
“ကြိုဆိုပါတယ်ရှင်”
“လူကြီးမင်းရဲ့ ခုံနံပါတ် ဘယ်လောက်ပါလဲ”
မေးလာတဲ့
လေယာဉ်မယ်ကို လေယာဉ်လက်မှတ်လေး ထုတ်ပြလိုက်ပါတယ်။ သူလမ်းညွှန်ရာ
ခုံတန်းဆီကို သွားခဲ့ပါ တယ်။ ကျနော်တည်းခိုတဲ့ နေရာက ထွက်လာတာ
နောက်ကျလို့ လေယာဉ်ပေါ် တက်ချိန်လဲ သတ်မှတ်ချိန်ထက် အနည်း ငယ်
နောက်ကျခဲ့ပါတယ်။ ဘန်ကောက်မှ တိုင်ဝမ်ကို ပျံသန်းမယ့်လေယာဉ်ကြီးပေါ်မှာ
လူတွေကနေရာယူထားကြပါပြီ။ ကျနော့် ထိုင်ခုံက လေယာဉ်ပျံကြီးရဲ့
အလယ်ခုံတန်း၊ လမ်းဘေး အစွန်က ဖြစ်ပါတယ်။
ပါလာတဲ့
လက်ဆွဲအိတ်အသေးလေးကို အပေါ်မှာ နေရာချအပြီး ထိုင်လိုက်ချိန်မှာတော့
ကျနော့်ညာဖက်၊ ဘေးတန်း အစွန်ခုံမှာ ထိုင်နေတဲ့ ဆရာတော်တပါးကို
သတိထားမိပါတယ်။ ဆရာတော်ဘက် မျက်နှာမူ လက်အုပ်ချီပြီး ကန်တော့ လိုက်ပါတယ်။
ဆရာတော်က ခေါင်းညိမ့်အသိအမှတ်ပြုပြီး ကျနော့်ကို စကားပြောချင်ဟန်
တွေ့ရပါတယ်။ ဆရာတော် စီး ထားတဲ့ ဘိနပ်က ဘုန်းကြီးစီး ဗမာဘိနပ်ကို
အကဲခတ်မိလိုက်တယ်။
“အရှင်ဘုရား ဗမာပြည်က ဆရာတော်လားဘုရား” လို့ ကျနော်ကပဲ စတင်နှုတ်ဆက်လိုက်ပါတယ်။
“ဟုတ်ပါတယ် ဒကာလေး၊ မထင်မှတ်ဘဲ လေယာဉ်ပေါ်မှာ ဗမာနဲ့ဆုံရတာ ၀မ်းသာလိုက်တာကွယ်” တဲ့။
ပြီးတော့ ဆရာတော်က စကား ဆက်လာပါတယ်။
“ဒကာလေး ခရီးဆုံးမှာက ဘယ်လေဆိပ်လဲကွဲ့” ဆရာတော်က မေးလာပါတယ်။
“တင်ပါ့ဘုရား၊
တပည့်တော် လော့စ်အိန်ဂျလိစ်ကို သွားမှာဆိုတော့ ခရီးဆုံးလေဆိပ်က LAX
ပါဘုရား၊ တိုင်ဝမ်မှာ ခဏ စောင့်ပြီး အီးဗားလေကြောင်းက
လေယာဉ်နောက်တစီးကို ပြောင်းစီးရမှာပါ။” လို့ ဖြေကြား
လျှောက်ထားလိုက်ပါတယ်။
ဒီအချိန်မှာ
ဆရာတော့်မျက်နှာတော်မှာ ၀မ်းသာသွားတဲ့ အမူအယာကို မြင်လိုက်ရပါတယ်။
သူ့အိတ်ထဲက လေယာဉ် လက်မှတ်တွေကို ထုတ်ပြလာပါတယ်။ ဆရာတော်ကြွမယ့်
ခရီးစဉ်ကို ကြည့်လိုက်တဲ့အခါ ကျနော်သွားမယ့်ခရီးနဲ့ အတူတူ ဖြစ်နေကြောင်း
သိလိုက်ရပါတယ်။ ဒီခရီးမှာ တတ်နိုင်သလောက် ဆရာတော့်ကို ကူညီဖို့ ကျနော်
ဆုံးဖြတ်လိုက်ပါတယ်။
ဆရာတော် အရွယ်ဟာ
သက်တော် လေးဆယ်ကျော် ငါးဆယ် လူလတ်ပိုင်း အရွယ်ဖြစ်ပါတယ်။ ဆရာတော့်
ဘွဲ့တော် နဲ့ သူသီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းကို သိလိုက်ရတဲ့အခါ
ဆရာတော်ဟာ နာမည်ကြီး တရားဟော တရားပြ ဓမ္မက ထိက ဆရာတော်တပါးဖြစ်ကြောင်း
သိလိုက်ရပါတယ်။ အင်တာနက်ကနေ ဆရာတော့်တရားစီဒီတွေ ကျနော်နာဖူးပြီး လူ
ကိုယ်တိုင် အခုမှပဲ ဖူးခွင့်ရတာပါ။ တရားတော်အကြောင်း မရှင်းတာတွေ
မေးခွင့်ရတော့မှာမို့ ကျနော်လဲ ၀မ်းသာပါတယ်။
“အေးကွယ် … အခုလို
ခရီးအစ အဆုံး ဒကာလေးနဲ့ တူနေတဲ့အတွက် ဘုန်းကြီးအတွက် အားလုံး
အဆင်ပြေသွားပါပြီ၊ နိုင်ငံခြားကို တခါမှ ခရီးမထွက်ဖူးဘူး၊ ပြီးတော့
အင်္ဂလိပ်ဘာသာလဲ တလုံး တပါဒမျှ မသင်ခဲ့ဖူးဘူးဆိုတော့ ဒကာ၊ ဒကာမ တွေကို
ငဲ့ပြီးတော့သာ ဒီခရီးကို ထွက်ခဲ့ရတာ အဆင်ပြေပါ့ ပြေပါ့မလားလို့ ဘ၀င်တော့
သိပ်မကျချင်ဘူးကွဲ့ ”
“တင်ပါ၊ ရပါတယ်ဘုရား၊ တပည့်တော် တတ်နိုင်တာ ဆောင်ရွက်ပေးမှာပါ။”
ကျနော်တို့
စကားကောင်းနေလိုက်တာ ဖျော်ရည်၊ ရေ တွန်းလှည်းနဲ့ လေယာဉ်မယ်လေးရဲ့ “ဘာများ
သုံးဆောင်ကြမလဲ ရှင်” မေးခွန်းသံကြားတော့မှ သတိပြန်ဝင်လာတယ်။ ဆရာတော့်ကို
ပန်းသီးဖျော်ရည်နဲ့ ရေသန့်တခွက်စီ ကပ်လှူပေးပါတ ယ်။ ကျနော်ကတော့
ဆိုဒါတဗူး တောင်းသောက်လိုက်ပါတယ်။
ဝ-၀-၀-၀-ဝ
တိုင်ဝမ်လေဆိပ်ကို
ရောက်တော့ ဆရာတော့်အိတ်ကလေးကို ကူသယ်ပေးပြီး လေယာဉ်နောက်တစီး ပြောင်းရမယ့်
နေရာကို သွားကြပါတယ်။ အဲဒီဂိတ်ကလဲ ဘန်ကောက်လေယာဉ် ဆိုက်တဲ့ဂိတ်နဲ့
သိပ်မဝေးပါဘူး။ တနာရီကျော်ကျော် စောင့်ရင်း စကားပြောပြီး အချိန်ရောက်တဲ့အခါ
လောစ့်အိန်ဂျလိစ်ကို ထွက်မယ့် လေယာဉ်ပေါ် တက်ခဲ့ကြပါတယ်။
မွန်းမတည့်မီ
လေယာဉ်ပေါ်မှာ ရတဲ့အစားအစာတွေနဲ့ ဆရာတော့်ကို ဆွမ်းကပ်ပါတယ်။ မလောက်မင
ဖြစ်နေတဲ့ဆွမ်း အတွက် ၀၀လင်လင် ဘုန်းပေးနိုင်အောင် အနောက်တိုင်း
အစားအစာအချို့ကို ဆရာတော့်အတွက် အော်ဒါ ထပ်မှာပေးပါ တယ်။
ဆွမ်းကိစ္စပြီးတဲ့အခါ အိမ်သာ (ကုဋီ) သွားချင်ကြောင်း ဆရာတော်က ပြောတော့
“တပည့်တော် လိုက်ပို့ပေးမယ် ဘု ရား” လို့ လျှောက်ထားဖြစ်ပါတယ်။
ဆရာတော်က လက်ကာပြပြီး . . .
“အတွေ့အကြုံရအောင် ကိုယ်တိုင်ပဲ သွားတော့မယ်” တဲ့ ဆရာတော်က ပြောလာပါတယ်။
ကျနော်
စဉ်းစားဖြစ်တာကတော့ ကျနော့်ကို အားနာတာလဲပါမယ်၊ ငယ်ဖြူရဟန်းတော်တွေမို့
ရှက်တာလဲ ပါလိမ့်မယ် လို့ ထင်မိပါတယ်။ဖြတ်သန်းခဲ့တဲ့ တလမ်းလုံးလဲ
အိမ်သာမသွားဘဲ တိုင်ဝမ်လေဆိပ်ရောက်မှ အများသုံးအိမ်သာမှာ အပေါ့
သွားဖြစ်တာကို သတိထားမိလိုက်ပါတယ်။
အချိန်ရတာနဲ့
လေယာဉ်ပေါ်က မဂ္ဂဇင်းစာအုပ် အဟောင်းလေးတွေကို ယူဖတ်လိုက်ပါတယ်။ အဲဒီထဲက
စာအုပ်တအုပ် က “အွန်လိုင်းမော” အကြောင်းနဲ့ အွန်လိုင်းကမှာရင်
ရနိုင်တဲ့ ပစ္စည်းတွေကို ကြော်ငြာထားပါတယ်။ ကျနော် စိတ်ဝင်စားတဲ့
နာရီများအကြောင်းကို ဈေးနှုံးနဲ့တကွ ဖော်ပြထားတာတွေ့လို့ အသေးစိတ်
ဖတ်နေမိတယ်။ စာဖတ်ရင်း စိတ်ဝင်စားနေချိန် မှာ လေယာဉ်မယ်တဦးက အရေးတကြီး
ကျနော့်လက်ကို ကိုင်လှုပ်ပြီး …
“Oh, my god! Your monk is getting trouble in the restroom.”
“အိုး မိုင် ဂေါ့ ဒ်၊ အိမ်သာခန်းထဲမှာ ခင်ဗျားရဲ့ ရဟန်းတော်ခမြာ ဒုက္ခရောက်နေရှာပြီ” တဲ့ဗျား။
စာဖတ်ပြီး
မေ့မေ့လျော့လျော့ဖြစ်သွားတဲ့ ကျနော်လဲ လေယာဉ်နောက်ပိုင်းက
ဆရာတော်ကြွသွားတဲ့ အိမ်သာရှိရာကို ခပ်သုတ်သုတ် သွားခဲ့ပါတယ်။
ကျနော်ရောက်တော့ ဆရာတော်က ခပ်ပြုံးပြုံးနဲ့ အိမ်သာထဲက ကိစ္စပြီးလို့
ထွက်လာပြီဖြစ်ပါ တယ်။ အခုန ပြာပြာသလဲ လာပြောရှာတဲ့ လေယာဉ်မယ်လေးကတော့
စိတ်ပူစွာနဲ့ ဆရာတော်နဲ့ ကျနော့်ကို ကြည့်နေပါတ ယ်။ ဘာမှမဖြစ်ကြောင်းနဲ့
အဆင်ပြေကြောင်းကိုပဲ သူ့ကို ရှင်းပြလိုက်ပါတယ်။
ထိုင်ခုံမှာ နေရာ
ပြန်ယူမိကြတဲ့အချိန်မှာ ဆရာတော်က သူကြုံတွေ့ခဲ့တဲ့ အဖြစ်သနစ်တွေကို
ဇာတ်ကြောင်းပြန်ဖို့ပြင် ပါတယ်၊ ကျနော်ကလဲ ဆရာတော် အိမ်သာထဲမှာ
ဘာဖြစ်ခဲ့သလိုဆိုတာကို သိချင်နေပါပြီ။
ဖြစ်ပုံက ဒီလိုပါ . . .
တံခါးပွင့်နေတဲ့
လေယာဉ်ပေါ်က အိမ်သာထဲကို ဆရာတော်က တံခါးကို အသာတွန်းပြီး ၀င်လိုက်ပါတယ်။
ပြီးတော့ တံ ခါးကို “ဂျက်” ထိုးလိုက်ပါတယ်။ သူ့စိတ်ထင်တော့ အဲသလို
ဘယ်ညာခလုတ်ကို ဆွဲတွန်းလိုက်ရင် ဂျက်ကျပြီ၊ ပိတ်ပြီးသွား ပြီလို့
ယူဆပါတယ်။ တကယ့်တော့ အိမ်သာတံခါးက လုံခြုံမှုရှိအောင် မပိတ်ရသေးပါ။
ကျဉ်းကျဉ်းကျုပ်ကျုပ်
အခန်းလေးထဲမှာ ထိုင်ပြီးအသုံးပြုရတဲ့ “ဗိုလ်ထိုင်အိမ်သာ” က
ဆရာတော့်အတွက် အခုမှ တွေ့ ဘူး၊ ကြုံဘူး၊ သုံးဘူးတဲ့ အသစ်အဆန်းမို့
သုံးရတာ ခက်နေပါတယ်။ ၀မ်းတော်ကလဲ သွားချင်ပြီဆိုတော့ ဘာမှ စဉ်းစား မ
နေတော့ဘဲ ဗမာ့နည်း ဗမာ့ဟန်နဲ့ ဗိုလ်ထိုင်အိမ်သာ ခုံပေါ်မှာ
စောင့်ကြောင့်ထိုင်ပြီး လုပ်ငန်း စပါတော့တယ်။ အဲဒီအချိန် အ တွင်းမှာပဲ
လက်လှမ်းမှီရာ ခလုပ်တွေကို စူးစမ်းတဲ့အနေနဲ့ လိုက်နှိပ်ကြည့်ပါတယ်။
ကောင်းကင်ပေါ် ပျံသန်းနေတဲ့လေယာဉ် ကြီးပေါ်မှာ အိမ်သာသွားရတဲ့ အတွေ့အကြုံကို
ယူနေခြင်းပင်ဖြစ်ပါတယ်။
ဆရာတော်
နှိပ်လိုက်တဲ့ ခလုတ်တွေထဲမှာ လေယာဉ်မယ်ကို ခေါ်တဲ့ခလုတ်ကို
နှိပ်လိုက်မိမှန်း ဆရာတော် မသိပါ။ ဒါ အိမ်သာထဲမှာ
အရေးပေါ်အကြောင်းတခုခုရှိမှ နှိပ်ရတယ်ဆိုတာကိုလဲ မသိခဲ့ပါ၊ အင်္ဂလိပ်စာလဲ
မဖတ်တတ်၊ မပြောတတ်ပါ။
ခရီးသည်တဦး
အိမ်သာထဲမှာ အခက်အခဲတခုနဲ့ မုချဧကန် ကြုံတွေ့နေရပြီ။ ငါ
အမြန်သွားကယ်မှဖြစ်မယ်ဆိုပြီး ချော မောလှပတဲ့ လေယာဉ်မယ်လေး ခမြာလဲ
အိမ်သာနား အပြေးရောက်သွားပြီး အိမ်သာတံခါးကို ဆွဲဖွင့်လိုက်ရာ . . .
ဗိုလ်ထိုင်အိမ်သာပေါ်မှာ
ဟိုဟာပေါ် ဒီဟာပေါ်နဲ့ စောင့်ကြောင့်ထိုင် အိမ်သာတက်နေတဲ့ ရဟန်းတပါးကို
မြင်ရတော့ လန့်ဖြန့်ပြီး “အိုး မိုင် ဂေါ့ ဒ်” လို့ အာမေဋိတ်သံ ထွက်ပြီး
တံခါးကို အမြန်ပြန် ပိတ်လိုက်ပါတယ်။ ပြီးတော့ လေယာဉ်မယ် လေးက ကျနော့်ထံ
အပြေးရောက်လာတော့တာပါပဲ။
ဝ-၀-၀-၀-ဝ
အလွန်တည်ကြည်တဲ့
အသွင်ကို ဆောင်လေ့ရှိတဲ့ ဆရာတော်လေးဟာ သူ့အတွေ့အကြုံတွေကို
ပြောပြနေချိန်မှာတော့ မျက်နှာတော်က ပြုံးနေပါတယ်။ ကျနော်လဲ ရယ်ချင်နေတာ
မရိုသေရာ ရောက်မှာစိုးလို့ မနည်းထိန်းထားရပါတယ်။ “အိုးမိုင် ဂေါ့ဒ်”
လို့ လန့်အော်သွားတဲ့ လေယာဉ်မယ်လေးကတော့ ဘယ်လိုထင်မယ် မသိပါဘူး။
ဘာအပြစ်မှ မရှိပါဘူး၊ အတွေ့အ ကြုံမရှိတဲ့ ခရီးသည်တွေ ဒီလိုဖြစ်တတ်ကြတာ
သဘာဝပါဘဲ။
လောစ့်အိန်ဂျလိစ်လေဆိပ်ကို
ရောက်တော့ လူဝန်မှုကြီးကြပ်ရေး စားပွဲတွေမှာ ၀င်တန်းစီဖို့
နေရာပြပေးလိုက်ပါတယ်။ အဲဒီနောက် ပစ္စည်းရွေးတဲ့နေရာမှာ ဆရာတော် ပါလာတဲ့
ပစ္စည်းတွေနဲ့ ကျနော့်ပစ္စည်းတွေ လှည်းပေါ်မှာ အတူတင်ပြီး ဧည့် ကြိုနေရာအထိ
ထွက်ခဲ့ကြပါတယ်။ စောင့်ကြိုနေကြတဲ့ ဆရာတော့် ဒကာ၊ ဒကာမတွေက ဆရာတော့်ကို
ကြိုဆိုနှုတ်ဆက် ပြီး ထွက်ခွာသွားကြပါတယ်။
ဝါကျွတ်ရင်
အမေရိကကို အလည်ကြွချင်ကြောင်း ပြော ပြောနေတဲ့ ကျနော့်အမေ ကိုးကွယ်တဲ့
ဘုန်းကြီးကျောင်းက ဆရာတော်ဘုရားကို ဒီအကြောင်းလေး လျှောက်ထားရဦးမယ်။
လေယာဉ်ဝန်ထမ်းတွေ “အိုး မိုင် ဂေါ့ ဒ်”လို့ အလန့်တကြား
မဖြစ်စေချင်လို့ပါဗျာ။
ကိုသက်
0 comments:
Post a Comment