တံခါးခေါက်သံ ခပ်တိုးတိုးနဲ့အတူ သူမ
နိုးလာတော့ မေမေ့အသံဆိုတာ သိလိုက်တာနဲ့ ကမန်းကတန်း ထလိုက်မိတယ်။ ကုတင်ဘေးက
စားပွဲတင်နာရီကို ကြည့်လိုက်တော့ မနက် ငါးနာရီအတိ။
“ဘာဖြစ်လို့လဲ မေမေ”
“အဖေ့ လည်ပင်းမှာ ကပ်ထားတဲ့ ပလာစတာ
ကွာသွားလို့ မေလည်း ပြန်ကပ်ပေးထားပေမယ့် ခဏခဏပြန်ကွာပြီး
သွေးစလေးနည်းနည်းတွေ့တာနဲ့ လန့်လို့ သမီးကို လာနှိုးတာ”
မေမေ့စကားကိုနားထောင်ရင်းနဲ့ အောက်ထပ်ကို
ဆင်းလာတော့ ဧည့်ခန်းထဲက ကုလားထိုင်မှာထိုင်ရင်း သူမကိုလှမ်းမျှော်နေတဲ့
ဖေဖေ့ရဲ့ အားနာတဲ့မျက်ဝန်းအစုံက သူမရင်ကို ဆွဲဆုတ်လိုက်သလို
နာကျင်စေလွန်းခဲ့တယ်။ ကျောက်ကပ် နှစ်ခုလုံးအားနည်းပြီး
အရေးပေါ်ကျောက်ကပ်ဆေးဖို့ ပြီးခဲ့တဲ့နှစ်ပတ်ကမှ လည်ပင်းက သွေးကြောမှာ
ပိုက်တပ်ထားရသူမို့ ကျောက်ကပ်ဆေးနေတုန်းမှာ ဖြစ်တတ်တဲ့ အန္တရာယ်ကို
စိုးရိမ်ရတဲ့အပြင် အိမ်ပြန်ရောက်တဲ့အခါ ကပ်ထားတဲ့ ပလာစတာ ကွာသွားမှာ ၊
သွေးကြောကနေ သွေးတွေတရဝေါထွက်လာတတ်မှာ၊ အခန့်မသင့်လို့
ပိုးဝင်ပြီးသွေးဆိပ်တက်မှာ စတာတွေကို သူမတို့ မိသားစု စိုးရိမ်ရတာ
အမြဲပါပဲ။
“ဘယ်တုန်းက ကွာသွားတာလဲ ဖေဖေ”
“သိပ်မကြာသေးပါဘူး သမီးရဲ့ သမီးအမေက စိုးရိမ်လို့ပါ”
“ဘာ… ဘယ်တုန်းက မကြာသေးရမတုန်း တော် ရဲ့ မနက် နှစ် နာရီကတည်းကလေ”
“စောစောက နှိုးလိုက်ရောပေါ့ မေမေရယ်၊
တော်ကြာ ကွာနေတဲ့ အစ ကနေ ယောင်ပြီးဆွဲမိပြီး သွေးတွေ ထွက်လာတော့
ဘယ်လိုလုပ်မလဲ၊ ပိုအလုပ်ရှုပ်ကုန်တော့မှာပေါ့ ”
ဒေါသနှောပြီး သူမ စောဒက တက်မိတော့
“သမီးကို နှိုးမယ်လို့ ပြောတာကို
ပင်ပန်းလို့အိပ်တာ အိပ်ပါစေဆိုပြီး သမီးအဖေက ကုလားထိုင်မှာ
ထိုင်စောင့်နေတာ အခုမှ နှိုးပေးပါဆိုလို့ ”
“မင်း ကွာ …”
“…………………..”
“…………………………..”
လင်မယားနှစ်ယောက် အပြန်အလှန်
တစ်ပျစ်တောက်တောက် ပြောတာကို လစ်လျူရှုရင်း ပလာစတာ ပြန်ကပ်ပေးနေဖြစ်သည်။
နှစ်ယောက်သား ငြင်းခုံကြတဲ့အကြောင်းက ဆေးရုံတက်တုန်းကလည်း
ညတိုင်းစောင့်အိပ်ခဲ့တဲ့ သူမကို အိပ်ရေးပျက်မှာ စိုးလို့တဲ့လေ။
အားလုံးပြီးလို့ ပြန်အိပ်လို့ရပြီလို့ပြောပြီး မော့ကြည့်လိုက်တော့
အသက်ရှစ်ဆယ် ၀န်းကျင် ရှိပြီဖြစ်တဲ့ မိဘနှစ်ပါးရဲ့ သမီး ဆရာဝန်တစ်ယောက်ကို
အားနာလို့ကြည့်တဲ့မျက်လုံးတွေ အောက်မှာ သူမ အရည်ပျော်ခဲ့ရတယ်။
တကယ်ဆို ငယ်ငယ်ကတည်းက ချုချာလွန်းခဲ့တဲ့
သူမကို ညကြီးမိုးချုပ် ဆေးရုံဆေးခန်း ကို ခဏခဏ ပို့ခဲ့ရတဲ့ ဖေဖေ့ကို သူမ
ဘယ်တုန်းကမှ အားမနာခဲ့မိပါဘူး။ အဲဒီလိုပဲ အလယ်တန်း၊ အထက်တန်းနဲ့
ဆေးကျောင်းတက်နေတုန်းမှာ ညမိုးချုပ်ထိ စာဖတ်တတ်တဲ့ သူမကို
ခြင်ကိုက်မှာစိုးလို့ ၊ စာဖတ်ရင်း အိပ်ပျော်သွားမှာစိုးလို့ ဘေးနားက
ယပ်တောင်တစ်ချောင်းနဲ့ ထိုင်စောင့်တတ်တဲ မေမေ့ကို သူမ ဘယ်တုန်းကမှ
အားမနာဖြစ်ခဲ့ဘူးဆိုတာ စဉ်းစားလိုက်မိတော့ သူမကိုယ်သူမ ရှက်လည်း ရှက်
ဝမ်းလည်းနည်းမိတာ အမှန်ပါပဲ။
ဒီလိုနဲ့ပဲ သူမရဲ့ ရက်တွေကို ဆေးရုံဆေးခန်းမှာ ဖေဖေ့ရဲ့ လူနာစောင့်အဖြစ် မေမေနဲ့အတူ ကျေကျေနပ်နပ်ကြီး အချိန်ကုန်ဖြစ်ခဲ့တယ်။
အဲဒီတစ်နေ့အထိပေါ့…
အဲဒီနေ့ဆိုတာ အာဖရိက အလယ်ပိုင်း
နိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂို (DR congo) နိုင်ငံမှာ
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဆေးကုဆရာဝန်တစ်ယောက် အဖြစ် အလုပ်ခန့်စာ
ရောက်လာခဲ့တဲ့နေ့ပါ။ ခန့်စာအကြောင်း ချစ်ခင်တဲ့သူတွေကို ဖွင့်ပြောခဲ့ပေမယ့်
ဖေဖေ့ကို ပြောပြဖို့ သူမမှာ အားမရှိခဲ့ဘူး။ ခုနောက်ပိုင်းနှစ်တွေမှာ
သူမကို အားကိုးတစ်ကြီးရှိလာပြီး တစ်ပတ်ကို နှစ်ခါ ကျောက်ကပ်ဆေးနေရတဲ့
ဖေဖေ့ကို သူနဲ့ဝေးရာကို ခွဲသွားဦးမယ်လို့ ဘယ်လိုမှ ပြောမထွက်ဖြစ်ခဲ့ဘူး။
အကြောင်းပြန်ဖို့ နောက်ဆုံးရက်တွေ
နီးလာတာနဲ့အမျှ ရင်တွေ ပူလောင်နေမိတော့တာပါပဲ။ နှစ်ရှည် လများ
စောင့်ခဲ့ရတဲ့ အလုပ်တစ်ခုနဲ့ အလုပ်ခွင်ပြန်ဝင်ဖို့ အချိန်တန်ပြီဆိုတာ သူမ
နားလည် ပေမယ့် တစ်နှစ်ဆိုတာ အရာအားလုံးကို ပြောင်းလဲဖို့
လုံလောက်တဲ့အချိန်မို့ အိပ်မရတဲ့ ရက်တွေ ဆိုတာလည်း နေ့တိုင်းလိုလိုပဲပေါ့။
နေ့တိုင်းကိုဖြတ်ကျော်နေပေမယ့် သူမသိတာက
သူမ ဖေဖေ့အနားမှာ ဒီလိုပဲနေချင်မိတယ်။ သူမပေးဆပ်လို့ရသလောက်
ပေးဆပ်ချင်တယ်လို့ တွေးမိတဲ့အခါ ဘ၀နောင်ရေး ၊ အနာဂါတ်၊
တိုးတက်မှုဆိုတာတွေကို သူမ ဘာကိုမှ နားမလည်ချင်တော့ပြန်ဘူး။ အချိန်တွေသာ
ကုန်လွန်သွားခဲ့ပေမယ့် သူမမှာ အဖြေဆိုတာ မရှိခဲ့နိင်ဘူး။
……………………………………………………………………………
“သမီး UN (United Nation) က အလုပ်ကို လက်ခံဖို့ အကြောင်းမပြန် သေးဘူးလား”
စာကြည့်စားပွဲမှာ စာရွက်စာတမ်းတွေ နဲ့
အလုပ်ရှုပ်နေတဲ့ သူမကိုပြောလာတဲ့စကားကြောင့် ဖေဖေ့ကို အံ့သြတကြီး
မော့ကြည့်လိုက်မိတယ်။ လက်ထဲမှာ ဟိုတပတ်က အကြမ်းထုတ်ထားတဲ့ အလုပ်ခန့်စာကို
ကိုင်ထားတဲ့ ဖေဖေက...
“သမီးအတွက် ဖေဖေ အမြဲတမ်း ဂုဏ်ယူနေမှာပါ။ ၉
လဆိုတာ ကြာတာမှ မဟုတ်ဘဲ။ မြန်မြန်သွားတော့ မြန်မြန်ပြန်လာလို့ရတာပေါ့ ”
လို့ ပြောတော့ သူမ မျက်ရည်တွေ ဖေဖေ မမြင်အောင် သိမ်းထားခဲ့မိတယ်။
ဖေဖေ့ရဲ့စကားအဆုံးမှာ ကွန်ဂိုနိုင်ငံ
ကင်ရှဆာ(Kinshasa) ဆိုတဲ့မြို့ကြီးကို ခရီးထွက်ဖို့
ဆုံးဖြတ်ပြီးသားဖြစ်ခဲ့ရတယ်။ နားမကောင်းလို့ သူ့ဘက်က မကြားရပေမယ့်
ဖုန်းလာတိုင်း နားထောင်ချင်တဲ့၊ နေမကောင်းပေမဲ့ အမြဲတက်ကြွနေတဲ့
ဖေဖေ့အသံကို ကြားဖို့ ကွန်ဂိုရဲ့ နေ့တိုင်းကို တနင်္ဂနွေနေ့ ဖြစ်စေချင်တာဟာ
သူမဘက်က မလွန်ဘူးထင်တာပါပဲ ။ အဆင်မပြေရင် ချက်ချင်းပြန်လာဖို့
အမြဲပြောတတ်တဲ့ စိုးရိမ်တတ်တဲ့ မေမေ့အသံကို သူမကြားတိုင်းလည်း အိမ်နဲ့
အိမ်ရဲ့အရိပ်တွေကိုမြင်နိုင်တာမို့ ဖုန်းမကြာ မကြာ ဆက်ဖြစ်ခဲ့တယ်။
သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ သူ့သမီးအငယ်ဆုံးက ဘယ်မှာအလုပ်လုပ်နေတယ်။
သူ့အတွက်လည်း အစစအရာရာ ဘယ်လိုစီစဉ်ပေးခဲ့တယ်ဆိုပြီး ဖေဖေက ခပ်ကြွားကြွား
ခပ်ပိုပို ပြောတတ်တယ်လို့ မေမေကတဆင့် အားမနာတမ်း ကြားရတတ်တဲ့အခါ
သူမနှလုံးသားမှာ မျက်ရည်တွေ ပြည့်လို့ပါပဲ။
ဒီလိုနဲ့ ကွန်ဂိုမှာသူမ ကွန်းခိုဖြစ်ခဲ့တာ
ရက်ပေါင်း ငါးဆယ်ကျော် ခဲ့ပါပြီ။
အနည်မထိုင်သေးတဲ့ နေ့စဉ်ဘ၀မှာ
အလုပ်တာဝန်တွေ ထမ်းဆောင်ရင်း အိမ်လွမ်းတဲ့ရက်တွေကိုလည်း ပြက္ခဒိန်မှာ
ရေးခြစ်နေရတုန်းပါပဲ။ ခုတော့ ကွန်ဂိုရဲ့ နိုဝင်ဘာကိုတောင် သူမ
ကျော်ဖြတ်နိုင်တော့မယ်ထင်ပါရဲ့။ နိုဝင်ဘာလ လယ်လောက်ကစပြီး ကွန်ဂိုနိုင်ငံ
မြို့တော်ဖြစ်တဲ့ ကင်ရှဆာ (Kinshasa) ရဲ့ လုံခြုံရေးအခြေအနေဟာ နေ့စဉ်လိုပဲ
ပြောင်းလဲလို့ လုံခြုံရေးတင်းကျပ်ပြီး အလုပ်ခွင်ပြင်ပကို ထွက်ခွင့် မရတဲ့
နာရီတွေနဲ့လည်း သူမ ကြုံခဲ့ရဖူးပြီလေ။ တာဝန်ကျ ဆရာဝန်တစ်ယောက်မို့ အရေးပေါ်
အခြေအနေပေါ်လာတဲ့အခါ အရေးပေါ်ကားနဲ့အတူ ညကြီးမိုးချုပ် မြို့ရဲ့လမ်းမပေါ်
ရောက်နေခဲ့တဲ့ အချိန်တွေမှာလည်း သူမရဲရဲရင့်ရင့်နေတတ်ခဲ့ပြီ။ ဘယ်လိုပဲ
အခြေအနေတွေ ပြောင်းလဲပါစေ ကွန်ဂိုဆီကို လှမ်းမျှော်ပြီး သူမအတွက်
လင်းပေးနေတဲ့ နေနဲ့ လ က သူမရဲ့နေ့တွေ ညတွေကို လမ်းပြပေးနေဆဲပါပဲ။ သူမကလည်း
အဲဒီအလင်းတွေ ကို အားမနာတမ်း ယူရင်း နေ့ရက်တွေကို ဖြတ်သန်းနေဖြစ်ခဲ့တယ်။
လက်တွေ့ဘ၀မှာ သူမအတွက် မနက်တိုင်း
နေထွက်ချိန်ကို ကြည့်ဖို့အချိန် မရှိခဲ့သလို နေ၀င်ချိန်ကို ခံစားဖို့
အခွင့်မရှိသေးပါဘူး။ ဒါပေမယ့် ကွန်ဂိုရဲ့ နေ့တွေညတွေတိုင်းမှာ
ဆန္ဒလေးတစ်ခုတော့ အမြဲရှိနေခဲ့တယ်။ သူမ နောက်မကျချင်ပါဘူး။ အဲဒီ ဝေးရတဲ့
ရက်တွေကို သူမအမြန်ကုန်ဆုံးချင်ပြီ...။
(ဖေဖေက သူမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် သူမကတော့ ဖေဖေကြောင့် လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။ )
မွန်းသက်ပန် (ဆေး-၁)
စရဏမဂ္ဂဇင်း
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ
စရဏမဂ္ဂဇင်း
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ
မှတ်ချက်
ဆရာမ မွန်းသက်ပန်ရဲ့ "နောက်မကျချင်သူနှင့်
ခေတ္တကွန်ဂို" စာမူရဲ့ ဒီဇိုင်းဟာ ဆရာမတာဝန်ကျရာ အာဖရိကနိုင်ငံမှာ
တာဝန်ကျစဉ်က အာဖရိကကလေးငယ်လေးနှစ်ယောက်နှင့်အတူ ရိုက်ထားသည့်ပုံဖြစ်ပြီး ။
ဓာတ်ပုံအား ခဲခြစ်ဒီဇိုင်းအဖြစ် ပုံစံဖော်ပေးထားခြင်းသာဖြစ်သည်
0 comments:
Post a Comment