"နင်ဟာ တော်တော် နားလည်မှု မရှိတဲ့ မိန်းမပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလဲ
ဒီခရီးကြမ်းပဲ စိတ်ဆင်းရဲ ငိုပြီး ဖြတ်သန်းလဲ ဒီခရီးကြမ်းပဲ
နင်မြဲမြဲမှတ်ထား နင့်ကိုတော့ ငါအရမ်းချဉ်သွားပြီ နင်ကျပ်ကျပ်လုပ် နင်နဲ့ငါ
ကွဲဖို့ သေချာနေပြီ"
ဒီအသံတွေ ဘာလို့ ဒီနေ့မှ ပြန်ကြားနေမိတာလဲ။ နေ့ခင်းက ကြည့်တဲ့
ရုပ်ရှင်ကြောင့်များလား။ မဟုတ်သေးပါဘူး မနေ့က ည အိပ်ခါနီးက ဖတ်မိတဲ့
စာအုပ်ကြောင့်ထင်ပါရဲ့။ အာ မဟုတ်သေးပါဘူး အဲဒီစာအုပ်ထဲမှာမှ မပါတာ။ အော်
သိပြီ။ နေ့ခင်းက သူ့အိမ်နားက သူငယ်ချင်းဖုန်းဆက်တုန်းက ပြောသွားတဲ့
စကားတွေကြောင့်ပဲ။ သူတို့ ပြေလည်ကြတယ်ဆိုပဲ။ ပျော်လည်းသိပ်ကို
ပျော်နေကြတယ်တဲ့။ ဒီစကားတွေကို ငါအခုထိ တုန်လှုပ်ခံစားနေရတုန်းပါလား။
အချိန်တော်တော်ကြာအောင် ငါသူတို့ကို မေ့ထားနိုင်ပြီးမှ ဘာကိစ္စ အခု
အဲဒီစကားသံတွေကို ပြန်ကြားနေရမှာလဲ။ ဟာ ဘာကိစ္စ ငါ့ရယ်သံက
လှိုဏ်သံပေါက်နေတာလဲ တကယ်ဆို ငါ့ရယ်သံက ကိုယ်ထင်တာ မှန်တယ်ဆိုတဲ့လူတစ်ယောက်က
သူ့အောင်မြင်မှုကို ပြန်ပြီး ဂုဏ်ယူတဲ့ ရယ်သံလို
လှိုက်လှိုက်လှဲလှဲဖြစ်နေရမှာပေါ့။ အခုတော့ အက်ရှနေလိုက်တာ။
ကိုယ့်ရယ်သံကိုယ်တောင် ပြန်မုန်းမိသွားတယ်။ သွားစမ်းပါ လွမ်းစရာကို မရှိတာ။
သွား.......သွား။ ထွက်သွားစမ်း အတိတ်တွေ။ အိပ်ပျော်အောင်အိပ်တော့
ဘာကိစ္စငါက လွမ်းပြနေရမှာလဲ။ ငါ့ဘက်က ပူဆွေးသောကရောက်ပြီး
လွမ်းပြဆွေးပြနေရင် သူတို့ဖြစ်စေချင်တဲ့အတိုင်း ငါဖြစ်သွားမှာပေါ့။
အဖြစ်မခံနိုင်ပါဘူး။ ငါဟာ တစ်ယောက်ထည်းပေမယ့် ဘုရင်မ ဖြစ်ကို ဖြစ်ရမယ်။
သိပ်ကို နာမည်ကောင်းနဲ့ ကျော်ကြားပြီး လှပနေစေရမယ်။ ငါ့ကိုမြင်တိုင်း နင်
နောင်တရနေစေရမယ်။ အဲဒါ နင့်စိတ်ထဲ မြဲမြဲမှတ်ထားလိုက်စမ်းပါ သူရမောင်ရေ။
*****************************************************
"ကိုမောင် ဒါ ဇင့် သူငယ်ချင်းလေ မှတ်ထားနော် လမ်းတွေ့ရင် ကူညီလိုက်ဦး"
တစ်ဆောင်တည်း တစ်ခန်းထည်းနေတဲ့ သူငယ်ချင်းကို ကိုယ့်ဘက်က
ညီမအရင်းတစ်ယောက်လို တွယ်တာရာကနေ အစပြုပြီး ကိုယ့်ချစ်သူနဲ့ တမင်တကာကြီး
မိတ်ဆက်ပေးလိုက်မိတာကို အခုနေ နောင်တရလားလို့ တစ်ယောက်ယောက်ကများ မေးလာရင်
ပြုံးပြုံးကြီး ခေါင်းခါပြလိုက်မိမှာ အမှန်ပဲ။ တကယ်လည်းနောင်တမရခဲ့ပါဘူး။
ကြံဖန်တွေးရင် ကံကြမ္မာ မျက်နှာသာပေးလို့ ဒီလိုလူတစ်ယောက်ရဲ့ စရိုက်ကို
စောစောသိခွင့်ရခဲ့တာပဲမဟုတ်လား။ သူနဲ့မဟုတ်လည်း အခြားလူ
တွေ့သွားဦးမှာပဲလေ။ ခပ်ရိုင်းရိုင်းစကားပုံတစ်ခုနဲ့ နှိုင်းရမယ်ဆိုရင်တော့
ခြံခုန်မယ့်နွားက ခုန်မှာပဲမဟုတ်လား။ ဒီလိုဖြေသိမ့်နိုင်နေရင် ဘာလို့
စိတ်ထဲမှာ တေးထားနေသေးတာလဲ ဟုတ်လား။ တေးထားတာ မဟုတ်ပါဘူး အားယူလိုက်တာ။
ဟုတ်တယ် အမုန်းတွေကနေ အားယူလိုက်တာ။
**************************************************
"နင့်ဘဲက သန့်ပြီး စမတ်ကျနေတာပဲနော် ကြည့်ကောင်းလိုက်တာ မဆိုးဘူး ဒေါ်ဇင် ရှင် ရှာတတ်သားပဲ"
သူ့ဘက်က စပြီး ချီးကျူးလာတော့ ပိုင်ရှင် ပီပီ လက်မတော့ ထောင်ခဲ့မိတာ
ဝန်ခံပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘေးက ချစ်သူကို အပြုသဘောနဲ့ ချီးကျူးရင်
ပီတီတွေ ဖြာနေမိတာကိုက ကိုယ့်အကျင့်ကိုး။ အဲတုန်းက ကိုယ်ပြန်ပြောလိုက်တဲ့
စကားလုံးတိုင်းဟာ ဂုဏ်ယူစွာနဲ့ပေါ့။
"ဟုတ်တယ် စုရေ ကိုယ့်မျက်စိက ဒီတစ်ခုတော့ အလှအပ ခံစားတက်သေးလို့
မဆိုးဘူးပြောရမယ် ဟိတ် အမှန်အတိုင်း ပြောကြည့်စမ်းပါ ကိုယ်နဲ့ သူ
မလိုက်ဘူးမလား"
သူ့မျက်နှာ ခပ်ပြုံးပြုံးဟာ ကိုယ့်အတွက် ကိုယ့်ဘဲကို အကဲခတ်လို့ သဘောကျတဲ့
ကျေနပ်ပြုံးလို့ ခပ်သာသာလေး တွေးလိုက်ကတည်းက ကိုယ်စတင် ရှုံးသွားပြီဆိုတာ
သိသင့်ခဲ့တာ။ တကယ်တော့ သူ့အပြုံးဟာ အဓိပ္ပာယ်တစ်မျိုး ပျော်ဝင်နေတယ်ဆိုတာကို
အခု တစိမ့်စိမ့်တွေးမှ တရေးရေးပေါ်လာခဲ့တော့တာ။ ထားပါတော့လေ
အဖြောင့်အတိုင်း တွေးတတ်တဲ့ ကိုယ့်အတွက် နောက်လာမယ့် အရာတွေဟာ
သင်္ခန်းစာကောင်းကောင်းတွေ ဖြစ်လိမ့်မယ်ဆိုတာ ကြိုသိရင် ကိုယ်ဘာလုပ်မယ်
ထင်လဲ။ ဟာ ဟ ဘာမှတော့ ထူးပြီးလုပ်ဖြစ်မယ်မထင်ပါဘူး။ ဒါပေမယ့် အခုထက်တော့
ခံစားရတာ နည်းနည်းသက်သာမယ် ထင်ပါရဲ့လေ။
******************************************************
"ကိုမောင် သိလား ဇင်လေ ပြောစရာရှိတယ် အတင်းတော့ မဟုတ်ပါဘူး
ဇင့်အခန်းဖော်အကြောင်း နည်းနည်းပြောပြချင်တယ် အခြားသူငယ်ချင်းတွေလည်း
မပြောချင်ဘူး စကားတွေ ပြန်ရောက်သွားမှာဆိုးလို့ ဟင် ကိုမောင် ပြောပြရမလား"
ချစ်သူကို အားကိုးတကြီး တိုင်ပင်ဖို့ မော့အကြည့် ချစ်သူ့မျက်နှာ
မြင်လိုက်ရတော့ ပြောမယ့်စကား လည်ချောင်းတင် တစ်သွားမိ၏။ ကိုယ်ဟာ
သူ့အကြည့်အောက်မှာ သူများကွယ်ရာမှာ အတင်းအဖျင်းတွေ ဆိုတတ်တဲ့
မိန်းမကြီးတစ်ယောက်ပုံစံ ဖြစ်သွားသည်။
"ကိုမောင်ကလည်း ဇင်ပြောတာများ နားထောင်ကြည့်ပါဦးလား။ ဘယ်သူ့အကြောင်းကို
ဘယ်လောက် ဆိုးဆိုးရွားရွားကြီး ပြောမယ်ထင်လို့ မျက်နှာကြီးက
ဖြစ်ပျက်နေလိုက်တာ။ ကိုမောင်က ဇင့်ချစ်သူပါ။ ဇင်ဘာပြောပြော နားတော့
ထောင်ကြည့်ပါဦးလား။ အခုတော့ မျက်နှာက ချီထားလိုက်တာ။ ပြောပါဦး
ဇင်ဘယ်သူ့အကြောင်း ပြောမယ် ထင်လို့လဲ"
လူကဲခတ်ညံ့ပါတယ်လို့ အများကသတ်မှတ်ခံထားရတဲ့ ကိုယ်တောင်
အကဲခတ်လို့ရတယ်ဆိုမှတော့ သူ့မျက်နှာ ဘယ်လောက်ပျက်နေတယ်ဆိုတာ သူအသိဆုံးမို့
ကမန်းကတန်း ပြန်ပြင်ပေမယ့် ကိုယ်ကတော့ စိတ်ထဲ တစ်ချက်ထင့်သွားမိသည်။
ကိုယ်ပြောမယ့်စကားတွေ သူဘယ်လိုကနေ ဘယ်လို ကြိုသိနေပါလိမ့်။
"မဟုတ်ပါဘူး ဇင်လေးရဲ့ ကိုမောင်က သူများအကြောင်းတွေ မပြောစေချင်ဘူး ဇင်က
ဖြူတယ်လေ ဘာပဲဖြစ်ဖြစ် အတင်းပြောတာ အကျင့်ပါသွားရင် မကောင်းဘူးမလား "
သူ့စကားသံကြားမှာ ပြန်လည်ပျော်ဝင်သွားမိတဲ့ ကိုယ့်ကိုကိုယ် အခုနေပြန်တွေးမှ
တုံးလိုက်တာလို့ ခံစားမိတယ်။ အဲတုန်းကတော့ ချစ်သူက ကိုယ့်ကိုချစ်လိုက်တာ။
ကိုယ်မကောင်းဖြစ်မှာဆိုးလို့ပါလား။ ကိုယ့်အတွက် ကြည့်ပေးတတ်လိုက်တာနဲ့
တွေးရင်း ဘဝကြီးက နေပျော်စရာကြီးပါလားလို့ပေါ့။
************************************************
"ဇင်ရေ ကိုယ်တို့ ခရီးသွားကြရအောင် ဇင် အဖော်ရအောင် ရှင့်သူငယ်ချင်း စုပါ ခေါ်လာလေ။ ဇင်ဘယ်သွားချင်လည်း ပြောပါဦး"
ကိုယ်က နေ့ထူးနေ့မြတ်တွေဆို ခရီးသွားချင်တယ်ပြောတိုင်း ဟိုရက်ကတော့ မအားဘူး
ဒီရက်တော့ မပိတ်ဘူး အကြောင်းပြတတ်တဲ့ သူတစ်ယောက်က အခုလို တခုတ်တရ
စကားဆိုလာတော့ အတိုင်းမသိ ဝမ်းသာသွားမိသည်။ ဒါပေမယ့် သူ နောက်ဆက်တွဲ
ပြောလိုက်တဲ့စကားအဆုံးမှာတော့ ကိုယ်လွတ်လွတ်လပ်လပ် အကြာကြီး
ပျော်ခွင့်မရလိုက်တော့ပါ။
"မဖြစ်ဘူးလေ ကိုမောင်ရယ် ဇင် ဒီတစ်လလုံးအားမှ မအားတာ ဇင့်စာမေးပွဲဖြေဖို့ လုံးပန်းနေတယ်လေ။ နောက်လမှ သွားကြမလားဟင်"
ကိုယ် အသားနားခံ မော့ကြည့်ပေမယ့် အစကတည်းက အလျှော့ပေးတတ်တဲ့အကျင့်
မရှိတဲ့သူမို့ ချက်ချင်းပြင်ငြင်းမယ်ဆိုတာကို သိပြီးသားပေမယ့် ရလို့ရငြား
အယူခံဝင်ပေမယ့် စကားမဆုံးခင် ပယ်ချခံလိုက်ရတော့သည်။
"ဟာကွာ ဇင်လေးကလည်း ကိုမောင်က ဒီတစ်လထဲပဲ ခွင့်ရက်ရှည်ရတာ နောက်လတွေဆို နိုင်ငံခြားဧည့်သည်တွေ လာမှာလေကွာ ဒီလထဲပဲ သွားကြမယ်လေ"
"မဖြစ်ပါဘူး ကိုမောင်ကလည်း ဇင်သိပ်အောင်ချင်တဲ့ ဘွဲ့လွန် စာမေးပွဲလေ
မဖြေလို့ မရဘူးလေကွာ ဇင့်ရည်မှန်းချက်က မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ သွားပြီး
တာဝန်ထမ်းဆောင်ဖို့လေ ပြီးတော့ ဇင်တို့ နောက်နှစ်ဆို လက်ထပ်ကြမှာပဲကိုး
အဲဒီအခါကျရင် ဟန်းနီးမွန်းသွားလို့ဖြစ်တာပဲကိုး နော် ကိုမောင် ဇင့်ကို
ဒီတစ်ခါတော့ ခွင့်လွှတ်ပါနော်"
ကိုယ်ဟာ ကိုယ့်အောင်မြင်မှုကို သူနဲ့ အတူတူသွားမယ့် ပျော်ရွှင်ဖွယ် ခရီးကို
ဖျက်လို့ ဖျက်စီးလုပ်တယ်လို့ စွပ်စွဲပြီး စိတ်ကောက်နေတဲ့ သူ့ကို ချော့ရင်း
အဲဒီနေ့က ခရီးမသွားရပေမယ့် ပျော်ခဲ့သည်။ သူကိုယ့်ကို အရမ်းချစ်ပါလား
ကိုယ်နဲ့ မသွားရလို့ စိတ်မကောင်းဖြစ်နေပါလားဆိုတဲ့ အသိနဲ့
ကျေနပ်နေမိသေးသည်။ အခုနေ ပြန်တွေးမှ ကိုယ်ဟာ တော်တော်တုံးပါလားဆိုတာ
သဘောပေါက်မိလာသည်။ ဒါဟာ ပရိယာယ်မာယာများတဲ့ မိန်းမဆန်လွန်းတဲ့ မိန်းမနဲ့
ယောက်ျားဆန်လွန်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ လှည့်ကွက်တွေဆိုတာ
အချိန်အတော်ကြီးကြာမှ ပြန်သိခွင့်ရခဲ့သည်။ ဒါဟာ ရုပ်ရှင်ထဲမှာဆိုရင်တော့
ခပ်တုံးတုံးမိန်းမတစ်ယောက်ရဲ့ ရင်ကွဲနာကျခန်းကြီးဖြစ်လာနိုင်ပေမယ့်
အပြင်မှာတော့ ကိုယ် အဲလောက် ရုပ်ပျက်ဆင်းပျက်မနိုင်ခဲ့ဘူး ထင်ပါရဲ့။ အထင်ပဲ
ရှိတာပါ။ တကယ်တော့ ကိုယ်သွေးစိမ်းရှင်ရှင် ကျခဲ့တဲ့ နေ့တွေပေါ့။
**************************************************************
သူခွင့်ရက်ရှည်ယူပြီး မိဘအိမ်ပြန်သွားတဲ့ ကာလအတွင်းမှာ စာမေးပွဲတစ်ဖက်
သူ့လွမ်းရတာ တစ်ဖက်နဲ့မို့ အခန်းဖော် သူငယ်ချင်း စုတစ်ယောက် သူ့အိမ်
အလည်ပြန်တာတောင် လိုက်မပို့နိုင်ခဲ့တာမို့ အားနာလို့ မဆုံးမိ။ သူ့ကို
လွမ်းနေတဲ့ အလွမ်းတွေကို စာကျက်တဲ့ဘက် အားဖြည့်ပြီး နေနေရတဲ့ ကိုယ့်ဆီ
ဝင်လာတဲ့ ဖုန်းတစ်ကောကြောင့် ကိုယ့်ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားတာ
အခုနေ ပြန်တွေး အခုအသစ်ပြန်ဖြစ်တုန်းပဲ။ မှတ်မှတ်ရရ သူ ပြန်သွားပြီး
ငါးရက်မြောက်နေ့မှာပေါ့။
"နင် ကိုသူရမောင်နဲ့ ပြတ်သွားပြီလား ဟုတ်လား မိဇင်။"
"ဟာ မပြတ်ပါဘူး ကိုမောင်နဲ့ ငါက ဘာလို့ ပြတ်ရမှာလည်း ချစ်လိုက်တာမှ
တုန်လို့ နောက်နှစ် အစလောက်ဆို ယူမယ်လို့တောင် ပြောနေသေးတာ နေပါဦး
နင်ကလည်း ဖုန်းခေါ်ပြီး ဒါမေးတာလား အလန့်တကြားဟယ် စာကျက်ပျက်တယ်"
"ဟဲ့ မိန်းမ နင့်စာ နောက်မှ ကျက် အခု ငါပြောတာသာ အရင်နားထောင်ဟေ့ နင့်
ကိုသူရမောင်ကြီးကို အတွဲအသစ်နဲ့ တွေ့လို့ဟယ် အဲဒါ နင်နဲ့များ
ပြတ်ပြီလားလို့"
"အမ် မဟုတ်က ဟုတ်က သူ့ညီမတွေ နေမှာပေါဟ နင်ကလည်း သေကော သေချာလို့လား"
"သေချာပါ့ဟယ် ငါက သူ့ညီမတွေဆို မသိပဲ နေမလား သူနဲ့ ငါက
အိမ်ချင်းဘယ်လောက်ဝေးတာလိုက်လို့ အခုက လုံးဝ အလန်နော် နင်နဲ့များ တခြားစီ
ဆံပင်ကလည်းအရှည်ကြီး မျက်နှာကလည်းပြင်ထားမှန်းတောင် မသိရအောင်
ချောညက်နေတာနော် တကယ့်ကို ရှေ့သွားနောက်လိုက် ညီတဲ့ ပုံစံမျိုး နင်သိအောင်
လှမ်းပြောတာ နေပါဦး ခေါ်တာလည်း ငါ နားစွန်နားဖျား ကြားလိုက်ပါတယ် စု ဆိုလား
ဘာလားပဲ"
"အမ် ဘယ်လို ပြန်ပြောစမ်းပါ စုဆိုလားဟုတ်လား အော် အေးအေး ကျေးဇူးပါ သူငယ်ချင်းရယ်"
"အော်အေးအေး လုပ်မနေနဲ့ မမ ကိုယ့်ကိုကိုယ်လည်းပြင်ပြင်ဆင်ဆင်နေဦး
ယောက်ျားဆိုတာက လှတပတလေးများတွေ့ရင် ကောက်မြည်းလိုက်ချင်တာ အတင်းလဲ
စိတ်မပူပါနဲ့ဟဲ့ သူငယ်ချင်းလည်း ဖြစ်ချင်ဖြစ်မှာပါ ဒါပေသည့် နင် ကြိုသိပြီး
ကြိုတင်ပြင်ဆင်ထားရအောင် သတိလှမ်းပေးတာ ဒါပဲနော် နောက်မှတွေ့မယ်"
ဖုန်းကို အယောင်ယောင်အမှားမှား ချလိုက်ရသည်။ ကြာရင် ကိုယ့်အသံ ဘယ်လိုမှ
ထိန်းပြောနိုင်မှာ မဟုတ်တာ သေချာနေပြီလေ။ ကိုမောင်ရယ် ရက်စက်လိုက်တာ။
ကိုမောင်က အလှကြိုက်တယ် ဇင်ရယ် လှလှလေးနေပါဆို ဇင် လှလှလေးနေမှာပေါ့။
ကိုမောင် အခုလို သစ္စာမဲ့မယ့်အလုပ်မျိုး ဘာကြောင့်လုပ်သွားတာလဲ။ ဇင့်ဘက်က
ဘာတွေများ ချို့ယွင်းချက်တွေ ရှိနေလို့လဲ။ အခုတော့ ကိုမောင်က
သည်ယုန်မြင်လို့ သည်ချုံထွင်တာကိုး။ လုပ်ရက်ပါပေ့ ကိုမောင်ရယ်
လုပ်ရက်ပါပေ့။
********************************************************
ဆောက်တည်ရာမရတဲ့ စိတ်တွေနဲ့ အမေ့ဆီ ဖုန်းဆက်ပြီး တဝကြီးငိုလိုက်ရမှ
အတော်ကြီးပေါ့သွားမိသည်။ ခလုတ်ထိမှ အမိတဆိုတာ တယ်မှန်ပါလား။ တကယ်လည်း
အရေးကြုံရော အမေ့ကို တန်းပြီးသတိရမိသည်။ ကိုယ့်အတွက် အမေချပေးတဲ့
အကြံဥာဏ်ဟာ အသင့်တော်ဆုံးမို့ပြင်ဆင်ထားတဲ့ စိတ်နဲ့ သူတို့နှစ်ယောက်
ပြန်လာမယ့်အချိန်ကို စောင့်နေခဲ့မိသည်။ အဖြူအမည်း မသည်းကွဲပဲ
စောင့်စားနေရတဲ့ ရက်တွေဟာ ကိုယ့်အတွက်တော့ အရှင်လတ်လတ် ငရဲခံရတဲ့
နေ့တွေပေါ့။ ငိုရလွန်းလို့ မျက်ရည်အိတ်တောင် ခန်းလုချင်ချင်။
တွေးရလွန်းလို့ ခေါင်းကိုက်တာလည်း အကြိမ်ကြိမ်။ စာမေးပွဲအတွက်
ပြင်ဆင်ချင်တဲ့စိတ်တွေလည်း ကြက်ပျောက် ငှက်ပျောက်။ သူတို့ပြန်လာမယ့်
အချိန်ကိုသာ လက်ချိုးရေရင်း အရူးတစ်ယောက်လို ညညဆို အိပ်မပျော်ပဲ
တောင်တွေးမြောက်တွေးနဲ့ မိုးလင်းမှ အိပ်ပျော်တဲ့ညတွေကြည့် ဖြစ်ခဲ့ရသည်။
သူ့မျက်စိထဲ ကိုယ်ပြန်ဝင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပုံမသွင်းဖြစ်တာ
ကြာပြီဖြစ်တဲ့ ကျောလည်လောက် ဆံပင်ကို သူငယ်ချင်းကို အကူအညီတောင်းပြီး
ဗြူးတီးဆလွန်းကို တကူးတကသွားပြင်ဖြစ်ခဲ့ပြီ။ သနပ်ခါးက လွဲပြီး မတင်ဖြစ်တဲ့
ပါးပြင်မှာ အရောင်စုံခဲ့ပြီ။ သူပြန်လာရင် အလှဆုံးဖြစ်အောင် မှန်တင်ခုံရှေ့
ရီဟာဇယ်အကြိမ်ကြိမ်လုပ်နေမိတာ ဘေးလူမြင်ရင် အရူးနီးနီးပါပဲ။ ဘာပဲဖြစ်ဖြစ်
နှစ်နှစ်တာ သံယောဇဉ်ကြိုးကို သူ လွယ်လွယ်နဲ့တော့ မဖြတ်တန်ကောင်းပါဘူးလို့
ကိုယ့်ကိုကိုယ် ဘယ်လိုပဲ ဖြေသိမ့်တွေးတွေး သွေးပျက်ခြောက်ခြားနေတာကိုတော့
ဟန်လုပ် ဖုံးဖိထားဖို့တောင် သတိမရမိ။ ဖမ်းဆုပ်မိတာ
သစ်ကိုင်းကြီးမဟုတ်သော်မှ ကောက်ရိုးတစ်မျှင်ဖြစ်ပါစေ လေဟာနယ်တော့
မဖြစ်ပါရစေနဲ့ ဘုရား။
****************************************************
"ကိုမောင် ပျော်ခဲ့ရဲ့လားဟင်"
အတိုင်းအဆမရှိ ပျက်သွားတဲ့ မျက်နှာကို အကဲဖမ်းရင် ဘာဆက်ပြောရမလဲဆိုတာ
စိတ်ထဲ စာစီနေမိတာ အကြိမ်ကြိမ်။ အဆောင်ကနေ မထွက်ခင် အလွတ်မှတ်လာတဲ့
ပြောရမယ့် စကားတွေလည်း ကြက်ပျောက် ငှက်ပျောက်။ ပြောချင်တာက တစ်မျိုး
ပြောနေမိတာက တစ်မျိုး။ မဟုတ်သေးပါဘူး အားတင်းစမ်း ကိစ္စတစ်ခုကို
ဇာတ်မျှောကြီး မထားရဘူး။ အပြတ်ရှင်းရမယ်။ ကဲ မေးလိုက်တော့မယ်။ ဘယ်လိုဖြေမလဲ
စောင့်ကြည့်ရသေးတာပေါ့။
"ဇင့်ကို ကိုယ်ပြောစရာရှိတယ်"
ပြောမယ့်ပြောတော့ သူကစပြောလာတယ်။ ကဲ ဟုတ်ပါပြီ။ သူဘယ်လိုမျက်နှာနဲ့ ဘာကိုပြောမလဲ။
"ပြောလေ ကိုမောင်"
ဘာမှမသိသလို ရိုးသားချင်ယောင်ဆောင်ရတာ သိပ်မခက်ပါလား။ အသိနောက်ကျလေးချင်း။ ဟင်း ဟင်း။
"ဘာမှတော့ မဟုတ်ပါဘူး ဇင် စာမေးပွဲ ဖြေနိုင်လားလို့ ကိုမောင် ဝယ်လာတဲ့ လက်ဆောင်တွေကော ကြိုက်လား"
"အင်း ကြိုက်ပါတယ် ဖြေနိုင်ပါတယ် ဇင်တောင် စဉ်းစားနေတာ ဇင့်အတွက်
စာမေးပွဲဖြေရင် အားကိုးရမယ့် စာကျက်ဖော် တစ်ယောက်လောက် ထပ်ရှာရင်
ကောင်းမလားလို့"
သေလိုက်စမ်း မိဇင် သေလိုက်စမ်း။ ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်လိုက်တော့။
တကယ်ပြောရမှာ အဲစကားမဟုတ်ဘူးလေ။ ကိုယ့်ပါးစပ်ကို မထိန်းလိုက်နိုင်ခင်
လွှတ်ကနဲ ခနဲ့တဲ့စကား အရင်ထွက်သွားသည်။ ပျက်ယွင်းသွားတဲ့ သူ့မျက်နှာကို
ကြည့်ရင်း ကိုယ်ပဲတစ်ဖက်သတ် အထင်လွဲနေတာများလား။ သူနဲ့စု ရိုးရိုးသားသား
ရန်ကုန်မှာ တွေ့ကြတာဆို ကိုယ့်ဘက်က စပြီး ဖောင်းသလိုဖြစ်သွားမလား။
မဟုတ်သေးပါဘူး သေချာပါတယ်။ ကိုမောင်ဟာ ဘောလုံးသမားတွေလို
ဘယ်ခြေအယောင်ပြပြီး ညာခြေလှမ်းနေတယ်ဆိုတာကို အထပ်ထပ် စုံစမ်းပြီးပါပြီ။
"မင်း ဘာဖြစ်နေတာလဲ အသစ်တွေ့နေတာလား ခရီးက အခုမှ ပြန်ရောက်တဲ့ ချစ်သူကို
ပြောရမယ့် စကားက အဲစကားလား မင်းဘာဖြစ်နေတာလဲ ပြောပါဦး ရှင်းစမ်းပါဦး"
ကိုယ့်အပြုံးနဲ့ ကိုယ့်မျက်နှာပေးက သူ့အရှိုက်ကို ထိသွားမယ်ဆိုတာ သိခဲ့ရင်
မပြုံးခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ် ဆိုးနွဲ့တာ အကျင့်ပါနေတဲ့ ကိုယ်ဟာ
နောက်ဆုံးကောက်ရိုးမျှင်ကို အလန့်တကြား လွှတ်ချမိသွားတယ်။
မရည်ရွယ်ရိုးအမှန်ပါ။ ဒါပေမယ့် အသိဝင်ချိန်ဟာ နောက်ကျသွားခဲ့ပြီ။
သူကိုယ့်ကို ဘယ်တော့မှ ထားပြစ်ခဲ့မှာ မဟုတ်ပါဘူးလို့ထင်တားတဲ့
ကိုယ့်အတွေးတွေ မှားစပြုလာပြီ။ ကိုယ်ဘာဆက်လုပ်ရမလဲဟင်။
"နင်ဟာ တော်တော် နားလည်မှု မရှိတဲ့ မိန်းမပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလည်း
ဒီခရီးကြမ်းပဲ စိတ်ဆင်းရဲ ငိုပြီး ဖြတ်သန်းလည်း ဒီခရီးကြမ်းပဲ
နင်မြဲမြဲမှတ်ထား နင့်ကိုတော့ ငါအရမ်းချဉ်သွားပြီ နင်ကျပ်ကျပ်လုပ် နင်နဲ့ငါ
ကွဲဖို့ သေချာနေပြီ"
"နေပါဦး ကိုမောင်ရယ် ဇင်က ဘာပြောနေလို့ ကိုမောင်က ကွဲစကား စပြောနေရတာလည်း
တကယ်အသစ်တွေ့နေတာက ကိုမောင်မဟုတ်လား ဇင့်ဘက်က ဘာနားလည်မှု မရှိလို့လည်း
ပြောစမ်းပါဦး"
"နားလည်မှု ဆိုတာကို နင်ဘယ်လို နားလည်ထားလို့လဲ နင်ပေးတဲ့ နားလည်မှုဆိုတာ
ငါလိုချင်တဲ့ နားလည်မှုမှ မဟုတ်တာ မင်းက အမြဲတမ်း မင်းဘက်ကိုပဲ ကြည့်တယ်
ငါ့ဘက်က လိုအပ်ချက်ဆိုကို မင်းဘာမှဖြည့်ဆည်းပေးတယ်မရှိခဲ့ဘူး မင်းတကယ်တမ်း
နားလည်မပေးနိုင်ခဲ့ဘူး ကွဲစကားစပြောအောင် မင်းအခု လုပ်နေတာလေ မင်းပဲ
အသစ်ရှာမယ်ဆို ရှာလေ ဟ ဟ"
"မရှာပါဘူး ဇင်လုံးဝ ကိုမောင့်နဲ့ မဝေးချင်ဘူး ကိုမောင် ကိုမောင့်ကို ဇင် ချစ်တယ်"
ကိုယ့်ပါးစပ်က ချစ်တယ်ဆိုတဲ့စကား ထွက်သွားပေမယ့် သူ့မျက်နှာကြောက
ပြန်လျော့မလာတော့။ မှားသွားပြီ။ ဖြတ်ခနဲ စဉ်းစားမိတဲ့အတွေးလေးတောင်
လွင့်ချင်ချင်။
"ခဏလေး ခဏလေး ကိုမောင် ကိုမောင်လိုချင်တဲ့ နားလည်မှု ဆိုတာ ဘယ်လိုဟာမျိုးလဲ
တကယ်က ဇင်အသစ်မတွေ့ဘူးဆိုတာကော ဇင် ကိုမောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာကော
ကိုမောင်သိရဲ့သားနဲ့ တကယ်က ကိုမောင်သာ အသစ်တွေ့နေတာပါ ဟုတ်တယ်မလား
ဇင်ပြောတာ မှန်တယ်မလားဟင် ကိုမောင် ဇင့်ကို မချစ်တော့ဘူးမဟုတ်လား"
ထိန်းမရ တားမရ ကာမရတဲ့ မျက်ဝန်းက ပုလဲသီတို့ ပိုးပိုးပေါက်ပေါက်ကျဆင်းသလို
ပါးစပ်ကလည်း သိချင်တာတွေ တရစပ် မေးနေမိသည်။ မေးသာမေးရတာ သူအမှန်အတိုင်း
ဖြေလိုက်မှာလည်း တအားကို ကြောက်နေမိသည်။ အမှန်တရားကို ကိုယ့်နားက
လက်မခံဝံ့ပဲ ဖြစ်နေမိသည်။ ကိုယ်သိပ်ကို တစ်ကိုယ်ကောင်း ဆန်နေမိပြီလား။
ကိုယ့်အပါးက ချစ်သူက ကိုယ့်ထက် ချစ်ရမယ့်သူတွေ့နေတာကိုး သဘောထားကြီးကြီးနဲ့
လွှတ်မပေးနိုင်တာ အပြစ်လား။ ကိုယ်မှားနေသလား။ မဟုတ်ဘူး မမှားပါဘူး။
ချစ်တာကိုး ချစ်ရလွန်းလို့သာ ကိုယ့်အပါးက ခွာသွားမှာကို
အရမ်းစိုးရိမ်နေမိတာပါ။ ချစ်ရလွန်းလို့ ကိုယ့်ဘက်က မှားတာတွေ ရှိခဲ့တာပါ။
တချို့အရာတွေကို ထိန်းချုပ်မိတာပါ။ တချို့အရာတွေကို ပိတ်ပင်မိတာပါ။ ဒါကို
သူနားလည်ပါ့မလား။ ဟင့်အင်း သူနားမလည်ဘူး နားမလည်လို့သာ သူလိုချင်တာ
ကိုယ်ပေးတဲ့ နားလည်မှု မဟုတ်ဘူးလို့ စွပ်စွဲတာပေါ့။ ထွက်မသွားလိုက်ပါနဲ့
အပါးကနေ ထွက်မသွားလိုက်ပါနဲ့။ နှလုံးသားကို နင်းခြေပြီးတော့
ထွက်မသွားလိုက်ပါနဲ့လား ကိုမောင်ရယ်။
****************************************************
"အား................အား.................."
အလန့်တကြားနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရောက်နေတဲ့နေရာက
အိစက်စက်အိပ်ရာပေါ်မှာ။ ဒါဆို အစောက အဖြစ်အပျက်တွေက အိပ်မက်မက်နေတာပေါ့။
ဒီအိပ်မက်တွေ မမက်တာ နှစ်တော်တော်ကြာနေပြီပဲ။ပြန်မက်ပြန်ပြီ။ ဘာလို့များ
မေ့ထားတာတွေ အသစ်ပြန်ဖြစ်အောင် အိပ်မက်က လှုပ်နှိုးပြန်တာလဲကွယ်။ ညက
အိပ်ခါနီး တွေးလိုက်မိလို့ကော သူငယ်ချင်း ဖုန်းဆက်ပြောထားတာတွေကော
ဆုံသွားလို့ပြန်မက်တာဖြစ်မှာပါ။ ကဲပါလေ အိပ်မပျော်တဲ့ အဆုံး ထတာပဲ
ကောင်းပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် အဆုံးအဖြတ်ယူပြီး အိပ်မက်က လန့်နိုးခါစ
ချွေးစေးတွေပြန်နေတဲ့ ခန္ဓာကိုယ်ကို စောင်ပုံအောက်က တိုးထွက်ရင်း နာရီကို
မြှောက်ကြည့်လိုက်မိသည်။ မြန်မာစံတော်ချိန် မနက် လေးနာရီ။ ဒါဆို သူတို့
စင်္ကာပူမှာ မနက် ငါးနာရီခွဲဆိုတော့ သူ့အတွက်တော့ အိပ်လို့ အကောင်းဆုံး
အချိန်တွေပေါ့။ သူ့အတွက် လှပပြီး သူ့ရဲ့စံနဲ့ ကိုက်ညီတဲ့ မိန်းမလှလေးစုရယ်
သူ့ရင်သွေး သားသားမီးမီးလေးတွေရယ်နဲ့ ဘဝကြီးက နေပျော်စရာဆိုတော့
ကိုယ့်လိုတော့ အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးရင်တောင် တိုးဝင်စရာ
ရင်ခွင်နွေးနွေးမရှိတဲ့ ဘဝလို အေးစက်စက် ခံစားချက်တွေ သူဘယ်သိနိုင်ပါ့မလဲ။
ကိုယ့်အတွက်တော့ ခါးသီးခြင်းဆိုတာ မဆန်းတော့ဘူးမို့ သူ အမြဲတမ်း
ပျော်နေပါစေလေ။ အခုတော့ သူလည်း သူရွေးထားတဲ့ ဘဝမှာ နေပျော်နေလောက်ပြီမို့
ကိုယ်လည်း သူချန်ထားခဲ့တဲ့ ဘဝမှာ အသားကျအောင်နေဖို့ပဲရှိတော့တာပေါ့။ ဟာကွာ
ဒီမျက်ရည်တွေ ဘာကိစ္စ ကျလာပြန်တာလဲ။
အလန့်တကြားနဲ့ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်နွေးနွေးတွေကိုသုတ်လိုက်မှပဲ
ကြည့်ခါစက ကြည်နေတဲ့ မနက်အာရုဏ်ဦးရဲ့ အလှအပက ဝေဝါးသွားတော့သည်။ ကံက
ဘယ်တော့များမှ အလှည့်ပေးပါ့မလဲ။ ဘယ်တော့များမှပဲ ကိုယ့်အတွက် လှပတဲ့
အာရုဏ်ဦးရောင်နီ ပြန်ရောက်လာပါ့မလဲကွယ်။
"ဒေါက်..........ဒေါက်"
ကြည့်စမ်း ကိုယ်ဘယ်လောက် အတွေးလွန်နေခဲ့သလဲဆိုတာ။
တံခါးခေါက်သံလက်သံပြင်းပြင်းကျမှပဲ ကြားတော့တယ်။ ဘာကိစ္စရှိလို့ပါလိမ့်။
ကိုယ့်အတွေးမဆုံးခင် ထွက်ပေါ်လာတဲ့ ခပ်ကျယ်ကျယ်စကားသံက လက်ရှိဘဝကို
ပြန်အသက်ဝင်လာစေတယ်။ ဟုတ်သား ကိုယ်ဒါတွေကို ဘာလို့ မေ့ထားမှာလဲ။ ဘာလို့
အတိတ်ကိုကြည့် ခါးသက်နေမှာလဲ။ ပစ္စုပ္ပန်ရဲ့ ချိုမြိန်မှုကိုလဲ ခံစားရမှာပေါ့။
ကျနေတဲ့ မျက်ရည်တွေ တိကနဲ တိတ်သွားတဲ့ခဏမှာ ကိုယ်ဟာ အစစအရာရာကို
ကသုတ်သရုတ်ပြင်ဆင်ပြီး လိုက်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ ကိုယ်ဟာ
သူ့ဘဝရဲ့ ရောင်နီးဦးဖြစ်ခွင့်မရှိခဲ့ပေမယ့် ကိုယ့်ကို ရောင်နီဦးလို
မျှော်နေမယ့် ဘဝတွေရှိသေးတယ်ဆိုတာ ကိုယ်ဘာလို့မေ့ထားမိပါလိမ့်။ ကိုယ်ဟာ
ဘဝများစွာရဲ့ ရောင်နီဦးအဖြစ်နဲ့ပဲ အရာရာ ရင်ဆိုင်ဖို့အသင့်ဖြစ်ခဲ့ပြီဆိုတာ
ကိုယ့်လက်ထဲက အသင့်ဖြစ်နေတဲ့ ဆေးအိတ်နဲ့ ဖိနပ်စီးနေတဲ့ ခြေထောက်တွေက
သက်သေတည်သွားခဲ့တယ်။
"ဒေါက်တာ လူနာအရေးကြီးလို့ ဆေးရုံက တစ်ယောက်အကြောင်းကြားလာပါတယ်"
"အေး အခုပဲ လိုက်ခဲ့မယ်"
ခေးဟေသာ
0 comments:
Post a Comment