဆုံးမှာပင် မခင်မြတ်က တရားထူးရရှိသွားတာကြောင့် သောတာပန်
ဖြစ်သွားခဲ့ပါတယ်ရှင် ။ တရားဟောပြီးလို့ ဘုရားအမှူး ရှိတဲ့ သံဃာတော်တွေ
ကျောင်းပြန်ကြွသွားချိန်မှာတော့ ခြံထဲမှာ ကျန်နေတဲ့ ပန်းတွေကို မခင်မြတ်က
လိုက်ခူးပေး ပြီးတော့ ပန်းဝယ်ပါတယ်။ ခါတိုင်းတော့ မခင်မြတ်က ပန်းဝယ်တာ
လေးကျပ် ဖိုးသာ ၀ယ်ပေမယ့် ဒီနေ့မှာတော့ ရှစ်ကျပ်ဖိုးအပြည့် ၀ယ်ယူခဲ့ပါတယ်။
အကြောင်းမှာ ဆွမ်းအနုမောဒနာတရား ဟောအပြီးမှာ မခင်မြတ်ဟာ သောတာပန်
တည်သွားတာကြောင့် ငါးပါးသီလ အကြွင်းမဲ့ လုံခြုံသွားလို့ပဲ ဖြစ်ပါတယ်။
(သောတာပန် တည်ပြီဆို လျှင် ငါးပါးသီလက အကြွင်းမဲ့ ယုံကြည်သွားပါတယ် ။)
ယခင်နေ့များမှာ
ပန်းဖိုးထဲမှာ လေးကျပ်ကို မိမိအတွက် နုတ်ဖယ်ထားခဲ့ပေမယ့် ဒီနေ့မှာတော့
ပန်းဖိုး ရှစ်ကျပ်ဖိုး အပြည့် ပန်းများကို ၀ယ်သွားတာကြောင့် ယခင်ရက်များထက်
ပန်းတွေက များနေတာကြောင့် သာမာဝတီမိဖုရား က မခင်မြတ်ကို “ ဟယ် .. မခင်မြတ်
ပန်းတွေက များလှချည်လား၊ ခါတိုင်းထက်နှစ်ဆတောင် ရှိနေတယ်၊ မင်းကြီး က
ပန်းဖိုး နှစ်ဆများပေးရော့သလား “ လို့ မိန့်ရှိတဲ့အခါမှာတော့ “ မဟုတ်ပါဘူး၊
မဖုရား၊ ခါတိုင်းလည်း ရှစ်ကျပ်ဖိုး ၀ယ်ဖို့ပေးခဲ့ ပေမယ့် ကျွန်မက
လေးကျပ်ဖိုးသာ ၀ယ်ယူမိပါတယ် “ လို့ အမှန်အတိုင်း ပြောပြခဲ့ပါတယ်။ မိမိမှာ
ယနေ့ ပန်းအ၀ယ်သွားရာ ဦးသုမန အိမ်၌မြတ်စွာဘုရားရဲ့ တရားတော်ကိုနာ
ကြားခဲ့ရပြီး၊ တရားနာအပြီးမှာတော့ မိမိရဲ့ စိတ်ဓါတ်၊ မိမိရဲ့ ဘဝ
ပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်း” ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်တဲ့
အခါမှာ တော့ သာမာဝတီမိဖုရားကြီးက ..
“ မခင်မြတ် သောက်သုံးခဲ့ရတဲ့ အမြိုက်ရေစင်ကို ကျွန်မကိုလည်း မတိုက်ကျွေးနိုင်ဘူးလား “
မခင်မြတ်မှ
“တိုက်ကျွေးနိုင်ပါတယ် မဖုရား “ လို့လျှောက်တင်ပြီးတဲ့အခါ သာမာဝတီမိဖုရားမှ
မခင်မြတ်အား နံ့သာရည်ဖြင့် ရေချိုးပေး၊ အ၀တ်စားကောင်းတွေ ဆင်မြန်းပေး၊
မြင့်တဲ့နေရာမှာ ထိုင်ခိုင်းပြီးတော့ တရားနာယူပါ တယ်။ မခင်မြတ်
တဆင့်ပြန်လည် ဟောတဲ့တရားကို နာယူပြီးတော့ သာမာဝတီမိဖုးရားနဲ့တကွ
ရံရွေတော်ငါးရာ လည်း သောတာပန်ဖြစ်သွား ကြပါတယ် ။ အားလုံး
သောတာပန်ဖြစ်သွားကြတဲ့အချိန်ကစပြီး မခင်မြတ်က လုပ်ဆောင်နေရတဲ့ အလုပ်တွေကို
မလုပ်ရတော့ဘဲမြတ်စွာဘုရားဆီ နေ့စဉ်သွားရောက် တရားနာကြားတယ်၊ တရားနာပြီး
နန်းတော်ပြန်ရောက်တဲ့အခါမှာတော့ သူမ နာကြားခဲ့ရတဲ့ တရားကို
သာမ၀တီမိဖုရားကြီးနှင့်အတကွ ရံရွေတော်ငါးရားကိုပြန်ပြီးတော့ဟောပြပါတယ်။
ဒီလိုနဲ့မြတ်စွာဘုရားရဲ့ တရားတွေ သွားနာ၊ပြန်ဟောနဲ့ ပိဋကတ်သုံးပုံကို
ကြေညက်နက်သွားတဲ့အတွက် ဟိုတုန်းက သူများရဲ့ အခိုင်းအစေဖြစ်ခဲ့တဲ့ မခင်မြတ်
(ခုဇ္ဇုတ္တရာ) ဟာ ပိဋကတ်သုံးပုံလုံးကို အာဂုံဆောင်နိုင်လို့ တိပိဋကဓရဘွဲ့
ရပါတယ်။ ဒါ့အပြင် အမျိုးသမီး လူဝတ်ကြောင် တွေထဲ မှာက ပရိယတ္တိ ဗဟုသုတ
များတဲ့နေရာမှာ အသာဆုံး၊ အမြတ်ဆုံးဆိုတဲ့ ဧတဒဂ်ဘွဲ့ထူးကိုပါ ရရှိသွားခဲ့ရ
သူလေး ဖြစ်ပါတယ်ရှင် ။ တနည်းအားဖြင့် အလင်းစေတမန် အလုပ်ကိုလည်း
လုပ်ဆောင်တယ်ပေါ့ ။
ဝ-၀-၀-၀-၀-၀-၀-၀-ဝ
ဒီခေတ်မှာတော့
မီဒီယာမျိုးစုံနဲ့ ဆက်သွယ်လို့ရနေတာဆိုတော့ ကိုယ်အဆင်ပြေတဲ့အလုပ်နဲ့
အလင်းစေတမန် လုပ်နိုင်ပါတယ်။ တိုက်ရိုက်ဟောပြော၊
တိုက်ရိုက်ဆုံးမပြီးတော့လည်း အလင်းစေတမန် လုပ်နိုင်သလို၊ ဟောပြော ထား၊
ဆုံးမထားတဲ့ တရားတိပ်ခွေတွေ၊ တရားဓါတ်ပြားတွေ ဖြန့်ဝေ လှူဒါန်း၊ ငှားရမ်း၊
ကူးပေးပြီးတော့လည်း အလင်းစေမန် လုပ်နိုင်ပါတယ်။ တနည်း တရားစာပေ
ရေးသားထုတ်ဝေပြီးတော့လည်း အလင်းစေတမန် လုပ်နိုင် သလိုရေးသားထုတ်ဝေထားတဲ့
တရားစာအုပ်တွေဖြန့်ဝေ၊ လှူဒါန်း၊ ငှားရမ်း၊ ဖတ်ပြပြီးတော့လည်းကောင်း၊
တစ်အိမ်တက်ဆင်း လမ်းလျှောက်သွားပြီးတော့လည်း အပင်ပန်းခံ အလင်းစေတမန်
လုပ်နိုင်တဲ့အပြင် ယနေ့ခေတ် မှာဆိုရင်တော့ အင်တာနက်၊ အီးမေးလ်
အသုံးပြုပြီးတော့လည်း သက်တောင့်သက်သာ အလင်းစေတမန် လုပ်နိုင် ပါတယ် ။
မြတ်စွာဘုရား ဟောသမျှ
တရား၊ မြတ်စွာဘုရား ဟောသမျှ စကားတွေဟာ အလင်းစကားတွေ၊ အလင်းတရားတွေ
ချည်းပါပဲ၊ အဲ့ဒီ အလင်းစကား၊ အလင်းတရားတွေကို သူတော်ကောင်းတို့ရဲ့
နှလုံးမှာ ကိန်းဝပ်သွားအောင် ဖြန့်ဖြူးပေးတဲ့ ပုဂ္ဂိုလ်ကို အလင်းစေတမန်
လို့ခေါ်ပါတယ်။ ဒါကြောင့် အလင်းစေတမန် မလေး မခင်မြတ်အပါအ၀င် အခြားသော
အလင်းစေတမန် အလုပ်ကို လုပ်ဆောင်ကြတဲ့သူများကို ဂုဏ်ပြုပူဇော်တဲ့အနေနဲ့ “ တရားပေးလှူ၊ ဟောပြောသူ၊ မှတ်ယူ အလင်းစေမန်”
ဆိုတဲ့ ဆောင်ပုဒ်လေးနှင့်အတူ ဒီဇင်ဘာ (၂၈)ရက် (နတ်တော်လပြည့်နေ့) တွင်
ကျရောက်သည့် ဓမ္မစာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် ဤ အလင်းစေမန်
ဆောင်းပါးလေးဖြင့် ကျေးဇူးရှိ သော မိခင်ကြီး၊ ကွယ်လွန်သွားပြီဖြစ်သော
ဖခင်ကြီးနှင့် အခြား အခြားသော ကျေးဇူးပြုဖူးသူ၊ ကျေးဇူးရှိဖူးသူ၊
ကျေးဇူးပြုဆဲသူများ အားလုံးကို အနန္တာ အနန္တ (၅)ပါးကို
ဦးထိပ်ပန်ဆင်ပြီးလျှင် ခင်ပွန်းကြီး (၁၀)ပါးကို ဦးထိပ် လျှက်
ရှိခိုးကန်တော့ပါ၏ ဘုရား ….
အလင်းစေတမန်အလုပ်ကို လုပ်ဆောင်ကြသူများ အားလုံနှင့် မိမိ၏ ရေးသားပူဇော်မှုအတွက်ကိုလည်း သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါတယ်ရှင် …..။
အားလုံးသော သူများမှသည်လည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပိုင်ဆိုင်ရသူများ ဖြစ်ကြပါစေလို့ ………
ကိုးကား
၁) အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ အလင်းစေတမန် အသံတရားတော်နှင့် စာအုပ်
၂) http://www.mawluu.com/ မှ ဆရာကြီး မင်းယုဝေ ရေးသားသည့် “ခုဇ္ဇုတ္တရာ”
(မြတ်မင်္ဂလာ ၂၀၀၇၊ သြဂုတ်လ) ဆောင်းပါး
ဝန်ခံချက်။
ထရီဆာသည် ဘာသာရေးဆောင်းပါးများကို ရေးသားရာတွင် သာသာရေးနှင့် ပတ်သက်သော
အသုံးအနှုန်းများ၊ ဖော်ပြချက်များတွင် ရင်းနှီးကျွမ်းဝင်မှုအပိုင်း၌
လိုအပ်ချက်များ ရှိနေပါသေးသဖြင့် အမှားအယွင်း၊ အသုံးအနှုန်း တစုံတရာ
ပါရှိခဲ့ပါက ထရီဆာရဲ့ လိုအပ်ချက်အဖြစ် နားလည်ပေးပါရန်နှင့် ညွှန်ပြ
ပြုပြင်ပေးဖို့ရန် မေတ္တာရပ်ခံပါတယ်ရှင် ။
မေတ္တာဖြင့်
ထရီဆာ (Teresa)
December 14, 2012. (5း57 PM)
0 comments:
Post a Comment