“အတ္တ” ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများဆိုသလိုပင် ရှိကြစမြဲပါ။ ကိလေသာကို မပယ်သတ်နိုင်သေးသမျှ ကာလပတ်လုံး အတ္တ နဲ့မကင်းနိုင်ကြပါဘူး၊ အတ္တ ဆိုတာ အတိုင်းအတာ တစ်ခုထက် ကျော်လွန်သွားရင် “ အတ္တ လွန်ကဲသူ” တွေ (တစ်ကိုယ်ကောင်း သမား၊ တစ်ဘို့တည်း ကြည့်သူ၊ ကိုယ့်အတွက်ကိုသာ ကြည့်တတ်သူ) ဖြစ် သွားရပါတယ်။ တနည်းအားဖြင့် အရာရာမှာ ကိုယ့်သဘော၊ ကိုယ့်ဆန္ဒ၊ ကိုယ့် အကျိုးတွေကိုသာ ရှေ့တန်း တင်တတ်တဲ့သူတွေ ဖြစ်သွားပါတယ်။ နောက် လူတိုင်းက ကိုယ့်ကိုယ်ကို ချစ်တတ် ကြသူချည်းပါ၊ ဘာကြောင့် ဒီလိုပြောရ သလဲဆို ယေဘုယျ အားဖြင့် အသက်နဲ့သက်ဆိုင်တဲ့ ဘေးအန္တရာယ် တစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာဆို အရင်ဆုံး ကိုယ်လွတ်မြောက်ဖို့အတွက်သာ အရင်ဦးဆုံး ဦးနှောက်ထဲရောက် လာတတ်တာပါ၊ နောက်မှသာ တခြားသူ များအတွက် စိုးရိမ် ပူပမ်မိတတ်ကြတတ်ကြတဲ့ သဘောတရား ရှိတတ်ပါတယ် ။
“အတ္တ” ဆိုတာကတော့ အသွင်အမျိုးမျိုးနဲ့ ရှိတတ် ကြပါတယ်၊
“ မိဘက သား၊သမီးအပေါ် ထားတဲ့ အတ္တ “
ကိုယ့်သား၊ သမီး
ကောင်းစားတာကိုပဲ မြင်ချင်သူဆိုတာကတော့ မိဘတိုင်းရဲ့
ရင်တွင်းဆန္ဒတွေချည်းပါပဲ။ သို့ ပေမယ့် တချို့သော မိဘများက ကိုယ့်
သား၊သမီးမှ တော်တယ်၊ တတ်တယ်၊ ကိုယ့်သား၊ သမီးမှ အသုံးကျတယ်၊ နောက်ဆုံး
ယုတ်အစွဆုံး ချစ်သူ၊ ရည်သူရည်းစားထားကြတယ်ဆိုလျှင်တောင်မှ ကိုယ့်သား၊သမီး
မှားနေခဲ့လျှင်တောင် ကိုယ့်သား၊ သမီးပြောတာကိုပဲ ဇွတ်မှိတ်ယုံပြီး
ကိုယ့်သား၊သမီးမှ အမှန်လုပ်တတ်သူလို့ မှတ်ယူသူ မိဘတွေလည်း ရှိတတ်ကြပါတယ်။
ဒါမျိုးကိုတော့ ရှိသင့်ရှိထိုက်တဲ့ အတ္တထက်လွန်ကဲသူ
တစ်ဘို့တည်းကြည့်သူအဖြစ်သာ သတ်မှတ်လို့ ရပါတယ်။ ကိုယ်မွေးထားတဲ့
သား၊သမီးတိုင်းကို မိဘတိုင်းက ချစ်တတ်ကြတာပါပဲ၊ တောင်းဆိုး၊ ပလုံးဆိုး
ကိုသာ ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုး၊ သမီးဆိုးကို ပစ်ပယ်သွားတဲ့ မိဘဆိုတာ
မရှိပါဘူး။ သို့ပေသည့် မိဘတိုင်း သား၊ သမီးတိုင်းကတော့ ကိုယ့် မိဘ၊
ကိုယ့်သား၊ သမီးကို ချစ်တတ်ကြသူချည်း ဆိုတာကို သိထား တယ်ဆိုလျှင်တော့
“ငါ့သား၊သမီးမှ” ဆိုတာ ရှိလာလိမ့်မယ် မထင်မိပါဘူး ။ ကျွန်မ သတ်မှတ်ထားတဲ့
“မိဘ“ ဆို တာ “ ကိုယ့်သား၊ သမီးမဟုတ်တဲ့ တခြားသူတွေရဲ့ သား၊ သမီးတွေကိုလည်း
ကိုယ့် သား၊သမီးပမာချစ်တဲ့သူမျိုး “ ကိုသာ မိဘလို့ သတ်မှတ်ထားတာပါ ။
“ မောင်နှမသားချင်း အချင်းချင်းထားတဲ့အတ္တ “
ဒါလည်း အပေါ်က မိဘက
သား၊သမီးအပေါ်ထားတဲ့အတ္တနဲ့ ဆင်ဆင်ပါပဲ။ တစ်လောကလုံးမှာ ကိုယ့် မောင်နှမ
လုပ်သမျှ၊ ပြောသမျှသာလျှင် မှန်တယ်လို့ သတ်မှတ်ထားပြီး တရားမျှတမှု ရှိတယ်၊
မရှိဘူးဆိုတာ မရှိပါဘူး။ လူသားတိုင်းက အသွေးနဲ့ကိုယ်၊ အသားနဲ့ကိုယ်
တည်ဆောက်ထားသူတွေမို့ သူ့မောင်၊ သူ့ညီမ၊ ကိုယ့်မောင်၊ ကိုယ့် ညီမ ထိရင်
နာတတ်သူတွေချည်းပါပဲ။ ကိုယ့်ရဲ့ လက်ထိပ်ကို ဆိတ်ကြည့်လို့ နာတတ်တယ်ဆိုရင်
သူများတွေလည်း ကိုယ်လိုနည်းတူ နာတတ်တယ်ဆိုတာ သိထားမယ်ဆိုရင်တော့
အကောင်းဆုံးပါပဲလို့ ဆိုချင်ပါတယ် ။
“ အချစ်အပေါ်ထားတဲ့ အတ္တ “
အချစ် ဆိုတာ
တကယ်တမ်းတော့ ရိုးစင်းတဲ့အပြင် ဖြူစင်တယ်လို့ ဆိုချင်ပါတယ်၊
ချစ်တဲ့သူတွေပေါ်သာမူတည်ပြီး အရောင်တွေ ကွဲပြားသွားကြတာပါ။
ချစ်တတ်ခြင်းဆိုတာ သူ့အလိုလိုဖြစ်တည်လာတဲ့ သဘောတရားတစ်ခုလို့
သတ်မှတ်ထားသူပါ။ အချစ်တစ်ခုမှာ အကြောင်းပြချက်လည်း မရှိသလို၊ အတ္တလည်း
ကင်းပါတယ်။ ချစ်ကြတဲ့ သူတိုင်းကတော့ ကိုယ့်ချစ်သူ ကိုယ့်ကို ချစ်တာကိုပဲ
လိုလားကြသူပဲလေ၊ နောက် ကိုယ့်ချစ်တဲ့သူနဲ့ပဲ နွေးထွေးတဲ့ မိသားစုဘ၀လေးကို
ထူထောင်ချင်ကြသူချည်းပါပဲ။ ဒီလို နွေးထွေးတဲ့မိသားစုဘ၀ တစ်ခုဖြစ်လာဖို့
ချစ်သူ နှစ်ယောက်အပေါ်မှာလည်း မူတည်သလို သူ့ဘက်၊ ကိုယ့်ဘက်
ဆွေမျိုးတွေနဲ့လည်း တနည်းတဖုံ ဆက်စပ် နေတာပါ။ မတူညီတဲ့ လူသားနှစ်ဦး
ပေါင်းဖက်မှုမှာ ကာယကံရှင် ချစ်သူနှစ်ဦးက ပေါင်းကူးတံတား မျှသာပါ၊
တကယ်တမ်းတော့ ကာယကံရှင်နှစ်ယောက်ရဲ့ ဘ၀တစ်ခု ပေါင်းစပ်မှုအပြင် မတူညီတဲ့
အသိုင်းအ၀န်း နှစ်ခု ပေါင်းစပ်မှုပါ။ “ချစ်သူ” ဆိုတာ တစ်ယောက်တည်းနဲ့
သတ်မှတ်လို့ မရပါဘူး၊ ချစ်သူ ဆိုတာ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက်
နှစ်သက်မိသွားတာ၊ မြတ်နိုးမိသွားတာ၊ တန်ဘိုးထားတတ်သွားတာပါ။ ဒါကြောင့်
ချစ်သူတွေ ချစ်ကြတဲ့အခါမှာ “အတ္တကင်းတဲ့အချစ်” ဖြစ်ဖို့လိုအပ်ပါသည်။
ချစ်သူနှစ်ဦး ထူထောင်လိုက်တဲ့ ဘ၀တစ်ခုကလည်း အတ္တကင်းတဲ့ နွေးထွေးတဲ့
ဘ၀တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့် ဆန္ဒချည်းပဲ မဟုတ်ဘဲ၊ သူ့ ဆန္ဒကိုပါ
ကိုယ်က ဖြစ်ခွင့်ပေးရမယ်လေ၊ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဆန္ဒချည်းကိုသာ
ရှေ့တန်းတင်မယ်ဆိုလျှင် ချစ်တာ တော့ချစ်တာပါပဲ ဒါပေမယ့် လိုချင်မှု ရမ္မနဲ့
ကိုယ့်လိုအင်ဆန္ဒပြည့်ဖို့အတွက်ကိုသာ ဦးတည်သွားတဲ့ အတ္တဆန် တဲ့အချစ်
ဖြစ်သွားပါလိမ့်မည် ။
“ခေါင်းဆောင်မှုမှာ မထားရှိသင့်တဲ့ အတ္တ”
ခေါင်းဆောင်
လို့ဆိုတဲ့အခါမှာ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝရုံသာမက ကိုယ့်ရဲ့
လက်အောက်ငယ်သားတွေ အပေါ် မှာပါ ကိုယ့်ရဲ့ သား၊သမီးတွေလို မေတ္တာရှေ့ထား
အုပ်ချုပ်တဲ့ သူမျိုးမှသာ ခေါင်းဆောင် လို့သတ်မှတ်လို့ရတာပါ။
ခေါင်းဆောင်နိုင်မှု အရည်အချင်းက အသက်အရွယ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့
အကြောင်းအရာပါ။ ပင်ကိုယ်ရှိ ရင်းစွဲ ဦးဆောင်နိုင်မှုအရည်အချင်းနဲ့
ပြည့်စုံသူမှသာလျှင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်မှာပါ။
စီမံခန့်ခွဲမှုပညာရပ်ဆိုတာ သင်ယူနိုင်ပေမယ့် ဦးဆောင်နိုင်မှုအရည်အချင်းဆိုတာ
ပင်ကိုယ်ပါလာတဲ့ ပါရမီ တစ်မျိုး ပါ။ ခေါင်းဆောင် လို့သတ်မှတ်ထားတိုင်း
ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာ စတာတွေကို ပြောချင်သလို
ပြော၊ လုပ်ချင်သလို လုပ် နေလို့ မရတော့ပါဘူး။ ခေါင်းဆောင် တစ်ယောက်ဟာ
ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ ခံစားချက်တွေကို စွန့်လွှတ်ထားရတာများပါတယ်၊
ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ကို ရှေ့တန်း
တင်မယ်ဆိုရင် ခေါင်းဆောင်နေရာကို ရောက်နေတဲ့သူသာ ဖြစ်သွားပါတယ်။ ဒါကြောင့်
ခေါင်းဆောင်တွေဆိုတာလည်း အတ္တကြီးလွန်းသူ မဖြစ်သင့်ပါဘူး။
ခေါင်းဆောင်တစ်ယောက်ဟာ အတ္တကြီး လွန်းသူဖြစ်နေခဲ့မယ်ဆိုလျှင်
လက်လွှတ်ဆုံးရှုံးမှု များမှာပင်ဖြစ်ပါတယ် ။
“အတ္တကြီးလွန်းသူ”
လူတစ်ယောက်ဟာ
“ပင်ကိုယ် ဗီဇ” ဆိုတာ မွေးလာကတည်းက ပါလာတတ်လေ့ရှိတတ်ကြပါတယ်။ ထို့နည်းတူ
“အကျင့်” ဆိုတာကိုလည်း မွေးဖွာလာစဉ်ကတည်းက
စနစ်တကျပြုစုပျိုးထောင်ပေးလိုက်မယ်ဆိုရင် ကိုယ်လိုသလို
ပြုစုပြုပျိုးထောင်ပေးခဲ့တဲ့ ကောင်းတဲ့အကျင့်၊ မကောင်းတဲ့အကျင့် စတဲ့
အကျင့် တစ်ခုကိုတော့ ပိုင်ဆိုင်သွားမှာပါ။ လူတိုင်းမှာကတော့
ပြီးပြည့်စုံခြင်း “Perfect” ဆိုတာ မရှိကြပါဘူး။ လူတစ်ယောက်မှာ
ကောင်းတဲ့အကျင့်ရှိသလို မကောင်းတဲ့ အကျင့်လည်းရှိတတ်ကြပါတယ်။ ဒီလိုပဲ
ကောင်းတဲ့ဗီဇ ဓါတ်ခံရှိသလို၊ မကောင်းတဲ့ ဗီဇဓါတ်ခံလည်း ရှိတဲ့သူ
ရှိကြပါတယ်။
တချို့သူတွေက
ကိုယ့်တစ်ဘို့အတွက်သာ ကြည့်တတ်သူတွေပါ။ လူတစ်ယောက်မှာ ရှိတဲ့ အတ္တတစ်ခုထက်
ကျော် လွန်ပြီး ကိုယ့်သဘော၊ ကိုယ့် ဆန္ဒတွေကိုသာ အရာရာမှာ
ရှေ့တန်းတင်လွန်းသူတွေ ရှိကြပါတယ်။ ဒီလိုသူမျိုး တွေနဲ့ ဆက်ဆံရသူ အနည်း၊
အများကတော့ စိတ်ကသိကအောင့်ဖြစ်ခြင်း၊ နေရထိုင်ရ ဆက်ဆံရတာ အဆင်မပြေ
မှုများနဲ့ ကြုံတွေ့ခြင်း စတာတွေကို တွေ့ကြုံရမှာပါ။ နောက်
အတ္တကြီးလွန်းသူတွေနားမှာ မိတ်ဆွေ မြဲမြံနေတယ် ဆိုတာ ရှားပါတယ်။ ဒါကြောင့်
အရာရာမှာ ကိုယ်အနိုင်ရပြီးရော ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ အတ္တတစ်ခုကို
ရှေ့တန်းတင် လွန်းသူတွေကိုတော့ အတ္တကြီးလွန်းသူ အဖြစ် သတ်မှတ်လို့ရပါတယ် ။
အတ္တကြီးလွန်းသူတွေဟာ တစ်ဖက် သတ်တည်း ကြည့်တတ်သူတွေများပါတယ် ။
အတ္တကြီးလွန်းသွားရင် ပူလောင်လွန်းသွားပါတယ်။
လူတိုင်းမှာ ဆန္ဒ
ဆိုတာရှိကြပါတယ်။ ကိုယ့်မှာလည်း ဆန္ဒ ရှိသလို၊ တစ်ဖက်သားဘက်မှာလည်း ဆန္ဒ
ဆိုတာ ရှိကြ ပါတယ်ဆိုတာကို နားလည်လက်ခံ ကျင့်သုံးထားလိုက်မယ် ဆိုရင်ဖြင့်
ကိုယ့် အတ္တကြီးမှုကြောင့် တစ်ဖက်သားမှာ ထိခိုက် သွားစရာ၊
နစ်နာသွားစရာအကြောင်း နည်းပါးသွားမှာ ဖြစ်တဲ့အပြင် ကိုယ်တိုင်သည်လည်း အတ္တ
တစ်ခုကို စည်းတစ်ခုထက် ကျော်လွန်ပြီး ကျင့်သုံးသူမဖြစ်တော့ပါဘူးရှင် ။
နောက်တစ်ချက်က “ငါစွဲ
အတ္တ ၀ါဒီ” နဲ့ “အမျိုး၊ ဘာသာ၊ သာသနာအပေါ်ထားတဲ့ အတ္တ၀ါဒီ” ပါ။ နေရာတိုင်းမှာ
ငါ၊ ငါ့မိသားစု၊ ငါ့အတွက်ဆိုတဲ့ ငါစွဲ အတ္တ၀ါဒီ ကိုယ့်တစ်ဦးတည်း
ကောင်းစားဖို့အတွက်သာကြည့်သော အတ္တမျိုးထက် ငါ့နိုင်ငံတော်၊ ငါ့အမျိုးဘာသာ၊
သာသနာအပေါ်မှာ ကောင်းစေချင်တဲ့ စိတ်နဲ့ထားတဲ့ အတ္တက မိမိအတွက်မဟုတ်တဲ့
အများအကျိုးအတွက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံတဲ့ အတ္တမျိုး ဖြစ်ပါတယ်။ အတ္တ
ချင်းတူပေမယ့် ထားရှိတဲ့ စိတ်ထား ကွဲပြားသွားတာနဲ့ အကျိုးကျေးဇူးတွေဟာ
အများကြီးကွဲပြားသွားပါတယ်။ အတ္တ ဆိုတာကတော့ ရှိသင့်ရှိထိုက်တဲ့
အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားရင် မကောင်းပါဘူး ။
ကိုယ်တိုင်ကိုယ်သော်လည်း ကောင်း၊ တစ်ဖက်သားကိုသော်လည်းကောင်း ပူလောင်မှုတွေ
ဖြစ်စေပါတယ် ။
ကျွန်မ မြင်တွေ့ရတဲ့
အတ္တ ဆိုတာ ကိုယ့်ကိုယ်ကို ချစ်လွန်းအားကြီးတာပါ။ တနည်းအားဖြင့်
ကိုယ့်ကိုယ်ကို ချစ် တဲ့အချစ်က ရှိသင့်တဲ့၊ ချစ်သင့်တဲ့ အတိုင်းအတာ
တစ်ခုထက် ကျော်လွန်သွားတာပါ။ ဒီမှာ တစ်ဖက်သတ် အမြင်၊ သဘောထား၊
ထင်မြင်ချက်တွေ ဖြစ်ကုန်တာပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ချစ်တဲ့ အချစ်
“အတ္တ” ကို အများ အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက်
လောင်ကျွမ်းပေးလိုက်မယ်ဆိုရင် ကောင်းမွန်တဲ့အတိုင်းအတာ တစ်ခု ထိတော့
အမျိုး၊ဘာသာ၊ သာသနာ အတွက် လောင်ကျွမ်းနေမှာပါ ။
ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာတစ်ခုထက်
ကျော်လွန်သွားရင် ဘာအရာမှ မကောင်းပါဘူး၊ ချစ်လွန်းတာလည်း မကောင်းပါဘူး၊
မုန်းလွန်းတာလည်း မကောင်းပါဘူး။ ဒါ့ကြောင့် မိမိကိုယ်ကို
ချစ်လွန်းအားကြီးသွားရင် အတ္တဆိုတဲ့ ဆူးက ကိုယ်ကိုယ်ကို ပြန်စူး
တတ်တယ်ဆိုတာပါပဲ ။
"အတ္တဆူး"
ရှိသင့်ရှိထိုက်တဲ့ လိုချင်မှုထက်လွန်ကဲလွန်းသွားရင် ကိုယ့်ကိုယ်ကို ပြန် စူးတတ်တယ် ..
မြတ်ဗုဒ္ဓရဲ့ ပညတ်ချက်တော် နှစ်ခုဖြစ်တဲ့ “အတ္တာ ဟိ အတ္တနော နာထော” နဲ့ “အတ္တသမံ ပေမံ နတ္ထိ”
စကား တော်ကို တချို့သူတို့သည် အဓိပ္ပါယ်လွဲမှားစွာ မှတ်ယူကျင့်သုံးနေတာကို
မြင်တွေ့ခဲ့ဖူးပါတယ်။ မြတ်စွာ ဘုရားရှင် ဟောကြားမိန့်ဆိုခဲ့သည့် ဤ
ပညတ်စကားတော်နှစ်ရပ်ရဲ့ အနှစ်ချုပ်အဓိပ္ပါယ်က လောကလူသား တွေအဖို့
ရှင်သန်မှုဖြစ်လာသမျှ လောကဓံတရားကို ရင်ဆိုင်ဖြေရှင်းကြရာမှာ ကိုယ့်ခွန်၊
ကိုယ့်အားနဲ့သာ ရင်ဆိုင်ဖြေရှင်းနည်းသည်သာ အမှန်ကန်အသင့်လျှော်ဆုံး
နည်းလမ်းနှင့် မိမိကိုယ်ကို တကယ်ချစ်တဲ့သူ များဖြစ်ကြသူများဆိုလျင်
ကိုယ့်ကိုယ်မှာ တွယ်ကပ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ တရားတွေကို
ပယ်သတ်နိုင်တဲ့သူဖြစ်အောင် (မိမိကိုယ်ကို အောင်နိုင်တဲ့သူအဖြစ်)
ကြိုးစားအားထုတ်ဖို့ ပညတ်ချက်ထားခဲ့ တော်မူခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ
တချို့သောသူများက အတ္တာ ဟိ အတ္တနော နာထော “မိမိကိုယ်သာ ကိုးကွယ်ရာ၊ မိမိကိုယ်သာ အားထားရာ” ပညတ်ချက်ကို တလွဲမှတ်ယူပြီး အရာရာမှာ ကိုယ့်စိတ်ဆန္ဒ ကိုသာ ရှေ့တန်းတင်သူတွေ နဲ့ အတ္တသမံ ပေမံ နတ္ထိ “မိမိနဲ့တူသော ချစ်ခြင်းမည်သည် မရှိ။(တနည်း -) မိမိကိုယ် သာ မိမိအချစ်ဆုံး ” လို့ ဆိုရာမှာ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်တယ်ဆိုတဲ့ “ငါစွဲ အတ္တ” ကို လွဲမှားကျင့်သုံး တာတွေလည်း တွေ့ဖူးပါတယ်။
အတ္တာ ဟိ အတ္တနော နာထော
“မိမိကိုယ်သာ ကိုးကွယ်ရာ။ မိမိကိုယ်သာ အားထားရာ။” ဆိုရာတွင် -
“မိမိကိုယ်သာ ကိုးကွယ်ရာ။ မိမိကိုယ်သာ အားထားရာ။” ဆိုရာတွင် -
အတ္တာ ဟိ အတ္တနော နာထော
ဆိုတာ မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်တယ် လို့ အဓိပ္ပါယ်ရတယ်။ ဒါက
မြတ်စွာဘုရား ဟောကြားတဲ့စကားဖြစ်တယ်။ လောက လူသားတွေက အဲ့ဒီအတိုင်း
မိမိသာလျှင် ကိုးကွယ် ရာဟု ဒီလိုသတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊
မိမိမှတစ်ပါး အားကိုးရာ တစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ
မိဘ၊ မိတ်ဆွေသင်္ဂဟတွေကို အားကိုးကြတယ်၊ ဆွေးမျိုးသားချင်းတွေ၊ ကိုယ်နဲ့
ခင်မင်ရာ ပုဂ္ဂိုလ်တွေကို အားကိုးကြတယ်၊ မြတ်စွာဘုရားက ငါ့ အားကိုးကြလို့
ဟောထားတာမရှိပါဘူး၊ သို့သော် လူတွေက ဘာကို အားကိုးရှာကြသလဲဆိုရင် ကိုယ့်ရဲ့
မိသားစုထဲက ပုဂ္ဂိုလ်တစ်ဦး ဦးကို အားကိုးရှာ ကြတယ်။ ပုဂ္ဂိုလ်ဆိုတာ
တကယ်အားကိုးရာ မဟုတ်ပါဘူး ၊ မြတ်စွာ ဘုရားက ထာဝရအားကိုးရာဟာ ကိုယ့်
ကိုယ်ကိုသာဖြစ်တယ်လို့ ဟောထားတာပဲ။ တကယ်တော့ အားကိုးရာအစစ်က မိမိမှတစ်ပါး
ဘယ်သူမှ အားကိုးရာ အစစ်မဖြစ်နိုင်ဘူး။
အတ္တသမံ ပေမံ နတ္ထိ
“ မိမိနဲ့တူသော ချစ်ခြင်းမည်သည်မရှိ။(တနည်း -) မိမိကိုယ်သာ မိမိအချစ်ဆုံး။” ဆိုရာတွင် -
ဒီစကားက
ပုထုဇဉ်သတ္တဝါများ ဖြစ်တတ်တဲ့ သဘောကို ပြောထားတာ ဖြစ်ပါတယ်။
ပုထုဇဉ်သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ တရားများရဲ့ လွှမ်းမိုးမှုကြောင့်
ကိုယ့်ကိုယ်ကိုသာ အမြဲရှေးတန်းတင်ကာ ကိုယ့်ကိုယ်ကို ဦးစားပေး
မှုတွေရှိတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့
ထင်နေတတ်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတဏှာမာနစတဲ့ တရားတွေကြောင့်
မိမိရဲ့ရုပ်နာမ်တွေမှာ တဏှာနဲ့စွဲလမ်းချစ်ခင် တွယ်တာနေပြီး အဲဒီလို
မိမိကိုယ်ကို ချစ်ခင်မှုကြောင့်ပဲ မိမိနဲ့ပတ်သက်ရာ၊ မိမိချစ်ခင်မြတ်နိုး
လေးစားရာ တွေမှာလည်း ချစ်ခင်တွယ်တာနေမိတော့တာ ဖြစ်ပါတယ်။ သတ္တဝါအများ
ချစ်လေ့ရှိတာက ငါဆိုတဲ့အတ္တကို ချစ်နေကြတာ ဖြစ်ပါတယ်။ ဘုရားဖြစ်စေချင်တဲ့
အချစ်က အတ္တကုန်ရာ၊ တဏှာကုန်ရာကို ချစ်စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်
ဘုရားရှင်က မိမိကိုယ်ကို တကယ်ချစ်တယ်လို့ဆိုရင် ထိုမိမိကိုယ်ကို
ကောင်းစွာစောင့် ရှောက်ရာ၏လို့ မိန့်တော်မူထားတာ ဖြစ်ပါတယ်။ ဒီစကားတော်က
ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို မကောင်းမှု ဒုစရိုက်တွေက
ရှောင်ကြဉ်ပြီး အကျင့် သီလကို ကောင်းစွာစောင့်ထိန်းကာ ကိလေသာကုန်ရာကို
သုတ်သင်ကြဖို့ တိုက်တွန်းတော်မူထားတာ ဖြစ်ပါတယ်။
ယခုဖော်ပြခဲ့သည့် “အတ္တာ ဟိ အတ္တနော နာထော” နဲ့ “အတ္တသမံ ပေမံ နတ္ထိ” မြတ်စွာဘုရား၏ ပညတ်တော် နှစ်ရပ်၏ မူရင်း အဓိပ္ပါယ် အနှစ်သာရပဲ ဖြစ်ပါတယ် ။
ကိလေသာမကုန်ခမ်းသေးသရွေ့
လူသားမှန်သမျှ အတ္တ သမားများသာဖြစ်ကြတာမို့ တစ်ဘို့တည်းတာ ကြည့် တတ်သူ
ငါစွဲ အတ္တဝါဒီ လက်ကိုင်ထားသူများ မဖြစ်ကြပါစေနဲ့လို့ ဆန္ဒပြုရင်းဖြင့်
မိမိသည်လည်း မည်သည့် အမျိုးအစားထဲတွင် ပါဝင်နေသည်ကို ကိုယ်တိုင်သုံးသပ်၊
ကြည့်မြင်တတ်ကြပါစေလို့ ။
ပန်းအိ
February 18, 2013
ကိုးကား
အတ္တာဟိ၊ အတ္တာနော နာထော၊ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ တရားအလှူတော် မှတ်တမ်း PDF
ယခုရေးသားသည့်
“အတ္တဆူး” အမည်ရှိ ဆောင်းပါးသည် အတ္တကြီးလွန်းသူများအကြောင်းကိုသာ မိမိ
မြင်တွေ့၊ ကြုံရတဲ့ အဖြစ်အပျက်များမှ တဆင့်
ပြန်လည်ရေးသားမျှဝေခြင်းဖြစ်ခြင်းကြောင့် မိမိနှင့် အတွေးအမြင်တူသည်များ
လည်း ရှိနိုင်သလို၊ မတူညီသူများလည်း ရှိနိုင်ပါတယ်။ ထို့အတွက်
အမြင်တစ်ခုအား ချပြမျှဝေခြင်းဟု မှတ်ယူပေးပါ ရန် ။
0 comments:
Post a Comment