Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ဖြတ်လမ်း



နွေရာသီဆိုရင် ခြေဦးတည့်ရာလျှောက်သွားတတ်တဲ့ကျမ၊ နေထိုင်ရာဘီစီပြည်နယ်နဲ့ကပ်ရက် အရှေ့ဘက်က အယ်ဘားတားပြည်နယ်ဘက်ကိုလည်း ကားမောင်းထွက်တတ်ပါတယ်။ ဘီစီပြည်နယ်နဲ့ အယ်ဘားတားပြည်နယ်ကို ခြားထားတဲ့ ကနေဒီယန်ရော့ကီးတောင်တန်းကြီးတွေနဲ့ နွေဆိုရင်အရည်ပျော်နေတဲ့ ရေကန်ပြာကြီးတွေရဲ့ အလှဟာ မြင်ရသူတွေကို မိန်းမူးစေနိုင်တာပေါ့။
ဟိုင်းဝေးလမ်းမကြီးပေါ် နာရီပေါင်းများစွာ မောင်းနှင်ရင်း လှိုင်ခေါင်းများစွာကို ဖြတ်သွားရတာတွေလည်း ရှိတယ်။ အလွန်မိုးများတဲ့ ပြည်နယ်ဖြစ်ပေမယ့် ကားလမ်းတွေမှာ ရေတင်တာ မတွေ့ရတတ်ဘူး။ တောင်ခါးပန်းတွေကနေ ကွေ့ကောက်တဲ့ လမ်းတွေဟာ တစ်ခါတစ်ရံ ပင်လယ်ရေမျက်နှာပြင်ထက်တောင် နိမ့်ဆင်းသွားသယောင်။
ဟိုင်းဝေးလမ်းမကြီးတွေဘေးမှာ ကပ်ရက်ဖောက်ထားတဲ့ ရထားသံလမ်းတွေမှာလည်း စိတ်ဝင်စားစရာ သမိုင်းတွေက ရှိနေတတ်သေးတာ။ ဟိုင်းဝေးလမ်းမကြီးတစ်ခုကို ဖောက်တော့မယ်ဆိုရင်လည်း အစိုးရအဆင့်ဆင့် ဆွေးနွေးမှုတွေအပြင်၊ ပြည်သူလူထုရဲ့ ကန့်ကွက်ဆန္ဒပြမှုအမျိုးစုံကို ဖြတ်သန်းနေတဲ့ တစ်ချိန်ထဲမှာ၊ ဟိုင်းဝေးလမ်းမကြီးတစ်ခုမဆောက်ခင် ပတ်ဝန်းကျင်အကျိုး/အပြစ်သက်ရောက်မှုကို လေ့လာမှုတွေလုပ်ကိုင်ခြင်းက အစ၊ ဟိုင်းဝေး ၁ ကီလိုမီတာဆောက်ခြင်းဖြင့် ကုန်ကျမှုက အဆုံး သက်ရောက်မှုများစွာကို တွက်ချက်ကြပါတယ်။
ဟိုင်းဝေးလမ်းမကြီးတစ်ခုရဲ့ ကုန်ကျစရိတ်ကို ပြည်သူလူထုထံမှ ကောက်ခံမယ်ဆိုရင်၊ ဖြတ်ခမပေးချင်တဲ့သူတွေအတွက် အခြား alternate လမ်းကို ဆောက်ပေးရပါသေးတယ်။ ဒါတွေက ကျမ အကြမ်းဖျဉ်းအပေါ်ယံလျှပ်ပြောနေတာပဲ ရှိပါသေးတယ်။
တောင်ကုန်းတောင်တန်းထူထပ်လှတဲ့ ဘီစီပြည်နယ်ဟာ တစ်ကယ်တမ်းမတော့ ချင်းပြည်နယ်နဲ့ သိပ်ကိုဆင်တာပဲဆိုတာကိုလည်း ကျမ သိလာရတယ်။ လမ်းပန်းအဆက်အသွယ်ကောင်းတယ်ဆိုရင် ချင်းပြည်နယ်ဟာ၊ ကနေဒါနိုင်ငံ ဘီစီပြည်နယ်လိုကို ကမ္ဘာအနှံ့ကလူတွေ လာကြည့်ချင်စရာကောင်းမှာပဲလို့လည်း တွေးမိတယ်။
အဲသလို ဘီစီနဲ့ အယ်ဘားတားပြည်နယ်ကြား... ကနေဒါရော့ကီးတောင်တန်းတွေဘေးက ကားလမ်းတွေကိုဆောက်တဲ့အခါ၊ ကျောက်တုံးအစအနတွေလိမ့်ဆင်းကျလာနိုင်တဲ့ နေရာတွေမှာ သံကန့်လန်ကာတွေကိုလည်း ကာထားပေးတတ်ပါတယ်။ တောထဲက ဝက်ဝံ၊ သမင်၊ ဆတ်၊ ဂျီ၊ မြေခွေး၊ တောခွေး၊ ရေဘဲ က အစ၊ ရှဉ့်တွေအဆုံး ကားလမ်းကူးဖို့လည်း ကားလမ်းတွေအောက်မှာ လှိုင်ခေါင်းတွေ ဆောက်ထားပေးတယ်ဆိုတာကိုလည်း ကျမ လေ့လာသိရှိခဲ့ပါတယ်။ အဲသလို သားရဲတိရစ္ဆာန်တွေ ဘေးမသီရန်မခ ကားလမ်းကူးနိုင်အောင်၊ ဘယ်နေရာမှာ ဘယ်လိုတိရစ္ဆာန်က တစ်နေ့ကို ဘယ်နှစ်ခေါက်ဖြတ်ကူးတတ်သလဲ ဆိုတာကိုလည်း ကားလမ်းတွေ မဖောက်ခင်မှာ အချက်အလက်တွေယူကြပါတယ်။ ဒါကြောင့် ကားလမ်းတစ်ခုဖောက်တဲ့ အခါ အင်ဂျင်နီယာနှင့်အဖွဲ့သာမက၊ အစိုးရနှင့် ပြည်သူကအစ၊ ရုက္ခဗေဒသမားတွေ၊ ဘူမိဗေဒ၊ တိရစ္ဆာန်ဗေဒသမားတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က အလယ်၊ ပန်းရံသမားနဲ့ အလံပြမှ အဆုံး အားလုံးဟာ ညီတူမျှစွာ အရေးပါအရာရောက်လာတယ်ဆိုတာကိုလည်း လေ့လာသိရှိခဲ့ပါတယ်။

ဒါပေမယ့်……….
ကျမ မသိခဲ့တာ တစ်ခုက…..

တောင်တွေကိုဖောက်ထားလို့ လှိုင်ခေါင်းဖြစ်နေတယ်ဆိုတာထက်၊ ဟိုနေရာ ဒီနေရာမှာ ဆောက်ထားတတ်တဲ့ လှိုင်ခေါင်းတွေဟာ ဘာလဲဆိုတာကို မလေ့လာခဲ့မိတာပါပဲ။ အထူးသဖြင့် ကျမ အမြဲတမ်း အမှတ်တယ ဖြစ်တတ်တဲ့ လှိုင်ခေါင်းတစ်ခုကို သမန်ကာလျှံကာ ဖြတ်နေခဲ့မိတာ။


ဒီပုံမှာ ပါတဲ့ လှိုင်ခေါင်းဟာ သိပ်ပြီး မထူးခြားလှပါဘူး။ ဖြတ်သွားတိုင်းလည်း လမ်းဘေးက ရင်သပ်ရှုမော ရှုခင်းတွေကိုပဲ ငေးနေမိခဲ့တယ်။ သိပ်မကြာခင်ကမှ အဲဒီလှိုင်ခေါင်းဟာ သားရဲတိရစ္ဆာန်တွေ ဖြတ်ဖို့ ဆောက်ထားတယ်ဆိုတာကို သိခဲ့ရပါတယ်။ ကျမဟာ လှိုင်ခေါင်းထဲကပဲ ဖြတ်သွားနေသူ။ လှိုင်ခေါင်းအပေါ်ကို စိတ်ကူးလေးနဲ့တောင် တက်မကြည့်ဘူးသူ။ ကျမ အတွက်က လှိုင်ခေါင်းအတွင်းက ကားဖြတ်မောင်းနေရတာကသာ အမှန်တရားတစ်ခု ဖြစ်နေခဲ့တာ။
အဲဒီလှိုင်ခေါင်းရဲ့အပေါ်က လမ်းဟာ သဘာဝသစ်ပင်တွေ၊ ခြုံကလေးတွေနဲ့ အလွန်လှပတယ်ဆိုတာ၊ ကားလမ်းမကြီးရဲ့ ဟိုဘက်နဲ့ဒီဘက်တောနက်ကြီးတွေကို ဆက်သွယ်ထားတဲ့ ပေါင်းကူးလေးဆိုတာ၊ ကျမ မသိခဲ့ပါဘူး။


အဲသလို  ကမ္ဘာ့နိုင်ငံအချို့ကဆောက်ထားတဲ့ တိရစ္ဆာန်တွေသာမက၊ လူတွေပါ အသုံးချလို့ရတဲ့ ကားလမ်းမကြီးတွေနဲ့ သားရဲတိရစ္ဆာန်တွေ အတွက် လှပလွန်းတဲ့ ပေါင်းကူးတံတားတွေကို ကျမ တွေ့လာခဲ့ရတော့…. မဝေမျှဘဲ မနေနိုင်တော့တာပါပဲ။
ယခုလို သားရဲတိရစ္ဆာန်တွေဖြတ်သွားဖို့ ဖြတ်လမ်းတွေကို စတင်တည်ဆောက်တဲ့ တိုင်းပြည်ကတော့ ပြင်သစ်နိုင်ငံပဲဖြစ်ပါတယ်။ ၁၉၅၀ခုနှစ်လောက်က စတင်တည်ဆောက်ခဲ့ကြတာပါ။ အဲဒီနောက်တော့ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂျာမဏီနိုင်ငံတွေက ဆောက်ခဲ့ကြပါတယ်။ နယ်သာလန်တိုင်းပြည်တစ်ပြည်ထဲမှာတင် သားရဲတိရစ္ဆာန်တွေ လမ်းဖြတ်ကူးဖို့ လှိုင်ခေါင်းပေါင်း ၆၀၀ ကျော်ဟာ ကားလမ်းမကြီးတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ကနေဒါနိုင်ငံရဲ့ အများဆုံးသော ဖြတ်လမ်းတွေရှိတဲ့ နေရာကတော့ ကျမ အပေါ်ကပြောခဲ့တဲ့၊ ကျမနေထိုင်သော ဘီစီပြည်နယ်နဲ့ အယ်ဘားတားပြည်နယ်ကြားက တောတောင်တွေထဲဖြတ်ဆောက်ထားတဲ့ မဟာလမ်းမကြီးဘေးက Banff ဆိုတဲ့ ဒေသမှာဖြစ်ပါတယ်။ လူသားတွေအတွက် မဟာလမ်းမကြီးဖောက်လိုက်ရတဲ့အတွက်၊ တောတောင်တွေဟာ နှစ်ပိုင်းကွဲသွားရတယ်။ လူသားတွေအတွက် အလွန်ကိုအဆင်ပြေသွားပေမယ့် တိရစ္ဆာန်တွေအတွက်ကတော့ ဘာလင်တံတိုင်းကြီးလို ဖြစ်သွားခဲ့မှာပါ။ အဲဒီအတွက် ပြည်နယ်အစိုးရတွေက သဘာဝနဲ့တူအောင် ဆောက်ထားတဲ့ ဖြတ်လမ်းပေါင်းများစွာကို ပြန်လည်ဆောက်ပေးခဲ့တယ်လို့ သိခဲ့ရပါတယ်။

















အပေါ်ကပုံကတော့ နယ်သာလန်တိုင်းပြည်က တိရစ္ဆာန်တွေ လမ်းဖြတ်ကူးဖို့ ဆောက်ထားပေးတဲ့ Ecoduct Borkeld ပါ။

  အပေါ်ကပုံကတော့ ဘယ်လဂျီယန်နိုင်ငံမှ တိရစ္ဆာန်တွေအတွက် သဘာဝနဲ့တူအောင် ဆောက်ထားပေးတဲ့ ဖြတ်လမ်းပဲ ဖြစ်ပါတယ်။

ကားလမ်းမကြီးတွေဖောက်တိုင်း တိရစ္ဆာန်တွေဟာ သူတို့ရဲ့ပိုင်နက်ကို လူတွေကို ဖဲ့ပေးကြရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အသက်တွေကိုလည်း ဖဲ့ပေးရတတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ တိရစ္ဆာန်တစ်ကောင်ကောင် ကားလမ်းဖြတ်လို့ ရှောင်ရလို့၊ ဒါမှမဟုတ်လည်း အရှိန်နဲ့မောင်းလာရင်း မရှောင်နိုင်လို့ အသက်ပေးလိုက်ရတဲ့ လူသားတွေလည်း များစွာ ရှိနိုင်ပါတယ်။ ဒီလို ပေါင်းကူးတံတားတွေဟာ လူသားတွေအတွက်ကော တိရစ္ဆာန်တွေ အတွက်ပါ နှစ်ဦးနှစ်ဘက် အကျိုးရှိနိုင်မယ့် ပေါင်းကူးတံတားတွေပါပဲ။

သစ်ပင်တွေဟာ အလွန်တန်ဘိုးရှိပါတယ်။ တိရစ္ဆာန်တွေဟာလည်း အလွန်တန်ဘိုးရှိလှပါတယ်။ သာယာလှပတဲ့ ကမ္ဘာကြီးထဲမှာ အားလုံး သူ့အကျိုးကိုယ့်အကျိုး၊ နှစ်ဘက်အကျိုးရှိရှိ အမှီသဟဲပြုနေကြတာလည်း အလွန်မွန်မြတ်လှပါတယ်။

အိမ့်ချမ်းမြေ့

ref: amusingplanet.com and www.ec.gc.ca

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More