Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

စာရေးသည် ဆိုရာဝယ်


ယနေ့ခေတ် အချိန်အခါမှာ စက္ကူတွေကလည်း ဈေးကြီးပါတယ်။ အခုလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်တွေ အရေးတကြီးလိုအပ်လာတဲ့ အချိန်ကာလမျိုးမှာ စက္ကူတွေဟာ ပိုလို့ တန်ဖိုးရှိစွာ အသုံးပြုရမယ့် အချိန်ကာလဖြစ်လာပါပြီ။ စာအုပ်ဈေး၊ ဂျာနယ်ဈေး၊ မဂ္ဂဇင်းဈေးတွေကလည်း မသေးလှပါဘူး။ ခေတ်ကာလရဲ့ တောင်းဆိုမှုကြောင့် စာဖတ်သူတွေဟာ စာကို အေးအေးလူလူ ဖတ်နိုင်တာတွေလည်း ရှားပါးလာပါပြီ။

တန်ဖိုးရှိသော စက္ကူ၊ တန်ဖိုးရှိသော စာဖတ်သူများရဲ့ အချိန်များကိုငဲ့ကွက် တန်ဖိုးထားတဲ့အနေနဲ့ စာဖြစ်ရင်ပြီးရော၊ စာမူခ ရရင်ပြီးရော၊ပြီးပြီးရော စာရေးတဲ့အခါမှာ မိမိ စာရေးတာဟာ ဘယ်လို စေတနာမျိုးနဲ့ပါလဲဆိုတဲ့ မေးခွန်းမျိုး စာရေးသူတိုင်း မိမိကိုယ် မိမိမေးမိကြပါသလား မသိပါ။ ကိုယ်ရေးတဲ့စာဟာ ကျိုးကြောင်းခိုင်လုံမှုရှိရဲ့လား ၊ အကိုးအကားခိုင်လုံရဲ့လား၊ ရမ်းသမ်းရေးတာလားဆိုတာ ဆင်ခြင်ပြီးမှ စာရေးမယ်ဆိုရင် အတိုင်းထက်အလွန် အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။
စာဖတ်သူများဟာ စာရေးသူ ရေးသမျှကို ဖတ်ပြီး ယုံနေလိမ့်မယ်လို့ တစ်ထစ်ချ မှတ်ထင်ထားလို့ မဖြစ်ပါဘူး။ စာဖတ်သူတွေထဲမှာ စာရေးသူထက် စာဖတ်အားပိုကောင်းတဲ့သူတွေ၊ တွေးတောဆင်ခြင်နိုင်တဲ့သူတွေ၊ စာရေးသူ ရေးသားတဲ့ အကြောင်းအရာ topic အပေါ်မှာ ကျွမ်းကျင်နေတဲ့သူ ၊ specialist ဖြစ်နေတဲ့သူတွေ ပါဝင်နေကောင်း ပါဝင်နေပါလိမ့်မယ်။ အလုပ်ရှုပ်လို့ စာတစ်တန် ၊ ပေတစ်တန်နဲ့ စာရေးသူတွေဆီ မပြောတာသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စာရေးသူရေးတာတွေဟာ ဟုတ်မှန်သလား ၊ မဟုတ်မှန်ဘူးလားဆိုတာကို ပိုင်းခြားဆင်ခြင်နိုင်တဲ့ စာဖတ်သူပေါင်း များစွာ ရှိနေပါတယ်ဆိုတာ စာရေးသူတွေဖက်က မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အနည်းဆုံးတော့ စာမူခရလို့ စာတစ်ပုဒ်ဖြစ်သွားဖို့ စာရေးတယ်လို့ ထားဦးတော့ ... အဲဒီလိုဆိုရင်လည်း စာဖတ်သူတွေရှိလို့ စာရေးနေရတာပါ။ စာဖတ်သူတွေသာ မရှိရင် မဂ္ဂဇင်း၊ ဂျာနယ်တွေလည်း ရောင်းရမှာ မဟုတ်လို့ စာရေးသူတို့ စာမူခရမယ့် စာတွေလည်း ရေးရမှာ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်း စာရေးတဲ့ စာရေးသူတွေအား စာမူခ ရစေတဲ့ စာဖတ်သူတွေကို လေးစားသောအားဖြင့်တော့ စာရေးသူဟာ တာဝန်တစ်ခုအနေနဲ့ သတ်မှတ်ထားပြီးတော့ ကိုယ်ရေးတဲ့စာဟာ ခိုင်လုံပါရဲ့လားဆိုတာလေးတော့ ဆန်းစစ်ပြီးမှ စာဖတ်ပရိသတ်ဆီကို တင်ပြပေးမှသာလျှင် စာရေးသူရဲ့ စာဖတ်သူအပေါ်မှာ ထားရှိတဲ့ စေတနာမှန်ကန်ပါတော့မယ်။
နည်းပညာရပ်ဆိုင်ရာ ဆောင်းပါးများကို ဘာသာပြန်ဆို ရေးသားတယ်ဆိုရင်လည်း ထိုနည်းပညာဘာသာရပ်ကို ကျွမ်းကျင်သူစာရေးသူမဟုတ်ပါက ထိုနည်းပညာရပ်မှာ ကျွမ်းကျင်သူများကို တိုင်ပင်မေးမြန်းပြီးမှ (သို့မဟုတ်) ကိုယ်ရေးထားတာကို ထိုနည်းပညာရပ်မှာ ကျွမ်းကျင်သူက ထောက်ခံတယ်လို့ ဆိုမှသာ စာဖတ်ပရိတ်သတ်ကို တင်ပြသင့်ပါတယ်။ စာဖတ်ပရိသတ်ထဲမှာ ထိုနည်းပညာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူများ ပါရှိနေလိမ့်မယ်ဆိုတာကို စာရေးသူတို့ မမေ့မလျော့ သတိပြုသင့်ပါကြောင်း ယူဆထင်မြင်မိပါတယ်။

ဟနစံ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More