လုံခြုံခိုင်ခံ့သောစည်းရိုးများကို သင်တို့မြင်ဖူးကြပါသလား။
ရန်သူမျိုးငါးပါးဖျက်ဆီး၍ မပျက်စီးသော စည်းရိုး။ လေဒဏ် မိုးဒဏ် စသည့်
သဘာဝဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် စည်းရိုး။
လောဘ ဒေါသ မောဟ ဖျက်၍လည်း မပြိုလဲ
မယိမ်းယိုင်သောစည်းရိုးမျိုးမြင်ဖူးကြပါသလား။ သို့မဟုတ်လျှင် ကြားရော
ကြားဖူးကြပါသလား။ ရှိသည်ဟုရော ယုံကြည် ကြပါသလား။ လွတ်လပ်စွာတွေးတောရင်း
စဉ်းစားကြည့်စေချင်ပါသည်။
စည်းရိုးပေါင်းများစွာကို ကျွန်တော် မြင်ဖူးခဲ့ပါသည်။
ဝါးဖြင့်ခတ်ထားသည့်စည်းရိုး ၊ သစ်လုံးများဖြင့်ခတ်ထားသည့် စည်းရိုး ၊
အုတ်တံတိုင်းဖြင့်ကာရံထားသည့်စည်းရိုး ၊ သံစကာများဖြင့်ကာထားသည့်စည်းရိုး
.. စသဖြင့် မြောက်များစွာသော စည်းရိုးများကိုမြင်ဖူးပါသည်။ တကယ်တော့
စည်းခတ်သည်မှာ လုံခြုံမှုတစ်ခုအတွက်ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော်
ထိုစည်းရိုးကလေးများသည် တဒင်္ဂသာ လုံခြုံမှုကိုအပြည့်အဝပေးနိုင်ပါလိမ့်မည်။
ရေရှည်ခိုင်ခံ့လုံခြုံရန်မူ မစွမ်းသာပေ။ တကယ်တော့
မြင်ရသည့်သက်မဲ့ပစ္စည်းများကိုသာ စည်းရိုးခတ်ရန် စိုင်းပြင်းနေကြခြင်းထက်
မမြင်ရသည့်လိုအပ်ချက်တစ်ခု ကိုစည်းခတ်ရန်လိုအပ်ပါသည်။
ထိုအရေးကြီးဆုံးအရာတစ်ခုကို စည်းခတ်ရန်တော့ အားလုံးမေ့လျော့နေခဲ့ကြပါသည်။
စည်းရိုးများဖြင့်ကာရံသည်မှာ မိမိအိမ်ဝန်းကို
လုံခြုံမှုရှိရန်ကာကွယ်ထားခြင်းပင်။ သူတို့က တိရိစ္ဆာန်များကိုကြောက်၍
စည်းခတ်ထားခဲ့သည်လား။ သေချာစဉ်းစားကြည့်လျှင် ဖြစ်နိုင်ခြေနည်းလှပါသည်။
တိရိစ္ဆာန်များက တုတ်ဖြင့်ရိုက်၍ မောင်း ထုတ်လျှင်သော်လည်းကောင်း
ခြောက်လှန့်လိုက်ရုံဖြင့်သော်လည်းကောင်း အကြောက်အကန်
ထွက်ပြေးသွားကြပါလိမ့်မည်။ ဒါဆို လူတွေဘာကိုကြောက်၍
စည်းခတ်ကြပါသနည်း။သေချာစဉ်းစားကြည့်လျှင်
လူတွေအားလုံးကကြောက်နေကြပါသည်။ကြောက်၍လည်း
လုံခြုံခိုင်ခံ့သည့်စည်းရိုးကြီးများကို
အကုန်အကျခံကာပြုလုပ်ထားကြခြင်းဖြစ်သည်။ တတ်နိုင်သည့်သူက
အခိုင်ခံ့ဆုံးစည်းရိုးကိုပြုလုပ်ကြသလို မတတ်နိုင်သူများကလည်း
ဝါးစည်းရိုးလောက်ကိုဖြင့်စည်းခတ်ထားကြပါသည်။ သေချာ ကြည့်လိုက်တိုင်း
မြင်နေရသည်က လူက လူကို လှည့်စားကြသလို လူက လူကို အကောက်ကြံနေခဲ့ကြပါသည်။
နောက်ဆုံး လူကို လူက ပြန်ကြောက်နေကြခြင်းပင်ဖြစ်ပါလေတော့သည်။
တကယ်တော့ လူတွေကို အကောက်ကြံနေသည့် အရေးကြီးဆုံးအရာတစ်ခုက ရှိခဲ့ပါသေးသည်။
ထိုအရာကို လူတွေကိုယ်တိုင်သတိမထားမိခဲ့သလို ဂရုလည်းမစိုက်ခဲ့ကြပါစေ။
သို့နှင့် ထိုအရာက လူတွေကို စိတ်တိုင်းကျ ချယ်လှယ် လာခဲ့တော့သည်။ ထိုအရာကို
ကျွန်တော်ကိုယ်တိုင် မြင်တွေ့လာခဲ့ရသောအခါတွင်မူ ..။
(၂)
ခရီးသွားရသည်ကို ဝါသနာပါလှသည်မဟုတ်သော်လည်း
အလုပ်ကိစ္စတစ်ခုနှင့်ရန်ကုန်သို့ရောက်လာခဲ့ပြန်သည်။ ရွာမှ
ရန်ကုန်သို့တစ်နေကုန်ကားစီးရ၏။ မနက်ငါးနာရီထွက်လာခဲ့သောကားက
ညရှစ်နာရီထိုးမှရန်ကုန်သို့ရောက်လာခဲ့၏။ ကားဂိတ်တွင် သူငယ်ချင်းမင်းနိုင်
လာကြိုနေသဖြင့်တော်သေးသည်ဟုဆိုရပါမည်။ မင်းနိုင်က ကျွန်တော့်လိုပင်
တစ်ယောက် တည်းသမားလူပျိုကြီးပင်ဖြစ်သည်။ မင်းနိုင်၏အိမ်သို့ရောက်လာသောအခါ ည
ဆယ့်တစ်နာရီ ရှိခဲ့ပြီဖြစ်၏။ မင်းနိုင်က ရပ် ကွက်တစ်ခုတွင် ကိုယ်ပိုင်အိမ်
ဝန်းလေးနှင့်နေသူဖြစ်သည်။ ထိုကြောင့် တိုက်ခန်းနှင့်စာလျှင် အများကြီး
လွတ်လပ်သည်ဟု ဆိုရပေမည်။
မနက်လင်းသောအခါ အလုပ်ကိစ္စအတွက် သူငယ်ချင်းနှစ်ယောက်
မြို့ထဲသို့ထွက်လာခဲ့ကြသည်။ ရန်ကုန်သို့ ရောက်ဖူးနေကျဆိုသော်လည်း
ဘတ်စ်ကားတိုးစီးရသည်မှာတော့ မရိုးနိုင်သောဖြစ်စဉ်တစ်ခုဖြစ်၏။ ငပိသိပ်
ငချဉ်သိပ်သလို တိုးကြပ်လွန်းသော ဘတ်စ်ကားကိုလည်း ကျွန်တော်စီးခဲ့ဖူးသည်။
ညီမအရွယ် အစ်မအရွယ်များကို မစာနာစွာ အသားယူ
သာယာနေတတ်သူများကိုလည်းမြင်တွေ့ရပေါင်းများလှပြီ။ လူတိုင်းက
ထိုသို့စိတ်မထားတတ်သော်လည်း
နီးရာအိုင်တွင်ခြေဆေးချင်ကြသည့်အခွင့်ရေးသမားစုန်းပြူးများကြောင့်
အမျိုးသမီးတစ်ချို့၏ မယုံသင်္ကာမျက်လုံးများနှင့်ကြည့်သည်ကို ခံခဲ့ရဖူး၏။
ရိုးသားစွာထိမိခြင်းကိုပင် တစ်မျိုးအထင်ခံခဲ့ရသည်။
ဘတ်စ်ကားစီးရာတွင် ယောကျာ်း မိန်းမ ကြီးငယ်အရွယ်သုံးပါးစလုံး သတိထားကြရသည်က
ခါးပိုက်နှိုက်ပင် ဖြစ် သည်။ အခွင့်အရေးရသည်နှင့် မျက်နှာမကြည့်ပဲ
ရလိုမှုတစ်ခုသာကြည့်တတ်သည့် ထိုထိုကဲ့သို့သော မသမာသူများလည်း ရှိနေကြဆဲပင်။
မှုခင်းဂျာနယ်များတွင် လစဉ်ပြတ်သည်မရှိဖော်ပြနေသော
ပြစ်မှုကျူးလွန်သူများထဲတွင် ယောက်ျားလေး အပြင် မိန်းမခါးပိုက်နှိုက်နှင့်
ကလေးသူငယ်များသည်ပင်ပါလာတတ်သေးသည်။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက်ဟု အကြောင်း
ပြလျှင် ထိုအကြောင်းပြချက်က ခိုင်လုံမှုမရှိပါ။ သမာအာဇီဝအလုပ်လုပ်၍လည်း
ထမင်းဝပါသည်။ ထိုသို့ ကျီးလန့် အစာစား မသမာမှုကျူးလွန်သည့် အလုပ်ထက်လည်း
ပင်ပန်းမည်မထင်ပါ။ အမျိုးမျိုးအထွေထွေသောစိတ်တို့က အမှောင်ဘက်သို့
နယ်လွန်နေခြင်းဖြစ်သည်။
တကယ်တော့ စိတ်သည် ကြောက်စရာအကောင်းဆုံးနှင့် ထိန်းချုပ်ရန်အခက်ခဲဆုံး
အရာတစ်ခုဆိုလျှင် မှားမည် မထင်ပေ။ စိတ်သည်
အမှန်တရားဆီသို့ဖြောင့်တန်းစွာသွားနိုင်သလို လမ်းမှားသို့လည်း
ရောက်အောင်သွားတတ်ပြန်သေး သည်။ အလင်းဆီဦးတည်နေရင်းကပင် အမှောင်ထဲ
နားချင်နားတတ်ပြန်သည်။ တစ်ခါတစ်ရံ အမှန်တရားကို မှားအောင်
စိတ်ကစွမ်းဆောင်တတ်သေးသည်။ အမှားကိုအမှန်မြင်အောင်လည်း
မျက်လှည့်ပြတတ်သေးသည်။ စိတ်သည် ဖမ်းဆုပ်ရန် ခက်ခဲသောအရာတစ်ခုဖြစ်ခဲ့သည်။
ကျွန်တော်တို့ အလုပ်ကိစ္စပြီးစီးသောအခါ ညနေ သုံးနာရီရှိခဲ့ပြီ။
ထုံးစံအတိုင်း ဘတ်စ်ကားတိုးစီးခဲ့ရပြန်သည်။ အိမ် ရောက်သောအခါ ကျွန်တော်တို့
မျက်လုံးပြူးရပြန်သည်။ ခြံထဲရှိ ကြိုးတန်းပေါ်တွင်လှန်းထားခဲ့သောအင်္ကျီနှင့်
ဂျင်းဘောင်းဘီ များမရှိတော့ပေ။ ကြိုးတန်းလေးတစ်ခုသာ
ဟာလာဟင်းလင်းဖြစ်ကာကျန်ခဲ့သည်။ ခြံတံခါးကိုလည်း ကျွန်တော်တို့ သေချာ
သော့ခတ်ထားခဲ့သည်။ ထိုသူခိုးက ဘယ်ကဘယ်လို ဝင်ခိုးသွားခဲ့သလဲမပြောတတ်ပါ။
သူခိုးဝင်သည့်လမ်းကို လိုက်ရှာကြည့် သောအခါ ခြံထောင့်ရှိ
အပေါက်လေးတစ်ပေါက်ကိုမြင်ရလေသည်။ ဝါးဖြင့်ကာရံထားသောစည်းရိုးလေးက
အချိုးခံထားရ၏။ ခြံခတ်ထားသည်မှာကြာပြီမို့ ဝါးခြမ်းများကလည်း
ဆွေးမြေ့နေပါသည်။ ထို့ကြောင့် အလွယ်တကူချိုးဖျက်ကာ
ခြံထဲဝင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုယ့်ခြံ ကိုယ့်ဝန်းသည်ပင်
မလုံခြုံတော့ပါဟု မင်းနိုင်က စိတ်မကောင်းဖြစ်စွာပြော၏။ မင်းနိုင်ပြောသည်မှာ
လည်းမှန်၏။ ကိုယ့်အိမ်သည်ပင် လုံခြုံမှုကိုအပြည့်မပေးနိုင်သည့်အခြေအနေပါ။
“ ငါ့ခြံဝင်းလေးကို စည်းရိုးပြန်ခတ်မှဖြစ်တော့မယ်ကွာ၊ ကြာရင်အိမ်ထဲကပစ္စည်းတွေတောင်မှ အခိုးခံရလာနိုင်တယ်”
မင်းနိုင်က ဆွေးမြေ့ကျိုးပဲ့နေပြီဖြစ်သည့်စည်းရိုးများကိုကြည့်ပြီးပြော၏။
နောက်နေ့ရောက်သောအခါ မင်းနိုင်က လူငှား၍ ခြံဝင်းတစ်ခုလုံးကို
စည်းရိုးခတ်ပြန်သည်။ အနီးအနားမှအိမ်များကလည်း ပေါက်နေသည့်စည်းရိုးများကို
ဖာသည့်သူ က ဖာသည်။ အသစ်လုပ်သူကလည်း လုပ်သည်။ အခုတလော အိမ်တိုင်းလိုလို
အဝတ်အစား အသုံးအဆောင်များ တစ်ခုပြီး တစ်ခုပျောက်နေသည့်အတွက်
စည်းရိုးမခတ်၍လည်းမဖြစ်တော့ပါ။ တစ်ချို့ တတ်နိုင်သူများက စည်းရိုးကို
အုတ်တံတိုင်းကြီး များဖြင့်ကာထားကြသည်။ အုတ်တံတိုင်းထက်တွင် သံဆူး ကြိုး
အခွေလိပ်များကို တင်ထားကြသည်။ ထိုအခါ အုတ်တံတိုင်း ပေါ်သို့ လူမဆိုထားနှင့်
ကြောင်များပင်မတက်နိုင်တော့ပါ။ တစ်ချို့ကျတော့ အုတ်တံတိုင်းပေါ်တွင်
ပုလင်းကွဲများကိုမြှုပ်ထည့် ထားကြသည်။ အိမ်များက တဖြည်းဖြည်းနှင့်
ထောင်နှင့် တူလာသည်။ သက်မဲ့ပစ္စည်းများကလည်း လူတို့ ခတ်ထားသည့်
စည်းရိုးအတွင်းတွင် ငြိမ်သက်စွာပင်တည်ရှိနေခဲ့ကြသည်။ တကယ်တော့
မငြိမ်သက်သည့်အရာများကို စည်းရိုးခတ်ရန်မူ အားလုံးက မေ့လျော့နေခဲ့ကြပါသည်။
ထိုစည်းရိုးများကိုကြည့်ပြီး ကျွန်တော် ခေါင်းထဲတွင် အတွေးများစွာဖြင့်
လှုပ်ခတ်နေခဲ့သည်။ အသစ်ပြန်ခတ်မည့် စည်းရိုးများက
အပြည့်အ၀လုံခြုံနိုင်မှုပေးနိုင်မည်လားဟု တွေးကြည့်မိသည်။ ပြီးတော့
မည်သည့်အတိုင်းအတာထိ လုံခြုံမှု ပေးနိုင်မည်လဲ။ ကျွန်တော့်ကတော့
အသစ်ပြန်ခတ်မည့် စည်းရိုးလေးများကလည်း
လုံခြုံမှုရှိနိုင်မည်မဟုတ်ဟုထင်မိသည်။ ဆူးစည်းရိုးနှင့်ပင် ကာရံထားပါစေ။
မလုံခြုံသည်ကတော့အမှန်ပင်ဖြစ်သည်။ တကယ်တော့ ရွေ့လျား လွင့်မျောနေသည့်
စိတ်မိုက် စိတ်ရိုင်းများအား ဖမ်းဆုပ်ထိန်းချုပ်ရန်လိုပါသည်။
လူတိုင်းသန့်စင်သည့်စိတ်ထားများပိုင်ဆိုင်လျှင် ထိုစည်းရိုးများ
မလိုအပ်တော့ပါ။ အခုချိန်အထိတော့ ထိုစည်းရိုးများက မရှိမဖြစ်ဆိုသလို
အရေးပါနေခဲ့ပါသည်။
(၃)
ကျွန်တော့် အလုပ်ကိစ္စလည်းပြီးသွားခဲ့ပြီမို့ ရွာသို့ပြန်လာခဲ့သည်။
ကျွန်တော်နှင့်အတူ မင်းနိုင်လည်းပါလာခဲ့သည်။ အစကတော့ မင်းနိုင်က
မလိုက်ဘူးဟုငြင်းသေးသည်။ နောက်တော့မှ ကျွန်တော် အတင်းခေါ်သဖြင့်
လိုက်ခဲ့ခြင်းပင်။ တကယ်တော့ မင်းနိုင်က
သူ့အိမ်ကလေးကိုနောက်ဆံတင်းနေခြင်းဖြစ်၏။ စည်းရိုးအသစ်လေးခတ်ထားသည်ကိုပင်
မင်းနိုင် က စိုးရိမ်ပူပန်နေခဲ့သေးသည်။ ရွာသို့ရောက်သည်နှင့် မင်းနိုင်
တအံ့တသြဖြစ်နေသည်မှာ စည်းရိုးမခတ်ထားသည့် အိမ်များ ကိုဖြစ်သည်။
ကျွန်တော်တို့ရွာတွင် စည်းရိုးခတ်ထားသည့်အိမ်က နည်းသည်။ အိမ်တိုင်းလိုလို
ခြံစပ်တွင် စံပယ်ပန်းရုံများကို သာ တန်းစီ၍စိုက်ထားကြသည်ကများ၏။
ထိုပန်းခြုံများက ခြံစည်းရိုးလည်းဖြစ်သလို ဟိုဘက်အိမ်နှင့် ဒီဘက်အိမ်လည်း
ဘုရားပန်းတင်ရန် စံပယ်ပန်းများခူး၍ရသေးသည်။ သူ့ပစ္စည်း ကိုယ့်ပစ္စည်းဟူ၍
မတွက်ကပ်ကြပေ။
“ ဟာ .. မင်းခြံက သန့်ရှင်းနေပါလား၊ မင်းငါ့ဆီလာတာ လေးရက်ရှိပြီနော်၊ ဒါတောင်ခြံထဲမှာအမှိုက်မရှိပါလား ”
ကျွန်တော့် ခြံဝန်းလေးထဲသို့စဝင်သည်နှင့် မင်းနိုင်က တအံ့တသြပြော၏။
တကယ်လည်း ကျွန်တော့်ခြံဝန်းလေးထဲ တွင် သန့်ရှင်းသန့်ရပ်နေပါသည်။ ခဏနေတော့
အိမ်နောက်ဖက်မှ ဒေါ်ကြီးစိန်နှင့် ကလေးသုံးယောက်ထွက်လာကြသည်။
ဒေါ်ကြီးစိန်၏လက်ထဲတွင် တံမြက်စည်းအကြမ်းတစ်ခုကိုကိုင်ထား၏။
ကလေးများ၏လက်ထဲတွင်မှု အမှိုက်တောင်းလေး ကိုယ်စီနှင့်။
ထိုမြင်ကွင်းကိုကြည့်ပြီး မင်းနိုင်က အံ့သြနေဟန်တူ၏။
“ ဟော .. မောင်ရဲ ပြန်လာပြီလား၊ ဒေါ်ကြီးလည်းအားနေတာနဲ့
ခြံထဲမှာအမှိုက်ဝင်လှဲပေးနေတာ၊ ဒီမျောက်လောင်း လေးသုံးကောင်ကလည်းအားကိုးရသား
မောင်ရဲ ရဲ့ ”
“ ကျေးဇူးတင်လိုက်တာ ဒေါ်ကြီးရယ်၊ ဒေါ်ကြီးတို့အတွက် မြို့ကလက်ဆောင်တွေဝယ်လာတယ်၊ ဒီမျောက်ကလေး တွေအတွက်လည်းပါသေးတယ် ”
“ မလိုပါဘူး မောင်ရဲရယ်၊ ငါတို့အိမ်နီးချင်းမိသားစုတွေပဲဟယ် ”
ဒေါ်ကြီးစိန်နှင့် ကလေးတွေကို ဝယ်လာသည့်မုန့်တွေပေးလိုက်၏။ တကယ်တော့
ကျွန်တော်မရှိသည့်အချိန်များတွင် ဒေါ်ကြီးစိန်တို့က
အိမ်ကိုကြည့်ပေးထားသည့်အပြင် ထိုသို့သန့်ရှင်းရေးလည်းလုပ်ပေးထားကြသည်။
ပြီးတော့ ရွာတွင် ခိုးမှု တွေလည်းနည်းပါးလှပါသည်။ ခြံထွက်သီးနှံများကိုလည်း
ရောင်းတန်သည်ရောင်း၍ အိမ်နီးချင်းများကိုလည်း ဝေငှပေးတတ် သည့်ဓလေ့ရှိသည်။
တစ်ခုခုဆို အားလုံးက သွေးစည်းကြသည်။ ထို့ကြောင့် အားလုံးက စေတနာအရင်းခံကာ
မိသားစုလို ရင်းနှီးကြသည်ကများ၏။ အခုလည်း ကျွန်တော်ခရီးထွက်စဉ်
ပစ်ထားခဲ့သည့်အိမ်လေးက ကျွန်တော်ရှိနေစဉ်ကလိုပင် သန့်
ရှင်းလုံခြုံနေခဲ့ပါသည်။ အဘေးပတ်ဝန်းကျင်ရှိအိမ်နီးချင်းများကလည်း
အကောင်းဆုံးစည်းရိုးများဖြစ်သည်။
“တကယ်တော့ ခြံစည်းရိုးထက် လူတွေရဲ့စိတ်စည်းရိုးက ပိုခိုင်ခံ့ဖို့လိုမှန်း ငါ သိလိုက်ရပြီ ရဲခန့်ရာ ”
မင်းနိုင်က တွေးတွေးဆဆလှမ်းပြော၏။ မင်းနိုင်၏စကားကို ကျွန်တော်
ခေါင်းညိတ်ကာ ထောက်ခံလိုက်မိပါသည်။ တကယ်လည်း ကျွန်တော်တို့ရွာတွင်
ဘယ်သွားသွား ဘယ်လာလာ အိမ်ကို ပူပန်ရန်မလိုပါ။ စည်းရိုးခတ်စရာမလိုပါ။
စိုးရိမ် ကြောင့်ကြနေစရာမလိုခဲ့ပါ။ တကယ်တော့ သက်မဲ့စည်းရိုးလေးများက
အချိန်အတိုင်းတာတစ်ခုအထိသာ လုံခြုံမှုပေးနိုင်ပါ လိမ့်မည်။
ကြာလာသည်နှင့်အမျှ မတည်မြဲသည့်နိယာမအတိုင်း ဆွေးမြေ့လာတော့မည်။
ထိုခြံစည်းရိုးထက် လုံခြုံမှုရှိစေရန် မည်သို့သော စည်းရိုးများ
လိုအပ်ပါလေသနည်း။
အဖြေကရှင်းပါသည်။ သက်မဲ့ ပစ္စည်းများဆွေးမြေ့ခြင်း မလုံခြုံခြင်းမှာ
သဘာဝကိုအရင်းခံကာ ပျက်စီးလွယ်ခြင်းဖြစ် သည်။ သက်ရှိ လူတို့၏ စိတ်များမှာ
သဘာဝတရားက ကိုယ်တွယ်ညွှန်ကြားထားခြင်းမဟုတ်ပါ။ မိမိကိုယ်တိုင်သာ ပဲ့ကိုင်
ထားခြင်းဖြစ်၏။ စိတ်မိုက်စိတ်ရိုင်းများအား တွန်းကန်နှင်ထုတ်ရန်မှာ
မိမိကိုယ်တိုင်သာတတ်စွမ်းနိုင်ပါသည်။ ထိုစိတ်သည် အမှောင်ကို အမှောင်မှန်း
မြင်တတ်ရန်လိုသလို အကောင်းကို အဆိုးမမြင်ရန်လည်း လိုပါသည်။
သက်မဲ့ပစ္စည်းများကို စည်းရိုး ခတ်သည်ထက် လူတို့၏
လွတ်ထွက်နေသည့်စိတ်များကိုသာ စာရိတ္တစည်းရိုးလေးခတ်ရန်လိုပါသည်။
စိတ်စည်းရိုးများကသာ သက်မဲ့စည်းရိုးများထက် ပို၍ခိုင်ခံ့လုံခြုံနိုင်ပါသည်။
စိတ်စည်းရိုးများထက် မည်သည့်စည်းရိုးကမှ ခိုင်ခံ့လုံခြုံမှုရှိမည်မထင်ပေ။
သန့်စင်သည့်စိတ်များသည်သာ လူ့အသိုင်းအဝိုင်းအတွက်
အလုံခြုံဆုံးစည်းရိုးများဖြစ်ပါသည်။
သို့သော် အခုချိန်ထိတော့ သက်မဲ့စည်းရိုးများက မရှိမဖြစ်လိုအပ်နေပါသေးသည်။
အသုံးဝင်နေခဲ့ပါသေးသည်။ မည်သည့် အချိန်အတိုင်းအတာတစ်ခုအထိ
လိုအပ်နေဦးမည်ဆိုသည်ကတော့ ..။
နတ်ရဲ (ရူပဗေဒ)
0 comments:
Post a Comment