Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

အနက်ရောင်…အနုပညာ



လမင်းထံမှ အလင်းကို လက်ခုပ်ဖြင့်ခံ၍ ညသည်သူ့ကိုယ်သူ အလင်းဖြင့်လွှမ်းခြုံလိုက်သည်။ ညဝတ်ရုံနက်သည် အလင်းလွှလွှတို့ဖြင့် ပြန့်ကားနေလျက်…စိမ့်ဝင်လာသော တယောသံအား မျိုချလိုက်ပြန်သည်။ လူးလွန့်နေသော တိမ်လိပ်များကြား သက်တန့်ရောင်စဉ်များ ဟိုသည်ဝေ့ကာ လင်းခနဲ လက်ခနဲ။
* * *
ညဉ့်နက်တစ်ကောင်ရဲ့ရင်ခွင်ကြားမှာ ပိန်းပိတ်အောင်မည်းမှောင်နေသော အနက်ရောင်အိမ်အိုကြီးတစ်လုံးနဲ့ မိန်းမပျိုတစ်ယောက်။မိန်းမပျိုသည် ရှည်လျားနက်မှောင်နေသော သူမဆံပင်များကို ဖားလျားချထားသည်။ တိတ်ဆိတ်လွန်းသည့် လူသူကင်းမဲ့သော အိမ်အိုကြီးတွင် သူမတစ်ယောက်တည်း။ ထင်းတစ်ချောင်းကိုယူ၍ အလင်းပြေလျော့နေသော မီးဖိုထဲသို့ ထိုးထည့်လိုက်သည်။ တဖျစ်ဖျစ်မြည်ကာ အသားစများလောင်ကျွမ်းသည်ကို သူမကြည့်ကာ နှုတ်ခမ်းများ ကွေးညွတ်သည်အထိ ပြုံးလိုက်သည်။ မီးအရှိန်ကောင်းစေရန် တစ်ချောင်းပြီးတစ်ချောင်းယူ၍ စိတ်ရှိလက်ရှိ ထိုးထည့်နေသည်။ မီးအဟုန်ပြင်းသထက်ပြင်းလာလေ သူမ၏ အေးစက်စက်မျက်နှာနှင့် အသက်ကင်းမဲ့သော မျက်ဝန်းတစ်စုံသည် ညဉ့်နက်နက်နှင့် လိုက်ဖက်လွန်းလှလေလေ။
ထိုင်ရာမှထ၍ သူမ အညောင်းဆန့်လိုက်သည်။ စားပွဲပေါ်တင်ထားသော နှင်းဆီနက်များစိုက်ထိုးထားသော ပန်းအိုးဆီသို့ တစ်လှမ်းချင်းလှမ်း၍ ပန်းတစ်ပွင့်အား ဖျက်ခနဲ မစာနာစွာ ချိုးယူလိုက်သည်။ အသက်ဝိဥာဉ်ကင်းမဲ့နေသော နှင်းဆီပန်းသည် သူမလက်ထဲတွင် မလူးသာမလွန့်သာ။ နှင်းဆီအား နှာခေါင်းဝသို့တိုးကပ်နမ်းရှုံ့ကြည့်ရင်း သူမ ခန္ဓာကိုယ် ဆတ်ခနဲဖြစ်သွားသည်။ ထို့နောက် တစ္ဆေတစ်ကောင်အား လက်ထဲပွေ့ဖက်ထားရသလို နှင်းဆီနက်အား မသတီစွာကြည့်ရင်း နံရံဆီပစ်ပေါက်လိုက်ရာ…အနက်ရောင်နှင်းဆီသည် နံရံမှတစ်ဆင့် မီးလင်းဖိုအတွင်းသို့။ လောင်ကျွမ်းပြာကျသွားသော နှင်းဆီနက်အားကြည့်ရင်း အောင်ပွဲရသူတစ်ယောက်ရဲ့အပြုံးမျိုး သူမ မျက်ဝန်းတွင် လက်ခနဲ။ သူမဘဝတွင် စိတ်ရှိတိုင်း လွှင့်ခြွေဖျက်ဆီးနိုင်သော အနက်ရောင်နှင်းဆီပွင့်များသည်သာ သူမရဲ့အဖော်များပင်။

ခုံတစ်ခုပေါ်ထိုင်ရင်း ဝါကျင့်ကျင့်မီးရောင်ဟပ်နေသော နံရံထက်မှ အနက်ရောင်ပန်းချီကားတစ်ချပ်အား မမှိတ်မသုန်စိုက်ကြည့်ရင်း အတိတ်ဆီမှ အတွေးတစ်ချို့ပျံ့လွင့်လာကာ သူမစိတ်တို့နောက်ကျိလာသည်။ အနက်ရောင်ပန်းချီကား…။ ထိုပန်းချီကားသည် သူမဘဝကို လွှမ်းမိုးလွန်းအားကြီးသည်။ ပန်းချီကားထက်မှ အငွေ့အသက်များ ရှူရှိုက်ရင်း ခက်ထန်ကြမ်းတမ်းသော၊ အထီးကျန်သော သူမဘဝကို စက်ဆုပ်မိသည်။ သို့သော်..အနက်ရောင်ကို သူမ နှစ်သက်သည်။ စွဲလန်းသည်။ အနက်ရောင်သည် မည်သည့်အရောင်နှင့်ဖြစ်စေ တွဲစပ်မှုအလိုက်ဖက်ဆုံးဟု သူမယူဆခဲ့သော်လည်း လက်တွေ့တွင် အနက်ရောင်အတိသူမဘဝသည် လူသားအားလုံးနှင့် အဟကွာခဲ့သည်။ တွဲစပ်၍မဖြစ်နိုင်သော၊ ကွာဟမှုအားကြီးသော သူမသည် တဖြည်းဖြည်းနှင့် တစ်ကိုယ်တည်းနေလေ့ရှိခဲ့သည်။ ဤအိမ်ကြီးသည်ပင် သူမဘဝ၊ သူမ၏ တသက်တာလဲလျောင်းအိပ်စက်ရာ။

“ ဒေါင်…ဒင်…ဒေါင်…ဒင်……. ” အနက်ရောင်တိုင်ကပ်နာရီအိုထံမှ ည(၁၂)ထိုး အချက်ပေးသံကြောင့် ခေါင်းထောင်၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်ကိုကြည့်လိုက်မိသည်။ သည်အချိန်တွင် သူမနှလုံးသားကို စွဲကိုင်ဖမ်းစားထားနိုင်စွမ်း တယောသံသည် အိမ်ရဲ့ မနီးမဝေး တောအုပ်လေးဆီမှ လပြည့်ညတိုင်း ပေါ်ထွက်လာနေကျ။ ထို တယောသံကိုကြားလျှင် တစ်ချိန်က သူ့ပုံရိပ်သည် အာရုံတွင်းဝယ် ပျံ့နှံ့လျက်။ တယောသံ၏ ပျစ်ချွဲချွဲအသံသည် သူမ၏ အထီးကျန်မှုအား နွေးထွေးမှု တစ်စုံတစ်ရာပေးစွမ်းသယောင်ယောင်။ ကြားနေကျတယောအသံသည် လေထဲမှတစ်ဆင့် သူမနားဆီ…ထိုမှတစ်ဆင့် ရင်တွင်းသို့ လှုပ်ခတ်သွားရာ…သူမ သတိထားမိချိန်တွင် ခြေလှမ်းများက တယောသံပျံ့လွင့်ရာ တောအုပ်လေးဆီသို့….။
* * *
မြင့်မားလှသော သစ်ပင်များအကြား ပြိုးပြိုးပျက်ပျက်ဖြာကျနေသော အလင်းပျပျအောက်… ခုံတန်းလေးတစ်ခုပေါ်ထိုင်၍ တယောထိုးရခြင်းကို သူအလွန်နှစ်သက်သည်။ အနုပညာသည် ဘဝတစ်ခုဟု မှတ်ယူခဲ့သော သူ့အား စွန့်ခွာသွားသော သူမအပေါ် အပြစ်ဟူ၍ မြူမှုန်မျှမထင်ခဲ့။ လှပသလောက် ခက်ထန်မာကျောသော သူမအား မြတ်နိုးမိခဲ့သော်လည်း အနုပညာသည် သူမအပေါ်ထားသော သူ့စိတ်အား အနိုင်ယူခဲ့သည်။ တကယ်တမ်းတော့ သူမဘဝသည် သိပ်ကိုသနားစရာကောင်းလှသည်။ အေးစက်စက်နိုင်၍ မာကျောသော သူမသည် လူသားအားလုံးနှင့် သဟဇာတဖြစ်သူတစ်ယောက်လည်း မဟုတ်ခဲ့သလို သူမနှလုံးသားသည်လည်း နွေးထွေးမှုကင်းမဲ့သည်ဟု သူ ယူဆခဲ့သည်။ သူမအား အကြိမ်ကြိမ်နားလည်အောင် ကြိုးစားခဲ့သော်လည်း အချိန်တွေသာ ဒီရေတိုက်စားသလို တိုက်စားခဲ့သည်…အရာအားလုံးသည် အချည်းနှီးပင်။

သူမကို မြတ်နိုးခဲ့သည်။ စာနာခဲ့သည်။ ဘဝတစ်ခုလုံးပုံပေးရမတတ် ချစ်ခင်စုံမက်ခဲ့သော်လည်း သူမအတွက်တော့ သူသည် တစ္ဆေတစ်ကောင်တစ်ဦးနှယ်သာ။ အနက်ရောင်ကို သိပ်မြတ်နိုးသော သူမအား အနက်ရောင်ပန်းချီကားတစ်ချပ် လက်ဆောင်အဖြစ်ပေးခဲ့သောနေ့အား သူ မမေ့။ ထိုနေ့တွင် မြင်ရခဲသော သူမအပြုံးကို ရှားရှားပါးပါး သူရရှိခဲ့သည်။ သူမသည် အနက်ရောင်ကို မြတ်နိုးသလောက် အရာရာကိုလည်း အမည်းဘက်မှသာ ရှုမြင်တတ်ခဲ့သည်။ အနုပညာချစ်သော၊ နူးညံ့သော သူနှင့် သူမတို့ ချစ်သူဖြစ်ခဲ့သည်မှာ ယုံတမ်းစကားတစ်ခုနှယ်ပင်။
တဖြည်းဖြည်းနှင့် သူမနှင့်သူ့အကြား ကွာဟချက်များ ပြင်းထန်လာခဲ့သည်။ သူချစ်သော အနုပညာအား စွန့်လွှတ်စေလိုသော သူမအား နှလုံးသားမရှိသော မိန်းမအဖြစ်ယူဆ၍ ပြတ်သားစွာကျောခိုင်းခဲ့ရာ လက်တွေ့တွင် သူမ မရှိသော သူ့ဘဝသည် ရှင်လျက်နှင့်သေသော သူတစ်ဦးနှယ်။

သည်လို လပြည့်ညမျိုး၌ လက်စွဲတော်တယောတစ်လက်နှင့် သည်ခုံတန်းမှာ လာ၍ တယောထိုးနေကျ။ တောအုပ်၏တစ်ဘက် အနက်ရောင်များသုတ်လိမ်းထားသော အိမ်ကြီးကိုမြင်လျှင် သူမကို ပြန်တမ်းတမိသည်။ ထိုအိမ်ကြီးဆီမှ မှုန်ပျပျရွေ့လျားမှုသဏ္ဍာန်တစ်ခုသည် သူ တယောထိုးတိုင်း ပြတင်းပေါက်အနီးရပ်၍ ငြိမ်သက်စွာနားစွင့်နေသယောင်။ သည်သို့ဆိုလျှင် ထိုမိန်းမပျိုသည် သူ့ဘဝ၏တစ်ဦးတည်းသော၊ သူ့ အနုပညအား ခံစားနားလည်ပေးနိုင်သော တစ်ဦးတည်းသော ပရိသတ်ပင်။ တယောသံသည် ညဉ့်ဦးယံအတွင်း နိမ့်လိုက်မြင့်လိုက်။ လက်ကွက်ပြားပေါ်တွင်လည်း လက်ချောင်းများသည် အလိုက်သင့်ရွေ့လျက်။ မျက်စိစုံမှိတ်လျက် သံစဉ်အနိမ့်အမြင့်ကြား လွင့်မျောနေချိန်…” ထောင်း ” ရုတ်တရက် ကြိုးပြတ်သွားသည်။ သူ့ရှေ့တွင်တော့ အနက်ရောင်ဝတ်စုံနှင့် လှပချောမွတ်သော အနက်ရောင်သခင်မိန်းမပျိုတစ်ဦး။
* * *
"မောင်"
မိန်းမပျိုထံမှ လွမ်းဆွတ်ပျံ့ဖွယ် ခေါ်သံနှင့်အတူ တယောပိုင်ရှင်သည်လည်း အနက်ရောင်သခင်မ၏ မျက်ဝန်းအတွင်းသို့ စူးစိုက်ကြည့်လျက်...။
သူတို့နှစ်ဦး အချိန်အတော်ကြာ မည်သည့်စကားမျှမဆို... တယောပိုင်ရှင်သည်လည်းကောင်း၊ အနက်ရောင်သခင်မသည်လည်းကောင်း ဘယ်ဘက်ရင်အုံ၏ရိုက်ခတ်သံကို နားစွင့်နေကြသည်။
တယောပိုင်ရှင်သည် လေးတွဲ့စွာသက်ပြင်းချ၍...

"မောင့်ကို ခွင့်ပြုပါဦး"

"နှုတ်ဆက်ပါတယ်...မောင်"

တူညီသောလမ်းတစ်လမ်းထဲတွင် တူညီစွာ ကျောခိုင်းလိုက်ကြသည်။ နောက်...လှမ်းလိုက်သောခြေလှမ်းများတွင် နှလုံးသားဆီမှ သွေးစက်တို့ တစက်စက်နှင့်....။

ဂျွန်မိုး

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More